Religion ဆိုသောစကားရပ်သည် လူတို့၏ ကိုး ကွယ်ရာ ဘာသာရေးဟူသော အဓိပ္ပါယ်အားဖြင့် ယနေ့ ကမ္ဘာတွင် ထင်ရှားပေါ်လွင်လျက်ရှိသည်။
ကျွနု်ပ်တို့သည် မြတ်ဗုဒ္ဓကို ဘာသာရေးတည်ထောင်သူ-Founder of Religion-ဟု ခေါ်ဆိုနိုင်ခွင့်ရှိပါလျှင် ဘာသာရေးတည် ထောင်သူအားလုံးတို့တွင်
မြတ်ဗုဒ္ဓသည်သာလျှင် လူသား တို့၏ဆရာ Teacher of mankind ဖြစ်သည်။
မြတ်ဗုဒ္ဓကို သန့်ရှင်းသော ရိုးသားသော လူသား တစ်ယောက်ထက်ပို၍ ပြောဆိုကြေငြာနိုင်ဖွယ်မရှိပါ။
အခြား သော ဘာသာတရားကို တည်ထောင်သူတို့မှာ God လည်း ဖြစ်နိုင်သည်။
God ဝင်စားသူလည်း ဖြစ်နိုင်သည်။
God၏သားလည်းဖြစ်နိုင်သည်။God၏တမန်တော်လည်း ဖြစ် နိုင်သည်။
မြတ်ဗုဒ္ဓမှာမူ သန့်ရှင်းစင်ကြယ်သော လူသားတစ် ယောက်ဖြစ်ရုံမျှမက
သန့်ရှင်းစင်ကြယ်သော နည်းလမ်းကို တည်ထောင်သူ၊
ထိုနည်းလမ်းကို ပြသူ၊
အမှန်တရားနှင့် ငြိမ်းချမ်းရေးကို ထုတ်ဖော်ပေးသူလည်းဖြစ်သည်။
မြတ်ဗုဒ္ဓသည် ထိုဝိသုဒ္ဓိလမ်းစဉ် , ဝိမုတ္တိလမ်းစဉ် , သန္တိလမ်းစဉ် , သစ္စာလမ်းစဉ်တို့ကို ဖော်ထုတ်ပြသရာ၌ ပြင်ပ တန်ခိုးရှင် မမြင်ရသည့် ဘုရားသခင်တို့၏ တန်ခိုးပါဝါနှင့် အကူ အညီကို လုံးဝ ရယူခဲ့ခြင်းမရှိပေ။
သူ၏ပင်ကိုယ် ဇွဲ ,သတ္တိ , လုံ့လ , ဉာဏ်ပညာတို့ကို အသုံးချအလုပ်လုပ်ကာ အထက်ပါ လမ်းစဉ်တို့ကို ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။
မြတ်ဗုဒ္ဓသည် သူသိသမျှ , မြင်သမျှ , ရရှိပိုင်ဆိုင် ထားသမျှ သစ္စာ ,သန္တိ , ဝိသုဒ္ဓိ , ဝိမုတ္တိတရားတို့ကို သဒ္ဓါ ဝီရိယ ပညာရှိကြသည့် လူသားတိုင်းအား ဖြန့်ဝေပေးခဲ့လေ သည်။ သူ၏ဗုဒ္ဓအဖြစ်ကိုပင် သင့်လျော်သော လူသားတိုင်း အား ဖြစ်ခွင့်ပေးထားပါသည်။
လူသားတစ်ယောက် (လူသားစင်စစ်)သည်သာလျှင် ဗုဒ္ဓအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ လူသားတိုင်း၏သန္တာန်၌ ဗော ဓိဉာဏ်ကို ရပိုင်ခွင့်သည် ကိန်းအောင်းလျက်ရှိသည်။ ထိုလူ သားသည် တကယ်စင်စစ် ဉာဏ်နှင့်ယှဉ်၍ အားထုတ်လို သော ဆန္ဒရှိလျှင် ဗောဓိဉာဏ်ကို ရပိုင်ခွင့်ရှိသည်။
ထို့ကြောင့် ကျွနု်ပ်တို့က မြတ်ဗုဒ္ဓကို လူသားအားလုံး တို့ထက် ထူးခြားသောလူသား၊
ဘာသာရေးတည်ထောင်သူ တို့ထက် ထူးမြတ်သော ဘာသာရေးတည်ထောင်သူ-ဟုဆို နိုင်သည်။
လူ့ဘဝ လူ့လောက၌ သူသည် အကျင့်ပိုင်း , အသိ ပိုင်း အရာရာတိုင်း၌ အလွန်ပြည့်စုံသူဖြစ်သည်။ သို့ဖြစ်ခြင်း ကြောင့် ယနေ့ကမ္ဘာ၌ အလွန်ထင်ရှားပေါ်လွင်သော ဘာသာ တရားတို့တွင် "မဟာလူသား" ဟူ၍ သူ့ကို အသိမှတ်ပြုလာကြ သည်။ သူ၏အဆုံးအမဖြစ်သော ဓမ္မသည် လူသား အားလုံး တို့၏ဘဝနှင့် တစပ်တည်းဖြစ်သည်။ လူသားအားလုံးတို့၏ ဘဝလိုအပ်ချက်နှင့်လည်း ကိုက်ညီလျက်ရှိသည်။
ထို့ကြောင့် ဗုဒ္ဓနှင့်ဓမ္မကို လူလောကကြီးတစ်ခုလုံးက ပိုင်ဆိုင်ခွင့်ရှိထားသည်။ ရိုးသားသောယုံကြည်မှုနှင့် ကျိုး ကြောင်းသိမြင် ဆင်ခြင်တတ်သော အသိဉာဏ်ရှိသူတိုင်း သည် ဗုဒ္ဓနှင့်ဓမ္မကို တစ်ကမ္ဘာလုံး၏ (လူသားတစ်ရပ်လုံး၏) အမွေဆိုင်ဟု ဆိုကြသည်။
ဗုဒ္ဓဝါဒအရ လူသား၏အဆင့်သည် အမြင့်ဆုံးဖြစ် သည်။ လူသားတစ်ယောက်သည် သူကိုယ်တိုင်၏ ကိုယ်ပိုင် အရှင်သခင်ဖြစ်သည်။ သူကိုယ်တိုင်ထက် ပိုလွန်သော, သူ့ ဘဝကို လွှမ်းမိုးအုပ်စိုး၍ထားသော , သူ့ဘဝပန်းတိုင်ကို ဆုပ် ကိုင်၍ထားသော သူ့အထက်က တန်ခိုးရှင် အာဏာရှင် မရှိ ပေ။ လူသားတစ်ယောက်၏ ကိုယ်ပိုင်ကိုးကွယ်ရာသည် ထိုလူ သားကိုယ်တိုင်ပင်ဖြစ်သည်။ တခြားကိုးကွယ်ရာမရှိ-ဟု မြတ် ဗုဒ္ဓက လူသားတို့၏ဘဝကို လွတ်လပ်စွာကိုးကွယ်ခွင့် အဆင့် မြင့်မြင့်ပေးထားသည်။
မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ဆုံးမရာ၌ "ကိုး ကွယ်ရာကို မိမိတို့ကိုယ်တွင်းမှာ ရှာကြ၊ အပြင်ပမှာ (သို့) တခြားသူတို့ထံမှာ ကိုးကွယ်ရာ ရှာ၍မရ" ဟု တိုက်တွန်း လေ့ရှိသည်။
မြတ်ဗုဒ္ဓသည် လူသားတိုင်း ဘဝတိုးတက်ရေးနှင့် လွတ်မြောက်ရေးအတွက် သူ့ကိုအတုယူကြဖို့ အစဉ်အားပေး ဆုံးမလေ့ရှိသည်။
"မိမိတို့ ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ကိုယ် တိုင်ပင် အားထုတ်ရမည်၊ မိမိတို့ရောဂါပျောက်ရေးအတွက် မိမိတို့ကိုယ်တိုင်ပင် ဆေးသောက်ရမည်"ဟု ဆုံးမလေ့ရှိ သည်။
သို့သော် ဆေးဆရာကောင်းကို မှီဝဲရမည်။ ထိုသမား ကောင်း၏ တားမြစ်ချက်, ညွှန်ကြားချက်တို့ကို လိုက်နာရ မည်။ ထိုသမားတော် ပေးသည့်ဆေးကို မှန်မှန်မှီဝဲရမည်။
မြတ်ဗုဒ္ဓသည် ဆေးသမား၊ မြတ်ဓမ္မသည် ဆေးဝါး ဖြစ်သည်။ လူသားတစ်ယောက်၏ အနှောင်အဖွဲ့တို့မှ လွတ် မြောက်ရေးအတွက် ထိုလူသားကိုယ်တိုင်၏ ကိုယ်ပိုင်သဒ္ဓါ , ဝီရိယ ,ပညာတို့သည်သာ တကယ်စင်စစ် ထိုလူသား၏ ကယ် တင်ရှင်တို့ဖြစ်ကြသည်။
မြတ်ဗုဒ္ဓကဆို၏။ "ဗုဒ္ဓတို့မည်သည် လမ်းညွှန်ဆရာ တို့သာ ဖြစ်ကုန်၏။ လူတို့သည် ဆရာတို့ ညွှန်ပြသည့်အတိုင်း အလုပ်လုပ်အားထုတ်ကြရမည်" ။
အကယ်၍ လူတို့က မြတ်ဗုဒ္ဓကို "ကယ်တင်ရှင်"ဟု ဆိုချင်လျှင် ဝိသုဒ္ဓိလမ်း , ဝိမုတ္တိလမ်း , သစ္စာနှင့်သန္တိတို့ကို ဖော်ထုတ် ညွှန်ပြပေးသော အဓိပ္ပါယ်ဖြင့်သာလျှင် မြတ်ဗုဒ္ဓ ကို "ကယ်တင်ရှင်"ဟု ဆိုနိုင်သည်။ သို့သော် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့ကယ်တင်ရှင် မြတ်ဗုဒ္ဓ ပြပေးသော လမ်းကြောင်း တို့ကို ဖြောင့်ဖြောင့်မှန်မှန် လျှောက်လှမ်းသွားရမည်သာ ဖြစ်သည်။
မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ညွှန်ပြသည့် ဝိသုဒ္ဓိ , ဝိမုတ္တိ (သန့်ရှင်းခြင်းနှင့် လွတ်မြောက်ခြင်း) ဆိုသည် မှာ ပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်းစီ၏ တာဝန်နှင့် ကျင့်ကြံ အားထုတ်မှုပေါ်မှာတည်သည်။
မဟာပရိနိဗ္ဗာနသုတ်တော်၌ " မိမိကိုယ်ကို မိမိတို့ မှီခို၍နေကြ၊ မိမိတို့ကျင့်သုံးသောဓမ္မသည် မိမိတို့မှီခိုရာဖြစ် သည်။ ငါဘုရားသည် သင်ရဟန်းတို့ကို အုပ်စိုး၍နေမည် မဟုတ်" စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။
မြတ်ဗုဒ္ဓသည် သူ၏တရားထဲ၌ မည်သည့်လျှို့ဝှက် ချက် ကွယ်ဝှက်ချက်ကိုမျှ မထား၊ ဆရာစား , ဆရာ့လက်ဆုပ် တရားငုတ်ကိုမျှလည်း မည်သို့မျှမထား၊ နာကြားသူတို့ လက်ခံ နိုင်သမျှ အကြွင်းမရှိ ပွင့်ပွင့်လင်းလင်း ဟောပြခဲ့သည်။
မြတ်ဗုဒ္ဓသည် ဘာသာရေးသမိုင်းတစ်လျှောက်၌ မကြားစဖူး , မရှိစဖူး ထူးဆန်းသည့် လူသားတို့အတွေးအခေါ် လွတ်လပ်ခွင့်တို့ကို ခွင့်ပြုတော်မူခဲ့သည်။ လူ့အတွေးအခေါ်၏ လွတ်လပ်ခွင့်သည် လူသားတို့ ဘဝလွတ်မြောက်ရေးအတွက် အထူးပင်လိုအပ်ပေသည်။
မြတ်ဗုဒ္ဓ၏အလိုတော်အရ လူသားတို၏ လွတ် မြောက်မှုသည် လူသားတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သစ္စာကို ထိုးထွင်းသိခြင်းပေါ်၌ တည်သည်။ ပြင်ပတန်ခိုးရှင်GOD-ဘုရားသခင်တို့၏ သနားခြင်း ခွင့်လွှတ်ခြင်း မျက်နှာသာ ပေးခြင်း ကယ်တင်ခြင်းတို့ အပေါ်၌ လုံးဝ တည်ခြင်း မှီခိုခြင်း မရှိပေ။
ပြင်ပတန်ခိုးရှင် ဘုရားသခင်တို့ကို ရိုသေကျိုးနွံစွာ ဆုတောင်းခြင်း၊ ထိုဘုရားသခင်တို့ သနားချီးမြှင့်သော ဆု လာဘ်ကို ရရှိခြင်းဖြင့်လည်း လူသားတို့၏ ဘဝလွတ် မြောက်မှုသည် မဖြစ်နိုင်ချေ။ သစ္စာကို မျက်မှောက်ပြုခြင်း သည်သာ ဘဝလွတ်မြောက်ရေး၏ ဂိတ်ပေါက်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့် လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။
မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြ သည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွနု်ပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်း ပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွနု်ပ်တို့ကေသမုတ္တိရွာ သို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့ ၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွား ကြပါ၏ဘုရား။
ထို့ကြောင့် ယခုအခါ ကျွနု်ပ်တို့ ကေသမုတ္တိရွာသား အားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေး လျှောက်ကြကုန်၏။
ထိုအခါ မြတ်ဗုဒ္ဓက အံ့ဩဖွယ်ကောင်းသော လမ်း ညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသ မိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန် ချက်ဖြစ်ခဲ့ပေသည်။
"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဉာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အ ဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာ ဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက် မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေး အခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍ လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီး သတ် မမှတ်ယူကြကုန်နှင့်။
"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုး မဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်ပိုင်သိအောင် လုပ်ကြ။
"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။
ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ် ပိုင်ဆုံးဖြတ်ချက်သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။
ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိ နှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါး ကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာ သား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။
မြတ်ဗုဒ္ဓဒေသနာတော်အရ ဝိစိကိစ္ဆာဟူသောယုံမှား ခြင်းသည် ရှင်းလင်းသောအသိ(သစ္စာအသိ)၏ ကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်။ ထို့အပြင် စိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်ရေးသာမက မည်သည့်ဖွံ့ဖြိုးတိုးတက်ရေးမျိုးကိုမဆို ဝိစိကိစ္ဆာတရားသည် ကြီးမားသောအနှောက်အယှက် အတား အဆီးတစ်ခုဖြစ်သည်။
သို့သော်- ဝိစိကိစ္ဆာဟူသော ယုံမှားမှုသည် တကယ် စင်စစ် ကြီးမားသောအပြစ်ကြီး Sin-တစ်ခုတော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတွင် အခြားသောဘာ သာများမှာကဲ့သို့ အခိုင်အမာ ကတိပြု ယုံကြည်ခြင်းမျိုးမရှိ ပေ။ အခြားဘာသာများ၌ သက်ဆိုင်ရာဘုရားသခင်တို့ကို မယုံကြည်လျှင် (သို့) ယုံမှားခြင်းဖြစ်လျှင် ကြီးလေးသော ပြစ်ဒဏ်ထိုက်သည်။ ထိုအပြစ်မျိုးကိုSin- ဟုခေါ်ကြသည်။
ဗုဒ္ဓဘာသာ၌ ဗုဒ္ဓကိုယုံမှားရုံမျှ မယုံကြည်ရုံမျှဖြင့် ထိုယုံမှားသူ မယုံကြည်သူတို့မှာ ကြီးလေးသောပြစ်ဒဏ်ထိုက် သည်ဟူ၍ ဆိုရိုးမရှိချေ။ မကောင်းမှုအားလုံးတို့၏ ရေ သောက်မြစ်သည် ဝိစိကိစ္ဆာမဟုတ်။ အဝိဇ္ဇာနှင့် မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကုန်၏။ တွေဝေခြင်း ယုံမှားခြင်း တုန်လှုပ်ခြင်း ဆုံးဖြတ် နိုင်မှု ခက်ခဲခြင်းတွေ ရှိနေသမျှကာလပတ်လုံး ထိုသူ့ဘဝမှာ တိုးတက်မှု မဖြစ်နိုင်ဟူသော အချက်ကို ငြင်းနိုင်ဖွယ်မရှိချေ။
