ဒုက္ကရစရိယာ ကျင့်ကြံရခြင်း အကြောင်း
ဒုက္ကရစရိယာကို မကျင့်ဘဲ ဘုရားဖြစ်နိုင်ပါလျက် အပင်ပန်းခံပြီး ဒုက္ကရစရိယာကျင့်ရခြင်းတွင်
အကြောင်းနှစ်ချက် ရှိပါသည်။
၁။ လူနတ်ဗြဟ္မာ သတ္တဝါတို့အား မိမိ၏ အများသူငါနှင့်မတူ ထက်သန်သော လုံးလဝိရိယကို
ထင်ထင်ရှားရှား ပေါ်လွင်အောင် ပြလိုသည်က တစ်ကြောင်း၊
၂။ နောင်တချိန် ဘုရားဖြစ်ပြီးသောအခါ ပြန်လည်စဉ်းစား ဆင်ခြင်လိုက်လျှင် မိမိအားထုတ်ခဲ့သော
လုံ့လဝိရိယ ဂုဏ်ကျေးဇူးသည် မိမိ၏ စိတ်နှလုံးကို ရွှင်ပြုံးဝမ်းမြောက်စေလိမ့်မည်ဟု ဆင်ခြင်မိသည်က
တစ်ကြောင်း၊ ဤ အကြောင်း နှစ်ချက်တို့ဖြင့် ဒုက္ကရစရိယာကို အပင်ပမ်းအဆင်းရဲခံပြီး ကျင့်တော်
မူခဲ့ခြင်း ဖြစ်ပေသည်။
တနည်းအားဖြင့် နောင်ဖြစ်လာမည့် သာဝကများအား နည်းလမ်းပေးသောအားဖြင့် စောင့်ရှောက်
တော်မူလိုသောကြောင့် ဒုက္ကရစရိယာကို ကျင့်သုံးခဲ့ခြင်း ဖြစ်ပေသည်။ နောင်လာမည့် တပည့်သာဝက
များသည် မြတ်စွာဘုရားရှင်သော်မှလည်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်ကို ဖြည့်ကျင့်
တော်မူရသေးသည်။ ငါတို့မှာမူ ပြောဖွယ်ရာပင်မလိုပေ။ ကမ္မဋ္ဌာန်းအလုပ် အားထုတ်နိုင်မှသာ
မဂ်ဉာဏ်ကို ရရှိနိုင်လိမ့်မည်ဟု အမြင်မှန်ကို ရရှိကြကာ ကမ္မဋ္ဌာန်းအလုပ် အားထုတ်ရမည်ဟု
သတိရှိနေကြပေမည်။ ထိုကဲ့သို့ သတိရှိနေကြပြီး အားထုတ်ခဲ့ကြလျှင် နိဗ္ဗာန်သို့ ရောက်နိုင်ကြ
ပေလိမ့်မည်။ မိမိတို့ကိုယ်ကို နိဗ္ဗာန် ရောက်အောင် ပြုလုပ်နိုင်ကြပေလိမ့်မည် ဟု နည်းပေးလမ်းပြ
တော်မူလိုသောကြောင့် ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူခဲ့ခြင်း ဖြစ်ပေသည်။
ဘုရားဖြစ်တော်မူရာ၌ ဒုက္ကရစရိယာ ကျင့်သုံးမှုကြောင့် ဘုရားဖြစ်သည်မဟုတ်ပေ။ မဇ္ဈိမပဋိပဒါ
အကျင့်ကြောင့်သာလျှင် ဘုရားဖြစ်တော်မူခဲ့သည်။ လူ နတ် ဗြဟ္မာ သတ္တဝါများအား ဒုက္ကရစရိယာ
အကျင့်၏ မဂ်ဉာဏ် ရဖို့ရန် နည်းလမ်းမဟုတ်သည်ကို ပြသလိုသောကြောင့် ဒုက္ကရစရိယာကို
ကျင့်သုံးခဲ့ခြင်း ဖြစ်ပေသည်။
တပါးသော ဘုရားလောင်းတို့မှာ အနည်းဆုံး ခုနှစ်ရက်၊ အများဆုံး တလ စသည်ဖြင့်
ဒုက္ကရစရိယာကို ရက်လတိုတောင်းစွာ ကျင့်ရပါသော်လည်း ဘုရားလောင်းမှာမူ ကဿပ
