Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label ဘာသာရေး သုတ. Show all posts
Showing posts with label ဘာသာရေး သုတ. Show all posts

Friday, September 14, 2012

မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ နှင့် မြန်မာစာ ပေါ်ပေါက်လာခြင်း သမိုင်းအကျဉ်း

စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ ပေါ်ပေါက်ခြင်း

အိန္ဒိယမှ မဟာမေဒင်တို့၏ဘေးကြောင့် မဟာယနရဟန်းများ ထွက်ပြေးရောက်
ရှိလာသဖြင့် မဟာယနဗုဒ္ဓဘာသာထွန်းကားလာသော နိုင်ငံများနှင့် ယင်း အချိန်မှီ
မတိုင်မီကပင် မဟာယနဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးနေကြသော နိုင်ငံများမှာ
နီပေါလ်၊ ဆစ်ကင်း၊ ဘူတန်၊ တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊
မန်ချူးရီးယား၊ ဆိုဒ်ဗေးရီးယား၊ ရုရှားမြောက်ပိုင်းပြည်များဖြစ်ပါသည်။
အိန္ဒိယမြောက်ပိုင်း မဟာယနဗုဒ္ဓဘာသာသည် မြောက်ပိုင်းတိုင်းပြည်များသို့
ရောက်ရှိထွန်းကားနေသကဲသို့၊ တောင်ဘက်ပိုင်းဖြစ်သော မြန်မာ၊ ယိုးဒယား၊
အင်ဒိုးနီးရှားနိုင်ငံများသို့လည်း ရောက်ရှိခဲ့သည်ဟု အဆိုရှိပေသည်။
အနော်ရထာမင်း(အေဒီ ၁၀၄၄ - ၁၀၇၇) လက်ထက်တွင် ပုဂံ၌ မဟာယနတို့၏
တန္တရ၊ မန္တရ အဆက်အနွယ်ဖြစ်သော အရည်းကြီးရဟန်းများ အထင်အရှားရှိနေ
သဖြင့် မြန်မာနိုင်ငံသို့လည်း မဟာယနဗုဒ္ဓဘာသာရောက်ရှိကြောင်း ထင်ရှားပေသည်။
၁၉၆၉ ခုနှစ် (သာသနာနှစ် ၂၅၀၀) ပြည့်နှစ်ထုတ် ရန်ကုန်တက္ကသိုလ်ပါဠိအသင်း
မဂ္ဂဇင်းပါ “ကမ ္ဘာ့အလင်းရောင်” ဆောင်းပါးတွင် မြန်မာပြည်(အထက်ပိုင်း) ၌
အနော်ရထာမင်း လက်ထက်တိုင်အောင် ဗြဟ္မဏဘာသာ၊ မဟာယနဗုဒ္ဓဘာသာ
တို့ ရောနှောရှိခဲ့ကြောင့်၊ ခရစ်နှစ် ၆ ရာစုတွင် အိန္ဒိယမြောက်ပိုင်း အရှေ့ဘက်
ဘင်္ဂလားမှတဆင့် တန ္တရအယူဝါဒအတွင်းခံရှိသော မဟာယနဗုဒ္ဓဘာသာသည်
မြန်မာပြည်အထက်ပိုင်းသို့ ရောက်ရှိလာသဖြင့် ပန်းဦးပန်အရည်းကြီးများ ခေတ်စား
လာခဲ့ရကြောင်း”ရေးသားဖော်ပြထားသည်ကို တွေ့ရပေသည်။
ရှေးမြန်မာတို့သည် သထုံမှ သာသနာပြုကြွရောက်လာသော မွန်ရဟန်းတော်
“ဓမ္မဒဿီ” ခေါ် ရှင်အရဟံ၏ ကျေးဇူးကြောင့် အနော်ရထာမင်းလက်ထက်မှစ၍
အရည်းကြီးတို့၏ တန္တရ၊ မန္တရအတွင်းခံရှိသော မဟာယနဗုဒ္ဓဘာသာကိုပစ်ပယ်၍
စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ကို ပြောင်းလဲ လက်ခံရရှိခဲ့ကြပေသည်။

မြန်မာစာ ပေါ်ပေါက်လာခြင်း

ပုဂံသို့ ရှင်အရဟံ ရောက်ရှိပြီးနောက်တွင် စာပေဘက်၌ “သထုံမှရရှိသော
မွန်ဘာသာပိဋကတ်တော်များကို ပုဂံသို့ရောက်ရှိလာသော မွန်ရဟန်းတော်များ
အား မြန်မာဘာသာအရေးအသားဖြင့် ပြန်ဆိုစေခဲ့သည်” ဟု မှန်နန်းရာဇဝင်၌
ရေးသားခဲ့သော်လည်း၊ အမှန်မှာ မြန်မာတို့သည် ပိဋကတ်တော်များကို ရှေးဦးစွာ
မွန်ဘာသာဖြင့်ပင် သင်ကြားခဲ့ကြခြင်းသာဖြစ်သည်။ ထို့ကြောင့် အနော်ရထာမင်း
လက်ထက်တွင် မြန်မာတို့သည် ပျူစာသာမက မွန်စာကိုပါ ရေးသားအသုံးပြုခဲ့
သည့် အပြင်၊ တစ်ခါတရံ နာဂရီဘာသာဖြင့်လည်း ရေးသားအသုံးပြုခဲ့ကြောင်း၊
တူးဖော်ရရှိသော အုတ်ခွက်စာ၊ စဉ့်ခွက်စာများအရ သိရှိရပေသည်။

အနော်ရထာလွန်ပြီးနောက် စောလူမင်းလက်ထက်တွင် ပါဠိ သက္ကတစာများကို
မွန်အက္ခရာဖြင့်ပင် အနည်းငယ်ရေးခဲ့သည်ကို တွေ့ရှိရပြီး၊ ထီးလှိုင်ရှင်
ကျန်စစ်သားမင်း လက်ထက်တွင်မူ မိမိဘွဲ့အမည်ကို နာဂရီအက္ခဖြင့်ရေးသား
ခဲ့သော အုတ်ခွက်တစ်ခုမှလွဲ၍ ပျူစာ၊ နာဂရီစာကို လုံးဝမသုံးတော့ဘဲ
မွန်စာကိုသာ အသုံးပြုထားသည်ကို တွေ့ရှိရသည်။

ကျောက်စာများကိုလည်း မွန်စာဖြင့်ပင် ရေးထိုးခဲ့သည်။ သို့ရာတွင် ယင်းမွန်အက္ခရာ
ကိုအခြေခံ၍ မွန်ပညာရှင် ရဟန်းတော်များနှင့် ရှေးမြန်မာကြီးများ၏
ကြိုစားတီထွင်မှု့အရ မြန်မာစာလည်း ပေါ်ပေါက်လာရတော့သည်။
သမိုင်းပါမောက္ခများဖြစ်ကြသော ဒေါက်တာသန်းထွန်း နှင့် ဒေါက်တာကျော်သက်
တို့က “မြန်မာတို့၏ ရှေးဟောင်းအက္ခရာများသည် ပျူတို့ထံမှယူ၍ ရေးသားခဲ့ခြင်း
မဟုတ်ဘဲ မွန်တို့ထံမှ အတုယူ၍ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း” ၎င်းတို့၏ သမိုင်း
စာအုပ်များတွင် ရေးသားဖော်ပြထားခဲ့ခြင်းဖြစ်သည်။ အလားတူ ဦးသာမြတ်က
လည်း “ယနေ့ မြန်မာအက္ခရာကို မွန် - မြန်မာ အက္ခရာ” ဟူ၍ မြန်မာ့စွယ်စုံကျမ်း
တွင် ရေးသားဖော်ပြထားသကဲ့သို့၊ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ
ဒေါက်တာလှဖေကလည်း “မြန်မာတို့သည် ၁၁ ရာစုတွင် မွန်တို့ထံမှအက္ခရာများ
လက်ခံခဲ့ကြပြီး မြန်မာဘာသာကို အက္ခရာတင်ကြသည်” ဟု မြန်မာနိုင်ငံ
သုတေသနသတင်းဂျာနယ် အတွဲ ၅၄ တွင် ရေးသားဖော်ပြခဲ့သည်။

သို့ရာတွင် ကျန်စစ်သားမင်း၏သားတော် ရာဇကုမာရ်ကျောက်စာရေးချိန်၌
မြန်မာစာတွင် မွန်စာအရေးအသား အများအပြား ရောနှောနေသေးလျက်၊ ယနေ့
ရေးသားနေသောအဆင့်သို့ရောက်ရှိရန်မှာ နှစ်ပေါင်းများစွာ တီထွင်ခဲ့ရသည်
ဟုဆိုသည်။ ထို့ကြောင့် ဆရာဦးသောင်းလွင် (ဘီအေ) က “ထိုအချိန်၌ မြန်မာစာ
မှာ လမ်းလျှောက်သင်စ ကလေးတစ်ယောက်ကဲ့သို့ တုန်ချည့်ယိမ်းယိုင်
လျက်ရှိနေသေးကြောင်း၊ ယနေ့အသုံးပြုနေသော စာပေအရေးအသားအဆင့်
ရောက်ရန် ရှေးမြန်မာကြီးများတို့ နှစ်ပေါင်း ၅၀၀ ခန့် ကြံစတီထွင်ခဲ့ရကြောင်း”
ကို “မြန်မာအက္ခရာဗေဒ” စာအုပ်တွင် ရေးသားဖော်ပြထားခြင်းဖြစ်သည်။
အချုပ်အားဖြင့် ဤသမိုင်းကြောင်းများကို ထောက်ဆလျှက် မြန်မာတို့သည်
မွန်ရဟန်းတော်များနှင့် ပိဋကတ်တော်များ ပုဂံသို့ရောက်ရှိသည့်အချိန်မှစ၍
ပျူတို့၏ ဘာသာယဉ်ကျေးမှု့ဖြစ်သော မဟာယန တန ္တရ မန ္တရအယူဝါဒကို
ပစ်ပယ်၍ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာယဉ်ကျေးမှု့ကို လက်ခံရရှိ
လာကြသကဲ့သို့ ပျူစာအရေးအသားကိုလည်းပစ်ပယ်၍ မွန်စာအရေးအသားမှ
တဆင့် မြန်မာစာပေအရေးအသားကိုပါ လက်ခံရရှိလာကြောင်း ဆိုလိုပေသည်။

C . S ……. မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာပေါ်ပေါက်
လာအောင် ပထမမြန်မာနိုင်ငံကိုထူထောင်သော အနော်ရထာ မင်းကြီး၊
ရှင်အရဟံ နှင့် မွန်ရဟန်းရှင်များသည် ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရခြင်း
ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားရှင်ဟောကြားခြင်းမရှိသော ထေရဝါဒနှင့် သွေဖီသော
ဟောပြောချက်၊ ရေးသားချက်များကို ပြုမှုလျှက် ထေရဝါဒ ဗုဒ္ဓဘာသာကို မဖျက်စီးသင့်ပေ၊
ထို့အတူ မြန်မာစာပေါ်ပေါက်လာအောင် ရှေးပညာရှင်ကြီးများက နှစ် ၅၀၀
ခန့်ကြာအောင် ကြိုးစားတီထွင်ခဲ့ရပါသည်၊ ထိုကြောင့် မြန်မာ့စာပေကိုလည်း
မြန်မာပြည်ဖွားများအားလုံး မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ရပေမည်။
စာရေးသူ အင်္ဂလိပ်စာသင်နေသော မိတ်ဆွေတစ်ယောက်နှင့် စကားလက်ဆုံကြ
ဘူးပါသည် သူက မြန်မာစာအုပ်ဆို လုံးဝမဖတ်ကြောင်း၊ အင်္ဂလိပ်စာအုပ်တွေပဲ
ဖတ်ကြောင်း ပြောပါသည်။ မြန်မာလူမျိုးတစ်ယောက်က မြန်မာ့စာပေကို
မဖတ်လျှင် မည့်သည့်လူမျိုးက ဖတ်မည်နည်း၊ မြန်မာလူမျိုးတစ်ယောက်က
မြန့်မာစာပေကို တန်ဖိုးမထားလျှင် မည်သည့်လူမျိုးက တန်ဖိုးထားမည်နည်း၊
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာသော ယနေ့ခေတ်အချိန်အခါအတွင် အခြားသော
ဘာသာစကားများကိုလည်း သင်ယူတတ်မြောက်သင့်ပေသည်၊ သို့သော်
မိခင် ဘာသာစကားကိုလည်း အစဉ်သဖြင့်တိုးတက်အောင်ကြိုးစားရပေမည်။
တန်ဖိုးထားရပေမည်။ စောင့်ရှောက်ရပေမည်။

မြန်မာ့စာပေကို တီထွင်ခဲ့ကြသော ရှေးပညာရှင်စာဆိုတော်များ၊ အင်းဝခေတ်မှ ပေလေးပင်
ရှင်လေးပါး(ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလဝံသ၊ ရှင်ခေမာ၊ ရှင်အုန်းညို) စသော စာဆိုရှင်များ၊
ကုန်းဘောင်ခေတ်တွင် ရှင်မဟာရဋ္ဌသာရ၊ ဖိုးသူတော်ဦးနု၊ စလေဦးပုည၊ အချုပ်တန်းဆရာဖေ
စသော စာဆိုပညာရှင်များ၊ ကိုလိုနီခေတ်၌ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ စသော
စာဆိုပညာရှင်များသာ မပေါ်ပေါက်ခဲ့ပါက ယနေ့ မြန်မာ့စာပေသည် ယခုကဲ့သို့
ထွန်းထောက်လျက်ရှိနေမည်မဟုတ်ချေ၊ ထို့ကြောင့် မြန်မာ့စာပေကို တိုးတက်
အောင်ပြန်ပွါးအောင် ပြုလုပ်ရမည်မှာ မြန်မာတိုင်းတွင် တာဝန်ရှိလှပေသည်။
Ref...ဦးစိန်ထွန်း(မာမက သုတေသီ) ကမ္ဘာပတ်၍ ဘုရားရှာခြင်း
မြန်မာ ဟူသောစကား၏ အဓိပ္ပါယ်
“မြန်” ဟူသည်မှာ စစ်ချီတက်ခြင်းမှ စ၍ ခက်ခဲသောအရေးအကြောင်းနှင့်
ကြုံသည့် အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇဝနဉာဏ်၊ တင်္ခနုပတ္တိဉာဏ်
တို့ဖြင့် လျင်မြန်စွာကြံစည်တတ်သောသတ္တိဂုဏ်ဖြင့် ပြည့်စုံခြင်း၊
“မာ” ဟူသည်မည်သည့်အရာမဆို ဆန္ဒ၊ အာသီသ နှလုံးသွင်းသည့်အတိုင်း
ပေါက်မြောက်အောင် မလျှော့သော လုံးလဝီရိဖြင့် ဇာတိသွေး၊ ဇာတိမာန်
ခက်ထန်တင်းမာသော စိတ်ရင်းသတ္တိနှင့်ပြည့်စုံခြင်းဟူ၍ အဓိပ္ပါယ်ရပေသည်။

 မြန်မာ့အဘိဓာန်
အရှင်ဝရသာမိ
https://shinsami.blogspot.com

Thursday, September 6, 2012

သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ? လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့ ဥပမာ ဆိုပါစို့ လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ် တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ် တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။ 

ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။ လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့ အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။ အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။ အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြိးထဲက ရတနာ့သုတ်ထဲမှာ ပါပါတယ်။ 

လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိဿော စရိယာယော......လို့ လောကတ္ထစရိယ- ဆိုတာ ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တဝါ အားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။ တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက် ဒုတိယက ဉာတတ္ထစရိယ တဲ့ ဉာတတ္ထစရိယ- ဆိုတာ ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊ 
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို ငါဆောင်ရွက်မယ်။ 
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့ အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။ ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။ ဗုဒ္ဓတ္ထစရိယ- ဆိုတာ မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော် အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ် “အတ္တတ္ထ စရိယ” လို့ အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော် ငါသည် လောကလူသား အားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင် ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဉာတတ္ထစရိယ အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့ အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။ အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော် ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့ အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့ ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလ မတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့ သီလဆိုတာ ဘာလဲ လို့မေးရင် Bodily discipline and Verbal discipline. This is Sila. Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊ Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။ 
ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တဝါတွေကို မသတ်ဘူး Not to kill any living beings. 
အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊ Not to take anything, not given by owner. 
Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊ 
နောက် ဒုတိယ က Verbal discipline- ပါးစပ်စည်းကမ်း 
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး I undertake the precept not telling lie. 
ရှင်းအောင် ထပ်ပြောကြစို့ ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့ မုသာဝါဒါ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ပပ္ပလာပဝါစာ လို့လာပါတယ်။ ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင် Must be true မှန်တာကို ပြော၊ 
မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြောနေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။ 
Must be honest ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့ 
Must be polite ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး 
Must be beneficial for others and oneself. မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။ Must be harmonious ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့ 
Must be pleasant နားချမ်းသာ အောင်ပြောရမယ် စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင် မင်္ဂလ သုတ်ထဲမှာ ပါပါတယ် သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့ ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ? 

ကိုးကား သီတဂူ ဆရာတော် ဘုရား၏ တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော 
တက္ကသိုလ် ဓမ္မသဘင်မှ တရားတော်များကို မှီငြမ်းရေးသားပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

မြတ်စွာဘုရားရှင် ဝါဆိုတော်မူရာ မြို့၊ ရွာဒေသများ

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍ အောက်ပါ မြို့ရွာဒေသများ၌ ဝါကပ်တော်မူခဲ့ပါသည်။ 

(၁) ဝါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊ 
(၂၊ ၃၊ ၄) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊ 
(၅) ဝါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း 
(၆) ဝါ - မကုဠတောင်၊ ချရားတော၊ 
(၇) ဝါ - တာဝတိ ံသာနတ်ပြည်၊ 
(၈) ဝါ - ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂ္ဂသယ၊ ဇနပုတ်အနီး သေသကဠာ မိကဒါဝုန်တော၊ 
(၉) ဝါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊ 
(၁၀) ဝါ - ပါလိလေယျက တောအုပ်၊ 
(၁၁) ဝါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊ 
(၁၂) ဝါ - ဝေရဉ္ဇတိုင်း၊ နဠေရု တမာပင်ရင်း၊ 
(၁၃) ဝါ - စာလိယတောင်၊ 
(၁၄) ဝါ - သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊ 
(၁၅) ဝါ - ကပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်း၊ 
(၁၆) ဝါ - အာဠဝီပြည်အနီး၊ မဟာဝုန်ကျောင်း၊ 
(၁၇) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊ 
(၁၈) ဝါ (၁၉) ဝါ - စာလိယတောင်၊ 
(၂၀) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊ 
(၂၁) ဝါ မှ (၃၉) ဝါ - သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊ 
(၄၀) ဝါမှ (၄၄) ဝါ - - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊ (၄၅) ဝါ - ဝေဠုဝရွာ။


အရှင်ဝရသာမိ
https://shinsami.blogspot.com

လူ့ဘဝက သေပြီးတဲ့ နောက်မှာ တစ်ဖန်ဘဝသစ် ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား

လောဘ ဒေါသစသော ကိလေသာ မကင်းသေးတဲ့သူဟာ သေပြီးတဲ့ နောက်မှာ
ဘဝသစ်ဖြစ်ရတယ်။ ဖြစ်ပုံကတော့ စိတ်ဆိုတာ ရုပ်ကိုမှီပြီးတော့ တစ်ခုပြီးတစ်ခု
မပြတ်ဖြစ်နေတယ်၊ ဓာတ်မီးလုံးထဲမှာ လျှပ်စစ်ဓာတ်အားတွေ အသစ် အသစ်လာပြီး
လင်းနေသလိုပါပဲ၊ အကယ်၍ ဗတ်သီး(မီးလုံး) က ပျက်သွားလျှင် အဲဒီ ဗတ်သီး(မီးလုံး)
ထဲမှာ မီးမလင်းတော့ဘူး၊ ဒါပေမယ့် ဓာတ်ကြိုးထဲမှာ ဓာတ်အားကတော့ ရှိနေလျက်ပဲ၊
အဲဒီပျက်နေတဲ့ မီးလုံးကိုဖယ်ပြီး ဓာတ်မီးလုံးအသစ်ကို ထည့်ပေးလိုက်ရင် အဲဒီမီးလုံး
အသစ်ထဲမှာ မီးဟာ ယခင်ကလိုပဲ လင်းမြဲလင်းနေပြန်ပါတယ်၊ ဒီလိုပဲ ရုပ်ကိုယ်
အဟောင်းက ပျက်သွားတဲ့အခါမှာ စိတ်က အဲဒီကိုယ်ထဲမှာ မဖြစ်နိုင်တော့ဘူး၊
အဲဒါကို သေတယ်လို့ခေါ်ကြပါတယ်၊ ဒါပေမယ့် စိတ်ကတော့ လုံးလုံး
ပျောက်သွားတာ မဟုတ်ပါဘူး၊ တခြား ကိုယ်ရုပ်အသစ်ထဲမှာ သွားဖြစ်ပြန်တယ်၊
ဗတ်သီးအသစ်ထဲမှာ မီးလင်းမြဲ လင်းနေပြန်သလိုပဲ။

