Sunday, March 31, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၃ (ဗုဒ္ဓဂယာ)


မဟာဗောဓိစေတီ

ဗုဒ္ဓဂယာ ဒေသတွင်ရှိသော မဟာဗောဓိစေတီတော်ကြီးမှာ ထင်ရှားကျော်ကြားသည့် 
စေတီတော်ကြီးတစ်ဆူ ဖြစ်ပါသည်။ မဟာဗောဓိပင် နှင့် ပလ္လင်တော် အရှေ့ဘက်တွင် 
စတုဂံပုံ နှစ်ထပ်စေတီတော်ကြီး ဖြစ်သည်။ ခရစ်နှစ် (၂) ရာစုခန့်၌ မဂဓတိုင်းဘုရင်
တစ်ပါးက အသောကမင်းတည်ထားခဲ့သည့် စေတီငယ်အား ယခု လက်ရှိပုံစံ စေတီ
တော်ကြီး အဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ အေဒီ ၇ ရာစုတွင်လည်း 
ပါလမင်းများက ပြန်လည်တည်ဆောက်ခဲ့ပြီး၊ အေဒီ ၁၂ ရာစုတွင် မွတ်စလင်များက 
ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။ အေဒီ ၁၂ ရာစု၏ နောက်ပိုင်းတွင် မဟာဗောဓိစေတီ
သည် ပြုပြင်ထိမ်းသိမ်းမည့်သူ မရှိဘဲ စွန့်ပစ်ခံထားရသည်။

သို့တိုင်အောင် ဗုဒ္ဓဂယာသည် အထူးသဖြင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များအဖို့ 
အလုံးစုံမေ့ပျောက်သွားသော နေရာဌာနတစ်ခု လုံးဝဖြစ်မသွားခဲ့သလို သီရိလင်္ကာ
လူမျိုးများသည်လည်း ဗုဒ္ဓဝါဒ၏ အချက်အချာ နေရာအဖြစ် တည်ရှိခဲ့စဉ်အတွင်း 
နှစ်ပေါင်း ၉ဝဝ-တိုင်တိုင် မဟာဗောဓိစေတီတော်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြ
သည်ဟု ဆိုသည်။ မြန်မာလူမျိုးများသည် ဗုဒ္ဓဂယာ စွန့်ပစ်ထားခြင်းခံရပြီးနောက် 
၁၃-ရာစုမှသည် ၁၉-ရာစုနှစ်တိုင်အောင် စေတီတော်ကို ပြန်လည်ပြုပြင်ရန်နှင့် 
စေတီတော်မြတ်ကြီး လုံးဝပျက်စီးသွားခြင်းမှ ကာကွယ်ရန် အကြိမ်ပေါင်းများစွာ 
လာရောက်လျက် အဆိုပါ အဓိကနေရာကို ရယူရန်ကြိုးစားခဲ့ကြသည်။

အေဒီ ၁၂၉၅-တွင် မြန်မာဘုရင် ကျော်စွာသည်စေတီတော်ကို ပြုပြင်ရန်နှင့် 
ဗောဓိပင်အား ခမ်းနားသိုက်မြိုက်စွာ လှူဒါန်းပူဇော်မှုများပြုရန် ဗုဒ္ဓဂယာသို့
သာသနာပြုအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်ဟုဆိုသည်။ မြန်မာနိုင်ငံမှအခြား
ဗုဒ္ဓသာသနာပြု အဖွဲ့များသည် ၁၄၇၂-ခုနှစ်၊ ၁၈၁ဝ နှင့် ၁၈၇၇-ခုနှစ်များတွင် 
လာရောက်ခဲ့ကြသည်။ဤ(သာဓက)များသည် နှစ်ပေါင်း ၆ဝဝ-ခန့်မျှ ဗုဒ္ဓဂယာ
စေတီတော်မြတ်ကြီး ဆက်လက် တည်ရှိနေခဲ့ခြင်းသည် မြန်မာ ဗုဒ္ဓဘာသာဝင်များ၏ 
ကြည်ညိုသဒ္ဓါတရားနှင့်ရက်ရောမှုကြောင့် လုံးဝဖြစ်ရကြောင်း အဓိပ္ပာယ်ဖွင့်ဆိုလျက်ရှိသည်။