မြတ်စွာဘုရားလက်ထက်တော်အခါက ဇောတိပါလပုဏ္ဏားဖြစ်စဉ် "ဤ ဦးပြည်း (ကတုံး)
အား အဘယ်မှာ မဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရနိုင်အံ့နည်း၊ ဗောဓိဉာဏ်ဟူသည်
အလွန်ရခဲ့သောအရာဖြစ်သည်" ဟု ကြမ်းတမ်းစွာ နှုတ်မြွက်ခဲ့သည့် ဝစီကံဝိပါက်ကြောင့်
ဒုက္ကရစရိယာကို ခြောက်နှစ်ကြာ ကျင့်ရသည်။ (မ၊ ဋီ ၂၊ ၂၁၃)
ဘုရားလောင်းလျာသည် ဒုက္ကရစရိယာအကျင့်ကို တစ်ဘက်စွန်းရောက်ကျင့်စဉ်
(အတ္တကိလမထ ကျင့်စဉ်) ဖြစ်သည်။ ၎င်းကျင့်စဉ်ဖြင့် သဗ္ဗညုတ ဉာဏ်တော်ကို
ရနိုင်မည်မဟုတ်ဟု သုံးသပ်ခဲ့ပြီး ၎င်းကျင့်စဉ်ကို ပယ်ချကာ အာနာပါန ပထမဈာန်ကို
အခြေခံ၍ သဗ္ဗညုတဉာဏ်တော်ကို ရရှိရန် ကျင့်ကြံရပေမည်ဟု ဆုံးဖြတ်ချက်ချကာ
သေနာနိဂုံးသို့ ဆွမ်းခံဝင်၍ ရရှိလာသော ဆွမ်းများကို ဘုဉ်းပေးပြီး ခန္ဓာကိုယ်ကို
မျှတစေခဲ့သည်။
ပဉ္စဝဂ္ဂီ ငါးဦးတို့က ရဟန်းဂေါတမသည် ပစ္စည်း လာဘ်လာဘ ပေါများရန် ကျင့်ကျန်
နေလေပြီ စသည်ဖြင့် ပြောကြားကာ ဘုရားလောင်းကို စွန့်ခွါပြီး ဗာရာဏသီပြည် ဣသိပတန
မိဂဒါဝုန်တောသို့ ထွက်ခွါသွားကြလေသည်။ ( ဘုရားအလောင်းတော်တိုင်းလိုပင် ဘုရားဖြစ်
ခါနီး၌ အလုပ်အကျွေးရဟန်းတို့ အလောင်းတော်သူမြတ်ကို စွန့်ခွါ၍ သွားကြပြီး
ဘုရားရှင်တိုင်း မစွန့်အပ်သည့် ဓမ္မစကြာတရားဟောကြားမည့် မိဂဒါဝုန်တောအုပ်သို့
သွားကြသည်မှာ ဓမ္မတာ ဖြစ်ပေသည်။ ဘုရားရှင်တိုင်း တရားဦး ဓမ္မစကြာတရားကို
မိဂဒါဝုန်တောတွင် ဟောကြားသလို နောင်ပွင့်လတ္တံ့သော ဘုရားရှင်တို့သည်လည်း
တရားဦးကို မိဂဒါဝုန်တွင် ဟောကြားမည် ဖြစ်ကြောင်း သိအပ်ပေသည်။)
အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု တန်ခူးလကွယ်နေ့လောက်တွင် ဖြစ်၏။
ဘုရားလောင်းလျာသည် တစ်ပါးတည်းဖြစ်၍ ဆိတ်ငြိမ်မှုရရှိကာ တရားအားထုတ်ခဲ့ရာ
ကဆုန်လဆန်း (၁၄) ရက်နေ့ည မိုးသောက်ယံ အချိန်၌ အိပ်မက်ကြီးငါးမျိုးကို
မြင်မက်ခဲ့သည်။
ဘုရားလောင်းလျာမက်သော အိပ်မက် ( ၅ ) မျိုး
၁။ မြေပြင်ကို အိပ်ရာပြုလျှက်၊ ဟိမဝန္တာတောင်ကို ခေါင်းအုံးပြု၍၊ အရှေ့သမုဒ္ဒရာ၌
လက်ဝဲဘက်၊ အနောက် သမုဒ္ဒရာ၌ လကျ်ာဘက်ကိုထား၍ တောင်သမုဒ္ဒရာ၌
