Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label အဓမ္မဝါဒ မိုးပြာ. Show all posts
Showing posts with label အဓမ္မဝါဒ မိုးပြာ. Show all posts

Sunday, March 18, 2012

သာသနာဖျက် မိုးပြာဝါဒ ဆိုသည်မှာ

သာသနာဖျက် မိုးပြာဦးဉာဏ၏ မဟုတ်မမှန် ဟောပြောချက်များ နှင့် 
 ထေရဝါဒဆရာတော်ကြီးများ၏ ဓမ္မရေးရာ ဖြေခြင်းချက်များ 


=> https://youtu.be/lcJfYTtKvyk




Tuesday, December 6, 2011

သာသနာဖျက် မိုးပြာဂိုဏ်း၏ နိဂုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၁၇။ ၂၀၁၁) မှ ဦးဉာဏ ဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် အဓမ္မဝါဒများအဖြစ် ဆုံးဖြတ်ကြေညာခဲ့ပါသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော် ဝိနိစ္ဆယအဖွဲ့ရုံးတွင် မိုးပြာ ဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ဓမ္မ-အဓမ္မ အငြင်းပွားခြင်းကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ ထေရဝါဒဗုဒ္ဓဒေသနာတော် အဆုံးအမများကိုမလိုက်နာဘဲ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ ၃၁ ဘုံနှင့် သံသရာမရှိ ဟူသော ရုပ်ဝါဒအယူ ကိုယူကာ ပိဋကတ်တော်သုံးရပ်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး ပစ္စုပ္ပန်ကမ္မဝါဒကို တီထွင်ဟောကြားသော ဓမ္မ ဝိဟာရီ အမည်ခံ ဦးဉာဏ၏ ဟောပြောချက်များ၊ ရေးသားချက်များ၊ အင်တာနက်ပေါ်တွင် တင်ပြချက်များသည် အဓမ္မဝါဒများဖြစ်ကြောင်း နိုင်ငံတော် ဝိနည်းဓိုရ် ဆရာတော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ဆုံးဖြတ်တော်မူရာတွင် စောဒက ဆရာတော်များက တင်ပြထားသော စောဒကလွှာ ၅၂ ချက်နှင့်တကွ ဆုံးဖြတ်ပြီးအဓမ္မဝါဒ အဟောင်းများ ဖြစ်ကြသော သျှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒါနု ဝါဒဝိနိစ္ဆယ၊ ဓမ္မနီတိဝါဒဝိနိစ္ဆယ၊ မြစ်ကြီးနား ဝိစိတ္တသာရဝါဒဝိ နိစ္ဆယ၊ မိုးညှင်း ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရဝါဒ ဝိနိစ္ဆယ၊ အနုဝါဒါမိကရုဏ်း ဝိနိစ္ဆယနှင့် ကျောက်သင်္ဘောဝါဒဝိနိစ္ဆယ အဓမ္မဝါဒ ဆုံးဖြတ် ချက်များ စာအုပ်များပါ အဓမ္မဝါဒများနှင့် ထပ်တူဖြစ်သော အချက် ၂၅ ချက်ကိုလည်း အဓမ္မဝါဒများအဖြစ် စိစစ်ကြေညာခဲ့ကြပါသည်။

  ပုံပေါ် Click နှိပ်၍ ပုံကြီးချဲ့ ကြည့်နိုင်ပါသည် 

 အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ချက်ချနေသည့် သံဃာ့အစည်းအဝေး ImageFra.me ImageFra.me ImageFra.me အဓမ္မ၀ါဒများကို နောင် ပြန်လည်မပေါ်ပေါက်စေရန် အာဏာစက်အကူညီပေးရန် စောဒကဆရာတော်များမှ တောင်းပန်လျှောက်ထားနေပုံ ImageFra.me

Wednesday, September 7, 2011

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၃ -



သာသနာတော်၌ အဓမ္မဝါဒီ အဝိနယဝါဒီများ ပေါ်ပေါက်လာခဲ့ပြီဆိုလျှင် အနုနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ တစ်ပါးတည်း ဖြေရှင်းရသည်လည်းရှိသည်။ အုပ်စုဖွဲ့၍ ဖြေရှင်းရသည်လည်း ရှိသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့်တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌ သီတင်းသုံးတော်မူလျှက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ - သီလမဲ့ ရဟန်းတပါး ပါဝင်နေ၍ မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူဘဲ ထိုင်လျှက်သာ သီတင်းသုံး နေတော်မူပါသည်။ ဤသို့နှင့် ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံး သွားသည့်အခါ အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ်တန်ခိုးဖြင့် ကြည့်တော်မူသောအခါ ဒုဿီလရဟန်း တစ်ပါးကိုတွေ့မြင်၍ သုံးကြိမ်တိုင်တိုင် အပြင်ထွက်ဖို့ တောင်းပန်ရှာပါသည်။ သုံးကြိမ်တောင်းပန်လျှက် မရသောအခါ ဒုဿီလရဟန်းကို လက်မောင်းကိုကိုင်လျက် အပြင်သို့ ဆွဲထုတ်ခေါ်ယူသွားခဲ့ပါသည်။ 

အထခေါ အာယသ္မာ မဟာမောဂ္ဂလာနော တံ ပုဂ္ဂလံ ဗာဟာယံ ဂဟေတွာ ဗဟိဒွါရကောဌကာ နိက္ခာမေတွာ…….။ (ဥပေါသထသုတ်) (အံ၊ ၃။ ၄၄/၅) 

ဤဝတ္ထုကိုထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးငြောင့်များ အင်အားမကောင်းပါက တစ်ပါးတည်းဖြင့် သုတ်သင်ရှင်းလင်းသည့် အစဉ်အလာ ရှိခဲ့သည်ကို တွေ့မြင်ရပေမည်။ သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်တို့ အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင် အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားကိုယ်တိုင် ခွင့်ပြုတော်မူခဲ့သည်ကို တွေ့ရှိရပါသည်။ 

အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသားရဟန်းများသည် ကုလဒူသကအနေသနမျိုးစုံဖြင့် သာသနာကို ဖျက်ဆီးလျှက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန် တို့ကိုခေါ်၍ “ ချစ်သားတို့ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊ သာသနာ့ ရန်ဆူးရန်ငြောင့်တို့ကို မောင်းထုတ်ကြ ” ဟု စေခိုင်းတော်မူပါသည်။ ထိုအခါ အရှင်သာရိပုတြာက “ စဏ္ဍာ တေ ဘိက္ခူ ဖရုသာ - မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား။ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲဘုရား ” ဟု လျှောက်တော်မူပါသည်။ 

ထိုအခါ မြတ်စွာဘုရားက….. “ တေနဟိ တုမှေ သာရိပုတ္တာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိ ံ ကစ ္ဆထ - ဒါဆိုရင် ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ ” ဟု နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။ အဂ္ဂသာဝကနှစ်ပါးလည်း ရဟန်းများစွာခေါ်သွားကာ သာသနာ့ရန်ဆူး ရန်ငြောင့်တို့ကို အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပါသည်။ (ပါရာဇိကဏ်ပါဠိတော်၊ ကုလဒူသကသိက္ခာပုဒ်နိဒါန်း) 

ဤဝတ္ထုကို သာဓကပြုလျှင် အဓမ္မဝါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့် အစဉ်အလာသည် မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည် ဆိုတာကို သဘောပေါက်ရပေမည်။ ဆိုအပ်ခဲ့ပြီးသော သာဓကတို့ဖြင့် မိုးပြာခေါင်းဆောင် ဦးဉာဏ ကို သံဃမဟာနာယက နှင့် အာဏာပိုင်များမှ ထောင်ချခြင်းသည် ဘုရားရှင်၏ အဆုံးအမနှင့် လျော်ညီစွာ ထိုက်တန်သော အပြစ်ဒဏ်ခတ်ခြင်းသာ ဖြစ်ပါ၏။ 

ဤအကြောင်းကို ထင်ရှားစေဖို့ မိုးပြာဦးဉာဏ၏ သမိုင်းကြောင်းနှင့် သူ၏လုပ်ရပ်တို့ အကျဉ်းချုပ်မျှ တင်ပြရပေမည်။ လွန်ခဲ့သည့်ကာလ (၂၇) နှစ်က ဦးဉာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။ ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယက အဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။ ရှင်ဉာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။ တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင် သုံးနှစ်ကြခဲ့ပါသည်။ နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ဝိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့် ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။ ၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရဝါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်ကျခဲ့ပါသည်။ ထောင်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံလျက် ဂိုဏ်းထူးထောင်ပြီး မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး (၂၀၀၂-၂၀၀၈)တို့မှာ အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပေသည်။ ဒုတိယအကြိမ် ထောင်မှ ထွက်လာပြီးကတည်းက ထေရဝါဒ သာသနာကို ရစရာမရှိအောင် ဖျက်ဆီး၊ ထေရဝါဒ ပိဋကတ်သုံးပုံကိုဖျက်ဆီးကာ ဘုရားဟောမဟုတ်သည်ကို ဘုရားဟော လုပ်၊ ဘုရားရှင်ကို အမျိုးမျိုးစွပ်စွဲပုတ်ခတ်ကာ ဝါဒသစ်ထူထောင်ခြင်းသည် ခိုင်လုံသော အကြောင်းတရားဖြစ်ပေ၏။ 

ပိဋကတ်ကျမ်းစာတို့ကို ဖျက်ဆီးထားသည်များကို ပြည့်ပြည့် စုံစုံသိလိုပါက စာရေးသူ၏ http://www.dhammaanalysis.multiply.com/ တွင် လေ့လာနိုင် ပါသည်။ ထို့အပြင် မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်လည်း လေ့လာနိုင်သည်။ ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာဝင်တို့ လိုက်နာရမည့် အနိမ့်ဆုံးဖြစ်သော ငါးပါးသီလကိုပင် ရစရာမရှိအောင် ဖျက်ဆီးထားပေသည်။ ပါဏာတိပါတာ - တိရိစ ္ဆာန်အားလုံး၏ အသက်ကို သတ်ကောင်း၏၊ အဒိန္နာဒါနာ - အဖွဲ့အစည်းပိုင်၊ အများပိုင်၊ အစိုးရပိုင် ပစ္စည်းခိုးကောင်း၏။ ကာမေသု - အမျိုးသမီးကျေနပ်က ကုသိုလ်တောင်ရ၊ မုသာ - လိမ်ပြောကောင်း။ သုရာ - လူမှန်းသူမှန်းမသိ မူးကွဲနေအောင် မသောက်ရင်ပြီးရော အရက်သောက်ကောင်း၏။ ဤအချက်ငါးချက်ဖြင့်ပင် ပိဋကတ်ကိုဖျက်ဆီးသော ပြစ်မှု့ဖြင့် ထောင်ချ၍ ရနိုင်သောအကြောင်း တရားထင်ရှားပေသည်။ 

ဒါကိုပင် ဝင့်ထန်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သော ဆရာတော် ဦးဇဝန တို့ မသိခြင်းကြောင့် သံဃနာယကကို အနိုင်ကျင့်သည်ဟု ဆိုလေသလော၊ ဦးဉာဏကို ထောင်ချခြင်းသည် သံဃမဟာနာယက၏ အပြစ်လည်းမဟုတ် အာဏာပိုင်များ၏ အပြစ်လည်း မဟုတ်ချေ၊ ဗာလော ဒဏ္ဍေန ဒမ္မတေ - လူမိုက်ကို ဒုတ်ကြီးကြီးဖြင့် ဆုံးမအပ်သည် ဟူသော အဆုံးအမနှင့် အညီ တတိယအကြိမ် ထောင်ဒဏ် အပြစ်ပေး၍ ဆုံးမခြင်းသာ ဖြစ်သည်။ ယခုအချိန်ထိ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိရှိကြသေး သောကြောင့် ဝင့်ထန်း နှင့် ဦးဇဝနတို့က အနိုင်ကျင့်သည်ဟု အထင်ရောက်ချေသည်။ တိတ္ထိဝါဒနှင့် ဗုဒ္ဓဝါဒ ကွာခြားသည်မှာလည်း ဤသို့ပင်ဖြစ်၏ တိတ္ထိတို့ဝါဒသည် အကြောင်းတရားကို မပယ်၊ မူလအရင်းခံရေသောက်မြစ်ကို မပယ်ဘဲ အကျိုးတရားကိုသာ ပယ်သတ်တတ်ပေ၏။ 

ထိုကဲ့သို့ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိသေးသမျှ ကာလပတ်လုံး........ 
သုဝါနဝုတ္တိနော ပန တိတ္ထိယာ။ (ဝိသုဒ္ဓိ၊ ၂။ ၁၃၈။ ပဋိသံ၊ ဌ၊ ၁။ ၁၄၇) 
ခဲဖြင့် ပစ်သူကို အရေးမစိုက် ခဲကိုသာ လိုက်ကိုက်တတ်သော ခွေးမိုက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ဥပမာအားဖြင့် အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်၏။ ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏ အပြစ်မဟုတ်၊ ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်၏။ ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌ သုတ်သင်သူ၏ အပြစ်မဟုတ်၊ စော်ကားသူ၏ အပြစ်သာ ဖြစ်၏။ ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊ စွပ်စွဲသူ၏ အပြစ်သာ ဖြစ်၏။ ထို့ကြောင့် ဒဏ်ခတ် မခံချင်လျှင် အစကတည်းက ဗုဒ္ဓကို မစွပ်စွဲသင့်ချေ၊ ဓမ္မကို မစော်ကားသင့်ချေ၊ သာသနာကို မဖျက်စီးသင့်ချေ၊ 

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Tuesday, September 6, 2011

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၂ -



သာသနာကို ဖျက်စီးဖို့ကြိုးစားလာလျှင်၊ သာသနာကို စော်ကားဖို့ကြိုးစားလာလျှင် ဘုရား အစရှိသောသူတော်ကောင်းများ လက်ပိုက်ကြည့်မနေဘူး ဆိုတာ အပိုင်း - ၁ - မှ သာဓကဖြစ်စဉ် များကိုကြည့်ပါက ထင်ထင်ရှားရှားသိမြင်နိုင်ပေသည်။ အခြားသောသာဓကများကိုလည်း ဤအပိုင်းတွင် ထပ်မံ၍ တင်ပါဦးမည်။ သာသနာတော်၌ အဓမ္မဝါဒီမိစ္ဆာတစ်ယောက် ပေါ်ပေါက်လာလျှင် ဘုရားရှင်၏ တပည့်သာဝက သူတော်ကောင်းများ အဘယ်သို့ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားအောင် ထိတ်လန့်တုန်လှုပ်စွာ ခံစားကြရသည်ကို ရှေးဦးစွာ သိထားဖို့ လိုအပ်ပေသည်။ 

မြတ်စွာဘုရားရှင်တို့သည် ဓမ္မဥပဒေကို ချိုးဖောက်သူ၊ ဓမ္မကို စော်ကားလာသူများကိုလည်း ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူမြဲပင်ဖြစ်၏။ မြတ်စွာဘုရားရှင်လက်ထက်က တံငါသည်သား သာတိ မည်သော ရဟန်းတစ်ပါး ရှိခဲ့ဘူးသည်။ ထိုရဟန်းကား ဗဟုသုတနည်းပါးသည့်အလျှောက် သဿတဒိဌိ ရှိသူဖြစ်၏။ ထိုရဟန်း ယူဆပုံက “ခန္ဓာငါးပါးအနက် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခ ါရတို့သည် ဖြစ်လေရာ ဘဝမှာပင် ချုပ်ပျောက်ခဲ့လေသည်၊ ဝိညာဉ်သည်ကား ဤဘဝမှ ထိုဘဝသို့လည်းကောင်း၊ ထိုဘဝမှ ဤဘဝသို့ လည်းကောင်း ကျင်လည်ကျက်စားကူးသွား၏ ” ဟူ၍ ဖြစ်၏။ ဝိညာဉ်သည် မြဲ၏ဟူသော သဿတဒိဌိအယူပင် ဖြစ်၏။ အမှားတွေကို အမှန်လုပ်ပြီး လိုက်လံဟောပြော ပြသနေ၏။ မတရားတွေကို တရားလုပ်ပြီး လိုက်လံဟောပြောပြသနေ၏။ ဘုရားဟော မဟုတ်ပါဘဲ ဘုရားဟောဟု ဟောပြောပြသနေ၏။ ထိုသာတိရဟန်းအား ရဟန်းကောင်းတို့က ဝိုင်းဝန်းကဲ့ရဲ့ကြပြီး မြတ်စွာဘုရားထံ အပ်နှံကြပေသည်။ 

ထိုအခါ မြတ်စွာဘုရားက သာတိရဟန်းအား မောဃပုရိသဘွဲ့တံဆိပ်များကို ပလူပျံအောင် ချီးမြင့်ပြီး ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူပုံကို အောက်ပါအတိုင်း သိရှိနိုင်ပေသည်။ “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောကျာၤး(အလကားကောင်)- အဘယ်မည်သောသူအား ငါ ဤသို့ဟောအပ်သည်ကို သင် သိသနည်း၊ မောဃပုရိသ - (အလကားကောင်) ငါသည် “ဝိညာဉ်သည် အကြောင်းကိုစွဲ၍ ဖြစ်၏။ အကြောင်းကိုကြဉ်၍ ဝိဉာဏ်ဖြစ်ခြင်းမည်သည် မရှိ” ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။ မောဃပုရိသ - (အလကားကောင်)၊ ထိုသို့ဟောထားပါလျှက် သင်သည် မိမိအမှားကို ယူဆခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏။ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏။ များစွာသော မကောင်းမူ့ကိုလည်း ဖြစ်ပွါးစေ၏၊ မောဃပုရိသ - (အလကားကောင်)၊ ထိုအမှားကို ယူဆခြင်းသည် သင့်အားရှည်ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့“ ဟု မိန့်တော်မူ၏။ တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ မျက်နှာအောက်ချပြီး မှိုင်တွေလိုက် ထိုင်နေရလေ၏။ ဤကား မြတ်စွာဘုရားကိုယ်တိုင် အဓမ္မဝါဒီ မိစ္ဆာရဟန်းကို ပရိသတ် အလည်၌ ပြင်းပြင်းထန်ထန် ချိုးနှိမ်နှိပ်ကွပ်ပုံဖြစ်၏။ (မဟာတဏှာသင်္ခယသုတ်) (မ၊ ၁၊ ၃၂၃။ မြန်မာပြန်-၃၃၂) ဤကဲ့သို့ သာသနာတော်၌ မိစ္ဆာကောင် တစ်ယောက် ပေါ်ပေါက်လာလျှင် ကြည်ညိုသူအပေါင်း ဆင်းရဲကြောင်းသာဖြစ်သောကြောင့် မိစ္ဆာကောင်သည် သာသနာတော်၌ မဟာစောရ(ဗုဒ္ဓကို ပုန်ကန်သည့် မဟာသူပုန်ကြီး) ဟု အမည်ပေးရပေသည်။ 