ဆက်လက်ပြီး ဖြစ်ပုံက ဘယ်လိုလဲဆိုရင် စိတ်ဆိုတာ အာရုံတစ်ခုကို စွဲလမ်းပြီး
မပြတ်ဖြစ်နေတယ်၊ အာရုံကို လုံးလုံးစွန့်လွတ် မေ့ပျောက် မပစ်နိုင်ဘူး။ သစ်ပင်ပေါ်က
မျောက်ဟာ သစ်ကိုင်းကို လုံးလုံးစွန့်လွှတ် မထားနိုင်သလိုပဲ၊ ဒါကြောင့် သေခါနီးမှာ
ကိုယ်ပြုခဲ့တဲ့ အမှုကိစ္စတခုခုကို စွဲလန်းနေရင်းနဲ့ သေသွားတယ်၊သေတယ်ဆိုတာ
ကလည်း လက်ရှိရုပ်ဟောင်းထဲမှာ စိတ် အသစ် ပြန်မဖြစ်ပေါ်လာတော့တာပဲ၊
ပြတ်စဲသွားတဲ့ အခါမှာ သေခါနီးက စွဲလန်းခဲ့တဲ့ အာရုံကိုပဲ စွဲပြီးတော့ ရုပ်ကိုယ်
အသစ်ထဲမှာ စိတ် အသစ်ဖြစ်ပေါ်လာပါတယ်။ အဲဒါကို ဘဝသစ် ဖြစ်တယ်လို့
ခေါ်ပါတယ်။
ဥပမာ အိပ်မက်ထဲက စွဲလာတဲ့ အာရုံကို နိုးလာသည့်တိုင်အောင် မပျောက်ဘဲ
စွဲလန်းနေတာနှင့်တူပါတယ်၊ အလှူပေးခြင်းစသော ကောင်းမှုကို စွဲလန်းပြီး
သေလာခဲ့လျှင် မြင့်မြတ်တဲ့ဘဝမှာ ဖြစ်ပါတယ်၊ သတ်ဖြတ်ခြင်း စသော မကောင်းမှု့
ကို စွဲလန်းပြီး သေလာခဲ့လျှင် ယုတ်ညံ့တဲ့ ဘဝမှာ ဖြစ်ရပါတယ်၊ ဒီလိုဖြစ်တာကို
ကုသိုလ်ကံက ကောင်းကျိုးပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးပေးတယ်လို့
ခေါ်ရပါတယ်၊ ကံဆိုတာ ပြုမှုပဲ၊ ပြုမှုရှိလျှင် တန်ပြန်မှုရှိတယ်၊ တောအုပ်ထဲမှာ ဖြစ်စေ၊
လိုဏ်ခေါင်းထဲမှာ ဖြစ်စေ ဟေး လို့အော်လိုက်ရင်အဝေးကနေပြီး ဟေး ဆိုတဲ့
ပဲ့တင်သံ ပြန်လာပါတယ်၊ မြေကြီးပေါ်ကို ဘောလုံးပေါက်လိုက်ရင် အထက်ကို
ပြန်တက်လာတယ်၊ တစ်စုံတစ်ခုကို တုတ်နှင့် ရိုက်လိုက်ရင် အရိုက်ခံရတဲ့ ဝတ္ထုက
အသံမြည်လာတယ်၊ ဒါတွေဟာ တန်ပြန်မှုတွေပဲ။
အခါးမျိုးစေ့ စိုက်လျှင် အခါးသီး သီးတယ်၊ အချိုမျိုးစေ့ စိုက်လျှင် အချိုသီး သီးတယ်၊
ခွေးကို ခဲ့နှင့်ပေါက်လျှင် အဲဒီခွေးက ပြန်ဟောင်တယ်၊ ခွေးကို ချိုချိုသာသာ ခေါ်ပြီး
ကျွေးလျှင် အဲဒီခွေးက အမြှီးနှံ့ပြီး အရိုအသေပြုတယ်၊ လူတစ်ယောက်ကို
ဆဲလိုက်လျှင် အဲဒီလူက ပြန်ဆဲတတ်တယ်၊ ပြုံးရွှင်ပြီး ချိုချိုသာသာနှင့် နှုတ်ခွန်း
ဆက်လျှင် အဲဒီလူကလည်း ပြုံးရွှင်ပြီး ချိုချိုသာသာနှင့်ပြန်ပြီး နှုတ်ခွန်းဆက်တယ်၊
ဒါတွေလည်း တန်ပြန်လာတဲ့ အကျိုးတွေပဲ။
ထို့အတူ ကောင်းသောပြုမှုရှိလျှင် ကောင်းသောဘဝအကျိုး တန်ပြန်လာတယ်၊
မကောင်းသော ပြုမှုရှိလျှင်မကောင်းသော ဘဝအကျိုး တန်ပြန်လာတယ်၊
ဒီနည်းဖြင့် သတ္တဝါတွေဟာ ကိလေသာမကင်းသေးသမျှ ကာလပတ်လုံး
တစ်ဘဝက သေပြီးလျှင် အခြားဘဝမှာ မိမိပြုထားတဲ့ အမှုကံအားလျော်စွာ
အသစ်ဖြစ်ဖြစ် သွားပါတယ်။
ဝိပဿနာ ဘာဝနာအလုပ်ကို အားထုတ်ပြီး ရဟန္တာဖြစ်သွားတဲ့အခါမှာ
ကိလေသာတွေ လုံးဝကင်းစင်သွားပါတယ်၊ အဲဒီလို ကိလေသာ လုံးလုံးကင်းစင်
နေတဲ့ ရဟန္တာပုဂ္ဂိုလ်မှာတော့ ပရိနိဗ္ဗာန်စံသည်၏ အခြားမဲ့မှာ ဘဝသစ်
မဖြစ်ရတော့ဘဲ အစဉ်ထာဝရ ငြိမ်းအေးသွားပါတယ်။
နောက်ဘ၀ ဘယ်မှာဖြစ်မယ် ဆိုတာ သိပါသလား
ဘယ်မှာ ဖြစ်မယ်လို့တော့ မသိပါဘူး၊ ဒါပေမယ့် ဗုဒ္ဓဘာသာတရားတော်အရ
ကိလေသာမကင်းသေးလျှင် ဘဝသစ် ဖြစ်ဦးမယ်လို့တော့ ပြောနိုင်ပါတယ်၊
သီဟိုဠ်မှာလည်း ဖြစ်နိုင်ပါတယ်၊ မြန်မာပြည်မှာလည်း ဖြစ်နိုင်ပါတယ်၊
အင်ဒိုနီးရှားမှာလည်း ဖြစ်နိုင်ပါတယ်၊ ဥရောပ အမေရိကန်တို့မှာလည်း
ဖြစ်နိုင်ပါတယ်၊ ဗုဒ္ဓဘာသာ တရားတော်အရ ဘယ်နိုင်ငံက လူမျိုးပဲဖြစ်ဖြစ်၊
ဘယ်ဘာသာ အယူရှိတဲ့ လူမျိုးပဲဖြစ်ဖြစ် ကောင်းမှု ကုသိုလ်ကံ ရှိလျှင်
ကိုယ်ဖြစ်လိုရာနိုင်ငံ ကိုယ်ဖြစ်လိုရာ အရပ်မှာ ဖြစ်နိုင်ပါတယ်။
(မဟာစည်ဆရာတော် ဘုရား)

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Monday, August 20, 2012

အသျှင် အရှင်, ဦးပဉ္စင်း, ကိုရင် ဝေါဟာရ

အသျှင် အရှင်, ဦးပဉ္စင်း, ကိုရင် ဝေါဟာရ


တပည့်တော် အလယ်တောရဆိုတဲ့ရွာကိုရောက်တော့ အလယ်တော ဦးပဉ္စင်း ဦးသီရိန္ဒနှင့် စပ်မိလို့ ရဟန်းတော်များရဲ့ အမည်ရှေ့မှာ အသျှင်တပ်တာ, အရှင်တပ်တာ, ဦးတပ်တာ, ဦးပဉ္စင်းခေါ်တာနှင့် ကိုရင်ခေါ်တာများနှင့်ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့တယ်ဘုရား၊ သည်ပြဿနာကို ဦးသိရိန္ဒလည်း မဖြေနိုင်ဘူး၊ တပည့်တော်လည်း မသိဘူး၊ အရေးမကြီးသော်လည်း သည်အဖြေကလေးကိုလည်း တပည့်တော်များ သိချင်ပါတယ် ဘုရား.... ရဟန်းတော်များရဲ့ အမည်ရှေ့မှာ (အသျှင်) တပ်တာနှင့်ပတ်သက်ပြီး ဝါဟာရဝိပ္ပလ္လာ လက္ခဏဒီပကကျမ်း ၁၈၇-မှာ သာမိပုဒ်က သျှင်-ဖြစ်လာကြောင်း ဖော်ပြထားတယ်၊ သာမိဆိုတာ သံ ဓနံ အဿတ္ထီတိ သာမိ ဆိုတဲ့ တဒ္ဓိတ်ဝိဂြိုလ်အတိုင်း ဥစ္စာရှိသူ (သို့မဟုတ်) ဥစ္စာရှင် (သို့မဟုတ်) အစိုးရသော အရှင်သခင်ဆိုတဲ့ အနက်သခင်ဆိုတဲ့ အနက်ကိုဟောတယ်၊ အမှန်ကတော့ အရှင်သခင် ဟောတဲ့ပုဒ်ဟာ သာမိတစ်ပုဒ်တည်းသာမကဘူး၊ မဂဓအဘိဓာန် ဂါထာနံပါတ် ၇၂၅-မှာ (ဣဿရ)၊ (၂) နာယက၊ (၃) နယက၊ (၄) ပတိ၊ (၅) ဤသာ၊ (၆) အဓိပတိ၊ (၇) ပဘူ၊ (၈) အယျ၊ (၉) အဓိပ၊ (၁၀) အဓိဘူ၊ (၁၁) နေတု - ရယ်လို့ ပုဒ်ပေါင်း ၁၁-ပုဒ်ရှိတယ်၊ သည် ၁၁-ပုဒ်ထဲ သျှင် အသံနှင့် နီးကပ်တာဟာ သာမိနှင့် အယျ နှစ်ပုဒ်ဖြစ်တယ်ကွယ့်၊ ဒါကြောင့် သျှင်ဟာ သာမိက ဆင်းသက်တယ်၊ အယျကဆင်းသက်တယ်၊ ဒါမှမဟုတ် မြန်မာစကားစစ်စစ် ဖြစ်တယ်ဆိုတာ အတိအကျ မပြောနိုင်သော်လည်း အတော်ရှည်ကြာဝေးတဲ့ ကာလကစအပြုပြီး သျှင်ဆိုတဲ့ပုဒ်ဟာ အကြီးအကဲ အထွက်အမြတ် ရသေ့ရဟန်းများကို ဟောတဲ့ ပုဒ်ဖြစ်ကြောင်းကိုတော့ သိသာသကွယ့် "ဘယ်လိုအထောက်အထားရှိလို့ပါလဲ ဘုရား" "အထောက်အထားကတော့ အခြားမဟုတ်ပါဘူး၊ သင်္ကန်း, သင်ခမ်း, သင်ပုတ်ဆိုတာပဲကွယ့်” “သင်္ကန်းဆိုတာ ရဟန်းများဝတ်တဲ့ သင်္ကန်းလားဘုရား” “ဟုတ်ပါတယ်၊ ရဟန်းများဝတ်တဲ့ သင်္ကန်းပါပဲ၊ အဲသည်သင်္ကန်းဆိုတဲ့ ပုဒ်ကို စဉ်းစားကြည့်စမ်း၊ သင်က ဘာကိုဟောသလဲ၊ ကန်းက ဘာကိုဟောသလဲ သိသလား” “မသိပါ ဘုရား” “မှတ်ထားကွယ့်၊ သည်နေရာမှာ သင်ဆိုတာ ရဟန်းကိုဟောပြီး ကန်းဆိုတာက အဝတ်အထည်ကို ဟောတယ်” “ကန်းက အဝတ်အထည် ဟောတယ်ဆိုတာ ဟုတ်ပါ့မလား ဘုရား” “ကန်းက အဝတ်အထည်ကို ဟောမဟော ရက်ကန်းကို စဉ်းစားကြည့်ပေါ့ကွယ်၊ ရက်ဆိုတာ ရက်လုပ်တယ်၊ (သို့မဟုတ်) ချည်များကို ဟိုမှသည်မှ (ရှက်)တယ်၊ (ရှုပ်ရှက်) ကန်းဆိုတာက အဝတ်အထည် သို့မဟုတ် (ချည်)လို့ သဘောမရဘူးလား” “မှန်ပါ - ရပါတယ် ဘုရား” “အေး - ဒါကြောင့် ကန်းက အဝတ်အထည်ကို ဟောတယ်လို့ ပြောတာပေ့ါကွယ်” “ဟို-သင်ခမ်းဆိုတာကတော့ ဘုရား ဘာများလဲ” “သင်ခမ်းဆိုတာ ရသေ့ ရဟန်းများနေတဲ့ ကျောင်းငယ်ကိုဆိုလိုတယ်” “သင်ပုတ် ဆိုတာ ကကောဘုရား” “သင်ဆိုတာ အထွက်အမြတ်ဖြစ်တဲ့ ဘုရား, တရား, သံဃာကို ဟောပြီး ပုတ်ဆိုတာ (ပူဇာ=ပုဇ်) ပူဇော်ခြင်းကိုဟောတယ်၊ သင်ပုတ်ဆိုတော့ အထွက်အမြတ်ကို ပူဇော်ခြင်းလို့ အဓိပ္ပာယ်ရတယ်၊ သင်ပုတ်ခွက် သက်ပုတ်ပလ္လင်ဆိုတာ သိတယ် မဟုတ်လား” “သိကြောင်းပါ ဘုရား” “အဲသည် သင်ပုတ်ခွက် သင်ပုတ်ပလ္လင်ဆိုတာ အထွက်အမြတ်ကို ပူဇော် ပြီးတဲ့ စားဖွယ်သောက်ဖွယ်များ စွန့်ပစ်တဲ့နေရာပဲ မဟုတ်လားကွယ့်” “ဟုတ်ပါတယ် ဘုရား” “အေး-ဒါကြောင့် (သင်)ဆိုတဲ့ပုဒ်ဟာ အတော်ရှည်ကြာဝေးတဲ့ ခေတ်ဆီကစပြီး ရဟန်း, မင်း စတဲ့ အထွက်အမြတ် ဟောပုဒ်တစ်ခုဖြစ်ခဲ့တယ်ကွယ့်”


“အဲသည် ကြာရှည်ဝေးတဲ့ ခေတ်ဆိုတာကို မှန်းဆသိဖို့ အထောက်အထားများ ရှိပါသလား ဘုရား”


“ရှိတာပေါ့ကွယ်၊ သက္ကရာဇ် ၄၇၄-ခုနှစ်မှာ ကျန်စစ်သားမင်းရဲ့ သားတော် ရာဇကုမာရမင်းသားရေးထိုးခဲ့တဲ့ နာမည်ကျော် မြစေတီကျောက်စာ စာကြောင်းရေ ၂၂-၂၃-၂၄-၂၅ တို့မှာ ‘သင်ဂြီမဟာထေရ်၊ သင်ဂြီမုဂ္ဂလိပုတ္တတိဿတ္ထေရ်၊ သင်ဂြီသင်္ဃသေနဝရပဏ္ဍိတ်’ လို့ ရေးထိုးထားတယ်၊ နို့ပြီး သက္ကရာဇ် ၄၈၂-ခုနှစ်ထိုး သက်ကြီး ငါက္တေ ဂံသင်ကျောက်စာ ဒုတိယစာကြောင်း မှာလည်း သင်ဂြီ ငါက္တေဂံလို့ ရေးထိုးထားတယ်ကွယ့်”


“မှန်ပါ-ကျောက်စာပါ သင် ဆိုတာကတော့ ဟုန်ပါပြီ ဘုရား၊ ဂြီ ဆိုတာက ဘာကို ဆိုလိုပါသလဲ ဘုရား”


“ဂြီရဲ့ ယနေ့ရေးထုံးကတော့ (ကြီး)ပေါ့ကွယ်၊ အကြီးအကဲလို့ ဆိုလိုတာပါပဲ၊ ရဟန်းကြီးမို့ (သင်ဂြီ) လို့ ရေးထားပါပဲ”


“ရဟန်းငယ်ကိုတော့ ကျောက်စာမှာ ဘယ်လိုရေးထိုးသလဲ ဘုရား”


“ရဟန်းငယ်ကိုတော့ (သင်လျှင်) လို့ ရေးထိုးတက်တယ်ကွယ့်”


“ဒါထက် မဆိုင်တာလျှောက်တယ်လို့တော့ ထင်တော်မမူပါနှင့်၊ သင်တုန်းဓားဆိုတဲ့ စကားမှာ ပါဝင်တဲ့(သင်)ဆိုတဲ့ ပုဒ်ကတော့ ရသေ့ရဟန်း ဟောပါပဲလား ဘုရား”


“သင်တုန်းဓားမှာပါဝင်တဲ့ သင်ကိုတော့ ရသေ့ရဟန်းဟောတဲ့ပုဒ်လို့ မထင်ဘူး၊ သုတ်သင်ဆိုတဲ့ပုဒ်မှာ ပါရှိတဲ့ သင်-လို့ ထင်သကွယ့်”


“သုတ်သင်ဆိုတော့ ဘယ်လိုအနက်ထါက်သလဲ ဘုရား”


“သုတ်ဆိုတာ (သုဓဓာတ်) အနက်က သုစိ-စင်ကြယ်ခြင်းအနက်၊ သောဓန-သုတ်သင်ခြင်းအနက်ကိုဟောတယ်၊ သင်ဆိုတဲ့ ကြိယာကတော့ ရှင်းလင်းပစ်ခြင်းဆိုတဲ့ မြန်မာစကားပဲ၊ အခွံသင်တယ်ဆိုတဲ့ ပုဒ်မှာပါတဲ့ သင်-နှင့် အဓိပ္ပာယ်တူသပေါ့၊ ဒါကြောင့် သုတ်သင်ဆိုတာ စင်ကြယ်အောင် ရှင်းလင်းပစ်တယ်လို့ အဓိပ္ပာယ် ရရှိသကွယ့်”


“သင်က သျှင်-ဖြစ်လာပုံကိုလည်း အမိန့်ရှိပါဦး ဘုရား”


“မြန်မာစကားနယ်ပယ်မှာ (ယ)အသံဟာ အဖြည့်အစွက်သဘောမျိုးနှင့် ပါဝင်လာတက်တယ်၊ ဥပမာမှာ ပညာ, ပညောင်ပင်ဆိုတဲ့စကားကို ကြည့်ပေါ့၊ ရေးသားထားတာက (ပ)ဖြစ်မှန်းသိလျက်နှင့် ဖတ်တော့ ပြင်ညာ၊ ပြင်ညောင်ပင်၊ ပြည်ညောင်ပင်လို့ ဖတ်တက်ကြတယ်၊ ထို့အတူ သင်္ဂဟကို သြင်္ဂ ိုလ်, သင်္ကန္တကို သြင်္ကန်, ပက္ခဒိန် ပြက္ခဒိန်ရယ်လို့ ရေးသားပြောဆိုနေကြခြင်းဟာလည်း အဖြည့်အစွက် သဘောမျိုးနှင့် ယ-အသံဟာ အလိုအလျောက် တိုးဝင်လာတယ်၊ သ-နှင့် ယ ပူးကပ်သွားလျှင် စာရေးတော့(သျှ)ဖြစ်သွားတယ်၊ အသံ ထွက်တော့ သယလို့မထွက်ဘူး၊ (ယှ)လို့ ထွက်တယ်၊ ဒါကြောင့် ရှေးဦးစွာ သျှင်ရေးရာမှာ ယခုခေတ်လို ဟထိုးမပါသေးဘူး၊ (သျ)လို့သာ ရေးတယ်၊ ဥပမာပြပါဆိုလျှင်-


(၁) ထိလိုင်အသျင် ကလန်စစ်သည်။ (၄၇၃-ခု၊ လှည်းထောင်ဘုရားကျောက်စာ)


(၂) သျင်မင်းကြီပေသော။ (၅၅၆-ခု၊ သုဘရာဇ် ကျောက်စာ)


(၃) သျင်တပြည်၊ တိဿတ္ထေရ။ (၅၆၈-ခု၊ မောင်းမခင်မိငယ်ကျောက်စာ)


