Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label ဓမ္မဝါဒ. Show all posts
Showing posts with label ဓမ္မဝါဒ. Show all posts

Thursday, September 6, 2012

ဗုဒ္ဓ၏ တနေ့တာဘဝ

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကို ရရှိသည့် သက်တော် (၃၅) နှစ်အရွယ်မှ သက်တော် (၈၀) အရွယ်တိုင်အောင် (၄၅) ဝါ ပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။ 
နေ့စဉ်ပင် မနေမနားကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 
ဘုရားရှင်နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းစဉ် ငါးရပ်ရှိပါသည်။ 
(၁) နံနက်ပိုင်း လုပ်ငန်းစဉ် နေ့စဉ် ဆွမ်းဘုန်းမပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။ နံနက်ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင် ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။ 
(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ် ဆွမ်းဘုန်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။ ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်အား တရားရေအေး အမြိုက်ဆေးကို နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။ 
(၃) ဉာဉ့်ဦးယံ လုပ်ငန်းစဉ် ဉာဉ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။ လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဉာဉ့်ဦးယံ အချိန်တွင် ရဟန်းတော်များအား ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတော်များမေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။ 
(၄) သန်းခေါင်ယံ လုပ်ငန်းစဉ် ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော လုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။ မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။ 
(၅) မိုးသောက်ယံ လုပ်ငန်းစဉ် နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက် စြင်္ကန်ကြွတော်မူသည်။ ဒုတိယပိုင်းတွင် သတိနှင့် ယှဉ်လျက် တစ်ခဏတာမျှ ကျိန်းစက် အနားယူတော်မူသည်။ အနားယူပြီးနောက် အာရုံတက်ချိန်တွက် ကျိန်းစက်ရာမှ ထတော်မူကာ၊ မည်သူတို့အား ဆုံးမချေချွတ်ရအံ့နည်းဟု တစ်နေ့တာ လုပ်ငန်းကို စတင်ရန် မျှော်ခေါ်ဆင်ခြင်ကြည့်ရှူ့တော်မူသည်။ ဤ ဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံ လုပ်ငန်းစဉ် “ပစ ္ဆိမယာမကိစ္စ” ဟုခေါ်သည်။ ဗုဒ္ဓ၏ တနေ့တာဘဝ၊ တနေ့တာ လုပ်ငန်းများကို လေ့လာကြည့်ပါက မိမိအကျိုးအတွက် ဆောင်ရွက်ခြင်း၊ နားနေခြင်း မရှိ၊ လောကအကျိုးအတွက် မနေမနားဆောင်ရွက်ကြောင်း ထင်ရှားသည်။ ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ဝါ ပတ်လုံး ဖြစ်လေသည်။ 

ဤသို့ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့်ပင် ထိုခေတ် မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။


အရှင်ဝရသာမိ 
https://shinsami.blogspot.com

Friday, August 10, 2012

ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏ အကျိုးကျေးဇူးများ



ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏ အကျိုးကျေးဇူးများ

၁။ ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်း ရှိ၏။

၂။ (က) ရတနာသုံးပါ၌ ယုံကြည်မူ့၊ ကံကံ၏ အကျိုး၌ ယုံကြည်မူ့ သဒ္ဓါတရားများတိုးပွားလာ၏။
(ခ) အမှတ်သတိကောင်းလာ၏။
(ဂ) ဉာဏ်ပညာ ထက်မြက်လာ၏။
(ဃ) ကုသိုလ် တရားတိုးပွားလာ၏။

၃။ နှစ်သက်ခြင်း ပီတိ၊ ဝမ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ တိုးပွားလာ၏။

၄။ (က) ဘေးကြီး ဘေးငယ်များ ရင်ဆိုင်ရဲလာ၏။
(ခ) တွေ့ကြုံလာသော ဒုက္ခများကို သည်းခံနိုင်လာ၏။

၅။ ဘုရားရှင်နှင့် အတူနေရသလို မှတ်ထင်လာ၏။

၆။ ဂုဏ်တော်ပွားခြင်းဖြင့် ထုံမွမ်းထားသော ထိုသူ၏ ကိုယ်သည်လည်း
စေတီအိမ်ပမာပူဇော်ခြင်းငှါ ထိုက်လာ၏။

၇။ ဘုရားအဖြစ်၌ စိတ်ညွတ်လာ၏။

၈။ မကောင်းမှုပြုရန် အခွင့်ကြုံလာသော်လည်း မိမိ၏ ရှေ့မှောက်၌ ဘုရားရှင်ကို ဖူးမြင်နေရသကဲ့သို့
ဖြစ်ကာ အရှက်အကြောက် တရားများ ဖြစ်ပွားလာ၏။

၉။ ယခုဘ၀ အထက်မဂ် ဖိုလ် မရသည်ရှိသော် သုဂတိ ဘဝသို့ လားရောက်ရ၏။

(ဝိသုဒ္ဓိမဂ္ဂ၊ ၁၊ ၂၀၆)

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

Thursday, January 7, 2010

ဗုဒ္ဓဝါဒနှင့် သဘောထားခံယူချက်

Religion ဆိုသောစကားရပ်သည် လူတို့၏ ကိုး ကွယ်ရာ ဘာသာရေးဟူသော အဓိပ္ပါယ်အားဖြင့် ယနေ့ ကမ္ဘာတွင် ထင်ရှားပေါ်လွင်လျက်ရှိသည်။
ကျွနု်ပ်တို့သည် မြတ်ဗုဒ္ဓကို ဘာသာရေးတည်ထောင်သူ-Founder of Religion-ဟု ခေါ်ဆိုနိုင်ခွင့်ရှိပါလျှင် ဘာသာရေးတည် ထောင်သူအားလုံးတို့တွင်
မြတ်ဗုဒ္ဓသည်သာလျှင် လူသား တို့၏ဆရာ Teacher of mankind ဖြစ်သည်။
မြတ်ဗုဒ္ဓကို သန့်ရှင်းသော ရိုးသားသော လူသား တစ်ယောက်ထက်ပို၍ ပြောဆိုကြေငြာနိုင်ဖွယ်မရှိပါ။
အခြား သော ဘာသာတရားကို တည်ထောင်သူတို့မှာ God လည်း ဖြစ်နိုင်သည်။
God ဝင်စားသူလည်း ဖြစ်နိုင်သည်။
God၏သားလည်းဖြစ်နိုင်သည်။God၏တမန်တော်လည်း ဖြစ် နိုင်သည်။

မြတ်ဗုဒ္ဓမှာမူ သန့်ရှင်းစင်ကြယ်သော လူသားတစ် ယောက်ဖြစ်ရုံမျှမက
သန့်ရှင်းစင်ကြယ်သော နည်းလမ်းကို တည်ထောင်သူ၊
ထိုနည်းလမ်းကို ပြသူ၊
အမှန်တရားနှင့် ငြိမ်းချမ်းရေးကို ထုတ်ဖော်ပေးသူလည်းဖြစ်သည်။
မြတ်ဗုဒ္ဓသည် ထိုဝိသုဒ္ဓိလမ်းစဉ် , ဝိမုတ္တိလမ်းစဉ် , သန္တိလမ်းစဉ် , သစ္စာလမ်းစဉ်တို့ကို ဖော်ထုတ်ပြသရာ၌ ပြင်ပ တန်ခိုးရှင် မမြင်ရသည့် ဘုရားသခင်တို့၏ တန်ခိုးပါဝါနှင့် အကူ အညီကို လုံးဝ ရယူခဲ့ခြင်းမရှိပေ။
သူ၏ပင်ကိုယ် ဇွဲ ,သတ္တိ , လုံ့လ , ဉာဏ်ပညာတို့ကို အသုံးချအလုပ်လုပ်ကာ အထက်ပါ လမ်းစဉ်တို့ကို ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။

မြတ်ဗုဒ္ဓသည် သူသိသမျှ , မြင်သမျှ , ရရှိပိုင်ဆိုင် ထားသမျှ သစ္စာ ,သန္တိ , ဝိသုဒ္ဓိ , ဝိမုတ္တိတရားတို့ကို သဒ္ဓါ ဝီရိယ ပညာရှိကြသည့် လူသားတိုင်းအား ဖြန့်ဝေပေးခဲ့လေ သည်။ သူ၏ဗုဒ္ဓအဖြစ်ကိုပင် သင့်လျော်သော လူသားတိုင်း အား ဖြစ်ခွင့်ပေးထားပါသည်။

လူသားတစ်ယောက် (လူသားစင်စစ်)သည်သာလျှင် ဗုဒ္ဓအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ လူသားတိုင်း၏သန္တာန်၌ ဗော ဓိဉာဏ်ကို ရပိုင်ခွင့်သည် ကိန်းအောင်းလျက်ရှိသည်။ ထိုလူ သားသည် တကယ်စင်စစ် ဉာဏ်နှင့်ယှဉ်၍ အားထုတ်လို သော ဆန္ဒရှိလျှင် ဗောဓိဉာဏ်ကို ရပိုင်ခွင့်ရှိသည်။

ထို့ကြောင့် ကျွနု်ပ်တို့က မြတ်ဗုဒ္ဓကို လူသားအားလုံး တို့ထက် ထူးခြားသောလူသား၊
ဘာသာရေးတည်ထောင်သူ တို့ထက် ထူးမြတ်သော ဘာသာရေးတည်ထောင်သူ-ဟုဆို နိုင်သည်။
လူ့ဘဝ လူ့လောက၌ သူသည် အကျင့်ပိုင်း , အသိ ပိုင်း အရာရာတိုင်း၌ အလွန်ပြည့်စုံသူဖြစ်သည်။ သို့ဖြစ်ခြင်း ကြောင့် ယနေ့ကမ္ဘာ၌ အလွန်ထင်ရှားပေါ်လွင်သော ဘာသာ တရားတို့တွင် "မဟာလူသား" ဟူ၍ သူ့ကို အသိမှတ်ပြုလာကြ သည်။ သူ၏အဆုံးအမဖြစ်သော ဓမ္မသည် လူသား အားလုံး တို့၏ဘဝနှင့် တစပ်တည်းဖြစ်သည်။ လူသားအားလုံးတို့၏ ဘဝလိုအပ်ချက်နှင့်လည်း ကိုက်ညီလျက်ရှိသည်။

ထို့ကြောင့် ဗုဒ္ဓနှင့်ဓမ္မကို လူလောကကြီးတစ်ခုလုံးက ပိုင်ဆိုင်ခွင့်ရှိထားသည်။ ရိုးသားသောယုံကြည်မှုနှင့် ကျိုး ကြောင်းသိမြင် ဆင်ခြင်တတ်သော အသိဉာဏ်ရှိသူတိုင်း သည် ဗုဒ္ဓနှင့်ဓမ္မကို တစ်ကမ္ဘာလုံး၏ (လူသားတစ်ရပ်လုံး၏) အမွေဆိုင်ဟု ဆိုကြသည်။

ဗုဒ္ဓဝါဒအရ လူသား၏အဆင့်သည် အမြင့်ဆုံးဖြစ် သည်။ လူသားတစ်ယောက်သည် သူကိုယ်တိုင်၏ ကိုယ်ပိုင် အရှင်သခင်ဖြစ်သည်။ သူကိုယ်တိုင်ထက် ပိုလွန်သော, သူ့ ဘဝကို လွှမ်းမိုးအုပ်စိုး၍ထားသော , သူ့ဘဝပန်းတိုင်ကို ဆုပ် ကိုင်၍ထားသော သူ့အထက်က တန်ခိုးရှင် အာဏာရှင် မရှိ ပေ။ လူသားတစ်ယောက်၏ ကိုယ်ပိုင်ကိုးကွယ်ရာသည် ထိုလူ သားကိုယ်တိုင်ပင်ဖြစ်သည်။ တခြားကိုးကွယ်ရာမရှိ-ဟု မြတ် ဗုဒ္ဓက လူသားတို့၏ဘဝကို လွတ်လပ်စွာကိုးကွယ်ခွင့် အဆင့် မြင့်မြင့်ပေးထားသည်။

မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ဆုံးမရာ၌ "ကိုး ကွယ်ရာကို မိမိတို့ကိုယ်တွင်းမှာ ရှာကြ၊ အပြင်ပမှာ (သို့) တခြားသူတို့ထံမှာ ကိုးကွယ်ရာ ရှာ၍မရ" ဟု တိုက်တွန်း လေ့ရှိသည်။
မြတ်ဗုဒ္ဓသည် လူသားတိုင်း ဘဝတိုးတက်ရေးနှင့် လွတ်မြောက်ရေးအတွက် သူ့ကိုအတုယူကြဖို့ အစဉ်အားပေး ဆုံးမလေ့ရှိသည်။

"မိမိတို့ ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ကိုယ် တိုင်ပင် အားထုတ်ရမည်၊ မိမိတို့ရောဂါပျောက်ရေးအတွက် မိမိတို့ကိုယ်တိုင်ပင် ဆေးသောက်ရမည်"ဟု ဆုံးမလေ့ရှိ သည်။

သို့သော် ဆေးဆရာကောင်းကို မှီဝဲရမည်။ ထိုသမား ကောင်း၏ တားမြစ်ချက်, ညွှန်ကြားချက်တို့ကို လိုက်နာရ မည်။ ထိုသမားတော် ပေးသည့်ဆေးကို မှန်မှန်မှီဝဲရမည်။

မြတ်ဗုဒ္ဓသည် ဆေးသမား၊ မြတ်ဓမ္မသည် ဆေးဝါး ဖြစ်သည်။ လူသားတစ်ယောက်၏ အနှောင်အဖွဲ့တို့မှ လွတ် မြောက်ရေးအတွက် ထိုလူသားကိုယ်တိုင်၏ ကိုယ်ပိုင်သဒ္ဓါ , ဝီရိယ ,ပညာတို့သည်သာ တကယ်စင်စစ် ထိုလူသား၏ ကယ် တင်ရှင်တို့ဖြစ်ကြသည်။

မြတ်ဗုဒ္ဓကဆို၏။ "ဗုဒ္ဓတို့မည်သည် လမ်းညွှန်ဆရာ တို့သာ ဖြစ်ကုန်၏။ လူတို့သည် ဆရာတို့ ညွှန်ပြသည့်အတိုင်း အလုပ်လုပ်အားထုတ်ကြရမည်" ။

အကယ်၍ လူတို့က မြတ်ဗုဒ္ဓကို "ကယ်တင်ရှင်"ဟု ဆိုချင်လျှင် ဝိသုဒ္ဓိလမ်း , ဝိမုတ္တိလမ်း , သစ္စာနှင့်သန္တိတို့ကို ဖော်ထုတ် ညွှန်ပြပေးသော အဓိပ္ပါယ်ဖြင့်သာလျှင် မြတ်ဗုဒ္ဓ ကို "ကယ်တင်ရှင်"ဟု ဆိုနိုင်သည်။ သို့သော် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့ကယ်တင်ရှင် မြတ်ဗုဒ္ဓ ပြပေးသော လမ်းကြောင်း တို့ကို ဖြောင့်ဖြောင့်မှန်မှန် လျှောက်လှမ်းသွားရမည်သာ ဖြစ်သည်။

မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ညွှန်ပြသည့် ဝိသုဒ္ဓိ , ဝိမုတ္တိ (သန့်ရှင်းခြင်းနှင့် လွတ်မြောက်ခြင်း) ဆိုသည် မှာ ပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်းစီ၏ တာဝန်နှင့် ကျင့်ကြံ အားထုတ်မှုပေါ်မှာတည်သည်။

မဟာပရိနိဗ္ဗာနသုတ်တော်၌ " မိမိကိုယ်ကို မိမိတို့ မှီခို၍နေကြ၊ မိမိတို့ကျင့်သုံးသောဓမ္မသည် မိမိတို့မှီခိုရာဖြစ် သည်။ ငါဘုရားသည် သင်ရဟန်းတို့ကို အုပ်စိုး၍နေမည် မဟုတ်" စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။
မြတ်ဗုဒ္ဓသည် သူ၏တရားထဲ၌ မည်သည့်လျှို့ဝှက် ချက် ကွယ်ဝှက်ချက်ကိုမျှ မထား၊ ဆရာစား , ဆရာ့လက်ဆုပ် တရားငုတ်ကိုမျှလည်း မည်သို့မျှမထား၊ နာကြားသူတို့ လက်ခံ နိုင်သမျှ အကြွင်းမရှိ ပွင့်ပွင့်လင်းလင်း ဟောပြခဲ့သည်။

မြတ်ဗုဒ္ဓသည် ဘာသာရေးသမိုင်းတစ်လျှောက်၌ မကြားစဖူး , မရှိစဖူး ထူးဆန်းသည့် လူသားတို့အတွေးအခေါ် လွတ်လပ်ခွင့်တို့ကို ခွင့်ပြုတော်မူခဲ့သည်။ လူ့အတွေးအခေါ်၏ လွတ်လပ်ခွင့်သည် လူသားတို့ ဘဝလွတ်မြောက်ရေးအတွက် အထူးပင်လိုအပ်ပေသည်။

