စောရသဒ္ဒါသည် ခိုးသူကြီး၊ ဓားပြ၊ သူပုန်(သောင်းကျန်းသူ)၊ တော်လှန်သူ - စသော အနက်ကို ဟောပါသည်။ ထိုမဟာစောရသည် ဝိနည်းမဟာစောရ၊ သုတ္တန်မဟာစောရ ဟူ၍ နှစ်မျိုးရှိပါသည်။ ဝိနည်းပိဋကတ်လာ မဟာစောရမှာ အဓိကအားဖြင့် ဈာန်မရဘဲ ဈာန်ရလေဟန်၊ အရိယာ မဖြစ်ဘဲ ဖြစ်လေဟန်ဖြင့် ဒကာ ဒကာမ တို့အား လိမ်ညာစားခြင်းကို ဆိုလိုပါသည်။
သုတ္တန်ပိဋကတ်၌လည်း မဇ္ဈိမနိကယ်လာ မဟာစောရ၊ အဂုၤတ္တရနိကယ်လာ မဟာစောရ အားဖြင့် နှစ်မျိုးရှိပါသည်။ ထိုတွင် မဇ္ဈိမနိကယ်လာ မဟာစောရ မှာ အဓမ္မကို ဓမ္မအဖြစ် လုပ်ကြံပြသခြင်း၊ အဓမ္မဝါဒ ထူထောင်ခြင်းကို ဆိုလိုပါသည်။ ထိုသို့ အဓမ္မဝါဒ ထူထောင်ခြင်းသည် မြတ်စွာဘုရားကို တော်လှန်ပုန်ကန်ခြင်း ဖြစ်သောကြောင့် ၎င်းမဟာစောရ ကို သူခိုးကြီး၊ သူပုန်ကြီး၊ တော်လှန်သူကြီး၊ သောင်းကျန်သူကြီး ဟု မြန်မာပြန်ဆိုရပါမည်။ (မ၊ ဌ၊ ၂။ ၂၀၅-၂၀၆)
ယခု ဆိုလတ္တံသော အကြောင်းအရာမှာ အဂုၤတ္ထိုရ်လာ မဟာစောရ အဓိပ္ပါယ်ဖြစ်ပါသည်။ တနေ့သောအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့ဟောကြားတော်မူပါသည်။ “ရဟန်းတို့၊ အင်္ဂါငါးမျိုးတို့နှင့် ပြည်စုံသော သူခိုးကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယူ၏။ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယူ၏။ လမ်းခရိး၌ စောင့်၍သော်လည်း တိုက်ခိုက်လုယူ၏။ အဘယ်အင်္ဂါ ငါးမျိုးတို့နည်းဟူမူ.. ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မညီညွတ်သော အရပ်ကိုသော်လည်း အမှီရ၏။ တောအုပ်ကိုသော်လည်း အမှီရ၏။ အားကြီးသူကိုလည်း အမှီရ၏။ ပစ္စည်းဥစ္စာကိုသော်လည်း စွန့်ကြဲလေ့ရှိ၏။ တစ်ယောက်တည်းသော်လည်း သွားလာတတ်၏။ (မဟာစောရသုတ်။ အံ၊ ၂။ ၁၁၃။ ပြန်၊ ၁၃၈)
ဤငါးမျိုးတို့သည်ကား လောက၌ တွေ့မြင်လေ့ရှိသော သူခိုးကြီးငါးယောက် ဖြစ်ပါသည်။ သက်သာရာရှာသဖြင့် သူခိုးကြီးငါးယောက်၏ အဓိပ္ပါယ်ကို အကျယ်ချဲ့၍ မရေးတော့။ ဤနည်းတူစွာပင် သာသနာတော်၌လည်း သူခိုးကြီးငါးယောက် ရှိပါသည်။
၎င်းတို့မှာ (၁) ဝိသမနိဿိတ သူခိုးကြီး၊ (၂) ဂဟနနိဿိတ သူခိုးကြီး၊ (၃) ဗလဝနိဿိတ သူခိုးကြီး၊ (၄) ဘောဂစာဂီ သူခိုးကြီး၊ (၅) ဧကစာဂီ သူခိုးကြီး တို့ဖြစ်ပါသည်။