(၄) သျင်ဒိသာပြာမုတ်။ (၆၄၇-ခု၊ ဒိသာပြာမုတ်ကျောက်စာ)-


ယခုပြောတာက သျှင်-မှာ မူလက ဟထိုးမပါသေးဘူးဆိုတဲ့ ဥပမာပဲကွယ့်၊ နောက်တော့ သျှ-ဟာ ယှ-အသံထွက်သော်လည်း ဟထိုးမပါတဲ့အတွက် စိတ်ထဲမှာ လေးလေးနက်နက်မရှိကြဘူး။ ဒါကြောင့် လေးလေးနက်နက်ဖြစ်သွားအောင် ဟထိုးထည့်ပြီး(သျှင်)လို့ ကျောက်စာများမှာ ရေးထိုးခဲ့ကြတယ်၊ ဥပမာမှာ သက္ကရာဇ် ၇၇၀-ခုနှစ်ကထိုးတဲ့ တန်ဆောင်းကျောင်း ကျောက်စာမှာ (ငါ၏ချစ်လင် ဆင်ဖြူသျှင်) လို့ ရေးထိုးသလိုပေါ့ကွယ်၊ ရှေးကျောက်စာများမှာ ယခုဘုန်းကြီးကို ဖုံးမြတ်စွာလို့လည်းရေးတယ်၊ သင်ကြီးလို့လည်းရေးတယ်၊ သခင်လည်းရေးတယ်၊ အသျှင်လည်းရေးတယ်၊ မူလက(သျှင်)ဆိုတဲ့ ပုဒ်ဟာ နောက်အခါ ဝိသေသနပုဒ်တပ်ပြီး (အသျှင်) လို့ ရေးခဲ့ကြတယ်ကွယ့် ”


အသျှင်-အရှင်


“အသျှင်ဆိုတဲ့ပုဒ်ရဲ့ အစမှာ ရောက်လာတဲ့(အ)က ဘယ်လိုအနက်ထွက်ပါသလဲ ဘုရား”


“အဘိုး-အဘေး-အဘွား-အမိ-အဖ-အစ်ကို တို့မှာပါတဲ့(အ)ပုဒ်ဟာ မူလက(အစ်)ဆိုတဲ့ပုဒ်တဲ့ကွယ်၊ အခုထိ အစ်ကို အစ်မလို့ရေးကြသေးတယ်မဟုတ်လား၊ အစ်ဆိုတာ ယခုအခါ (ချစ်)ဆိုတဲ့ပုဒ်ပဲ၊ ဒါကြောင့် အသျှင်ရဲ့အစမှာပါတဲ့ အ-ရဲ့အနက်ဟာ (ချစ်သော) လို့ အဓိပ္ပာယ်ရတယ်၊ ဒါကြောင့် အစ်ကို, အစ်မ, အမေ, အဖေ, အသျှင်တို့ရဲ့ အနက်ဟာ ချစ်သောကို, ချစ်သောမမ, ချစ်သော မေမေ, ချစ်သောဖေဖေ၊ ချစ်သော အရှင်လို့ ဆိုလိုရင်းဖြစ်တယ်ကွယ့်”


“သည်လိုဆိုတော့ အလွန်ယျဉ်ကျေးလှပါတယ်၊ ဒါနဲ့ အခုခေတ်ရေးကြတဲ့ အရှင်ဆိုတာကကော အသျှင်နှင့် ဘယ်လိုကွာခြားပါသလဲဘုရား”


“အရှင်-ဆိုတာကတော့ (ပိုင်ရှင်) ဆိုတဲ့ အနက်မှာ ထင်သကွယ့်၊ ဥမ္မဒန္တီပျို့ ၆၆-မှာ (မိဘ သခင်၊ ရေမြေ့ရှင်နှင့်၊ အသျှင်တို့မှ) လို့ ရှင်နှင့် သျှင်ကို ခွဲထားစပ်ထားတယ်၊ ရှင်ကပိုင်ရှင်, အသျှင်က ရဟန်းလို့ အဓိပ္ပာယ်ရတယ်၊ သုဝဏ္ဏသျှံပျို့ သစ္စာခန်း ၂၈-မှာလည်း-


“ဣသိမြတ်စင်၊ ရသေ့သျှင်လည်း၊ နတ်ရှင်ရန်နှင်း၊ ထိုသည့်မင်းနှင့်’ လို့ သျှင်နှင်ရှင်ကို ခွဲထားစပ်ထားသေးတယ်၊ သျှင်က ရသေ့ကိုဟောပြီး ရှင်က နတ်တို့၏ပိုင်ရှင်လို့ပဲအဓိပ္ပာယ်ရတယ်၊ သို့သော်လည်း ရှေးဟောင်းကျောက်စာများကို လေ့လာဖတ်ရှုကြည့်တဲ့အခါ ရှေးဦးစွာ (သင်)ဆိုတဲ့ပုဒ်က (သျှင်)ဖြစ်လာတယ်၊ နောက် ဟထိုးမပါတဲ့(သျင်)က ဟထိုးပါတဲ့ (သျှင်)ဖြစ်လာတယ်၊ သျှင်နှင့် ရှင်တို့ဟာ အသံထွက်ချင်းတူညီကြတယ်၊ ဒါကြောင့် နောင်အခါသျှင်အစား ရှင်တို့လည်းရေးသားကြပြန်တယ်၊ သက္ကရာဇ် ၈၀၄-ခုနှစ်ထိုး ပုဂံမြို့ တက်နွယ်ကျောင်းကျောက်စာမှာ (ဖုရာရှင် ဟောသတရာ) လို့ ရေးထိုးပြီး ၈၁၃-ခုနှစ်ထိုး ပုဂံမြို့ ရွှေစည်းခုံစေတီကျောက်စာမှာ (ရွှေနန်းသိခင်ဖုရာရှင်)လို့ ရေးထိုးထားတယ်ကွယ့်၊ ဒါကြောင့် သျှင်နှင့်ရှင်ဟာ အသံချင်းတူညီသလို အဓိပ္ပာယ်ချင်းလည်းတူညီတယ်လို့ ယူဆတယ်၊ သည်နေရာမှာ ရှင်သုံးနှုန်းပုံ ပြန့်ပြန့်ကျယ်ကျယ်သိရအောင် နည်းနည်းလောက်ခဲျ့ပြီးကြည့်ကြဦးစို့”


“ရှင်ပင်, ရှင်တော်ဘုရား, ဘုရားရှင်, ရှင်စောမြတ်စွာ သည်စကားလုံးတွေမှာ ပါဝင်တဲ့ ရှင်က ဘုရားရှင်ကို ဟောတယ်ကွယ့်၊ ရှင်ဆိုး, ရှင်ပျက်, ရှင်ကောင်း, ရှင်မွန်, ရှင်ယောင်, ရှင်ပြု, မောင်ရှင်, ရှင်လောင်း, ရှင်လူထွက်, ရှင်လိင်ပြန် သည်စကားလုံးတွေမှာ ပါဝင်တဲ့ ရှင်က ရဟန်းရှင်သာမဏေကို ဟောတာကွယ့်၊ ရှင်ဘုရင်, အရှင်သခင်, အရှင်မ, အရှင်မင်းကြီး, အရှင်ကောင်း, ရှင်မ-သည်စကားလုံးများပါဝင်တဲ့ရှင်က အစိုးရကခြင်း(သာမိ) အနက်ကိုဟောတယ်ကွယ့်၊ အရှင်, အသေ, ရှင်သန်ခြင်း-သည်ပုဒ်များမှာ ပါဝင်တဲ့ ရှင်က လှုပ်ရှားခြင်းအနက်ကို ဟောတယ်ကွယ့်”


“ခေါ်လိုက်လျှင် မိန်းမများပြန်ထူးသံ(ရှင်)ကကော ဘယ်အနက်ထွက်ပါသလဲဘုရား”


“အစ်ကိုဖြစ်သူက ညီမရေလို့ခေါ်လိုက်လျှင် ညီမလေးက ရှင်မထူးဘဲ အစ်ကိုရေလို့ ပြန်ထူးတာကြားဖူးရဲ့လား”


“မှန်ပါ-ကြားဖူးပါဘုရား”


“အခေါ်ခံရတဲ့သူက ခေါ်တဲ့သူနာမည်ကိုပြန်ခေါ်ပြီး တုံ့သံသေးသလို သည်နေရာမှာလည်း မိမိကိုခေါ်တဲ့သူကို အရှင်သခင်သဘောထားပြီး (ရှင်)လို့ ကျိုးကျိုးနွံနွံပြန်ထူးတာပါပဲ၊ သည်ရှင်နဲ့အနက်ကလည်း   အရှင်သခင်အနက်ပါပဲကွယ့်”


ဦးပဉ္စင်း ကိုရင်


“သျှင်-ရှင်ရဲ့ သဘောကိုတော့ သဘောကျသွားပါပြီ ဘုရား၊ ရဟန်းတော်များ ရှေ့မှာတပ်တဲ့


(ဦး)ရဲ့ အဓိပ္ပာယ်ကိုလည်း အမိန့်ရှိပါဦးဘုရား”


“ဦး-ဆိုတာ ဦးဦးဖျားဖျားပေါ့ကွယ်၊ သူတစ်ပါးထက် ဦးစွာဖြစ်သူဟာ (ဦး)ပဲပေါ့၊ လူသားများမှာ မိမိထက်ဦးစွာဖွားမြင်သူ, မိမိထက်အသက်အရွယ်ကြီးသူလို့တင်စားပြီး အသက်ကြီးသူများကို ဦးဖြူ ဦးမည်းခေါ်သလို ရဟန်းတော်များကိုလည်း မိမိထက်အသက်ဂုဏ်၊ သီလဂုဏ်ကြီးများသူလို့ ယူဆပြီး (ဦး) တပ်ခေါ်ဝေါ်ကြတာပါပဲ၊ တစ်နည်းပြောရမယ်ဆိုလျှင် ဦးစီးဦးကိုင်, ဦးခေါင်း, အိမ်ဦး, လှေဦး, ဦးခန်းများမှာ ပါဝင်တဲ့(ဦး)ဟာ မြင့်မြတ်တဲ့ အနက်ကိုဟောသလို မိမိထက်မြင့်သူလို့ တင်စားပြီး (ဦး)တပ်ခေါ်ဝေါ်ကြခြင်း ဖြစ်တယ်ကွယ့်”


“သာမေဏကို ကိုရင်ခေါ်တာလည်း အမိန့်ရှိပါဦးဘုရား”


“ကိုရင်ဆိုတဲ့ စကားနှစ်လုံးအနက် ကို-ဆိုတာ မိမိထက်ဦးစွာမွေးဖွားတဲ့ (အစ်ကို)လို့ တင်စားတဲ့စကားလုံးပါ၊ လူသားလောကမှာ ဦးကြီး-ဦးလေးတို့လောက်မကြီးသေးတဲ့ နောင်တော်အရွယ်ကို ကိုမည်း-ကိုဖြူလို့ ကိုတပ်ပြီးခေါ်သလို သာမဏေကိုလည်း ထို့အတူ ကို-တပ်ပြီးခေါ်တာပါပဲ၊ အထူးအဆန်းမဟုတ်ပါဘူး၊ ရင်-ဆိုတာကတော့ အထက်ကပြောခဲ့တဲ့(ရှင်)နှင့် အဓိပ္ပာယ်တူ ရသေ့ရဟန်းဟောပုဒ်ပါပဲ၊ နောက်တော့ သာမဏေများအပေါ် တင်စားမှုကြာမြင့်သွားတဲ့အတွက်(ရှင်)ဆိုလျှင် သာမဏလို့   သိနေကြတယ်၊ မူလက ရှင်ပုဒ်ဟာ မြန်မာလူမျိုးများရဲ့ လေပေါ့သုံးနှုန်းမှုကြောင့် ဟထိုးပျောက်ပြီး (ရင်)ဖြစ်လာတယ်၊ ဒါနရှင်, သီလရှင်ကို ဒါနရင်, သီလရင် ခေါ်ဝေါ်သလိုပေ့ါကွယ်၊ ဒါကြောင့် (ကိုရင်)ဆိုတဲ့ ပုဒ်စပ်အဓိပ္ပာယ်ကို အစ်ကိုသာမဏေလို့ပဲ မှတ်တော့တာပေါ့”


“မှန်ပါ-ဝမ်းသာလှပါတယ်၊ ပဉ္စင်းရဲ့ အဓိပ္ပာယ်ကိုလည်း ဖြေရှင်းပေးတော်မူပါဦး ဘုရား”


“ရဟန်းဖြစ်မြောက်ဖို့အတွက် အင်္ဂါ ငါးပါးရှိသကွယ့်၊ အင်္ဂါ ငါးပါးက (၁) ရဟန်းလောင်းတည်းဟူသော ဝတ္ထု၊ (၂) ဉ တ်၊ (၃) ကမ္မဝါစာ၊ (၄)သိမ်၊ (၅) ပရိသတ်များဖြစ်ကြတယ်၊ သည်အင်္ဂါငါးပါးပြည့်စုံမှ ရဟန်းဖြစ်တယ်၊ အင်္ဂါ ငါးပါးအနက် တစ်ပါးပါးချို့ယွင်းလျှင် ရဟန်းမဖြစ်ဘူး၊ ဒါကြောင့် ရဟန်းလောင်းကိုဆုံးမတဲ့အခါ (ဝတ္ထု, ကမ္မဝါ၊ ဆရာ,သိမ်,ဉ တ်, ပရိတ်ကြောင့်၊ ရအပ်လေကြောင်း၊ ပဉ္စင်းလောင်း)လို့ ဆိုကြရတယ်၊ သည်အင်္ဂါ ငါးပါးပြည့်စုံမှ ရဟန်းအဖြစ် ရောက်တဲ့အတွက် ရဟန်းတော်များကို (ပဉ္စင်္ဂ)လို့ခေါ်ကြသတဲ့ကွယ်၊ အဲဒီပဉ္စင်္ဂပုဒ်ကိုပင် နောက်ဆုံး ဂငယ်အက္ခရာကိုဖျောက်ပြီး ပဉ္စင်း၊ ပဉ္ဇင်းလို့ခေါ်ကြတယ်လို့ဆိုကြတယ်ကွယ့်၊ သို့သော်လည်း ပဉ္စင်္ဂပါဌ်ကပျက်ပြီး (ပဉ္စင်း)ဖြစ်လာတယ်ဆိုတာကို မြန်မာစကားစိစစ်ကြတဲ့ ပုဂ္ဂိုလ်များက မကြိုက်ကြဘူးကွယ့်”


“ဘာကြောင့် မကြိုက်ကြတာတဲ့လဲဘုရား”


“မကြိုက်ကြတာက ပဉ္စင်းဆိုတဲ့စကားဟာ ပါဠိပျက်မဟုတ်၊ မြန်မာစကားစစ်စစ်လို့ ယူဆကြတဲ့အတွက်ကြောင့်ပေါ့ကွယ်”


“မြန်မာစကားဆိုလျှင် ဘယ်လိုအနက်ထွက်သတဲ့လဲဘုရား”


“မြန်မာစကားဟာ ဧကဝဏ္ဏ အက္ခရာတစ်လုံးတည်းသာရှိတဲ့ စကားတဲ့၊ အကယ်၍ အက္ခရာနှစ်လုံး၊ သုံးလုံးတွဲစပ်နေလျှင် အက္ခရာတစ်လုံး၊ တစ်လုံးမှာအနက်တစ်ခုစီ၊ တစ်ခုစီရှိသတဲ့၊ ယခု ပဉ္စင်းပုဒ်မှာ အက္ခရာနှစ်လုံး တွဲနေတယ်၊ အဲသည် နှစ်လုံးတွဲအနက်(ပဉ်) ဆိုတာဟာ မူလပုဒ်ရင်းက(ပန်)တဲ့ကွယ်၊ ပန်ဆိုတဲ့ မြန်မာစကားက ပိုင်ဆိုင်ခြင်းအနက်ကို ဟောသတဲ့၊ (စင်)ဆိုတာက (သျှင်)နှင့် အတူတူပဲတဲ့၊ သျှနှင့် စ,ဆ တို့ဟာ အသံချင်းတူသတဲ့၊ ဒါကြောင့် သျှင်က စင်ဖြစ်လာတယ်လို့ယူဆကြတယ်၊ သျှင်ဆိုတာကတော့ ပြောခဲ့ပြီးတဲ့ အတိုင်း အကြီးအမြတ်၊ ရဟန်း, သာမဏေ, ရသေ့တို့ကို ဟောတာပဲကွယ့်၊ အခုခေါ်နေကြတဲ့ ဆင်ဆိုတဲ့ သတ္တဝါရဲ့ ဗျူပ္ပတ်ဟာလည်း သျှင်က ဆင်ဖြစ်တဲ့ အတွက် အကောင်ကြီးလို့ ဆိုလိုသတဲ့၊ ဒါကြောင့် ပင်စင်ဆိုတာ စိုးပိုင်သော ရဟန်း ကြီးမြတ်သောရဟန်းလို့ ဆိုလိုသတဲ့၊ အဲသည် ပင်စင်ကရွေ့လျောပြီး (ပဉ္စင်း) ဖြစ်လာတယ်လို့ ယူဆကြတယ်၊ ဒါပေမယ့် ယခုတော့ အင်္ဂါငါးပါး နှင့်ပြည့်စုံသော (ပဉ္ဇင်္ဂ)က ပဉ္စင်းဖြစ်လာတယ်ဆိုတာကို အများက လက်ခံ အတည်ပြုထားကြတယ်ကွယ့်၊ ဘယ့်နှယ်လဲ၊ နားရှင်းပါရဲ့လား”


“မှန်ပါ-ရှင်းပါတယ် ဘုရား၊ သာဓု- သာဓု- သာဓု”



ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၁)