အရှိတရား အမှန်တရားကို ရှင်းလင်းစွာ မသိကြ သေးသမျှကာလပတ်လုံး ထိုသူတို့၏သန္တာန်မှာ ဝိစိကိစ္ဆာ ကိန်းအောင်းနေသေးလို့-ဟူသော အချက်သည်လည်း ငြင်း နိုင်ဖွယ်ရာမရှိချေ။ ဘဝ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်မြင့် တိုးတက်ဖို့ရန်အလို့ငှါ ထိုဝိစိကိစ္ဆာတရားကို အကြွင်းမဲ့ ပယ်သတ်ရမည်ဟူသည့်အချက်မှာ အမှန်တကယ်လိုအပ် သည့် လိုအပ်ချက်ပင်ဖြစ်သည်။ ထိုဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်ပစ်မည်ဆိုလျှင် ထိုသူသည် အရှိနှင့်အမှန်ကို အတိအကျ ရှင်းလင်းသိမြင်ရမည်ဖြစ်သည်။
လူတစ်ယောက်ကို "သင်သည် ဤအချက်၌ မယုံမှား သင့်၊ ဤအချက်၌ ယုံကြည်ရမည်"ဟုပြောဆိုရန်"အကြောင်း အချက်မရှိပေ။ တကယ်ပြောရန်လိုအပ်သည်ကား သင်သိ တာ သင်မြင်တာကို ငါယုံကြည်၏-ဟု ဆိုလိုခြင်းမဟုတ်၊ ငါသိ တာ ငါမြင်တာကို ငါယုံကြည်၏-ဟု ပြောဆိုရန်သာရှိသည်။
ဥပမာ- ကျောင်းသားတစ်ယောက်သည် ဂဏန်း သင်္ချာပုစ္ဆာတစ်ခုကို တွက်ချက်နေသည်ဆိုပါစို့၊ ထိုဂဏန်း သင်္ချာပုစ္ဆာသည်သူသိမြင် တတ်ကျွမ်းထားသည့်အဆင့်ကို ကျော်လွန်ပြီး ခက်လွန်းနေလျှင် ထိုကျောင်းသား၌ စိတ်ရှုတ် ခြင်း တွေဝေခြင်း ဝိစိကိစ္ဆာ ဝင်လာပြီဖြစ်သည်။ ထိုဝိစိကိစ္ဆာ သူ့မှာ ရှိနေသမျှကာလပတ်လုံး ထိုကျောင်းသားတွက် ဂဏန်း သင်္ချာအတတ်သည် တိုးတက်ဖို့ မဖြစ်နိုင်တော့ချေ။ သူသည်ရှေ့သို့တစ်ဆင့်တက်လိုလျှင် ထိုပြဿနာကို ရှင်းပစ်ရမည်။ ထိုသံသယကို ပယ်ပစ်ရမည်။ ထိုဝိစိကိစ္ဆာ သံသယတို့ကို ပယ်ရှားသောနည်းလမ်းများရှိပါသည်။ "ကျွနု်ပ် ယုံကြည်ပါ၏၊ ကျွနု်ပ် သံသယမရှိပါ "ဟု ပြောဆိုရုံမျှဖြင့် ပြဿနာ၏အဖြေကို ရလိမ့်မည်မဟုတ်ပါ။ ကိုယ်တိုင်သိမြင်နားလည်ခြင်းမရှိပဲ တစ်စုံတစ်ခုသောဝါဒကို လက်ခံဖို့ရန် အတင်းအကြပ်ပြုလုပ်ခြင်းသည် သူ၏စိတ်ဆန္ဒ နှင့် အသိပညာမပါသောကြောင့် နိုင်ငံရေးသမားတို့ အတင်း အကြပ် စည်းရုံးသိမ်းသွင်းခြင်းမျိုးဖြစ်သည်။
မြတ်ဗုဒ္ဓသည် လူသားတိုင်းကို ဆန္ဒပြင်းပြစွာနှင့် အစဉ်သဖြင့် တိုက်တွန်းသည်မှာ ဝိစိကိစ္ဆာကို ပယ်ရှားဖို့ရန် ဖြစ်သည်။ မြတ်ဗုဒ္ဓသည် လူးသားတို့၏သန္တာန်ဝယ် စွဲမှီ၍နေ သော ကြောင်းကျိုး အကောင်းအဆိုး အမှားအမှန်ကို မဝေခွဲ နိုင် မဆုံးဖြတ်နိုင်သည့် ထိုကဲ့သို့သော ဝိစိကိစ္ဆာမျိုးကို ပယ်ရှာ ဖို့ ပြင်းပြသော ဆန္ဒရှိတော်မူ၏။ သူ၏ ပရိနိဗ္ဗာန်မပြုမှီ မိနစ်ပိုင်း အတွင်းကလေးမှာ ပင်လျှင် သူသည် သူ၏တပည့်သာဝကတို့ကို အကြိမ်ပေါင်း များစွာပြောဆိုခဲ့သည်မှာ "ရဟန်းတို့ ငါဘုရားရဲ့ အဆုံးအမ နှင့် ပတ်သက်၍ သင်တို့မှာ ယုံမှားသံသယရှိကြလျှင် ငါဘုရား ကိုပွင့်ပွင့်လင်းလင်း မေးလိုက်ကြ။ ငါဘုရားမရှိသည့် နောက် သင်တို့၏စိတ်အစဉ်ဝယ် ဝိစိကိစ္ဆာတို့ဖြင့် ရှုတ်ထွေးပြီး စိတ်ပင်ပန်းမှုများဖြင့် မကျန်ရစ်စေကြကုန်နှင့်။ ငါဘုရား ရှိခိုက် သင်တို့၏သံသယများကို မေးခြင်းဖြင့် သင်တို့၏ယုံမှား မှုကို ရှင်းလင်းကြ"ဟူသတည်း။
"ထိုအခါ တပည့်တို့သည် ဆိတ်ငြိမ်၍ နေကြကုန်၏၊ ထိုအခါ မြတ်ဗုဒ္ဓက ဆက်လက်၍မိန့်ကြားသည်မှာ "သင်တို့ သည် အကယ်၍ ငါဘုရားကို ရိုသေကြောက်ရွံ့သောကြောင့် မမေးနိုင်ကြကုန်သည်ဖြစ်အံ့၊ အချင်းချင်း အပြန်ပြန် အလှန်လှန် သံသယတွေကို ထုတ်ပြ၍ သံဃာအားလုံး၏ ကိုယ်စားပြု တစ်စုံတစ်ယောက်က ထိုဝိစိကိစ္ဆာတို့ကို ငါ ဘုရားအား မေးကြကုန်လော့"ဟူ၏။ ဤသည်မှာ ဘာသာရေးသမိုင်း၌ ဗုဒ္ဓဘာသာ၏ အတွေးအခေါ်လွတ်လပ်မှုကိုသာ ဖော်ပြရုံမျှမက ဆရာဖြစ် တော်မူသော မြတ်ဗုဒ္ဓ၏ သဘောထားကြီးခြင်း ခွင့်လွှတ်ခြင်း ကိုပါ ဖော်ပြသည့် သမိုင်းတင်မှတ်တမ်းဖြစ်သည်။
အခြားစံတင်လောက်သည့် ဖြစ်ရပ်တစ်ခုမှာလည်း မြတ်ဗုဒ္ဓသည် နာလန္ဒမှာ နေနေစဉ် ဂျိန်းဆရာကြီးမဟာဝီရ နိဂဏ္ဌ၏ ထင်ရှားကျော်ကြားသော သူဌေးတပည့်ကြီး ဥပါလိ သည် သူ၏ဆရာကြီး မဟာဝီရက စေလွှတ်သဖြင့် မြတ်စွာဘု ရားထံမှောက် ရောက်လာ၏။ စေလွှတ်ခြင်း၏ရည်ရွယ်ချက် မှာ ကမ္မဝါဒနှင့်ပတ်သက်၍ ငြင်းခုံဖို့ အနိုင်တိုက်ဖို့ဖြစ်၏။
မြတ်ဗုဒ္ဓ၏ကမ္မဝါဒနှင့် နိဂဏ္ဌ၏ ဒဏ္ဍဝါဒတို့သည် တူသယောင်ယောင်နှင့် ခြားနားကြကုန်၏၊ မဟာဝီရ နိဂဏ္ဌက အထူးမျှော်လင့်ထားသည်မှာ သူ့တပည့်ဥပါလိသည် စကားအပြိုင်ပြု၍ စကားအနိုင်လုရာ၌ အလွန်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခြင်းကြောင့် ဗုဒ္ဓကို သူတို့အဖွဲ့က အနိုင်ရ မည်ဟု ဧကန်မျှော်လင့်ထား၏။ ဤမျှော်လင့်ချက်နှင့် ရလဒ် မှာကား တခြားစီဖြစ်သွား၏၊ ကမ္မဝါဒနှင့် ဒဏ္ဍဝါဒတို့ အပြိုင်ပြု၍ အနိုင်လုကြရာ ဒဏ္ဍဝါဒသည် ကမ္မဝါဒအောက် ၌ ကြေမွပျက်ပြုန်းခဲ့ရလေသည်။
ထို့ကြောင့် စကားစစ်ထိုးပွဲအဆုံး၌ မဟာဝီရဂိုဏ်း သား ဥပါလိသူဌေးသည် သူ၏ဒဏ္ဍဝါဒကို အကြွင်းမဲ့စွန့်လွှတ် ၍ မြတ်ဗုဒ္ဓ၏ကမ္မဝါဒကို အကြွင်းမဲ့လက်ခံလိုက်လေသည်။ သူ၏ဆရာရင်း မဟာဝီရနှင့် မဟာဝီရ၏ဝါဒတို့ကို ဤယနေ့ မှစ၍ စွန့်လွှတ်ပါမည်ဘုရား၊ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို ဤယနေ့မှစ ၍ ကိုးကွယ်ဆည်းကပ်ပါ၏ဘုရားဟု ပရိသတ်အလယ် ထင် ရှားစွာ ကြေငြာခဲ့လေသည်။ သူ့ကိုလည်း မြတ်ဗုဒ္ဓ၏တပည့် သာဝကအဖြစ် လက်ခံပါရန် လျှောက်ထားခဲ့လေသည်။