အေဒီ ၁၈၁ဝ-ခုနှစ်တွင် မြန်မာဘုရင် ဘိုးတော်ဘုရားစေလွှတ်သည့် သာသနာပြု
အဖွဲ့က ဟောဗောဓိစေတီတော်ကို ပြုပြင်ပြီးနောက် တစ်နှစ်အကြာတွင် ဘိုးတော်
ဘုရား ကိုယ်တိုင် (ဗုဒ္ဓဂယာသို့) ကြွရောက်ခဲ့သည်ဟုဆိုသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ ဂ ၌ ဖော်ပြသော ဘိုးတော်ဘုရားအတ္ထုပ္ပတ္တိတွင် 
ဘိုးတော်ဘုရားကိုယ်တိုင် အိန္ဒိယရှိ ဗုဒ္ဓဂယာသို့ ဘုရားဖူး သွားရောက်ကြောင်း 
ဖော်ပြခြင်းမရှိပဲ၊ မှူးမတ်များကို အိန္ဒိယသို့ ပညာတော်သင် စေလွှတ်ကြောင်းနှင့် 
၎င်းတို့အပြန်တွင် ဗောဓိပင်ပွားနှစ်ပင် ပင့်ဆောင်ခဲ့ကြောင်းသာ ဖော်ပြထားသည်။

မြန်မာကောဇာသက္ကရာဇ် (၁၂၃၉)  ခုနှစ်တွင် မြန်မာဘုရင် မင်းတုန်းမင်းသည် 
အိန္ဒိယနိုင်ငံ ကိုးကတ္တားတွင် နန်းစိုက်နေထိုင်သည့် ဝိတိုရိယဘုရင်မထံ အကြောင်း
ကြားပြီး ရူပီးသန်း ၇ဝ ဖိုးမျှ လှူဒါန်း၍ ဘုရင်မကြီးက မင်းတုန်းမင်းကိုယ်စား 
စေတီကြီးကို ပြုပြင်ခဲ့သည်။ အေဒီ ၁၇ ရာစုတွင် မဟာဗောဓိစေတီ ပရိဝုဏ်ကို
 ဗြာဟ္မဏပုဏ္ဏား မဟန့်တို့က ဗိဿနိုးခြေရာနှင့် နတ်ကွန်းများရောနှောထည့်သွင်းပြီး 
မဟန့်တို့က ချယ်လှယ်အုပ်စိုးထားခဲ့ကြသည်။ မဟာဗောဓိစေတိတော် နှင့်ပရဝုဏ်မှာ
 မြစ်ရေကြီးမှုကြောင့် ခရစ် ၁၈၁၁ ခုနှစ် အထိမြေအောက်တွင် မြုတ်နေခဲ့သည်။
၁၈၆၁ ခုနှစ် အိန္ဒိယ ရှေးဟောင်း သုနေသန အဖွဲ့က ပြန်လည်တူးဖော်ခဲ့သည်ဟု ဆိုသည်။

၁၉-ရာစုကုန်ခါနီးအချိန် သီရိလကာၤနိုင်ငံသား ဥပသကာ အနာဂါရိကဓမ္မပါလက
မဟာဗောဓိစေတီတော်ကို ဗုဒ္ဓဘာသာဝင်များအတွက်တောင်းဆိုသောအခါ 
ဟိန္ဒူဘုန်းကြီး မဟန့်က ယင်းစေတီကို မိမိပိုင်ဆိုင်ကြောင်း ငြင်းဆိုသည်။ 
ခရစ်နှစ် (၁၈၉၁) ခုနှစ်တွင် အနာဂါရိက ဓမ္မပါလသည်လည်းကောင်း၊ မြန်မာနိုင်ငံသား 
ဥပသကာ ဦးသိန်းမောင်၊ ဦးဘစီ တို့သည်လည်းကောင်း ဗုဒ္ဓဂယာ မဟာဗောဓိစေတီကို 
မဟန့်ဂီရိ လက်မှ ဗုဒ္ဓဘာသာဝင်များလက်သို့ လွှဲပြောင်းရောက်ရှိရေးနှင့် အိန္ဒိယ၊ 
သီရိလင်္ကာ၊ မြန်မာနိုင်ငံသားများ ပူးတွဲအုပ်ချုပ် နိုင်ရေးတို့ကို နှစ် (၆၀) နီးပါး 
ကြိုးစားအားထုတ်ခဲ့ကြသည်။ 