-ရဟန်းတော်များနှင့် အစားလေးမျိုး


***ကောက်နုတ်ချက်***


နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ


ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး


ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၇၄-၈၂) မှ


(ကပ္ပိယ-မောင်ရဲ) ကောက်နုတ်ပူဇော်ပါသည်။

* အရှင်ဝရသာမိ

https://shinsami.blogspot.com

Friday, August 10, 2012

ရယ်ပြသောရုပ်ပွားတော်

၁၉၉၈ ခုနှစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီးတစ်ဦးသည် အသိမိတ်ဆွေ အိမ်တစ်အိမ်တွင် ရယ်လည်းရယ် ၊ မျက်စိလည်းဖွင့်ပြသော ရုပ်ပွားတော်တစ်ဆူပင့်ထားသည် ။ ယင်းရုပ်ပွား တော်အား ဆရာတော်ဖူးမြှော်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့် ဗဟုသုတရအောင် လိုက်သွားခဲ့၏ ။ ပင့်ထားသော အိမ်ကား သူဌေးအိမ်ပင် ဖြစ်၏ ။ ဘုရားပုံတော်ကိုကြည့်လိုက်သောအခါ ဒဏ္ခိဏသာခါ ပုံပင် ဖြစ်နေ၏ ။ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြား တို့ဖြင့် စီခြယ်ထားလိုက်သည်မှာလည်း ဘုရားပုံတော်ပင် ပျောက်လုခမန်း ဖြစ်နေ၏ ။ ပင့်သူများကလည်း ထိုသို့ အဖိုးတန်ပစ္စည်းများများပါမှ ဂုဏ်ယူဝင့်ကြွားစွာ သူ့ထက်ငါ ပင့်ကြ၏ ။ ထို့ကြောင့် လူပင့်များသော ရုပ်ပွားမှန်သမျှတွင် ရတနာများ ညွှတ်နေအောင် ဆင်ထားခြင်း ဖြစ်၏ ။ အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲပေးထားခြင်းဖြစ်၏ ။ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးစွဲသလို တပည့်ရဟန်းများလည်း မသုံးစွဲရပါ ။ ထိုသို့ ရွှေ ၊ ငွေ ကိုပယ်ထားသော ဗုဒ္ဓရုပ်ပွားအား ရွှေ ၊ ငွေ များညွှတ်နေအောင်ဆင်ခြင်းသည် မည်သို့မျှ မသင့်တော်နိုင်ပေ ။ ယခုကဲ့သို့သိပါလျက် ရတနာများကို ဆက်လက်ဆင်မြန်းနေကြ ဦးမည်ဆိုလျှင် " ဗုဒ္ဓဂရုက - ဘုရားကိုအလေးထားခြင်း " မဟုတ်တော့ ။" လာဘဂရုက - လာဘ်လာဘကိုအလေးထားခြင်း " သာ ဖြစ်၏ ။ ဗုဒ္ဓဂရုက သည်ဘုရားကိုကြည်ညိုသော သဒ္ဓါဓာတ် ( ကုသိုလ်တရား ) သာဖြစ်၏ ။ လာဘဂရုကကား လာဘ်ကိုလိုချင်သော လောဘဓာတ် ( အကုသိုလ် ) သာ ဖြစ်၏ ။ ရုပ်ပွားပိုင်ရှင်များသည် လောဘ စသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင် လောဘကင်းအောင် ကြိုးစား သင့်၏ ။ လောဘပွားအောင်ကား မပြုလုပ်သင့်ပေ ။ ရုပ်ပွားတော်ကို သုံးနာရီခန့်ကြာအောင် ထိုင်ဖူးသော်လည်း ရုပ်ပွားကား ရယ်လည်းမရယ် ပြုံးလည်းမပြုံး ပြပေ ။ ထို့ကြောင့် ရုပ်ပွားနှင့်အတူပါလာသော ဥပါသကာကို မေးရ၏။ " ဒကာကြီးတို့ ရုပ်ပွားက ဘာမှလည်း လုပ်မပြပါလား " ' ဒီလိုရယ်တာ ၊ မျက်စိဖွင့်တာက အိမ်တိုင်းမှာတော့ မဖြစ်ဘူးဘုရား ၊ တစ်ချို့အိမ်မှာပဲ ဖြစ်တာပါဘုရား ' " ဒကာကြီးရေ ၊ ဦးပဉ္ဇင်းတို့ကြားဖူးတာက - သံဃာညွန်ညစ် ၊ ကျွံနစ်ဟိန္ဒဂူ သားချစ်ရာဟု ၊ မျှော်ရှုပုံတူ ကြည်းကုန်းထက်သို့ ၊ ဆွဲလျက်တင်သူ ကျွန့်ထိပ်ဦး ၊ ကွန့်မြူးစံတော်မူ.................တဲ့ ။ ဘုရားရှင်ဟာ ဝေနေယျသတ္တဝါမှန်သမျှကို ရင်သွေးရာဟုလာ ကဲ့သို့ တစ်တန်းတစ်စားတည်း မေတ္တာ ထားတော်မူတာပါ ။ ဗုဒ္ဓကို သုံးကြိမ်တိုင်တိုင် သေကြောင်းကြံခဲ့တဲ့ ဒေဝဒတ်အပေါ်မှာတောင် မေတ္တာပျက်တော်မမူပါဘူး ။ ဒီလိုစိတ်ထား မျှတတော်မူတဲ့ ဘုရားရှင်က ဟိုအိမ်ကျတော့ မျက်လုံးဖွင့်ပြ ၊ ဒီအိမ်ကျတော့ ဖွင့်မပြဆိုရင် မျက်နှာလိုက်သလို ဖြစ်မနေဘူးလား ။ " စကားအဆုံးတွင် ထိုသူသည် ချိုကြည့်လှမ်းကြည့်လိုက်၏ ။ မမြင်ဟန်ဆောင်ပြီး သည်းခံနေလိုက်၏ ။ ထိုသူသည် ချိုကြည့် ကြည့်ပြီးသည်နှင့် အပြင်ကို ချက်ချင်း ထွက်သွား၏ ။ ခဏကြာလျှင် ဗီဒီယိုတစ်ခွေကိုင်ပြီး ပြန်ရောက်လာ၏ ။ ရင်ကော့ကာ စစ်အောင်နိုင်သူ၏ လေသံမျိုးဖြင့် - " ရယ်ပြတာ ၊ မျက်စိမှိတ်ပြတာတွေကို ဗီဒီယိုရိုက်ထားတာ ရှိပါတယ် ၊ အရင်ပင့်တဲ့အိမ်က ကြည့်မပြီးသေး ဘူးဆိုလို့ ချက်ချင်း ယူမလာတာပါ ၊ အခုယူခဲ့ပါပြီ ၊ ကြည့်ပါ " ဟု ဆိုပြီး အခွေကိုထည့်လိုက်၏ ။ ခဏကြာလျှင် ထူးမခြားနားသီချင်းသံနှင့်အတူ ဘုရားဘွဲ့တော် အပူဇော်ခံရာမြို့ ၊ ရပ်ကွက် ၊ အိမ်နံပါတ်နှင့်အတူ ရယ်နေသော ဘုရားပုံတော် ပေါ်လာ၏ ။ ဗုဒ္ဓရှင်တော်မြတ်သည် ပြုံးရုံသာ ပြုံးတော်မူလေ့ရှိ၏ ။ အော်ဟစ်ရယ်မောခြင်း ၊ မျက်ရည်ထွက်အောင် ရယ်ခြင်း ၊ ရှေ့ထိုးနောက်လန် ရယ်ခြင်း ဟူသော လူညံ့ရယ်ခြင်းမျိုးကို မည်သည့်အခါမျှ ရယ်တော်မမူပေ ။ ဗုဒ္ဓ၏ အာဝေဏိကဂုစ်တော် ( ၁၈ ) ပါးတွင် " နတ္ထိရဝါ - မြူးထူးရယ်မောခြင်း မရှိ " ဟူ၍ ပြဆိုထား၏ ။ ယခုရယ်နေသော ရုပ်ပွားတော်၏ ပါးစပ်သည်ကား ဦးတည်ဘွား ပါးစပ်ထက်ပင် ကျယ်ဦးမည် ထင်သည်။ သွားကြီးများပင် ပေါ်နေသည်ကို တွေ့ရ၏ ။ ဗီဒီယိုကို လှည့်စားပြီး ရိုက်ထားခြင်းသာ ဖြစ်သည် ။ လိမ်သောသူသည် မပိမရိ ဖြစ်နေတော့သည် ။ မြတ်စွာဘုရား ပြုံးရုံသာ ပြုံးသည် ဆိုသည်ကို သူတို့တတွေ မကြားဖူး သောကြောင့် ပါးစပ်ပြဲပြီး ရယ်သောပုံကို ရိုက်ပြထားခြင်း ဖြစ်၏ ။ မိနစ်အတော်ကြာသောအခါ မျက်စိဖွင့်သောပုံ ပေါ်လာပြန်၏ ။ တကယ်ဆိုလျှင် ဣန္ဒြေရရ ဖြစ်အောင် နှစ်ဖက်စလုံး ဖွင့်သောပုံ ဖြစ်သင့်၏ ။ ယခုကား ဘုရားပုံဖြစ်လျက် မျက်လုံးတစ်ဖက်သာ ဖွင့်ထားပြီး တစ်ဖက်က မှိတ်လျက်သာ ဖြစ်၏ ။ မျက်လုံးတစ်ဖက်မှိတ်ရသောအလုပ်မှာ မည်သူက မည်သူ့ကို လုပ်ပြခြင်း ဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိုင်၏ ။ မျက်စိတစ်ဖက် ဖွင့်ပြသော ပုံကိုရိုက်ပြလိုက်လျှင် မျက်စိတစ်ဖက်မှိတ်ပြသော ကလေးကလားဆန်သောပုံ ဖြစ်သွားမည်ကို မုသာဝါဒီ ဗီဒီယိုဆရာက သတိထားမိဟန် မတူပေ ။ ကျောင်းသို့ပြန်ရောက်သောအခါ ပင့်သွားသူ အမေငြိမ်းက - " ဆရာတော် ၊ အံ့သြစရာ မကောင်းဘူးလား ဘုရား " " အံ့သြစရာ မကောင်းပါဘူး ၊ စိတ်ပျက်ဖို့ပဲကောင်းပါတယ် " " ဘာဖြစ်လို့လည်း ဘုရား " " ဒကာမကြီး စဉ်းစားကြည့်ပေါ့ ၊ တကယ် အစစ်အမှန်ဆိုရင် ဦးပဉ္ဇင်းတို့ရှေ့မှာတင် ရယ်ပြ ၊ မျက်လုံးဖွင့်ပြရမှာပေါ့ ၊ အခုတော့ လုပ်ကြံရိုက်ထားတဲ့ ဗီဒီယိုပဲ ပြတယ် ။ ဒီကတည်းက လိမ်နေတယ်ဆိုတာ အထင်အရှားပဲ ။ ဒီလိုလိမ်တာကလည်း အလွယ်လေးပါ ။ ရုပ်ပွားခေါင်းတော်ကို အရှင်သုံးမျိုး လုပ်ထားရတယ် ။" " တစ်မျိုးက ရိုးရိုးခေါင်း ၊ တစ်မျိုးက ရယ်နေတဲ့ ခေါင်း ၊ နောက်တစ်မျိုးက မျက်လုံးဖွင့်ထားတဲ့ခေါင်းပေါ့ ။ ဒါကြောင့် တစ်အိမ်တစ်မျိုး ဖြစ်တာပေါ့ ။ " " ဒါဆိုလည်း ဆရာတော် ၊ အိမ်ရှင်တွေကို လိမ်နေတာ ဖြစ်ကြောင်း တစ်ခါတည်း ရှင်းပြခဲ့ရောပေါ့ " " လိမ်စားနေတဲ့သူသာ အကုသိုလ် ဖြစ်တာပါ ၊ အလိမ်ခံရတဲ့သူတွေကတော့ သဒ္ဓါဓာတ်တွေ နိုးကြား တက်ကြွနေကြတော့ ကုသိုလ်တွေပဲ ဖြစ်နေမှာပါ ။ သူတို့ရဲ့ ဖြစ်ပွားနေတဲ့ ကုသိုလ်လေးတွေ ချက်ချင်း ပျက်သွားမှာစိုးလို့ မပြောခဲ့သေးတာပါ နောက်တော့ဒီအကြောင်းကို ဆောင်းပါးရေးဦးမှာပါ ။ နောက်ဖြည်းဖြည်းမှ ဒကာမကြီး ကိုယ်တိုင်ကလည်း ရှင်းပြလိုက်ဦးပေါ့ " 

မေတ္တာရှင် ( ရွှေပြည်သာ) ထေရဝါဒမှတ်ကျောက် -စာ - ၃၄


အရှင်ဝရသာမိ 
https://shintharmi.blogspot.com

ပါဠိကို နားမလည်ဘဲ ရွတ်ဖတ်လျှင်လည်း အကျိုးကျေးဇူးရ

ဆရာဝန်က သူသင်ထားတဲ့ ပညာနဲ့ လူနာကို ဆေးကုတဲ့ အလုပ်ကို လုပ်မယ် 
သူနာပြုကလည်း သူသင်ထားတဲ့ ပညာနဲ့ သူ့အလုပ်ကို သူလုပ်လိမ့်မယ်
ဘုန်းကြီးကလည်း သူသင်ထားတဲ့ ပညာနဲ့ ပရိတ်ရွတ်ချင်း ဖတ်ခြင်း ဆုတောင်းခြင်း စတဲ့
ဘာသာရေးအလုပ် သူလုပ်မှာပဲ အားလုံးဟာ ကိုယ့်နယ်ပယ်က
ကိုယ်ကျွမ်းကျင်ရာနဲ့ တတ်နိုင်သမျှ ကိုယ်လုပ်ကြတာပဲ
ဘယ်ဘုန်းကြီးကမှ ငါတို့ ပရိတ်ရွတ်ပေးမယ် မင်းတို့ ရောဂါဖြစ်မှာ မဟုတ်ဘူး
ရောဂါ ပျောက်လိမ့်မယ်ဆိုပြီး အာမခံ လုပ်နေကြတာ မဟုတ်ဘူး
ဗုဒ္ဓရဲ့ အာနုဘော်နဲ့ အန္တရာယ် မကျရောက်အောင်ဆိုတဲ့ ယုံကြည်မှုနဲ့ လုပ်ပေးနေကြတာချည်းပဲ
ဘုရားရှင်ကိုယ်တော်တိုင် ရောဂါဝေဒနာ ပေါ်ပေါက်လာတဲ့အခါ ဆရာဇီဝက ရဲ့ ဆေးကုသမှုကို
ခံယူသေးတာပဲ မဟုတ်လား အဓိက က ကိုယ့်နယ်ပယ်က အလုပ် ကိုယ်လုပ်ဖို့ပဲ အရေးကြီးတာ
ဒါကို ဘုန်းကြီးတွေ ပရိတ်ရွတ်တာကိုပဲ အပြစ်တစ်ခုလိုလုပ် ဝေဖန်နေတာမျိုးက
ဘာသာရေး စော်ကားပုတ်ခတ်မှု လုပ်နေတာပဲလို့ ဆိုချင်တယ်

တချို့က ဆိုလိုက်သေးတယ် ပါဠိတော်တွေ အနက်အဓိပ္ပါယ် မသိဘဲ လုပ်နေတာဟာလည်း
အလကားပဲ အကျိုးမရှိဘူးတဲ့ အဲလို ပြောနေတဲ့သူက သူကိုယ်တိုင်လည်း လုပ်သလားဆိုတော့
မလုပ်ဘူး သူများလုပ်နေတာလည်း ကဲ့ရဲ့ပြီး အကျိုးမရှိဘူးဆိုပြီး
အရူးချီးပန်း လျှောက်ပြောတယ် ပရိတ်ပဲဖြစ်ဖြစ် ပဋ္ဌာန်းပဲဖြစ်ဖြစ်
ပါဠိနားမလည်လည်း ရွတ်နေရင် အကျိုးရှိတယ် ရွတ်နေတဲ့အချိန်
ယုံကြည်မှု သဒ္ဓါတရား ရှိနေဖို့ပဲ အရေးကြီးတာ စိတ်သာလျှင်
အရေးကြီးဆုံးပဲ ပါဠိကို နားမလည်ဘဲ ရွတ်ရင်းနဲ့ ရဟန္တာဖြစ်သွားတဲ့
မထေရ်တောင် ဘုရားရှင် ရှိစဥ်အခါက အထင်အရှား ရှိခဲ့တာပဲ

မဟာပန္ထက နဲ့ စူဠပန္ထက ညီအကိုအကြောင်း သုတ္တန်မှာ ရှာကြည့် တွေ့လိမ့်မယ်
အကိုကြီး ဖြစ်သူ မဟာပန် ဟာသာသနာအတွင်း ဝင်လာပြီး ရဟန္တာ ဖြစ်သွားတဲ့အခါ
ညီဖြစ်သူ စူဠပန် ကိုပါ သာသနာ အတွင်းဆွဲသွင်းပြီး စာသင်ပေးခဲ့တယ်
၄ ပါဒမျှ ရှိတဲ့ ဂါထာတစ်ပုဒ်ကို လေးလပတ်လုံး သင်ပေးတာတောင်
အတိတ်ဘဝက ဉာဏ်ထုံတဲ့ ရဟန်းတစ်ပါးကို ကဲ့ရဲ့ခဲ့တဲ့ အကုသိုလ် ဝိပါက်ကြောင့်
စာမတတ်ခဲ့ဘူး အခုကျက် အခုမေ့ ဖြစ်ပြီး ၄ လကြာသွားခဲ့တယ် ဒါကြောင့် အကိုဖြစ်သူမဟာပန်က
ဒီဂါထာလေး တစ်ပုဒ်တောင် ၄ လပတ်လုံး ကျက်တာ မရတဲ့ကောင် ဘုရားရှင်သာသနာနဲ့
မတန်ဘူး သွားကွာ မနေတော့နဲ့ လူထွက်ကွာဆိုပြီး နှင်ထုတ်တယ်
အကိုဖြစ်သူက နှင်ထုတ်လို့ လူထွက်မယ်ဆိုပြီး ငိုယိုနေတဲ့ စူဠပန် ကို ဘုရားရှင်က
ငါလိုလမ်းညွန်ပြသနိုင်တဲ့ သဗ္ဗညုတ ဘုရားတပါးလုံး ထင်ရှားရှိနေတာပဲ ဘာလို့ လူထွက်နေမှာလဲ
ရော့ ငါခိုင်းတဲ့အတိုင်း လုပ်ဆိုပြီး အဝတ်စဖြူလေး တစ်ခုပေးကာ
"ရဇော ဟရဏံ , ရဇော ဟရဏံ" လို့ နုတ်ကရွတ်ဆိုပြီး
လက်က ပုဝါဖြူကို ချေကွာ ဆိုပြီး ခိုင်းလိုက်တယ်။

စူဠပန် ဟာ " ရဇော ဟရဏံ" ဆိုတဲ့ ပါဠိရဲ့ အနက်အဓိပ္ပါယ်ကို သိတာ မဟုတ်ဘူး
ဘုရားရှင်ခိုင်းတဲ့အတိုင်း ရွတ်ဆိုပြီး အဝတ်စကို ချေတယ်
လက်က ချေပါများတော့ မူလက ဖြူနေတဲ့ အဝတ်စဟာ
တဖြည်းဖြည်းနဲ့ မဲလာတဲ့ အချင်းအရာကို ကြည့်ပြီး
" ဤ စင်ကြယ်သော အဝတ်သည်ပင် ငါ့ခန္ဓာကိုယ်ကို မှီ၍ ဤသို့ ဖောက်ပြန်ခြင်းသည် ဖြစ်သေး၏၊
ရူပကာယ ဖြစ်သော ဤ ခန္ဓာသည်မူကား ပျက်စီးတတ်သော ခယ , ဝယ သဘောရှိသည်မှာ အမှန်တည်း ဟု
သတိ သမာဓိ ပညာကို ပွါးများပြီး အဆုံး ရဟန္တာ အဖြစ်ကို ရောက်သွားတယ်။

ဒီ သာဓက ကို ကြည့်ခြင်းအားဖြင့် ပါဠိကို နားမလည်ဘဲ ရွတ်နေတာဟာ
အကျိုးမရှိဘူးဟု ဆိုတဲ့စကားဟာမှားယွင်းတယ်
ပရိတ်ဖြစ်စေ / ပဋ္ဌာန်း ဖြစ်စေ ပါဠိကို နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ
ယုံယုံကြည်ကြည်နဲ့သာ ရွတ်ပါ နားလည်နိုင်တဲ့ ဉာဏ်ရင့်သန်လာရင်
နားလည်လာပါလိမ့်မယ် နလပိန်းတုန်းတွေ ပြောတဲ့စကားကို နားယောင်ပြီး
ကိုယ့်အလုပ် မပျက်ပါစေနဲ့