ခြေထောက်နှစ်ဘက်ကိုထားကာ အိပ်ရသည်ဟု မြင်မက်ခဲ့သည်။
ထို ပထမအိပ်မက်ကို သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားစင်စစ် ဧကန်
ဖြစ်မည်ဟု ကိုယ်တော်တိုင်ပင် နိမိတ်ဖတ်ခဲ့သည်။
၂။ တိရိယာမည်သော မျက်ပင်မျိုးသည် ထမ်းပိုးခန့်ပမာဏ နီမြန်းသောရိုးတန်ဖြင့်
ချက်တော်မှ ပေါက်ထွက်၍ ကြည့်နေတုန်းပင် တစ်ထွာ၊ တစ်တောင် စသည်ဖြင့်
မြင့်တက်သွားကာ မိုးကောင်းကင်ကို ထိ၍ တည်နေသည်ဟု မြင်မက်ခဲ့သည်။
ထို ဒုတိယအိပ်မက်ကို မဇ္ဈိမပဋိပဒါဖြစ်သော (အဋ္ဌဂိ ၤက) မဂ္ဂင်ရှစ်ပါးကို
လူ နတ် ဗြဟ္မာတို့အား ဟောကြား ပြသရန်ဖြစ်သည်ဟု ကိုယ်တော်တိုင်ပင်
နိမိတ်ဖတ်တော် မူခဲ့သည်။
၃။ တစ်ကိုယ်လုံးဖြူ၍ ဦးခေါင်းနက်သော ပိုးလောက်များသည် ခြေသည်ဖျားမှ
ပုဆစ်ဒူးဝန်းတိုင်အောင် တရွရွ တက်ကာ ဖုံးလွှမ်းကြသည်ဟု မြင်မက်ခဲ့သည်။
ထို တတိယ အိပ်မက်ကို အဝတ်ဖြူဝတ်ကြသည့် ဆံပင်ရှိနေကြသော ဦးခေါင်းနက်သူ
များစွာသော လူတို့သည် မိမိအားကိုးကွယ်ဆည်းကပ်ကာ သရဏဂုဏ် ခံယူကြလိမ့်မည်ဟု
ကိုယ်တော်တိုင်ပင် နိမိတ်ဖတ်ခဲ့သည်။
၄။ ညို၊ ရွှေ၊ နီ၊ ရော် အဆင်းလေးမျိုးရှိကြသည့် ငှက်လေးမျိုးတို့သည် အရပ်လေးမျက်နှာမှ
ပျံလာကြ၍ ခြေတော်ရင်း ရောက်ရှိလာကြသောအခါ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသွားကြ
သည်ဟု မြင်မက်ခဲ့သည်။
ထို စတုတ္ထအိပ်မက်ကို မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ဆင်းရဲသား အမျိုးလေးပါးတို့မှ
အမျိုးကောင်းသားတို့သည် ငါ၏ သာသနာသို့ ဝင်ရောက်၍ ရဟန်းပြုကြလိမ့်မည်ဟု
ကိုယ်တော်တိုင် နိမိတ်ဖတ်ခဲ့သည်။
၅။ မစင်တောင်ကြီးအထက်၌ ထိုမစင်ဖြင့် မပေကြံဘဲ စြင်္က ံလျှောက်ရသည်ဟု မြင်မက်ခဲ့သည်။
ထို ပဉ္စမအိပ်မက်ကို ဘုရားဖြစ်သောအခါ ပစ္စည်းလေးပါး ပေါများ၍ ထိုပစ္စည်းလေးပါး၌
တွယ်တာ တပ်မက်ခြင်းမရှိဘဲ သုံးဆောင်လိမ့်မည်ဟု ကိုယ်တိုင်ပင် နိမိတ်ဖတ်ခဲ့သည်။
ဘုရားလောင်းလျာသည် နိမိတ်ဖတ်ပြီးနောက် ယနေ့ပင် ဘုရားဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချကာ
ကဆုန်လပြည့်နေ့ နံနက်ပိုင်း၌ ဥတုဝေလတောင်မှ ထွက်ခဲ့ပြီး သုဇာတာသူဌေးသမီး နှစ်စဉ်ပူဇော်
