Sunday, September 26, 2010

ဓမ္မ နှင့် အဓမ္မတို့၏ သဘာဝချိန်ခွင်

‌လောကကိုစောင့်သော လောကပါလ နတ်များသည် သဘာဝချိန်ခွင်၌
ဓမ္မကို တစ်ဖက် အဓမ္မကို တစ်ဖက် အမြဲတန်း ချိန်နေကြ၏။
အဓမ္မဘက်က အလေးသာလျှင် လောကသည် ဆူပွက်၏။
ဓမ္မဘက်သို့ အလေးသားလျှင် လောကသည် ဓမ္မဘက်သို့ စောင်းထောင်၏။
ဓမ္မဘက်သို့ စောင်းထောင်လျှင် လောကသည် ငြိမ်းချမ်း၏။

ထို့ကြောင့် မိမိအပါအဝင် လောကသည် ဓမ္မဘက်သို့စောင်းထောင်နိုင်ရေးအတွက်
ဓမ္မဘက်၌ ရပ်တည်ဖို့ တာဝန်ရှိ၏။ ဓမ္မဘက်၌ ရပ်တည်ပါမှလည်း လောက သည်
ငြိမ်းချမ်းပေလိမ့်မည်။
လောကပါလ နတ်များကလည်း မိမိတို့ကို ဓမ္မဘက်၌သာ ရပ်တည်စေချင်ကြပါ၏။

(ဦးရွှေအောင် - ကိုယ်ကျင့်ဗုဒ္ဓဝင်)

ယာဒိသံ ဝပ္ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။
ကလျာဏ ကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကံ။

ချိုသောမျိုးစေ့ကို စိုက်ပျိုးအံ့၊ ချိုသော အသီးကို ရ၏။
ခါးသောမျို့စေ့ကို စိုက်ပျိုးအံ့၊ ခါးသော အသီးကို ရ၏။
ထို့အတူ ကောင်းမှု့ကို ပြုအံ့ ကောင်းသောအကျိုးကို ခံစားရ၏။ မကောင်းသော အမှူ့ကို
ပြုအံ့ မကောင်းသောအကျိုးကို ခံစားရ၏။
ဤ ဗုဒ္ဓ ၏ အဆုံးအမလေးသည် ဗုဒ္ဓဘာသာဝင် အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်ပြီးသား ဖြစ်ပေ၏။
အမြဲထာဝရ မှန်ကန်နေသော ဓမ္မနိယာမ ဖြစ်ပေ၏။

ထို ဓမ္မနိယာမ ကို ပြောင်းပြန်လုပ်သူ (အဓမ္မဝါဒီ) များ လောကတွင် မြောက်မြားစွာ ရှိနေပေ၏။
ထိုပုဂ္ဂိုလ်များသည် မကောင်းသော အလုပ်ဖြင့် ကောင်းကျိုးကို ရနေတတ်၏။
ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်အဟုန်ကြောင့် ကောင်းကျိုးခံစားနေရသည်ကို နားမလည်
မကောင်းမှု့၏ အကျိုးပေးချိန် အချိန်မတန်သေးခင် အချိန်အတွင်း ထောင်လွားမောက်မာနေသူများ
အများအပြားရှိတတ်ပေသည်။

ကုသိုလ်ပြုသည်ဖြစ်စေ၊ အကုသိုလ်ပြုသည်ဖြစ်စေ ကောင်းကျိုး ဆိုးကျိုး ပေးမည့်
ဇောစေတနာ (၇) ချက်ရှိ၏။ ထို (၇) ချက်တွင် ပထမဇောစေတနာသည် ယခုဘ၀ အကျိုးပေး၏။
ဒိဌဓမ္မဝေဒနီယကံ ဟု ခေါ်၏။ သတ္တမဇောစေတနာသည် ဒုတိယဘဝ(နောက်ဘဝ)အကျိုးပေး၏။
ဥပပဇ္ဇဝေဒနိယကံ ဟုခေါ်၏။ အလယ်ဇော ငါးချက်စေတနာသည် တတိယဘဝမှ စ၍ နိဗ္ဗာန်
မရောက်မချင်း လိုက်၍ အကျိုးပေး၏။ အပရာပရိယ ဝေဒနိယကံဟု ခေါ်၏။
ဇောစေတနာ (၇) မျိုးတွင် ပထမဇောစေတနာ နှင့် သတ္တမဇောစေတနာသည် အကျိုးပေးခွင့်
မရဘဲ ပျက်သွားသော အခါများရှိတတ်၏။ ထိုသို့ အကျိုးမပေးဘဲ ပျက်သွားသည့် ကံကို
အဟောသိကံ ဟု ခေါ်သည်။

အလည်ဇော ငါးချက်စေတနာကား အကျိုးမပေးဘဲ ပျက်သွားသည် ဟူ၍ မရှိချေ။
ဤ ဇောစေတနာ (၇) ချက် အလှည့်ကျ အကျိုးပေးပုံကို ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်ပေ၏။
ဤသို့ သိသဖြင့် မှားယွင်းဖောက်ပြန်သော အယူမှား မိစ္ဆာဒိဌိ အဖြစ်သို့
မရောက်ခြင်း အကျိုးရှိ၏။


အရှင်ဝရသာမိ
https://shintharmi.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