မဟာဗောဓိစေတီတွင် ရုပ်ပွာတော်တည်မှု နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူတို့ 
တရားအမှု ဖြစ်ခဲ့ကြသေးသည်။ သီဟိုဠ်နိုင်ငံမှ အနာဂါရိကဓမ္မပါလသည် ဂျပန်ဆရာတာ်
ကြီးက လှူဒါန်းလိုက်သည့် ရုပ်ပွားတော်တစ်ဆူကို မဟာဗောဓိစေတီ၏ အပေါ်ထပ်၌
ပူဇော်ထားရှိရန်  စီစဉ်ခဲ့သည်။ ၁၈၉၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ ကဆုန်လပြည့်နေ့တွင် 
ညောင်ရေသွန်းပွဲကျင်းပ ဆောင်ရွက်ကြစဉ် မဟန့်၏ တပည့်များက တားမြစ်၍ 
ရုပ်တုတော်အား ဆွဲချပြီး ဓမ္မပါလအားဆဲဆိုကြလေသည်။ ထိုအဖြစ်ပျက်ကို ဓမ္မပါလက 
မဟန့်ဂီရိတို့အား တရားစွဲလေသည်။ ၁၈၉၅ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဂယာဒိစတြိတ် 
တရားရုံးက မဟန့်ဂီးရ်တို့ သုံးဦးအား ထောင်ဒဏ်၊ ငွေဒဏ်ကျခံစေရန် အမိန့်ချခဲ့လေသည်။ 
မဟန့်သည် မကျေနပ်သဖြင့် ပတ္တနားစက်ရှင် တရားရုံးတွင် အယူခံဝင်ရာ ထောင်ဒဏ်၊ ငွေဒဏ်
ထပ်တိုး၍ ပြင်ဆင်အမိန့်ချလေသည်။ မဟန့်သည် မကျေနပ်နိုင်သဖြင့် ကာလကတ္တား 
ဟိုက်ကုတ်တရားရုံးသို့ အယူခံဝင်လေသည်။ ဟိုက်ကုတ်တရားသူးကြီးက မဟန့်မှာ
အပြစ်မရှိဟုဆိုကာ တရားသေလွှတ်လေ၏၊
ဓမ္မပါလသည်လည်း ၁၉၀၆ ခုနှစ်တွင် မင်းတုန်းမင်းဇရပ်မှ နှင်ထုတ်ခြင်းခံရလေသည်။ 

ဓမ္မပါလ၏ မလျှော့သော ဇွဲလုံးလကြောင့် ဟိန္ဒူရှေးရိုးစွဲဝါဒီ တစ်ယောက်ဖြစ်သည့် 
မဟတ္တမဂန္ဒီကပင် ဤစေတီတော်ကို ဗုဒ္ဓဘာသာဝင်များက အမှန်ပင် ပိုင်ဆိုင်ကြောင်း 
ဝန်ခံရသည် 'ဤမဟာဗောဓိစေတီတော်' ပိုင်ဆိုင်မှုအတွက် ဗုဒ္ဓဘာသာဝင်များ၌ 
အခွင့်အရေးရှိသည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ။ နောက်ဆုံး ၁၉၄၉-တွင် ဗုဒ္ဓဂယာ 
(မဟာဗောဓိ)စေတီ ဥပဒေ (ဗီဟာပြည်နယ် ဥပဒေအမှတ် ၁၇/၁၉၄၉-၁၉၅၅ 
ဖေဖော်ဝါရီလ ၈-ရက်နေ့တွင် ပြင်ဆင်)ကို ထုတ်ပြန်ခဲ့သည်။ ဤဥပဒေအရ 
(မဟာဗောဓိ) စေတီတော်ရေးရာ ကိစ္စများဆောင်ရွက်ရန် မဟန့်ဂီရိလက်မှ
စေတီကြီးကို လွှဲပြောင်းယူလိုက်ပြီး ဟိန္ဒူလေးယောက်နှင့် ဗုဒ္ဓဘာသာလေးယောက် 
အဖွဲ့ကို ဖွဲ့စည်းပြီး မဟာဗောဓိစေတီကို ယနေ့ထိတိုင် အုပ်ချုပ်ထားခဲ့ပေသည်။



