''ဘုရားမှာ စိတ်ဆင်းရဲမှုကို ခံစားတယ် ''
ဦးဉာဏက -
''ဘုရားလည်း ခွင့်ပြုလိုက်ပါတယ်။ ရဟန်းတွေလည်း ပြန်ရောက်လာကြတာပေါ့။ ဒါကိုကြည့်ရင်
ဘုရားဟာ ရဟန်းတွေဆူဆူညံညံ အသံကြောင့် စိတ်ဆင်းရဲမှု ခံစားရတာ တွေ့ရတယ်။ ဘုရားဟာ
ဒုက္ခအဆုံးကို ရောက်ပြီးပေမယ့် ခံစားမှု ဆင်းရဲတော့ သူများလိုဘဲ ခံစားရတယ်။ ခံစားမှုဆင်းရဲဟာ
ဘုရားပယ်တဲ့ ဒုက္ခမဟုတ်ဘူး။ ဒါကြောင့် ခံစားစရာကို သူများလိုဘဲ ဘုရားခံစားရတယ်။
( ဦးဉာဏ၏ ဘုရား၊ စာ-၁ဝဝ/၁ဝ၁ )
'' တစ်ခါဇေတဝန်ကျောင်းနားမှာ ရှင်းလင်းလုပ်ကိုင် တည်ဆောက်နေတာကို
ဘုရားတွေ့သွားတယ်။ ဘုရားစုံစမ်းတော့ တိတ္ထိတွေရဲ့ ကျောင်းဆောက်တာဖြစ်နေတယ်။ တိတ္ထိတွေက
ဘုရားကြီးပွားတာ ဇေတဝန် မြေခံကောင်း လို့ဘဲ၊ တို့လည်းကြီးပွားအောင် ဒီနားကပ်ပြီး
ကျောင်းဆောက်မယ်။ ဒီလိုစိတ်ကူးနဲ့ ဆောက်ကြတာဘဲ။ ဒါကို သူတို့က ကောသလမင်းဆီ
မကန့်ကွက်နိုင်အောင်လို့ ငွေတစ်သိန်း လာဘ်ထိုးလုပ်ရတာ။ တိတ္ထိကျောင်း ဆောက်တာကို ဘုရားသိတော့
ဘုရားက သူ့တပည့်ကြီးတွေကို ကောသလထံ လွှတ်တယ်။ ကောသလကလည်း ဒီကိစ္စနဲ့ လာမှန်းသိလို့
တစ်ယောက်မှ အတွေ့မခံဘူး။ အထပ်ထပ်လွတ်တယ်။ ဘယ်သူမှ မတွေ့ခဲ့ရဘူး။ နောက်ဆုံးမှာ
ဘုရားကိုယ်တိုင် သွားတွေ့တယ်။ ကောသလ ရှောင်လို့မရတော့ဘူး။ အတွေ့ခံရတယ်။ ဘုရားက
တိတ္ထိကျောင်းကို ကန့်ကွက်ပြတယ်။ ကောသလက ငွေပြန်ပေးပြီး ကျောင်းကို ဖယ်ရှားခိုင်းပေးရတယ်။''
''ဒီအဖြစ်အပျက်ဟာ ဘုရားရဲ့ ခံစားမှုနဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်ဘဲ တုန့်ပြန်စရာကို
အသက်ဝင်ဝင်တုန့်ပြန် တာ တွေ့ရတယ်။''
( ဘုရား၊ စာ- ၁ဝ၁/၁ဝ၄ )
'' ဒီမှာဘုရားပြောခဲ့တဲ့ စကားတစ်ခု မှတ်သားစရာဘဲ။
''ရဟန်းတွေကို ငါဆောင်ထားတာ မဟုတ်ဘူး''တဲ့ ဒီစကားကို သူများတွေ နားမလည်စရာဘဲ။
ဒါပေမဲ့ ဒါဟာ သူသဘောထားဘဲ။
ဒီအချက်ဟာလည်း ဘုရားခံစားချက်နဲ့ ပတ်သက်တဲ့ အချက်တစ်ခုဘဲ။''
( ဘုရား၊ စာ- ၁ဝ၃/၁ဝ၄ )
'' နောက်ဆုံးတစ်ချက်က ဒေဝဒတ်က ဘုရားဆီက ဂိုဏ်းခွဲသွားတဲ့ လုပ်ငန်းပဲ။ ဒေဝဒတ်ဟာ
ဘုရားကို ပြိုင်ဆိုင်ပြီး ဂိုဏ်းခွဲတယ်။ သံဃာတစ်ချို့ သူ့နောက်ပါသွားတယ်။ ဘုရားအနေနဲ့ ဒီလိုဖြစ်ရတာဟာ
ဘယ်လိုနေမလဲ သူ့တပည့်ကြီး သာရိပုတ္တရာနဲ့ မောဂ္ဂလာန်တို့ကို ပါသွားတဲ့ ရဟန်းတွေကို ပြန်စည်းရုံး