+++

သျှင်သာမိ - မုံရွာ
https://shinsami.blogspot.com

ဒီစာဖတ်ပြီးမှ ဘုရားသွားဖူးပါ

ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်.. ထို့အပြင် စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်ပြီးသူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ပြောမည်ဆိုပါက. လွန် အံ့မထင် စေတီဆိုတဲ့ ဝေါဟာရ စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင် မပွင့်ထွန်းခင်ကတည်းက အိန္ဒိယနိုင်ငံမှာ ရှိနေခဲ့ပါတယ်။ ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီသမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကို ရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသည်ဖြင့် သီးခြားသတ်မှတ်ထားတဲ့ ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာ တောင်တွေဖြစ်ပါတယ်။ အချို့ကတော့ တောတွေဖြစ်ပါတယ်။ စေတီဆိုတဲ့ အဓိပ္ပာယ် စေတီဆိုတဲ့ အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သော အရာ၊ ဌာန အားလုံးပါဝင်ပါတယ်။ အဲဒါကြောင့်  ကျွန်တော်ကတော့ မြန်မာလို ပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတ ဆိုတာပဲ သင့်တော်မယ်ထင်ပါတယ်။ ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ ဟိန္ဒူ ဘုရားစေတီများ ၊ ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့ လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေ ဖြစ်လို့ အထက်ကပြောခဲ့တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။ (အခုပြောခဲ့တဲ့ စေတီတွေကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက စေတီတွေပါ ) ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။ ၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ ၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ ၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ ၄) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဂါယာ အစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အထက်က ဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယ လေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့ အခါမှာလည်း နည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော် မရှိတော့တဲ့နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရ အဖြစ်နဲ့ သင်္ကေတပြုထားတဲ့ အရာတွေကို မဆိုထားနဲ့ ဗုဒ္ဓရဲ့သက်ရှိထင်ရှား ကိုယ်ကာယကြီးကို ကိုးကွယ်တာတောင် နည်းမှန်လမ်းမှန် မဟုတ်ရင် ဗုဒ္ဓက အားမပေးခဲ့ပါဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။ ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ ဓာတ်တော်စစ်တွေ၊ ပရိဘောဂ အစစ်တွေ ရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့ လုံးဝမလွဲ တစ်ထေရာတည်းတူတဲ့ ပုံတော်ထုလုပ်ထားလည်း အကျိုးများမှာ မဟုတ်ပါဘူး။ ဂါယာအစရှိတဲ့ ဒေသတွေကိုသွားလည်း ငွေကုန်လူပန်းတာက လွဲလို့ သံသရာအတွက် အကျိုးမများပါဘူး။ ဂါယာက ပြန်လာလို့လည်း ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်နားလည်သလို ပြောရရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီက ကယ်တင်ခြင်းတစုံတရာကို လိုချင်လို့၊ ကောင်းချီးမင်္ဂလာမြှောက်စားခြင်း တစုံတရာ လိုချင်လို့ မဟုတ်တာတော့ သေချာပါတယ်။ မြန်မာပြည်မှ ထေရဝါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ် ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာစေတီ ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးဖြစ်ပါတယ်.. ( မှတ်ချက်။ ဤစေတီတော်သမိုင်းနှင့် ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း စာအုပ်တွင် အသေးစိပ်ဖတ်ရှုနိုင်သည့်အတွက်.. ယခု မဖော်ပြတော့ပါ ) ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာစေတီ ကို ရည်ညွှန်းတဲ့အခါမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့သာ ကိုးကားဖော်ပြလိုပါတယ်... ဗိသုကာပညာရပ်တစ်ခုအနေဖြင့် လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့၏ သီးခြားဗိသုကာလက်ရာစင်စစ် ဖြစ်သည်ဆိုသည်ကို အောက်ပါအချက်များအရ သိရှိနိုင်ပါသည် ၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားပါတယ်. ( ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အဝိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း တွေ့ရှိရမှာဖြစ်ပါတယ် . ) ၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားပါတယ်..ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်.. ၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာရှင်များအနေနဲ့ အတုယူကြရပါတယ် ၄. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင်ဖြစ်သည် ၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော လက်ရာမြောက်သည့် ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ် ၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ် ၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေဖြစ်ခြင်း ၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ခြင်း။ ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊ စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မတွေ့ရှိရခြင်း ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ သေချာ စဉ်းစားရှာဖွေကြသူ အင်မတန် နည်းပါသည်။ အမှုမဲ့ အမှတ်မဲ့ နေကြသူသာများပါသည်။ ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့် ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော.. ( ကျနော်သည်လည်း.. ဤသို့အမှုမဲ့အမှတ်မဲ့ နေခဲ့ပါသည် ။ မိမိ၏ လေ့လာမှု အားနည်းခြင်းကြောင့် အခြားသော ဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီးသန့်အဓိပ္ပါယ်ရှိတယ်..ဒါပေမယ့် မိမိမှာ မသိသေးကြောင်း ဝန်ခံ ဖြေကြားခဲ့ရသည်က များပါသည်။ ကဲ့ရဲ့သူများရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့် မခံချင်စိတ်များကြောင့် အချို့သော ဥပမာများဖြင့် ပြဿနာကို ဖြေရှင်းခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ..ကျေနပ်အားရမှု မရှိခဲ့ပါ ) ဘာကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာစေတီတွေကို ယနေ့တွေ့မြင်နေရသော ပုံများအတိုင်း တည်ထားခဲ့ပါသလဲ ထေရဝါဒ ဗုဒ္ဓဘာသာစေတီတစ်ခု ၏ အောက်ပါ အစိတ်အပိုင်းများနှင့် အမည်များက မည်သို့သော အချက်များကို ရည်ညွှန်းနေကြသနည်း.. ၁။ ပန်းတင်ခုံ ၂။ပစ္စယာ ၃ ဆင့် ၃။ခေါင်းလောင်းမှောက် ( သို့ ) သပိတ်မှောက် ၄။ဘီလူးပန်းဆွဲ ၅။ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း ၆။ဖောင်းရစ် (၇)ရစ် ၇။ ကြာမှောက် ၈။ ရွှဲလုံး ၉။ ကြာလှန် ၁၀။ ငှက်ပျောဖူး ၁၁။ထီးတော် ၁၂။ငှက်မြားနှား ၁၃။ထီးတော် ၁၄။ စိန်ဖူးတော် ယင်းတို့အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန် တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ.... ၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း ၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘဝမရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘဝကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း ၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း ၄. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွ ဲ ဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဉာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဉာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရခင် အခြေခံ ဉာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း ၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း ၆. ဖောင်းရစ် (၇)ရစ်မှာ ဝိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း ၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရခါနီး ဉာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ  ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း ၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဉာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘဝ၊ လောကီနယ်မှ လောကုတ္တရာသားဘဝ၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း ၉. ကြာလှန်သည် ထို ဉာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘဝသာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ဝင်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း ၁၀. သင်္ကေတဝါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊ ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့။ ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို အောက်မှ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို့ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရင် သိတဲ့သူများ ဖြည့်စွက်ပေးကြစေလိုပါတယ်။ သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဉာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ် ) ၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း ၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘဝမှ နိဗ္ဗာန်သို့ မဝင်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊ ၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း (က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊ (ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ဝင်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။ ၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။ ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။ သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ဝါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အဝီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။  ဤနေရာတွင် ယနေ့ခေတ် ရွှေတိဂုံစေတီတော်ကြီး အပါအဝင် မြန်မာပြည်အရပ်ရပ်ရှိ ထေရဝါဒစေတီတော်များတွင် အခြားသော အယူဝါဒများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှုများဖြင့် စနစ်တကျ အပင်းသပ်ခံထားရသော အချက်အလက်များကို တင်ပြလိုပါသည်။ ယခု ပိုစ့်တွင် အသေးစိပ်တင်ပြလိုသော်လည်း. သီးခြား ခေါင်းစဉ်ခွဲ၍ တင်ပြလိုပါသည်။ မိမိထက် ပို၍ နားလည်တတ်ကျွမ်းသောသူများမှလည်း ပိုစ့်များ ရေးသားစေလိုပါသည် ။ ယင်းမှာ စေတီတော် အရပ် ( ၈) မျက်နှာရှိ ဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော ထေရဝါဒဗုဒ္ဓဘာသာ စေတီများ နှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိသော ကိုးကွယ်ယုံကြည်မှုများမှာ ထေရဝါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့် မတော်တရော် နေရာယူထားမှုများဖြစ်ပါသည်။ 

အင်ဂျင်နီယာ ဖိုရမ်မှ ko phyo ရေးသော ပို့စ် အားပြန်လည်မျှဝေခြင်းဖြစ်ပါသည်

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Saturday, April 21, 2012

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)

တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို
ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ
ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။
ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ
ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။
အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန်
တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ
ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်
ပြုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုသင့်ချေ၊

အနေကဇာတင်မှု မတင်မှုသည် ပဓာနကျသည်တော့ မဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့
ရုပ်ပွါးတော်ကို မဟာပုရိသလက္ခဏာ ၃၂ ပါးနဲ့ ညီညွတ်စွာ ပီပီပြင်ပြင် ဖြစ်နေပြီးတော့ စိတ်ထဲမှာ
ကြည်ညိုဖွယ်ဖြစ်ပြီဆိုရင် ပူဇော်ကြရုံသာဖြစ်၏။ ပူဇော်တိုင်း အကျိုးများနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။
ရှေးရှေးဆရာတော် သံဃာတော်များသည် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေ
မှာ အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေဂါထာများဖြင့် ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်းသုံးသွားသော အခြင်းအရာကို ပြန်လည်အောက်မေ့၍ ဗောဓိသတ္တာဟ၊ ပလ္လင်္က
သတ္တာဟကို ကြည်ညိုသောအနေဖြင့် ပူဇော်ကြခြင်း ဖြစ်ပါသည်။

အနေကဇာတင် ရွတ်ဖတ်မှုနှင့် ရည်ရွယ်ချက်

(က) အနေကဇာတိ သံသာရံ၊
သန္ဓာ ဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊
ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(ခ) ဂဟကာရက ဒိဋ္ဌော သိ၊
ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊
ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊
တဏှာနံ ခယ မဇ္ဈဂါ။

ဤဂါထာတို့ဖြင့် အစချည်၍ သံဃာတော်များမှ ရွတ်ဖတ်ပူဇော်ပြီးသောအခါ “အဝိဇ္ဇာပစ္စယာ သင်္ခ ါရာ”
ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလောမကို ရွတ်ဆိုတော်မူကြပါသည်။ အဲဒီနောက်မှာတော့ “အဝိဇ္ဇာယတွေဝ
အသေသ ဝိရာဂ နိရောဓာ” အစရှိသော ပဋိစ္စသမုပ္ပါဒ် ပဋိလောမကို ရွတ်တော်မူကြပါသည်။
ထို့နောက် “ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ” အစရှိသော သုံးဂါထာကို ရွတ်ဆိုတော်မူကြရပါသည်။
ထိုအစီအစဉ်တို့သည်။

၁။ အနေကဇာတိ သံသာရံ၊
၂။ ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ
၃။ ယဒါ ဟေ၀ အစရှိတဲ့ ဥဒါန်း သုံးဂါထာ
ဒီအစီအစဉ်သုံးခုကို ဘုရားရှေ့တော်မှောက်မှာ သံဃာတော်များ လက်အုပ်ချီပြီး ရွတ်ဆိုမှု့သည်
မည်သို့အဓိပ္ပါယ်ရှိသလဲ ဟူမူ .......ဘုရားရှင်ကိုယ်တော်မြတ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်
လပြည့်နေရဲ့ ညနေခင်း၊ ဗောဓိပင်ရင်းမှာ နေမဝင်မှီ ဒေဝပုတ္တမာန်ကို အောင်မြင်တော်မူခဲ့ပါသည်။
ညဦးယံကာလ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် သန်းခေါင်ယံကာလ ဒိဗ္ဗစက္ခု အဘိညာဉ် တို့ကို
ရတော်မူခဲ့ပေသည်။ လင်းအားကြီးကာလ ကဆုန်လပြည့်နေ့ည မကုန်သေးမှီ အချိန်မှာ
“အာသဝက္ခယဉာဏ်” သို့ ရောက်၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပေသည်။
ဘုရားအဖြစ်သို့ရောက်ပြီး လပြည့်ကျော်တရက်နေ့ ကူးသောအချိန် ဗောဓိပင်ရင်းမှာ သီတင်းသုံး
ထိုင်နေတော်မူတဲ့ ဘုရားရှင်သည် ကမ္ဘာအသင်္ချေအနန္တက နှိပ်စက်လာတဲ့ ကိလေသာတွေကို
အောင်မြင်ခဲ့ပြီဖြစ်တဲ့ ဘုရားရှင်သည် ဝမ်းသာတော်မူလွန်းလို့ ဥဒါန်းကျူးရင့်တော်မူပါသည်။

ဗုဒ္ဓကျူးရင့်ခဲ့တဲ့ ဥဒါန်း (၂) မျိုး

ဘုရားရှင် ကျူးရင့်တော်မူသော ဥဒါန်းမှာ နှစ်မျိုးရှိပါ၏။
၁။ မနသာ“၀၀တ္ထပိတ”ဥဒါန်း (စိတ်ထဲမှာသာလျှင် ကျူးရင့်သော ဥဒါန်း)
၂။ ဝစသာ ဥဒါန်း (စိတ်ထဲတွင် မကပဲ နှုတ်ကပါ ထုတ်ဖော်၍ ကျူးရင့်သော ဥဒါန်း) ဟူ၍
နှစ်မျိုးရှိပေ၏။
ဥဒါန်းဆိုသည်မှာ အိုးတလုံးထဲ ဆီထည့်(သို့မဟုတ်) ရေထည့်၊ ထည့်ရင်းထည့်ရင်းနဲ့ ပြည့်ပြီး
တော့ နှုတ်ခမ်းရောက်လို့ အိုးထဲမှာ မဆန့်ပဲ နှုတ်ခမ်းကနေမဆန့်ပဲ စီးပြီးတော့ လျှံကျသွားတဲ့
အခါ အိုးတအိုးလုံး အတွင်းရော အပြင်ပါ ဆီတွေ ရေတွေ စိမ့်ပြီးတော့ စိုနေသကဲ့သို့
ဘုရားရှင်ရဲ့ နှလုံးအိမ်မှာ စိမ့်ပြီးတော့ထားတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ယှဉ်တဲ့ ပီတိများ
သည် ကိုယ်တော်ရဲ့ နှလုံးတော်မှာ မဆန့်တော့တဲ့ အတွက်ကြောင့် နှုတ်တော်က လျှံထွက်လာသော
ဝစသာဥဒါန်း၊ နှုတ်တော်က မထွက်သေးခင် စိတ်ထဲမှာပဲ ရွတ်ဆိုနေတဲ့ မနသာဥဒါန်း
ဥဒါန်းနှစ်မျိုး ဖြစ်လာပါသည်။

လပြည့်ကျော်တရက်နေ့ အာရုံတက်စကလေးမှာ ဘုရားရှင်ကိုယ်တော်မြတ် စိတ်ထဲမှာ ကျူးရင့်
သော ဥဒါန်းသည်“အနေကဇာတိ သံသာရံ” ဂါထာနှစ်ဂါထာဖြစ်ပါတယ်။ ဘုရားရှင် ရင်ထဲ နှလုံးထဲ
ကနေပြီးတော့ ရွတ်ဆိုနေခဲ့တာ လပြည့်ကျော်တရက်နေ့ မနက်ခင်း အာရုံဦး “အနေကဇာတိ
သံသာရံ” နဲ့ နေပါတယ်။ တနေ့လုံးလည်းပဲ “အနေကဇာတိသံသာရံ” နဲ့ နေတယ်။ လပြည့်ကျော်
တစ်ရက်နေ့ တနေ့လုံး“အနေကဇာတိသံသာရံ” ကို နုတ်ကနေမဆိုပဲနဲ့ စိတ်ထဲမှာ ကျူးရင့်၍
နေတော်မူပါတယ်။ လပြည့်ကျော် တစ်ရက်နေ့ ညဉ့်ဦးယံအရောက်မှာ နုတ်မှ ထုတ်ဖော်၍
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ
သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ
သမုဒယော ဟောတီတိ.. ဟူသော ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ကျူးရင့်တော်မူပါတယ်။

ထို့နောက်
အဝိဇ္ဇာယတွေ၀ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊
ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတန
နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊
တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊
ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေ တဿ
ကေဝလဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို
ဆက်လက်၍ ကျူးရင့်တော်မူခဲ့ပေသည်။

ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ ကို အပြန်ပြန်အလှန်လှန်
ဆင်ခြင်သုံးသပ်တော်မူပြီးသောအခါ

(က) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ခ) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ခယံ ပစ္စယာနံ အဝေဒိ။

(ဂ) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယော၀ သြဘာသယ မန္တလိက္ခံ။………………..ဟူသော သုံးဂါထာကို ကျူးရင့်တော်မူခဲ့ပါသည်။
ပဋိစ္စသမုပ္ပါဒ် နှင့် ယထာဟေ၀ အစရှိသော ဂါထာတို့ကို ဉာဉ့်ဦးယံမှာ နုတ်မြွက်ပြီးတော့ ရွတ်ဆိုကျူးရင့်
တော်မူပါတယ်။ ဉာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာလဲ ဒီအတိုင်းပါပဲ။ ဉာဉ့်ရဲ့ နောက်ပိုင်း မိုးသောက်ယံ
ကျပြန်တော့လည်း ဒီအတိုင်းပင် လပြည့်ကျော်တရက်နေ့ တညလုံး ဘုရားရှင်ဤကဲ့သို့ နေတော်မူပါ
သည်။ လပြည့်ကျော်တစ်ရက်နေ့ နေ့နဲ့ည အကုန်၊ လပြည့်ကျော် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက်
၇ ရက်နေ့ ဤ (၇) ရက်နေ့ ညနေခင်းအထိ ဘုရားရှင်ကိုယ်တော်မြတ် ဖလသမာပတ်နဲ့ချည်း ချမ်းသာ
စွာ နေတော်မူပါတယ်။ လပြည့်ကျော် ၇ ရက်နေ့ ညပိုင်းအရောက်မှာ မြတ်စွာဘုရားဆင်ခြင်ပုံ တစ်မျိုး
ပြောင်းသွားပြီးတော့ “အဝိဇ္ဇာ ပစ္စယာ သင်္ခ ါရာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ဆင်ခြင်တော်
မူပါတယ်။ အဲဒီနောက်မှ ယထာဟေ၀ အစရှိတဲ့ ပထမဂါထာကို ဆင်ခြင်တော်မူတယ်။

လပြည့်ကျော် (၁) ရက်နေ့ရဲ့ ဉာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာ အဝိဇ္ဇာယတွေ၀ အသေသ ဝိရာဂ နိရောဓာ
ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို ဆင်ခြင်တော်မူတယ်။ ထို့နောက် ယထာဟေ၀ ဒုတိယ ဂါထာ
ကို ဆင်ခြင်တော်မူတယ်။ မိုးသောက်ယံမှာ ပဋိစ္စသမုပ္ပါဒ် “အနုလုံ” နှင့် “ပဋိလုံ” ကို အပြန်ပြန်အလှန်
လှန် နှစ်ခုစလုံး ဆင်ခြင်တော်မူပြီးတော့ “ယထာဟဝေ” တတိယဂါထာကို ဘုရားရှင် ကျူးရင့်တော်
မူပါတယ်။ ဒါကိုပဲ “ပလ္လင်္ကသတ္တာဟ” လို့ခေါ်ပါတယ်။ ဗောဓိပင်ရင်းမှာ တင်ပျဉ်ခွေပြီးတော့နေခဲ့တဲ့
အတွက်ကြောင့် “ဗောဓိသတ္တာဟ” လို့လဲ ခေါ်ပါတယ်။

ဗုဒ္ဓါဘိသေက ဟု ဆိုသော်လည်း ဘုရားအား ဘိတ်သိတ်သွင်းခြင်း မဟုတ်ကြောင်း စာဖတ်သူ
အများ သိထားသင့်လှပါသည်။ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေမှာ
အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟေ၀ ဂါထာတွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်သုံးသွားသော အခြင်းအရာကို အောက်မေ့ပြီး ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို
ကြည်ညိုတဲ့ အနေနဲ့ သံဃာတော်များမှ “အနေကဇာတိသံသာရံ” ရွတ်ဖတ်ပူဇော်ခြင်းကို
အနေကဇာတင်ခြင်း ဟု ခေါ်ကြပါသည်။

သံဃာတော်များ မပါဘဲ ကိုယ့်ဘာသာကိုယ် ဤအနေကဇာတင်စာများ အလွတ်ကျက်၍ ကိုယ်တိုင်
နေ့တိုင်းနေ့တိုင်း ရွတ်နေရင်လည်း အနေကဇာတင်မှု့ ပြီးမြောက်သည်သာ ဖြစ်ပါ၏။ သံဃာတော်
အရှင်မြတ်များ ပင့်ပြီး ရွတ်ဆိုသောအခါ ပိုပြီးတော့ ဌာန်ကရိုဏ်းပယတ် ပီပီပြင်ပြင် ကြည်နူးရန်အလို့ငှါ
ဘုရားရှင်ကိုယ်တော်မြတ်၏ ရုပ်ဆင်းတုအသစ် ဖြစ်သစ်စကို ဘုရားရှင်ကိုယ်တော်တိုင် ကျူးရင့်
ခဲ့တဲ့ ဥဒါန်းများနှင့် ပြန်လည်ပူဇော်ရန် သံဃာတော်များ ပင့်ဖိတ်၍ အနေကဇာတင်ကြခြင်း
ဖြစ်ပါသည်။

အရှင်ဝရသာမိ (မုံရွာ)
https://shinsami.blogspot.com

Monday, December 26, 2011

ဆရာအတင်မှားက အပါယ်လားနိုင်သည်

ဓမ္မကထိက ဆရာတော်တစ်ပါး၏ သြဝါဒခံယူပွဲတစ်ခုတွင် သီတဂူ ဆရာတော်ကြီး၏ သြဝါဒတစ်ခုကိုနာကြားရပါသည်။ “ရဟန်းတစ်ပါးအနေနဲ့ ပလ္လင်ပေါ်တက်တဲ့အခါ ပလ္လင်နဲ့ တန်တဲ့စကားကိုပဲပြော၊ပလ္လင်ပေါ်တက်ပြီး လမ်းဘေးက ကလေကချေတွေပြောသလိုစကား မျိုးကို မပြောနဲ့၊ ကလေကချေတွေပြောတဲ့စကားမျိုးကို ပြောမယ်ဆိုရင် ပလ္လင်ပေါ်တက်ဖို့ မသင့်ဘူး” ဟု နာကြားရပါသည်။ 

ထို့ပြင် ဆရာတော်ဘုရားသည် တပည့်များကိုလည်း
ဤသို့ဆုံးမတတ်ပါသည် “မင်းတို့တွေ တချိန်မှာ ပလ္လင်ပေါ်တက်တော့မယ်ဆိုရင် မတက်ခင် ကတည်းက ပိဋကတ်စာပေတွေကို သေချာလေ့လာ၊ လေ့လာပြီးမှပြော သေချာလေ့လာခြင်းမရှိဘဲ နောက်မှ မှားသွားပါတယ်ဆိုတဲ့ ဆင်ခြေကိုမပေးနဲ့” ဟု အမြဲဆုံးမလေ့ရှိပါသည်။
မှန်ပါသည်၊ မည်သူမှ အမှားနှင့်မကင်းနိုင်ကြပေ၊ သို့သော်လည်း ဓမ္မကထိက ဆရာတော်၏ အမှားသည် စေတနာအမှားပင် ဖြစ်စေကာမူ လူပေါင်းမြောက်များစွာ အယူအမြင်တွေ မှားသွားနိုင်ပါသည်။
မပြစ်မှားသင့်သူကို ပြစ်မှားနိုင်ကြသည်။ ဤ အကြောင်းအရာနဲ့ ပတ်သက်ပြီး မိတ်ဆွေရဟန်းတပါးနှင့် ဆွေးနွေးဖြစ်ဖူးသည်။ ဒကာ၊ ဒကာမတွေမှာ ချွေးနည်းစာနဲ့ ရှာထားတာလေးတွေနဲ့ လိုလေသေးမရှိအောင် လှူဒါန်းထောက်ပံ့ ကိုးကွယ်ကြရှာတယ်။ သူတို့ကိုးကွယ် ဆည်းကပ်တဲ့သူက နိဗ္ဗာန်ပို့မယ့်သူမဟုတ်ဘဲ
အပါယ်ဆွဲချတဲ့သူဖြစ်နေရင် မိအေးနှစ်ခါ နာတာထက် ပိုဆိုးသည် ဟူ၏။