မြတ်ဗုဒ္ဓ၏အလိုတော်အရ လူသားတို၏ လွတ် မြောက်မှုသည် လူသားတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သစ္စာကို ထိုးထွင်းသိခြင်းပေါ်၌ တည်သည်။ ပြင်ပတန်ခိုးရှင်GOD-ဘုရားသခင်တို့၏ သနားခြင်း ခွင့်လွှတ်ခြင်း မျက်နှာသာ ပေးခြင်း ကယ်တင်ခြင်းတို့ အပေါ်၌ လုံးဝ တည်ခြင်း မှီခိုခြင်း မရှိပေ။

ပြင်ပတန်ခိုးရှင် ဘုရားသခင်တို့ကို ရိုသေကျိုးနွံစွာ ဆုတောင်းခြင်း၊ ထိုဘုရားသခင်တို့ သနားချီးမြှင့်သော ဆု လာဘ်ကို ရရှိခြင်းဖြင့်လည်း လူသားတို့၏ ဘဝလွတ် မြောက်မှုသည် မဖြစ်နိုင်ချေ။ သစ္စာကို မျက်မှောက်ပြုခြင်း သည်သာ ဘဝလွတ်မြောက်ရေး၏ ဂိတ်ပေါက်ဖြစ်သည်။

မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့် လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။

ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။

မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြ သည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွနု်ပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်း ပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွနု်ပ်တို့ကေသမုတ္တိရွာ သို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့ ၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွား ကြပါ၏ဘုရား။

ထို့ကြောင့် ယခုအခါ ကျွနု်ပ်တို့ ကေသမုတ္တိရွာသား အားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေး လျှောက်ကြကုန်၏။

ထိုအခါ မြတ်ဗုဒ္ဓက အံ့ဩဖွယ်ကောင်းသော လမ်း ညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသ မိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန် ချက်ဖြစ်ခဲ့ပေသည်။

"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဉာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အ ဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာ ဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက် မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေး အခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍ လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီး သတ် မမှတ်ယူကြကုန်နှင့်။

"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုး မဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်ပိုင်သိအောင် လုပ်ကြ။

"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။

ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ် ပိုင်ဆုံးဖြတ်ချက်သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိ နှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါး ကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာ သား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။

ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။

မြတ်ဗုဒ္ဓဒေသနာတော်အရ ဝိစိကိစ္ဆာဟူသောယုံမှား ခြင်းသည် ရှင်းလင်းသောအသိ(သစ္စာအသိ)၏ ကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်။ ထို့အပြင် စိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်ရေးသာမက မည်သည့်ဖွံ့ဖြိုးတိုးတက်ရေးမျိုးကိုမဆို ဝိစိကိစ္ဆာတရားသည် ကြီးမားသောအနှောက်အယှက် အတား အဆီးတစ်ခုဖြစ်သည်။

သို့သော်- ဝိစိကိစ္ဆာဟူသော ယုံမှားမှုသည် တကယ် စင်စစ် ကြီးမားသောအပြစ်ကြီး Sin-တစ်ခုတော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတွင် အခြားသောဘာ သာများမှာကဲ့သို့ အခိုင်အမာ ကတိပြု ယုံကြည်ခြင်းမျိုးမရှိ ပေ။ အခြားဘာသာများ၌ သက်ဆိုင်ရာဘုရားသခင်တို့ကို မယုံကြည်လျှင် (သို့) ယုံမှားခြင်းဖြစ်လျှင် ကြီးလေးသော ပြစ်ဒဏ်ထိုက်သည်။ ထိုအပြစ်မျိုးကိုSin- ဟုခေါ်ကြသည်။

ဗုဒ္ဓဘာသာ၌ ဗုဒ္ဓကိုယုံမှားရုံမျှ မယုံကြည်ရုံမျှဖြင့် ထိုယုံမှားသူ မယုံကြည်သူတို့မှာ ကြီးလေးသောပြစ်ဒဏ်ထိုက် သည်ဟူ၍ ဆိုရိုးမရှိချေ။ မကောင်းမှုအားလုံးတို့၏ ရေ သောက်မြစ်သည် ဝိစိကိစ္ဆာမဟုတ်။ အဝိဇ္ဇာနှင့် မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကုန်၏။ တွေဝေခြင်း ယုံမှားခြင်း တုန်လှုပ်ခြင်း ဆုံးဖြတ် နိုင်မှု ခက်ခဲခြင်းတွေ ရှိနေသမျှကာလပတ်လုံး ထိုသူ့ဘဝမှာ တိုးတက်မှု မဖြစ်နိုင်ဟူသော အချက်ကို ငြင်းနိုင်ဖွယ်မရှိချေ။

အရှိတရား အမှန်တရားကို ရှင်းလင်းစွာ မသိကြ သေးသမျှကာလပတ်လုံး ထိုသူတို့၏သန္တာန်မှာ ဝိစိကိစ္ဆာ ကိန်းအောင်းနေသေးလို့-ဟူသော အချက်သည်လည်း ငြင်း နိုင်ဖွယ်ရာမရှိချေ။ ဘဝ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်မြင့် တိုးတက်ဖို့ရန်အလို့ငှါ ထိုဝိစိကိစ္ဆာတရားကို အကြွင်းမဲ့ ပယ်သတ်ရမည်ဟူသည့်အချက်မှာ အမှန်တကယ်လိုအပ် သည့် လိုအပ်ချက်ပင်ဖြစ်သည်။ ထိုဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်ပစ်မည်ဆိုလျှင် ထိုသူသည် အရှိနှင့်အမှန်ကို အတိအကျ ရှင်းလင်းသိမြင်ရမည်ဖြစ်သည်။

လူတစ်ယောက်ကို "သင်သည် ဤအချက်၌ မယုံမှား သင့်၊ ဤအချက်၌ ယုံကြည်ရမည်"ဟုပြောဆိုရန်"အကြောင်း အချက်မရှိပေ။ တကယ်ပြောရန်လိုအပ်သည်ကား သင်သိ တာ သင်မြင်တာကို ငါယုံကြည်၏-ဟု ဆိုလိုခြင်းမဟုတ်၊ ငါသိ တာ ငါမြင်တာကို ငါယုံကြည်၏-ဟု ပြောဆိုရန်သာရှိသည်။
ဥပမာ- ကျောင်းသားတစ်ယောက်သည် ဂဏန်း သင်္ချာပုစ္ဆာတစ်ခုကို တွက်ချက်နေသည်ဆိုပါစို့၊ ထိုဂဏန်း သင်္ချာပုစ္ဆာသည်သူသိမြင် တတ်ကျွမ်းထားသည့်အဆင့်ကို ကျော်လွန်ပြီး ခက်လွန်းနေလျှင် ထိုကျောင်းသား၌ စိတ်ရှုတ် ခြင်း တွေဝေခြင်း ဝိစိကိစ္ဆာ ဝင်လာပြီဖြစ်သည်။ ထိုဝိစိကိစ္ဆာ သူ့မှာ ရှိနေသမျှကာလပတ်လုံး ထိုကျောင်းသားတွက် ဂဏန်း သင်္ချာအတတ်သည် တိုးတက်ဖို့ မဖြစ်နိုင်တော့ချေ။ သူသည်ရှေ့သို့တစ်ဆင့်တက်လိုလျှင် ထိုပြဿနာကို ရှင်းပစ်ရမည်။ ထိုသံသယကို ပယ်ပစ်ရမည်။ ထိုဝိစိကိစ္ဆာ သံသယတို့ကို ပယ်ရှားသောနည်းလမ်းများရှိပါသည်။ "ကျွနု်ပ် ယုံကြည်ပါ၏၊ ကျွနု်ပ် သံသယမရှိပါ "ဟု ပြောဆိုရုံမျှဖြင့် ပြဿနာ၏အဖြေကို ရလိမ့်မည်မဟုတ်ပါ။ ကိုယ်တိုင်သိမြင်နားလည်ခြင်းမရှိပဲ တစ်စုံတစ်ခုသောဝါဒကို လက်ခံဖို့ရန် အတင်းအကြပ်ပြုလုပ်ခြင်းသည် သူ၏စိတ်ဆန္ဒ နှင့် အသိပညာမပါသောကြောင့် နိုင်ငံရေးသမားတို့ အတင်း အကြပ် စည်းရုံးသိမ်းသွင်းခြင်းမျိုးဖြစ်သည်။

မြတ်ဗုဒ္ဓသည် လူသားတိုင်းကို ဆန္ဒပြင်းပြစွာနှင့် အစဉ်သဖြင့် တိုက်တွန်းသည်မှာ ဝိစိကိစ္ဆာကို ပယ်ရှားဖို့ရန် ဖြစ်သည်။ မြတ်ဗုဒ္ဓသည် လူးသားတို့၏သန္တာန်ဝယ် စွဲမှီ၍နေ သော ကြောင်းကျိုး အကောင်းအဆိုး အမှားအမှန်ကို မဝေခွဲ နိုင် မဆုံးဖြတ်နိုင်သည့် ထိုကဲ့သို့သော ဝိစိကိစ္ဆာမျိုးကို ပယ်ရှာ ဖို့ ပြင်းပြသော ဆန္ဒရှိတော်မူ၏။ သူ၏ ပရိနိဗ္ဗာန်မပြုမှီ မိနစ်ပိုင်း အတွင်းကလေးမှာ ပင်လျှင် သူသည် သူ၏တပည့်သာဝကတို့ကို အကြိမ်ပေါင်း များစွာပြောဆိုခဲ့သည်မှာ "ရဟန်းတို့ ငါဘုရားရဲ့ အဆုံးအမ နှင့် ပတ်သက်၍ သင်တို့မှာ ယုံမှားသံသယရှိကြလျှင် ငါဘုရား ကိုပွင့်ပွင့်လင်းလင်း မေးလိုက်ကြ။ ငါဘုရားမရှိသည့် နောက် သင်တို့၏စိတ်အစဉ်ဝယ် ဝိစိကိစ္ဆာတို့ဖြင့် ရှုတ်ထွေးပြီး စိတ်ပင်ပန်းမှုများဖြင့် မကျန်ရစ်စေကြကုန်နှင့်။ ငါဘုရား ရှိခိုက် သင်တို့၏သံသယများကို မေးခြင်းဖြင့် သင်တို့၏ယုံမှား မှုကို ရှင်းလင်းကြ"ဟူသတည်း။

"ထိုအခါ တပည့်တို့သည် ဆိတ်ငြိမ်၍ နေကြကုန်၏၊ ထိုအခါ မြတ်ဗုဒ္ဓက ဆက်လက်၍မိန့်ကြားသည်မှာ "သင်တို့ သည် အကယ်၍ ငါဘုရားကို ရိုသေကြောက်ရွံ့သောကြောင့် မမေးနိုင်ကြကုန်သည်ဖြစ်အံ့၊ အချင်းချင်း အပြန်ပြန် အလှန်လှန် သံသယတွေကို ထုတ်ပြ၍ သံဃာအားလုံး၏ ကိုယ်စားပြု တစ်စုံတစ်ယောက်က ထိုဝိစိကိစ္ဆာတို့ကို ငါ ဘုရားအား မေးကြကုန်လော့"ဟူ၏။ ဤသည်မှာ ဘာသာရေးသမိုင်း၌ ဗုဒ္ဓဘာသာ၏ အတွေးအခေါ်လွတ်လပ်မှုကိုသာ ဖော်ပြရုံမျှမက ဆရာဖြစ် တော်မူသော မြတ်ဗုဒ္ဓ၏ သဘောထားကြီးခြင်း ခွင့်လွှတ်ခြင်း ကိုပါ ဖော်ပြသည့် သမိုင်းတင်မှတ်တမ်းဖြစ်သည်။

အခြားစံတင်လောက်သည့် ဖြစ်ရပ်တစ်ခုမှာလည်း မြတ်ဗုဒ္ဓသည် နာလန္ဒမှာ နေနေစဉ် ဂျိန်းဆရာကြီးမဟာဝီရ နိဂဏ္ဌ၏ ထင်ရှားကျော်ကြားသော သူဌေးတပည့်ကြီး ဥပါလိ သည် သူ၏ဆရာကြီး မဟာဝီရက စေလွှတ်သဖြင့် မြတ်စွာဘု ရားထံမှောက် ရောက်လာ၏။ စေလွှတ်ခြင်း၏ရည်ရွယ်ချက် မှာ ကမ္မဝါဒနှင့်ပတ်သက်၍ ငြင်းခုံဖို့ အနိုင်တိုက်ဖို့ဖြစ်၏။
မြတ်ဗုဒ္ဓ၏ကမ္မဝါဒနှင့် နိဂဏ္ဌ၏ ဒဏ္ဍဝါဒတို့သည် တူသယောင်ယောင်နှင့် ခြားနားကြကုန်၏၊ မဟာဝီရ နိဂဏ္ဌက အထူးမျှော်လင့်ထားသည်မှာ သူ့တပည့်ဥပါလိသည် စကားအပြိုင်ပြု၍ စကားအနိုင်လုရာ၌ အလွန်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခြင်းကြောင့် ဗုဒ္ဓကို သူတို့အဖွဲ့က အနိုင်ရ မည်ဟု ဧကန်မျှော်လင့်ထား၏။ ဤမျှော်လင့်ချက်နှင့် ရလဒ် မှာကား တခြားစီဖြစ်သွား၏၊ ကမ္မဝါဒနှင့် ဒဏ္ဍဝါဒတို့ အပြိုင်ပြု၍ အနိုင်လုကြရာ ဒဏ္ဍဝါဒသည် ကမ္မဝါဒအောက် ၌ ကြေမွပျက်ပြုန်းခဲ့ရလေသည်။

ထို့ကြောင့် စကားစစ်ထိုးပွဲအဆုံး၌ မဟာဝီရဂိုဏ်း သား ဥပါလိသူဌေးသည် သူ၏ဒဏ္ဍဝါဒကို အကြွင်းမဲ့စွန့်လွှတ် ၍ မြတ်ဗုဒ္ဓ၏ကမ္မဝါဒကို အကြွင်းမဲ့လက်ခံလိုက်လေသည်။ သူ၏ဆရာရင်း မဟာဝီရနှင့် မဟာဝီရ၏ဝါဒတို့ကို ဤယနေ့ မှစ၍ စွန့်လွှတ်ပါမည်ဘုရား၊ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို ဤယနေ့မှစ ၍ ကိုးကွယ်ဆည်းကပ်ပါ၏ဘုရားဟု ပရိသတ်အလယ် ထင် ရှားစွာ ကြေငြာခဲ့လေသည်။ သူ့ကိုလည်း မြတ်ဗုဒ္ဓ၏တပည့် သာဝကအဖြစ် လက်ခံပါရန် လျှောက်ထားခဲ့လေသည်။

ထိုအခါ မြတ်ဗုဒ္ဓက "အို ဥပါလိ စဉ်းစဉ်းစားစား လုပ်ပါ၊ မဟာဝီရနိဂဏ္ဌသည် သင်၏ဆရာအရင်းဖြစ်သည်၊ ဆရာရင်းကို စွန့်လွှတ်၍ ဆရာသစ်ကို ချဉ်းကပ်သည့်အလုပ် မျိုးကို လျှင်မြန်လွယ်ကူစွာ မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ် ပါ၊ ထို့အပြင် သင်၏ ဆရာမဟာဝီရနှင့် အဖွဲ့ဝင်များသည် သင်၏ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် အသက်ရှင်နေကြ ရကုန်၏၊ သို့ဖြစ်ခြင်းကြောင့် သင်၏ဆရာဟောင်းနှင့်အ ဖွဲ့သားများအား သင်ထောက်ပံ့၍နေသော အထောက်အပံ့ တို့ကို ဖြတ်တောက်၍မပစ်ပါနဲ့၊

ထို့အပြင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ် ယောက်သည် ဆရာပြောင်းခြင်း၊ ဘာသာပြောင်းခြင်းအလုပ် တို့ကို ပေါ့ပေါ့တန်တန်မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ်သင့်၏၊ ထို့ကြောင့် သင့်ဆရာရင်းမဟာဝီရကို ကိုးကွယ်မြဲ ကိုးကွယ်၊ ထောက်ပံ့မြဲထောက်ပံ့ပါလေ"ဟု မိန့်ကြားတော်မူ၏။

ဤဖြစ်ရပ်များသည်ကား ဘာသာရေးသမိုင်းတွင် စံနမူနာယူလောက်သည့် သဘောထားကြီးခြင်းကို ဖော်ပြ သည့်ဖြစ်ရပ်များ ဖြစ်ကြလေကုန်၏။

မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထား ကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ် သည်။

သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော် ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအ သေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်း တို့ကို ပြုလုပ်ခဲ့လေသည်။

သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။

အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက် ဖက်တွင် ရုရှားနှင့်ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသား ပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခနီ ္တ , သစ္စာ , အဟိံသာ ဟူသော Commond ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။

"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာ သာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက် သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့ သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။

ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိ တို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအ တွက် သေတွင်းကို တူးသည်နှင့်တူ၏။

မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။

နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်း နှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။

ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီ ချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင် စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကို လည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ။"

(အသောကကျောက်စာအမှတ်-၁၂)


ဤနေရာ၌ ကျွနု်ပ်တို့သည် ဤကဲ့သို့သော မုဒိတာ အသိမျိုးကို ဤဘာသာရေးကိစ္စ၌သာ လက်ကိုင်ပြုအသုံးချ သင့်သည်မဟုတ်ပေ။ အခြားသော နိုင်ငံရေး လူမျိုးရေး စီးပွားရေး ပညာရေးကိစ္စတို့၌လည်း ဤသည့်မြတ်ဗုဒ္ဓ၏ ခန္တီ မေတ္တာ ကရုဏာ အဟိံသာ သစ္စာတရားတို့ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသော Commond ground-ပေါ်၌ လက်တွဲ ညီညီ၊ မိမိကလည်း သူ့ကို မရှုံ့ချ၊ သူကလည်း ငါ့ကို မကဲ့ရဲ့၊ ငါကလည်း သူ့ကိုဂုဏ်ပြု၊ သူကလည်း ငါ့ကိုလေးစား၊ သူ့စကားလည်း ငါနားထောင်၊ ငါ့စကားလည်း သူလေးစား၊ ဤသဘောထားမျိုးနှင့် သွားကြလျှင် ဆူးခင်းသောခရီး ကြမ်းဟာ မကြာမီ အဆုံးသတ်၍ ပန်းခင်းသောလမ်းပေါ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။
ဤကဲ့သို့သော ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘော ထားကြီးခြင်း၊ ရင့်ကျက်သောနားလည်ခြင်းဟူသော မွန်မြတ် သည့်စိတ်ဓာတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်မြင့် မြတ်ြွကယ်ဝသည့် ဗုဒ္ဓဘာသာအတွေးအခေါ်မှ စတင်ပေါ် ပေါက်လာခြင်းဖြစ်သည်။

ထို့ကြောင့်ပင် နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်းတစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍ ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေးတစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူး သည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးချေ။

ဗုဒ္ဓ၏ မြတ်ဓမ္မသည် အာရှတိုက်ကြီး တစ်ခုလုံးကို သာမက ကမ္ဘာတစ်ရပ်လုံးသို့ တစိမ့်စိမ့်ပြန့်နှံ့နေရာ၌- ထိုမြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို သူတို့၏စိတ်ဆန္ဒအလျှောက် ငွေကြေးနိုင်ငံရေးနှင့် လူမှုရေးအကြပ်ကိုင်မှုတို့မရှိပဲ လွတ်လပ် သောစိတ်ဓာတ်ဖြင့် ဓမ္မကိုကြိုက် အလိုကိုလိုက်နာကျင့်သုံးနေ ကြသော လူဦးရေသည် သန်းပေါင်း(၁၀ဝဝ)မျှရှိမည်ဟု ခန့်မှန်းရသည်။

မှားယွင်းသောအတွေး မကောင်းသောအပြော မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူသောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်းဖြစ်လာလျှင် ထိုအမှုမျိုး သည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့် လုံးလုံးဆန့်ကျင်သည်သာဖြစ် ၏။

ဗုဒ္ဓဝါဒသည်
Religion လား?
Philosophy လား? ဟူသောမေးခွန်းကို မကြာခဏမေးကြ၏။
မေးခွန်းရှင်တို့က Religion-လို့ပဲခေါ်ခေါ်၊ Philosophy-လို့ပဲခေါ်ခေါ် မည်သို့ ခေါ်စေကာမူ ထိုအမည်နာမသည် အရေးကြီးကိစ္စမဟုတ်ပေ။ မေးခွန်းရှင်တို့ မည်သို့အမည်နာမည်ကိုပဲ တပ်တပ်၊ မည်သို့ အမည်ကဒ်ကိုပဲကပ်ကပ်၊Buddhism-သည် ဗုဒ္ဓ၏အဆုံးအမ အဖြစ် ရပ်တည်နေမည်သာဖြစ်သည်။

နာမပညတ်သည် အထည်ကိုယ်ဒြဗ်မရှိ၊ ကျွနု်ပ်တို့ ပေးထားသော ဤ Buddhism-အမည်နာမသည် ဗုဒ္ဓ၏ အဆုံးအမများအတွက် အလွန်အရေးကြီးသော ကိစ္စမဟုတ်၊ သို့သော် မည်သည့်အရာဝတ္ထုမဆို ခေါ်ဝေါ်ပြောဆိုဖို့ အမည် နာမတစ်ခုတော့ လိုအပ်ပါသည်။

'နှင်းဆီပန်း'ဟု ကျွနု်ပ်တို့ ခေါ်ထားသောအမည်တစ် ခု၌ အဘယ်ရာဝတ္ထုသည် နှင်းဆီပန်းဖြစ်ပါသနည်း။ အရောင်ကိုခေါ်မည်လော၊ အနံ့ကိုခေါ်မည်လော၊ ပန်းပွင့်ဒြဗ် ကိုခေါ်မည်လော၊ ပန်းပွင့်ပုံသဏ္ဍာန်ကို ခေါ်မည်လော၊ အခြားအမည်ဖြင့် ခေါ်ကြသော အခြားပန်းပွင့်တို့မှာလည်း နှင်းဆီကဲ့သို့သော မွှေးကြိုင်သည့်ရနံ့ ရှိကြမည်သာဖြစ်သည်။ သို့သော် ပုံသဏ္ဍာန်နှင့် ဖွဲ့စည်းပုံတို့ကတော့ တူကြမည်မဟုတ် ပေ။

ထို့ကြောင့် သစ္စာ၌ အမည်နာမ မလိုပေ၊ သစ္စာကို အမည်ပေးရန်မရှိ၊ သစ္စာသည် ဗုဒ္ဓဘာသာလည်းမဟုတ်၊ ခရစ်ယာန်ဘာသာလည်း မဟုတ်၊ မူဆလင်ဘာသာလည်း မဟုတ်၊ သစ္စာသည် Philosophy-လည်းမဟုတ်၊ Psychology-လည်းမဟုတ်၊ ဘာသာရေးလည်းမဟုတ်။ သစ္စာသည် ထိုအမည် နာမအားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။

သစ္စာကို မည်သည့်ဘာသာဝါဒတို့ကမျှ ဆုတ်ကိုင် ထားနိုင်ခြင်းမရှိ၊ ဘာသာဝါဒစွဲတစ်ခုကြောင့် ဖြစ်ပေါ် လာသော အမည်နာမတို့သည် သစ္စာတရားကို ရှာဖွေခြင်းနှင့် လွတ်လပ်စွာ သိမြင်ခြင်းတို့၏ အတားအဆီး အနှောက် အယှက် များဖြစ်ကြကုန်၏။ ထိုအမည်နာမအမျိုးမျိုးသည် လူသားတို့၏စိတ်၌ အန္တရာယ်များသော အပိတ်အပင်အ တားအဆီးတို့ကို ဖြစ်စေကြကုန်၏။

ဤအမည်နာမတို့ကြောင့် လူသားအချင်းချင်း ဆက်ဆံရေး၌လည်းကောင်း၊ စိတ်ဓာတ်ရေးရာ၌လည်း ကောင်း၊ အသိဉာဏ်ပညာရေးရာ၌လည်းကောင်း အတား အဆီး အနှောက်အယှက် မြောက်များစွာဖြစ်ရကုန်၏။ ဥပမာ- ကျွနု်ပ်တို့သည် လူတစ်ယောက်ကိုတွေ့မြင်၏။ထိုအခါ ကျွနု်ပ်တို့သည် ကျွနု်ပ်တို့တွေ့ရသော ထိုလူကို လူသား တစ်ယောက်ပါပဲဟူ၍ မရှုကြည့်ကြပဲ ကျွနု်ပ်တို့သည် ထိုလူ့အ ပေါ်၌ Loving-အမည်နာမအမျိုးမျိုး ကပ်ကြလေ၏။

ဥပမာ- လူတစ်ယောက်ကိုတွေ့၏။ ဘာလူမျိုးလဲ၊ အင်္ဂလိပ်လူမျိုးလား၊ အမေရိကန်လူမျိုးလား၊ အာရပ်လူမျိုး လား၊ တရုတ်လူမျိုးလား၊ ကုလားလူမျိုးလား စသည်ဖြင့် အမည်နာမ အမျိုးမျိုး တပ်ကြလေကုန်၏။

ထို့ကြောင့် ကျွနု်ပ်တို့စိတ်ထဲ၌ ထိုလူနှင့်ပတ်သက် သည့် အမည်နာမအမျိုးမျိုးကြောင့် များစွာ အနှောက်အ ယှက် ဖြစ်ကြကုန်၏။ အင်္ဂလိပ်ဆိုရင် ဒို့ကမကြိုက်ဘူး၊ အမေ ရိကန်လူမျိုးမှ ကြိုက်သည် စသည်ဖြင့်- ကြိုက်/မကြိုက်နှစ် မျိုးဖြစ်ရခြင်းသည် လူဆိုသည့်အပေါ်၌ အင်္ဂလိပ်-အမေရိ ကန်ဟူသော အမည်တပ်လိုက်ခြင်းကြောင့်ဖြစ်သည်။

သို့သော် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့ပေးထားသော ထိုအမည်နာမအမျိုးမျိုးတို့ကြောင့်ဖြစ်ရသည့် အတားအဆီး အနှောက်အယှက် ပဋိပက္ခအပေါင်းတို့မှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါသည်။

လူသားတို့သည် အမည်နာမ ခွဲခြားမှုမရှိသည့် သဘောကို ကြိုက်နှစ်သက်ကြသည်။ လူသားတို့သည် လူသားတို့၏ အရည်အချင်း , ဂုဏ်သိက္ခာ , အကျင့်သီလ , အသိပညာ စိတ်ဓာတ်အားဖြင့်တန်းတူညီမျှ ဖြစ်သည့် သဘောကို ကြိုက်နှစ်သက်ကြသည်။

လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ နေထိုင်သည့်ရေ မြေ မည်သို့ပင် အမည်အမျိုးမျိုးအောက် ရောက်နေကြသော် လည်း တိုင်းပြည်အသီးသီးရှိ လူမျိုးအသီးသီး၏နှလုံးသားဝယ် ကိန်းအောင်းနေသည့် ချစ်ခြင်း မုန်းခြင်း ညှင်းဆဲခြင်း သည်းခံခြင်း အစရှိသော စိတ်တို့၏သဘောမှာ တူညီသော သဘောလက္ခဏာ ရှိကြကုန်၏။

အဖျားဖြတ်ဆေးတစ်လက်ကို ဖော်စပ်ပုံတူညီပါ လျှက် အမေရိကန်မှာလုပ်သည်ဆိုလျှင် လူတကာအထင်ကြီး ကြသော် လည်း ထိုဖော်စပ်ပုံအတိုင်းပင် မြန်မာပြည် မှာလုပ်သည်-ဟုတံဆိပ်ကပ်လျှင်အထင်မသေးသင့်။ အမှတ်တံဆိပ် ကွာပေမယ့် ဖော်စပ်ပုံတူညီသောကြောင့် စွမ်း ရည်သတ္တိတို့လည်း တူညီကြကုန်၏။ အဖျားပျောက်သည်မှာ အတူတူပင်ဖြစ်သည်။

သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာ-ဒါန သီလ ဘာဝ နာ၊ ခရစ်ယာန်-ဒါန သီလ ဘာဝနာ၊ အစ္စလာမ်- ဒါန သီလ ဘာဝနာ စသည်စသည်ဖြင့် သူတော်ကောင်းအကျင့်တို့ အပေါ်၌ အမည်နာမမျိုးစုံတို့ ကပ်ရောက်သွားလျှင် အတွင်းရှိ အစွမ်းသတ္တိကို မေ့လျော့ကာ အပေါ်ယံအမည်၌ ငြင်းခုံနေ ကြမည်သာဖြစ်ကုန်၏။

သို့ဖြစ်ခြင်းကြောင့် သစ္စာတရား၌ ဘာသာရေး အမည်ဆိုင်းဘုတ် မလို၊ ဓမ္မ၌လည်း ဘာသာရေးဆိုင်း ဘုတ် ထိုးရန်မလို။သီလ သမာဓိ ပညာတို့သည် စံနစ်တကျ ဖော်စပ်ထားသော ဆေးသမားကြီး၏ ဆေးစွမ်းကောင်းများ ဖြစ်ကြကုန်၏။ ထိုဆေး စွမ်းကောင်းတစ်လက်ကို အပေါ်မှာ တပ်ထားသော အမည် အမျိုးမျိုးကြောင့် ရောဂါသည်အ ပေါင်းတို့ မငြင်းခုံသင့်။ ရှောင်လွှဲ မသွားသင့်။ နာမပညတ်ကို ကျော်ဖြတ်၍ ဓမ္မဆေးကို သောက်ရန်သာဖြစ်သည်။

ထို့ကြောင့် ဓမ္မသည် Religion-လည်းမဟုတ်၊ Philosophy- လည်းမဟုတ်။ သူ့ကိုတပ်ရန် မည့်သည့်အမည် နာမမျှ မလို၊ လူသားထုတစ်ရပ်လုံး စွဲကပ်သည့် ကိလေသာ ရောဂါဆိုးကြီးကို ဖြေဖျောက်ပေးမည့် ဆေးစွမ်းကောင်း တစ် လက်သာဖြစ်၏။

ဓမ္မဆေးကို ဗုဒ္ဓက ဖော်စပ်ပေးသည်ဖြစ်ခြင်းကြောင့် ဗုဒ္ဓ၏တပည့်သာဝကတို့သည်သာ ပိုင်ဆိုင်ကြသည်မဟုတ်၊ ချစ်ခြင်း မုန်းခြင်း အစရှိသော နာတာရှည်ရောဂါဆိုးကြီး စွဲကပ်နေကြသည့် လူသားတိုင်းက ပိုင်ဆိုင်ကြသည်သာဖြစ် ၏။ ထို့ကြောင့် ဓမ္မသည် သစ္စာ၊ သစ္စာသည် Religion-မဟုတ်၊ သစ္စာသည် နေရာတိုင်း လူသားတိုင်းမှာရှိသည်။ လူသားတိုင်း သည် သစ္စာကို သိမြင်ပိုင်ခွင့်ရှိသည်။

သစ္စာတရားကိုရှာဖွေစဉ် ရှာဖွေသူထံသို့ ရရောက် လာသော အတွေးအကြံမှန်သမျှတို့သည် အမည်နာမနှင့် ရုပ်ဒြဗ်တို့ မဟုတ်ကြလေကုန်။ တကယ်စင်စစ်တော့ စိတ်ဓာတ်နှင့် အသိဉာဏ်တို့သာဖြစ်ကုန်၏။
စိတ်ဓာတ် အတွေးအကြံ အသိဉာဏ် ဖွံ့ဖြိုးတိုး တက်ခြင်းနှင့် ထို၏အကြောင်းရင်းသည် ပညာသာ ပဓာန ဖြစ်၏။ တကယ် စင်စစ် သစ္စာကိုသိနားလည်ဖို့ရန်အလို့ငှါ ထိုသစ္စာကို ဘယ်သူသင်ပြသည်၊ ဘယ်လူမျိုးဟောကြားသည်၊ ဘယ်တိုင်းပြည်ကလာသည်- စသည့်အချက်တို့ကို သိရန်မ လို၊ သစ္စာ၌ တိုင်းပြည် လူမျိုး ပုံသဏ္ဍာန် အရွယ်အစား အရောင်အသွေးမရှိ။သစ္စာတရားသည် ထိုကဲ့သို့သော အ တားအဆီး အနှောင်အဖွဲ့တို့မှ လွတ်မြောက်ပြီးဖြစ်၏။

တစ်ခုသောအခါ မြတ်ဗုဒ္ဓသည် အိုးလုပ်သူတို့ ၏တဲ၌ ခရီးသွားခိုက် ဝင်ရောက်နားခို၏။ ထိုတဲ၌ ဗုဒ္ဓ၏ရှေး ဦး စွာက ရသေ့တစ်ယောက် ဝင်ရောက်ပြီး တည်ခိုနေထိုင် ဆဲဖြစ်နေ၏။ အိုးလုပ်တဲကြီးက ကျယ်ဝန်းဟန်တူပါသည်။ ရဟန်းနှင့် ရသေ့တို့နှစ်ယောက် လွတ်လပ်စွာ တည်းခိုခွင့် ရှိကြ၏။တစ်ယောက်နှင့် တစ်ယောက်မူကား မသိရှိကြ။ ဗုဒ္ဓကလည်း ရသေ့ကိုလေ့လာ၊ ရသေ့ကလည်း ဗုဒ္ဓကိုလေ့လာ၊ ထို့နောက် အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြ၏။ မြတ်ဗုဒ္ဓက ထိုရသေ့ကိုမေး၏။