မြတ်စွာဘုရား၏ သာဝကတို့သည် မြတ်စွာဘုရားနည်းတူ ဓမ္မကိုစော်ကားလာသူများအား ရံဖန်ရံခါ၌ ဓမ္မဘက်မှ ဒဏ်ခတ်သည့် ဖြစ်ရပ်တခုကို ဆက်၍ပြပါဦးမည်။ မြတ်စွာဘုရားလက်ထက်က သာဋိမတ္ထိယ အမည်ရသော မထေရ်တစ်ပါး ရှိခဲ့ဘူးသည်။ ထို မထေရ်သည် ဈာန်အဘိဉာဉ်ရဆဠာဘိည ရဟန္တာတစ်ပါးဖြစ်၏။ ထိုမထေရ်ကို ကြည်ညို ကုန်သော ဒကာ ဒကာမများအနက် ရုပ်ရည်ရူပကာ ချောမောလှပ၍ ရှူ့ချင်စဖွယ်အမျိုးသမီးငယ် တစ်ယောက်သည် မထေရ် အား အမြဲတန်းရိုသေစွာ ဆွမ်းဆက်ကပ် လောင်းလှူသူဖြစ်၏။ ထိုအကြောင်းကို သိရှိသော မာရ်နတ်ကြီးက “ဒီရဟန်း မကောင်းသတင်းထွက်အောင် ငါလုပ်မည်၊ ဒီရဟန်း ထောက်တည်ရာမရအောင် ငါလုပ်မည်” ဟုကြံစည်ကာ သာဋိမတ္ထိယမထေရ် အယောင်ဆောင်၍ ဆွမ်းခံကြွရင်း အမျိုးသမီးလက်ကို ဆွဲကိုင်လိုက်ပါသည်။ ထိုအခြင်းအရာကို သိမြင်သော အိမ်သူအိမ်သားအပေါင်းတို့က ထိုမထေရ်ကို အကြည်ညိုပျက်ခါ မရိုသေ မလေးစားကြတော့ပေ။ မထေရ်ကလည်း အိမ်ရှင်တို့၏ အရိုအသေမဲ့သော အမူအရာကို မြင်၍ ဆင်ခြင်ကြည့်တော်မူသောအခါ မာရ်နတ်၏လက်ချက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ပေသည်။ ထိုသို့ သိရှိလိုက်သည်နှင့် တပြိုင်နက် မာရ်နတ်ကို ဒဏ်ခတ်သောအားဖြင့် “မာရ်နတ်၏ လည်ပင်း၌ ခွေးသေပုတ်ကြီး စွပ်စေသတည်း” ဟု အဓိဌာန်လိုက်၏။ ဤပြဿနာကို မာရ်နတ်ကိုယ်တိုင် ပြန်လည်ဖြေရှင်းပေးပြီးမှ ခွေးသေပုတ်ကို ရုပ်သိမ်း လိုက်တော့ပေသည်။ (ထေရ၊ ဌ၊ ၁၊ ၄၆၁ ) 

ဤသာဓက ဖြစ်စဉ်ကိုကြည့်ပါက မြတ်စွာဘုရား၏ သာဝကတို့သည် ဓမ္မဝိနယကို စော်ကားလာပါက လက်ပိုက်ကြည့်မနေဘဲ မာရ်နတ်ကြီးကိုပင် ဒဏ်ခတ်ပြီး နှိမ်နှင်းသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။ ထိုသာဓကများကိုကြည့်၍ တိတ္ထိဂိုဏ်းဆရာမိုးပြာဦးဉာဏ အား သံဃမဟာနာကမှ စိစစ်သုံသပ်၍ အာဏာပိုင်များမှ ထောင်ချလိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်တခု ဖြစ်ကြောင်း ရှေ့တွင် တင်ပြသွားပါမည်။ တဖက်မှ ဆောင်းပါးရှင်ဝင့်ထန်းက မိုးပြာဝါဒ နဲ့ပတ်သက်၍ မြန်မာအင်ဂျင်နီယာဖိုရမ် မှ အင်ဂျင်နီယာများက မိုးပြာဝါဒအကြောင်းကို ဆွေးနွေးထားသည် ဟု တင်ပြထားပါသည်။ ဝင့်ထန်း ၏ တင်ပြပုံမှာ မိုးပြာဦးဉာဏ၏ ဝါဒကို စိတ်ဝင်စား၍ သဘောကျ၍ ဆွေးနွေးထားသလိုမျိုး ထင်အောင် ရေးထားပေသည်။ မှန်ပေ၏ မြန်မာအင်ဂျင်နီယာဖိုရမ် တွင် မိုးပြာဝါဒ အကြောင်းကို အကျယ်တဝင့်ဆွေးနွေးထားတာကို တွေ့ရပါသည်။ ထိုဆွေးနွေးချက်များသည် မိုးပြာဝါဒကိုကြိုက်၍ ဆွေးနွေးထားသော ဆွေးနွေးချက်များမဟုတ်ပေ။ သာသနာကို ဖျက်စီးနေသည့် မိုးပြာဝါဒ ဟု ပို့စ်ပိုင်ရှင် ကိုနိုဗယ်မန်း မှ စတင်၍ ဆွေးနွေးထားသော ဆွေးနွေးချက်တခုဖြစ်ကြောင်း တွေ့ရှိရပေသည်။ ဝိုင်းဝန်းဆွေးနွေးသူ ကိုယ်ဟယ်ရီလွင်၊ အအောင်၊ ကိုတာတေ၊ ကိုကျော် 81 နဲ့ ဓမ္မမိတ်ဆွေ အများစုက မိုးပြာဝါဒကို ရှေ့တွင် ဆိုအပ်ခဲ့သော အနာထပိဏ်သူဌေးကြီးမှ မိစ္ဆာဒိဌိတွေကို နှိပ်ကွပ်သလို နှိပ်ကွပ်ဆုံးမထားသော ဆွေးနွေးချက်များကို တွေ့ရပါသည်။ ထိုအကြောင်းကို သက်ဆိုင်ရာဖိုရမ်သို့ စာဖတ်သူကိုယ်တိုင် သွားရောက်လေ့လာပါက သိရှိနိုင်ပေ၏။ မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်မကသေး မြန်မာကျူးပစ်ဖိုရမ် မှာလည်း ရှိပါသေး သည်။ ထိုဖိုရမ်တွင်လည်း ကိုတေဇဟိန်း နှင့် သာသနပါလအဖွဲ့သား ဓမ္မမိတ်ဆွေ များက သာသနာကို ဖျက်ဆီးနေသည့် ဝါဒတခုအဖြစ် ရှူ့မြင်သုံးသပ်၍ ဆွေးနွေးထားသည်ကို တွေ့ရပါသေးသည်။ တိုးတက်လာသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ သာသနာကို မီဒီယာ ကဏ္ဍဖြင့် ဘုရားရှင်နှင့်သူတော်ကောင်းတို့၏ အဆုံးမကို နာခံ၍ ကာကွယ်စောင့်ရှောက်နေသည်ကို တွေ့ရမည် ဖြစ်ပေ၏။ 

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Monday, September 5, 2011

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၁ -

မိုးပြာဦးဉာဏကို ထောင်ချတာ အနိုင်ကျင့်တာလားဆိုတဲ့ အမေးကို စာရေးသူက ပြတ်ပြတ်သားသား အဖြေပေးချင်လို့ ဒီခေါင်းစဉ်ကိုပေးပြီး ဒီပို့စ်ကို ရေးဖို့ဖြစ်လာပါတယ်။ တဖက်မှဆောင်းပါးရှင် ဝင့်ထန်း ရဲ့ အဆိုပြုချက်ကို ခိုင်လုံသော အထောက်ထားပြဆိုပြီးတော့မိုးပြာဦးဉာဏကို ထောင်ချလိုက်တာဟာ ထေရဝါဒ ဗုဒ္ဓသာသနာအတွက် မှန်ကန်သော လုပ်ရပ်တခုဖြစ်ကြောင်း သက်သေပြဖို့အတွက် အပိုင်းခွဲပြီး တင်ပြသွားပါမယ်၊ ဆောင်းပါးရှင်း ဝင့်ထန်းက ဗုဒ္ဓဝါဒ ဟာ အစဉ်အလာထုံစံအားဖြင့် အကြမ်းဖက်မှု့ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ ဘာသာတခုဖြစ်ကြောင်း ဆိုလာပါတယ်။ မှန်ပါတယ် ဒါဟာလုံး၀ မှန်ကန်သော စကားပါပဲ။ ဗုဒ္ဓဝါဒဟာ ဘာသာအယူဝါဒ မတူသူများအပေါ်ကို အနိုင်ကျင့်ပြီး ဗုဒ္ဓအယူဝါဒ ကို လက်ခံလာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး ဒါကို ကမ္ဘာတဝန်းလုံးက ဘာသာတရားကို စိတ်ဝင်စားတဲ့ လူတွေ အားလုံးသိပါတယ်။ 

မြတ်ဗုဒ္ဓ၏ တရားဂုဏ်တော် (၆) ပါးတို့တွင် ဧဟိပဿိက ဂုဏ်တော်ပါဝင်တယ်။ ဧဟိပဿိက ဆိုတာ အစမ်းသပ် ခံရဲခြင်းပါပဲ။ လာလှည့် ရှူ့လှည့်စမ်းသပ်လှည့် ဟု ဖိတ်ခေါ်ရဲခြင်းပဲ။ ထိုသို့ ဖိတ်ခေါ်ရဲခြင်း မှာလည်း “သွာက္ခာတော ဘဂဝတာ ဓမ္မော” မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထား ခြင်းကြောင့်ဖြစ်၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသောကြောင့် ဖြစ်၏။ သန္ဒိဌိကော-တကယ်ရှူ့လျင်တကယ်မြင် တကယ်သိ သောကြောင့် ဖြစ်၏။ အကာလိကော- အချိန်မရွေး အကျိုးပေးခြင်း၊ ချက်ခြင်းလက်ငင်းအကျိုးပေးခြင်းကြောင့် ဖြစ်၏။ ဒီအချက်ကြည့်ပါက ထင်ထင်ရှားရှား သိနိုင်ပါတယ် တခြားသောဘာသာဝင်တွေကိုလည်း လာလှည့် ရှူ့လှည့် ဆိုပြီး ရဲရဲတင်းတင်း ဖိတ်ခေါ်ရဲတဲ့ ဘာသာတခုပါ၊ အစမ်းသပ်ခံရဲတဲ့ ဘာသာတခု ဘာသာအယူဝါဒ မတူသူတွေလိုက်ခံတိုက်ခိုက်နေတာမျိုး မရှိသလို၊ အတင်းအကျပ် ဗုဒ္ဓဘာသာထဲဝင်ရန် ဆွဲခေါ်နေတာမျိုးလည်း မရှိခဲ့ပါဘူး၊ သို့သော်လည်း ဗုဒ္ဓအယူဝါဒကို တိုက်ခိုက်လာမယ်ဆိုရင် ဘုရားရှင် ကိုယ်တော်တိုင် လက်ပိုက်ကြည့်မနေခဲ့တဲ့ အစဉ်အလာတော့ ထင်ရှားစွာ ရှိပါတယ်။ 

သာသနာတော်မှာ အန္တရာယ်ကျရောက်လာပြီဆိုရင် မြတ်စွာဘုရားတောင်မှ ကောသလမင်းတောင်မှ သိကြားမင်းတောင်မှ အငြိမ်မနေ လက်ပိုက်ပြီးကြည့်မနေခဲ့ဘူးဆိုတာ အစဉ်အလာရှိခဲ့ပါတယ်။ ဇိနတ္ထပကာသနီ ကိုအကျဉ်းချုပ်လောက်မျှ ဖတ်ကြည့်လျှင် စာဖတ်သူ သိပါလိမ့်မယ်။ ပုရာဏကဿကြီး ဦးဆောင်တဲ့ ဒိဌိတွေက မြတ်စွာဘုရားနဲ့ တန်ခိုးပြိုင်မယ် လို့ပြောတဲ့အခါ မြတ်စွာဘုရားက တကယ်တန်ခိုးပြိုင်ခဲ့ပါတယ်။ အဲဒီလို တန်ခိုးပြိုင်တဲ့အခါမှာ တန်ခိုးပြပြီး မိစ ္ဆာဒိဌိတွေကို နှိမ်နှင်းခဲ့ပါတယ်။ ကိုယ့်သာသနာကို စော်ကားလာတဲ့သူကို တန်ခိုးနဲ့ နှိမ်နှင်းတယ်၊ အဲဒီလို တန်ခိုးနဲ့ နှိမ်နှင်းတဲ့အခါမှာ ကောသလမင်းကလည်း အစွမ်းကုန်ကူညီပါတယ်၊ ပရိတ်သတ်တွေ လူတွေ စုပေးတယ်၊ စည်တီးလှည့်လှည်ပြီးတော့ ကြေညာတယ် လာကြဟေ့ တိတ္ထိတွေကို မြတ်စွာဘုရားက တန်ခိုး ပြပြီး နှိမ်နှင်းတော့မယ် ကြည့်ကြ တန်ခိုးပြပွဲကို သာဝတ္ထိပြည် တပြည်လုံး မကြည့်မနေရ ပုံစံမျိုးနဲ့ စည်တီး လှည့်လှည်ပြီးတော့ ကြေညာမောင်းခပ်ပါတယ်။ နောက် သိကြားမင်းကလည်း ဘုရားသာသနာကို ဘာအရည် အချင်းမှ မရှိတဲ့ကောင်တွေက ဘုရားကို အန်တုတယ် သေပေစေ့ဆိုပြီး အဲဒီတိတ္ထိတွေကို ရေရယ် လေရယ် နေရယ် ပေါင်းပြီးတိုက်ခိုက်ပါတယ်။ သာသနာ့အန ္တရာယ်ကျရောက်လာတဲ့အခါ သိကြားမင်းလည်း အငြိမ်မနေပါဘူး။ နောက်တစ်ခါ ကရဏီဆိုတဲ့ ဥပါသိကာမလေးကလည်း ကောင်းကင်ပေါ်တက်ပြီး မြတ်စွာဘုရားကို လျှောက်တယ် မြတ်စွာဘုရားကိုယ်တိုင် မနှိမ်နှင်းပါနဲ့ တပည့်တော် ဒီကောင်တွေကို နှိမ်နှင်းမယ်ဆိုပြီး လျှောက် တယ် - နောက် ခုနှစ်နှစ်သားကိုရင်လေးကလည်း ဒီလိုပဲ အနာထပိဏ်သူဌေး နဲ့ ရှင်မဟာမောဂ္ဂလာန်၊ ဥပ္ပလ ဝဏ်ထေရီ တို့ကလည်း မြတ်စွာဘုရားကို ကိုယ်တိုင်မနှိမ်နှင်းပါနဲ့ တပည့်တော်တို့ကိုယ်တိုင် နှိမ်နှင်းပါမယ်ဆိုပြီး ကျရောက်လာတဲ့ သာသနာ့အန ္တရာယ်ကို အပြိုင်အဆိုင် နှိမ်နှင်းကြပါတယ်။ နောက်ဆုံးတော့ ပုရာဏကဿပ တိတ္ထိဂိုဏ်းဆရာကြီး ဘုရားကိုအန်တုလို့မရလို့ အရှက်ကွဲပြီး ရေထဲငုံ့ပြီး သေသွားရရှာပါတယ်။ ဒါကိုကြည့်မယ် ဆိုရင် ဒီကောင်တွေကို မြတ်စွာဘုရားက တန်ခိုးပြစရာမလိုဘူး အဘိဉာဉ်ရတဲ့ ခုနှစ်နှစ်သားကိုရင်လေးကို ဆုံမခိုင်းရင်ကိုရတယ် ဒါပေမယ့် မြတ်စွာဘုရားက ကိုယ်တိုင်ကို ဆုံးမတယ် နှိပ်ကွပ်တယ်၊ ဒါကိုကြည့်သော အားဖြင့် သူတည်ထောင်ထားတဲ့ သာသနာတော်ကြီးကို ဖျက်လို့ဖျက်ဆီးလုပ်လာရင် ဘုရားရှင်ကိုယ်တော်တိုင် ခန ္တီမနေဘူး လက်ပိုက်ကြည့်မနေဘူး ကြောင့်ကြမဲ့မနေဘူး ဆိုတာကို သိနိုင်ပါတယ်။ 

မြတ်စွာဘုရားဟာ ဝါသနာ နဲ့တကွ ကိလေသာအားလုံးကို အကုန်ပယ်ထားပါတယ်။ သို့သော်လည်း ပုရာဏကဿပကြီးကို သူ တန်ခိုးပြဋိယာ ပြလိုက်လို့ရှိရင် သေမယ်ဆိုတာကိုလည်း သိထားတာပါပဲ၊ ဒါပေမယ့် ထည့်မတွက်နိုင်ဘူး သေစေလိုတဲ့စိတ်တော့မရှိဘူး၊ သို့သော်လည်း နှိမ်နှင်းမယ်ဆိုတဲ့ စိတ်ကတော့ရှိနေတယ် သာသနာတော်ကို စော်ကားလာရင် ဒီပုံဒီနည်းနဲ့ နှိပ်ကွပ်ကြဆိုပြီး မြတ်စွာဘုရားက နှုတ်တော်က ထုတ်ဖော်မပြောရုံတမယ်ပဲ ရှေ့ကနေလုပ်ပြသွားတဲ့ အစဉ်လာသာဓက ထင်ရှားရှိပါတယ်။ ဒါဟာ လူမင်းဘက်က ကောသလမင်း၊ နတ်မင်းဘက်က သိကြားမင်း၊ ရဟန်းဘက်က ဘုရား သုံးဦးပေါင်းပြီး သာသနာမှာကျရောက်လာတဲ့ အန ္တရာယ်ကို ကာကွယ်နှိမ်နှင်းခဲ့တာပါပဲ၊ မြတ်စွာဘုရားဟာ ကိုယ်တော်တိုင် ရှေ့ကနေ လုပ်ပြသွားခဲ့သလို နှုတ်တော်က ထုတ်ဖော်ပြီး ပြောကြားသွားတဲ့ သုတ္တန်တခု ရှိပါသေးတယ်၊ အဲဒီသုတ္တန်က ကိ ံဒိဌိက သုတ်(မင်းဘာအယူရှိ သလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ) အဂုၤတ္ထရနိကယ်၊ ဒဿကနိပါတ်၊ ဥပါလိဝဂ်မှာ ပါရှိပါတယ်။

 အခါတစ်ပါးမှာ အနာထပိဏ်သူဌေးက တိတ္ထိတွေရဲ့ကျောင်းကိုသွားပြီးတော့ အယူဝါဒ စစ်ထိုးတယ်၊ တိတ္ထိတွေက သင်ဘာအယူရှိသလဲ လို့မေးတယ် အနာထပိဏ်သူဌေးက ငါ မြတ်စွာဘုရားရဲ့အယူဝါဒအားလုံး ကိုမသိဘူးတဲ့ အဲဒါဆိုရင် ရဟန်းတွေကကော ဘာအယူရှိသလဲတဲ့ ရဟန်းတွေရဲ့အယူ အကုန်လုံးကို ငါမသိဘူး တဲ့ အဲဒါဆိုရင် သင်ကကော တဲ့ အဲဒီမှာ အနာထိပိဏ်သူဌေးက ပြန်ပြောပါတယ် ငါ့အယူကိုသိချင်ရင် မင်းတို့ အယူကိုအရင်ပြောပေါ့ အဲဒီတော့ ဒိဌိတွေက သူတို့အယူဖြစ်တဲ့ သဿတ ဥစ္ဆေဒ တို့ကို အကုန်ပြောပါတယ်။ အနာထိပိဏ်သူဌေးကြီးကလည်း အေးအေးဆေးဆေး ထိုင်နားထောင်လို့လည်းပြီးရော တလုံးချင်းခေါင်းငုံ့ပြီး နေရအောင် အရှက်ရလောက်အောင် မျက်နှာမသာမယာဖြစ်အောင် တခွန်းတလေမှ ပြန်မပြောနိုင်အောင် ခေါင်းမထောင်နိုင်အောင် ပြန်နှိပ်ကွပ်တယ်၊ တိတ္ထိတွေရဲ့အယူ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကို ပြော ဆိုပြီး နှိပ်ကွပ်တယ်၊ အဲဒီမှာ တိတ္ထိတွေ အရှုံးကြီးရှုံးပြီး သူဌေးကြီးကိုဘာမှပြန်မပြောနိုင်တော့ သူဌေးကြီးလည်း တိတ္ထိတွေရဲ့ကျောင်းမှ ပြန်၍ မြတ်စွာဘုရားထံကိုသွားပြီးတော့ အကြောင်းစုံကို မြတ်စွာဘုရားအား ဝမ်းသာ အားရလျှောက်ပြပါတယ်။ 