မှန်ပေသည် ဘုရားရှင်က သတ္တဝါများအားသံသရာ၀ဋ်ဒုက္ခမှ ကယ်တင်ရန်အတွက် ထားရစ်ခဲ့သည့် တပည့်သားကြောင့် သတ္တဝါအများ အပါယ်သို့ချည်း သွားကြရမည်ဆိုပါလျှင် ခုတ်ရာတခြား ရှရာတစ်ခြား၊ ခါးတောင်းကျိုက်တလွဲ တင်တလွဲဖြစ်ပေတော့မည်။
မိုးကုတ်ဆရာတော်ကြီး ဆုံးမတော်မူသည့် “ဆရာမှားပါက တပည်အများမှာ တသံသရာလုံးမှောက်သွားနိုင်သည်” ဆိုသော ဆုံးမသြဝါဒကို ကိုးကွယ်ဆည်းကပ်သူ ဒကာ ဒကာမများ သတိပြုဆင်ခြင်သင့်သလို တချိန်မှာ ဓမ္မကထိက လုပ်ကြမည့် မျိုးဆက်သစ် ညီတော် နောင်တော်များလည်း သတိပြုဆင်ခြင်သင့်လှပါ၏။
ဤတွင် စာရေးသူ အကြိမ်ကြိမ်အခါ နာကြားနေမိသော ပါချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်ထဲမှ ထုတ်နုတ်ဖော်ပြချင်ပါသည်၊ မိမိကိုယ်တိုင်လည်း အထပ်ထပ်နားကြားဖြစ်ပါသည်၊ စာရေးသူနှင့် နီးစပ်ရာ ဒကာ ဒကာမ မိတ်ဆွေအပေါင်းအသင်း တို့ကိုလည်း လက်လှမ်းမှီသမျှ ဖြန့်ဝေ၍ နားကြားစေခဲ့ပါသည်။ ဤနေရာတွင် “တရားသိလျက်
အကျင့်ခက်” ဟူသော ထိုတရားတော်ထဲမှ မှတ်သားလိုက်နာဖွယ်ကောင်းသော စကားရပ်တို့ကို ကောက်နှုတ်ဖော်ပြပါအံ့..
“ရဟန်းတစ်ပါးအနေနဲ့ စာသင်လိုက်လို့ ဘာစာမေးပွဲတွေအောင်တယ်၊ ဘွဲ့ထူး ဂုဏ်ထူးတွေရတယ် စာပေတွေတတ်လာလို့ နာမည်လေးတစ်လုံးရလာတဲ့အခါကျတော့ ကြည်ညိုကိုးကွယ်တဲ့
ဒကာ ဒကာမတွေများလာတယ် များလာတော့ လာဘ်လာဘတွေ များလာတယ်၊ များလာတော့ စိတ်ကြီး၀င်လာတယ်၊ ပုထုဇဉ်တို့ရဲ့ သဘာ၀အတိုင်း မာန်မာနတွေ ဖြစ်လာတယ်၊ သင်ထားတဲ့ စာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေပေါလာတယ် လာဘ်လာဘတွေပေါလာတာကို အကြောင်းပြုပြီးတော့ ငါသိတယ် ငါတော်တယ် ငါတတ်တယ် ဘေးကလည်းဝုိင်းပြီးမြှောက်တာတွေ ပါလာတဲ့အခါကျတော့ မာန်တက်လာတယ်တဲ့ မာန်တက်လာပြီဆိုကတည်းက သိတော့သိပြီ မကျင့်တော့ဘူး အောက်ချေလွတ်သွားပြီးတဲ့အခါမှာ ဘာတွေဖြစ်ကုန်သတတ်တုံး ဆိုရင် ပြောချင်ရာပြောတာတို့ လုပ်ချင်ရာလုပ်တာတို့ သူပြောသမျှ ပရိသတ်က လက်ခံနေတယ် ဆိုရင် ပြောချင်ရာပြောတယ် သူလုပ်သမျှ ပရိသတ်က လက်ခံနေပြီဆိုရင်လည်း လုပ်ချင်ရာလုပ်
တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတယ်”

ဆရာတော်ဘုရားသည် အထက်ပါတရားတော်ကို အကြောင်းမဲ့ဟောကြားခြင်းမျိုးတော့ မဖြစ်တန်ရာ၊ ယခုအခါသာသနာအတွင်း၌ ပေါ်ပေါက်နေသော ဟောချင်ရာဟော ပြောချင်ရာပြောနေသော ပုဂ္ဂိုလ်အချို့ကြောင့် သာသနာအရေးကို စိုးရိမ်ကြောင့်ကြတော်မူသောကြောင့် ဟောခြင်း
ဖြစ်ပေလိမ့်မည်။ ဆက်ပါဦးအံ့….

“မြတ်စွာဘုရား သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့အခါမှာ တရားဓမ္မဟာ မှန်ကန်မှုရှိတယ်၊
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့အတိုင်းလေ့လာသိရှိဖို့ လိုတယ်၊ ထိုသိရှိထားတဲ့အတိုင်း တရားနာ ပရိသတ်တွေ မိမိရဲ့ပတ်၀န်းကျင်က ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လို့တယ်၊ အဲဒီလို မဟုတ်ဘဲ ဘုရားဟောတဲ့တရားကို မဟောဘူးလို့ ပြောမယ်၊ မဟောတာကိုတော့ အဟောလုပ်ပြီး ပြောမယ်
ဆိုလို့ရှိရင် မမှန်ကန်တော့ဘူး၊ မမှန်ကန်ရုံတင် မကဘူး အဂုင်္တ္တရနိကာယ်မှာ မြတ်စွာဘုရား
ဘုရားက ဟောထားတာ ရှိတယ်..

နံပါတ် - ၁ - ဘုရားဟောတဲ့တရားကို မဟောဘူးလို့ပြောမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ
လူအများအကျိုးစီးပွါးမဲ့အောင် ပြုလုပ်ရာရောက်တယ်၊
နံပါတ် - ၂ - အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ များစွာဖြစ်ပွါးစေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊
နံပါတ် - ၃ - မြတ်စွာဘုရားဘုရား သာသနာတော်ကြီးကို ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်၊
ဘုရားဟောတာကို မဟောဘူးလို့မပြောမိဖို့၊ ဘုရားမဟောတာကိုတော့
အဟောလုပ်ပြီး မပြောမိဖို့ ဓမ္မကို အဓမ္မလို့ မပြောမိဖို့ အရေးကြီးတယ်၊ လောကလူတွေက မာန်မာနတက်လာတဲ့အချိန်မှာ ပြောလို့မရဘူး၊ ဒါအမှန်ဘဲ စီပွါးတွေတက်လာလို့ အောင်မြင်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက် ဆုံးမလို့ မရဘူး၊ ရာထူးတွေ သိပ်မြင့်နေရင်လည်း ဆုံးမလို့မရဘူး လူတွေဟာ တခုခုအောင်မြင်ပြီဆိုရင် ဘယ်သူပြောတာမှ သိပ်ပြီးနားမထောင်ချင်ဘူး”
မှန်ပါသည်။ ယခုခေတ်ကာလတွင်လည်း စာရေးသူ မြင်တွေ့နေရပါသည် နာမည်လေးတလုံးရလာတဲ့ပုဂ္ဂိုလ်အချို့ ဘုရားဟောတဲ့တရားကို မဟောဘူးလုပ်၊ ဘုရားမဟောတာကိုတော့ အဟောလုပ်၍ ဟောပြောနေသော
ပုဂ္ဂိုလ်အချို့အား အမှားကိုထောက်ပြဝေဖန်လျှင် မိမိဟောသော တရားမှန်ကြောင်း သေချာစွာ ဖြေရှင်းနိုင်စွမ်းမရှိဘဲ စွပ်စွဲပုတ်ခတ်တတ်ကြပါသည်၊ ထိုပုဂ္ဂိုလ်ပါမက သူ၏ နောက်ပါတပည့်အပေါင်းပါတို့သည်လည်း
ထိုကဲ့သို့ပင် ငါ့ဆရာပြောတာပဲ အမှန် ငါ့ဆရာဟောတာပဲ အဟုတ် ဟုဆိုကာ မှန်ကန်သော အထောက်အထားဖြင့် ထောက်ပြဝေဖန်သူများကို ပြန်လည်ဖြေရှင်းနိုင်ခြင်းမရှိဘဲ စွပ်စွဲပုတ်ခတ်ကြ
ပါသည်၊ ဝိနစ္ဆယ ဆုံးဖြတ်တော်မူကြသော ထေရ်ကြီးဝါကြီး သံဃာ့နာယက ဆရာတော် သံဃာတော်အပေါင်းကိုပင် ကဲ့ရဲ့ရှုတ်ချတာတာကိုပင်တွေ့ဘူးပေ၏။

စာရေးသူတို့ ရဟန်းတော်(ဘာသာရေးခေါင်းဆောင်)များသည် စင်စစ်အားဖြင့် သာသနာပြုဖို့ အတွက်သာ သာသနာဆိုင်ရာ ပညာတို့ကို သင်ယူခဲ့ခြင်းဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအတွက် ကောင်းကျိုးပြုဖို့အတွက်သာ မိဘဆရာသမား၊ ဒကာ ဒကာမများက စောင့်ရှောက်ကျွေးမွေး ပညာတွေသင်ပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် သာသနာအတွင်းသို့ အမှိုက်များ ၀င်မလာအောင် သန့်ရှင်းတည်တန့်အောင် လုပ်ဖို့က ဘာသာရေးခေါင်းဆောင် ရဟန်းတော် အားလုံး၏ တာ၀န်သာဖြစ်ပါသည်။

ကဿပ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သာသနာကျန်ရစ်ခဲ့သော အချိန်က သာသနာ ကို ကြည်ညိုသော မိသားစု တစ်စု သာသနာအတွင်းသို့ ၀င်ရောက်လာခဲ့ကြပါသည်၊ သာဓိနီ အမည်ရသော မိခင်ကြီး၊ သာဏမည်သော အကိုကြီး၊ ကပိလ မည်သော ညီဖြစ်သူနှင့် တာပနာ - မည်သော ညီမဖြစ်သူတို့ အကျွတ်တရားရကာ သာသနာအတွင်းသို့ ၀င်ရောက်လာကြပါသည်။ ထိုအထဲတွင် အသက်အရွယ်လေးရလာသော အကိုကြီးဖြစ်သူသည် တောရဆောက်တည်ပြီး ကမ္မဌာန်းတရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါသည်
ညီဖြစ်သော ကပိလ သည်လည်း ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်လာပါသည်၊
စာတတ်လာတဲ့ အခါမှာ တပည့်ပရိသတ်တွေ များလာသည်၊ ကြည်ညိုကိုးကွယ်တဲ့ ဒကာ
ဒကာမတွေများလာသည်။ ဒါတွေကိုအကြောင်းပြုပြီး တရားကိုသိပြီး ကျင့်ရမယ့်အစား
မကျင့်ကြံတော့ဘဲ ပညာမာန်တွေတက်လာသည်၊ မာန်တွေတက်လာပြီး ကျန်တဲ့ရဟန်း
တွေအပေါ်မှာ အထင်သေးအမြင်သေးဖြစ်လာကာ သူ့လောက်မတတ်ဘူး၊ အလကား
နလပိန်းတုံးတွေ ဆိုပြီး ဆဲရေးလာပါတော့သည်၊ ကပိလ ဟာ သူများတွေကို အထင်သေး အမြင်သေးဖြစ်လာပြီးတော့ မောက်မာလာသည်၊ မောင်ဖြစ်တဲ့ ကပိလ ရဟန်းဟာ စာတတ်တော့ နှမဖြစ်သူ တာပနာ ဟာ ဂုဏ်ယူ၏၊ အမေဖြစ်သူ သာဓိနီ ကလည်း သူ့သားအတွက် ဂုဏ်ယူမဆုံး ဖြစ်လာသည်၊ နှားတောင်းရောင်ကြောင့် ပါးပြောင်ပြီး သူတို့ကပါ မာန်မာနတွေ တက်လာကြသည်။

ကပိလ ဟာ မာန်မာနတွေတက်လာပြီး တခြားရဟန်းတွေအပေါ်မှာ ရှုံ့ချဆဲရေးတိုင်းထွာ
လာသည်၊ အဲဒီလို ဖြစ်လာတဲ့အခါမှာ ရဟန်းကောင်းတို့က “အရှင်ဘုရား စာတတ်ပေတတ် ဖြစ်ရဲ့နဲ့ အဲဒီလို ဆဲရေးခြင်း၊ အထင်သေးအမြင်သေးလုပ်တာတွေကို မလုပ်ပါနဲ့” ဆိုပြီး ဝုိင်း၀န်းဆုံးမကြပါတယ်၊ ဒါပေမယ့် ကပိလ ဟာ မနာခံတဲ့အပြင် အဆုံးစွန်ထိ မိုက်ဇာတ်ခင်းလာပါတယ်။ ဘုရားမဟောတာကို အဟောလုပ် ပြောတယ်၊ ဘုရားဟောတာ ကိုကျတော့ မဟောဘူးလို့ပြောလာတယ်၊ ဓမ္မ ကိုလည်း အဓမ္မလို့ ပြောချင်ပြောတယ်၊ အဓမ္မကိုလည်း ဓမ္မလို့ ပြောချင်ပြောတယ်၊ ရဟန်းကောင်းတွေကလည်း ဆုံးမ၍မရတဲ့
အခါမှာ အကိုကြီးဖြစ်သူ ရဟန္တာကိုယ်တော်မြတ်ကြီးကို အရှင်ဘုရားရဲ့ညီအား ဆုံးမပေးဖို့ တောင်းပန်လျှောက်ထားကြပါတယ်။ ရဟန္တာဖြစ်သော အကိုကြီးက သုံးကြိမ်တိုင်တိုင် ဆုံးမပေမယ့်လည်း မနာခံပဲ လုပ်မြဲဆက်လုပ်တော့ အကိုကြီးဖြစ်သူကလည်း လျစ်လျူရှူ့သွား ပါတယ်၊ ကပိလ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ဒီတရားတွေဟာ အလကားပဲ
ဝိနည်းတရားတွေဆိုတာ အပိုတွေ ကျင့်နေလည်း အလကားပဲ ဆိုပြီး တရားရဲ့အပြစ်တွေကိုပြောပြီး ကဿပမြတ်စွာဘုရားရဲ့သာသနာကို ကွယ်အောင် လုပ်လာပါတယ်၊
ဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူ့နောက်ကလည်း ကိုးကွယ်တဲ့ ဒကာ ဒကာမတွေ လိုက်ကြတယ်၊ အဓိက ကတော့ သူ့အမေ နဲ့ သူ့နှမတို့ဟာ သူပြောတာ ဘာမဆို အမှန်ပဲ သူလုပ်သမျှ အဟုတ်ပဲ ဆိုပြီးလိုက်ကြတယ်၊ ကပိလ သေတဲ့အခါမှာ ဘယ်ရောက်သွားသလဲ ဆိုရင် အဝိစိငရဲသို့ ကျသွားပါတယ်၊ သူ့ကိုအားပေးအားမြှောက်ပြုပြီး အလိုတူအလိုပါဖြစ်တဲ့ မယ်တော်ဖြစ်တဲ့ ဘိက္ခူနီ၊ နှမတော်ဖြစ်တဲ့ ဘိက္ခုနီ နဲ့တပည့်အပေါင်းအပါတို့ဟာလည်း အဝိစိငရဲအထိ လိုက်လံအားပေးကြပါတယ်။

ဤတွင် စာရေးသူ တင်ပြချင်သည်မှာ ကပိလ ရဟန်းသည် သိရက်နဲ့မိုက်ခြင်းသာဖြစ်ပါတယ်၊
မယ်တော်နှင့် နှမတော်တို့မှာ သား နှင့် မောင် ဟူဟော အစွဲကြောင့် ပျက်စီးခြင်းသို့
ရောက်ပါသည်၊ ကြည်ညိုကိုးကွယ်သော ဒကာ ဒကာတို့သည်ကား မသိနားမလည်မှု့နှင့်အတူ ဂုဏ်သတင်းကြီးတာကို ဖက်တွယ်လျက် ဆရာမှားကို ချဉ်းကပ်မိသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်မှာ ထင်ရှားလှပါတယ်။ စာရေးသူပြောလိုသည်မှာစာဖတ်သူတို့အနေနဲ့ ဓမ္မကို ရှာဖွေတဲ့အခါမှာ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို့ အရေးကြီးလှပါသည်၊ မှန်ကန်သောဓမ္မ၊ စစ်မှန်သော တရား ဟုတ်မဟုတ် စမ်းစစ်တတ်ရပါမည်၊ တရားစစ်မစစ်ကို ဘုရားဟောတော်မူသော ပိဋကတ်ဟူသော ဓမ္မပေတံဖြင့် တိုင်းတာ၍ ရနိုင် ပါသည်၊ ဘုရားဟောနှင့်ညီညွတ်ခြင်းမရှိပါက အဓမ္မ ဟု မှတ်ယူရပေမည်။

ထိုအဓမ္မကို မသိနားမလည်မှုနဲ့ ဆုပ်ကိုင်ထားမိရင် အပယ်ငရဲသို့ ကျရောက်နိုင်ပါသည်။
ယခုခေတ်အခါ ပိဋကတ်သုံးပုံဆိုသော ဘုရားဟောတရားတွေကို အင်တာနက် မှာလည်း အလွယ်တကူရရှိနိုင်ပါသည်၊ မစွမ်းနိုင်ပါက တတ်ကျွမ်းနားလည်သော ဆရာတော်များထံသို့ ချဉ်းကပ်၍ မေးမြန်းပြီး သေချာစွာ လေ့လာသင့်ပါသည်။ မှန်ကန်စွာလေ့လာပြီး မှန်မှန်ကန်ကန် ကျင့်မှသာလျှင် ဗုဒ္ဓဘာသာ၀င်တို့ ရည်မှန်းသော ထွက်မြောက်ရာလမ်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက် နှင့် လွဲပါစေ ဟု ဆန္ဒပြုရင်း…….

***********

သျှင်သာမိ (မုံရွာ)
အိန္ဒိယနိုင်ငံ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့၊
၂၀၁၃ ခုနှစ်၊ နှစ်ပတ်လည် ကျောင်းသား မဂ္ဂဇင်း မှ.