ထိုအခါ မြတ်ဗုဒ္ဓက "အို ဥပါလိ စဉ်းစဉ်းစားစား လုပ်ပါ၊ မဟာဝီရနိဂဏ္ဌသည် သင်၏ဆရာအရင်းဖြစ်သည်၊ ဆရာရင်းကို စွန့်လွှတ်၍ ဆရာသစ်ကို ချဉ်းကပ်သည့်အလုပ် မျိုးကို လျှင်မြန်လွယ်ကူစွာ မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ် ပါ၊ ထို့အပြင် သင်၏ ဆရာမဟာဝီရနှင့် အဖွဲ့ဝင်များသည် သင်၏ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် အသက်ရှင်နေကြ ရကုန်၏၊ သို့ဖြစ်ခြင်းကြောင့် သင်၏ဆရာဟောင်းနှင့်အ ဖွဲ့သားများအား သင်ထောက်ပံ့၍နေသော အထောက်အပံ့ တို့ကို ဖြတ်တောက်၍မပစ်ပါနဲ့၊
ထို့အပြင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ် ယောက်သည် ဆရာပြောင်းခြင်း၊ ဘာသာပြောင်းခြင်းအလုပ် တို့ကို ပေါ့ပေါ့တန်တန်မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ်သင့်၏၊ ထို့ကြောင့် သင့်ဆရာရင်းမဟာဝီရကို ကိုးကွယ်မြဲ ကိုးကွယ်၊ ထောက်ပံ့မြဲထောက်ပံ့ပါလေ"ဟု မိန့်ကြားတော်မူ၏။
ဤဖြစ်ရပ်များသည်ကား ဘာသာရေးသမိုင်းတွင် စံနမူနာယူလောက်သည့် သဘောထားကြီးခြင်းကို ဖော်ပြ သည့်ဖြစ်ရပ်များ ဖြစ်ကြလေကုန်၏။
မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထား ကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ် သည်။
သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော် ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအ သေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်း တို့ကို ပြုလုပ်ခဲ့လေသည်။
သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။
အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက် ဖက်တွင် ရုရှားနှင့်ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသား ပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခနီ ္တ , သစ္စာ , အဟိံသာ ဟူသော Commond ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။
"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာ သာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက် သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့ သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။
ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိ တို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအ တွက် သေတွင်းကို တူးသည်နှင့်တူ၏။
မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။
နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်း နှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။
ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီ ချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင် စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကို လည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ။"
(အသောကကျောက်စာအမှတ်-၁၂)
ဤနေရာ၌ ကျွနု်ပ်တို့သည် ဤကဲ့သို့သော မုဒိတာ အသိမျိုးကို ဤဘာသာရေးကိစ္စ၌သာ လက်ကိုင်ပြုအသုံးချ သင့်သည်မဟုတ်ပေ။ အခြားသော နိုင်ငံရေး လူမျိုးရေး စီးပွားရေး ပညာရေးကိစ္စတို့၌လည်း ဤသည့်မြတ်ဗုဒ္ဓ၏ ခန္တီ မေတ္တာ ကရုဏာ အဟိံသာ သစ္စာတရားတို့ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသော Commond ground-ပေါ်၌ လက်တွဲ ညီညီ၊ မိမိကလည်း သူ့ကို မရှုံ့ချ၊ သူကလည်း ငါ့ကို မကဲ့ရဲ့၊ ငါကလည်း သူ့ကိုဂုဏ်ပြု၊ သူကလည်း ငါ့ကိုလေးစား၊ သူ့စကားလည်း ငါနားထောင်၊ ငါ့စကားလည်း သူလေးစား၊ ဤသဘောထားမျိုးနှင့် သွားကြလျှင် ဆူးခင်းသောခရီး ကြမ်းဟာ မကြာမီ အဆုံးသတ်၍ ပန်းခင်းသောလမ်းပေါ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။
ဤကဲ့သို့သော ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘော ထားကြီးခြင်း၊ ရင့်ကျက်သောနားလည်ခြင်းဟူသော မွန်မြတ် သည့်စိတ်ဓာတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်မြင့် မြတ်ြွကယ်ဝသည့် ဗုဒ္ဓဘာသာအတွေးအခေါ်မှ စတင်ပေါ် ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့်ပင် နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်းတစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍ ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေးတစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူး သည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးချေ။
ဗုဒ္ဓ၏ မြတ်ဓမ္မသည် အာရှတိုက်ကြီး တစ်ခုလုံးကို သာမက ကမ္ဘာတစ်ရပ်လုံးသို့ တစိမ့်စိမ့်ပြန့်နှံ့နေရာ၌- ထိုမြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို သူတို့၏စိတ်ဆန္ဒအလျှောက် ငွေကြေးနိုင်ငံရေးနှင့် လူမှုရေးအကြပ်ကိုင်မှုတို့မရှိပဲ လွတ်လပ် သောစိတ်ဓာတ်ဖြင့် ဓမ္မကိုကြိုက် အလိုကိုလိုက်နာကျင့်သုံးနေ ကြသော လူဦးရေသည် သန်းပေါင်း(၁၀ဝဝ)မျှရှိမည်ဟု ခန့်မှန်းရသည်။
မှားယွင်းသောအတွေး မကောင်းသောအပြော မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူသောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်းဖြစ်လာလျှင် ထိုအမှုမျိုး သည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့် လုံးလုံးဆန့်ကျင်သည်သာဖြစ် ၏။
ဗုဒ္ဓဝါဒသည်
Religion လား?