အဲဒီမှာ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်၊ နောင်မလုပ်ပါနဲ့ကွာ သူတို့ဘာသာသူတို့ အယူမှားတာ နေပါစေ ကမ္မသကာပေါ့ဆိုတဲ့ စကားမျိုးကို ဘုရားမသုံးပါဘူး “သာဓု သာဓု ဂဟပတိ - သူဌေးကြီး ကောင်းတယ် ကောင်းတယ်” “ဧဝံ ဟောတေ မောဃပုရိသာ ကာလေန ကာလံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတဗ္ဗာ - ဒီလိုပဲ ဒီအလကားကောင်တွေကို၊ နိဂ္ဂဟေတဗ္ဗာ - နှိပ်ကွပ်ရမယ် ဘယ်လို နှိပ်ကွပ်ရမလဲဆိုရင် သုနိဂ္ဂဟိတံ - ကောင်းကောင်းကို နှိပ်ကွပ်ဆုံးမရမယ် တဲ့ ဒါပေမယ့် အသားလွတ်ကြီး လားဆိုတော့ မဟုတ်ပါဘူး - သဟဓမ္မေန - ယုတ္တိယုတ္တန်ပြပြီးတော့ ဆုံးမကွ” ဆိုပြီး ဘုရားက သေချာသင် ပေးခဲ့ပါတယ်။ တစ်ခါတရံပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ ကာလေန ကာလံ - ရံဖန် ရံခါ အခါခွင့် သင့်ရင် သင့်သလို အခွင့်အရေးရရင် ရသလို ကြုံရင် ကြုံသလို နှိပ်သာနှိပ်ကွပ်ကွာဆိုပြီး ဆုံးမခဲ့တာပါပဲ၊ အနာထပိဏ် သူဌေးကြီးကိုလည်း ချီးမွမ်းတော်မူပါတယ်။ သူဌေးကြီး ပြန်သွားတဲ့အခါမှာ မြတ်စွာဘုရားက ရဟန်းပရိသတ် ကို မိန့်တယ် “ယောသိတော ဘိက္ခေ၀ ဘိက္ခူ ဣမသ္မိ ံဝဿသရူပ သပနေ ္တာ ဣမသ္မိ ံ ဓမ္မဝိနယေ - ချစ်သား တို့ ငါဘုရားရဲ့သာသနာတော်မှာ အသက်တစ်ရာ ဝါတစ်ရာ့နှစ်ဆယ်ရတဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူ၊ သောဟိ ဧ၀ မေဝံ အညတိတ္ထိယေ ပရိဗ္ဗာဇကေ သုနိဂ္ဂဟိတံ နိဂ္ဂဏေယျ - ဝါ တစ်ရာရလို့ အသက်တစ်ရာ့နှစ်ဆယ်ရတဲ့ မထေရ်ကြီးဖြစ်စေ ထိုင်မနေရဘူး သာသနာပဖြစ်တဲ့ တခြားသော တိတ္ထိတွေကို ဒီပုံဒီနည်းနဲ့ ကောင်းကောင်း နှိပ်ကွပ်ဆုံးမရမယ် - ဘယ်လိုလဲဆိုတော့ ယထာတံ အနာထပိဏ္ဍိကေန ဂဟပတိနာ နိဂ္ဂဟိတာ - သူဌေးကြီး ဆုံးမသလိုမျိုး ဆုံးမရမယ်” လို့ မိန့်တော်မူပါတယ်။ ဒါဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သာဓက ပါ။ နောက်တခု ရှိပါသေးတယ် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး တတိယသံဃာယနာတင်တဲ့အချိန်က ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟာ အာဏာပိုင်မင်းတစ်ပါးဖြစ်တဲ့ သိရိဓမ္မာသောက မင်းကြီးနဲ့ပေါင်းပြီး သံဃာယနာမတင်ခင်မှာ တိတ္ထိတွေကို နှိမ်နှင်းခဲ့ပါတယ်။ အဲဒီ တတိယသံဃာယနာ ဘာကြောင့်တင်သလဲ ဆိုရင် ဘုရားရှင်၏ သာသနာမှာ သာသနာ့အန္တရာယ်တွေ ကျရောက်နေခဲ့လို့ပါပဲ၊ အဲဒီအချိန်တုန်းက အိန္ဒိယပြည်မှာ ရဟန်းသံဃာပေါင်း ၆ သန်း(သိန်း - ၆၀) ရှိပါတယ်၊ သိလဝန္တရဟန်းတွေပါပဲ၊ အဲဒီ သိန်းခြောက်ဆယ်ရှိတဲ့ ရဟန်းသံဃာတွေထဲမှာ ၆ သောင်းရှိတဲ့ ဒုဿီလရဟန်းတွေ မည်သူမှ ရဟန်းခံသင်္ကန်းဝတ်ပေးခြင်း မရှိဘဲနဲ့ ကိုယ်တိုင်သင်္ကန်းကောက်ဝတ်ပြီး သာသနာတော်ကို ဖျက်ဆီးဖို့ကြိုးစားတော့တာပါပဲ။ အဲဒီအချိန်မှာ ရဟန်းတု ဒုဿီလရဟန်းတွေ နဲ့ ရဟန်းစစ်တွေကိုခွဲခြားဖို့အတွက် အသောကမင်းကြီးကိုယ်တိုင် ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ထံမှာ ခုနှစ်ရက်တိုင်တိုင် ဗုဒ္ဓအယူဝါဒတွေကိုသင်ယူပြီး မင်းကြီးကိုယ်တိုင် စစ်ဆေး မေးမြန်းပြီး အဲဒီတိတ္ထိတွေကို လူဝတ်လဲပြီး တိုင်းပြည်ကနှင်ထုတ်ခဲ့ပါတယ်၊ နောက် တတိယသံဃာယနာ တင်ခဲ့တယ် တတိယသံဃာယနာတင်တယ်ဆိုတာက တိတ္ထိတွေရဲ့တရားနဲ့ ဗုဒ္ဓရဲ့ တရားမရောနှောအောင် လုပ်လိုက် တာပါပဲ ကထာဝတ္ထုကျမ်းကို လေ့လာမယ်ဆိုရင် ဒီအကြောင်းတွေကို အကုန်သိနိုင်ပါတယ်။ 

ဆက်လက်ဖော်ပြပါမည်...... 

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Friday, November 27, 2009

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၁၀)

`မြင့်မိုရ်တောင်တကယ်မရှိဟူသော´ မိုးပြာဂိုဏ်း၏ ဟောကြားချက်

ဦးဉာဏက-
`နတ်ပြည်တည်ရာက မြင့်မိုရ်တောင်ထိပ်ပဲ။ အဲသည်တောင်က ဥတုဇရုပ်ဖြစ်လို့
ပကတိမျက်စိနဲ့ မြင်ခွင့်ရှိတဲ့ အရာပဲ။ သည်တောင်ဟာ ကမ္ဘာ့ပထဝီမှာ တကယ်မရှိတဲ့
တောင်ပဲ။ ဒါကြောင့် သည်လောက်ယုတ္တိမဲ့တဲ့ အရာဖြစ်တယ်လို့ပဲ ပြောပါစေ´ ဟု
ရေးသားထားပါသည်။
(မိုးပြာကျောင်းမှ ပေးစာများ(၁)၊ ၃၄၁)

ရှင်းလင်းချက်

ရှင်ဉာဏ၏ အထက်ပါဟောပြောချက်နှင့် ပတ်သက်၍ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့
အမှတ်(၂) ဆရာတော်တို့၏ မိန့်ဆိုရှင်းလင်းချက်ကို တင်ပြလိုပါသည်။

ဆရာတော်တို့က
`မြင့်မိုရ်တောင်ကို လူတို့မျက်စိဖြင့် မြင်ကောင်းသည်မဟုတ်၊ မှန်ပြောင်းဖြင့်ပင်
မြင်နိုင်ကောင်းသော အရာမဟုတ်ပေ၊ ဂြိုလ်တု ဒုန်းပျံ၊ ကမ္ဘာပတ်ယာဉ်တို့ ကောင်းကင်အနှံ့
သွားနေသည်ဟု ဆိုသော်လည်း မြင့်မိုရ်တောင်၏ ခါးလည်လောက်မျှရောက်နိုင်ဖွယ်မရှိပေ၊
လဗိမာန်သို့ လူသားများ သွားရောက်ခြေချနိုင်ပြီဟု ဆိုခြင်းသည် ဗုဒ္ဓစာပေ အမြင်အရ
မဆန်းပေ၊ ဈာန်အဘိညာဉ်တန်ခိုးရရှိသော သူများသည် လ-နေ များကို လက်ဖြင့်ကိုင်တွယ်
သုံးသပ်နိုင်သည် ဟု ထေရဝါဒကျမ်းစာများကို ဆိုသည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ်သည်။

မန္ဓာတု မင်းကြီးသည် တာဝတိ ံသာနတ်ပြည်၌ သိကြားမင်း ၃၂ ဆက်လဲသည့်တိုင်အောင်
နတ်စည်းစိမ်ကို ခံစားခဲ့သည်ဟု ဆို၏။
မဖြစ်နိုင်သည် မဟုတ်၊ နတ်ပြည်ခြောက်ထပ်တွင် စတုမဟာရာဇ် နှင့် တာဝတိ ံသာ နတ်ပြည်
၂-ထပ်သည် မြေကိုမှီ၍ တည်နေသော ဘုမ္မဌကနတ်ပြည်ဖြစ်သည်။
ကြွင်းနတ်ပြည် လေးထပ်သည် ဟာလာဟင်းလင်း ကောင်းကင်ပြင်တွင် တည်နေသော
အာကာသဌက နတ်ဖြစ်သည်ဟု ထေရဝါဒကျမ်းစာများက ဆို၏။

အကန်းကို မြင်အောင် မပြနိုင်သကဲ့သို့ ဈာန်ကို မယုံသော သူမျိုးအား ယုံအောင်မပြောနိုင်
လက်တွေ့လည်း မပြနိုင်၊ မပြနိုင်သောကြောင့် မယုံစတမ်းဆိုလျှင်
သတ္တဝါအသီးသီး၌ အထင်အရှားရှိကြသော
Spirit Cognizance,
Consciousness စသည်ဖြင့် ခေါ်နေကြသော
စိတ် intelligence, Insight စသော ပညာဉာဏ်၏ အဆင့်အတန်း အရည်အချင်းများကို
ဓာတ်ပုံရိုက်၍ မပြနိုင်၊ မျက်စိ နှား လျှာ ကိုယ်တို့ဖြင့်လည်း စမ်းသပ်မတွေ့နိုင်သောကြောင့်
မယုံနိုင်ဟု ဆိုကြမည်လော၊

မြင့်မိုရ်တောင်နှင့် စပ်၍ ပါဠိကျမ်းဂမ်များ၌ အမြင့်ယူဇနာ မည်မျှ၊ မြေအောက်တွင် မြုတ်နေသော
အတိုင်းအဆ မည်မျှဟု အတိအကျဆိုသောလည်း ပြောင်းလဲတတ်သော သဘာဝအရ ထိုအတိုင်းအတာ
များသည် ထိုအတိုင်း အမြဲတည်ရှိကြမည်မဟုတ်၊ မြင့်မိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်တွင်
ယုဂန္ဓ စသော တောင်ကြီး -၇- လုံးနှင့် တောင်တို့၏ အကြား အကြားတွင် အလွန်အေးမြသော
သီဒန္တရ သမုဒ္ဒရာများရှိကြောင်း ဆိုသည်၊
ဤ ကိစ္စမျိုး၌ စာဆိုနှင့် လက်တွေ့သည် အခါခပ်သိမ်းကိုက်ညီသည်မဟုတ်၊
မြင့်မိုရ်တောင်သည် မြောက်ဝင်ရိုးစွန်း တည်ရာအရပ် မဖြစ်နိုင်ပါသလော။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါစက ရုရှားသိပ္ပံဆရာတို့သည် အာတိတ်ဒေသ
ရေခဲလွင်ပြင်ကြီးများ အောက်တွင် ရေခဲတောင်တန်းကြီး တစ်ခုကို တွေ့ခဲ့ရ၏။
မိုလိုတော့စ် တောင်တန်းဟု အမည်ပေးခဲ့သည် ဆို၏။
ယင်းရေခဲတောင်တန်းသည် မိုင် -၁- ထောင်ခန့်ရှည်လျား၍ အချို့တောင်ထွပ်များသည်
ပေ -၁- သောင်းကျော်မြင့်သည်၊ တောင်အမေရိကတိုက်ရှိ အင်ဒီးတောင်တန်းကြီးမျှ ရှိမည်ဟု
ခန့်မှန်းခဲ့ကြ၏။
လက်ရှိကမ္ဘာ၌ပင် ယနေ့လူသားတို့ မတွေ့သေး မသိသေးသော အချက်ပေါင်းများစွာရှိနေသည်
ယနေ့သိသမျှသည် အကုန်ပဲဟု မည့်သည့် သိပ္ပံပညာရှင်ကမျှ မပြောရဲကြသည်ကို
သတိချပ်အပ်သည်´ ဟု မိန့်ဆို ရှင်းလင်းထားပါသည်။
(လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ၊ ၆၈၇)

ဥပမာအားဖြင့် ဆိုရလျှင်
လူသားတို့ အသက်ရှင်သန်ဖို့အတွက် ရှူသွင်းနေရသော လေ သည်တကယ်ရှိပေ၏။
ထို လေ သည် မည်သည့်ပုံပန်းသဏ္ဍာန်ဖြစ်သည်ဆိုတာ မည်သူမျှ မပြောနိုင်ပေ
ထိုလေ ကို မမြင်ရ၍ မရှိဘူး မယုံဘူးဟု ဆိုလျှင် ထိုပုဂ္ဂိုလ်သည်
သည်းခြေပျက်နေသော အရူးအနှမ်းသာ ဖြစ်ချေမည်

ထိုကြောင့် ရှင်ဉာဏ၏ `မြင့်မိုရ်တောင် တကယ်မရှိဟူသော´ ဟောပြောရေးသားချက်သည်
အဓမ္မဝါဒ မိစ္တာဒိဌိများသာ ဟောပြောနေသော မဟုတ်မမှန် ရေးသားဟောပြောချက်များဖြစ်ကြောင်း
ရှင်းလင်းတင်ပြအပ်ပါသည်။


အရှင်ဝရသာမိ 
https://shinsami.blogspot.com

Tuesday, November 10, 2009

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၉)

''ဘုရားမှာ စိတ်ဆင်းရဲမှုကို ခံစားတယ် ''

ဦးဉာဏက -
''ဘုရားလည်း ခွင့်ပြုလိုက်ပါတယ်။ ရဟန်းတွေလည်း ပြန်ရောက်လာကြတာပေါ့။ ဒါကိုကြည့်ရင်
ဘုရားဟာ ရဟန်းတွေဆူဆူညံညံ အသံကြောင့် စိတ်ဆင်းရဲမှု ခံစားရတာ တွေ့ရတယ်။ ဘုရားဟာ
ဒုက္ခအဆုံးကို ရောက်ပြီးပေမယ့် ခံစားမှု ဆင်းရဲတော့ သူများလိုဘဲ ခံစားရတယ်။ ခံစားမှုဆင်းရဲဟာ
ဘုရားပယ်တဲ့ ဒုက္ခမဟုတ်ဘူး။ ဒါကြောင့် ခံစားစရာကို သူများလိုဘဲ ဘုရားခံစားရတယ်။
( ဦးဉာဏ၏ ဘုရား၊ စာ-၁ဝဝ/၁ဝ၁ )

'' တစ်ခါဇေတဝန်ကျောင်းနားမှာ ရှင်းလင်းလုပ်ကိုင် တည်ဆောက်နေတာကို
ဘုရားတွေ့သွားတယ်။ ဘုရားစုံစမ်းတော့ တိတ္ထိတွေရဲ့ ကျောင်းဆောက်တာဖြစ်နေတယ်။ တိတ္ထိတွေက
ဘုရားကြီးပွားတာ ဇေတဝန် မြေခံကောင်း လို့ဘဲ၊ တို့လည်းကြီးပွားအောင် ဒီနားကပ်ပြီး
ကျောင်းဆောက်မယ်။ ဒီလိုစိတ်ကူးနဲ့ ဆောက်ကြတာဘဲ။ ဒါကို သူတို့က ကောသလမင်းဆီ
မကန့်ကွက်နိုင်အောင်လို့ ငွေတစ်သိန်း လာဘ်ထိုးလုပ်ရတာ။ တိတ္ထိကျောင်း ဆောက်တာကို ဘုရားသိတော့
ဘုရားက သူ့တပည့်ကြီးတွေကို ကောသလထံ လွှတ်တယ်။ ကောသလကလည်း ဒီကိစ္စနဲ့ လာမှန်းသိလို့
တစ်ယောက်မှ အတွေ့မခံဘူး။ အထပ်ထပ်လွတ်တယ်။ ဘယ်သူမှ မတွေ့ခဲ့ရဘူး။ နောက်ဆုံးမှာ
ဘုရားကိုယ်တိုင် သွားတွေ့တယ်။ ကောသလ ရှောင်လို့မရတော့ဘူး။ အတွေ့ခံရတယ်။ ဘုရားက
တိတ္ထိကျောင်းကို ကန့်ကွက်ပြတယ်။ ကောသလက ငွေပြန်ပေးပြီး ကျောင်းကို ဖယ်ရှားခိုင်းပေးရတယ်။''

''ဒီအဖြစ်အပျက်ဟာ ဘုရားရဲ့ ခံစားမှုနဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်ဘဲ တုန့်ပြန်စရာကို
အသက်ဝင်ဝင်တုန့်ပြန် တာ တွေ့ရတယ်။''
( ဘုရား၊ စာ- ၁ဝ၁/၁ဝ၄ )

'' ဒီမှာဘုရားပြောခဲ့တဲ့ စကားတစ်ခု မှတ်သားစရာဘဲ။
''ရဟန်းတွေကို ငါဆောင်ထားတာ မဟုတ်ဘူး''တဲ့ ဒီစကားကို သူများတွေ နားမလည်စရာဘဲ။
ဒါပေမဲ့ ဒါဟာ သူသဘောထားဘဲ။
ဒီအချက်ဟာလည်း ဘုရားခံစားချက်နဲ့ ပတ်သက်တဲ့ အချက်တစ်ခုဘဲ။''
( ဘုရား၊ စာ- ၁ဝ၃/၁ဝ၄ )