ခိုင်းတယ်။ အတော်များများ ပြန်ပါလာပေမယ့် ဒေဝဒတ်နဲ့ တစ်ချို့ကတော့ ခွဲကျန်ခဲ့တာဘဲ။ နောက်ပိုင်းမှာ
သူ့ကို အမျိုးမျိုး စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာပဲ။ ရာဇဂြိုဟ်ထီးနန်းကို အပိုင်စီးတယ်။
သူ့ကို သေကြောင်းကြံတယ်။ ဒေဝဒတ်က ကန်တော့ လာတာကိုတောင် ဘုရားက လက်မခံဘူး။
ဒီတော့ ဒေဝဒတ်နဲ့စပ်လို့ ဘယ်လို ခံစားရသလဲဆိုတာ သိသာတယ်။ အခု လေ့လာခဲ့ရတာတွေဟာ
ခံစားမှုနဲ့ စပ်ပြီး ဘုရားရဲ့ ခံစားရပုံနဲ့ ခံစားမှုကို တုန့်ပြန်ပုံ အမျိုးမျိုးအကြောင်း သိရချက်ဘဲ။ ဒါတွေအရ
ဘုရားဟာ အသည်းနှလုံး မရှိသူ မဟုတ်ဘူး။ အသည်းနှလုံးရှိရှိ ခံစားပြီး ဦးနှောက်ရှိရှိ
တုန့်ပြန်သူဖြစ်ကြောင်း သိရချက်ပဲ ဖြစ်တယ်။ '' ဟု ဟောပြောရေးသားထားပါသည်။
( ဘုရား၊ ၁ဝ၄ )
*********************************************
ဦးဉာဏ၏ အထက်ပါဟောပြောချက်တို့နှင့် ပတ်သက်၍ အထူးပင်ပြောစရာ လိုမည်မထင်ပါ။
အဘယ့်ကြောင့်ဆိုသော် အနာဂါမ်ပုဂ္ဂိုလ်သည်ပင် ဒေါသကို အကြွင်းမဲ့
ပယ်ထားကြောင်း အဘိဓမ္မာတက်ဖူးသည့် ရဟန်း၊ ရှင်၊ လူ မည်သူမဆို သိထားပြီးဖြစ်သောပါသည်။
ဘုရားရှင်၏ တပည့်သာဝက အနာဂါမ် သည်ပင် ဒေါသပယ်ထား၍
စိတ်ဆင်းရဲမှု မခံစားရလျှင် ဘုရားရှင်မှာကား အဘယ်မှာလျှင် စိတ်ဆင်းရဲမှု ခံစားရပါအံ့နည်း။
ဦးဉာဏ၏ အသိကား အဘိဓမ္မာတတ်ဖူးသည့် အမျိုးသမီးငယ် တစ်ဦးလောက်ပင်အသိမရှိ လေစွတကား။
ဤမျှ အသိမရှိသောပုဂ္ဂိုလ်က ' ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာ ' ဟု နာမည်တပ်ကာ
အပြာဂိုဏ်း ထူထောင်ပြီး ခေါင်းဆောင်လုပ်နေခြင်းသည် သာသနာတော်အတွက်
ဝမ်းနည်းဖွယ်ပင် ကောင်းလှပါသည်။
အဘိဓမ္မတ္ထသင်္ဂဟခေါ် သဂြို ၤဟ်၌ -
'' အနာဂါမိ ပုဂ္ဂလာနံ ပန ပဋိဃဇဝနာနိစ နလဗ္ဘ န္တိ။
( စာ- ၆၉)
အနာဂါမိမဂ္ဂံ ဘာဝေတွာ ကာမရာဂဗျာပါဒါန မနဝသေသပ္ပဟာနေန အနာဂါမီနာမ ဟောတိ
အနာဂန္တွာ ဣတ္ထတ္တံ။
( စာ - ၁၆၄ )
အနာဂါမ်ပုဂ္ဂိုလ်သည် ကာမရာဂနှင့် ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်သတ်ထား၏။'' ဟု မိန့်ထား၏။
ဝိသုဒ္ဓိမဂ်၌လည်း ထို့အတူပင် မိန့်ဆိုထားပါသည်။
( ဝိသုဒ္ဓိ၊ ၂၊ ၃၁၇။ အဘိ၊ ၃၊ ၁၁၉ )
အနာဂါမ်ပုဂ္ဂိုလ်သည် ဒေါသပယ်ထားပြီးဖြစ်၍ စိတ်ဆင်းရဲမှုမရှိလျှင်