Philosophy လား? ဟူသောမေးခွန်းကို မကြာခဏမေးကြ၏။
မေးခွန်းရှင်တို့က Religion-လို့ပဲခေါ်ခေါ်၊ Philosophy-လို့ပဲခေါ်ခေါ် မည်သို့ ခေါ်စေကာမူ ထိုအမည်နာမသည် အရေးကြီးကိစ္စမဟုတ်ပေ။ မေးခွန်းရှင်တို့ မည်သို့အမည်နာမည်ကိုပဲ တပ်တပ်၊ မည်သို့ အမည်ကဒ်ကိုပဲကပ်ကပ်၊Buddhism-သည် ဗုဒ္ဓ၏အဆုံးအမ အဖြစ် ရပ်တည်နေမည်သာဖြစ်သည်။
နာမပညတ်သည် အထည်ကိုယ်ဒြဗ်မရှိ၊ ကျွနု်ပ်တို့ ပေးထားသော ဤ Buddhism-အမည်နာမသည် ဗုဒ္ဓ၏ အဆုံးအမများအတွက် အလွန်အရေးကြီးသော ကိစ္စမဟုတ်၊ သို့သော် မည်သည့်အရာဝတ္ထုမဆို ခေါ်ဝေါ်ပြောဆိုဖို့ အမည် နာမတစ်ခုတော့ လိုအပ်ပါသည်။
'နှင်းဆီပန်း'ဟု ကျွနု်ပ်တို့ ခေါ်ထားသောအမည်တစ် ခု၌ အဘယ်ရာဝတ္ထုသည် နှင်းဆီပန်းဖြစ်ပါသနည်း။ အရောင်ကိုခေါ်မည်လော၊ အနံ့ကိုခေါ်မည်လော၊ ပန်းပွင့်ဒြဗ် ကိုခေါ်မည်လော၊ ပန်းပွင့်ပုံသဏ္ဍာန်ကို ခေါ်မည်လော၊ အခြားအမည်ဖြင့် ခေါ်ကြသော အခြားပန်းပွင့်တို့မှာလည်း နှင်းဆီကဲ့သို့သော မွှေးကြိုင်သည့်ရနံ့ ရှိကြမည်သာဖြစ်သည်။ သို့သော် ပုံသဏ္ဍာန်နှင့် ဖွဲ့စည်းပုံတို့ကတော့ တူကြမည်မဟုတ် ပေ။
ထို့ကြောင့် သစ္စာ၌ အမည်နာမ မလိုပေ၊ သစ္စာကို အမည်ပေးရန်မရှိ၊ သစ္စာသည် ဗုဒ္ဓဘာသာလည်းမဟုတ်၊ ခရစ်ယာန်ဘာသာလည်း မဟုတ်၊ မူဆလင်ဘာသာလည်း မဟုတ်၊ သစ္စာသည် Philosophy-လည်းမဟုတ်၊ Psychology-လည်းမဟုတ်၊ ဘာသာရေးလည်းမဟုတ်။ သစ္စာသည် ထိုအမည် နာမအားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။
သစ္စာကို မည်သည့်ဘာသာဝါဒတို့ကမျှ ဆုတ်ကိုင် ထားနိုင်ခြင်းမရှိ၊ ဘာသာဝါဒစွဲတစ်ခုကြောင့် ဖြစ်ပေါ် လာသော အမည်နာမတို့သည် သစ္စာတရားကို ရှာဖွေခြင်းနှင့် လွတ်လပ်စွာ သိမြင်ခြင်းတို့၏ အတားအဆီး အနှောက် အယှက် များဖြစ်ကြကုန်၏။ ထိုအမည်နာမအမျိုးမျိုးသည် လူသားတို့၏စိတ်၌ အန္တရာယ်များသော အပိတ်အပင်အ တားအဆီးတို့ကို ဖြစ်စေကြကုန်၏။
ဤအမည်နာမတို့ကြောင့် လူသားအချင်းချင်း ဆက်ဆံရေး၌လည်းကောင်း၊ စိတ်ဓာတ်ရေးရာ၌လည်း ကောင်း၊ အသိဉာဏ်ပညာရေးရာ၌လည်းကောင်း အတား အဆီး အနှောက်အယှက် မြောက်များစွာဖြစ်ရကုန်၏။ ဥပမာ- ကျွနု်ပ်တို့သည် လူတစ်ယောက်ကိုတွေ့မြင်၏။ထိုအခါ ကျွနု်ပ်တို့သည် ကျွနု်ပ်တို့တွေ့ရသော ထိုလူကို လူသား တစ်ယောက်ပါပဲဟူ၍ မရှုကြည့်ကြပဲ ကျွနု်ပ်တို့သည် ထိုလူ့အ ပေါ်၌ Loving-အမည်နာမအမျိုးမျိုး ကပ်ကြလေ၏။
ဥပမာ- လူတစ်ယောက်ကိုတွေ့၏။ ဘာလူမျိုးလဲ၊ အင်္ဂလိပ်လူမျိုးလား၊ အမေရိကန်လူမျိုးလား၊ အာရပ်လူမျိုး လား၊ တရုတ်လူမျိုးလား၊ ကုလားလူမျိုးလား စသည်ဖြင့် အမည်နာမ အမျိုးမျိုး တပ်ကြလေကုန်၏။
ထို့ကြောင့် ကျွနု်ပ်တို့စိတ်ထဲ၌ ထိုလူနှင့်ပတ်သက် သည့် အမည်နာမအမျိုးမျိုးကြောင့် များစွာ အနှောက်အ ယှက် ဖြစ်ကြကုန်၏။ အင်္ဂလိပ်ဆိုရင် ဒို့ကမကြိုက်ဘူး၊ အမေ ရိကန်လူမျိုးမှ ကြိုက်သည် စသည်ဖြင့်- ကြိုက်/မကြိုက်နှစ် မျိုးဖြစ်ရခြင်းသည် လူဆိုသည့်အပေါ်၌ အင်္ဂလိပ်-အမေရိ ကန်ဟူသော အမည်တပ်လိုက်ခြင်းကြောင့်ဖြစ်သည်။
သို့သော် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့ပေးထားသော ထိုအမည်နာမအမျိုးမျိုးတို့ကြောင့်ဖြစ်ရသည့် အတားအဆီး အနှောက်အယှက် ပဋိပက္ခအပေါင်းတို့မှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါသည်။
လူသားတို့သည် အမည်နာမ ခွဲခြားမှုမရှိသည့် သဘောကို ကြိုက်နှစ်သက်ကြသည်။ လူသားတို့သည် လူသားတို့၏ အရည်အချင်း , ဂုဏ်သိက္ခာ , အကျင့်သီလ , အသိပညာ စိတ်ဓာတ်အားဖြင့်တန်းတူညီမျှ ဖြစ်သည့် သဘောကို ကြိုက်နှစ်သက်ကြသည်။
လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ နေထိုင်သည့်ရေ မြေ မည်သို့ပင် အမည်အမျိုးမျိုးအောက် ရောက်နေကြသော် လည်း တိုင်းပြည်အသီးသီးရှိ လူမျိုးအသီးသီး၏နှလုံးသားဝယ် ကိန်းအောင်းနေသည့် ချစ်ခြင်း မုန်းခြင်း ညှင်းဆဲခြင်း သည်းခံခြင်း အစရှိသော စိတ်တို့၏သဘောမှာ တူညီသော သဘောလက္ခဏာ ရှိကြကုန်၏။