'' နောက်ဆုံးတစ်ချက်က ဒေဝဒတ်က ဘုရားဆီက ဂိုဏ်းခွဲသွားတဲ့ လုပ်ငန်းပဲ။ ဒေဝဒတ်ဟာ
ဘုရားကို ပြိုင်ဆိုင်ပြီး ဂိုဏ်းခွဲတယ်။ သံဃာတစ်ချို့ သူ့နောက်ပါသွားတယ်။ ဘုရားအနေနဲ့ ဒီလိုဖြစ်ရတာဟာ
ဘယ်လိုနေမလဲ သူ့တပည့်ကြီး သာရိပုတ္တရာနဲ့ မောဂ္ဂလာန်တို့ကို ပါသွားတဲ့ ရဟန်းတွေကို ပြန်စည်းရုံး
ခိုင်းတယ်။ အတော်များများ ပြန်ပါလာပေမယ့် ဒေဝဒတ်နဲ့ တစ်ချို့ကတော့ ခွဲကျန်ခဲ့တာဘဲ။ နောက်ပိုင်းမှာ
သူ့ကို အမျိုးမျိုး စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာပဲ။ ရာဇဂြိုဟ်ထီးနန်းကို အပိုင်စီးတယ်။
သူ့ကို သေကြောင်းကြံတယ်။ ဒေဝဒတ်က ကန်တော့ လာတာကိုတောင် ဘုရားက လက်မခံဘူး။
ဒီတော့ ဒေဝဒတ်နဲ့စပ်လို့ ဘယ်လို ခံစားရသလဲဆိုတာ သိသာတယ်။ အခု လေ့လာခဲ့ရတာတွေဟာ
ခံစားမှုနဲ့ စပ်ပြီး ဘုရားရဲ့ ခံစားရပုံနဲ့ ခံစားမှုကို တုန့်ပြန်ပုံ အမျိုးမျိုးအကြောင်း သိရချက်ဘဲ။ ဒါတွေအရ
ဘုရားဟာ အသည်းနှလုံး မရှိသူ မဟုတ်ဘူး။ အသည်းနှလုံးရှိရှိ ခံစားပြီး ဦးနှောက်ရှိရှိ
တုန့်ပြန်သူဖြစ်ကြောင်း သိရချက်ပဲ ဖြစ်တယ်။ '' ဟု ဟောပြောရေးသားထားပါသည်။
( ဘုရား၊ ၁ဝ၄ )

*********************************************

ဦးဉာဏ၏ အထက်ပါဟောပြောချက်တို့နှင့် ပတ်သက်၍ အထူးပင်ပြောစရာ လိုမည်မထင်ပါ။
အဘယ့်ကြောင့်ဆိုသော် အနာဂါမ်ပုဂ္ဂိုလ်သည်ပင် ဒေါသကို အကြွင်းမဲ့
ပယ်ထားကြောင်း အဘိဓမ္မာတက်ဖူးသည့် ရဟန်း၊ ရှင်၊ လူ မည်သူမဆို သိထားပြီးဖြစ်သောပါသည်။
ဘုရားရှင်၏ တပည့်သာဝက အနာဂါမ် သည်ပင် ဒေါသပယ်ထား၍
စိတ်ဆင်းရဲမှု မခံစားရလျှင် ဘုရားရှင်မှာကား အဘယ်မှာလျှင် စိတ်ဆင်းရဲမှု ခံစားရပါအံ့နည်း။
ဦးဉာဏ၏ အသိကား အဘိဓမ္မာတတ်ဖူးသည့် အမျိုးသမီးငယ် တစ်ဦးလောက်ပင်အသိမရှိ လေစွတကား။
ဤမျှ အသိမရှိသောပုဂ္ဂိုလ်က ' ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာ ' ဟု နာမည်တပ်ကာ
အပြာဂိုဏ်း ထူထောင်ပြီး ခေါင်းဆောင်လုပ်နေခြင်းသည် သာသနာတော်အတွက်
ဝမ်းနည်းဖွယ်ပင် ကောင်းလှပါသည်။

အဘိဓမ္မတ္ထသင်္ဂဟခေါ် သဂြို ၤဟ်၌ -
'' အနာဂါမိ ပုဂ္ဂလာနံ ပန ပဋိဃဇဝနာနိစ နလဗ္ဘ န္တိ။ 
( စာ- ၆၉)

အနာဂါမိမဂ္ဂံ ဘာဝေတွာ ကာမရာဂဗျာပါဒါန မနဝသေသပ္ပဟာနေန အနာဂါမီနာမ ဟောတိ
အနာဂန္တွာ ဣတ္ထတ္တံ။
( စာ - ၁၆၄ )

အနာဂါမ်ပုဂ္ဂိုလ်သည် ကာမရာဂနှင့် ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်သတ်ထား၏။'' ဟု မိန့်ထား၏။
ဝိသုဒ္ဓိမဂ်၌လည်း ထို့အတူပင် မိန့်ဆိုထားပါသည်။
( ဝိသုဒ္ဓိ၊ ၂၊ ၃၁၇။ အဘိ၊ ၃၊ ၁၁၉ )


အနာဂါမ်ပုဂ္ဂိုလ်သည် ဒေါသပယ်ထားပြီးဖြစ်၍ စိတ်ဆင်းရဲမှုမရှိလျှင်
ရဟန္တာနှင့် ဘုရားရှင်တို့မှာ အဘယ်မှာလျှင် စိတ်ဆင်းရဲမှု ရှိပါမည်နည်း။ မရှိနိုင်ပေ။

မိလိန္ဒပဥှာ၌ -
ရဟန္တာပုဂ္ဂိုလ်တို့သည် နောက်ထပ် အသစ်တစ်ဖန် ပဋိသန္ဓေမနေတော့ပါ။ ထိုပုဂ္ဂိုလ်သည်
တစ်စုံတစ်ခုသော ဒုက္ခဝေဒနာကို ခံစားရဦးမည်လော?

အချို့သော ဝေဒနာကို ခံစားရ၍ အချိုကသော ဝေဒနာကို မခံစားရတော့ပါ။

အဘယ်ဝေဒနာကို ခံစားရ၍ အဘယ်ဝေဒနာကို မခံစားရတော့ပါသနည်း?

ကိုယ်၌ဖြစ်သော ကာယိကဒုက္ခဝေဒနာကိုသာ ခံစားရ၍ စိတ်၌ဖြစ်သော
စေတသိကဒုက္ခဝေဒနာကို မခံစား တော့ပါ။

အဘယ့်ကြောင့် ကာယိကဒုက္ခဝေဒနာကို ခံစားရ၍ စေတသိကဒုက္ခဝေဒနာကို
မခံစားတော့သနည်း?

ရဟန္တာပုဂ္ဂိုလ်တို့သည် ကာယိကဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းတရားများကို
မပယ်ရသေးသောကြောင့် ကာယိကဒုက္ခဝေဒနာကိုသာ ခံစားရသေး၏။
စေတသိကဒုက္ခဝေဒနာဖြစ်ကြောင်း တရားများကိုမူ ပယ်သတ်ပြီးဖြစ်သောကြောင့်
စေတသိကဒုက္ခဝေဒနာကို မခံစားရတော့ပါ။'' ဟု မိန့်ဆိုထားပါသည်။
( မိလိန္ဒ၊ ၄၄ )


မိလိန္ဒပဥှာ၌ပင် မိလိန္ဒမင်းကြီးက 
' အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်နှင့် တပည့်ပရိသတ်ကို အမျက်ထွက်ပြီး
နှင်ထုတ်တာလား ' ဟု မေးလာသည့်အခါ -

အရှင်နာဂသေနက -
မင်းမြတ်''ငါဘုရားသည် အမျက်ထွက်လေ့မရှိ ဒုစရိုက်ငြောင့် သစ်ငုတ်ကင်း၏''ဟု ဤစကားကို
မြတ်စွာဘုရား ဟောတော်မူအပ်၏၊ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်မထေရ်တို့ကိုလည်း
ပရိသတ်နှင့်တကွ နှင်ထုတ် တော်မူ၏၊ ထိုသို့နှင်ထုတ်ခြင်းသည်ကား အမျက်ထွက်ခြင်းကြောင့်
နှင်ထုတ်တော်မူသည်မဟုတ်၊

မင်းမြတ် ဤလောက၌ တစုံတယောက်သော ယောကျာ်းသည် သစ်မြစ်ကြောင့်သော်လည်းကောင်း၊
သစ်ငုတ်ကြောင့်သော် လည်းကောင်း၊ ကျောက်ကြောင့်သော်လည်းကောင်း၊ အိုးခြမ်းခွဲကြောင့်သော်
လည်းကောင်း မညီမညွတ်သော မြေအဘို့ကြောင့်သော် လည်းကောင်း၊ မြေကြီးပေါ်၌ ချော်၍လဲကျ၏၊
မင်းမြတ် မြေကြီးသည် အမျက်ထွက်သည် ဖြစ်၍ ထိုသူကို လဲစေသလော ဟု(မေးတော်မူ၏)။

အသျှင်ဘုရားမဟုတ်ပါ၊ မြေကြီးအား အမျက်ဒေါသ သည်လည်းကောင်း၊ ဝမ်းမြောက်ကြည်ရွှင်ခြင်း
သည်လည်းကောင်း မရှိပါ၊ မဟာပထဝီမြေကြီးသည် ချစ်ခြင်း မုန်းခြင်းမှ လွတ်ပါ၏၊
ထိုညံ့ဖျင်းသူသည် မိမိအလိုလိုသာလျှင် ချော်၍လဲပါ၏ဟု (လျှောက်၏)။
မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား တို့အား အမျက်ထွက်ခြင်းသည် လည်းကောင်း၊
ကြည်လင်ရွှင်ပျခြင်းသည်လည်းကောင်း မရှိပါ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော
(သစ္စာလေးပါး တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော
မြတ်စွာဘုရားတို့သည် ချစ်ခြင်း မုန်းခြင်းမှ လွတ်တော်မူကုန်၏၊
စင်စစ်သော်ကား ကိုယ်တိုင်ပြုအပ်သော မိမိ၏အပြစ်ကြောင့်သာလျှင် ထိုသူတို့ကို နှင်ထုတ်အပ်ကုန်၏။

မင်းမြတ် ဤလောက၌ မဟာသမုဒြာသည် သေသော အကောင်ပုတ်နှင့် အတူမနေ၊
မဟာသမုဒြာ၌ အကြင်သေသော အကောင်ပုတ်သည်ရှိ၏၊ ထိုသေသော အကောင်ပုတ်ကို
လျင်စွာသာလျှင်ထုတ်ပယ်၏၊ ကုန်းသို့ (တင်ပို့) ဖယ်ရှား၏၊ မင်မြတ် မဟာသမုဒြာသည်
အမျက်ထွက်သည်ဖြစ်၍ ထိုအကောင်ပုတ်ကို ထုတ်ပယ်သလော ဟု(မေးတော်မူ၏)။

အသျှင်ဘုရားမဟုတ်ပါ၊ မဟာသမုဒြာအား အမျက်ထွက်ခြင်းသည်လည်းကောင်း၊ ကြည်လင်ရွှင်
ပျခြင်းသည်လည်းကောင်း မရှိပါ၊ မဟာသမုဒြာသည် ချစ်ခြင်း မုန်းခြင်းမှ လွတ်ပါ၏ဟု(လျှောက်၏)။
မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားတို့အား အမျက်ထွက်ခြင်းသည်လည်းကောင်း၊
ကြည်လင်ရွှင်ပျခြင်းသည်လည်းကောင်း မရှိ၊ ပူဇော်အထူးကိုခံတော်မူထိုက်ကုန်သော
(သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ချစ်ခြင်း
မုန်းခြင်းမှ လွတ်တော်မူကုန်၏၊ စင်စစ်သော်ကား ကိုယ်တိုင်ပြုအပ်သော မိမိ၏အပြစ် ကြောင့်သာလျှင်
ထိုသူတို့ကို နှင်ထုတ်အပ်ကုန်၏။

မင်းမြတ် မြေ၌ ချော်သည်ဖြစ်၍ လဲကျသကဲ့သို့ ထို့အတူ မြတ်စွာဘုရား သာသနာတော်မြတ်၌
ချော်သည်ဖြစ်၍ နှင်ထုတ်အပ်၏၊ မင်းမြတ် မဟာသမုဒြာ၌ အသေကောင်ပုတ်ကို ထုတ်ပယ်သကဲ့သို့
ထို့အတူ မြတ်စွာဘုရား သာသနာတော်မြတ်၌ ချွတ်ချော်သူကို နှင်ထုတ်အပ်၏။ မင်းမြတ်
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ အကျိုးကိုအလိုရှိတော်မူ၍ အစီအပွားကို အလိုရှိတော်မူ၍
ချမ်းသာခြင်းကို အလိုရှိတော်မူ၍ စင်ကြယ်ခြင်းကို အလိုရှိတော်မူ၍
''ဤသို့ နှင်ထုတ်သဖြင့် ဤရဟန်းတို့သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းတို့မှ လွတ်ကုန်လတ္တံ့ ''ဟု
နှလုံးသွင်းလျက် နှင်ထုတ်တော်မူ၏ဟု (မိန့်တော်မူ၏)။
( မိလိန္ဒ၊ မြန်မာပြန်၊ ၁၉၉ )

တစ်ဖန် မြတ်စွာဘုရားက -
ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်မှာမူကား ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ
စိုးရိမ်, ပူဆွေး, ငိုကြွေး, မြည်တမ်း, စိတ်ပင်ပန်းခြင်းလည်း မဖြစ်၊ မေ့မြော့သွားခြင်းလည်းမရှိ၊ စိတ်ဆင်းရဲခြင်း
စိတ်ညစ်ခြင်း စသော စိတ်ဝေဒနာကို မခံစားရသော်လည်း ကိုယ်ဆင်းရဲမှု၊ ကိုယ်ပင်ပန်းမှုစသည့်
ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။

ရဟန်းတို့- ဥပမာအားဖြင့်ဆိုသော် ပထမအကြိမ်သာ ငြောင့်စူးခံရ၍
ထိုငြောင့်တချောင်းတည်းဖြင့်သာ ဝေဒနာခံစားရသော ယောကျာ်းနှင့် တူပေသည်။
ရဟန်းတို့- ထိုငြောင့်တချောင်းသာ အစူးခံရသော ယောကျာ်းကဲ့သို့ အကြားအမြင်ရှိသော
အရိယာသာဝက သည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် စိုးရိမ်, ပူဆွေး, မြည်တမ်း,
စိတ်ပင်ပန်းခြင်းလည်းမရှိ၊ မေ့မြော့သွားခြင်း လည်းမရှိ၊ စိတ်ဆင်းရဲမှု စိတ်ညစ်မှုစသော စိတ်ဝေဒနာကို
မခံစားရသော်လည်း ကိုယ်ဆင်းရဲပင်ပန်းမှုစသော ကာယိကဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။

အရိယာသာဝကသည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် အမျက်ဒေါသထွက်ခြင်း၊
စိတ်ဆိုးခြင်းများ မဖြစ်တော့။ ထို့ကြောင့် ထိုအရိယာသာဝကအား ဒုက္ခဝေဒနာကြောင့်ဖြစ်သည့်
ပဋိဃာနုသယလည်း မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။ ထိုအရိယာသာဝကသည်
ယင်းဒုက္ခဝေဒနာနှင့်ကြုံတွေ့ရသည့် အခါတွင် ကာမချမ်းသာမှတပါး ဒုက္ခဝေဒနာ၏ လွတ်မြောက်ရာကို
သိသောကြောင့် ကာမချမ်းသာကို မနှစ်သက် မလိုချင်၊ ထို့ကြောင့် ထိုအရိယာ သာဝကအား
သုခဝေဒနာကြောင့်ဖြစ်သော ရာဂါနုသယသည် မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။
ထိုအရိယာသာဝကသည် ဝေဒနာတို့၏ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊
သာယာ ဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း၊
ဟုတ်တိုင်းမှန်စွာသိ၏။ယင်းသို့သိသောကြောင့် ထိုအရိယာသာဝကအား ဥပေက္ခာဝေဒနာကြောင့်ဖြစ်သော
အဝိဇ္ဇာနုသယသည် မကိန်းတော့ မဖြစ်ပေါ်တော့ချေ။
ထိုအရိယာသာဝကသည် ဒုက္ခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍
ဒုက္ခဝေဒနာကို ခံစား၏၊ သုခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်မယှဉ်မူ၍
သုခဝေဒနာကို ခံစား၏။ ဥပေက္ခာဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်မယှဉ်မူ၍
ဥပေက္ခာဝေဒနာကို ခံစား၏။

ရဟန်းတို့ - အကြားအမြင်ရှိသော အရိယာသာဝကကို ပဋိသန္ဓေနေမှု, အိုမှု, သေမှု, စိုးရိမ်မူဆွေး
ငိုကြွေးမှု, စိတ်ဆင်းရဲမှု, ပြင်းစွာပင်ပန်းမှုတို့နှင့် မယှဉ်စပ်သူ၊ ဆင်းရဲဒုက္ခနှင့် မယှဉ်စပ်သူဟု
ငါဘုရားဟော၏။''ဟု မိန့်ကြားတော်မူ ထားပါသည်။
(သံ၊ ၂၊ ၄ဝ၉။ သံ၊ ဋ္ဌ၊ ၃၊ ၁၁၇)

ပဏ္ဏာသ အဌကထာ၌လည်း -

မာရ်နတ်ဟာလည်း ဘုရားလောင်းသိဒ္ဓတ္ထ တောထွက်လာချိန်ကစပြီး(၆)နှစ်ကြာ အပြစ်ရှာပေမယ့်
ဘုရား လောင်းမှာ မနှစ်သက်စရာ အပြစ်တစ်စုံတစ်ရာ မတွေ့ရပါ။ အောက်ထစ်ဆုံးအားဖြင့် စိတ်အကြံကိုမျှ
မတွေ့ရပါ။ မာရ်နတ်က ''အကယ်၍ ဘုရားလောင်းမှာ အကုသိုလ်ဝိတက်ကိုမျှ တွေ့ခဲရင် အဲဒီ နေရာမှာပဲ
ဘုရားလောင်းကို ဦးထိပ်မှာ ပုတ်ခတ်ပြီး ဖဲသွားမယ် ''လို့ ကြံစည်နေပါတယ်။ မာရ်နတ်ဟာ ၆-နှစ်ပတ်လုံး
ဘုရားလောင်းမှာ အပြစ်မတွေ့လို့ ဘုရားဖြစ်ပြီးနောက် တစ်နှစ်ကြာအောင် နောက်ကလိုက်ကာ
အပြစ်ရှာပေမယ့် စိုးစဉ်းအနည်း ငယ်သော အပြစ်မတွေ့ပါဘူး။ ဒါကြောင့် မာရ်နတ်ဟာ သွားသည့်အခါ
-
''ကြီးသော လုံးလဝီရိယ ရှိတော်မူသော၊ ကြီးသောဘုန်းရှိတော်မူသော မြတ်စွာဘုရား၊
အရှင်ဘုရားအား တန်းခိုး အခြံအရံတို့ဖြင့် တောက်ပတော်မူပါ၏။ အလုံးစုံသောရန်၊ အလုံးစုံသော
ဘေးတို့မှ လွန်တော်မူပါ၏။ ဂေါတမ အနွယ်ဖြစ်သောအရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏ ''
ဟုဆိုကာ ရှိခိုးသွားလေ၏ '' ဟု ဖွင့်ဆိုထားပါသည်။
( သံ၊ ၁၊ ၁၂၂ ) (မ၊ ဋ္ဌ၊ ၁၊ ဒု၊၂၇၉)

အထက်ပါ ပါဠိတော် အဌကထာတို့ကို ကြည့်သောအားဖြင့် အနာဂါမ်၊ ရဟန္တာတို့မှာ စိတ်ဆင်းရဲမှု
မရှိကြောင်း ထင်ရှားနေပါသည်။ ဘုရားလောင်းမှာပင် ကာမဝိတက်၊ ဗျာပါဒဝိတက်တို့ ရှာမတွေလေလျှင်
ဘုရားရှင်၌ စိတ်ဆင်းရဲမှု ဒေါမနဿဝေဒနာ မရှိကြောင်း ထင်ရှားနေပါသည်။

ထို့ကြောင့် ဦးဉာဏ၏  ဟောပြောချက်များသည် သက်သက် ဘုရားရှင်အား စွပ်စွဲပုတ်ခတ်
စော်ကားလို၍ ဟောပြောထားသော အချက်များဖြစ်နေသည်ကို ထင်ထင်ရှားရှား တွေ့ရပေသည်။


အရှင်ဝရသာမိ 
https://shinsami.blogspot.com
 

Monday, November 9, 2009

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၈)

မိုးပြာဦးဦးဉာဏသည် နှစ်ကာလကြာရှည်စွာ ကိုယ်တိုင် အယူမှားခဲ့သည်သာမက 
အပြာဂိုဏ်းထောင်၍  မဟုတ်မမှန် အဓမ္မတရားတွေကို ကျင့်သုံး၏ မဟုတ်မမှန်
တရားများကို ပြောင်ပြောင်တင်းတင်း ဖော်ပြ၍ ဗုဒ္ဓဘာသာအမည်ခံကာ
ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်၏။
ထိုကဲ့သို့ မသိနားမလည်ကုန်သော ပြည်သူများကိုပါ 
အဓမ္မဘက်သို့ ညွတ်စေအောင် ကျင့်သုံးစေအောင် ပြုလုပ်သော
ထိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ......
  