ရဟန္တာနှင့် ဘုရားရှင်တို့မှာ အဘယ်မှာလျှင် စိတ်ဆင်းရဲမှု ရှိပါမည်နည်း။ မရှိနိုင်ပေ။
မိလိန္ဒပဥှာ၌ -
ရဟန္တာပုဂ္ဂိုလ်တို့သည် နောက်ထပ် အသစ်တစ်ဖန် ပဋိသန္ဓေမနေတော့ပါ။ ထိုပုဂ္ဂိုလ်သည်
တစ်စုံတစ်ခုသော ဒုက္ခဝေဒနာကို ခံစားရဦးမည်လော?
အချို့သော ဝေဒနာကို ခံစားရ၍ အချိုကသော ဝေဒနာကို မခံစားရတော့ပါ။
အဘယ်ဝေဒနာကို ခံစားရ၍ အဘယ်ဝေဒနာကို မခံစားရတော့ပါသနည်း?
ကိုယ်၌ဖြစ်သော ကာယိကဒုက္ခဝေဒနာကိုသာ ခံစားရ၍ စိတ်၌ဖြစ်သော
စေတသိကဒုက္ခဝေဒနာကို မခံစား တော့ပါ။
အဘယ့်ကြောင့် ကာယိကဒုက္ခဝေဒနာကို ခံစားရ၍ စေတသိကဒုက္ခဝေဒနာကို
မခံစားတော့သနည်း?
ရဟန္တာပုဂ္ဂိုလ်တို့သည် ကာယိကဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းတရားများကို
မပယ်ရသေးသောကြောင့် ကာယိကဒုက္ခဝေဒနာကိုသာ ခံစားရသေး၏။
စေတသိကဒုက္ခဝေဒနာဖြစ်ကြောင်း တရားများကိုမူ ပယ်သတ်ပြီးဖြစ်သောကြောင့်
စေတသိကဒုက္ခဝေဒနာကို မခံစားရတော့ပါ။'' ဟု မိန့်ဆိုထားပါသည်။
( မိလိန္ဒ၊ ၄၄ )
မိလိန္ဒပဥှာ၌ပင် မိလိန္ဒမင်းကြီးက
' အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်နှင့် တပည့်ပရိသတ်ကို အမျက်ထွက်ပြီး
နှင်ထုတ်တာလား ' ဟု မေးလာသည့်အခါ -
အရှင်နာဂသေနက -
မင်းမြတ်''ငါဘုရားသည် အမျက်ထွက်လေ့မရှိ ဒုစရိုက်ငြောင့် သစ်ငုတ်ကင်း၏''ဟု ဤစကားကို
မြတ်စွာဘုရား ဟောတော်မူအပ်၏၊ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်မထေရ်တို့ကိုလည်း
ပရိသတ်နှင့်တကွ နှင်ထုတ် တော်မူ၏၊ ထိုသို့နှင်ထုတ်ခြင်းသည်ကား အမျက်ထွက်ခြင်းကြောင့်
နှင်ထုတ်တော်မူသည်မဟုတ်၊
မင်းမြတ် ဤလောက၌ တစုံတယောက်သော ယောကျာ်းသည် သစ်မြစ်ကြောင့်သော်လည်းကောင်း၊
သစ်ငုတ်ကြောင့်သော် လည်းကောင်း၊ ကျောက်ကြောင့်သော်လည်းကောင်း၊ အိုးခြမ်းခွဲကြောင့်သော်
လည်းကောင်း မညီမညွတ်သော မြေအဘို့ကြောင့်သော် လည်းကောင်း၊ မြေကြီးပေါ်၌ ချော်၍လဲကျ၏၊
မင်းမြတ် မြေကြီးသည် အမျက်ထွက်သည် ဖြစ်၍ ထိုသူကို လဲစေသလော ဟု(မေးတော်မူ၏)။
အသျှင်ဘုရားမဟုတ်ပါ၊ မြေကြီးအား အမျက်ဒေါသ သည်လည်းကောင်း၊ ဝမ်းမြောက်ကြည်ရွှင်ခြင်း
သည်လည်းကောင်း မရှိပါ၊ မဟာပထဝီမြေကြီးသည် ချစ်ခြင်း မုန်းခြင်းမှ လွတ်ပါ၏၊
ထိုညံ့ဖျင်းသူသည် မိမိအလိုလိုသာလျှင် ချော်၍လဲပါ၏ဟု (လျှောက်၏)။
မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား တို့အား အမျက်ထွက်ခြင်းသည် လည်းကောင်း၊
ကြည်လင်ရွှင်ပျခြင်းသည်လည်းကောင်း မရှိပါ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော
(သစ္စာလေးပါး တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော
မြတ်စွာဘုရားတို့သည် ချစ်ခြင်း မုန်းခြင်းမှ လွတ်တော်မူကုန်၏၊
စင်စစ်သော်ကား ကိုယ်တိုင်ပြုအပ်သော မိမိ၏အပြစ်ကြောင့်သာလျှင် ထိုသူတို့ကို နှင်ထုတ်အပ်ကုန်၏။
မင်းမြတ် ဤလောက၌ မဟာသမုဒြာသည် သေသော အကောင်ပုတ်နှင့် အတူမနေ၊
မဟာသမုဒြာ၌ အကြင်သေသော အကောင်ပုတ်သည်ရှိ၏၊ ထိုသေသော အကောင်ပုတ်ကို
လျင်စွာသာလျှင်ထုတ်ပယ်၏၊ ကုန်းသို့ (တင်ပို့) ဖယ်ရှား၏၊ မင်မြတ် မဟာသမုဒြာသည်
အမျက်ထွက်သည်ဖြစ်၍ ထိုအကောင်ပုတ်ကို ထုတ်ပယ်သလော ဟု(မေးတော်မူ၏)။
အသျှင်ဘုရားမဟုတ်ပါ၊ မဟာသမုဒြာအား အမျက်ထွက်ခြင်းသည်လည်းကောင်း၊ ကြည်လင်ရွှင်
ပျခြင်းသည်လည်းကောင်း မရှိပါ၊ မဟာသမုဒြာသည် ချစ်ခြင်း မုန်းခြင်းမှ လွတ်ပါ၏ဟု(လျှောက်၏)။
မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားတို့အား အမျက်ထွက်ခြင်းသည်လည်းကောင်း၊
ကြည်လင်ရွှင်ပျခြင်းသည်လည်းကောင်း မရှိ၊ ပူဇော်အထူးကိုခံတော်မူထိုက်ကုန်သော
(သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ချစ်ခြင်း
မုန်းခြင်းမှ လွတ်တော်မူကုန်၏၊ စင်စစ်သော်ကား ကိုယ်တိုင်ပြုအပ်သော မိမိ၏အပြစ် ကြောင့်သာလျှင်
ထိုသူတို့ကို နှင်ထုတ်အပ်ကုန်၏။
မင်းမြတ် မြေ၌ ချော်သည်ဖြစ်၍ လဲကျသကဲ့သို့ ထို့အတူ မြတ်စွာဘုရား သာသနာတော်မြတ်၌
ချော်သည်ဖြစ်၍ နှင်ထုတ်အပ်၏၊ မင်းမြတ် မဟာသမုဒြာ၌ အသေကောင်ပုတ်ကို ထုတ်ပယ်သကဲ့သို့
ထို့အတူ မြတ်စွာဘုရား သာသနာတော်မြတ်၌ ချွတ်ချော်သူကို နှင်ထုတ်အပ်၏။ မင်းမြတ်
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ အကျိုးကိုအလိုရှိတော်မူ၍ အစီအပွားကို အလိုရှိတော်မူ၍
ချမ်းသာခြင်းကို အလိုရှိတော်မူ၍ စင်ကြယ်ခြင်းကို အလိုရှိတော်မူ၍
''ဤသို့ နှင်ထုတ်သဖြင့် ဤရဟန်းတို့သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းတို့မှ လွတ်ကုန်လတ္တံ့ ''ဟု
နှလုံးသွင်းလျက် နှင်ထုတ်တော်မူ၏ဟု (မိန့်တော်မူ၏)။