အဖျားဖြတ်ဆေးတစ်လက်ကို ဖော်စပ်ပုံတူညီပါ လျှက် အမေရိကန်မှာလုပ်သည်ဆိုလျှင် လူတကာအထင်ကြီး ကြသော် လည်း ထိုဖော်စပ်ပုံအတိုင်းပင် မြန်မာပြည် မှာလုပ်သည်-ဟုတံဆိပ်ကပ်လျှင်အထင်မသေးသင့်။ အမှတ်တံဆိပ် ကွာပေမယ့် ဖော်စပ်ပုံတူညီသောကြောင့် စွမ်း ရည်သတ္တိတို့လည်း တူညီကြကုန်၏။ အဖျားပျောက်သည်မှာ အတူတူပင်ဖြစ်သည်။
သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာ-ဒါန သီလ ဘာဝ နာ၊ ခရစ်ယာန်-ဒါန သီလ ဘာဝနာ၊ အစ္စလာမ်- ဒါန သီလ ဘာဝနာ စသည်စသည်ဖြင့် သူတော်ကောင်းအကျင့်တို့ အပေါ်၌ အမည်နာမမျိုးစုံတို့ ကပ်ရောက်သွားလျှင် အတွင်းရှိ အစွမ်းသတ္တိကို မေ့လျော့ကာ အပေါ်ယံအမည်၌ ငြင်းခုံနေ ကြမည်သာဖြစ်ကုန်၏။
သို့ဖြစ်ခြင်းကြောင့် သစ္စာတရား၌ ဘာသာရေး အမည်ဆိုင်းဘုတ် မလို၊ ဓမ္မ၌လည်း ဘာသာရေးဆိုင်း ဘုတ် ထိုးရန်မလို။သီလ သမာဓိ ပညာတို့သည် စံနစ်တကျ ဖော်စပ်ထားသော ဆေးသမားကြီး၏ ဆေးစွမ်းကောင်းများ ဖြစ်ကြကုန်၏။ ထိုဆေး စွမ်းကောင်းတစ်လက်ကို အပေါ်မှာ တပ်ထားသော အမည် အမျိုးမျိုးကြောင့် ရောဂါသည်အ ပေါင်းတို့ မငြင်းခုံသင့်။ ရှောင်လွှဲ မသွားသင့်။ နာမပညတ်ကို ကျော်ဖြတ်၍ ဓမ္မဆေးကို သောက်ရန်သာဖြစ်သည်။
ထို့ကြောင့် ဓမ္မသည် Religion-လည်းမဟုတ်၊ Philosophy- လည်းမဟုတ်။ သူ့ကိုတပ်ရန် မည့်သည့်အမည် နာမမျှ မလို၊ လူသားထုတစ်ရပ်လုံး စွဲကပ်သည့် ကိလေသာ ရောဂါဆိုးကြီးကို ဖြေဖျောက်ပေးမည့် ဆေးစွမ်းကောင်း တစ် လက်သာဖြစ်၏။
ဓမ္မဆေးကို ဗုဒ္ဓက ဖော်စပ်ပေးသည်ဖြစ်ခြင်းကြောင့် ဗုဒ္ဓ၏တပည့်သာဝကတို့သည်သာ ပိုင်ဆိုင်ကြသည်မဟုတ်၊ ချစ်ခြင်း မုန်းခြင်း အစရှိသော နာတာရှည်ရောဂါဆိုးကြီး စွဲကပ်နေကြသည့် လူသားတိုင်းက ပိုင်ဆိုင်ကြသည်သာဖြစ် ၏။ ထို့ကြောင့် ဓမ္မသည် သစ္စာ၊ သစ္စာသည် Religion-မဟုတ်၊ သစ္စာသည် နေရာတိုင်း လူသားတိုင်းမှာရှိသည်။ လူသားတိုင်း သည် သစ္စာကို သိမြင်ပိုင်ခွင့်ရှိသည်။
သစ္စာတရားကိုရှာဖွေစဉ် ရှာဖွေသူထံသို့ ရရောက် လာသော အတွေးအကြံမှန်သမျှတို့သည် အမည်နာမနှင့် ရုပ်ဒြဗ်တို့ မဟုတ်ကြလေကုန်။ တကယ်စင်စစ်တော့ စိတ်ဓာတ်နှင့် အသိဉာဏ်တို့သာဖြစ်ကုန်၏။
စိတ်ဓာတ် အတွေးအကြံ အသိဉာဏ် ဖွံ့ဖြိုးတိုး တက်ခြင်းနှင့် ထို၏အကြောင်းရင်းသည် ပညာသာ ပဓာန ဖြစ်၏။ တကယ် စင်စစ် သစ္စာကိုသိနားလည်ဖို့ရန်အလို့ငှါ ထိုသစ္စာကို ဘယ်သူသင်ပြသည်၊ ဘယ်လူမျိုးဟောကြားသည်၊ ဘယ်တိုင်းပြည်ကလာသည်- စသည့်အချက်တို့ကို သိရန်မ လို၊ သစ္စာ၌ တိုင်းပြည် လူမျိုး ပုံသဏ္ဍာန် အရွယ်အစား အရောင်အသွေးမရှိ။သစ္စာတရားသည် ထိုကဲ့သို့သော အ တားအဆီး အနှောင်အဖွဲ့တို့မှ လွတ်မြောက်ပြီးဖြစ်၏။
တစ်ခုသောအခါ မြတ်ဗုဒ္ဓသည် အိုးလုပ်သူတို့ ၏တဲ၌ ခရီးသွားခိုက် ဝင်ရောက်နားခို၏။ ထိုတဲ၌ ဗုဒ္ဓ၏ရှေး ဦး စွာက ရသေ့တစ်ယောက် ဝင်ရောက်ပြီး တည်ခိုနေထိုင် ဆဲဖြစ်နေ၏။ အိုးလုပ်တဲကြီးက ကျယ်ဝန်းဟန်တူပါသည်။ ရဟန်းနှင့် ရသေ့တို့နှစ်ယောက် လွတ်လပ်စွာ တည်းခိုခွင့် ရှိကြ၏။တစ်ယောက်နှင့် တစ်ယောက်မူကား မသိရှိကြ။ ဗုဒ္ဓကလည်း ရသေ့ကိုလေ့လာ၊ ရသေ့ကလည်း ဗုဒ္ဓကိုလေ့လာ၊ ထို့နောက် အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြ၏။ မြတ်ဗုဒ္ဓက ထိုရသေ့ကိုမေး၏။
"သင်သည် မည်သူ့ကို ရည်ညွှန်း၍ ရသေ့ဝတ် သနည်း"။ ရသေ့ကဖြေ၏။ "အကျွနု်ပ်၏ဆရာသည်သကျမုနိ ဂေါတမဗုဒ္ဓဖြစ်၏။ သကျမုနိ ဂေါတမဗုဒ္ဓကို ဆရာဟူ၍ ရည် ညွှန်းကာ ရသေ့ပြုခဲ့ပါသည်။ အကျွနု်ပ်သည် သကျမုနိဂေါတ မြတ်ဗုဒ္ဓ၏ ဓမ္မကို ကြိုက်နှစ်သက်ပါသည်"ဟု ဖြေကြား၏။
"သင်သည် သင့်ဆရာကို မြင်ဖူးသလော"။
"မမြင်ဖူးပါ"။
"သင့်ဆရာ၏ ဓမ္မကိုကော ကြားဖူးပြီးပြီလော"။