ဣဓ ဘိက္ခေ၀ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊ မိစ္ဆာဉာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ဝုစ္စတိ ဘိက္ခေ၀ ပါပေ။
ဒုတိယပါပဓမ္မသုတ် (အဂုၤတ္တိုလ်၊ ၁၊ ၅၄၅) 

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဉာဏ် ရှိ၏။
မှားသော လွတ်မြောက်မှု ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ် ဟု ဆိုအပ်၏။
(အဂုၤတ္တိုလ်၊ မြန်မာပြန်၊ ၅၆) 

ဣဓ ဘိက္ခေ၀ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊ ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။
အတ္တနာစ မိစ္ဆာဉာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဉာဏေ သမာဒပေတိ။ -ပ-။
အယံ ဝုစ္စတိ ဘိက္ခေ၀ ပါပေန ပါပတရော။
ဒုတိယပါပဓမ္မသုတ်
(အဂုၤတ္တိုလ်၊ ၁၊ ၅၄၅) 

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။
သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။
မိမိလည်း မှားသော အသိဉာဏ် ရှိ၏။ သူတပါးတို့ကိုလည်း မှားသော အသိဉာဏ်၌ ဆောက်တည်စေ၏။
ရဟန်းတို့ ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်(အယုတ်မာဆုံး) ဟု ဆိုအပ်၏။

ဤဒေနာတော်တို့ကို ကိုးကားလျက် ကောက်ချက်ဆွဲရလျှင်
အပြာဂိုဏ်းထောင်၍ ဘုရားဟောမဟုတ်သော အဓမ္မတရားများကို ဝါဒဖြန့်နေသော
ဦးဉာဏနှင့် တပည့်အပေါင်းပါတို့သည် ဘဘုရားရှင်ကို
ပုန်ကန်နေသော သူယုတ်ထက်ယုတ်သော သူယုတ် (ဝါ) ကမ္ဘာ့ အယုတ်မာဆုံး
ပုဂ္ဂိုလ်များဟု သတ်မှတ်ရပေတော့မည်။


**********************************************************

'' မမူးအောင် သောက်ရင် သီလမပျက် ''


ဦးဉာဏက -

သိက္ခာပုဒ်ပါဠိက သေရည်သေရက် ရှောင်လို့မဟုတ်

'' ဂရုဓမ္မသီလမှာတော့ သေရည်သေရက် သောက်ခြင်းက ရှောင်ရမယ်လို့ မဟုတ်ဘူး။
သူ့သိက္ခာပုဒ်ပါဠိက သေရည်သေရက်ကို မေ့လျော့တဲ့ နေရာထိ ရောက်အောင် ယစ်မူးခြင်းမှ
ရှောင်ကြဉ်ရမယ်ဆိုတာမျိုး အဓိပ္ပါယ်ရှိတယ်။ သူရာမေရယပါနာဝေရမဏိလို့ မဟုတ်ဘူး။ သူရာမေရယ
မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိလို့ဖြစ်တယ်။ ဒီပါဠိနှစ်ခုဟာ အဓိပ္ပါယ်မတူဘူး။ ဒုတိယပါဠိက သေရည်သေရက်
မူးယစ်စာကို မေ့လျော့တဲ့နေရာအထိ ယစ်မူးခြင်းမှ ရှောင်ကြဉ်မယ် ဆိုတာမိုျး အဓိပ္ပါယ်ရှိတယ်။''
( ဦးဉာဏ၏ ဘုရား၊ ၁၆၈/ ၁၆၉ )

'' ဒီတော့ ဒီသိက္ခာပုဒ်အဓိပ္ပါယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့
အဓိပ္ပါယ် မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေကို မသောက်သုံးရဘူးလို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့်
ဒီသိက္ခာပုဒ်အနက်ကို လွန်ပြီး မယူသင့်ကြဘူး။ လွန်ယူတော့ မလိုက်နာနိုင်တာ ဖြစ်သွားတယ်။
ကြိတ်မှိတ်လိုက်နာတော့ လူ့လောကမှာ လူစဉ်မမီဘဲ လူသင်းကွဲကြီးဖြစ်နိုင်တယ်။ ''
( ဘုရား၊ ၁၆၉ )

'' ဂရုဓမ္မသီလရဲ့ သေရည်သေရက်နှင့်စပ်တဲ့ ရှောင်ကြဉ်ရမယ့် အပိုင်းဟာ မသောက်ရလို့ မဟုတ်ဘဲ
မေ့လျော့တဲ့နေရာအထိ မသောက်ရလို့ ဖြစ်တယ်ဆိုတာ ထင်ရှားတာပဲ။ ''
( ဘုရား၊ ၁၇၅ )

'' ဒါကြောင့် လက်တွေ့မှာ အရက်ကို မလွန်အောင်သောက်ရင် သီလမပျက်ဘူး။
ဒီတော့ စောင့်စည်းမှုဆိုတာ မသောက်ဖို့ မဟုတ်ဘဲ မလွန်ဖို့လို့ပဲ ဖြစ်ဖို့ရှိတယ်။ ''
'' ဒါတွေအရ ဂရုဓမ္မသီလ မသောက်ရအနက်ဟာ မေ့လျော့အောင်
အလွန်မသောက်ရလို့သာဖြစ်တယ်''
( ဘုရား၊ ၁၇၇ )

*************************************************

ဦးဉာဏသည် အရက်သောက်ဖို့ အားပေး၏။ လိမ်ညာပြောဖို့ အားပေး၊ ခိုးဖို့နှင့် တိရစ္ဆာန်တွေကို
သတ်ဖို့ အားပေးနေ၏။ သုရာမေရယသိက္ခာပုဒ်အရ အရက်သောက်လိုလျှင် သောက်လို့ရ၏။
မမူးအောင်သောက် လျှင် သီလမပျက်ဟု ဆို၏။ ဦးဉာဏ၏ လက်ဖြစ်အဋ္ဌကထာ၊ ဋီကာစကားတို့သည်
ပြောင်မြောက်လှ၏။ သာသနာတော်ကို ဖျက်ဆီးမည့် စကားတို့ ဖြစ်နေ၏။
သုရာမေရယသိက္ခာပုဒ်လာ ပါဠိပုဒ်များကို တစ်ပုဒ်စီခွဲခြား၍ ကြည့်လျှင် ဦးဉာဏပြောသကဲ့သို့
ဟုတ်၊ မဟုတ်သိနိုင်ပါသည်။
၎င်းသိက္ခာပုဒ်လာ ပါဠိပုဒ်များကို ခွဲခြားကြည့်ပါက -
သုရာ တစ်ပုဒ်၊
မေရယ တစ်ပုဒ်၊
မဇ္ဇ တစ်ပုဒ်၊
ပမာဒ တစ်ပုဒ်၊
ဌာန တစ်ပုဒ်ဟူ၍ တွေ့ရပါသည်။

သုရာဟူသည် -

'' ပိဋ္ဌာဒီဟိ ကတံ မဇ္ဇံ သုရာ၊
မုန့်မှုံ့ အစရှိသည်တို့ဖြင့် ပြုအပ်သော သေရည်သည် သုရာမည်၏။
( ကင်္ခါဝိတရဏီအဋ္ဌကထာ၊ ၂၃၈ )

၎င်းသုရာသည်

'' သုရာနာမ ပိဋ္ဌသုရာ သြဒနသုရာ ပူဝသုရာ ကိဏ္ဏပက္ခိတ္တာ သမ္ဘာရသံယုတ္တာတိ ပဉ္စဝိဓာ။

၁။ ဆန်မှုန့်ကို ပြုလုပ်သော ပိဋ္ဌသုရာ၊
၂။ ထမင်းကို ပြုလုပ်သော သြဒနသုရာ၊
၃။ မုန့်ကို ပြုလုပ်သော ပူဝသုရာ၊
၄။ တဆေးမှုန့်ခေါ် သေရည်မျိုးစေ့ကို ထည့်၍ ပြုလုပ်သော ကိဏ္ဏပက္ခိတ္တသုရာ၊
၅။ ဖန်းခါးသီး၊ မုန်ညှင်းစေ့စသော ဆေးမည်များကို ရောစပ်၍ ပြုလုပ်သော
သမ္ဘာရသံယုတ္တသုရာ ဟူ၍ ငါးမျိုးပြားပါသည်။
( သံ၊ ဋ္ဌ၊ ၃၊ ၃၃၄။ ဒီ၊ ဋ္ဌ၊ ၃၊ ၁၂၇။ မဟာနိဒ္ဒေသ၊ ဋ္ဌ၊ ၃၁ဝ )

မေရယဟူသည် -

'' ပုပ္ဖါဒီဟိ ကတော အာသဝေါ မေရယံ။
ပန်းပွင့် အစရှိသည်တို့ဖြင့် ပြုအပ်သော အရက်သည် မေရယမည်၏။
( ကင်္ခါ၊ ဋ္ဌ၊ ၂၃၈ )

ထိုမေရယသည် -
'' မေရယန္တိ ပုပ္ဖါသဝေါ ဖလာသဝေါ မဓွာသဝေါ ဂုဠာသဝေါ သမ္ဘာရသံယုတ္တောတိ ပဉ္စ အာသဝေါ။

၁။ ထန်းပွင့်၊ အုန်းပွင့်၊ သစ်မည်စည်ပွင့်တို့မှ အရည်ကို ခံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော အရက် = ပုပ္ဖါသဝ၊

၂။ ပိန္နဲသီးစသော အသီးများ၏ အရည်ကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော အရက် = ဖလာသဝ၊

၃။ သပျက်သီး၊ ပျားရည်စသည်တို့ကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော အရက် = မဓွာသဝ၊

၄။ တင်လဲခဲ၊ တင်လဲရည် ကြံရည်စသည်တို့ကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော
အရက် =  ဂုဠာသဝ၊

၅။ သျှစ်သျှားသီး၊ ဖန်းခါးသီး၊ ပရုပ်စသော ပစ္စည်းများကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး
ပြုလုပ်သော အရက်= သမ္ဘာရသံယုတ္တာသဝ ဟူသော မေရယငါးမျိုးရှိပါသည်။
( အဘိ၊ ဋ္ဌ၊ ၂၊ ၃၆၅။ မဟာနိဒ္ဒေသ၊ ဋ္ဌ၊ ၃၁ဝ။ ဒီ၊ ဋ္ဌ၊ ၃၊ ၁၂၇။ ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၁၇ )

မဇ္ဇံဟူသည် -

'' တံ သဗ္ဗမ္ပိ မဒကရဏဝသေန မဇ္ဇံ။
( မဟာနိဒ္ဒေသ၊ ဌ ၊ ၃၁ဝ။ ဒီ၊ ဋ္ဌ၊ ၃၊၁၂၇ )

'' မဇ္ဇန္တိ တဒေဝ ဥဘယံ, ယံဝါပနညမ္ပိ သုရာသဝဝိနိမုတ္တံ မဒနီယံ။
( သံ၊ ဌ၊ ၃၊ ၃၃၄ )

''မဇ္ဇန္တိ တဒုဘယမေဝ မဒနိယဋ္ဌေန မဇ္ဇံ၊ ယံဝါ ပနညမ္ပိ ကိဉ္စိ အတ္ထိမဒနိယံ၊ ယေန ပီတေန
မတ္တော ဟောတိ ပမတ္တော၊ ဣဒံ ဝုစ္စတိ မဇ္ဇံ။
( ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၁၇ )

''သုရာနှင့်မေရယ နှစ်မျိုးသည် မူးယစ်စေတတ်သောကြောင့် မဇ္ဇမည်၏။
တစ်နည်းအားဖြင့် သောက်စားလျှင် မူးယစ်စေနိုင်သော အခြားတစ်စုံတစ်ခုသောအရာသည်လည်း မဇ္ဇမည်၏။

ပမာဒဋ္ဌာနဟူသည်

ယာယ စေတနာယ တံ ပိဝန္တိ၊ သာ ပမာဒဿ ကာရဏတ္တာ ပမာဒဋ္ဌာနံ နာမ။
( သံ၊ ဋ္ဌ၊ ၃၊ ၃၃၄ )

ပမာဒဋ္ဌာနန္တိ ပမာဒကာရဏံ။ ကာယ စေတနာယ တံ မဇ္ဇံ ပိဝတိ၊ တဿ ဧတံ အဓိဝစနံ။
( ဒီ၊ ဋ္ဌ၊ ၃၊ ၁၂၇။ မဟာနိဒ္ဒေ၊ ဋ္ဌ၊ ၃၁ဝ )

ပမာဒဋ္ဌာနန္တိ ယာယ စေတနာယ တံ ပိဝတိ အဇ္ဈောဟရတိ၊ သာ စေတနာ မဒပ္ပမာဒ
ဟေတုတော ပမာဒဋ္ဌာနန္တိ ဝုစ္စတိ။
( ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၁၇ )

'' ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် ပမာဒဋ္ဌာနမည်၏ ''ဟု
အသီးသီးဖွင့်ဆို ထားပါသည်။
ထို့ကြောင့် မေရယမဇ္ဇပမာဒဌာနဟူသည် ကုသိုလ်ကောင်းမှု၌
မေ့လျော့ခြင်း၏အကြောင်းဖြစ် သော သေရည်အရက် မူးယစ်ဆေးဝါးကို သုံးစွဲသော
အကုသိုလ်စေတနာကို ခေါ်ပါသည်။

အထက်ပါအဋ္ဌကထာအဖွင့်တို့ကို ကြည့်သောအားဖြင့် အရက်မူးအောင်လည်း မသောက်ရ၊
မမူးအောင်လည်းမသောက်ရပေ။
ဦးဉာဏကမူ' လွန်အောင်မသောက်ရင် သီလသိက္ခာမပျက်
ထို့ကြောင့်အလွန် အကျွန်မသောက်ဘဲ ထိန်းထိန်းသိမ်းသိမ်း သောက်ကောင်း၏။
ဤသို့ အလွန်ကျွန်မသောက်ခြင်းသည် သီလ သိက္ခာလည်းမပျက်၊
မင်္ဂလာ လည်းမပျက်'ဟုဆိုထားပါသည်။

ပါစိတျာဒိ အဋ္ဌကထာ၌ -
တဒုဘယမ္ပိ ဗီဇတော ပဋ္ဌာယ ကုသဂ္ဂေနာပိ ပိဝတော ပယောဂေ ပယောဂေ ပါစိတ္တိယံ။

အန္တမသော ကုသဂ္ဂေန ပိ ပိဝတီတိ ဧတံ သုရံဝါ မေရယံ ဝါ ဗီဇတော ပဋ္ဌာယ ကုသဂ္ဂေန
ပိဝတောပိ ပါစိတ္တိယမ္ပိ အတ္ထော။ ( ဝိ၊ ဋ္ဌ၊ ၂၊ ၁၂၇ )

သေရည်အရက်မဖြစ်သေးသော်လည်း သေရည်ဖြစ်အောင် ဆန်မှုန့်စသည်ကို
သင့်လျော်သောရေဖြင့် နယ်၍လုပ်ထားလျှင်လည်းကောင်း၊ အရက်ဖြစ်အောင်
သစ်မည်ဇည်ပွင့်၊ အုန်းပွင့်၊ ထန်းပွင့် စသည်ကိုစိမ်ထားလျှင် လည်းကောင်း သေအရက်တို့၏
အမျိုးဖြစ်ပြီ။ ထိုမျိုးမှစ၍ သမန်းမြက်ဖျားဖြင့်သော်လည်း သောက်သောရဟန်းအား ပယောဂ၊
ပယောဂတို့၌ ပါစိတ်အာပတ်သင့်၏'' ဟု ဖွင့်ဆိုထားပါသည်။ သို့ဖြစ်၍ သေရည်အရက်ကို သောက်လိုသော စေတနာနှင့် တစ်စက်၊
နှစ်စက်မျှသောက်လျှင်ပင် သိက္ခာပုဒ်ပျက်စီးပါသည်။

သုရာမေရယသိက္ခာပုဒ်၌ သိက္ခာပုဒ်ပျက်စီးရန် အင်္ဂါလေးပါးရှိပါသည်။
ထိုအင်္ဂါလေးပါးတို့မှာ
-
၁။ သေရည်အရက် စသော မူးယစ်စေတတ်သည့် အရာတစ်မျိုးမျိုးဖြစ်ခြင်း၊
၂။ သေရည်အရက်ကို သောက်လိုစိတ်ရှိခြင်း၊
၃။ သောက်စားနိုင်ရန် လုံ့လပြုခြင်း၊
၄။ ခံတွင်း သို့မဟုတ် ခန္ဓာထဲသို့ဝင်ခြင်းတို့ဖြစ်ပါသည်။ ( ခုဒ္ဒပါဌ၊ ဋ္ဌ၊ ၂၁ )

ဦးဉာဏ၏ 'လွန်လွန်ကျွန်ကျွန်မသောက်ဘဲ ထိန်းထိန်းသိမ်းသိမ်းသောက်ခြင်းသည်လည်း'
အထက် ဖော်ပါ အင်္ဂါလေးရပ်နှင့် ညီညွတ်နေသဖြင့် သိက္ခာပုဒ်ပျက်စီးပါသည်။
မင်္ဂလာပျက်၍ အမင်္ဂလာဖြစ်ပါသည် ။


အရှင်ဝရသာမိ 
https://shinsami.blogspot.com
 

Sunday, November 8, 2009

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၇)

မြတ်စွာဘုရားရှင်က အဂုၤတ္ထိုရ်ပါဠိတော် တိကနိပါတ်၊ အန္ဓသုတ်တွင် ပုဂ္ဂိုလ်သုံးမျိုးအကြောင်းကို
ခွဲခြား၍ ဟောကြားထား၏။ ထိုပုဂ္ဂိုလ်သုံးမျိုးမှာ.....