ပသရာ ညောင်ပင်ရင်း၌ ဆွမ်းခံချိန်ကို စောင့်ဆိုင်းရင်း အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေခဲ့သည်။
သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ဆက်ကပ်သည့်နေရာ
ဥရုဝေလအရပ် သေနာနိဂုံး၌ သူဌေးသမီးသုဇာတာသည် အရွယ်ရောက်သောအခါ
ထိုညောင်ပင်ရင်း၌ ဆုတောင်းခဲ့သည်။ အကျွနု်ပ်သည် အမျိုးဇာတ်တူ သူဌေးအိမ်သို့
ရောက်ရှိ၍ ပထမအကြိမ် ကိုယ်ဝန်ရှိသောအခါ သားယောကျာ်းကို ရရှိခဲ့ပါလျှင် အရှင်
နတ်မင်းကို နှစ်စဉ် နို့ဃနာဖြင့် ပူဇော်ပါမည်ဟု ဖြစ်၏။ သုဇာတာ ၏ ဆုတောင်းပြည့်ခဲ့သည်။
ဗာရာဏသီမြို့၌ သူဌေးသားတဦးနှင့် အိမ်ထောင်ကျ၍ သားယောကျ်ားလေး ဖွားမြင်ခဲ့သည်။
ထို့ကြောင့် သုဇာတာသူဌေးသမီးသည် နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ညောင်ပင်စောင့်
နတ်မင်းအား နို့ဃနာဖြင့် ပူဇော်ပသခဲ့သည်။
သူဇာတာ သူဌေးကတော်သည် ဘုရားလောင်းလျာ ဘုရားဖြစ်တော့မည့် မဟာသက္ကရာဇ်
(၁၀၃) ခုနှစ်၊ ကဆုန်လပြည့်နေ့၌ စောစောပင်လျှင် ပူဇော်မည်ဟု စဉ်းစားကာ ညောင်ပင်
ရှိရာအရပ်သို့ လာရောက်ခဲ့သည်။ ယနေ့ ညောင်ပင်စောင့်နတ်မင်းဟာ အလွန်ပဲ စိတ်ကြည်
သာပုံရသည်၊ ငါဟာ အနှစ် (၂၀) ကျော် ပူဇော်ခဲ့တဲ့ ကာလအတွင်းမှာ ယခုလို အံ့သြဖွယ်ရာ
မျိုးကို မတွေ့ခဲ့ဘူး၊ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်လျှက် ဘုရားလောင်းလျာအား ညောင်ပင်
စောင့်နတ်ထင်မှတ်ပြီး အကျွနု်ပ်၏ လိုအင်ဆန္ဒပြည့်ဝသလို အရှင်၏ အလိုဆန္ဒသည်လည်း
ပြည့်ဝပါစေဟု ပြောဆိုဆုတောင်း၍ ဘုရားလောင်းလျာအား တစ်သိန်းတန် ရွှေခွက်၌ နို့ဃနာကို
ထည့်ပြီး ရွှေခွက်နှင့် တကွ ကပ်လှူခဲ့သည်။
ယခု မြင်တွေ့ရသော သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူရာဌာနသည် တောင်ကုန်းလေးအထက်၌
တည်ရှိပြီး သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူနေသည့် ရုပ်ထုများကို ညောင်ပင်၏ အောက်တွင်
ထုလုပ်ပူဇော်ထားသည်။ ဘေးဘက်တွင် ဟိန္ဒူကျောင်းရှိပြီး အထက်ပါပုံတွင် တွေ့ရသော
အနောက်ဘက်ကို မျက်နှာမူထားသည့် ရုပ်ထုများသည် ဟိန္ဒူများမှ ပြုလုပ်ထားခြင်းဖြစ်ပြီး၊