"သင်သည် မည်သူ့ကို ရည်ညွှန်း၍ ရသေ့ဝတ် သနည်း"။ ရသေ့ကဖြေ၏။ "အကျွနု်ပ်၏ဆရာသည်သကျမုနိ ဂေါတမဗုဒ္ဓဖြစ်၏။ သကျမုနိ ဂေါတမဗုဒ္ဓကို ဆရာဟူ၍ ရည် ညွှန်းကာ ရသေ့ပြုခဲ့ပါသည်။ အကျွနု်ပ်သည် သကျမုနိဂေါတ မြတ်ဗုဒ္ဓ၏ ဓမ္မကို ကြိုက်နှစ်သက်ပါသည်"ဟု ဖြေကြား၏။

"သင်သည် သင့်ဆရာကို မြင်ဖူးသလော"။

"မမြင်ဖူးပါ"။

"သင့်ဆရာ၏ ဓမ္မကိုကော ကြားဖူးပြီးပြီလော"။

"မကြားဖူးသေးပါ"၊

"သို့ဖြစ်လျှင် ငါသည် သင့်ကို ဓမ္မတစ်ပုဒ်လောက် ဟောပြမည်၊ နားကြားမည်လော"။

"နာကြားပါမည်"ဟု ဖြေကြားသောအခါ မြတ်ဗုဒ္ဓ က သစ္စာလေးပါး မြတ်တရားကိုဟောကြားတော်မူလေသည်။ ဓမ္မ၏နိဂုံး၌ ထိုရသေ့သည် သစ္စာကိုအကြွင်းမဲ့ထွင်းဖောက်၍ သိမြင်သွားလေသည်။

ဤ၌ သစ္စာကိုရှာဖွေသူ ရသေ့ပုက္ကုသာတိသည် သူ့အား သစ္စာတရားဟောပြနေသည့် သူ့ဆရာဗုဒ္ဓကိုပင် သူသည် ဗုဒ္ဓမှန်းသိခဲ့သည် မဟုတ်ပေ။ သစ္စာတရားကို ထိုးထွင်းသိမြင်ပြီးမှသာလျှင် ထိုသစ္စာတရားဟောကြား သူဟာ သူရည်မှန်းထားသော သူ့ဆရာမှန်းသိခဲ့လေသည်။

ထိုအခါမှ ရသေ့သည် မြတ်ဗုဒ္ဓနှင့် အိုးလုပ်တဲ၌ တစ်ညတာ အတူနေခဲ့ရာ ဗုဒ္ဓမှန်းမသိ အရိုအသေမပြုခဲ့မိ သည်တို့ကို ရှိခိုးဝန်ချ တောင်းပန်ကန်တော့ခဲ့လေသည်။ သစ္စာကို အလျှင်သိ၊ သစ္စာကိုဟောကြားသည့် သူ့ဆရာကို နောက်မှသာ သိသည့် ပုက္ကုသာတိသည် မြတ်ဗုဒ္ဓထံ တပည့်ခံ၍ ရဟန်းပြုခဲ့ လေသည်။ ကိုးကွယ်မှုကို အခြေခံသည့် Religion-ဟူသော ဘာသာတရားအားလုံးတို့သည် ယုံကြည်မှုအပေါ်၌ တည် ဆောက်ထားကြကုန်၏။ ဉာဏ်မပါသော ထိုယုံကြည်မှုတို့ သည် အကန်းတို့သာဖြစ်ကြကုန်၏။ ဗုဒ္ဓ၏အဆုံးအမက ယုံကြည်ခြင်း သဒ္ဓါကို ကြောင်းကျိုးဆင်ခြင်သိမြင်ခြင်း ဟူသော ပညာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ သဒ္ဓါဟူသော ယုံကြည်ခြင်းမှာလည်း ကျေနပ်သဘောတူ လက်ခံပြီးဖြစ်သောကြောင့် စိတ်ချယုံကြည်ခြင်းဖြစ်၏။ ကျေနပ်ခြင်း သဘောတူညီခြင်း ကြောင်းကျိုးဆင် ခြင်ခြင်းမရှိသော ယုံကြည်ခြင်းမျိုးကို ဗုဒ္ဓသာသနာတော်က အကန်းယုံဟု ဆိုနိုင်သည်။ ကြောင်းကျိုးသိမြင်ဆင်ခြင်ပြီးမှ ယုံကြည်စိတ်ချသော သဒ္ဓါဖြင့် ကိုးကွယ်ခြင်းမျိုးသည် အဆင့် မြင့်ကိုးကွယ်ခြင်း (သို့မဟုတ်) တကယ်ပင် သရဏဂုံတင်ခြင်း ဖြစ်ပေသည်။ ၄-ရာစုနှစ်က အလွန်ထင်ရှားကျော်ကြားသည့် ကြီးကျယ်သော အတွေးအခေါ်ပညာရှင် အာသိင်္ဂဆရာ ကြီး၏ အဘိဓမ္မာကျမ်းအရ သဒ္ဓါသည် အဆင့်သုံးဆင့် ရှိသည်။

၁။ အကြောင်းအချက်တစ်ခုကို ပြည့်စုံအခိုင်အမာ ယုံကြည်ခြင်း၊
သို့သော် ယုတ္တိရှိသော အရည်အချင်းကို နားမ လည်သေး။

၂။ ယုတ္တိကောင်းသော အရည်အချင်းတစ်ခုကို သိမြင် နားလည်၍ ရွှင်လန်းစွာ ယုံကြည်၏၊
သို့သော် အယူ ဝါဒတစ်ခုကို လက်မခံသေး။

၃။ ပြည့်စုံခိုင်မြဲစွာလည်းသဘောတူ၏။ယုံကြည် လောက်သော အရည်အချင်းကိုလည်း ကောင်းစွာဆင်ခြင် နိုင်၏။ အယူဝါဒတစ်ခုခုကိုလည်း ရွှင်လန်းစိတ်ဝင်စားစွာ လက်ခံယုံကြည်၏။

အာသိင်္ဂအဘိဓမ္မာဆရာကြီးက သူ၏အဘိဓမ္မာ သမုစ္စယကျမ်းတွင် ဤသို့ဆိုခဲ့လေသည်။

ဗုဒ္ဓဃောသဆရာကြီး၏ အဘိဓမ္မာအဖွင့်ကျမ်း ပေါင်းမြောက်များစွာတို့တွင်လည်း အာဂမနသဒ္ဓါ အဓိဂမန သဒ္ဓါ ဩကပ္ပနသဒ္ဓါ ပသာဒသဒ္ဓါ ဟူ၍ သဒ္ဓါအမျိုးအစား များစွာကို ခွဲပြထားပါသည်။ အစဉ်အလာအားဖြင့် ယုံကြည် ခြင်း၊ သင်ကြားခြင်း၊ နာကြားခြင်းတို့ဖြင့် တိုးတက်လာသော ယုံကြည်ခြင်း၊ ကျင့်သုံးမှုကို အခြေခံ၍ ပေါက်ရောက်သော ယုံကြည်ခြင်း၊ သစ္စာသိသောကြောင့် အမြင့်ဆုံးရောက်ရှိသည့် ယုံကြည်ခြင်းတို့ဖြင့် ခွဲခြားပြခဲ့လေသည်။

အစဉ်အလာအားဖြင့် ယုံကြည်လက်ခံခြင်း Traditional Belief-သည် အကန်းယုံ Blind Faith နှင့် ရောနှောဆက်စပ်မှုရှိလေသည်။ ယုံကြည်ခြင်း မယုံကြည်ခြင်း ဆိုတဲ့ ပြဿနာ၌ မြင်ခြင်း မမြင်ခြင်းဟူသော အဓိပ္ပါယ်များ ပါဝင်သည်။ မြင်ရလျှင်ယုံ၏။ မမြင်ရလျှင် မယုံနိုင်ဟူသော လောကစကား၌ Seeing and blinding-တို့ ဟန်ချက်ညီစွာ ပေါင်းစပ်ပေးသည့် အဓိပ္ပါယ်ဖြစ်၏။

ထို့ကြောင့် သိမြင်ခြင်းဟူသော စာလုံးတိုင်း၌ ယုံ ကြည်ခြင်းဟူသောအဓိပ္ပါယ်ပါရမည်။ ယုံကြည်ခြင်းဟူသော စာလုံး၌လည်း သိမြင်ခြင်းဟူသော အဓိပ္ပါယ်ပါရမည်။ သို့ သော်လည်း ပတ္တမြားလုံးကို လက်တွင်ဆုပ်ထားသော လူတစ် ယောက်က ငါပတ္တမြားလုံးကိုဆုပ်ထားသည် သင်ယုံရဲ့လားဟု အခြားသူတစ်ယောက်ကို မေးလျှင် ထိုသူက ပြောနိုင်သည် "ငါသည် ထိုပတ္တမြားကို မမြင်ရသောကြောင့် မယုံဘူး" အကယ်၍ လက်သီးဆုပ်ကိုဖွင့်လျှက် လက်ဖဝါးပြင်တွင် ပတ္တမြားကို တင်ပြလိုက်လျှင် ထိုသူကိုယ်တိုင် မြင်ရသည်ဖြစ် ခြင်းကြောင့် ထိုသူသည် ကျွနု်ပ်မယုံဟု ပြောဆိုဖွယ်ရာမရှိ တော့ပေ။ ထို့ကြောင့် သစ္စာကိုရှုမြင်ရာ၌ လက်ဖဝါးပြင်တွင် တင်ထားသောပတ္တမြားကို ထင်ရှားစွာမြင်ရသကဲ့သို့ သန္ဒိဋ္ဌိက သစ္ဆိကရဏဖြစ်ရမည်မှာ မြတ်ဗုဒ္ဓဓမ္မ၌ ပရမတ္ထနှင့်သစ္စာ တို့၏ သဘောဖြစ်သည်။
ထို့ကြောင့်ပင် ကေသမုတ္တိရွာ၌ အတ္တနာဝ ဇာနေယျာထ-ဟူသောစကားကို ကာလာမတို့ အား မြတ်ဗုဒ္ဓမိန့်ကြားခဲ့ခြင်းဖြစ်သည်။

ပရမတ္ထနှင့်သစ္စာကို သိခြင်းဟူသည် ကိုးကွယ်ခြင်း ဆည်းကပ်ခြင်း ယုံကြည်ခြင်း ကြိုက်နှစ်သက်ခြင်း ငြိကပ်ခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း ခန့်မှန်းတွေးဆခြင်း ဓလေ့ ထုံးစံ တဆင့်ကြား ကောလဟလများကို ကျော်လွန်၍ ကိုယ်တိုင် ကိုယ်ပိုင်သောဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော သန္ဒိဋ္ဌိက အမြင်မျိုး ဖြစ်လေသည်။

နိဗ္ဗာန်ကို မြင်သောသူဟူသည်ကား မိမိ၏ ကိလေ သာ အမှောင်ကိုမိမိကိုယ်တိုင်ပယ်ဖျောက်ပြီးသူသာဖြစ်သည်။ မိမိ၏ကိလေသာအမှောင်ကို မိမိကိုယ်တိုင်မပယ် ဖျောက်နိုင် သေးသူသည် ယုံကြည်ခြင်း ကိုးကွယ်ခြင်း နှစ်သက်ခြင်း လက်ခံခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း မှန်းဆခြင်းတို့ဖြင့် နိဗ္ဗာန်ကို တကယ်မမြင်နိုင်ပေ။

နိဗ္ဗာန်ကို ယုံကြည်ခြင်းသည် ပဓာနကျသည့်ကိစ္စမ ဟုတ်၊သိခြင်းမြင်ခြင်းသည်သာ ပဓာနဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ဓမ္မ၌ ဧဟိပဿိကဟူသော ဂုဏ်အရည်အချင်း တစ်ခု ရှိလေသည်။
ဧဟိပဿိကဆိုသည်ကား Come and see- လာကြကြည့်ကြဟု ဖိတ်ခေါ်နေခြင်းဖြစ်သည်။
Come and believe - လာကြယုံကြည်ကြဟု ဖိတ်ခေါ်နေခြင်း မဟုတ်။
ဗုဒ္ဓစာပေ၌ သစ္စာကိုသိသောပုဂ္ဂိုလ်တို့၏ အကြောင်း အရာကို ဖေါ်ပြသော နေရာတိုင်း၌ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ-မြူကင်းသောအညစ်အကြေးကင်းသော ဓမ္မစက္ခု သည်ဖြစ်၏။

"The dustless and stainless Eye to Truth (Dhamma cak khu) has arisen" သစ္စာကိုမြင်၏။
သစ္စာကို ရ၏။ သစ္စာဉာဏ်သို့ရောက်၏။ သစ္စာကိုသိ၏။ သစ္စာကို ထွင်းဖောက်၏။ ယုံမှားမှုအားလုံးကို ပယ်ဖျောက်၏။ တွေဝေခြင်းမရှိ။ မှန်သောဉာဏ်ဖြင့်သိ၏။
(ယထာဘူတံ ပဇာနာတိ) ဗုဒ္ဓရှင်တော် ကိုယ်တိုင်၏ဗောဓိဉာဏ်ကို ရတော်မူရာ၌လည်း
"စက္ခုံ ဥဒပါဒိ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ-မျက်လုံးဖြစ် လာ၏။ ပညာဉာဏ်ဖြစ်လာ၏။ ဗောဓိဉာဏ်ဖြစ်လာ၏။ ဝိဇ္ဇာဉာဏ်ဖြစ်လာ၏။ အဝိဇ္ဇာအမှောင်ဖျောက်၍ ဝိဇ္ဇာအရောင်ရောက်လာ၏"ဟု ဗုဒ္ဓကိုယ်တိုင်ပင် မိန့်တော်မူ ခဲ့ပါသည်။

သို့ဖြစ်ခြင်းကြောင့် နိဗ္ဗာန်ကို ဉာဏ်ဖြင့်သာ မြင်နိုင် သိနိုင်သည်။ ယုံကြည်ရုံမျှဖြင့် မြင်သိနေသော အရာမျိုးမ ဟုတ်။

ဤအချက်သည် ဗြဟ္မဏပဏ္ဍိတ် ဘာသာရေးခေါင်း ဆောင်တို့က သူတို့၏နောက်လိုက် ကိုးကွယ်သူတို့ကို ဗြဟ္မဏ ဘာသာရေးဓလေ့ထုံးစံတို့အပေါ်၌ ဤသည်ပင်လျှင်အမှန် တရားစုံစမ်းစစ်ဆေးရန်မလိုဟု သဘောထားသေးစွာဖြင့် အတင်းအကြပ် တိုက်တွန်း၍ ယုံကြည်လက်ခံကိုးကွယ်စေ သည့်ကာလဒေသ၌ မြတ်ဗုဒ္ဓ၏ ဤဧဟိပဿိက ဓမ္မစက္ခုစ သည့် အဆုံးအမတို့မှာ နာကြားရသူ လူအပေါင်းတို့၏စိတ် ဝယ် အထူးပင် နှစ်ခြိုက်စိတ်ဝင်စားဖွယ် ဖြစ်ခဲ့လေသည်။

ဗုဒ္ဓလက်ထက်တော်အခါ ထင်ရှားကျော်ကြားသည့် ပညာတတ်ဗြဟ္မဏတစ်စု ဗုဒ္ဓထံသို့ ရောက်သွားကြ၏၊ တွေ့ ဆုံမေးမြန်းကြ၏၊ ဆွေးနွေးမေးမြန်းဘွယ်ကား ရှည်လျှားစွာ၏၊ ထိုဗြဟ္မဏအုပ်စုတွင် ကာပဋ္ဌိယဟူသော ၁၆-နှစ်အရွယ် ဗြဟ္မဏလူငယ်တစ်ယောက်ပါ၏။
ထိုကာပဋ္ဌိယဗြဟ္မဏက မြတ်ဗုဒ္ဓအား မေးခွန်းထုတ် လေသည်၊ "အို အရှင်ဂေါတမ မွန်မြတ်သည့် ရှေးဟောင်း ဗြဟ္မဏစာပေတို့သည် အဆက်မပြတ်သော ဗြဟ္မဏပညာ တတ်တို့၏ ဆရာအစဉ်အဆက်အတိုင်း နှုတ်ဆင့်ကမ်း သယ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုဗြဟ္မဏ စာပေအရ ဗြဟ္မဏတွေအားလုံး သဘောတူဆုံး ဖြတ်ကြသည်မှာ ထိုစာ ပေ၏အဆိုအမိန့်သည်သာလျှင် မှန်၏။အခြားအယူအဆ တို့သည် အမှားချည်းသာဖြစ်ကုန်၏၊ ဗြဟ္မဏတို့၏ ထိုအဆို အမိန့်နှင့် ပတ်သက်၍ အရှင်ဂေါတမ၏သဘောထား အ ဘယ်သို့ပါနည်း"။