Monday, November 15, 2010

မှန်ကန်သော အသက်မွေးမှု ပြုနိုင်ပါစေ


မကောင်းသော အသက်မွေးမှု မိစ္ဆာအာဇီ၀ မှ ရှောင်ကြဉ်မှုကို သမ္မာအာဇီ၀ ဟု ဆို၏။ ကာယဒုစရိုက် များဖြင့်လည်း အသက်မမွေး၊ ဝစီဒုစရိုက် များဖြင့်လည်း အသက်မမွေး၊ ထို ဒုစရိုက်နှစ်မျိုးမှ လွတ်သော ကောင်းသော အသက်မွေးမှု့ကို သမ္မာအာဇီ၀ ဟု ဆို၏။ ဤလောက၌ အသက်မွေးမှု့သည် များစွာရှိ၏။ အသက်မွေးမှု အာဇီဝသည် မကောင်းသော အသက်မွေးမှုဖြစ်ပါက မိစ္ဆာအာဇီ၀ ဖြစ်လာရ၏။ ကောင်းသော အသက်မွေးမှုဖြစ်ပါက သမ္မာအာဇီ၀ ဖြစ်လာရ၏။ သို့ရာတွင် လူသည် မသေလိုမှုအတွက် အစာစားနိုင်ရန် ကောင်း သောအသက်မွေးမှုပဲဖြစ်ဖြစ်၊ မကောင်းသော အသက်မွေးမှု့ပဲဖြစ်ဖြစ် အသက်မွေးမှု့ တခုခုကို တော့ လုပ်ရမည်ဖြစ်၏။ သို့ရာတွင် အသက်မွေးမှုနှစ်မျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားက ဓမ္မပဒ ပါဠိတော် ၂၄၄ ၌ ဤသို့ ဟောကြားတော်မူထား၏။ သုဇိဝံ အဟိရိတေန၊ ကာကသူရေန ဓံသိနာ၊ ပစ္ဆန္ဒိနာ ပကမ္ဘေန၊ သံကိလိဌေန ဇီဝိတံ။ (ဓမ္မပဒ - ၂၄၄) လူသည် တကယ်တမ်း လွယ်ကူစွာ အသက်မွေးမြူလိုပါက အရှက်မရှိရ၊ ကျီးကန်းလိုလည်း လုရဲရ၏၊ သူတစ်ပါး၏ သိက္ခာကိုလည်း ချရဲရ၏။ သာယာဘက်သို့လည်း ပြေးကပ်ရဲရ၏။ ညစ်ပတ်သော စိတ်လည်း ရှိရ၏။ ဤသို့ပြုလျှင် လောက၌ အသက်မွေးရ လွယ်လေ၏။ ဤဒေသနာတော် အရ လောက၌ လုပ်ကြံဇာတ်ကို သတိပဌာန် ဟူ၍လည်းကောင်း၊ ဝိပဿနာ အတုကို ဖန်တီး၍လည်းကောင်း၊ ဘုရားဟော မဟုတ်သော အဓမ္မများကို အဟိရိက - အရှက်မရှိဘဲ လိုက်လံဟောပြောပို့ချနေသူများလည်း များစွာရှိတတ်ပါ၏။ ဟိတ်ဟန်ကောင်းကောင်း စကားလုံးထွားထွား မာယာများဖြင့် ဟန်ဆောင်လှည့်စားကာ ကာကသူရ - ကျီးကန်းကဲ့သို့ လုရဲသော ပုဂ္ဂိုလ်များလည်း များစွာရှိတတ်ပါ၏။ လောကအတွေ့အကြုံအရ မှားသောအသက်မွေးမှု့နှင့် မှန်သောအသက်မွေးမှု့ နှစ်မျိုးတို့တွင် မှားသော အသက်မွေးမှု့က လူမိုက်တို့၏ စရိုက်နှင့် လိုက်လျောညီထွေရှိသဖြင့် ပို၍လွယ်ကူ၏။ အမှန်ဟူသည်မှာ အဆန်သဘောဖြစ်သဖြင့် ပို၍ ခက်ခဲ၏။ အမှန်အားဖြင့် လူတို့သည် မိမိတို့၏ ပတ်ဝန်းကျင်၌ အခြားသောလူများနှင့်သက်ရှိသတ္တဝါများလည်း ရှိကြသေးရာ ယင်းတို့နှင့် မလွဲမရှောင်သာ ဆက်ဆံကြရ၏။ ထိုကဲ့သို့ ဆက်ဆံကြရာ၌ ငြိမ်းချမ်းစွာ ဆက်ဆံဖို့ လိုပါ၏။ ငြိမ်းချမ်းစွာ မဆက်ဆံနိုင်ပါလျှင် အမြဲတမ်းပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်းတို့ကို ခံစားနေရမည်ဖြစ်၏။ ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ဖို့ ဆိုသည်ကလည်း မိမိတို့ အနေဖြင့် မိမိတို့ဘက်မှ ကိုယ်ကျင့်သိက္ခာဖြူစင်မှဖြစ်၏။ မိမိတို့ဘက်မှ ကိုယ်ကျင့်သိက္ခာ ဖြူစင်မှလည်း အခြားသူတို့ဘက်က ကိုယ်ကျင့်သိက္ခာဖြူစင်လာမည်ဖြစ်၏။ ထိုအခါ လောက၌ ဒုစရိုက်များ ကင်းဝေးလာမည်ဖြစ်၏။ ဒုစရိုက်များ ကင်းဝေးလာသည်နှင့် အမျှ သုစရိုက်များ ထွန်းကားလာမည်ဖြစ်၏။ သုစရိုက်များ ထွန်းကားလာလျှင် လူတို့ တောင့်တကြသော လွတ်လပ်မှု၊ မသေမှု၊ အားကိုးနိုင်မှုတို့ကို တဖြည်းဖြည်းချင်းရလာမည်ဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် စစ်မှန်သော လွတ်လပ်မှု (မောက္ခ)၊ စစ်မှန်သော မသေမှု (အမတ)၊ စစ်မှန်သော အားကိုးရာ (သရဏ) တို့ကို ရလိုကြပါလျှင် မခိုင်မာသေးသော ကိုယ်ကျင့် သိက္ခာတည်ဆောက်မှု သမာဒါနဝိရတီ မှ ခိုင်မာသော ကိုယ်ကျင့် သိက္ခာ တည်ဆောက်မှု သမ္မတ္တဝိရတီ သို့ ရောက်အောင် ခိုင်မာသော အဓိဌာန်ဖြင့် မဖြစ်မနေ ကြိုးပမ်းရပေမည်။ 

ဦးရွှေအောင်(အမြင်များပြောင်းလဲခြင်း) ကိုးကား ရေးသားပါသည် 

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Sunday, September 26, 2010

ဓမ္မ နှင့် အဓမ္မတို့၏ သဘာဝချိန်ခွင်

‌လောကကိုစောင့်သော လောကပါလ နတ်များသည် သဘာဝချိန်ခွင်၌
ဓမ္မကို တစ်ဖက် အဓမ္မကို တစ်ဖက် အမြဲတန်း ချိန်နေကြ၏။
အဓမ္မဘက်က အလေးသာလျှင် လောကသည် ဆူပွက်၏။
ဓမ္မဘက်သို့ အလေးသားလျှင် လောကသည် ဓမ္မဘက်သို့ စောင်းထောင်၏။
ဓမ္မဘက်သို့ စောင်းထောင်လျှင် လောကသည် ငြိမ်းချမ်း၏။

ထို့ကြောင့် မိမိအပါအဝင် လောကသည် ဓမ္မဘက်သို့စောင်းထောင်နိုင်ရေးအတွက်
ဓမ္မဘက်၌ ရပ်တည်ဖို့ တာဝန်ရှိ၏။ ဓမ္မဘက်၌ ရပ်တည်ပါမှလည်း လောက သည်
ငြိမ်းချမ်းပေလိမ့်မည်။
လောကပါလ နတ်များကလည်း မိမိတို့ကို ဓမ္မဘက်၌သာ ရပ်တည်စေချင်ကြပါ၏။

(ဦးရွှေအောင် - ကိုယ်ကျင့်ဗုဒ္ဓဝင်)

ယာဒိသံ ဝပ္ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။
ကလျာဏ ကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကံ။

ချိုသောမျိုးစေ့ကို စိုက်ပျိုးအံ့၊ ချိုသော အသီးကို ရ၏။
ခါးသောမျို့စေ့ကို စိုက်ပျိုးအံ့၊ ခါးသော အသီးကို ရ၏။
ထို့အတူ ကောင်းမှု့ကို ပြုအံ့ ကောင်းသောအကျိုးကို ခံစားရ၏။ မကောင်းသော အမှူ့ကို
ပြုအံ့ မကောင်းသောအကျိုးကို ခံစားရ၏။
ဤ ဗုဒ္ဓ ၏ အဆုံးအမလေးသည် ဗုဒ္ဓဘာသာဝင် အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်ပြီးသား ဖြစ်ပေ၏။
အမြဲထာဝရ မှန်ကန်နေသော ဓမ္မနိယာမ ဖြစ်ပေ၏။

ထို ဓမ္မနိယာမ ကို ပြောင်းပြန်လုပ်သူ (အဓမ္မဝါဒီ) များ လောကတွင် မြောက်မြားစွာ ရှိနေပေ၏။
ထိုပုဂ္ဂိုလ်များသည် မကောင်းသော အလုပ်ဖြင့် ကောင်းကျိုးကို ရနေတတ်၏။
ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်အဟုန်ကြောင့် ကောင်းကျိုးခံစားနေရသည်ကို နားမလည်
မကောင်းမှု့၏ အကျိုးပေးချိန် အချိန်မတန်သေးခင် အချိန်အတွင်း ထောင်လွားမောက်မာနေသူများ
အများအပြားရှိတတ်ပေသည်။

ကုသိုလ်ပြုသည်ဖြစ်စေ၊ အကုသိုလ်ပြုသည်ဖြစ်စေ ကောင်းကျိုး ဆိုးကျိုး ပေးမည့်
ဇောစေတနာ (၇) ချက်ရှိ၏။ ထို (၇) ချက်တွင် ပထမဇောစေတနာသည် ယခုဘ၀ အကျိုးပေး၏။
ဒိဌဓမ္မဝေဒနီယကံ ဟု ခေါ်၏။ သတ္တမဇောစေတနာသည် ဒုတိယဘဝ(နောက်ဘဝ)အကျိုးပေး၏။
ဥပပဇ္ဇဝေဒနိယကံ ဟုခေါ်၏။ အလယ်ဇော ငါးချက်စေတနာသည် တတိယဘဝမှ စ၍ နိဗ္ဗာန်
မရောက်မချင်း လိုက်၍ အကျိုးပေး၏။ အပရာပရိယ ဝေဒနိယကံဟု ခေါ်၏။
ဇောစေတနာ (၇) မျိုးတွင် ပထမဇောစေတနာ နှင့် သတ္တမဇောစေတနာသည် အကျိုးပေးခွင့်
မရဘဲ ပျက်သွားသော အခါများရှိတတ်၏။ ထိုသို့ အကျိုးမပေးဘဲ ပျက်သွားသည့် ကံကို
အဟောသိကံ ဟု ခေါ်သည်။

အလည်ဇော ငါးချက်စေတနာကား အကျိုးမပေးဘဲ ပျက်သွားသည် ဟူ၍ မရှိချေ။
ဤ ဇောစေတနာ (၇) ချက် အလှည့်ကျ အကျိုးပေးပုံကို ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်ပေ၏။
ဤသို့ သိသဖြင့် မှားယွင်းဖောက်ပြန်သော အယူမှား မိစ္ဆာဒိဌိ အဖြစ်သို့
မရောက်ခြင်း အကျိုးရှိ၏။


အရှင်ဝရသာမိ
https://shintharmi.blogspot.com

Sunday, August 29, 2010

ခရစ်တော်၏ဟောပြောချက်များသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း။

ခရစ်တော်၏ဟောပြောချက်များသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်
ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် 
ဟူသောစကား မှန်ပါသလော။

(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊
အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊  

ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

ဆရာတော်အရှင်အရိယဓမ္မ။   ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ 
သည်းခံရေး၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီး ခရစ်တော် ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရားများနဲ့ 

ဆင်တူပါတယ်။ ဒါပေမယ့် ဒီလို ဆင်တူသလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲဖြစ်တယ်ဆိုတဲ့ စကားကတော့ 

အကြောင်းအကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္ဇင်းက 

အမေးပုစ္ဆာအချို့ကို မေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဆိုစေလိုပါတယ်။
(ဤကဲ့သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို စတင်မေးပါသည်။)

ဆရာတော်။   ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး ပျောက်ကွယ်သွားပါ သလဲ ဒကာကြီး။

ဝစ်လဆင်။   ခရစ်တော်ဟာ (၁၂)နှစ်အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ပါတယ်။

ဆရာတော်။   ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။

ဝစ်လဆင်။   ခရစ်တော်ဟာ သူ့ရဲ့တရားဓမ္မတို့ကိုသက်တော် (၃၀)က စတင်ဟောခဲ့ပါတယ် ဆရာတော်။

ဆရာတော်။   ဒါဖြင့်ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။

ဝစ်လဆင်။   ဒီ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ (စိန့်ဂျိုးဇက်) နဲ့အတူတကွ နေထိုင်လျက် ရှိပါတယ် ဆရာတော်။

ဆရာတော်။   ဒီ အဘိုးတန်တဲ့(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများ လုပ်ေနေပါသလဲ။

ဝစ်လဆင်။   သူ့ရဲ့မွေးစားဖခင် သျှင်ယောသကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ် ဆရာတော်။

ဆရာတော်။   ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို လက်သမားအလုပ်မှာ ဝင်ရောက်ကူညီဖို့ရန် မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား ဒကာကြီး။

ဝစ်လဆင်။   ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ ဖြစ်ပါတယ်ဘုရား။

ဆရာတော်။   ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကိုစောင့်နေဆဲ (၁၈)နှစ်ကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။

ဝစ်လဆင်။   ဒီ(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်းတံခါး မပွင့် သေးလို့ပါ ဆရာတော်

ဆရာတော်။   ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကိုကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီးနောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ပုဂ္ဂိုလ်ပေါ့။

ဝစ်လဆင်။   ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော် မဖြေတတ်ပါ ဆရာတော်။

ဆရာတော်။   ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ်က ဖြေနိုင်ပါ့ မလား။

ဝစ်လဆင်။   ဒါဟာ နက်နဲရှုပ်ထွေးတဲ့ပြဿနာတရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်။   "နက်နဲရှုပ်ထွေးတဲ့" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဒကာကြီး။

ဝစ်လဆင်။   နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိနားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင်  မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင် ကိုယ်တော် မြတ် သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။

ဆရာတော်။   ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။

ဝစ်လဆင်။   တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။

ဆရာတော်။   ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။

ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ 
ခရစ်တော်ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က
 "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ" 
(The untold teachings of the Christ by Prof. Goldricke 1925)  
ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။

"ကျွနု်ပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွနု်ပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွနု်ပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွနု်ပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိခဲ့၏။ 


ကျွနု်ပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -
"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။
ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွနု်ပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -
"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်" ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။

တဖန် ကျွနု်ပ်က -
"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။

ထိုအခါ ရေဟူဒီဆရာတော်များက -
"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။

ထိုနောက်တဖန် -
"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွနု်ပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွနု်ပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏။ ထို့နောက် ကျွနု်ပ်သည် ကျွနု်ပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက်တိုက်ခိုက်၍ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -
"ဤနေရာကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။

ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွနု်ပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကိုရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။ ထိုနောက် ကျွနု်ပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာလာခဲ့၏။ ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်းလျှောက်မိသောအခါ ခရီးသွားကုန်သည်တစုနှင့်တွေ့၏။ သူတို့၏ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား "မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း" ဟု မေးမြန်းလိုက်ပါသည်။

ထိုအခါ ခရီးသွားကုန်သည်များ၏ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည် သားရေ များ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို ဂျေရုဆလင်မြို့မှ ရွှေငွေ ကျောက်သံပတ္တမြားနှင့် အခြားအဘိုးတန်ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏။ ကျွနု်ပ်သည် ခေါင်းဆောင်၏ စိတ်နေသဘော ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့လျက် အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့် မေးခွန်းကို မေးကြည့်၏။

ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က -
"အို ချစ်လှစွာသောသူငယ်၊ လူသားများအနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ၊ အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့်တဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အတိတ်ဘဝက ကာယကံ၊ ဝစီကံ၊  မနောကံတည်းဟူသော ကမ္မ သတ္တိတို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန် ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ကျက်သရေရှိသောအသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး ၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူတယောက်သည် မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေယုတ်လှသည့် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝက ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်းသာကြ၏။ ရုပ်အဆင်းသဏ္ဌာန်လှကြ၏။ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်းကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါးကြ၏။ အရုပ်ဆိုးအကျည်းတန်ကြ၏။ အသိဉာဏ် ကင်းမဲ့ ထုံထိုင်းကြ၏။ အင်အားချည့်နဲ့ကြ၏။ ကိုယ်အင်္ဂါ မပြည့်မစုံချို့တဲ့ကြ၏။ ဤကဲ့သို့ လူသားအချင်းချင်း တဦးနှင့် တဦး ကွဲပြားခြားနားကြရခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ် ယေဟိုးဝါ၏ ဖန်ဆင်းမှုကြောင့်မျှ မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော် ဥယျာဉ်မှူးတယောက်သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို စားရ၍ ခါးသောအပင် ကို စိုက်လျှင် ခါးသောအသီးကို စားရဘိသကဲ့သို့ ဖြစ်၏"
ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေကို ကြားလိုက်သောအခါ ကျွနု်ပ်သည် အလွန်ဝမ်းသာအားရဖြစ် ကာ သူ့အား "မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း" ဟု မေးမိ၏။

ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို ချစ်လှစွာသောသူငယ်၊ ကျွနု်ပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြား တော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာအရှိ ဆုံး ဖြစ်သည်။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗညုတရွှေဉာဏ်တော်ရှင်လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်" ဟု ပြန်၍ ဖြေကြား၏။ ထိုအခါ ကျွနု်ပ်သည် ဗုဒ္ဓ ကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာကျင့်သုံးလိုလှသဖြင့် ကျွနု်ပ်၏မိတ်ဆွေသစ် ကုန်သည်ခေါင်းဆောင်ကြီးအား ကျွနု်ပ်ကို တိဘက်ပြည်သို့ ခေါ်ဆောင်၍ ဆရာတော်ကြီးတပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ ကျွနု်ပ်က ဤကဲ့သို့ တောင်းပန်လိုက်သောအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို သူငယ်၊ ကျွနု်ပ်သည် သင့်အား ကျွနု်ပ်တို့တိဘက်ပြည်သို့ ခေါ်သွားလိုပါ၏။ သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်းမှ မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင် သင့်အား ကျွနု်ပ်၏ လက်တွင်းသို့ မအပ်နှံသမျှ ကျွနု်ပ်သည် သင့်အား တိဘက်ပြည်သို့ ခေါ်၍မသွားနိုင်ပါ" ဟု ပြန်၍ဖြေဆိုပါသည်။

ဤတွင် ကျွနု်ပ်က -
"အို မိတ်ဆွေ ကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့်။ ကျွနု်ပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ်လှသော်လည်း အသိပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရအားဖြင့် မြင့်မားသူ တဦးဖြစ်ပါသည်။ ကျွနု်ပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်းအမှတ်လက်စွပ်တို့ကိုကြည့်ပါ။ ကျွနု်ပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲတွင် အချုပ်အခြာဖြစ်ပါသည်။ ကျွနု်ပ်သည် ကျွနု်ပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီးရွံရှာလှသဖြင့် သစ္စာတရားကို မရရအောင်၊ မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွနု်ပ်၏ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွနု်ပ်သည် သင်နှင့် ယခုကဲ့သို့ မတွေ့ခဲ့ပါက သစ္စာတရားကိုရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် ကျွနု်ပ် သည် သင်နှင့် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ သင်က ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ ထွက်ခွာမည် ဖြစ်သည်"

ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွနု်ပ်၏ ရဲရင့်တိကျသောစကားနှင့် ပြင်းထန်သောဆုံးဖြတ်ချက်တို့ကို ကြားသော အခါ ကျွနု်ပ်အား တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။
ကံကောင်းထောက်ပံ့သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ်ထားကြသော ကြောင့် ကျွနု်ပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ တိဘက်ပြည်သို့ လိုက်သွားခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့် ခရီးကြမ်းနှင်ခဲ့ကြပြီးနောက် ကျွနု်ပ်သည် တိဘက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်း ထိုင်ဆရာတော် အရှင်အရိယပုတ္တမဟာထေရ် ထံသို့ရောက်ခဲ့၏။ ကျွနု်ပ်သည် တိဘက်ဘာသာစကားကို မတတ်ကျွမ်း သော်လည်း ခရီးသွားကုန်သည်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်း တွင် ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏။

ဆရာတော်မဟာထေရ်မြတ်သည် ကျွနု်ပ်အား အစမ်းသဘောဖြင့် (၆)လတိတိ သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်ကာလအတွင်း ကျွနု်ပ်သည် တိဘက်ဘာသာကို လေ့လာခဲ့၏။ (၆)လစေ့သော အခါ မဟာထေရ်မြတ်သည် ကျွနု်ပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ ကျွနု်ပ်အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိဿတ်ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဘာသာအရ "ယေရှု ခရစ်တော်") ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်တော် မူလေ၏။"

"တိမ်မြုပ်နေသော ခရစ်တော်၏ဟောပြောချက်များ" ဟူသောကျမ်းသည် 
စာမျက်နှာပေါင်း (၆၀၀)ကျော်ရှိရာ ထို ကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဇင်းဟာ 
အကြိမ် (၂၀) ထက်မနည်း ဟောရမယ်ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို 
အကျဉ်းချုပ်ပြီး ဟောပါရစေ။

သာမဏေရ ဇီဝကိရိတ (သို့မဟုတ်) ရှင်သာမဏေဟာ ၇နှစ်နှင့်၆လတိုင်တိုင် ရှင်သာမဏေတို့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ်သို့ ရောက်တဲ့အခါမှာ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။

ရဟန်းတော် ရှင်ကိရိတ ဟာ စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည်ကိုးစားတော်မူတဲ့ အတွက် စာပေပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က သမထတရားတို့ကို လေ့လာအားထုတ်နေ တော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့။ သူ့ရဲ့ဆရာတော် အရှင်အရိယ ပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်အရေးကို သိမြင်တော်မူတယ်တဲ့။
ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတ က သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့။ ဒါပေမယ့် တကြိမ်မျှ သာမဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့ -
"အို ချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ချစ်သားအား သွားခွင့်ပြု မယ်။ 