ယနေ့အချိန်အခါတွင် မဟာဗောဓိစေတီတော် အပေါ်ထပ်မှ ရုပ်ပွါးတော် တက်ရောက်
ဖူးမြော်ခွင့် မရှိသော်လည်း စေတီတော် အောက်ထပ် အတွင်းရှိ ကြည်ညိုဖွယ်ရာ 
ဉာဏ်တော်ဆယ်ပေခန့်ရှိသော ရုပ်ပွါးတော်မြတ်ကို ဘုရားဖူးများ အေးချမ်းစွာ 
ဖူးမြော်နိုင်ပေသည်။ ဘုရားဖူးများအဖို့ သတိထားသည့် အချက်တစ်ခုမှာ
ထို ဗုဒ္ဓရုပ်ပွါးတော်မြတ်၏ ရှေ့တည့်တည့်တွင် ဟိန္ဒူဘာသာဝင်များက ထည့်သွင်း 
ထားသော ရှီဝ နှင့် ပဗ္ဗတီ တို့၏ လိင်အင်္ဂ ါကြီး တခုလည်းရှိပေသည်။ မဟာဗောဓိစေတီကို 
ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြသော ရှေးဆရာများ ဖျက်ဆီးထားခဲ့သောကြောင့် 
ယခုအခါတွင်တော့  ငုတ် မတွေ့ရတော့ဘဲ အရာမျှသာ တွေ့ရပါတော့သည်။ ဟိန္ဒူတို့၏
အယူဝါဒ အရ လူဖြစ်ခြင်းအစ ယောကျာ်းတန်ဆာ နှင့် မိန်းမတန်ဆာက ဆိုပြီး ကိုးကွယ်
မှု့ပြုကြသည်။ စာရေးသူ ဘုရားရောက်တိုင်း သတိထားမိသည်မှာ ထိုအရာကို တချို့
မသိနားမလည်ဘဲ အခြားသောနိုင်ငံများမှ ဘုရားဖူးများ ဟိန္ဒူဘာသာဝင်များ လုပ်သည့်
အတိုင်း နဖူးတို့လိုက် ခေါင်းတို့လိုက်နဲ့ လုပ်နေသည်ကို တွေ့ဘူး၏။ တချိန်ကဆိုရင် 
မြန်မာဘုရားဖူးများသည်ပင် ဆေးကျောက်ပြင် ဆိုပြီး ပွတ်ကာ ပွတ်ကာဖြင့် နဖူးတို့ 
ခေါင်းတို့ လုပ်ကြသည်ဟု သီတဂူဆရာတော်ဘုရားဟောကြားသော တရားတော် 
တစ်ခုတွင် နားကြားခဲ့ဘူးပေသည်။ ယခုအခါတွင်တော့ ဗုဒ္ဓရုပ်ပွါးတော်၏ ရှေ့
တည့်တည့်တွင် ပန်းများဖြင့် အမြဲတန်း ပူဇော်ထားသည်ကို တွေ့ရသည်။ 
ဟိန္ဒူဘာသာဝင်များအဖို့တော့ ဘုရားဖူးရင်း လိပ်ဥ တူးသည် ဆိုသလို ဘုရားဖူး
ပြီးတာနဲ့ ထိုအရာကို  ပွတ်ပြီး နဖူးတို့လိုက် ရင်ဘတ်တို့လိုက် ခေါင်းတို့လိုက် နှင့် 
မတွေ့ချင်အဆုံး တွေ့နေရပေ၏။ သူတို့အဆိုအရ သားဆုပန်သည် ဟူသတတ်။