အရှေ့ဘက်တွင် မြန်မာပြည်မှ လှူဒါန်းထားသော အရှေ့ရပ်သို့ မျက်နှာမူနေသော အထိန်း
အမှတ် ရုပ်ထုများကို ဘေးချင်းယှဉ်လျှက် တွေ့မြင်နိုင်သည်။ မြန်မာပြည်မှ ထုလုပ်ထားသော
ရုပ်ထုများမှာ အရှေ့ရပ်သို့ မျက်နှာမူနေသဖြင့် ကျမ်းဂမ်းနှင့် ညီညွတ်သည်ဟု ဆိုနိုင်ပေသည်။
ထိုနေရာရောက်လျှင် ကျောင်းဆောက်ရန်အတွက်ဟု ဆိုကာ ကုလားများက လာသမျှ ဘုရားဖူး
တိုင်းကို နေ့စဉ် နေ့တိုင်း လိုက်၍ အလှူခံပါလိမ့်မည်။ ရှေးယခင်ကတည်းက ထိုကဲ့သို့
လိုက်၍ အလှူခံပြီး ယနေ့အချိန်ထိ ဘာမှ မပြောင်းမလဲပဲ တွေ့ရတာကို ကြည့်သောအားဖြင့်
လာသမျှ ဘုရားဖူးတွေက လှူဒါန်းသွားသမျှသော အလှူငွေတို့သည် ဗုဒ္ဓဘာသာအတွက်
အကျိုးမဖြစ်ဘဲ သူတို့၏ စားဝတ်နေရေးအတွက် နှင့် ဟိန္ဒူကျောင်းများအတွက်ဆိုတာ
ရွှေမြန်မာများ သိကြပါလေ။
နေရဉ္ဇရာမြစ်
ဘုရားလောင်းလျာသည် ဃနာနို့ဆွမ်းကို ခံယူပြီးနောက် ထိုင်နေရာမှ ထကာ ညောင်ပင်ကို
လကျာ်ရစ်လှည့်ပြီးနောက် နို့ဃနာရွှေခွက်ကို ယူဆောင်ပြီး နေရဉ္ဇရာမြစ်ကမ်းသို့ ကြွတော်မူခဲ့သည်။
ဘုရားလောင်းလျာတိုင်း ဘုရားဖြစ်မည့်နေ့၌ ရေချိုးတော်မူကြရာ သုပ္ပတိဋ္ဌိက အမည်ရှိသော
ရေချိုးဆိပ်သို့ ဆင်းသက်ရေချိုးပြီး အေးမြသော သစ်ပင်ရိပ်၌ အရှေ့အရပ်သို့ မျက်နှာမူထိုင်လျက်
ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့သည်။ ဘုဉ်းပေးသော ဆွမ်းလုပ်ပေါင်းမှာ ထန်းသီးမှည့်
အစေ့ခန့်(ထန်းသီးလုံးခန့် မဟုတ်ပါ)ပမာဏရှိသော (၄၉) လုတ်တိတိဖြစ်သည်။
ထိုသို့ ဘုဉ်းပေးခဲ့သော (၄၉) လုပ်ရှိ ဃနာနို့ဆွမ်းသည် ဘုရားဖြစ်ပြီးနောက် (၄၉) ရက်
ဗောဓိပင်အနီး၌ သီတင်းသုံးသည့်အခါ (၄၉ ) ရက်စာဖြစ်လာခဲ့သည်။
ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးနောက် ရွှေခွက်ကိုကိုင်ကာ ငါသည် ယနေ့ဘုရားဖြစ်ရန် စွမ်းနိုင်ပါမူ
ဤ ရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသား၊ ဘုရားဖြစ်ရန် မစွမ်းနိုင်ပါမူ ရေစုန်သို့
မျောပါစေသားဟု အဓိဋ္ဌာန်ပြု၍ နေရဉ္ဇရာမြစ်ထဲသို့ မျောလိုက်လေသည်။
(ရွှေခွက်မျောသည့် နေရဉ္ဇရာမြစ်အနီးနားတွင် တည်ထားသော အထိန်းအမှတ် ရုပ်ပွါးတော်)