ဆရာတော်လိုလားတဲ့အချက်တွေကတော့ 
(၁) အကယ်၍ ရေဟူဒီလူမျိုးများ (သို့မဟုတ်) ဣသရေလလူမျိုးများကသင့်အား 
တံတွေးများထွေး၍ ရှုံ့ချကဲ့ရဲ့ကြသည့် တိုင်အောင်၊ ခဲအုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ်တန်ခိုးကို 
အသုံးပြု၍ မတုံ့ပြန်ပါနှင့်။

(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် 
စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သောသဘောနှင့် သည်းခံရမည် ဖြစ်၏။

(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကို
လည်းကောင်း၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊ သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့် တိုင်အောင် နည်းပရိယာယ်ကို သုံးလျက် 
သူတို့၏မိုက်မှားမှုကို သိမြင်လာအောင် ဟောပြောညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား 
သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုမူကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ 
အခွင့် လွှတ်ရမည် ဖြစ်၏။

(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြောရှင်းလင်းရမည်ဖြစ်၏။

(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ်လက္ခဏာတို့ကို မပြပါနှင့်။

(၆) သင်သည် အခါမလပ် မမေ့မလျော့သောစိတ်ဓါတ်နှင့်ဈာန်အဘိညာဉ်တရားတို့ကိုပွားများပါလေ။ မေတ္တာကမ္မဋ္ဌာန်း ကို ပွားများကာ ကမ္ဘာလောကကြီးတဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။

(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အားရိုက်နှက်သတ်ဖြတ်စေကာမူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့အပေါ်တွင် မေတ္တာ၊ ကရုဏာတရားများ ပွားများကာ နောက်ဆုံးသေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်အောက်မေ့ပါလေ။ သို့မှသာလျှင် သင်သည် သေ သည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံသော ဗြဟ္မာ့ဘုံသို့ ရောက်မည်ဖြစ်၏။

ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများ အား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။ သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရားများကို အထင်အမြင်မှားကာ သင်ကွယ်လွန်ပြီးနောက် 
သင်ဟောပြောသည့်တရားတို့ထဲမှ (၁) ချစ်ခင်ကြင်နာခြင်း၊ (၂) ကရုဏာပွားများခြင်း၊ (၃) လေးစားခြင်း၊ (၄) ဥပေက္ခာ ပြုခြင်း၊ (၅) သည်းခံခြင်း၊ (၆) အပြစ်မှခွင့်လွှတ်ခြင်း (၇) ကြိုးပမ်းအားထုတ်ခြင်း စသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒတရပ်ကိုထူထောင်ကြလိမ့်မည်" ဟူ၍ အမိန့်ရှိကာ အရိယ ပုတ္တ မထေရ်မြတ်ဟာ ဇီဝကရိတ အား ပြန်ခွင့်ပြုလိုက်တယ်။ ဇီဝကရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ကတိကဝတ်ပြုကာ သူရဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့ တယ်။

အဲဒီနောက် ယုဒယာမြို့မှာ ခရစ်တော် ပထမဦးဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေက ယေဟိုးဝါဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေမဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြတ် ဟောတဲ့တရားတွေသာ ဖြစ်တယ်လို့ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေမှာဟောပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက်ပဲကောင်းကောင်း တနည်းနည်းနဲ့တိုက်ဖျက်ကာ 
ရှုံ့ချပုတ်ခတ်ကြ သတဲ့။
ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယပုတ္တမထေရ်က 
သူ့ကိုမှာလိုက်တဲ့ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ 
ယေဟိုးဝါဟောတဲ့ တရားများဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါရဲ့ သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။ အမှန်ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက်မှားပြီး ယခုလိုလှည့်စားလိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။
ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကိုပြနိုင်ပေမယ့် ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန်အဘိညာဉ်ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ်။ ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ် တော်လို သူတော်ကောင်းတယောက်ရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့် တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြရတာပေါ့။
အဲဒီ ပါမောက္ခ မစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့ မှတ်တမ်းအရ ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ သားတော် မဟုတ် ဘူး ဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီးလက်ခံနိုင်ပြီမဟုတ်လား။ ဒါပေမယ့် သူက - "ကျွနု်ပ်ကား ထာဝရဘုရား သခင် ယေဟိုးဝါ၏သားတော်ဖြစ်သည်" ဟူသော စကားကိုပြောကာ ရေဟူဒီလူမျိုးတွေနဲ့ ဣသရေလလူမျိုးတွေကို သူ့ တရားကို လိုက်နာကြပြီး သူ့နောက်သို့လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာတော်က နိမိတ် ဖတ် လိုက်တဲ့အတိုင်းပဲ သူ့ရဲ့နောက်လိုက်တွေက သူ့ရဲ့ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့လိုသလို ဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော၊ ခရစ်တော်ကိုပါ ကိုးကွယ်ဆည်းကပ်ကြတယ်။
"ကျွနု်ပ်သည် ယေဟိုးဝါထာဝရဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကိုတီထွင်သည်။ ကျွနု်ပ်သည် ဘုရား တန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်းသစ်ကို တည်ဆောက်သည်။ ကျွနု်ပ်သည် အရေတော်ကို ဖြတ်လှီး၍ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်" ဟူသော ခရစ်တော်ရဲ့ သုံး ခွန်းသော စကားတို့ကို သူ့ရဲ့နောက်လိုက်များက မှားယွင်းတဲ့ အနက် အဓိပ္ပာယ်ဖြင့် ကောက်ယူခဲ့ကြတယ်။ ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဘာသာအယူဝါဒဟာ ယေဟိုးဝါရဲ့ ဘာသာအယူဝါဒနဲ့ လုံးဝမတူကြောင်းကို အထင်အရှား သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာဝင်တွေက ဒါကို နားမလည်ကြသေးဘူး။ သဘော မပေါက် ကြသေးဘူး။ ခရစ်တော်ရဲ့ သွန်သင်ဟောပြောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကိုနားမလည်ကြသေးဘူး။
အထက်က ဦးပဉ္ဇင်းဟောပြောခဲ့တဲ့ တကယ့်တိကျဟုတ်မှန်တဲ့ သက်သေသာဓကတွေအပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ သားတော် မဟုတ်ကြောင်းကို နောက်ထပ် သက်သေသာဓက ပြပါဦးမယ်။ ထာဝရဘုရားသခင်ရဲ့ တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ ခြားနားချက်တွေကို တကယ်တမ်း စီစစ်ကြည့်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ ရန်သူ၊ တနည်းအားဖြင့် ဆန့်ကျင်သူဖြစ်ကြောင်းကို လွယ်လင့်တကူနဲ့ သိမြင်နိုင်ပါတယ်။

ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က အဗြဟမ်အား -
"အကယ်၍ သင်၏မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံး ကိုလည်း သင်က ထိုးဖောက်၍ ယူလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏နှာခေါင်းကို လှီးဖြတ်ပစ်သည် ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏အသက် ကို သတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏အသက်ကို သတ်ဖြတ်ပါလေ။ ငါကား ဒေါသတရားဖြင့် ထုံ အပ်သည့် ထာဝရဘုရားသခင်တည်း။ ငါသည်သင့်အား လက်စားချေရေးတရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏" ဟု အလေးအနက် ဟောပြောတော်မူခဲ့တယ်။

ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်ကတော့ -
"အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်၏အင်္ကျီပါ ချွတ်၍ ပေးကမ်းလှူဒါန်းပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏လကျ်ာဘက်ပါးကို ရိုက်ခဲ့သည်ရှိသော် ထိုသူ အား သင်၏လက်ဝဲဘက်ပါးကိုပါ ရိုက်ပါစေ။ အစစကိုသည်းခံပါ။ သည်းခံခြင်းသည်သာလျှင်ကုသိုလ်တရားကို ပွားများ ပေးစေနိုင်သည်။ သင်၏အိမ်နီးချင်းများကို သင့်ကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အန္တရာယ် မပြုပါနှင့်" လို့ သူ့ရဲ့နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။

ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ဒီတရားနှစ်ခုဟာ တခုနဲ့တခုစပ်လို့ဟပ်လို့မရအောင် ကွာခြားနေတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ ယေဟိုးဝါရဲ့ သားတော်မဟုတ်ဘဲ ထာဝရဘုရားယေဟိုးဝါရဲ့ ရန်သူဖြစ် ကြောင်းကို အသိဉာဏ်ရှိတဲ့သူတိုင်းအထင်အရှားနားလည်သဘောပေါက်နိုင်ပါတယ်။ ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရ ဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုးဖောက်ဖျက်ဆီးနိုင်ခဲ့တယ်။ ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်းကို ဖျက်ဆီးခဲ့တယ်။ အရေပြားကို ဖြတ်လှီးပြီး ဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ်တဲ့ ထုံးတမ်းဓလေ့ကို ပယ်ဖျက်ခဲ့တယ်။

ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်လာခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္ဇင်း အကျဉ်းချုပ်သဘော နည်းနည်း ဟောချင်ပါသေးတယ်။ ခရစ်တော်သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန်လာတယ်ဆိုတဲ့ အဖြစ် အပျက် ကလေးကတော့ တော်တော်ကလေး ဦးနှောက်ကောင်းကောင်းနဲ့ တီထွင်လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ် ဖြစ်တယ်။ ဒီဇာတ်လမ်းကို တီထွင်လိုက်တဲ့သူကတော့ ပြည့်တန်ဆာလုပ်စားတဲ့ ပြစ်မှုနဲ့ ရေဟူဒီတရားရုံးက အမိန့်အရ ရေဟူဒီတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခြင်းခံရတဲ့ မေရီမက်(ဂ)ဒါလီနာ (Mary Magdalene) ဆိုတဲ့ အမျိုးသမီး တယောက်ဖြစ်တယ်။

ယေဟိုးဝါ သက္ကရာဇ် (၃၂၀၁) ခုနှစ်မှာ ရောမလူမျိုးဘုရင်ခံ ပွန်တီယပ်(စ)ပစ်လေးက "ခရစ်တော်ကွယ်လွန်ခြင်းနှင့် လိမ်လည်လုပ်ကြံထားသော ပြန်လည်ရှင်လာခြင်း" ဟူသော စာတမ်းတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာတမ်း ကတော့ -
"ဘက်သလဟမ်မြို့မှ မေရီ၏သား၊ အင်နာယေရှုခရစ်၏မြေးသည် ယေဟိုးဝါ၏အယူဝါဒကို မထီမဲ့မြင် သေးသိမ်ယုတ် ညံ့အောင် ပြုလုပ်လျက်ရှိသည်ဟူသော ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ ရောမလူမျိုးတို့၏ဥပဒေအရ ၎င်း အား ရာဇဝတ်ကောင်များကို ကားတင်၍ ကွပ်မျက်နေကျဖြစ်သည့် ဆီနိုင်တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက်ပစ်လိုက်၏။ ထို့နောက် ခရစ်ယာန်ဘာသာဝင်တို့အား ခရစ်တော်၏အလောင်းကို မည်သူမျှ တူး ဖော်ရွှေ့ပြောင်းခြင်း မပြုရဟု အမိန့်ထုတ်ဆင့်ထားသော်လည်း ခရစ်ယာန်ဘာသာဝင်တို့က တူးဖော်ရွှေ့ပြောင်းပစ်ကြ လိမ့်မည်ဟူသော ကောလဟလသတင်း ဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို ကျောက်ဂူထဲတွင် မြှုပ်ပြီး အလွန်ကြီး မားသော ကျောက်တုံးကြီးများကို တင်ထားလေ၏။ ၎င်းပြင် ရောမစစ်သည်တော်(၅၀)ကို အစောင့်ချထားလေ၏။ ခရစ်တော်သည် တန်ခိုးပြာဋိဟာတို့ကို ပြနိုင်သူဖြစ်ရကား ရောမလူမျိုးဘုရင်သည် သူတန်ပြန်၍ ရှင်လာမည်ကို စိုးရိမ် လှသဖြင့် အစောင့်စစ်သားများအား အထူးဂရုတစိုက် စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏။ ခရစ်တော် အသတ်ခံရပြီး ဒုတိယည၌ မေရီမက်(ဂ်)ဒါလီနာသည် ကချသည်အဝတ်တို့ကို ဝတ်ဆင်ပြီး ဆေးစပ်ထားသည့်အရက်နီကို ဖန်တကောင်း တခုတွင်ထည့်ကာ ခရစ်တော်မြှုပ်ရာ ကျောက်ဂူအနီးသို့ ချဉ်းကပ်လေ၏။ ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါလီနာ သည် ခရစ်တော်အား တကယ်တမ်းကြည်ညိုသူတယောက် ဖြစ်သည့်အကြောင်းကိုလည်းကောင်း၊ ခရစ်တော်၏အလောင်းကို လာရောက်၍ ယူရန်လာသည့် သူ၏အကြောင်းကိုလည်းကောင်း မသိကြသောကြောင့် သူ့ အား သူတို့ရှေ့တွင် ကခုန်သီဆိုခွင့် ပြုထားမိကြ၏။ သူသည် ဆိုရ ကရ၍ မောလာသောအခါ အရက် ဖန်တကောင်းကို ဖွင့်၍ သောက်ဟန်ပြုလေ၏။ သဘာဝအလျောက် အရက်ကို တပ်မက်ကြသည့် စစ်သည်တော်တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား အရက်တကောင်းကိုပေးလျှင်အားပါးတရ သောက်ကြလေ၏။ စစ်သည်တော်တိုင်း အလွန် ပြင်းထန်သည့် ဆေးများကို ခပ်ထားသည့် မက်(ဂ်)ဒါလီနာ၏ အရက်ကို တဖန်ခွက်စီသောက်ကြ၏။ မိနစ် အနည်းငယ် ကြာသောအခါ ဆေးခပ်ထားသည့်အရက်တန်ခိုးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ကြရာ (၃)ရက် ကြာမှ နိုးကြ၏။ ရောမစစ်သည်တော်များ အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာသာဝင်တို့ကို စုကာ ခရစ်တော်၏အလောင်း မြှုပ်နှံထားသည့် ဂူပေါ်မှ ကျောက်စိုင်ကျောက်တုံးကြီးများကို ဖယ်ရှားပစ်ကြ၍ အလောင်းကို တူးဖော်ယူကာ အစိုးရအာဏာပိုင်များ မသိသည့်နေရာသို့ တိတ်တဆိတ်ပြောင်းရွှေ့မြှုပ်နှံလိုက်၏။ နောက်နေ့ နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာသည် နန်းတော်၊ တရားလွှတ်တော်၊ ဈေးနှင့် ဇာတ်ရုံများဆီ သို့ သွားရာ လမ်းလေးခွ၌ ခရစ်ယာန်ဘာသာဝင်များစွာတို့ကို စုရုံးပြီး "အို ကျွနု်ပ်တို့၏ ယေရှုသခင်အား သက်ဝင် ယုံကြည် ကြသူ အချင်းတို့၊ ကြည့်ကြကုန်လော။ ယေရှုကိုယ်တော်မြတ်၏ ကျက်သရေရှိလှစွာသော ရုပ်သဏ္ဌာန်တော် ကို ဖူးမျှော်ကြလော့။ ကိုယ်တော်မြတ်ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက်ရှိသည်ကို ကြည့်ကြကုန်လော့" ဟု ဟစ်အော် ကြွေးကြော်ကြလေသည်။

ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြားဘာသာများကို သက်ဝင်ယုံကြည်ကြသူတို့က -
"သင်၏ ခရစ်တော်ကား အဘယ်မှာနည်း။ ခရစ်တော်သည် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့က မည်မျှပင် ဟစ်အော်ကြွားဝါနေကြသော်လည်း ငါတို့သည် မမြင်ချေတကား။ သင်တို့သည် လိမ်လည်နေခြင်းသာဖြစ်၏" ဟု ပြန်၍ ပြောကြ၏။

ထိုအခါ မေရီမက်(ဂ်)ဒါလီနာက -
"ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြားကို ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာလျှင် ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူသည်ကို မြင်ကြရချေမည်။ သခင်ယေရှုကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မှု မရှိဘဲ သတ်ဖြတ်လုပ်ကြံကြသည့် သင်တို့ဒိဋ္ဌိများကား ခရစ်တော်ကို မြင်ကြရမည်မဟုတ်ချေ။ သင်တို့ အကယ်၍ မယုံကြည်က ဆီနိုင်တောင်ထိပ်ပေါ်သို့တက်၍ကြည့်ကြလော့။ ထာဝရဘုရားသခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့် ရာပေါင်းများစွာသော လူများအားနှင့်မှ ရွှေ့နိုင်သော ကျောက်တုံးကြီးကို ရွှေ့ပြီးလျှင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်သည်ကို တွေ့ကြရမည်။ ၎င်းပြင် ရောမစစ်သည်တော် (၅၀)ကို တမန်တော်က မူးမေ့နေ အောင် ရိုက်နှက်ထုထောင်းထားခဲ့သည်ကိုလည်း ကြည့်ကြဦးလော့" ဟု ဆိုပြန်၏။
ခရစ်ယာန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော်ကြွေးကြော်နေကြသော်လည်း ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွ မြန်းသည်ကို မမြင်ရသည့် အစိုးရအဖွဲ့အာဏာပိုင်များ၊ ရေဟူဒီလူမျိုးများနှင့် ရောမလူမျိုးတို့သည် ဆီနိုင်တောင်ထိပ် ပေါ်သို့ တက်ကြည့်ကြရာ ခရစ်တော်၏ဂူပေါ်တွင် တင်ထားသည့် ကျောက်တုံးကြီးနှင့် ခရစ်တော်၏ အလောင်းတို့ကို မတွေ့ကြရတော့ချေ။ ၎င်းပြင် ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ကြလေ၏။

ဤအဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြသော ရောမစစ်သည်တော်တို့အား ရောမအာဏာပိုင်တို့က ထောင်ထဲသို့ ပို့ကြ၏။ သို့ရာတွင် တတိယနေ့၌ ရောမစစ်သည်တော်တို့သည် သတိရလာကြ၍ မက်(ဂ်)ဒါလီနာက သူတို့ကို အက အဆိုဖြင့် ဖြေဖျော်ပြီးနောက် ဆေးခပ်ထားသည့်အရက်ကိုတိုက်ကြောင်း၊ ထို့နောက် သူတို့ သတိလစ်သွားကြကြောင်း ပြန်ဖြေကြလေ၏။ ဤကဲ့သို့ အဖြစ်အပျက်မှန်ကို သိကြသောအခါ ရောမအာဏာပိုင်တို့သည် မက်(ဂ်)ဒါလီနာနှင့်တကွ ခရစ်ယာန်ဘာသာဝင်ရေဟူဒီများနှင့် ဣသရေလလူမျိုးပေါင်း (၁၀၀၀)ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်ပစ်လိုက် ကြ၏။ 

ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်က အသက်သေသွားပြီးဖြစ်တော့ ဒီ တန်ခိုးပြာဋိဟာတွေကလည်း ဘာမှ အသုံးမဝင်တော့ဘူးပေါ့။ ခရစ်တော်ဟာလည်း အခြားသတ္တဝါတွေလိုပဲ သေပြီးတဲ့ နောက် ဘယ်နည်းနဲ့မှ ပြန်မရှင်နိုင်တော့ဘူးပေါ့။

ဝစ်လဆင်။   ။
တပည့်တော်တို့ တခါမျှ မကြားဖူးတဲ့ အခုဆရာတော် ဟောပြောတော်မူတဲ့ ရောမဘုရင်ခံ ပစ်လေး ရဲ့မှတ်တမ်းကို ကြားရမှပဲ ခရစ်တော်ဟာ တိဘက်ပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ တပည့်သာဝက ဖြစ်တဲ့ အတွက် သူပြောပြတဲ့တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်းကို သိရပါတယ်။ နောက်တခုကတော့ သူဟာ အရိမိတ္တေယျ ဘုရားအလောင်းတော်မဟုတ်ဘဲ ဆရာတော်တို့လို ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ကြောင်း၊ ဈာန် အဘိညာဉ်ရကြောင်း တို့ကိုလည်း တပည့်တော် လက်ခံပါတယ်။ သူလည်းပဲ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဆိုတဲ့ ဓာတ်လေးပါး အဆောက်အဦဖြစ်တဲ့အတွက် အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည့်တော် ယုံကြည်ပါပြီ ဆရာတော်။
ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာကိုပါ နှံ့နှံ့စပ်စပ် အသိအမြင် များတဲ့အတွက် တပည့်တော်က ဆရာတော်ကို ကြည်ညိုပါတယ်။ ယခု ဆရာတော် ဟောပြတဲ့ အချက်အလက်တို့ကိုလည်း တပည့်တော် ယုံကြည်ပါ တယ် ဆရာတော်။

ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။