မဟန့်ဂီရိ ၏ နန်းတော်

ဗုဒ္ဓဂယာ ဘုရားဖူးများအဖို့ မဟာဗောဓိစေတီမှ ဗုဒ္ဓဘာသာဝင်တို့ လှူဒါန်းသွားသော 
အလှူငွေတို့ဖြင့် ကြီးပွါးချမ်းသာနေသော ဟိန္ဒူဘုန်းကြီး မဟန့်ဂီရိ၏ နန်းတော်ကိုလည်း 
လေ့လာနိုင်ပေသည်။ မဟာဗောဓိစေတီ နှင့် မလှမ်းမကမ်းတွင် တည်ရှိသည်။ ၅ မိနစ်ခန့် 
လမ်းလျှောက်၍ သွားလျှင် ရောက်ရှိနိုင်ပေသည်။ မဟန့်၏ နန်းတော်အတွင်းသို့ အခမဲ့ 
ဝင်ရောက်၍ ရနိုင်သော်လည်း ဓာတ်ပုံရိုက်ခွင့်တော့ မရှိပေ။ :) 

နန်းတော်အတွင်းတွင် ဟိန္ဒူတို့ ကိုးကွယ်သော ကာလီမယ်တော်၊ ဟာနုမာမျောက်၊ 
ဗိဿနိုး၊ မဟာဗြဟ္မာ စသည်ဖြင့် သူတို့၏ နတ်ဘုရားမျိုးစုံကို တွေ့ရှိရပေသည်။ 
စာရေးသူ တစ်ပါးတည်း အရဲစွန့် ဝင်ရောက်လေ့လာပြီး အထဲမှာ မဟန့်၏ တပည့်
များက မျိုးစုံအောင် ရှင်းပြကြပါသည်။ ဟိန္ဒီစကားမပေါက် ကောင်းကောင်းလည်း 
နားမလည်သောကြောင့် တ အင်း အင်း နဲ့ ခေါင်းသာ ညိတ်ခဲ့ရသည် ဘာမှန်းတော့ 
သေချာမသိ။ များလိုက်တဲ့ နတ်ဘုရားတွေကိုလည်း မမှတ်မိနိုင် ဖြစ်ခဲ့၏။ 
အလွန်ကြီးမားသော မဟန့်ရဲ့ နန်းတော်ကြီး၏ တစ်နေရာတွင် ဗုဒ္ဓရုပ်ပွါးတော် 
များစွာကိုလည်း တွေ့လိုက်ရသောကြောင့် ဓာတ်ပုံ ရိုက်ပြီး မှတ်တမ်းတင်ချင်
စိတ်ကလည်း ထိမ်းမရဘဲ အစောင့်ကုလားနှင့် ငြှိလိုက်သည်။
ဈေးဆစ်ရင်း နဲ့ ရူပီးတစ်ရာနှင့် ရသွားပြီး အကြီးအကဲတွေ မမြင်အောင် 
အပေါက်ဝမှ စောင့်ပေးပြီး မြန်မြန်ရိုက်ခိုင်းသောကြောင့် နှစ်ပုံတော့ ရိုက်လိုက်ရသည်။ :)



မဟန့်၏ နန်းတော်အနီး တောင်ဘက်နားတွင် မင်းတုန်းမင်း ဇရပ်တည်ရှိပြီး 
ဇရပ်၏ ရှေ့နားတွင် ပါဠိဘာသာ၊ ဟိန္ဒီဘာသာ၊ နောက်ကျောက်တွင် မြန်မာ
ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတခုကိုလည်း တွေ့ရပေသည်။
" မဟာဗောဓိရွှေညောင်တော် ကျောက်စာသံပိုင်းမော်ကွန်း " ဟူသော 
အမည်ဖြင့် တွေ့ရပေ၏။ မင်းတုန်းမင်း ဇရပ်သည်ကား ထိန်းသိန်းစောင့်မည့်သူ 
မရှိဘဲ ယခုအခါတွင်တော့ ကုလားများက နေအိမ်တခုသဖွယ် နေနေကြပြီး နွားတင်းကုတ်
သာသာ ဖြစ်နေသည်ကို တွေ့ရှိရပေသည်။ နှမြောစရာ ကောင်းပေစွ။



ဆက်လက်ဖော်ပြပါမည်............


ကိုးကား............
(မဇ္ဈိမဒေသမြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ) ဦးသြဘာသ၊ သာဝတ္ထိမြန်မာကျောင်း၊
S.Dhammika ၏ Middle Land Middle Way (ဘာသာပြန်)
မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)


အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