(၁) အစက္ခုကအန္ဓ  -    စုံလုံးကန်းသူ၊

(၂) ဧကစက္ခုကအန္ဓ -   တစ်ဘက်သာကန်းသူ၊

(၃) ဒွိစက္ခုက          -   နှစ်ဘက်လုံးမြင်သူ ဟူ၍ ဖြစ်ပါသည်။

ထိုသုံးမျိုးတွင်........

(၁) အစက္ခုကအန္ဓ  -    စုံလုံးကန်းသူဟူသည်မှာ လောကရေးရာအရ ကြီးပွါးတိုးတက်ကြောင်း ဉာဏ်အမြင်ဟု
ဆိုအပ်သော " လောကမျက်စိ " လည်းမရှိ၊ ဓမ္မရေးရာအရ ကုသိုလ်နှင့် အကုသိုလ်၊ အပြစ်ရှိသောတရားနှင့်
အပြစ်မဲ့သောတရား၊ ယုတ်ညံ့သောတရားနှင့် မွန်မြတ်သောတရား၊ မည်းညစ်သောတရားနှင့် ဖြူစင်သော
တရားတို့ကိုခွဲခြားသိမြင်တတ်သည့် " ဓမ္မမျက်စိ " လည်းမရှိသူကို ခေါ်ပါသည်။ အကျဉ်းအားဖြင့်
လောက , ဓမ္မ မျက်စိနှစ်ခုလုံး ကန်းသည့်ပုဂ္ဂိုလ်ကို အစက္ခုကအန္ဓ  -   စုံလုံးကန်းသူ ဟုခေါ်ခြင်း
ဖြစ်ပါသည်။

(၂) ဧကစက္ခုကအန္ဓ -   တစ်ဘက်သာကန်းသူ ဆိုသည်မှာ လောကရေးရာအရ ကြီးပွါးတိုးတက်ကြောင်း
ဉာဏ်အမြှော်အမြင် ရှိသော်လည်း ဓမ္မရေးရာအရ ကုသိုလ်နှင့် အကုသိုလ်စသည်ကို ခွဲခြားသိမြင်တတ်သည့်
ဉာဏ်အမြင်မရှိသူကို ခေါ်ပါသည်။ အကျဉ်းအားဖြင့် " လောကမျက်စိ " အမြင်ရှိသော်လည်း " ဓမ္မမျက်စိ "
အမြင်မရှိသူကို ဧကစက္ခုကအန္ဓ -   တစ်ဘက်ကန်း ဟု ခေါ်ခြင်းဖြစ်ပါသည်။

(၃) ဒွိစက္ခုက          -   နှစ်ဘက်လုံးမြင်သူ ဟူသည်မှာ လောကမျက်စိရော ဓမ္မမျက်စိပါ မျက်စိတစုံလုံး
အမြင်ရှိသူကို ခေါ်ခြင်းဖြစ်ပါသည်။

ဤဒေသနာတော်နှင့် တိုက်ဆိုင်ကာ ဗုဒ္ဓဘာသာအမည်ခံ၍ သတ်နည်းအမျိုးမျိုး၊ ခိုးနည်းအမျိုးမျိုး၊
လိမ်ညာနည်း အမျိုးမျိုးတို့ကို သင်ကြားပြသနေသော မိုးပြာဦးဉာဏသည် စုံလုံးကန်းလော၊
တစ်ဘက်ကန်းလော ဆိုတာ စာရှူသူအဆွေများကိုယ်တိုင်သာ ဆုံးဖြတ်ကြလေကုန်။

****************************************************************

'' လိမ်ညာပြောဆိုတိုင်း သီလမပျက် ''

ဦးဉာဏက -

"ချွတ်ယွင်းပြောတိုင်း သီလမပျက်"
ဂရုဓမ္မသီလ မလိမ်ရသိက္ခာပုဒ်မှာ ယူရမယ့်မလိမ်ရပုံကို ဘုရားဘယ်လို ဖွင့်တယ်လို့ကြည့်ရမယ်။
စကားမှန်မှု အားလုံးကို ရှောင်ရှားခြင်းလို့ ဒီသိက္ခာပုဒ်အရ ယူရမယ့်ပုဒ်မရှိဘူး
ဘုရားဟာဝိနည်းပညတ်ချက်မှာ မမှန်စကားကို အမျိုးအစားနှစ်ခုခွဲခြားပြီး ပညတ်တာရှိတယ်။
ကိုယ့်ဘဝနဲ့စပ်ပြီး ပြောတဲ့ မမှန်စကားနဲ့ ကိုယ့်ဘဝမဟုတ်တဲ့အရကို ပြောတဲ့မမှန်စကားတွေဘဲ။

"ချွတ်ယွင်းစကား နှစ်မျိုးပြား"
ကိုယ့်မှာမရှိဘဲ ရှိတယ်ပြောတာမျိုး ကိုယ့်မှာမဖြစ် ဖြစ်တယ်ပြောတာမျိုး ကိုယ်မသိဘဲ
သိတယ်ပြောတာမျိုး ဒါတွေဟာ ကိုယ့်ဘဝနဲ့စပ်ပြီးပြောတဲ့ မမှန်စကားတွေဘဲ။
တခြားမဟုတ်စကားတွေကတော့ ကိုယ့်ဘဝနဲ့မစပ်တာမျိုး ပေါ့။ ချိုတဲ့အစာကို မချိုဘူး။ နီးတဲ့အရာကို
မနီးဘူး။ ကြီးတဲ့အရာကို မကြီးဘူး။ ရှိတဲ့အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။ အစရှိတဲ့ဘဝနဲ့
မပတ်သက်တဲ့ နေရာတွေမှာ ပြောဆိုချက်တွေဟာ မမှန်တဲ့စကားတွေဘဲ ဒါတွေဟာ
ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို ပြောတဲ့မမှန်စကားတွေဘဲ။

ဘဝလိမ်မှ သီလပျက်
ဒီမမှန်တဲ့စကားနှစ်မျိုးဟာ လိမ်တာတွေပဲ။ ဒီသိက္ခာပုဒ်မှာ ဒီနှစ်လိမ်လုံး ရဖို့မရှိဘူး။
ရှေ့တစ်လိမ်ပဲရယူဖို့ ရှိတယ်။ နောက်တစ်လိမ်ပဲ သိက္ခာပုဒ်အရ အကျုံးမဝင်လောက်ဘူး။
နောက်လိမ်နည်းမျိုးနဲ့ လိမ်လို့ မလိမ်ရတဲ့ ဂရုဓမ္မ သီလမပျက် ဘူးလို့ဆိုတယ်။
( ဦးဉာဏ၏ဘုရား၊ စာ-၁၆ဝ )

ဒါကြောင့် လိမ်တာနဲ့စပ်ပြီး အပျော်ပြောင်တောင် မပြောဝံ့ရလို့ သိနေတာတွေကိုကျော်လွှားရမယ်။
ကိုယ်မှာ ရှိတဲ့ ပစ္စည်း သူလာတောင်းတဲ့အခါ မပေးနိုင်လို့ မရှိဘူးပြောလဲလိမ်တာလို့ ဒီသီလမှာ
ယူဖို့မဟုတ်ဘူး။ ကိုယ်ရောင်း တဲ့ပစ္စည်း အမြတ်ရအောင် ပိုပြောထားတဲ့ဈေးကို အရင်းအတိုင်းဈေးပါပဲလို့
ပြောတာလည်း ဒီသီလမှာ လိမ်တာ မမြောက်ဘူး။ ဒီလိုမျိုးတွေကို အများအပြားသိရမယ်။
( ဘုရား၊ စာ- ၁၆၁ )

''ဒီစာတွေအရ လိမ်တာဟာ မကောင်းတာချည်းမဟုတ်ဘူးလို့ ဆိုလိုတယ်။
မကောင်းတဲ့လိမ်တာရှိသလို မကောင်းတာမဟုတ်တဲ့ လိမ်တာလည်းရှိတယ်လို့ ဆိုရာရောက်တာပေါ့။
ဒီတော့ မကောင်းတဲ့လိမ်တာကို ကွဲကွဲပြားပြား သိမှဖြစ်မယ်။ ဒါမှ ဂရုဓမ္မသီလကတားတဲ့
လိမ်တာကိုသိရမယ် '' ဟုဟောပြောရေးသားထားပါသည်။
( ဘုရား၊ စာ- ၁၆၃ )

ဦးဉာဏသည် 'ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ'ဟူ၍ နာမည်တက်ကာ အဖွဲ့အစည်းကြီး
တစ်ခုဖွဲ့ထား၍ သူ၏အဖွဲ့ဝင်အားလုံးတို့အား သတ်နည်းအမျိုးမျိုး ခိုးနည်းအမျိုးမျိုး လိမ်ညာနည်းအမျိုးမျိုး
မူးရစ်သေစာသုံးစွဲနည်းအမျိုးမျိုးတို့ကို သင်ကြားပေး၍ သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာကို
ဖျက်ဆီးနေပါသည်။ တစ်နည်းပြောရလျှင် ပရိယတ်သာသနာ၊ ပရိပတ်သာသနာ၊
ပဋိဝေဓသာသနာကို အုပ်စုဖွဲ့၍ ဖျက်ဆီးနေပါသည်။

*****************************************

ဘုရားဟော ပိဋကတ်ကျမ်းစာတို့ဖြင့် တိုက်ဆိုင် နှိုင်းယှဉ်ကြည့်သောအခါ

ဦးဉာဏက -
'ကိုယ့်မှာမရှိဘဲ ရှိတယ်ပြောတာမျိုး ကိုယ့်မှာမဖြစ်ပဲ ဖြစ်တယ်ပြောတာမျိုး၊ ကိုယ်မသိဘဲ
သိတာပြောတာမျိုး ဒါတွေဟာ ကိုယ့်ဘဝနဲ့စပ်ပြီး ပြောတဲ့ မမှန်စကားတွေပဲ ဟုဆိုကာ
ဤကဲ့သို့လိမ်ညာပြောဆိုမှ မုသာဝါဒ သိက္ခာပုဒ် အရ သီလပျက်မှုဖြစ်တယ်'ဟု ဆိုထားပါသည်။
''ချိုတဲ့အစာကို မချိုဘူး။ နီးတဲ့အရာကို မနီးဘူး။ ကြီးတဲ့အရာကို မကြီးဘူး။ ရှိတဲ့အရာ ဖြစ်တဲ့အရာ
မရှိဘူး၊ မဖြစ်ဘူး။ အစရှိတဲ့ ကိုယ့်ဘဝနဲ့ မပတ်သက်တဲ့နေရာတွေမှာ ပြောဆိုချက်တွေဟာ
မမှန်တဲ့စကားတွေဘဲ ဒါတွေဟာ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို ပြောတဲ့ မမှန်စကားတွေဘဲ ''ဟု
ဆိုကာ ဤသို့ လိမ်ညာပြောဆိုလျှင် မုသာဝါဒသိက္ခာပုဒ်အရ အပြစ်မရှိ၊
သီလမပျက်ဟုဆိုထားပါသေးသည်။
ဦးဉာဏသည် စတုတ္ထပါရာဇိကလာ လိမ်ညာပြောဆိုမှုမျိုးကိုသာ မုသာဝါဒသိက္ခာပုဒ်အရ
အပြစ်ရှိ၍၊ သီလပျက်စီးကြောင်းပြောဆိုကာ သုဒ္ဓပါစိတ်၊ မုသာဝါဒသိက္ခာပုဒ်လာ
လိမ်ညာပြောဆိုမှုမျိုးကား ဤမုသာဝါဒ သိက္ခာပုဒ်အရ အပြစ်မရှိ၊ သီလမပျက်ဟုဆိုထားပါသည်။

အဋ္ဌကထာတို့၌ -

မုသာတိ ဝိသံဝါဒန ပုရေက္ခာရဿ အတ္ထ ဘဉ္ဇနကော ဝစီပယောဂေါ ကာယပ္ပယောဂေါဝါ၊
ဝိသံဝါဒနာဓိပ္ပါယေန ပနဿ ပရဝိသံဝါဒနကာယဝစီပယောဂသမုဋ္ဌာပိကာ စေတနာ မုသာဝါဒေါ။
(သံ၊ ဋ္ဌ၊ ၂၊ ၁၃၅။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၃။ ပဋိသံ၊ ၁၊ ၂ဝ၅။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁)

မုသာသည် မဟုတ်မမှန်သောဝတ္ထု(အကြောင်းအရာ) ကိုယ်ဟော၏။ ဝါဒသည် ပြောဆိုခြင်း၊
(ဝါ)ပြောဆိုကြောင်း စေတနာကိုဟော၏။

'' မုသာဝါဒဆိုသည်မှာ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်ပြောဆိုမှုကို ရှေးရှူသောသူ၏
သူတပါးအကျိုး စီးပွားကို ပျက်ပြားစေတတ်သော နှုတ်ဖြင့်လိမ်ညာခြင်း၊ ကိုယ်ဖြင့်လိမ်ညာခြင်းတို့ဖြစ်သည်။
တစ်နည်းအားဖြင့် နှုတ်ဖြင့် လိမ်ညာခြင်း၊ ကိုယ်ဖြင့် လိမ်ညာခြင်းတို့်ကို ဖြစ်တတ်သော
အကုသိုလ်စေတနာသည် မုသာဝါဒ မည်၏ ''ဟုဖွင့်ဆို ထားပါသည်။

မုသာဝါဒအင်္ဂါတို့မှာ လေးပါးရှိ၏။ ၎င်းလေးပါးတို့မှာ -

၁။ မဟုတ်မမှန်သော အကြောင်းအရာ ဝတ္ထုဖြစ်ခြင်း၊
၂။ မှားယွင်းစေလိုသော စိတ်ရှိခြင်း၊
၃။ မှားယွင်းစေလိုသော စိတ်မျိုးဖြင့် ကိုယ်နှုတ်တို့ဖြင့်လုံ့လပြုခြင်း၊ လိမ်ညာခြင်း၊
၄။ အလိမ်ခံရသူက လိမ်သည့်အတိုင်းသိရှိယုံကြည်ခြင်း တို့ဖြစ်ပါသည်။
( ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၂၁ )

သို့ဖြစ်၍ ဦးဉာဏ၏ 'ချိုတဲ့အရာကို မချိုဘူး၊ နီးတဲ့အရာကို မနီးဘူး၊ ကြီးတဲ့အရာကို မကြီးဘူး၊
ရှိတဲ့အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။ 'စသည့်လိမ်ညာပြောဆိုမှုသည် မုသာဝါဒပင်ဖြစ်ပါသည်။
သီလပျက်စီးမှုဖြစ်ပါသည်။

တစ်ဖန်အဋ္ဌကထာတို့၌ -

ဂဟဋ္ဌာနံ အတ္တနော သန္တကံ အဒါတုကာမတာယ နတ္ထီတိ အာဒိ နယပ္ပဝတ္တော အပ္ပသာဝဇ္ဇော၊
သက္ခိနာ ဟုတွာ အတ္ထဘဉ္ဇနတ္ထံ ဝုတ္တော မဟာသာဝဇ္ဇော။ ပဗ္ဗဇိတာနံ အပ္ပကမ္ပိ တေလံဝါ သပ္ပိံဝါ လဘိတွာ
ဟသာဓိပ္ပါယေန ''အဇ္ဇ ဂါမေ တေလံ နဒီ မညေ သန္ဒတီ''တိ ပူရဏကထာနယေန ပဝတ္တော အပ္ပသာဝဇ္ဇော၊
အဒိဋ္ဌံယေဝ ပန ဒိဋ္ဌန္တိ အဒိနာ နယေန ဝဒန္တာနံ မဟာသာဝဇ္ဇော။
( အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၂။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၃။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂ဝ၅။ သံ၊ ဋ္ဌ၊ ၂၊၁၃၅ )

လူတို့မှာ မိမိ၏ပစ္စည်းဝတ္ထု တစ်ခုခုကို ငှါးယူလို၍ဖြစ်စေ၊ ဝယ်ယူလို၍ဖြစ်စေ
ထိုပစ္စည်းရှိပါသလားဟု မေးသည့် အခါ အမှန်ရှိနေပါလျက် မငှါးလို မရောင်းလိုသည့်အတွက် မရှိပါဟု
လိမ်ခြင်းမျိုးသည် အပြစ်မကြီး သော်လည်း မုသာဝါဒအင်္ဂါညီသဖြင့် မုသာဝါဒဖြစ်၍
သိက္ခာပုဒ်သီလပျက်စီးပါသည်။

သူတစ်ပါးအကျိုးစီးပွားပျက်ပြားအောင် မတရားသက်သေခံ၍ မဟုတ်မမှန်
ပြောဆိုခြင်းမျိုးကား မုသာဝါဒလည်း ဖြစ်၊ ကမ္မပထလည်း မြောက်၍ အပြစ်ကြီးပါသည်။

ရဟန်း သာမဏေတို့ ရွာထဲမှ ဆီ, ထောပတ်တို့ကို အနည်းငယ်သာရပါလျက်
အခြားသီတင်းသုံးဖော်တို့နှင့် တွေ့သည့်အခါ ပြောင်လှောင်ပြတ်ရယ်လိုသည့် သဘောဖြင့်
''ဒီကနေ့ ရွာထဲမှ ဆီတွေ၊ ထောပတ်တွေ မြစ်ကြီးစီးနေ သလိုပဲ'' ဟု စကားကြီး စကားကျယ်
ချဲ့ကားပြောဆိုခြင်းသည် အပြစ်မကြီးသော်လည်း မုသာဝါဒဖြစ်ပါသည်။

'မမြင်ဘဲ မြင်၏။ မကြားဘဲ ကြား၏၊ မတွေ့ဘဲ တွေ့၏။ မသိဘဲ သိ၏။ မြင်ပါလျက် မမြင်။
ကြားပါလျက် မကြား။ တွေ့ပါလျက် မတွေ့၊ သိပါလျက် မသိ ''ဟု လိမ်ညာပြောခြင်းသည်
ကမ္မပထလည်းမြောက် သီလသိက္ခာလည်း ပျက် အပြစ်လည်း ကြီးပါသည် 'ဟု ဖွင့်ဆိုထားပါသည်။
ဤအဋ္ဌကထာအဖွင့်တို့ကို ကြည့်သောအားဖြင့် ဦးဉာဏ၏ 'ချိုတဲ့အရာကို မချိုဘူး၊ နီးတဲ့အရာကို မနီးဘူး၊
ကြီးတဲ့အရာကို မကြီးဘူး၊ ရှိတဲ့အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။ ' စသည့် လိမ်ညာပြောဆိုခြင်းတို့သည်
မုသာဝါဒဖြစ်၍ သီလသိက္ခာ ပျက်စီးပါသည်။


အရှင်ဝရသာမိ 
https://shinsami.blogspot.com
 

မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့ နှင့် သူတို့၏ ထုတ်ဝေပြီးသော စာအုပ်များ



မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို 

၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။ 
(၂) ဘုရားရဲ့ နတ်အရကောက်ဟာ မိုးပေါ်ကသူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။ 
(၃) ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။ ငရဲလည်း မပါဘူး။ နောင်ဘဝလည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။ 
(၄) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။ 
(၅) နတ်ပြည်ရဲ့ တည်ရာက မြင်းမိုရ်တောင်ပဲ။ သည်တောင်ဟာ ကမ္ဘာ့ပထဝီမှာ တကယ်မရှိတဲ့တောင်ပဲ။ ဒါ့ကြောင့် သည်လောက် ယုတ္တိမဲ့တဲ့အရာလို့ပဲ ပြောပါရစေ။ 
(၆) ဘယ်တရားမှ မရချင်နေ။ ရှေ့ဘဝ၊ နောက်ဘဝကိုတော့ မတွေးရဘူး။ ရှေးဘဝ၊ နောက်ဘ၀ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။ 
(၇) ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။ 
(၈) အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။ 
(၉) တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။ 
(၁၀) သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။ 
(၁၁) လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။ 
(၁၂) လေးသင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘဝတစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘဝသံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘဝတစ်ခုသာ ရှိသည်။ 
(၁၃) ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။ 
(၁၄) ဗုဒ္ဓသည် မာရ်နတ်၏ သမီး နတ်သမီးသုံးယောက်နှင့် ပျော်ပါးစံစားရန် စိတ်ကူးမိကြောင်း ဖော်ပြထားသဖြင့် ကိလေသာ မကုန်သေးဟု ဆိုရမည်။
 (၁၅) ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။
 (၁၆) ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။ 
(၁၇) ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။ 
(၁၈) မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။ 