"မကြားဖူးသေးပါ"၊
"သို့ဖြစ်လျှင် ငါသည် သင့်ကို ဓမ္မတစ်ပုဒ်လောက် ဟောပြမည်၊ နားကြားမည်လော"။
"နာကြားပါမည်"ဟု ဖြေကြားသောအခါ မြတ်ဗုဒ္ဓ က သစ္စာလေးပါး မြတ်တရားကိုဟောကြားတော်မူလေသည်။ ဓမ္မ၏နိဂုံး၌ ထိုရသေ့သည် သစ္စာကိုအကြွင်းမဲ့ထွင်းဖောက်၍ သိမြင်သွားလေသည်။
ဤ၌ သစ္စာကိုရှာဖွေသူ ရသေ့ပုက္ကုသာတိသည် သူ့အား သစ္စာတရားဟောပြနေသည့် သူ့ဆရာဗုဒ္ဓကိုပင် သူသည် ဗုဒ္ဓမှန်းသိခဲ့သည် မဟုတ်ပေ။ သစ္စာတရားကို ထိုးထွင်းသိမြင်ပြီးမှသာလျှင် ထိုသစ္စာတရားဟောကြား သူဟာ သူရည်မှန်းထားသော သူ့ဆရာမှန်းသိခဲ့လေသည်။
ထိုအခါမှ ရသေ့သည် မြတ်ဗုဒ္ဓနှင့် အိုးလုပ်တဲ၌ တစ်ညတာ အတူနေခဲ့ရာ ဗုဒ္ဓမှန်းမသိ အရိုအသေမပြုခဲ့မိ သည်တို့ကို ရှိခိုးဝန်ချ တောင်းပန်ကန်တော့ခဲ့လေသည်။ သစ္စာကို အလျှင်သိ၊ သစ္စာကိုဟောကြားသည့် သူ့ဆရာကို နောက်မှသာ သိသည့် ပုက္ကုသာတိသည် မြတ်ဗုဒ္ဓထံ တပည့်ခံ၍ ရဟန်းပြုခဲ့ လေသည်။ ကိုးကွယ်မှုကို အခြေခံသည့် Religion-ဟူသော ဘာသာတရားအားလုံးတို့သည် ယုံကြည်မှုအပေါ်၌ တည် ဆောက်ထားကြကုန်၏။ ဉာဏ်မပါသော ထိုယုံကြည်မှုတို့ သည် အကန်းတို့သာဖြစ်ကြကုန်၏။ ဗုဒ္ဓ၏အဆုံးအမက ယုံကြည်ခြင်း သဒ္ဓါကို ကြောင်းကျိုးဆင်ခြင်သိမြင်ခြင်း ဟူသော ပညာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ သဒ္ဓါဟူသော ယုံကြည်ခြင်းမှာလည်း ကျေနပ်သဘောတူ လက်ခံပြီးဖြစ်သောကြောင့် စိတ်ချယုံကြည်ခြင်းဖြစ်၏။ ကျေနပ်ခြင်း သဘောတူညီခြင်း ကြောင်းကျိုးဆင် ခြင်ခြင်းမရှိသော ယုံကြည်ခြင်းမျိုးကို ဗုဒ္ဓသာသနာတော်က အကန်းယုံဟု ဆိုနိုင်သည်။ ကြောင်းကျိုးသိမြင်ဆင်ခြင်ပြီးမှ ယုံကြည်စိတ်ချသော သဒ္ဓါဖြင့် ကိုးကွယ်ခြင်းမျိုးသည် အဆင့် မြင့်ကိုးကွယ်ခြင်း (သို့မဟုတ်) တကယ်ပင် သရဏဂုံတင်ခြင်း ဖြစ်ပေသည်။ ၄-ရာစုနှစ်က အလွန်ထင်ရှားကျော်ကြားသည့် ကြီးကျယ်သော အတွေးအခေါ်ပညာရှင် အာသိင်္ဂဆရာ ကြီး၏ အဘိဓမ္မာကျမ်းအရ သဒ္ဓါသည် အဆင့်သုံးဆင့် ရှိသည်။
၁။ အကြောင်းအချက်တစ်ခုကို ပြည့်စုံအခိုင်အမာ ယုံကြည်ခြင်း၊
သို့သော် ယုတ္တိရှိသော အရည်အချင်းကို နားမ လည်သေး။
၂။ ယုတ္တိကောင်းသော အရည်အချင်းတစ်ခုကို သိမြင် နားလည်၍ ရွှင်လန်းစွာ ယုံကြည်၏၊
သို့သော် အယူ ဝါဒတစ်ခုကို လက်မခံသေး။
၃။ ပြည့်စုံခိုင်မြဲစွာလည်းသဘောတူ၏။ယုံကြည် လောက်သော အရည်အချင်းကိုလည်း ကောင်းစွာဆင်ခြင် နိုင်၏။ အယူဝါဒတစ်ခုခုကိုလည်း ရွှင်လန်းစိတ်ဝင်စားစွာ လက်ခံယုံကြည်၏။
အာသိင်္ဂအဘိဓမ္မာဆရာကြီးက သူ၏အဘိဓမ္မာ သမုစ္စယကျမ်းတွင် ဤသို့ဆိုခဲ့လေသည်။
ဗုဒ္ဓဃောသဆရာကြီး၏ အဘိဓမ္မာအဖွင့်ကျမ်း ပေါင်းမြောက်များစွာတို့တွင်လည်း အာဂမနသဒ္ဓါ အဓိဂမန သဒ္ဓါ ဩကပ္ပနသဒ္ဓါ ပသာဒသဒ္ဓါ ဟူ၍ သဒ္ဓါအမျိုးအစား များစွာကို ခွဲပြထားပါသည်။ အစဉ်အလာအားဖြင့် ယုံကြည် ခြင်း၊ သင်ကြားခြင်း၊ နာကြားခြင်းတို့ဖြင့် တိုးတက်လာသော ယုံကြည်ခြင်း၊ ကျင့်သုံးမှုကို အခြေခံ၍ ပေါက်ရောက်သော ယုံကြည်ခြင်း၊ သစ္စာသိသောကြောင့် အမြင့်ဆုံးရောက်ရှိသည့် ယုံကြည်ခြင်းတို့ဖြင့် ခွဲခြားပြခဲ့လေသည်။
အစဉ်အလာအားဖြင့် ယုံကြည်လက်ခံခြင်း Traditional Belief-သည် အကန်းယုံ Blind Faith နှင့် ရောနှောဆက်စပ်မှုရှိလေသည်။ ယုံကြည်ခြင်း မယုံကြည်ခြင်း ဆိုတဲ့ ပြဿနာ၌ မြင်ခြင်း မမြင်ခြင်းဟူသော အဓိပ္ပါယ်များ ပါဝင်သည်။ မြင်ရလျှင်ယုံ၏။ မမြင်ရလျှင် မယုံနိုင်ဟူသော လောကစကား၌ Seeing and blinding-တို့ ဟန်ချက်ညီစွာ ပေါင်းစပ်ပေးသည့် အဓိပ္ပါယ်ဖြစ်၏။