မြတ်ဗုဒ္ဓက ပြန်၍မေးခွန်းထုတ်၏ "ထိုဗြဟ္မဏ အပေါင်းတို့တွင် ထိုဗြဟ္မဏတို့၏စာပေကို ဤသည်သာလျှင် အမှန် အခြားတို့သည် အမှားတည်း"ဟု ပြောနိုင်လောက် အောင် ထိုဗြဟ္မဏစာပေကို ကိုယ်တိုင်သိ ကိုယ်တိုင်မြင်သော ဗြဟ္မဏတစ်ယောက်တစ်လေရှိသလား။

ပုဏ္ဏားငယ်သည် ရိုးသားသောကြောင့် " မရှိပါဘု ရား" ဟု ဝန်ခံ၏။ မြတ်ဗုဒ္ဓက ထပ်မံ၍မေး၏။ ဗြဟ္မဏဆရာ ခုနှစ်ဆက်တိုင်အောင်နောက်ပြန်၍ ရေတွက်ကြည့်လျှင် ဗြဟ္မဏတို့၏ ဆရာ့ဆရာစဉ်ဆက်တို့တွင် ထိုဗြဟ္မဏစာပေ သည်သာ မှန်၏၊ အခြားစာပေသည် မှား၏ဟု ပြောနိုင်သော ထိုဗြဟ္မဏတို့၏စာပေကို ငါကိုယ်တိုင်သိ၏ , ငါကိုယ်တိုင်မြင် ၏ဟု ပြောနိုင်သော ဗြဟ္မဏဆရာ တစ်စုံတစ်ယောက်မျှ ရှိလေသလား။ " မရှိပါဘုရား"ဟု ပုဏ္ဏားငယ်သည် ရိုးသားစွာ ဝန်ခံ၏။ "အိုဗြဟ္မဏ ထိုသို့ဖြစ်လျှင် နောက်နောက်ဆရာ တို့က ရှေးရှေးဆရာတို့၏ ဝါဒကို မသိမမြင်ကြပဲ မျက်စိမှိတ်၍ ယုံကြည်နေကြသော သင်တို့၏ဆရာစဉ်ဆက်သည် ရှေ့က ခေါင်းဆောင်သွားသည့်အကန်းတစ်ယောက်ကို နောက်အစဉ် တန်း၍ မှီခိုလိုက်နေကြသော အကန်းတန်းကြီးနှင့် တူလေ သည်။ ရှေ့လူလည်းကန်း၏၊ အလယ်လူလည်းကန်း၏၊ နောက်လူလည်းကန်း၏၊ မမြင်ကြမူ၍ ယုံကြည်ခြင်းဖြင့် လက်ခံနေကြသော အကန်းတန်းကြီးကဲ့သို့ သင်တို့ဆရာစဉ် ဆက် ဖြစ်ချေပြီတကား။

မြတ်ဗုဒ္ဓသည် ဗြဟ္မဏအုပ်စုကြီးအား အလွန်အရေး ကြီးသည့် အကြံဉာဏ်များပေးခဲ့လေသည်။ "အိုဗြဟ္မဏတို့ ငါတို့၏အယူသာလျှင် မှန်၏ , သူတပါးတို့၏အယူဝါဒသည် မှား၏ဟု တဘက်သတ် ဆုံးဖြတ်ချက်ချ၍ ပြောဆိုခြင်းသည် ပညာရှိတို့၏ သဘောထားမဟုတ်၊ ထို့သို့သောဆုံးဖြတ်ခြင်းမျိုး သည် ပညာရှိတို့အား မလျှောက်ပတ်၊ ပညာရှိမှန်လျှင် ဤသို့ သော အယူအဆကို စွန့်လွှတ်အပ်၏။ "

ဗြဟ္မဏတို့သည် သစ္စာတရားကို မည်သို့ထိမ်းသိမ်း ရမည် , ကာကွယ်ရမည်ကို မြတ်ဗုဒ္ဓအား မေးမြန်းကြလျှင် မြတ်ဗုဒ္ဓက ဤသို့လျှင် ရှင်းပြတော်မူ၏။ "လူတစ်ယောက်၌ ယုံကြည်မှုရှိ၏၊ ဤသည်ကား ငါ၏ယုံကြည်မှုတည်း၊ ဤမျှ လောက်ဖြင့် သူသည် သစ္စာကို ထိမ်းသိမ်းထားနိုင်သော်လည်း သစ္စာတရား ထိုးထွင်းသိမြင်၏၊ အဆုံးသတ်သို့ လုံးဝမရောက် နိုင်ချေ၊ တနည်းအားဖြင့် လူတစ်ယောက်သည် မိမိကြိုက်နှစ် သလို ယုံကြည်နိုင်ခွင့်ရှိ၏၊ ငါသည် ဤသည့်အချက်ကို ယုံ ကြည်၏ဟု ပြောဆိုနိုင်ခွင့်ရှိ၏၊ သို့သော် ငါ၏ယုံကြည်ချက် သည်သာလျှင် မှန်၏ ,သူတစ်ပါးတို့၏ ယုံကြည်ချက်သည်မှား ၏ဟု ပြောဆိုပိုင်ခွင့်မရှိချေ။ ဤအထိ ထိုသူသည် သူ၏ သစ္စာကို သူသည် အလေးအမြတ်ထားဆဲဖြစ်၏။ ထားလည်း ထားနိုင်၏။ သို့သော် အခြားယုံကြည်ချက်များကို မှား၏ဟု မဆိုသင့်ချေ။

တစ်စုံတစ်ခုသော အယူဝါဒကို အထင်သေးရှုံ့ချ၍ တစ်စုံတစ်ခုသော အယူဝါဒကို ယုံကြည်စွဲလမ်း၍နေခြင်း သည် ပညာရှိတို့အတွက် နိမ့်ကျသော အစွဲအလမ်း အနှောင် အဖွဲ့ဖြစ်သည်။ မြတ်ဗုဒ္ဓရှင်းလင်းစွာ ဟောပြထားသော ကမ္မ နှင့်ဝိပါက(အကြောင်းအကျိုး) ဝါဒကိုပင် ရှင်းလင်းလှသည် , မွန်မြတ်လှသည် , သန့်ရှင်းလှသည် , နှစ်သက်ဖွယ်ကောင်းလှ သည်ဟုစွဲမက်နေလျှင် , ယုယထွေးပိုက် သိမ်းဆည်းထားလျှင် ,သံယောဇဉ်ဖြစ်လျှင် ,ထိုကြောင်းကျိုးဝါဒကို တပ်မက်၍နေ သော သံယောဇဉ်ကြောင့်ပင်လျှင် ဘဝသံသရာမှ လွတ် မြောက်ခြင်း၏ အတားအဆီးဖြစ်နိုင်သည်။ ဥပမာ- ဖောင်ဖွဲ့၍ မြစ်တစ်စင်းကို ဖြတ်ကူးသွားသူ သည် ထိုဖောင်ကို မြစ်ကိုဖြတ်သောအခိုက်၌သာ သုံး စွဲရခြင်းဖြစ်သည်၊ မြစ်ကိုဖြတ်ပြီး၍ ဟိုဘက်ကမ်းသို့ တက် သွားပြီးသောအခါ ထိုဖောင်ကြီးကို တွယ်ဖက်စွဲမက်၍ နေသောကြောင့် ခေါင်းပေါ်မှာရွက် ပခုံးပေါ်မှာ ထမ်း၍ ကမ်းပေါ်သို့ သယ်သွားလျှင် ထိုသူကို သူမိုက်ဟူ၍ အဆိုခံရ ပေမည်၊ ကမ်းပေါ်သို့တက်ပြီးလျှင် ထိုဖောင်ကို စွဲမက်နေရန် မလို၊ သံယောဇဉ်မဖက် မြစ်တွင်းမှာပင် ထားခဲ့ရန် ဖြစ်သည်။

ဗုဒ္ဓ၏ဓမ္မသည် ဘဝပင်လယ်ကိုကူးဖို့ရန် လှေ သင်္ဘော သဖွယ်ဖြစ်၏။ ထိုဓမ္မတည်းဟူသောသင်္ဘောဖြင့် သံသရာပင်လယ်ကို ကူးမြောက်ပြီးလျှင် သံသရာတစ်ဘက် ကမ်းသို့ တက်လှမ်း ပြီးသူသည် ဓမ္မတည်းဟူသော သင်္ဘော ကြီးကို ဆက်လက်၍ ဆွဲ ကိုင်ထားဖွယ်ကိစ္စမရှိတော့ပြီ။

လူသားတို့သည် ဘဝသံသရာပင်လယ်ခရီးလမ်းမှာ လျှောက်လှမ်းနေဆဲဖြစ်၏၊ သံသရာပင်လယ်သည် ကျယ် ပြောစွာ၏၊ နက်ရှိုင်းလှ၏၊ တခါတရံမုန်တိုင်းထန်၏။ တခါတရံလှိုင်းထူ၏။ ဘဝပင်လယ်၏ဤဘက်ကမ်းသည် အန္တရာယ်များလှ၏။ ဟို ဘက်ကမ်းရောက်လျှင် အန္တရာယ် ကင်း၏။ ကမ်းနှစ်ဘက်ကို ကူးဆက်ထားပြီးသား တံတား အဆင်သင့်မရှိ။ ဆောက်လုပ်ထားပြီးသား လှေသင်္ဘော အဆင်သင့်မရှိ၊ သို့ဖြစ်ခြင်းကြောင့် လှေသင်္ဘော ဆောက်ဖို့ ဖောင်ဖွဲ့ဖို့ သစ်ဝါးတို့ကို စုရမည်။ မိမိ၏ခြေ လက်တို့ ဖြင့် ဖောင်ဖွဲ့ရမည်။

လှေသင်္ဘောဆောက်ပြီးလျှင် မိမိခြေလက်ဖြင့် လှေ သင်္ဘောပေါ်တက်၍ ကူးခတ်ရမည်။ ဟိုဘက်ကမ်း ရောက် လျှင် ကိစ္စပြီး၏၊ သင်္ဘောကိုထမ်း၍ တက်သွားရန်မလို။

မြတ်ဗုဒ္ဓသည် လှေသင်္ဘောတံတားတို့နှင့်တူသော ဓမ္မကို ဟောပြတော်မူ၏။ ထိုဓမ္မသည်လှေ၊ ထိုဓမ္မသည် သင်္ဘော၊ ထိုဓမ္မသည်တံတား၊ ဘဝပင်လယ်၏ ဟိုဘက်ကမ်း ကို ကူးရာ၌ အသုံးပြုရန်ဖြစ်၏၊ ဟိုဘက်ကမ်းရောက်ပြီးလျှင် ဆွဲကိုင်ထားဖွယ်မလို။ သို့ဖြစ်ခြင်းကြောင့် သံသရာပင်လယ် ကို ကူးမြောက်ပြီးသူ သည် ဓမ္မအဓမ္မကို စွန့်လွှတ်ပြီး ဖြစ်၏။

ရှင်းလင်းစွာနားလည်ရ မည်မှာ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားတို့ကို ဘေးကင်းရာ ,ငြိမ်းချမ်းရာ,ချမ်းသာရာ ဟိုဘက် ကမ်းသို့ ပို့ဆောင်သည့် သင်္ဘောဖောင်ဖြစ်၏။

သို့သော် တောအုပ်ကြီးတစ်ခုလုံး၌ ကြွေကျနေသော သစ်ရွက်တို့ကိုကောက်၍ဆုပ်လျှင် လက်ဆုပ်၌ပါသော သစ်ရွက်တို့ကား မပြောပလောက်၊ တောအုပ်တစ်ခုလုံး၌ အတိုင်းအတာပမာဏ မသိ၊ ကျန်ရှိသော သစ်ရွက်တို့ကား မီးစာ ,ပိုးစာ ,မြေစာ ဖြစ်၍ ပျက်စီးကျန်ရစ်ကုန်၏။ ထို့ကြောင့် ဓမ္မဖောင်စီး၍ နိဗ္ဗာန်ခရီးသွားမည့်သူကား မဆိုစလောက် သာရှိ၏။

ထို့ကြောင့် မြတ်ဗုဒ္ဓသည် သူသိသလောက်ဓမ္မကို သတ္တ ဝါတို့အား အကျဉ်းမဟော၊ အနည်းစုသော သတ္တဝါနှင့် ထိုက်တန်ရုံ အနည်းငယ်မျှသောဓမ္မကိုသာ ဟောတော်မူ ခဲ့ခြင်း ဖြစ်သည်။ သူသိသမျှ အကုန်ဟောတော်မမူခဲ့ချေ။

မာလုကျပုတ္တသည် ကြောင်းကျိုးဆက်စပ်မှုမရှိ၊ စိတ် ကူးယဉ်သည့် မေးခွန်းမျိုးတွေကို မြတ်စွာဘုရားအား မေးခဲ့ဖူး ပြီ။

"အိုမြတ်စွာဘုရား ဤစကြာဝဠာသည် မြဲသလော , မမြဲသလော , အဆုံးရှိသလော ,အဆုံးမရှိသလော , အတ္တသည် ခန္ဓာပင်လော , ခန္ဓာ သည်ပင်အတ္တလေလော , ခန္ဓာ၌ အတ္တ ရှိသလော , အတ္တနှင့်ခန္ဓာသည် တခြားစီလော , သတ္တဝါသည် သေပြီးသည့်နောက် ဖြစ်သလော , သတ္တဝါသည် သေပြီးသည့် နောက် မဖြစ်ဘူးလော၊ သတ္တဝါသည် သေပြီးနောက် မဖြစ်တချို့ ဖြစ်တချို့လော၊ သတ္တဝါသည် သေ ပြီးနောက် ဖြစ်သည်လည်းမဟုတ် , မဖြစ်သည်လည်းမဟုတ်လော"။

ဤကဲ့သို့သော အကျိုမဲ့စိတ်ကူးယဉ် အဖျင်း မေးခွန်း တွေကို မေးခဲ့ဖူးပြီ။

မြတ်ဗုဒ္ဓက ပြန်ကြားတော်မူ၏။ "အိုမာလုကျပုတ္တ ပညာရှိအမည်ခံပုဂ္ဂိုလ်တို့သည် ယုံမှာချိုရှိသလော , လိပ်မှာ အမွှေးရှိသလော , ပုဇွန်မှာသွေးရှိသလော၊ ခွေးလေးသန်း အဖြူရှိသလော စသည်ဖြင့် အကျိုးမဲ့ အကြောင်းမဲ့ မလိုအပ် သည့် မေးခွန်းတွေကို အမေးထုတ် အဖြေရှာ၍နေခြင်းဖြင့် သူတို့၏နှလုံးသားကို သူတို့ဖျက်ဆီး၍ နေကြကုန်၏။ သူတို့ စိတ်၏အေးချမ်းမှုကို သူတို့ အနှောက်အယှက် ပေး၍နေကြ ကုန်၏။

သူတော်ကောင်းအကျင့်ဟူသည် ဤကဲ့သို့သော အမေး အဖြေ အယူအဆတို့၌ တည်၍မှီ၍နေသည်မဟုတ်၊ ကြက်ဥဘယ်ကစ , ကြက်ဥဘာကြောင့်လုံးစသည့် အဆုံးမရှိ သည့် မေးခွန်းတို့ကို မေးနေမည့်အစား ဒုက္ခဘယ်ကစ , ဒုက္ခ ဘယ်လိုအဆုံးသတ်ရမည်ဟူ သောသစ္စာကို ရှာဖွေခြင်းသည် မွန်မြတ်၏။

မြတ်ဗုဒ္ဓက မိန့်တော်မူ၏
"ဆူပူခြင်း , လောင်ကျွမ်း ခြင်း , ဆင်းရဲခြင်း , နှိပ်စက်ခြင်း,မရောင့်ရဲနိုင်ခြင်း ,တစ်ကိုယ် ကောင်း ဆန်ခြင်းအစရှိသော စိတ်ယုတ်မာတို့သည် ဒုက္ခ၏ အစဖြစ်၏၊
စစ်သည် စိတ်ကစလျှင် ငြိမ်းချမ်းရေးသည်လည်း စိတ်ကပင်စလိမ့် မည်
စသောနေရာမှာပင် အဆုံးရှိသည်။
သမုဒယသစ္စာသည် ဒုက္ခ၏အစ၊ ထိုသမုဒယ ကုန်ဆုံးခြင်း သည် ဒုက္ခ၏အဆုံးနိရောဓဖြစ်၏။
သစ္စာကို ကိုယ်မှာ ရှာရ သည် သစ္စာတွေ့လျှင်ဒုက္ခအားလုံး ပြဿနာအာလုံး အဆုံး သတ်ပြီတည်း။

ဆောင်းပါရှင်...အရှင်ဒေဝိန္ဒာဘိဝံသ (သီတဂူ)

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

Thursday, November 5, 2009

သမ္ဗုဒ္ဓေဂါထာတော်


သမ္ဗုဒ္ဓေဂါထာတော် ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ အတော်ပဲ အကျွမ်းတဝင်ရှိပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာတို့ရဲ့ လမ်းစဉ်အတိုင်း အဓိပ္ပါယ်မသိပေမဲ့ ယုံယုံကြည်ကြည်ရွတ်ဆိုခဲ့ ပါတယ်။ ရွတ်ဆိုသလောက်လည်း အကျိုးများပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်ကိုသိရင် မိမိရွတ်ဆို ပွားများမှုများဟာ ပိုမို အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သိရှိမှတ်သားထားတဲ့ သမ္ဗုဒ္ဓေဂါထာတော်ရဲ့ အနက်အဓိပ္ပါယ်ကို ဖြန့်ဝေပေးလိုက်ပါတယ်။