မိုးပြာဂိုဏ်းမှ တရားမဝင် ထုတ်ဝေဖြန့်ချိထားသည့် စာအုပ်ပေါင်းမှာ ၆၀ ကျော်ရှိပြီး 
၎င်းတို့မှ အချို့မှာ - ၁။ ဝိမုတ္တိဒေသနာ ခေါ် လွတ်လပ်ရေးဒေသနာ (စာမျက်နှာ ၁၁၀၊ ထုတ်ဝေနှစ် ၂၀၀၆)၊ ၂။ ဘုရား(စာမျက်နှာ ၂၂၈)၊ ၃။ ဘာသာတရားများအကြောင်း ယေဘူယျနှိုင်းယှဉ်ချက် (စာမျက်နှာ ၅)၊ ၄။ ဓမ္မပူဇာ (စာမျက်နှာ ၂၄၇)၊ ၅။ စိတ်စိတ်ဖြာဖြာ ဥပါဒါနက္ခန္ဓာ (စာမျက်နှာ ၁၆၃)၊ ၆။ ဓမ္မ (စာမျက်နှာ ၃၉၀၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်စာအုပ်)၊ ၇။ မိုးပြာကျောင်းမှ ပေးစာများ-၁(မိုးပေါက်ကျချောင်) (စာမျက်နှာ ၄၄၉၊ ထုတ်ဝေနှစ် ၁၃၅၂)၊ ၈။ ဘာသာတရားကပေးသော ဆုလာဘ် (စာမျက်နှာ ၄၆၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ် စာအုပ်)၊ ၉။ တဏှာရှင်းတမ်း (စာမျက်နှာ ၄၀၀၊ ထုတ်ဝေနှစ် ၁၉၉၆)၊ ၁၀။ ဓမ္မကထာ (စာမျက်နှာ ၂၃၂၊ ထုတ်ဝေနှစ် ၂၀၀၅)၊ ၁၁။ ဓမ္မဝိဟာရီငွေရတုပူဇာ (စာမျက်နှာ ၂၂၄၊ ထုတ်ဝေနှစ် ၂၀၀၈၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်) ၁၂။ လွတ်လပ်တဲ့သူ (စာမျက်နှာ ၃၉၉၊ ထုတ်ဝေနှစ် ၂၀၀၆)၊ ၁၃။ ဉာဏကထာ (ပထမအုပ်) (စာမျက်နှာ ၃၅၆)၊ ၁၄။ မဟာပေါဋ္ဌက (ပထမတွဲ) (စာမျက်နှာ ၃၉၄/၂၀၄/၃၀၂= စုစုပေါင်း = ၁၁၀၀)၊ ၁၅။ အရိယဝေါဟာရ ဉေယျဓမ္မတ္ထကထာ (စာမျက်နှာ ၁၁၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊ ၁၆။ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား (စာမျက်နှာ ၉၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊ ၁၇။ ဗုဒ္ဓဘုရားသာသနာနှင့်မြန်မာပြည် (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊ ၁၈။ အရိယသစ္စကထာ (စာမျက်နှာ ၂၇၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊ ၁၉။ ဥတ္တရိမနုဿဓမ္မဒဿစာစဉ်-၁ (စာမျက်နှာ ၇၀၊ ထုတ်ဝေနှစ် ၁၃၆၄၊ သက္ကာယမိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့-မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ-ဗုဒ္ဓဘုရားရဲ့ လောကအမြင်မိတ်ဆက် - သုံးမျိုးစု)၊ ၂၀။ ဥတ္တရိမနုဿဓမ္မဒဿန စာစဉ်-၂ (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဗုဒ္ဓဘာသာက မယူသော မိစ္ဆာဒိဋ္ဌိများ- ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်-ရှေ့ဘဝနောက်ဘဝ- ဦးနှောက်၏ ချွတ်ယွင်းဖောက်ပြန်မှုများ - လေးမျိုးစု)၊ ၂၁။ သဒ္ဓမ္မသုံးဖြာ (ပထမတွဲ) (စာမျက်နှာ ၂၀၆၊ ထုတ်ဝေနှစ် ၂၀၀၂)၊ ၂၂။ သဒ္ဓမ္မသုံးဖြာ (ဒုတိယတွဲ) (စာမျက်နှာ ၂၀၇ မှ ၃၄၇၊ ထုတ်ဝေနှစ် ၂၀၀၂)၊ ၂၃။ ငြိမ်းချမ်းရေးသစ္စာ ဓမ္မစကြာဒေသနာ (စာမျက်နှာ ၃၉၆၊ ထုတ်ဝေနှစ် ၁၃၅၆)၊ ၂၄။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာလမ်းညွှန် (စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ၂၀၀၂)၊ ၂၅။ တောစကားတောင်စကား (စာမျက်နှာ ၃၉)၊ ၂၆။ အရိယသစ္စဓမ္မပေတံ (စာမျက်နှာ ၂၅၅၊ ထုတ်ဝေနှစ် ၂၀၀၇)၊ ၂၇။ သက္ကာယဒိဋ္ဌိရှင်းတမ်း (စာမျက်နှာ ၂၈၊ ထုတ်ဝေနှစ် ၂၀၀၈)၊ ၂၈။ ဘာသာတရားဆိုတာ ဘာလဲနှင့် လွန်ကျူးမှုကို ဘယ်လိုနားလည်ရမလဲ (စာမျက်နှာ ၇၂၊ ထုတ်ဝေနှစ် ၂၀၀၂)၊ ၂၉။ နိဗ္ဗာန်နှင့် သက္ကာယမိစ္ဆာဒိဋ္ဌိ (စာမျက်နှာ ၈၆၊ ထုတ်ဝေနှစ် ၂၀၀၀)၊ ၃၀။ ဓမ္မစကြာညွှန်ပြချက် (စာမျက်နှာ ၁၇၂၊ ထုတ်ဝေနှစ် ၂၀၀၃)၊ ၃၁။ လူသားလျှောက်ရမည့်လမ်း (စာမျက်နှာ ၆၀)၊ ၃၂။ လူသားမှန်သမျှ ကျင့်ပွားဖွယ်ရာ ပုညကြိယာဝတ္ထုဆယ်ဖြာ (စာမျက်နှာ ၁၂၊ ထုတ်ဝေနှစ် ၂၀၀၆)၊ ၃၃။ ဓမ္မဝိဟာရာရာမမိုးပြာခြံမှ ပေးစာနှစ်စောင်တွဲ (စာမျက်နှာ ၃၂၊ ထုတ်ဝေနှစ် ၂၀၀၇-၂၀၀၈)၊ ၃၄။ ဓမ္မဝိဟာရီသို့ ဦးခိုက်ခြင်း (စာမျက်နှာ ၁၆)၊ ၃၅။ မိလိန္ဒပဉာှဝတ္ထုဘယ်လဲ (စာမျက်နှာ ၃၁၂၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊ ၃၆။ ဝိသုဒ္ဓိမဂ်ဘယ်လဲ (စာမျက်နှာ ၄၀၈၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊ ၃၇။ နိဗ္ဗာနဒီပနီဘယ်လဲ (စာမျက်နှာ ၂၃၀၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)တို့ ဖြစ်ပါသည်။ ဦးဉာဏ၏ စာရေးသားသည့် အမည်ခွဲများမှာ  - သျှင်မိုးပြာ (ခ)ရှင်မိုးပြာ (ခ) အရှင်ဉာဏ (ခ) ရှင်ဉာဏ (ခ)ဉာဏ (ခ)ဓမ္မဝိဟာရီ (ခ) ဓမ္မဝိဟာရီအရှင်ဉာဏ (ဂ) ဓမ္မဝိဟာရီရှင်ဉာဏ (ခ) ဓမ္မဝိဟာရီဉာဏ (ခ) ဓမ္မဝိဟာရီ ရှင်မိုးပြာ (ခ) ဘကြီးဝိဟာရီ ( www.forums.myanmarcommunity.com ) (ခ) အနုပါဒါ (ခ) ဗောဓိဉာဏ (ခ) မောင်ဉာဏ်ထက် (ခ) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာပုရုသျှ (ဘုရား) (ခ) ခေါင်းဆောင်ကြီးတို့ ဖြစ်ကြပါသည်။ 

အရှင်ဝရသာမိ 
https://shinsami.blogspot.com

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၆)

မိုးပြာဦးဉာဏ၏ ကာမေသုမိစ္ဆာစာရကို မှားယွင်းစွာ ဟောပြောရေးသားထားမှု့


*****************************

ဦးဉာဏက -

'' အတွေ့မှ အထူးအားဖြင့် လိင်ဆက်ဆံမှု၊ မေထုန်မှု အတွေ့မှ ကာမဂုဏ်မဟုတ်ဘူး။
အာရုံငါးပါးကို ကိုယ့်လိုအင်နဲ့ တွေ့ထိမှုတွေဟာ ကာမဂုဏ်တွေပဲ။
ဒါတွကို မှားယွင်းကျက်စားတာဟာ ကာမဂုဏ် မှားယွင်းကျက်စား မှုပဲ။''
(ဦးဉာဏ၏ဘုရား၊ စာ- ၁၅၃ )

''မှားယွင်းကျက်စားမှုကို အဓိပ္ပါယ် နည်းနည်းဖွင့်ရမယ်။ ကာမဂုဏ် ကျက်စားတာ
မှားယွင်းကျက်စားနဲ့ မမှားမယွင်း ကျက်စား နှစ်မျိုနှစ်စားရှိတယ်။
စားစရာတွေလည်း ကာမဂုဏ်တွေပဲ။
ဝတ်စရာတွေလည်း ကာမဂုဏ် တွေပဲ။ ကျန်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေအားလုံးလည်း
ကာမဂုဏ်တွေပဲ။ အသုံးကို လွန်ပြီး အကြိုက် အစွဲ အလျောက် ကျက်စားတာဟာ မှားယွင်းတဲ့
ကျက်စားမှုဘဲ။''
( ဘုရား၊ စာ- ၁၅၄ )


ကာမပိုင်လဲ မိစိစ္ဆာစာရဖြစ်

'' ကာမဂုဏ် မှားယွင်းကျက်စားရှောင်မှုဟာ ကိုယ့်ကာမပိုင် မဟုတ်သူကို မေထုန်ပြုမှုလို့
အဓိပ္ပါယ်ရမှာ မဟုတ်ဘူး။ ပစ္စည်း အသုံးအဆောင်အားလုံးမှာ အကြောင်းမဲ့ သုံးဆောင်မှု
( ဖြုန်းတီးမှု)တွေ ဖြစ်လာမယ်။ လိုအပ်တာ ထက် ပိုပြီး စားတာ၊ ဝတ်တာ၊ သုံးဆောင်တာတွေဟာ
ကာမဂုဏ် မှားယွင်းခြင်းတွေဘဲ။ ကာမပိုင် ဖိုမပင်ဖြစ်ပါစေ အကြောင်းမဲ့ လိင်ဆက်ဆံမှုဖြစ်ရင်
ကာမဂုဏ် မှားယွင်းကျက်စားမှုဖြစ်မယ် ''
( ဘုရား၊ စာ- ၁၅၄ )

'' စားတယ်၊ ဝတ်တယ်၊ သုံးဆောင်တယ်၊ ကြည့်တယ်အစရှိတာတွေလည်း ကိုယ်နဲ့ပဲ
လုပ်ရတာဖြစ်တယ်။ ဒီကိုယ်နဲ့ အမှုတွေမှာ မှားယွင်းကျက်စားတာတွေဟာ
ကာမဂုဏ်မှားယွင်းကျက်စားတာတွေဘဲ။''
( ဘုရား၊ စာ- ၁၅၅ )

ဘယ်သူ့အာရုံငါးပါးဖြစ်ဖြစ် မှားယွင်းကျက်စားက ကာမေသုမိစ္ဆာရ ပဲ

''အလှအပတစ်ခုကို အပျော်သဘောသက်သက်နဲ့ ကြည့်မယ်ဆိုရင်
ကာမဂုဏ်မှားယွင်းကျက်စားမှုက လွတ်ဖို့ မရှိဘူး။ အဲဒီအာရုံကို အပျော်သဘောသက်သက်
ဆွဲမြှူညှို့ယူလည်း ဒီလိုပဲ။ သီချင်း၊ ဂီတကို အကြောင်းတစုံတစ်ရာ မရှိဘဲ ခံစားရဖို့အတွက်
နားထောင်သီဆိုတာလည်း အပျော်သက်သက်ပေါ့။
ဒါဆိုရင် ကာမမိစ္ဆာရပဲ။
ကိုယ်ကမွေးထား တဲ့ ခလေးကို အကြောင်းမရှိဘဲ နမ်းရှုံ့ ပွေ့ဖက်တာလည်း 
ကာမဂုဏ်မှားယွင်းကျက်စားမှုဖြစ်တယ်။ 
ခလေးရဲ့ကျန်းမာရေး ကိုယ်အနံ့၊ အငွေ့သိဖို့ နမ်းတာ၊ ပွေ့ဖက်တာတွေဟာ အဲဒါတွေရဲ့ အကြောင်းတွေပဲ။
ကာမပိုင်လင်မယားလည်း ဒီအတိုင်းပဲ။ 
ကာမပိုင်ဖြစ်ပေမယ့် အပျော်သဘောသက်သက် နမ်းရှုံ့ပွေ့ဖက်ရင် အမှားပဲ။
တစ်စုံတစ်ခုကို တွေ့သိဖို့ နမ်းရှုံ့ ပွေ့ဖက်မှ ကာမဂုဏ်မှားယွင်းကျက်စားမှုမှ လွတ်မယ်။'' ဟု
ဟောပြောရေးသားထားပါသည်။
( ဘုရား၊ စာ- ၁၅၅ )

********************************************************


ဘုရားဟော ပိဋကတ်ကျမ်းစာတို့ဖြင့် တိုက်ဆိုင် နှိုင်းယှဉ်ကြည့်သောအခါ


ဦးဉာဏသည် 'ကာမေသုမိစ္ဆာစာရ' ၌ ကာမေသုကို ' အာရုံငါးပါး' ဟု ဘာသာပြန်၍
'အာရုံငါးပါးကိုခံစားပါက ကာမေသုမိစ္ဆာရကံထိုက်သည်' ဟုဆိုထားပါသည်။

ကိုယ့်သား သမီးကို ပွေ့ဖက် နမ်းရှုံ့မှုကိုပင် ကာမေသု မိစ္ဆာစာရဟုဆိုထားပါသည်။

ကာမေသုမိစ္ဆာစာရ၌ ကာမေသုသည် ဦးဉာဏဟောပြောသကဲ့သို့ အာရုံငါးပါးကို
ဆိုလိုသည်မဟုတ်ပါ။

သံယုတ်အဌကထာ၌ -

ကာမေသူတိ မေထုန သမာစာရေသု။ 

( သံ၊ ဌ၊ ၂၊ ၁၃၄။ မ၊ ဌ၊ ၁၊ ၂ဝ၂။ ပဋိသံ၊ ဌ၊ ၁၊ ၂ဝ၄)

ကာမေသုဆိုတာ ရာဂအားဖြင့် တူကုန်သောသူနှစ်ယောက်တို့၏ အကျင့်တို့၌(မေထုန်အကျင့်တို့၌)
ဟုဖွင့်ဆို ထားပါသည်။ ထို့ကြောင့် ကာမဆိုသည်မှာ မေထုန်အကျင့်ပင်ဖြစ်၍၊
ကာမေသုမိစ္ဆာစာရဆိုသည်မှာ မေထုန် အကျင့် (မေထုန်ဝတ္ထု) တို့၌ တကယ်ကဲ့ရဲ့ထိုက်စွာ
ယုတ်မာသောအကျင့်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

မေထုန်အကျင့်ဆိုသည်မှာ မိန်းမယောကျာ်းနှစ်ဦးသားတို့၏ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက်
စပ်ယှဉ်ခြင်းပင် ဖြစ်ပါသည်။

ယောကျာ်းတို့အဖို့ မိမိပိုင်ဇနီးမယားနှင့် ပျော်ပါးခြင်း၊ 

မိန်းမတို့အဖို့ မိမိ၏ကာမပိုင် လင်ယောကျာ်းနှင့် ပျော်ပါးခြင်းတို့မှာ လောကအလိုက် 

မကဲ့ရဲ့ထိုက်သဖြင့် ယုတ်မာသည်ဟုမဆိုသာ၍ ကာမေသု မိစ္ဆာစာရမဖြစ်ပါ၊ 

မိမိဇနှီးမောင်နံမှတပါး မသွားလာအပ်သူ အမျိုးသမီးနှစ်ဆယ်နှင့် ပျော်ပါးခြင်းတို့ကား
လောကအလိုက် ကဲ့ရဲ့ထိုက်၍ ယုတ်မာသောအကျင့်ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရကံထိုက်ပါသည်။
ထို့ကြောင့် အဋ္ဌကထာတို့၌

အသဒ္ဓမ္မာဓိပ္ပါ ယေန ကာယဒွါရပ္ပဝတ္တာ အဂမနီယဋ္ဌာန ဝီတိက္ကမစေတနာ ကာမေသုမိစ္ဆာစာရရော။
( သံ၊ ဋ္ဌ၊ ၂၊ ၁၃၄။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၂။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂ဝ၄)

ယုတ်မာသော မသူတော်တို့၏ အလိုသဘောဖြင့် မသွားလာထိုက်သော မိန်းမတို့၌
လွန်ကျူးကြောင်း ကာယကံ စေတနာသည် ကာမေသုမိစ္ဆာစာရမည်၏။ ''ဟု
ဖွင့်ဆိုထားကြပါသည်။