( မိလိန္ဒ၊ မြန်မာပြန်၊ ၁၉၉ )
တစ်ဖန် မြတ်စွာဘုရားက -
ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်မှာမူကား ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါ
စိုးရိမ်, ပူဆွေး, ငိုကြွေး, မြည်တမ်း, စိတ်ပင်ပန်းခြင်းလည်း မဖြစ်၊ မေ့မြော့သွားခြင်းလည်းမရှိ၊ စိတ်ဆင်းရဲခြင်း
စိတ်ညစ်ခြင်း စသော စိတ်ဝေဒနာကို မခံစားရသော်လည်း ကိုယ်ဆင်းရဲမှု၊ ကိုယ်ပင်ပန်းမှုစသည့်
ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။
ရဟန်းတို့- ဥပမာအားဖြင့်ဆိုသော် ပထမအကြိမ်သာ ငြောင့်စူးခံရ၍
ထိုငြောင့်တချောင်းတည်းဖြင့်သာ ဝေဒနာခံစားရသော ယောကျာ်းနှင့် တူပေသည်။
ရဟန်းတို့- ထိုငြောင့်တချောင်းသာ အစူးခံရသော ယောကျာ်းကဲ့သို့ အကြားအမြင်ရှိသော
အရိယာသာဝက သည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် စိုးရိမ်, ပူဆွေး, မြည်တမ်း,
စိတ်ပင်ပန်းခြင်းလည်းမရှိ၊ မေ့မြော့သွားခြင်း လည်းမရှိ၊ စိတ်ဆင်းရဲမှု စိတ်ညစ်မှုစသော စိတ်ဝေဒနာကို
မခံစားရသော်လည်း ကိုယ်ဆင်းရဲပင်ပန်းမှုစသော ကာယိကဒုက္ခဝေဒနာကိုမူ ခံစားရပေသေးသည်။
အရိယာသာဝကသည် ဒုက္ခဝေဒနာနှင့် တွေ့ကြုံရသည့်အခါတွင် အမျက်ဒေါသထွက်ခြင်း၊
စိတ်ဆိုးခြင်းများ မဖြစ်တော့။ ထို့ကြောင့် ထိုအရိယာသာဝကအား ဒုက္ခဝေဒနာကြောင့်ဖြစ်သည့်
ပဋိဃာနုသယလည်း မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။ ထိုအရိယာသာဝကသည်
ယင်းဒုက္ခဝေဒနာနှင့်ကြုံတွေ့ရသည့် အခါတွင် ကာမချမ်းသာမှတပါး ဒုက္ခဝေဒနာ၏ လွတ်မြောက်ရာကို
သိသောကြောင့် ကာမချမ်းသာကို မနှစ်သက် မလိုချင်၊ ထို့ကြောင့် ထိုအရိယာ သာဝကအား
သုခဝေဒနာကြောင့်ဖြစ်သော ရာဂါနုသယသည် မကိန်းတော့၊ မဖြစ်ပေါ်တော့ချေ။
ထိုအရိယာသာဝကသည် ဝေဒနာတို့၏ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊
သာယာ ဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း၊
ဟုတ်တိုင်းမှန်စွာသိ၏။ယင်းသို့သိသောကြောင့် ထိုအရိယာသာဝကအား ဥပေက္ခာဝေဒနာကြောင့်ဖြစ်သော
အဝိဇ္ဇာနုသယသည် မကိန်းတော့ မဖြစ်ပေါ်တော့ချေ။
ထိုအရိယာသာဝကသည် ဒုက္ခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့် မယှဉ်မူ၍