သမ္ဗုဒ္ဓေ အဌဝီသဉ္စ
ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း အကျွနု်ပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

အပ္ပကာ ဝါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ။
ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကား ရေတွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တပည့်သံဃာတော်များကိုလည်းကောင်း အကျွနု်ပ်သည် ရိုသေစွာရှိခိုးပါ၏။

နမက္ကရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော။

ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံစေတနာတို့ကြောင့် ခပ်သိမ်းသော ဘေးရန်တို့ကို ပယ်ဖျောက်ပြီး တစ်ပါးမက များပြားလှသည့်
အန္တရာယ်ဟူသမျှတို့သည် အကြွင်းအကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။

Sunday, October 18, 2009

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား၊ အကြောက်ဆုံးဒေသနာ (ဝါ) အကြောက်ဆုံး ပိဋကတ်မှာ အဘိဓမ္မာပိဋကတ် ဖြစ်၏။ သူတို့ဝါဒ သူတို့ ပြောဆိုရေးသားသမျှကို အဘိဓမ္မာနှင့် ညှိလိုက်သည့်အခါတိုင်း သူတို့၏ အမှားသည် ကွက်ကွက်ကွင်းကွင်း မငြင်းနိုင်အောင် ဖြစ်လေ့ရှိ၏။ ထို့ကြောင့် အဘိဓမ္မာပိဋကတ်သည် မိစ္ဆာဝါဒီတို့အဖို့ အမုန်းဆုံး အကြောက်ဆုံး တရား ဖြစ်၏။ ဤတွင် ထိုမိစ္ဆာဝါဒီတို့ အကြောက်ဆုံး အမုန်းဆုံးဖြစ်သော အဘိဓမ္မာပိဋကတ်ကို ဘုရားဟောဟု လက်ခံကာ သင်ယူခြင်းကြောင့် ရရှိအပ်သော အကျိုးတရားများနှင့် အဘိဓမ္မာ ပိဋကတ်ကို ဘုရားမဟောဟု ပစ်ပယ်ခြင်းကြောင့် ရရှိနိုင်သော အပြစ်တို့ကို ပြဆိုပါမည်။ အဘိဓမ္မာတတ်သူ အဘိဓမ္မာဆောင်သူကို (တရားဟောဟော မဟောဟော) ဓမ္မကထိက-အစစ်ဟု ခေါ်ပါသည်။ အဘိဓမ္မာ မတတ်သူများကိုကား တရားပင်ဟောနေစေကာမူ ဓမ္မကထိက အစစ်ဟု မခေါ်ပါ။ (အာဘိဓမ္မိကဘိက္ခူယေ၀ ကိရ ဓမ္မကထိကာ နာမ၊ အဝသေသာ ဓမ္မကထံ ကထေန္တာပိ န ဓမ္မကထိကာ။ အဘိ၊ဋ္ဌ၊၁၊၃၀) အကြောင်းကား အဘိဓမ္မာ မတတ်သူများသည် တရားဟောရာ (စာရေးရာ) တွင် (၁) ကမ္မန္တရ အာလောဠန - ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောမွှေ၍ (၂) ဝိပါကန္တရ အာလောဠန - ဝိပါက်တစ်ပါးကို အခြားဝိပါက်တစ်ပါးဖြင့် ရောမွှေ၍ (၃) ရူပါရူပ ပရိစ္ဆေဒ အာလောဠန - ရုပ်နာမ် အပိုင်းအခြားကို ရောမွှေ၍ ၊ (၄) ဓမ္မန္တရ အာလောဠန - ရုပ်တရားကို နာမ်တရားဖြင့် နာမ်တရားကို ရုပ်တရားဖြင့် ရေမွှေ၍လည်း ဟောပြောရေးသားတတ်၏။ အနည်းငယ် အကျယ်ချဲ့၍ ရှင်းပါဦးမည်။ (၁) အဘိဓမ္မာ မတတ်သူများသည် ကာမဝစရကံကိုလည်း ရူပါဝစရကံ စသည်ဖြင့်လည်းကောင်း၊ ကာမာဝစရကံ အချင်းချင်းတွင်လည်း မည်းညစ်သော အကျိုးရှိသော အကုသိုလ်ကံကို ဖြူစင်သော အကျိုးရှိသော ကုသိုလ်ကံဟုလည်းကောင်း ရောထွေးပြောဆို တတ်ကြ၏။ ဥပမာ - တရားအားထုတ်၍ ကာမာဝစရ ဝိပဿနာ ဉာဏ် အတော်အတန် ထက်သန်လာသောအခါ လောကုတ္တရာ မဂ်ဉာဏ်ဟု သူတစ်ပါးအား ပြောဆိုခြင်းမျိုး၊ ဝိပဿနုပက္ကိလေသ- ဟု ခေါ်သော နိကန္တိတဏှာ (အကုသိုလ်) ကိုလည်း မဂ်ကုသိုလ်ကံ ထင်မှားကာ သူတစ်ပါးအား မဂ်ဖိုလ် ရကြောင်း ပြောဆိုခြင်းမျိုး၊ မိမိချစ်သူ (မိဘ၊သားသမီး)၏ သေခါနီး၌ ဝေဒနာအပြင်းအထန် ခံစားရသဖြင့် ပင်ပန်းနေသည်ကို သနားလှသဖြင့် မြန်မြန်သေအောင်ပြုမှု [mercy killing-] (အကုသိုလ်)ကို ကုသိုလ်ထူးဟု ထင်မှား ပြောဆိုခြင်းများသည် ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောသမမွှေခြင်း- ကမ္မန္တရ အာလောဠန- မည်၏။ (၂) တရားအားထုတ်သောအခါ ဝိပဿနာဉာဏ်၏ ထက်သန်မှုကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှင့် သုခ ပီတိ- တို့ဖြစ်၍ လောကကြီးကို မေ့သကဲ့သို့ ပျော်မွေ့မှုဖြစ်ခြင်းကို ဖလသမာပတ်ဟု ထင်မှတ်ပြောဆိုခြင်း၊ တိရစ္ဆာန် ပြိတ္တာတို့ ငတ်ပြတ်နေချိန် ဆာလောင်မွတ်သိပ်ချိန်တွင် မစင်-ခွေးသေကောင်ပုပ် စသည်ကို ရရာ၌ အကုသိုလ်ကံ၏ အကျိုး အာနိသင်ဖြစ်ပါလျက် ကုသိုလ်ကံ၏ အကျိုးဟု ထင်မှတ်ပြောဆို ကြခြင်း၊ အကုသိုလ်ဖြင့် အသက်မွေးသူ၏ ကောင်းကျိုးရနေခြင်း ကြီးပွားချမ်းသာနေခြင်းသည် ရှေးကုသိုလ်ကံ၏ အကျိုး ဖြစ်ပါလျက် အကုသိုလ်ကံ၏ အကျိုးဟု ထင်မှား၍ ပြောဆို ချီးမွမ်းခြင်း၊ ကောင်းသောအမှုဖြင့် အသက်မွေးနေပါလျက် ဆင်းရဲဒုက္ခရောက်နေသူကို ကုသိုလ်ကံက မကောင်းကျိုး ပေးသည်ဟု ထင်မှားပြောဆိုခြင်း၊ ဗြဟ္မာ့ပြည်၌ လှပသော ရူပါရုံကို မြင်ရ၊ ကောင်းသော သဒ္ဒါရုံကို ကြားရသောအခါ ကာမာဝစရကံ၏ အကျိုးဖြစ်ပါလျက် ရူပကံ၏ အကျိုးဟု ထင်မှတ် ပြောဆိုကြခြင်းမျိုးသည် အကျိုးတစ်ပါးကို အကျိုး တစ်ပါးဖြင့် ရောသမမွှေခြင်း- ဝိပါကန္တရ အာလောဠန- မည်၏။ (၃) ရုပ်တရား နာမ်တရားသည် အဘိဓမ္မာကျွမ်းကျင်သူများ အတွက် ကွဲပြားခြားနားပြီး ဖြစ်၏။ အဘိဓမ္မာမကျွမ်းသူတို့ အိပ်ပျော်နေချိန် ဘဝင်စိတ်အစဉ် ဖြစ်နေခြင်းကို နာမ်တရားမဟုတ် ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်း၊ အိပ်ချင်၍ မိဒ္ဓ-ဖြစ်ခြင်းကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြ ခြင်း၊ ဝေဒနာကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်းမျိုး သည် ရူပါရူပ ပရိစ္ဆေဒ အာလောဠန- မည်၏။ (၄) နာမ်တရားအချင်းချင်း ရောသမမွှေမှု၊ ဥပမာ- သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း အသေးစိတ်ကြံစည်မှု ၊ ဖျက်အားပြင်း လက်နက်ဆန်းများ တီထွင်ရန်ကြံစည်မှု-စသော အကုသလ ဝိတက်ကို ဉာဏ်ဟုလည်းကောင်း၊ မကြည်ညိုသင့်သူကို ကြည်ညိုမိခြင်း မိစ္ဆာဓိမောက္ခ- သို့မဟုတ် မောဟ-ကို သဒ္ဓါ-ဟု လည်းကောင်း၊ သားချစ်မယားချစ် ချစ်ခြင်းဟူသော တဏှာ (လောဘ)ကို မေတ္တာ-ဟုလည်းကောင်း၊ ချစ်သူဒုက္ခရောက်၍ ဝမ်းနည်းခြင်း သောက-ကို ကရုဏာ-ဟုလည်းကောင်း၊ မိမိချစ်သူ အောင်မြင်ကြီးပွား၍ ဝမ်းမြောက်မှု သောမနဿနှင့် ယှဉ်သော လောဘ-ကို မုဒိတာ- ဟုလည်းကောင်း၊ မိစ္ဆာဝါဒီများက သာသနာတော်ကို ဆန့်ကျင်ဘက်ပြုကာ စော်ကားနေသည်ကို တွေ့မြင်နေပါလျက် အမှားအမှန်မသိမှု မောဟ၊ သို့မဟုတ် တာဝန်မယူလို ရှောင်ရှားလိုခြင်းဟူသော ပျင်းရိမှု ကောသဇ္ဇ-ဖြစ်သည်ကို ဥပေက္ခာ-ဟုလည်းကောင်း ထင်မှားပြောဆိုခြင်းများသည် ဓမ္မန္တရ အာလောဠန-မည်၏။ အဘိဓမ္မာတတ်သူတု့ိကား ထိုသို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ရောထွေးခြင်းမျိုး မဖြစ်၊ မရှိ။ ကံသဘော၊ အကျိုးသဘော တို့ကိုလည်း ခွဲခွဲခြားခြားသိ၏။ ရုပ်နာမ်ဓမ္မတို့၏ သဘာဝအမှန်ကို လည်း တိတိကျကျသိ၏။ ထို့ကြောင့် အဘိဓမ္မာတတ်သူသည် တရားပင် မဟောစေကာမူ ပြဿနာတစ်ရပ်ကို အဖြေရှာရာတွင် မှန်မှန်ကန်ကန် တိတိကျကျ ဖြေရှင်းပြနိုင်သောကြောင့် ဓမ္မကထိက အစစ်ဟူ၍ ဆိုခြင်းဖြစ်၏။ ဤသို့ ရုပ်နာမ်သဘာဝကို တိတိကျကျသိခြင်း၊ မည်သူက မည်မျှပင် လှည့်ပတ်၍ ပြောဆိုရေးသားစေကာမူ ဤကား မိစ္ဆာ၊ ဤကား သမ္မာ-ဟု ရှင်းရှင်းလင်းလင်း သိခြင်းသည်ကား အဘိဓမ္မာ ကို သင်ယူရခြင်း၏- အကျိုးတည်း။ အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်း၏ အပြစ်တို့ကို ဗုဒ္ဓ၏ ဗုဒ္ဓဝါဒ-စာအုပ်တွင် စာရေးသူ ရေးဖူးပါသည်။ ယခု ထိုစာအုပ်မှပင် ထုတ်ပြပါမည်။ အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်းသည်။ (၁) ဘုရားရှင်၏ ဓမ္မစက်ကို ရိုက်ချိုးဖျက်ဆီးရာ ရောက်၏။ (၂) ထိုသို့ ဖျက်ဆီးသောအားဖြင့် ဤမျှလေးနက်တိကျသော၊ ရှေ့နောက်ညီညွတ်သော ၊ အကြောင်းအကျိုး ခိုင်လုံသော တရားမျိုးကို ဘုရားရှင် မဟောနိုင်ရာ-ဟု ဆိုရာရောက်ရကား သဗ္ဗညုတဉာဏ်တော်ကိုလည်း တားမြစ်ရာရောက်၏။ (၃) သဗ္ဗညုတဉာဏ်တော်ကို တားမြစ်ရာရောက်သဖြင့် `အန္တရာယ၊ နိယျာနနှင့်၊ ဗုဒ္ဓ-အာသဝက်၊ ဤလေးချက်၌၊ ဟန့်ဖျက်မသမာ၊ ကန့်ကွက်လာသော်၊ လွန်စွာရဲတင်း၊ ဖြေရှင်းနိုင်သော ဝေသာရဇ္ဇ ဉာဏ်တော်ကို ဆုတ်နစ်စေရာလည်း ရောက်၏။ (၄) အဘိဓမ္မာကို နာယူလို၊ သင်ယူလိုသူတို့ကို မနာယူချင်၊ မသင်ယူချင်အောင် ပိတ်ပင်ရာလည်း ရောက်၏။ (၅) (ထိုသို့ မနာယူရသဖြင့် ရုပ်နာမ်တရားတို့ကို ပိုင်းခြား၍ မသိနိုင်ရကား ) အရိယာမဂ်ကို ပိတ်ပင်ဆီးတားရာလည်း ရောက်၏။ (၆) (သံဃာကွဲပြားခြင်း၏ အကြောင်း ၁၈-မျိုးတွင် ဘုရားဟောကို ဘုရားဟောမဟုတ်-ဟု ပြောဆိုခြင်းလည်း ပါသဖြင့်) သံဃာကွဲပြားဖို့ရာ အကြောင်းတစ်ပါးကို ကျူးလွန်ရာလည်း ရောက်၏။ (၇) ဗုဒ္ဓဘာသိတ အဘိဓမ္မာကို ဗုဒ္ဓဘာသိတ (ဘုရားဟော) မဟုတ်ဟု ငြင်းခုံခြင်းသည် ဝိဝါဒ-မည်၏။ အဘိဓမ္မာ၏ အပြစ်ကို ပြောခြင်းသည် ဓမ္မအဝဏ္ဏဘာသန- မည်၏။ ထိုသို့သော (ရဟန်း) ပုဂ္ဂိုလ်ကို ဥက္ခေပနီယ (နှင်ထုတ်) ကံလည်း ပြုထိုက်၏။ တဇ္ဇနီယ (ခြိမ်းခြောက်) ကံလည်း ပြုထိုက်၏။ (လူဖြစ်လျှင် ပတ္တနိကုဇ္ဇန- သပိတ်မှောက်ကံ ပြုထိုက်၏။) (အဘိ၊ဋ္ဌ၊၁၊ ၃၀) အထက်ပါ အကျိုးအပြစ်များသည် ပထမဆုံးသော အဘိဓမ္မာ အဋ္ဌကထာကြီးမှ ဖော်ပြချက်များ ဖြစ်၏။ `ဥပါလိတ္ထေရအပဒါန်မှ အရှင်ဥပါလိမထေရ်၏ မိန့်ဆိုချက်တို့ကို လည်း ဖော်ပြချင်ပါသေးသည်။ `သာသနာတော်သည် အချို့သော သူတို့အား ပျို့အန်ဆေးဖြစ်၍ အချို့သော သူတို့အား ဝမ်းလျှောဆေး ဖြစ်၏။ အချို့သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ဖြစ်၍ အချို့သော သူတို့အား နတ်ဆေးဖြစ်၏။ သာသနာတော်သည် မဂ္ဂဋ္ဌာန်လေးယောက်တို့အား ကိလေသာကို အန်ဆေးဖြစ်၍ ဖလဋ္ဌာန်လေးယောက်တို့အား ဝမ်းလျှောဆေး ဖြစ်၏။ အကျိုးကို လိုလားကုန်သော ကောင်းမှုကို ရှာမှီးကုန်သော သူတို့အား နိဗ္ဗာန်ဆေးသဖွယ် ဖြစ်၏။ သာသနာတော်နှင့် ဆန့်ကျင်သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ (ဖြစ်၏ဟူ၍) ဟောကြားတော်မူ၏။ မျက်စောင်းရိပ်ကာမျှဖြင့် လျှင်စွာ သေစေတတ်သော အဆိပ်ရှိသော မြွေဆိုးသည် ထိုလူကို လောင်စေသကဲ့သို့ ထိုအတူ သာသနာတော်နှင့် ဆန့်ကျင်သောသူကို လောင်စေ၏။  တကြိမ်သောက်အပ်သော အဆိပ်သည် အသက်ကို တကြိမ်သာ ဖြတ်တတ်၏။ ထိုသူသည် သာသနာတော်နှင့် ဆန့်ကျင်ဘက် ပြုသောကြောင့် ကမ္ဘာကုဋေပတ်လုံးလည်း လောင်မြိုက်ရ၏။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းဖြင့်လည်းကောင်း၊ မညှဉ်းဆဲခြင်း ဖြင့်လည်းကောင်း ၊ မေတ္တာစိတ်ရှိခြင်းဖြင့် လည်းကောင်း၊ နတ်နှင့်တကွသော လောကကို ကယ်တင်တော် မူ၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။ လာဘ်ရမှု မရမှု၌ မကပ်ငြိကုန်၊ မြတ်နိုးမှု မမြတ်နိုးမှု၌ မကပ်ငြိကုန်၊ ဘုရားရှင်တို့သည် မြေကြီးအထုနှင့် တူကုန်၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။ မြတ်စွာဘုရားသည် သတ်ပုတ်ညှဉ်းဆဲတတ်သော ဒေဝဒတ်၌ လည်းကောင်း ၊ အင်္ဂုလိမာလခိုးသူ၌လည်းကောင်း၊ ရာဟုလာ သားတော်၌လည်းကောင်း၊ နာဠာဂိရိဆင်၌လည်းကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့အား တူမျှသော စိတ်ထားရှိတော်မူ၏။ ထိုဆန့်ကျင်သော သူတို့အား အမျက်ထားခြင်း မရှိ။ ဤမဆန့်ကျင်သော သူတို့အား တပ်နှစ်သက်မှု မရှိ၊ သတ်ဖြတ် ညှဉ်းဆဲတတ်သော သူအားလည်းကောင်း၊ ရင်သွေးသားမြတ် အားလည်းကောင်း၊ ဤသတ္တဝါအလုံးစုံတို့အား မြတ်စွာဘုရား သည် တူမျှသော စိတ်ထားရှိတော်မူ၏။ (ဂါထာ- ၅၇၉-မှ ၅၈၆) ဗုဒ္ဓဘုရားရှင်နှင့် သာသနာတော်အား စော်ကားပြစ်မှားကြသူ အပေါင်းအား ဘုရားရှင်ထုံး နှလုံးမူ၍ အမျက်မထား ဒေါသမပွားပဲ အမှန်တရားဘက် ဘုရားရှင်ဘက်မှ ရပ်တည်ကာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။ ။ 