ဤနေရာ၌ မသွားလာထိုက်သောအမျိုးသမီး (၂ဝ)တို့မှာ


၁။ မာတုရက္ခိတ                 =   မိခင်အုပ်ထိန်းသောမိန်းမ၊
၂။ ပိတုရက္ခိတ                   =  ဖခင်အုပ်ထိန်းသောမိန်းမ၊
၃။ မာတာပိတုရက္ခိတ          =   မိဘနှစ်ပါးအုပ်ထိန်းသောမိန်းမ၊
၄။ ဘာတုရက္ခိတ                =  မောင်ကြီး, မောင်ငယ်အုပ်ထိန်းသောမိန်းမ၊
၅။ ဘဂိနီရက္ခိတ                 =  အမ, ညီမအုပ်ထိန်းသောမိန်းမ၊
၆။ ဉာာတိရက္ခိတ                =  သွေးသားစပ်သူ ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
၇။ ဂေါတ္တရက္ခိတ                 =  အမျိုးနွယ်က အုပ်ထိန်းသောမိန်းမ၊
၈။ ဓမ္မရက္ခိတ                     =  တရားကျင့်ဖော်ချင်း အုပ်ထိန်းသောမိန်းမ၊
၉။ သာရက္ခ                        =  ကိုယ်ဝန်ကတည်းက မှတ်သား သိမ်းဆည်းခံရသောမိန်းမ၊
                                           (ပြောဆိုကြောင်းလမ်းပြီးသော မိန်းမ)
၁ဝ။ သပရဒဏ္ဍ                  =   ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့်ထုတ်ထားသော မိန်းမ၊
                                           (တော်ကောက်ထားသောမိန်းမ)
၁၁။ ဓနက္ကီတ                     =   ဥစ္စာဖြင့်ဝယ်ယူပေါင်းသင်း နေသောမိန်းမ၊
၁၂။ ဆန္ဒဝါသိနီ                   =   အလိုတူ၍ပေါင်းသင်းနေသောမိန်းမ၊
၁၃။ ဘောဂဝါသိနီ                =   ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းနေသောမိန်းမ၊
၁၄။ ပဋဝါသိနီ                     =   အဝတ်တန်ဆာဆင်ပေး၍ ပေါင်းနေသောမိန်းမ၊
၁၅။ သြဒပတ္တကိနီ                =   လူကြီးစုံရာ လက်ထပ်ပေါင်းသင်းနေသောမိန်းမ၊
၁၆။ သြဘဋစုမ္ဗဋာ                =   ထင်းခွေ ရေခပ် လုပ်ကိုင်ရသောမိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ
                                            မယား အဖြစ်ပေါင်း သင်းသောမိန်းမ၊
၁၇။ ဒါသီဘရိယာ                =   ကျွန်လည်းဟုတ် မယားလည်းဟုတ်သောမိန်းမ၊
                                             (မယားပြုခံရသောမိန်းမ)
၁၈။ ကမ္မကာရီ                     =   အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သောမိန်းမ၊
                                             (မယားပြုခံရသောအလုပ်သူမ)
၁၉။ ဓဇာဟဋာ                     =    မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ၊
၂ဝ။ မုဟုတ္တိကာ                    =  ခေတ္တငှါးရမ်း ပေါင်းသင်းသော မိန်းမ(ပြည့်တန်ဆာမ) ဖြစ်ပါသည်။

( သံ၊ ဋ္ဌ၊ ၂၊ ၁၃၄။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၂။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂ဝ၄)

အမျိုးသားများသည် အုပ်ထိန်းမှုမကင်းသော အထက်ဖေါ်ပြပါ အမျိုးသမီး (၂ဝ)မှ
တစ်ယောက်နှင့်ကာမဖေါက် ပြန်လှှုျင် ကာမေသုမိစ္ဆာရကံဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရ၌ ကမ္မပထမြောက်သည့် အင်္ဂါလေးပါးရှိ၏။

ဤအင်္ဂါလေးပါးတို့မှာ -

၁။  မသွားမလာထိုက်သော မိန်းမဆိုသည့် အဂမနိယဝတ္ထုဖြစ်ခြင်း၊
၂။  ထိုဝတ္ထု၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့်စိတ်ရှိခြင်း၊
၃။  မှီဝဲမှု လုံ့လပယောဂပြုခြင်း၊
၄။  မှီဝဲပေါင်းသင်းဆက်ဆံရာ၌ သာယာခြင်း၊ တို့ဖြစ်၏။

ဤအင်္ဂါလေးပါးမညီလျှင် ကမ္မပထမမြောက်ပဲ လေးပါးညီမှသာလျှင် ကမ္မအထမြောက်၏ ''ဟု
အဋ္ဌကထာ ဆရာတို့ ဖွင့်ဆိုထားပါသည်။
( သံ၊ ဋ္ဌ၊ ၂၊ ၁၃၅။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၃။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂ဝ၄)

အထက်ဖော်ပြပါ အဌကထာအဖွင့်တို့အရ
ငါးဖြာအာရုံကာမဂုဏ်ခံစားမှု၊
ကလေးပွေ့မှု၊
မိမိကာမပိုင်ကို မှီဝဲမှုတို့သည်
ကာမေသုမိစ္ဆာစာရကံ မထိုက်ကြောင်းထင်ရှားပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com
  
 

Friday, October 30, 2009

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၅)

အခါတစ်ပါးမှာ အနာထပိဏ်သူဌေးက တိတ္ထိတွေရဲ့ကျောင်းကိုသွားပြီးတော့ အယူဝါဒ
စစ်ထိုးပါတယ်၊ တိတ္ထိတွေက သင်ဘာအယူရှိသလဲ လို့မေးတယ်
အနာထပိဏ်သူဌေးက ငါ မြတ်စွာဘုရားရဲ့အယူဝါဒအားလုံးကို မသိဘူးတဲ့
အဲဒါဆိုရင် ရဟန်းတွေကကော ဘာအယူရှိသလဲတဲ့
ရဟန်းတွေရဲ့အယူ အကုန်လုံးကို ငါမသိဘူး တဲ့
အဲဒါဆိုရင် သင်ကကော တဲ့
အဲဒီမှာ အနာထိပိဏ်သူဌေးက ပြန်ပြောပါတယ်
ငါ့အယူကိုသိချင်ရင် မင်းတို့ အယူကိုအရင်ပြောကြပေါ့ အဲဒီတော့ ဒိဌိတွေက သူတို့အယူဖြစ်တဲ့
သဿတ ဥစ္ဆေဒ တို့ကို အကုန်ပြောပါတယ်။

အနာထိပိဏ်သူဌေးကြီးကလည်း အေးအေးဆေးဆေး ထိုင်နားထောင်လို့လည်းပြီးရော
တလုံးချင်းခေါင်းငုံ့ပြီး နေရအောင်
အရှက်ရလောက်အောင်
မျက်နှာမသာမယာဖြစ်အောင်
တခွန်းတလေမှ ပြန်မပြောနိုင်အောင် ခေါင်းမထောင်နိုင်အောင် ပြန်နှိပ်ကွပ်တယ်၊
တိတ္ထိတွေရဲ့အယူ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကို ပြော ဆိုပြီး နှိပ်ကွပ်တယ်၊
အဲဒီမှာ တိတ္ထိတွေ အရှုံးကြီးရှုံးပြီး သူဌေးကြီးကိုဘာမှပြန်မပြောနိုင်တော့ သူဌေးကြီးလည်း
တိတ္ထိတွေရဲ့ကျောင်းမှ ပြန်၍ မြတ်စွာဘုရားထံကိုသွားပြီးတော့ အကြောင်းစုံကို
မြတ်စွာဘုရားအား ဝမ်းသာ အားရလျှောက်ပြပါတယ်။

အဲဒီမှာ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်၊
နောင်မလုပ်ပါနဲ့ကွာ သူတို့ဘာသာသူတို့ အယူမှားတာ နေပါစေ
ကမ္မသကာပေါ့ဆိုတဲ့ စကားမျိုးကို ဘုရားမသုံးပါဘူး။

“သာဓု သာဓု ဂဟပတိ - သူဌေးကြီး ကောင်းတယ် ကောင်းတယ်”

“ဧဝံ ဟောတေ မောဃပုရိသာ ကာလေန ကာလံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတဗ္ဗာ -
ဒီလိုပဲ ဒီအလကားကောင်တွေကို၊ နိဂ္ဂဟေတဗ္ဗာ - နှိပ်ကွပ်ရမယ် ဘယ်လို နှိပ်ကွပ်ရမလဲဆိုရင်
သုနိဂ္ဂဟိတံ - ကောင်းကောင်းကို နှိပ်ကွပ်ဆုံးမရမယ် တဲ့
ဒါပေမယ့် အသားလွတ်ကြီး လားဆိုတော့ မဟုတ်ပါဘူး -
သဟဓမ္မေန - ယုတ္တိယုတ္တန်ပြပြီးတော့ ဆုံးမကွ”
ဆိုပြီး ဘုရားက ဆုံးမသွန်သင် ပေးခဲ့ပါတယ်။
တစ်ခါတရံပဲလားဆိုတော့ မဟုတ်သေးပါဘူး၊
ကာလေန ကာလံ - ရံဖန် ရံခါ အခါခွင့် သင့်ရင် သင့်သလို
အခွင့်အရေးရရင် ရသလို
ကြုံရင် ကြုံသလို နှိပ်သာနှိပ်ကွပ်ကွာဆိုပြီး ဆုံးမခဲ့တာပါပဲ၊
 အနာထပိဏ် သူဌေးကြီးကိုလည်း ချီးမွမ်းတော်မူပါတယ်။

သူဌေးကြီး ပြန်သွားတဲ့အခါမှာ
မြတ်စွာဘုရားက ရဟန်းပရိသတ် ကို မိန့်ပါတယ်...

“ယောသိတော ဘိက္ခေ၀ ဘိက္ခူ ဣမသ္မိ ံဝဿသရူပ သပနေ ္တာ ဣမသ္မိ ံ ဓမ္မဝိနယေ -

ချစ်သားတို့ ငါဘုရားရဲ့သာသနာတော်မှာ အသက်တစ်ရာ
ဝါတစ်ရာ့နှစ်ဆယ်ရတဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူ၊
သောဟိ ဧ၀ မေဝံ အညတိတ္ထိယေ ပရိဗ္ဗာဇကေ သုနိဂ္ဂဟိတံ နိဂ္ဂဏေယျ -
ဝါ တစ်ရာရလို့ အသက်တစ်ရာ့နှစ်ဆယ်ရတဲ့ မထေရ်ကြီးဖြစ်စေ ထိုင်မနေရဘူး
သာသနာပဖြစ်တဲ့ တခြားသော တိတ္ထိတွေကို ဒီပုံဒီနည်းနဲ့ ကောင်းကောင်း နှိပ်ကွပ်ဆုံးမရမယ် -
ဘယ်လိုလဲဆိုတော့
ယထာတံ အနာထပိဏ္ဍိကေန ဂဟပတိနာ နိဂ္ဂဟိတာ -
သူဌေးကြီး ဆုံးမသလိုမျိုး ဆုံးမရမယ်” လို့ မိန့်တော်မူပါတယ်။

ထိုကဲ့သို့ ဗုဒ္ဓဘုရားရှင် ဆုံးမတော် မူသည့်အတိုင်း သာသနာတော်၌ ပေါ်ပေါက်နေသော
မိုးပြာကဲ့သို့သော မိစ္ဆာကောင်များကို နှိပ်ကွပ်ဆုံးမဖို့ ဘုရား၏ တပည့်သားများ ဖြစ်ကြကုန်သော
ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်နှင့် မဆိုင်သလို ကြောင့်ကြမဲ့ မနေကြပါနဲ့၊
သတင်းဖြန့်ဝေခြင်းစသော မိမိ တတ်စွမ်းသမျှတို့ဖြင့် နှိပ်ကွပ်ဆုံးမ၍ ဘုရားရှင်၏
သာသနာကာကွယ်ကြဖို့ ထပ်မံ၍ တိုက်တွန်းပါရစေ။

****************************************************************

''နိုင်ငံတော်ပိုင် အဖွဲ့စည်းပိုင် ပစ္စည်းခိုးတာဟာ အဒိန္နာဒါနကံ မထိုက် သီလမပျက် ''




ဦးဉာဏက - 

''ဂရုဓမ္မသီလထဲက မခိုးရသိက္ခာပုဒ်ရဲ့ အနက်မှာနည်းနည်းပါး ခိုးယူမှု မပါဝင်ဘူး။ ဒါသိဖို့လိုတယ်။
ဒါကလေး လောက်တောင် လိုက်နာဖို့ဖြစ်လာရင် ဒီသီလဟာ လူတွေမလိုက်နာနိုင်ဖြစ်လာမယ်
လူမလိုက်နာတဲ့ဟာကို ဘုရားက တရားလို့လုပ်ဘူး ''
( ဦးဉာဏ၏ ဘုရား၊ စာ- ၁၄၅ )

'' ဒါတွေကိုထောက်ပြီး အသေးအမွှားခိုးမှုဟာ မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မဖြစ်ဘူး။
ဒါဟာ ဘုရားဖွင့်တဲ့ ဂရုဓမ္မသီလ မခိုးရ၊ သိက္ခာပုဒ်ရဲ့အနက်ပဲ ဒါရဲ့အနက်ကို
ဘုရားဖွင့်တာကျန်ပါသေးတယ် ဆက်ဖွင့်ရအောင်။ ''
( ဘုရား၊ စာ- ၁၄၇ )

''မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ်အရမှာ လူပိုင်မဟုတ်တဲ့
ပစ္စည်းအများအပြားခိုးယူခြင်း မပါဝင်ဘူး။
သူပိုင်မဟုတ်တဲ့ပစ္စည်းအများအပြားကို ခိုးယူပေမယ့် ခိုးရင်သီလမပျက်ဘူးလို့ ဆိုလိုတယ်။
ဒါကိုတော် တော်ကြီး သိဖို့ကောင်းတယ်။ သူမဟုတ် သူပိုင်တဲ့ပစ္စည်း ခိုးမိပြီး
စိတ်ပျက်နေကြသူတွေ အများကြီးရှိတယ်။ ဒါဆုတ်ယုတ်ဖို့ပဲ။ ''
( ဘုရား၊ စာ- ၁၄၇/၈ )

'' နိုင်ငံတော်ဆိုတာ နတ်ကြီးတစ်ပါးပါပဲ။ မြို့၊ ရွာဆိုတာတွေလည်း နတ်တွေပဲ သမဝါယမအဖွဲ့
ရဲအဖွဲ့၊ မီးသတ်အဖွဲ့၊ စစ်တပ်အဖွဲ့ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေးအဖွဲ့၊ ဒါတွေလည်း
နတ်တွေပဲ နတ်တွေနတ်ဖြစ်ကြောင်း ရှင်းရင်သိပ်ရှည်သွားမယ် အကျဉ်းချုပ်လိုက်ရင်တော့ လူတစ်ဦးချင်း
ပုဂ္ဂလိကပိုင် မဟုတ်တဲ့ ပစ္စည်းတွေဟာ နတ်ပိုင်ပစ္စည်းတွေပဲ။
( ဘုရား၊စာ- ၁၄၉ )

''လူနဲ့နတ်တို့ ဒီလိုခွဲရမှာဖြစ်တယ်။ လူအစုအမှတ်တွေဟာ လူဆိုတဲ့ဂုဏ်ရည်က ကျော်သွားပြီ။
အဲဒီလူတွေ ပိုင်တဲ့ ပစ္စည်းဟာ လူပိုင်ပစ္စည်းအဖြစ်ကိုကျော်ပြီး နတ်ပိုင်ပစ္စည်းဖြစ်သွားတယ် အဲဒီပစ္စည်းကို
ခိုးယူခြင်းဟာ ဒီသီလ သိက္ခာမှာ အခိုးမမြောက်ဘူး သီလမပျက်သေးဘူးပေါ့။
( ဘုရား၊ စာ- ၁၅ဝ )

'' နိုင်ငံပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ မခိုးရသိက္ခာပုဒ်မပျက်ဘူး။
ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိကမဟုတ်ဘဲ နိုင်ငံတော်ဖြစ်နေလို့ပဲ။
သမဝါယမပိုင်၊ မြို့ပိုင်၊ ရွာပိုင်၊ အဖွဲ့အစည်းပိုင်၊ ဌာနဆိုင်ရာပိုင် ပစ္စည်းတွေ
ခိုးတာလည်း ဂရုဓမ္မသီလမခိုးရ သိက္ခာပုဒ်အရ အခိုးမမြောက်ဘူး။ ''
( ဘုရား၊စာ- ၁၅၁ )

*******************************************************


ဦးဉာဏ၏ အထက်ပါဟောပြောချက်တို့ကို အဌကထာဆရာတို့၏ 

အဆိုနှင့် ညှိနှိုင်းတိုက်ဆိုင်ကြည့်သော အခါ -


သံယုတ်စသော အဋ္ဌကထာတို့၌

'' အဒိန္နဿ အာဒါနံ အဒိန္နာဒါနံ။ ပရဿ ဟရဏံ ထေယံျ စောရိကာတိ ဝုတ္တံ ဟောတိ။

(သံ၊ဋ္ဌ၊၂၊၁၃၄။ ဣတိဝုတ်၊ ဋ္ဌ၊၂၁၈။ မ၊ ဌ၊ ၁၊ ၂ဝ၂။ အဘိ၊ ဌ၊ ၁၊၁၄၁)

အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းသည် အဒိန္နာဒါနမည်၏။
သူတစ်ပါး ဥစ္စာကို ဆောင်ခြင်း၊ ခိုးခြင်း၊ ဝှက်ခြင်းဟု ဆိုလိုခြင်းဖြစ်၏။'' ဟု
ဖွင့်ဆိုထားသောကြောင့် 'သူတစ်ပါး ဥစ္စာကို ခိုးယူ ခြင်းမှ ရှောင်ကြဉ်ပါ၏။ 'ဟု ဆိုရာ၌
သူတစ်ပါးဟူသည် မိမိမှတပါး အခြားသော
သူတို့ကို သူတပါးဟု ဆိုရပါသည်။

သံယုတ်အဌကထာစသည်တို့၌ -

'' အဒိန္နန္တိ ပရပရိဂ္ဂဟိတံ၊ (သံ၊ ဌ၊ ၂၊ ၁၃၄)

အဒိန္နံဆိုတာ သူတပါးတို့ သိမ်းဆည်းထားအပ်သော ဥစ္စာတည်း '' ဟု ဖွင့်သလို၊

ကင်္ခါဝိတရဏီအဋ္ဌကထာ စာမျက်နှာ (၁၁၅) ၌လည်း -
'' အဒိန္နန္တိ အညဿ မနုဿဇာတိကဿ သန္တကံ။
အဒိန္နံဆိုတာ မိမိမှ တပါး အခြားသော လူဇာတ်ရှိသူ၏ ဥစ္စာတည်း '' ဟု ဖွင့်ဆိုထား၏။

ထို့ကြောင့် မိမိမှတပါး အခြားသူ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းဖြစ်စေ၊
နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်စေ၊
ရပ်ကွက်ပိုင်ပစ္စည်းဖြစ်စေ၊
အဖွဲ့အစည်းပိုင်ပစ္စည်းဖြစ်စေ ခိုးယူပါက
အဒိန္နာဒါနပင်ဖြစ်ပါသည်။

အဒိန္နာဒါနကံ၌ -
၁။ သူတပါးဥစ္စာဖြစ်ခြင်း၊
၂။ သူတပါးဥစ္စာဟု သိခြင်း၊
၃။ ခိုးယူလိုသော စိတ်ရှိခြင်း၊
၄။ ခိုးယူကြောင်းဖြစ်သော ကိုယ်မှု၊ နှုတ်မှု လုံးလတစ်ခုခုကို ပြုခြင်း၊
၅။ ခိုးယူခြင်း ဟူသော ဤအင်္ဂါ (၅)ချက်နှင့်ပြည့်စုံလျှင် အဒိန္နာဒါနကံ မြောက်ပါ၏။
(ခုဒ္ဒက၊ ဋ္ဌ၊ ၂၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁)

ဘုရားရှင် ဟောတော်မူသော တရားတော်တို့နှင့် ဦးဉာဏ ၏ သတ်နည်းအမျိုးမျိုး၊
ခိုးနည်းအမျိုးမျိုးတို့ကို သင်ကြားပြသနေသော ဟောပြောချက်များ တိုက်ဆိုင်ကြည့်သောအခါ
သိနိုင်ပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်း သတိထား၍ ရှောင်ရှားနိုင်ကြပါစေ။


အရှင်ဝရသာမိ 
https://shinsami.blogspot.com