ထိုတွင် (၁) ဝိသမနိဿိတ သူခိုးကြီး ဆိုသည်မှာ မညီညွတ်သော ကာယကံ ဝဇီကံ မနောကံ နှင့် ပြည့်စုံသော ယုတ်မာသော ရဟန်းကို ဆိုလိုပါသည်။ ဝိသမကမ္မ - မညီညွတ်သော ကံသုံးပါးဆိုသည်မှာ တရားမျှတမှု့မရှိသော ဣန္ဒြေသိက္ခာ စောင့်ထိန်းမူ့ မရှိသော ထင်ပေါ်ကြော်ကြား လာတ်လာဘ ပေါများလိုသော အမူရာများကို ဆိုလိုပါသည်။ ထိုသို့ ထင်ပေါ်ကြော်ကြား လာတ်လာဘ ပေါများလိုသောဆန္ဒဖြင့် ဣန္ဒြေသိက္ခာမဲ့သော အမူရာနှင့် ပြည့်စုံသော ရဟန်းကို ဝိသမနိဿိတ သူခိုးကြီး ဆိုလိုပါသည်။
(၂) ဂဟနနိဿိတ သူခိုးကြီးဆိုသည်မှာ သဿတဒိဌိ၊ ဥစေ ္ဆရဒိဌိ စသော မိစ္ဆာအယူရှိသော ရဟန်း၊ အန္တဂ္ဂါဟိကဒိဌိ- အစွန်းရောက် အယူဝါဒ ရှိသော ရဟန်းကို ဆိုလိုပါသည်။ ဤ ဂဟနနိဿိတ သူခိုးကြီးသည် မြတ်စွာဘုရား၏ ဓမ္မဝါဒ ကို တော်လှန်ပုန်ကန်သူဖြစ်သောကြောင့်လည်းကောင်း၊ မြတ်စွာ ဘုရား၏ မဇ္ဈိမပဋိပဒါ ကို တော်လှန်ပုန်ကန်သူ ဖြစ်သောကြောင့်လည်းကောင်း ၎င်းကို မဟောစောရ သူပုန်ကြီးဟု ဆိုလျင်လည်း ဆိုထိုက်ပါသည်။
(၃) ဗလဝနိဿိတ သူခိုးကြီး ဆိုသည်မှာ တစ်စုံတစ်ယောက်က အပြစ်တင်လာလျင် အကာကွယ်ယူလိုသော အကြံအစည်ဖြင့် ပေါက်မြောက်သူတို့ကို ကပ်ပူးထားသော ရဟန်းယုတ်ကို ဆိုလိုပါသည်။ ထိုစိတ်ကူးသည့် အကြံစည်အတိုင်း ပေါက်မြောက်သူတို့က ထိုရဟန်းယုတ်၏ အပြစ်အနာဆာကို ဖုံးကွယ်ပေးလေ့ ရှိတတ်ပါသည်။ ထိုရဟန်းယုတ် ကို ကပ်ပူးကပ်ခွါ အတတ်ပညာရှင်ဟု ခေါ်ဆိုနိုင်ပါသည်။ တနည်းအားဖြင့် ထိုရဟန်းမျိုးကို “ဝိတ်” သုံး၍ အောင်မြင်မူ့ရသော သူခိုးကြီး၊ ဓမ္မကို “ဝိတ်” ဖြင့် ဖိသော သူခိုးကြီး ဟု ဆိုနိုင်ပါသည်။
(၄) ဘောဂစာဂီ သူခိုးကြီး ဆိုသည်မှာ တစ်စုံတရာ အပြစ်ထောက်ပြလာလျှင် ပစ္စည်းလာတ်လာဖြင့် အစေ့အစပ်ပြုသော ရဟန်း၊ ပစ္စည်းဥစ္စာဖြင့် ချွေးသိပ်တတ်သော ရဟန်း၊ ပစ္စည်းဥစ္စာဖြင့် နူတ်ပိတ်တတ်သော ရဟန်းကို ဆိုလိုပါသည်။ ယခုခေတ် ယခုအခါ၌လည်း မတော်မတရားလုပ်ထားသည်များကို ဖုံးကွယ်ဖို့ရန်အတွက် ဆွမ်းကြီးလောင်းလှူပွဲ၊ သင်္ကန်းဆက်ကပ်ပွဲ စသဖြင့် သာသနာပြုသယောင် ပြုလုပ်နေခြင်းများဖြင့် မိမိ အခြေနေမှန်ကို လာတ်လာဘဖြင့် ဖုံးကွယ်လိုက်ခြင်းသာ ဖြစ်ပါသည်။ အဓမ္မကို စာဂဖြင့် ဖုံးအုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။ မစင်ပုံကို မြက်တစုပ်ဖြင့် ဖုံးအုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။