(သာသနာတော်ကို ကာကွယ်စောင့်ရှောက်၍ မိစ္ဆာတို့ကို ဖြိုးခွင်းရန် စည်းလုံးပေါင်းစုကြသော အသင်းအဖွဲ့များအား ဂုဏ်ပြုကြိုဆိုလျက်။) 

အရှင်ကောဝိဒ (ယော) 

Thursday, October 8, 2009

"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဂါထာကို မည်သူ စတင်ရွတ်ဆို ရှိုခိုးခဲ့ပါသလဲ






"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဂါထာကို စတင်ရွတ်ဆို ရှိခိုးသူဟာ သိပ်မကြာလှသေးပါဘူး။ 
ဒီ ကမ္ဘာကနေ ပြန်ရေတွက်လိုက်ရင် သိပ်မကြာလှသေးတဲ့ ဟို......၉၂ ကမ္ဘာထက်မှာ ဖုဿ မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါတယ် အဲဒီ ဖုဿ မြတ်စွာဘုရားရဲ့ ဖခမည်းတော်က မဟိန္ဒ မင်းကြီး တဲ့။ 


အဲ သူက " ငါ့သား ဘုရား၊ ငါ့သား ဘုရား" လို့ အမြဲ နှလုံးသွင်းပြီး 
"မမေ၀ ဗုဒ္ဓေါ၊ မမေ၀ ဓမ္မော၊ မမေ၀ သံဃော၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" 
လို့ အမြဲ ရွတ်ဆို ရှိခိုးလေ့ ရှိပါသတဲ့။ (ဓမ္မပဒ - အဌ၊ ပ၊ ၆၄) 


အဓိပ္ပါယ်ကတော့ " ငါ၏ သာလျှင် ဘုရား၊ ငါ၏ သာလျှင် တရား၊ ငါ၏ သာလျှင် သံဃာ ပူဇော်အထူးကို ခံယူတော် မူထိုက်သော တရားအလုံးစုံကို အကုန်အစင် ကိုယ်ပိုင်ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်တော် မူထသော ထိုမြတ်စွာ ဘုရားအား ရှိခိုးပါ၏ အရှင်ဘုရား" လို့ ဆိုလိုပါတယ်။ 
ဒီ နမောတဿ ကို ရွတ်ဆိုရှိခိုးရာ မှာ ၉၂ ကမ္ဘာထက် က ဒီ မဟိန္ဒ မင်းကြီး ထက်ရှေးကျတဲ့ ပုဂ္ဂိုလ် 
တော့ မရှိသေးဘူး လို့ ဆိုရမှာပါပဲ။ 

အရှင်ဝရသာမိ 
http://shintharmi.blogspot.com

ဗုဒ္ဓ၏ ဗုဒ္ဓဝါဒ

ဘာသာရေးပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့.. လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကို မကြာခဏ တွေ့ရှိနေရပါတယ်.. အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး.. ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်.. ကိုယ့်အမြင်မှာ အတိတ္တရဝုတ္တိဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ.. တွေ့ရင်၊ မြင်ရင်.. ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်.. ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော ပါဠိတိုက်ရိုက်မဟုတ်ဘူး.. ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး.. စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့ ကျမ်းစာတွေပမာ.. ပြောတတ်၊ ဆိုတတ်ကြတယ်.. တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့ တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်.. အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏ တွေ့မြင်နေရပါတယ်... ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာ ဆန်းစစ်ကြည့်တော့..ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု။ ရှေးရိုးစွဲအယူအဆများကိုဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့ အမူအကျင့်တွေရှိတတ်ပါတယ်.. ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ.. ဒီကိစ္စနဲ့ပတ်သက်ပြီး သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား မိတတ်ကြတယ်.. ဒါကတော့အခုမျိုးဆက်မှမဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ.. ဒီစာတွေ ဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ ရှင်ဥက္ကဌ-ဟာ စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ.. တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာ ထင်မြင်ယူဆမိတတ်တာ သဘာဝပါ.. ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ ဆရာတော်တစ်ပါးဆိုတာကိုတော့ လက်ခံရမှာပါပဲ.. ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့.. စာအုပ်ခေါင်းစဉ်တွေကို အရင်လေ့လာကြည့်တာအခါ.. 

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး ထင်မြင်ယူဆမိတတ်ကြတယ်.. ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ.. တနည်းအားဖြင့်.. စာဖတ်ပါးမဝခင်.. ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို မြင်နိုင်သေးတဲ့ အသိဉာဏ် မရင့်ကျက်မီ.. ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့ သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ လူငယ်တွေဟာ.. အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်.. တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊ စာသိမျှနဲ့ လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့ အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ပါတယ်.. 

သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု လုံး၀ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့ စာအုပ်၊ စာပေတွေကိုသာ.. တကယ့်အားကိုးအားထားပြုဖွယ် အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ.. ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့ စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်.. အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊ မဖြစ်ခဲ့ကြပါဘူး.. အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊ သဘောသဘာဝအမှန်ကို လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလို ဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ.. ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်.. တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်.. အရင်အားထုတ်လေ့လာ ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဉာဏ် အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဉာဏ်တော်ကြီးကို အရိပ်အမြွတ် သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့ အသိဉာဏ်ရှိမှ ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ.. အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲ ဗဟိုပြုပြီး ဗုဒ္ဓဘာသာကို သုံးသပ်တင်ပြထားတာပါ.. အနောက်တိုင်းစာပေတွေကိုမှ အထင်ကြီးကိုးကားတတ်တဲ့ ပြည်တွင်းက စာရေးဆရာကြီးအချို့ကလည်း ဒီအမှားတွေကို အလွန်တရာ အထင်ကြီးလေးစားစွာနဲ့ ကိုးကားပြီး ဗုဒ္ဓဘာသာကို သေးသိမ်အောင်နှိမ့်ချ ဆော်ကားတဲ့ အရေးအသားတွေကို တွေ့နေရပါတယ်.. ဒီလို ဆော်ကားရတာကို ဂုဏ်ပုဒ်တစ်ခုလို ယူဆပြီး သူ့ရဲ့ကလောင်အမည်အရှေ့မှာ .....ကျမ်းပြုဆရာဆိုတဲ့.. ဝိသေသနပုဒ်ကိုတောင် ဖြည့်စွက်ထားလိုက်ပါသေးတယ်.. သူတို့တတွေဟာ.. ဗုဒ္ဓဘာသာကို အမြစ်ကနေ လှန်ချင်တော့ အဘိဓမ္မာဆိုတာ ဘုရားဟောမဟုတ်ဘူး ဆိုပြီး ခုနှစ်သက္ကရာဇ်တွေကို အခြေခံပြီး ကိုးကားပြောဆိုကြပြန်တယ်.. တကယ်တော့ အဘိဓမ္မာဆိုတာ ဝိနည်း၊ သုတ္တံတို့ရဲ့ အနှစ်ချုပ်ပါ.. ပိုပြီး သာလွန်မြင့်မြတ်ပါတယ်.. အဘိဓမ္မာကို နားလည်နိုင်ဖို့ဆိုတာ သညာသိ ဉာဏ်ရည်အသွေးလောက်နဲ့ မရနိုင်ပါဘူး.. သဒ္ဓါတရားကို အခြေခံပြီး ဝင်ရောက်လေ့လာရတာမျိုးပါ.. သဒ္ဓါတရားမှ အခြေခံမရှိရင် ဗုဒ္ဓရဲ့ အဘိဓမ္မာတွေကို ဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ပါဘူး.. ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး ဥပမာ တခု ဖော်ပြအံ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ ခေါင်းစဉ်ကို အမည်တတ်ပြီး ရေးသားခဲ့သူရှိပါသည် ထိုအကြောင်းကို သိသာစေရန် ဖော်ပြပါမည်။ 

ထိုစာအုပ်ကို ပြုစုသူကား ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်ဖြစ်ပေ၏။ ထိုပုဂ္ဂိုလ်သည်လည်း မြန်မာနိုင်ငံတွင် ပြန်လည်ပေါ်ထွန်းလာသော အဓမ္မဝါဒီများထဲတွင် တစ်ယောက်အပါဝင်ဖြစ်ပါတယ်။ ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ စာအုပ်ကြီးဟာ ထေရဝါဒပိဋကတ်တော်တို့ကို နှိမ်ချပြီးဖျက်စီးရေးသားတဲ့ စာအုပ်ကြီးဖြစ်တဲ့အတွက်ကြောင့် (၁၉၆၄) ခုနှစ်မှ ယခုချိန်ထိ တလျှောက်လုံး နိုင်ငံတော်မှ ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ သို့သော်လည်း (2004) ခုနှစ်တွင် ပါရမီစာပေမှ တအုပ်လျှင် (၆၀၀၀) ကျပ်နုံးဖြင့် ပြန်လည် ဖြန့်ချီလာခြင်း ဖြစ်ပါတယ်။ ယခုအချိန်ထိပင် ဆက်လက်ရောင်းချနေသည်ဟု သိရပေ၏။ ဒီစာအုပ်ကြီး၏ အကျိုးဆက်အနေနဲ့ ပိဋကတ်တော်လာတရားတော်တို့ကို တပိုင်းတစလောက် သိရုံနဲ့ ခြေခြေမြစ်မြစ်မသိဘဲနဲ့ ပိဋကတ်တော်လာတရားတော်တွေက အမှားတွေဖြစ်မှာပါ ဟူသော သိမ်ဖျင်းတဲ့ အတွေးအခေါ်များ ယူဆလာတဲ့ သူများသာ တိုးပွားလာပါသည်။ အဘိဓမ္မာပယ်ဝါဒ များလည်း တိုးပွားလာပါသည်။ ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ စာအုပ်ကြီးရဲ့ ပိဋကတ်တော်လာတရားတော်များကို နှိမ်ချရေးသားထားမူ့၊ ဖျက်ဆီးရေးသားထားမူ၊ ခေတ်အဆက်ဆက် သံဃာတော်တို့ကို စော်ကားထားမူ့ မူလဗုဒ္ဓဝင်ကို ဖျက်ဆီးထားမူ့တို့ကြောင့် ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ 

ထိုစာအုပ်ပါ အကြောင်းအရာကို ဆောင်းပါးရှင် ဆရာတော် အရှင်ကောဝိဒ(ယော) မှ ပြုစုစိစစ်၍ ဓမ္မရံသီ မဂ္ဂဇင်းတွင်း အခန်းဆက်ဆောင်းပါးများရေးသားခဲ့ဘူးပါသည်။ ယခုအခါ ထိုဆောင်းပါများကို ပြန်လည်စုစည်း၍ ဗုဒ္ဓ၏ဗုဒ္ဓ ဝါဒ ဆိုသော စာအုပ်အမည်ဖြင့် နှလုံးလှစာပေမှ တအုပ်လျှင် 1500 ကျပ်နုံးဖြင့် ထုတ်ဝေဖြန့်ချီနေပါသည်။ ဥိးအေးမောင် ၏ စာအုပ်သည် အဓမ္မဝါဒ တရားများဖြစ်ကြောင်း သိလိုပါလျှင် ထိုစာအုပ်ကို ဝယ်ယူဖတ်ရှူလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အကြံပြုအပ်ပါသည်။ 

သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာ စာပေများနှင့် အကျွမ်းဝင်မူ နည်းပါးသေးလျှင် ထို ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဆိုသောဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်၏စာအုပ်ကြီးကို မဖတ်လျှင်ကား အကောင်းဖြစ်ပါလိမ့်မည် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဆိုသောထိုစာအုပ်ကြိးထဲမှ ရွှေမြန်မာဗုဒ္ဓဘာသာဝင်များ မှတ်သားသင့်တဲ့ အချက်လေးတော့ ထုတ်ပြပါမည်။ မြန်မာဗုဒ္ဓဝါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေး သူငယ်များကို ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။ ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ် မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူသည် ။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ၊ စာ-၅) 

ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို ထုတ်ပြပါမည်။ တစ်ရံရောအခါ တစ်ဥိးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေ၏။ ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌ ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။ ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍ `ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။ လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။ ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့ ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။ ထိုအခါ ဘုရားရှင်က ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ်။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။ ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော် ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။ ထိုအခါ အရှင်အရှင်အာနန္ဒာအား `မြတ်စွာဘုရားသည် အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊ အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏ ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ ချစ်သားအာနန္ဒာ ထိုရှင်ပြုချင်ကြသောကလေးတို့သည် ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏ ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု ဖြေလေသော် ထိုသို့ဖြစ်လျှင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။ ရှင်သာမဏေ ပြုပေးနိုင်၏ ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု ဘုရားရှင်းမိန့်တော်မူ၏။ အထက်ပါ ပညတ်ချက်များကို ကြည့်လျှင် အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။ အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည် သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။ သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည် အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။ ထို့ကြောင့် ဗုဒ္ဓဝါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန် ကောင်းမွန်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထားဤ ပြုသင့်သော အချက်ဖြစ်ပေသည်။ ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည် တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည် ။ ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဉာဏ်နု နယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏ ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏ အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ၊ စာ-၅) 

ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။ ကျောင်းထိုင်ဆရာတော်များဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။ ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊ သရဏဂုံ ပီသဖို့ နေနေသာသာ မိခင်နို့ပင် မပြတတ်သေး။ ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။ ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။ ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏။


ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးကုန်သော စာရှူသူ သူတော်ကောင်း အမျိုးကောင်းသား သမီးတို့သည် ဤစာကို မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများသို့ ဖြန့်ဝေ၍ သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

မြတ်ဗုဒ္ဓ၏ တရားဥိး

မြတ်ဗုဒ္ဓ၏ တရားဥိး
(The First Discourse of The Buddha)

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.

(၃)
ဗျာဓိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.

(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.

ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

သစ္စာလေးပါးကို ရှင်းပြပါမယ်


(၁) ဒုက္ခသစ္စာ
The Noble True of suffering.

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ
The Noble True of the origin of suffering.

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ
The Noble True of the Cessation of suffering.

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ
The Noble True of the Path leading to the Cessation of suffering.