ထိုရွှေခွက်သည် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီး ထိုမှတဆင့် မြင်းစိုင်းသကဲ့သို့
အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွားကာ ဝဲဇလုပ်၌ နစ်မြုတ်သွားခဲ့သည်။
ဝဲဇလုပ်၌ နစ်မြုတ်ပြီးနောက် ကာဠနဂါးမင်း၏ ဘုံဗိမာန် သို့ ရောက်ရှိသွားပြီး ပွင့်တော်
မူပြီးကြသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဘုရားသုံးဆူတို့ ဘုရားဖြစ်မည့်နေ့၌
မျောခဲ့သော ရွှေခွက် (၃) လုံးတို့ကို ထိခတ်ကာ အသံများမြည်ပြီး ရွှေခွက်သုံးလုံး၏
အောက်၌ တည်ရှိသွားခဲ့သည်။ ဘုရားလောင်းလျာသည် နေရဉ္ဇရာမြစ်ကမ်း အင်ကြင်းတော၌
နေထိုင်ကာ အာနာပါနကမ္မဌာန်း စီးဖြန်းအားထုတ်၍ လောကီဈာန် သမာပတ်ရှစ်ပါး၊
အဘိညာဉ်ငါးပါးတို့ကို ရရှိခဲ့သည်။
ညနေချမ်းအခါ၌ နေရဉ္ဇရာမြစ်သို့ ဆင်းသက်ရေချိုးပြီး မဟာဗောဓိပင်သို့ ကြွတော်မူခဲ့သည်။
လမ်းခရီးတွင် သောတ္ထိယမည်သော မြက်ထမ်းပုဏ္ဏား လှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံ၍
မဟာဗောဓိပင်သို့ ဆက်လက် ကြွချီတော်မူကာ မဟာဗောဓိပင်ကို လကျာ်ရစ် လှည့်လည်ပြီး
မဟာဗောဓိပင်၏ အရှေ့ဘက် အပရာဇိတပလ္လင်ပေါ်ပေါက်မည့်အရပ်တွင် မြက်ရှစ်ဆုပ်ကို
ကြဲဖြန့်တော်မူခဲ့သည်။ ထိုမြက်ရှစ်ဆုပ်သည် မြက်အသွင်ကွယ်ပျောက်၍
(၁၄) တောင် ပမာဏရှိသော အပရာဇိတ ပလ္လင်ကြီး ဖြစ်လာခဲ့သည်။
(သောတ္ထိယ ငစင် မြက်ရှစ်ဆုပ်လှူဒါန်းရာနေရာမှ မြင်တွေ့ရသော နေရဉ္ဇရာမြစ်နှင့် မဟာဗောဓိစေတီ)
(လွန်ခဲ့သည့် နှစ်ပေါင်း (၂၅၀၀) ကျော်က တည်ရှိခဲ့သည့် သေနာနိဂုံး၊ သုဇာတာ
သူဌေးကတော်၏ မိဘများ အိမ်နေရာတွင် အသောကမင်းကြီး (သို့မဟုတ်) ကုမာရဂုတ္တမင်း
၏ ကောင်းမှု့ဟု ထင်ရသည့် စေတီပျက်ဟောင်း တစ်ခု)
ဆက်လက်ဖော်ပြပါမည်............
ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊ တိပိဋကဆရာတော် ဘဒ္ဒန ္တဝါယမိန္ဒာဘိဝံသ၏
ဗုဒ္ဓဂယာဘုရားဖူးများသို့ စာအုပ်များကို မှီငြမ်း၍ ရေးသားပါသည်။
အရှင်ဝရသာမိ
https://shinsami.blogspot.com
ကောင်းမွန်သော..မြတ်ဗုဒ္ဓဆုံးမစကား..တရားတော်များကိုဖတ်ရှုရသောအကျိုးကြောင့်..ဘ၀ဆက်တိုင်း...နာကြားခွင့်ရနိုင်ပါစေ...
ReplyDelete