ဒုက္ခဝေဒနာကို ခံစား၏၊ သုခဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်မယှဉ်မူ၍
သုခဝေဒနာကို ခံစား၏။ ဥပေက္ခာဝေဒနာကို ခံစားသည့်အခါမှာလည်း ကိလေသာနှင့်မယှဉ်မူ၍
ဥပေက္ခာဝေဒနာကို ခံစား၏။
ရဟန်းတို့ - အကြားအမြင်ရှိသော အရိယာသာဝကကို ပဋိသန္ဓေနေမှု, အိုမှု, သေမှု, စိုးရိမ်မူဆွေး
ငိုကြွေးမှု, စိတ်ဆင်းရဲမှု, ပြင်းစွာပင်ပန်းမှုတို့နှင့် မယှဉ်စပ်သူ၊ ဆင်းရဲဒုက္ခနှင့် မယှဉ်စပ်သူဟု
ငါဘုရားဟော၏။''ဟု မိန့်ကြားတော်မူ ထားပါသည်။
(သံ၊ ၂၊ ၄ဝ၉။ သံ၊ ဋ္ဌ၊ ၃၊ ၁၁၇)
ပဏ္ဏာသ အဌကထာ၌လည်း -
မာရ်နတ်ဟာလည်း ဘုရားလောင်းသိဒ္ဓတ္ထ တောထွက်လာချိန်ကစပြီး(၆)နှစ်ကြာ အပြစ်ရှာပေမယ့်
ဘုရား လောင်းမှာ မနှစ်သက်စရာ အပြစ်တစ်စုံတစ်ရာ မတွေ့ရပါ။ အောက်ထစ်ဆုံးအားဖြင့် စိတ်အကြံကိုမျှ
မတွေ့ရပါ။ မာရ်နတ်က ''အကယ်၍ ဘုရားလောင်းမှာ အကုသိုလ်ဝိတက်ကိုမျှ တွေ့ခဲရင် အဲဒီ နေရာမှာပဲ
ဘုရားလောင်းကို ဦးထိပ်မှာ ပုတ်ခတ်ပြီး ဖဲသွားမယ် ''လို့ ကြံစည်နေပါတယ်။ မာရ်နတ်ဟာ ၆-နှစ်ပတ်လုံး
ဘုရားလောင်းမှာ အပြစ်မတွေ့လို့ ဘုရားဖြစ်ပြီးနောက် တစ်နှစ်ကြာအောင် နောက်ကလိုက်ကာ
အပြစ်ရှာပေမယ့် စိုးစဉ်းအနည်း ငယ်သော အပြစ်မတွေ့ပါဘူး။ ဒါကြောင့် မာရ်နတ်ဟာ သွားသည့်အခါ
-
''ကြီးသော လုံးလဝီရိယ ရှိတော်မူသော၊ ကြီးသောဘုန်းရှိတော်မူသော မြတ်စွာဘုရား၊
အရှင်ဘုရားအား တန်းခိုး အခြံအရံတို့ဖြင့် တောက်ပတော်မူပါ၏။ အလုံးစုံသောရန်၊ အလုံးစုံသော
ဘေးတို့မှ လွန်တော်မူပါ၏။ ဂေါတမ အနွယ်ဖြစ်သောအရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏ ''
ဟုဆိုကာ ရှိခိုးသွားလေ၏ '' ဟု ဖွင့်ဆိုထားပါသည်။
( သံ၊ ၁၊ ၁၂၂ ) (မ၊ ဋ္ဌ၊ ၁၊ ဒု၊၂၇၉)
အထက်ပါ ပါဠိတော် အဌကထာတို့ကို ကြည့်သောအားဖြင့် အနာဂါမ်၊ ရဟန္တာတို့မှာ စိတ်ဆင်းရဲမှု
မရှိကြောင်း ထင်ရှားနေပါသည်။ ဘုရားလောင်းမှာပင် ကာမဝိတက်၊ ဗျာပါဒဝိတက်တို့ ရှာမတွေလေလျှင်
ဘုရားရှင်၌ စိတ်ဆင်းရဲမှု ဒေါမနဿဝေဒနာ မရှိကြောင်း ထင်ရှားနေပါသည်။
ထို့ကြောင့် ဦးဉာဏ၏ ဟောပြောချက်များသည် သက်သက် ဘုရားရှင်အား စွပ်စွဲပုတ်ခတ်
စော်ကားလို၍ ဟောပြောထားသော အချက်များဖြစ်နေသည်ကို ထင်ထင်ရှားရှား တွေ့ရပေသည်။
အရှင်ဝရသာမိ
https://shinsami.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