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -

Right view- ကောင်းစွာ သိမြင်ခြင်း၊
Right thought- ကောင်းစွာ ကြံစည်ခြင်း၊
Right speech- ကောင်းစွာ ပြောဆိုခြင်း၊
Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊
Right livelihood ကောင်းစွာ အသက်မွေးခြင်း၊
Right effort- ကောင်းစွာ အားထုတ်ခြင်း၊
Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း နှင့်
Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဉာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တဝါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ဝန်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။

သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တဝါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ဝန်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဉာဏဒဿန နှင့် စေတောဝိမုတ္တိ= ဉာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဉာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး 
ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဝါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။


တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

အရှင်ဝရသာမိ
https://shinsami.blogspot.com

Monday, September 7, 2009

ဩကာသ အဓိပ္ပါယ် ရှင်းလင်းချက်

ဗုဒ္ဓဘာသာဝင် အများစုကိုပေါ့ အမှတ်တမဲ့ မေးကြည့်ရင် ဩကာသ ဆိုတာ ဘာအဓိပ္ပါယ်လဲ လိုက်မေးကြည့်တဲ့အခါ တော်တော်များများက နှုတ်ကသာ ဆိုနေကြတယ် မေးလိုက်ရင် အင်း အဲ ဖြစ်ပြီး မပြောတတ်ကြဘူးဗျ အဲဒါ ဦးဇင်း လူတော်များများကို မေးကြည့်ပြီးပြီ အမှုမဲ့ အမှတ်မဲ့ပဲ နေကြတာများတယ် အထဲက အဓိပ္ပါယ်တွေ တစ်ခုချင်းလိုက်မေး တကယ်ကို မသိကြတာကများတယ် သိအောင်လည်း မလုပ်ကြဘူး ဘုရားရှိခိုးရင် ပါးစပ်ကဆိုပြီး ရှိခိုးလိုက်ကြတာပဲ အဓိပ္ပါယ်ကို သဲသဲကွဲကွဲ သိအောင် မလုပ်ကြဘူး အပြစ်တင်ချင်လို့ မဟုတ်ပါ ဒီအခြေခံလေးတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သိထားသင့်တာပေါ့ ဘာသားခြားပုဂ္ဂိုလ် တစ်ယောက်ယောက်ကများ လာမေးလို့မှ ပြန်မပြောနိုင်ရင် ရှက်ဖို့လည်းကောင်းတယ် မိဘဖြစ်သူတွေကလည်း ကိုယ့်ကလေးကို သင်ပေးတဲ့အခါ ငယ်စဉ်ကတည်းက အဓိပ္ပါယ်ကိုပါ နားလည်အောင် သင်ပြပေးသင့်တယ် အဓိပ္ပါယ်ကို နားလည်မှ ဘုရားရှိခိုးရတာ ပိုပြီး ကုသိုလ်တိုးပေမပေါ့ဗျာ ပေါ့ပေါ့တန်တန်ပဲ သဘောမထားကြပါနဲ့နော် ကဲ မှတ်ကြရအောင် ~ ရှိခိုးခန်း ~ "သြကာသ…သြကာသ….သြကာသ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ရှင်ဘုရား" ~ ဆုတောင်းခန်း ~
ကန်တော့ ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ဝိပတ္တိတရားလေးပါး၊ ဗျသန တရားငါးပါး - တို့မှ အခါ ခပ်သိမ်း ကင်းလွတ် ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် ချမ်းသာတရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား " +++
~ အဓိပ္ပါယ်ရှင်းလင်းချက် ~ သြကာသ => ခွင့်ပြုတော်မူပါ ၊ ရှိခိုးကန်တော့ ခွင့်ပြုရန် ခွင့်တောင်းခြင်းဖြစ်ပါတယ် ရိုသေမှုကို အလေးအနက် ပြုလိုသောကြောင့် သုံးကြိမ်ရွတ်ဆိုရတာပါ ကာယကံ => ကိုယ်ဖြင့် ပြုလုပ်သော အမှု ၀စိကံ => နှုတ်ဖြင့် ပြောဆို သော အမှု မနောကံ => စိတ်ဖြင့် ကြံစည်သော အမှု သဗ္ဗဒေါသ=> ခပ်သိမ်းသော အပြစ်။ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ (ရတနာသုံးပါးနှင့် မိဘ ဆရာသမားတို့ကို ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း ၊ နှုတ်အပြောအဆိုဖြင့် ပြစ်မှားခြင်း စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်း တို့တွင် တစ်စုံ တစ်ခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထို အပြစ်တို့ ကို ပပျောက် လျော့ပါးသွားစေရန် တောင်းပန်ကန်တော့ခြင်းဖြစ်ပါတယ်။ အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ => လက်ဝါးနှစ်ဘက် ကို ပန်းကြာငုံကဲ့သို့ စုံညီပြုကာရှိခိုး => အရိုအသေ ပြုသည် " ရှိခိုးခြင်း (၃) မျိုး " လက်အုပ်ချီ၍ ထိခြင်း ငါးပါးဖြင့် ရှိခိုး ခြင်း ကို ကိုယ်ဖြင့် ရှိခိုးသည် မည်၏ ။ ရတနာသုံးပါး တို့၏ ဂုဏ်တော်များကို နှုတ်ဖြင့် ရွတ်ဆို ၍ ရှိခိုးခြင်း ကို နှုတ်ဖြင့် ရှိခိုးသည် မည်၏ ။ ရတနာသုံးပါး ၏ ဂုဏ်တော်များကို စိတ်ဖြင့် အဖန်ဖန် အောက်မေ့ ဆင်ခြင် ခြင်းကို စိတ်ဖြင့် ရှိခိုးသည် မည်၏ ။ ပူဇော် => တစ်စုံ တစ်ခုပေး၍ အလေးအမြတ် ပြုသည် ပစ္စည်းဖြင့် ပူဇော်ခြင်း ၊ တရားဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်း (၂) မျိုး ရှိသည် ၊ ပရိတ် ပဌာန်း စသည် ရွတ်ဖတ်၍ပူဇော်ခြင်းသည် တရားဖြင့် ပူဇော်ခြင်းဖြစ်၏ ။ ဖူးမြော် => ပကတိ မျက်စိဖြင့် မြင်တွေ့ခြင်း ၊ ဥာဏ်မျက်စိ ၌ ထင်ရှားပေါလွင်အောင် အာရုံပြု ခြင်းဟူ၍ (၂)မျိုးရှိသည်။ မာန်လျှော့ => မာန်မာန ကို လျှော့ချခြင်း၊ မိမိသည် ရတနာသုံးပါးအောက် နိမ့်ကျသည်ဟု ယူဆပါမှ ရှိခိုးကန်တော့ နိုင်သည် ကန်တော့ပါ၏ အရှင်ဘုရား ~ ~~~ဒီနေရာမှာ ရှိခိုးခြင်းအခန်းပြီးပါပြီ ~~~
နောက်မှ ဆုတောင်းခြင်းကိစ္စကို ဆက်ဆိုကြပါတယ် ကန်တော့ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် (ဒီနေရာမှာ တချို့တော်တော်များများ နှုတ်ကျိုးနေကြတယ် ကန်တော့ရသော အကျိုးအားကြောင့်ဆိုပြီး မှားယွင်းစွာ ရွတ်ဆိုနေကြပါတယ် ကန်တော့ခြင်းဟာ အကျိုးမဟုတ်ပါဘူး အကြောင်းပါ ဗုဒ္ဓဘာသာမှာ အကြောင်းကြောင့်ပဲ အကျိုးဖြစ်ပါတယ် အကြောင်းတရားကင်းသော အကျိုးတရားဆိုတာ မရှိပါဘူး) ကန်တော့တဲ့ အခါ ၀န်ချတောင်းပန်တဲ့အခါမှာ အပြစ်ရှိ၍ ကန်တော့ခြင်း နှင့် ကုသိုလ် ရလို၍ ကန်တော့ခြင်း ဟူ၍ နှစ်မျိုး ရှိပါသည်။ +++
အပါယ်လေးပါး => (ချမ်းသာကင်း၍ ကုသိုလ်ပြုခွင့် မရသော အရပ်လေးမျိုးကို အပါယ် ၄ ပါးလို့ ခေါ်ပါတယ်~) ၁။ ငရဲ = ငရဲထိန်း၊ ငရဲမီး တို့ဖြင့် အမြဲညှဉ်းပန်း နှိပ်စက်ခံနေရသောဘုံ။ ၂။ တိရိစ္ဆာန် = မဂ်ဖိုလ် မရနိုင်ဘဲ ဖီလာ ကန့်လန့် သွားတတ်သော သတ္တဝါ တို့၏ ဘုံ။ ၃။ ပြိတ္တာ = စားရမဲ့ ၀တ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ဘုံ၊ ၄။ အသူရကာယ်= ပြိတ္တာများထက်ပို၍ ဆင်းရဲငတ်ပြတ်သောဘုံ၊ ကပ်သုံးပါး = > (ဘေးအန္တရာယ် ကျရောက်နေသော အချိန်ကာလ (၃) မျိုးကို ကပ်သုံးပါးလို့ ခေါ်တယ် ) ၁။ ဒု ဗ္ဘိက္ခ န္တရကပ် = (ဒုဗ်ဘိတ်ခန်တရကပ် ဟု ဖတ်ရမည် ) ငတ်မွတ်ခြင်း ဘေးဆိုက်ရောင်သော ကာလ။ ၂။ သတ္ထ န္တ ရကပ် = (သတ်ထန်တရ ကပ် ဟု ဖတ်ရမည်) လက်နက်ဘေး၊ စစ်ဘေး ဆိုက်ရောက်နေသော ကာလ ၃။ ရောဂ န္တရကပ် = (ရောဂန်တရ ကပ် ဟုဖတ်ရမည် ) ကူးစက်ရောဂါ ဘေး အန္တရယ် ဆိုက်ရောက်နေသော ကာလ (ယခုခေတ်ကာလတွင် ပေါ်ပေါက်တတ်သော H1N1 , ဆားရောဂါကဲ့သို့ ကူးစက်မှုမြန်ပြီး လူကို အမြန်သေစေနိုင်သော ရောဂါမျိုးတို့ကို ဆိုလိုသည်) ရပ်ပြစ်ရှစ်ပါး = > (အပြစ်ရှိ သော အရပ် (၈) မျိုး ) ၁။ ငရဲဘုံ ၂။ တိရစ္ဆာန်ဘုံ ၃။ ပြိတ္တာဘုံ ၄။ အ ရူပ ဗြဟ္မာ ဘုံ (ရုပ်မရှိ) ၊ အသညာသတ်ဘုံ (နာမ်မရှိ) ၅။ ပစ္စ န္တရစ် = တိုင်းစွန်ပြည်ဖျား လမ်းပန်းခက်ခဲသော အရပ်၊ လူရိုင်း ဒေသ၊ မဖွံ့ဖြိုးသောနိုင်ငံ ဥပမာ = မြန်မာပြည် ၆။ မိစ္ဆာဒီဌိ = မှားယွင်းသော အယူဝါဒရှိသူ၊ ၇။ ဒုပဗည = ဥာဏ်မွဲ၍ လူစဉ်မမီသူ ၈။ သာသနာပကာလ = ဘုရားမပွင့်သော အခါ ။ ဤ အရပ်တို့ ၌ ဖြစ်လာသူများသည် မြတ်စွာဘုရား ၏ တရားတော်များကို နားကြားခွင့် မရ ၊ နာကြားရလျှင်လည်း အဓိပ္ပါယ်မသိ ကြချေ။ ရန်သူမျိုး (၅) ပါး => ရေ ၊ မီး ၊ မင်း ၊ သူခိုး ၊ အေမြခံသားဆိုး သမီးဆိုး ။ * ရေလွှမ်းမိုးသော ဘေးရန် ၊ * မီးလောင်ခြင်း ဘေးရန်၊ * မင်း ~ ရာဇ၀တ်ပြစ်ဒဏ် ခံရခြင်း ဘေးရန် ၊ (မင်း ကို ရန်သူ ၅ ပါးအတွင်းထည့်ထားခြင်းသည် ဥပမာအားဖြင့် မိမိပိုင်ဆိုင်ထား အိမ်ခြံမြေ စည်းစိမ်ဥစ္စာတို့သည် ဂရမ်ပိုင် - ဘိုးဘွားပိုင်ဖြစ်စေကာမူ အချိန်မရွေး သိမ်းယူနိုင်၏ မိမိရှာသမျှကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူမှ အချိန်မရွေး ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သည် ) * ခိုးဝှက် လူယက်ခြင်းခံရသော ဘေးရန် ၊ * မိဘ ပစ္စည်း ကို ဖြုန်းတီး၍ မိဘကို နှိပ်စက် တတ်သော သားဆိုး၊ သမီးဆိုး ဘေးရန်တို့ ဖြစ်သည်~ ဝိပတ္တိ တရား (၄) ပါး = > (ဖောက်ပြန်ချွတ်ယွင်းခြင်းတရားကိုဝိပတ္တိ ဟု ခေါ်သည် ) ၁။ ဂတိဝိပတ္တိ = လားရာဂတိ ဖောက်ပြန်ခြင်း ၊ အပါယ်ဘုံ၌ဖြစ်ခြင်း။ ၂။ ဥပဓိဝိပတ္တိ = ရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်း အင်္ဂ ါ ချို့တဲ့ခြင်း ၊ ၃။ ကာလဝိပတ္တိ = ခေတ်ပျက်ခြင်း။ တရားဥပဒေဖြင့် အုပ်ချုပ်မှုကင်းမဲ့သော အခါကာလ ၄။ ပယောဂဝိပတ္တိ = အားထုတ်မှု မမှန်ကန်ခြင်း။ အကုသိုလ် အမှုများ၌ အားထုတ်ခြင်း ၊ အပြစ်ကျူးလွန်ခြင်း ~ ( ဥပမာ - အရက် ဘီယာ သောက်နေတဲ့ပုံကို ဂုဏ်တစ်ခုလို သတ်မှတ်ပြီး ဓာတ်ပုံရိုက်ကာ ဖေ့ဘုတ်ပေါ်တင်၍ အကုသိုလ်အမှုကို ကောင်းသည်ဟု ထင်ကာ ကြွားဝါနေကြခြင်း ) ဗျသနတရား (၅) ပါး = > (ပျက်စီးခြင်း တရား ၅ မျိုး) ၁။ ဥာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း ၂။ ဘောဂဗျသန = စည်းစိမ် ဥစ္စာပျက်စီးခြင်း ၃။ ရောဂဗျသန = ရောဂါ နှိပ်စက်၍ ပျက်စီးခြင်း ၄။ သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း ၅။ ဒိဌိဗျသန = အယူလွဲမှား ၍ ပျက်စီးခြင်း သီလ ဗျသန နှင့် ဒီဌဗျသန သည် ဤ ဘ၀၌ သာမက နောင်ဘ၀များစွာ တို့ ၌ လည်း ဆင်းရဲခြင်း ကိုဖြစ်စေသည် အပါယ်သို့ ကျရောက်စေနိုင်သည် မဂ်တရား => လောဘ ဒေါသ မောဟ စသော ကိလေသာကို ပယ်သက်၍ နိဗ္ဗာန် သို့ သွားရောက်ကြောင်း ဖြစ်သော တရားလမ်း သောတပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါတ်မိမဂ်၊ အရဟတ္တမဂ် ဟူ၍ မဂ် ( ၄ )ပါး ရှိပါသည်။ ဖိုလ်တရား = > ( မဂ်၏ အကျိုးတရား ) နိဗ္ဗာန် ချမ်းသာကို ခံစားစေနိုင်သော ဥာဏ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ ဖိုလ် (၄) ဖိုလ် ရှိပါသည်။ နိဗ္ဗာန် => လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ ကုန်ရာ ဖြစ်၍ ထာ၀ရ ငြိမ်းအေးချမ်းသာသောဘုံဌာန ~ ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား ~ ဤကဲ့သို့ ကန်တော့ခန်း နှင့် ဆုတောင်းခန်း နှစ်မျိုးခွဲ၍ ရှိခိုးကန်တော့ကြခြင်းဖြစ်ပါသည် ~~~ အဓိပ္ပါယ်ကို ရှင်းလင်းစွာ သဘောပေါက်၍ ကြည်ညိုသဒ္ဓါပွါးကာ ရှိခိုးပူဇော်နိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေ @@@ သျှင်သာမိ ~ မုံရွာ https://shinsami.blogspot.com

Sunday, September 6, 2009

ဗုဒ္ဓဘာသာ (၅) မျိုး

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့ 
(၁)ကုလ ဗုဒ္ဓဘာသာ 
(၂)လာဘ ဗုဒ္ဓဘာသာ 
(၃)ဘယ ဗုဒ္ဓဘာသာ 
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ 
(၅)ပညာဓိက ဗုဒ္ဓဘာသာ 

(၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။ 

(၂)လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေးတက်မလား ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ 

(၃)ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်း စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။ 

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ပိဋကသုံးပုံ ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျေှဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့ အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။ 

(၅)ပညာဓိက ဗုဒ္ဓဘာသာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဉာဏ်နဲ့ ဖြတ်ရမယ်။ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

လယ်တီဆရာတော်