(၅) ဧကစာဂီ သူခိုးကြီး ဆိုသည်မှာ တောထဲတောင်ထဲ၌ တစ်ပါးတည်းနေလျှင် လူအထင်ကြီးတတ်သည် ဖြစ်၍ လူ အထင်ကြီးသည့်အခါ နာမည်ကြော်ကြား လာတ်ပေါများမှန်း သိသောကြောင့် တောထဲတောင်ထဲ၌ တစ်ပါးတည်း နေလေ့ရှိသော ရဟန်းယုတ် ကို ဆိုလိုပါသည်။ ယခုခေတ် ယခုအခါ၌လည်း တောရရဟန်း၊ တောမှီရဟန်း၊ သုဿာန်ဓုတင်ဆောင် ဆရာတော်၊ ကိုးသင်္ချိုင်းဆရာတော် စသည်ဖြင့် ထင်ပေါ်ကြော်ကြား လာတ်ပေါများလို၍ တောထဲတောင်ထဲ၌ တစ်ကိုယ်တော် လှုပ်ရှားနေသည့် ရဟန်းအချို့ ရှိနေသည်ကို တွေ့ရှိရပေသည်။ တောထဲမှ ခဏပြန်ကြွလာလျှင် လာတ်ပေါများမှန်း သိသောကြောင့် အခိုက်အတန့် အနေဖြင့် တစ်ကိုယ်တော် တောထွက်သူများ၊ တောထဲတောင်ထဲ၌ ဘယ်နှစ်နှစ်နေခဲ့သည်၊ ဘယ်လို ကျင့်ခဲ့သည်၊ စသည်ဖြင့် လူအထင်ကြီးအောင် ပြချင်၍ နေထိုင်ကြသည့် ရဟန်းများလည်း ရှိတတ်ကြပါသည်။ ထိုရဟန်းမျိုးကို မြတ်စွာဘုရားလက်ထက်က ရှိခဲ့သော “ဧကစာရီ -ခိုးသူကြီး၊ တစ်ကိုယ်တော် သူခိုးကြီး ” ဟု ဆိုရပါသည်။ ထိုသို့သော ရဟန်းမျိုးကို မြတ်စွာဘုရားက မိမိဂုဏ်သိက္ခာကို မိမိတူးဖြိုသော ရဟန်း၊ အပြစ်ကြီးသော ရဟန်း၊ ပညာရှိတို့ကို စွပ်စွဲထိုက်သော ရဟန်း၊ မကောင်းမှုများစွာ တိုးပွါးသော ရဟန်းဟု မိန့်တော်မူခဲ့ပါသည်။ (အံ၊ ၂။ ၁၁၅။ ပြန်၊ ၁၄၁) အထက်ပါ ဆိုအပ်ခဲ့ပြီးသော သူခိုးကြီး ငါးမျိုးတွင် ယခုအခါ အဓမ္မဝါဒကို ထူထောင်နေသော ဓမ္မစေတီ ဥိးကောသလ္လ၊ မိုးပြာ ဥိးဉာဏ၊ တန့်ကြည်တောင် ဦးသောမဗုဒ္ဓိ၊ လူသေလူဖြစ် အဖွဲ့များ၊ ဆူနာမီ စသော အဓမ္မဝါဒီ ပုဂ္ဂိုလ်များသည် ဂဟနနိဿိတ သူခိုးကြီးများ ဖြစ်သည်မှာတော့ ထင်ရှားနေပါ၏။ ဗလဝနိဿိတ သူခိုးကြီး၊ ဘောဂစာဂီ သူခိုးကြီး များ ဖြစ်မဖြစ်ကိုတော့ အဓမ္မဝါဒီဖြစ်သော ကာယကံရှင် ပုဂ္ဂိုလ်ကပင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ထိုအဓမ္မဝါဒီ ပုဂ္ဂိုလ်များကို သာသနာအတွင်းက သူခိုးကြီးများ သူပုန်များ ဟု မဟာစောရ ဘွဲ့ချီးမြင့်ကာ ဤဆောင်းပါးဖြင့် ပူဇော်လိုက်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ သူတော်ကောင်းများသည်လည်း ဤမဟာစောရ သုတ်လာ နည်းဗျူဟာများဖြင့် အလိမ်မခံရစေရန် မိမိဆည်းကပ်မည့် ပုဂ္ဂိုလ် ကို ဤချိန်ခွင်ဖြင့် ချိန်ကြည့်စေချင်ပါသည်။
ကျမ်းကိုး မှီငြမ်း ဝိရသူ(မစိုးရိမ်)- ပရိယတ္တိ ရွှေချိန်ခွင်
မဇ္ဈိမပဏ္ဏာသ အဌကထာ၊ အဂုၤတ္ထိုလ် ပါဠိတော်၊ အဂုၤတ္ထိုလ် မြန်မာပြန်၊
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