ထို့ကြောင့် သိမြင်ခြင်းဟူသော စာလုံးတိုင်း၌ ယုံ ကြည်ခြင်းဟူသောအဓိပ္ပါယ်ပါရမည်။ ယုံကြည်ခြင်းဟူသော စာလုံး၌လည်း သိမြင်ခြင်းဟူသော အဓိပ္ပါယ်ပါရမည်။ သို့ သော်လည်း ပတ္တမြားလုံးကို လက်တွင်ဆုပ်ထားသော လူတစ် ယောက်က ငါပတ္တမြားလုံးကိုဆုပ်ထားသည် သင်ယုံရဲ့လားဟု အခြားသူတစ်ယောက်ကို မေးလျှင် ထိုသူက ပြောနိုင်သည် "ငါသည် ထိုပတ္တမြားကို မမြင်ရသောကြောင့် မယုံဘူး" အကယ်၍ လက်သီးဆုပ်ကိုဖွင့်လျှက် လက်ဖဝါးပြင်တွင် ပတ္တမြားကို တင်ပြလိုက်လျှင် ထိုသူကိုယ်တိုင် မြင်ရသည်ဖြစ် ခြင်းကြောင့် ထိုသူသည် ကျွနု်ပ်မယုံဟု ပြောဆိုဖွယ်ရာမရှိ တော့ပေ။ ထို့ကြောင့် သစ္စာကိုရှုမြင်ရာ၌ လက်ဖဝါးပြင်တွင် တင်ထားသောပတ္တမြားကို ထင်ရှားစွာမြင်ရသကဲ့သို့ သန္ဒိဋ္ဌိက သစ္ဆိကရဏဖြစ်ရမည်မှာ မြတ်ဗုဒ္ဓဓမ္မ၌ ပရမတ္ထနှင့်သစ္စာ တို့၏ သဘောဖြစ်သည်။
ထို့ကြောင့်ပင် ကေသမုတ္တိရွာ၌ အတ္တနာဝ ဇာနေယျာထ-ဟူသောစကားကို ကာလာမတို့ အား မြတ်ဗုဒ္ဓမိန့်ကြားခဲ့ခြင်းဖြစ်သည်။
ပရမတ္ထနှင့်သစ္စာကို သိခြင်းဟူသည် ကိုးကွယ်ခြင်း ဆည်းကပ်ခြင်း ယုံကြည်ခြင်း ကြိုက်နှစ်သက်ခြင်း ငြိကပ်ခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း ခန့်မှန်းတွေးဆခြင်း ဓလေ့ ထုံးစံ တဆင့်ကြား ကောလဟလများကို ကျော်လွန်၍ ကိုယ်တိုင် ကိုယ်ပိုင်သောဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော သန္ဒိဋ္ဌိက အမြင်မျိုး ဖြစ်လေသည်။
နိဗ္ဗာန်ကို မြင်သောသူဟူသည်ကား မိမိ၏ ကိလေ သာ အမှောင်ကိုမိမိကိုယ်တိုင်ပယ်ဖျောက်ပြီးသူသာဖြစ်သည်။ မိမိ၏ကိလေသာအမှောင်ကို မိမိကိုယ်တိုင်မပယ် ဖျောက်နိုင် သေးသူသည် ယုံကြည်ခြင်း ကိုးကွယ်ခြင်း နှစ်သက်ခြင်း လက်ခံခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း မှန်းဆခြင်းတို့ဖြင့် နိဗ္ဗာန်ကို တကယ်မမြင်နိုင်ပေ။
နိဗ္ဗာန်ကို ယုံကြည်ခြင်းသည် ပဓာနကျသည့်ကိစ္စမ ဟုတ်၊သိခြင်းမြင်ခြင်းသည်သာ ပဓာနဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ဓမ္မ၌ ဧဟိပဿိကဟူသော ဂုဏ်အရည်အချင်း တစ်ခု ရှိလေသည်။
ဧဟိပဿိကဆိုသည်ကား Come and see- လာကြကြည့်ကြဟု ဖိတ်ခေါ်နေခြင်းဖြစ်သည်။
Come and believe - လာကြယုံကြည်ကြဟု ဖိတ်ခေါ်နေခြင်း မဟုတ်။
ဗုဒ္ဓစာပေ၌ သစ္စာကိုသိသောပုဂ္ဂိုလ်တို့၏ အကြောင်း အရာကို ဖေါ်ပြသော နေရာတိုင်း၌ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ-မြူကင်းသောအညစ်အကြေးကင်းသော ဓမ္မစက္ခု သည်ဖြစ်၏။
"The dustless and stainless Eye to Truth (Dhamma cak khu) has arisen" သစ္စာကိုမြင်၏။
သစ္စာကို ရ၏။ သစ္စာဉာဏ်သို့ရောက်၏။ သစ္စာကိုသိ၏။ သစ္စာကို ထွင်းဖောက်၏။ ယုံမှားမှုအားလုံးကို ပယ်ဖျောက်၏။ တွေဝေခြင်းမရှိ။ မှန်သောဉာဏ်ဖြင့်သိ၏။
(ယထာဘူတံ ပဇာနာတိ) ဗုဒ္ဓရှင်တော် ကိုယ်တိုင်၏ဗောဓိဉာဏ်ကို ရတော်မူရာ၌လည်း
"စက္ခုံ ဥဒပါဒိ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ-မျက်လုံးဖြစ် လာ၏။ ပညာဉာဏ်ဖြစ်လာ၏။ ဗောဓိဉာဏ်ဖြစ်လာ၏။ ဝိဇ္ဇာဉာဏ်ဖြစ်လာ၏။ အဝိဇ္ဇာအမှောင်ဖျောက်၍ ဝိဇ္ဇာအရောင်ရောက်လာ၏"ဟု ဗုဒ္ဓကိုယ်တိုင်ပင် မိန့်တော်မူ ခဲ့ပါသည်။
သို့ဖြစ်ခြင်းကြောင့် နိဗ္ဗာန်ကို ဉာဏ်ဖြင့်သာ မြင်နိုင် သိနိုင်သည်။ ယုံကြည်ရုံမျှဖြင့် မြင်သိနေသော အရာမျိုးမ ဟုတ်။
ဤအချက်သည် ဗြဟ္မဏပဏ္ဍိတ် ဘာသာရေးခေါင်း ဆောင်တို့က သူတို့၏နောက်လိုက် ကိုးကွယ်သူတို့ကို ဗြဟ္မဏ ဘာသာရေးဓလေ့ထုံးစံတို့အပေါ်၌ ဤသည်ပင်လျှင်အမှန် တရားစုံစမ်းစစ်ဆေးရန်မလိုဟု သဘောထားသေးစွာဖြင့် အတင်းအကြပ် တိုက်တွန်း၍ ယုံကြည်လက်ခံကိုးကွယ်စေ သည့်ကာလဒေသ၌ မြတ်ဗုဒ္ဓ၏ ဤဧဟိပဿိက ဓမ္မစက္ခုစ သည့် အဆုံးအမတို့မှာ နာကြားရသူ လူအပေါင်းတို့၏စိတ် ဝယ် အထူးပင် နှစ်ခြိုက်စိတ်ဝင်စားဖွယ် ဖြစ်ခဲ့လေသည်။
ဗုဒ္ဓလက်ထက်တော်အခါ ထင်ရှားကျော်ကြားသည့် ပညာတတ်ဗြဟ္မဏတစ်စု ဗုဒ္ဓထံသို့ ရောက်သွားကြ၏၊ တွေ့ ဆုံမေးမြန်းကြ၏၊ ဆွေးနွေးမေးမြန်းဘွယ်ကား ရှည်လျှားစွာ၏၊ ထိုဗြဟ္မဏအုပ်စုတွင် ကာပဋ္ဌိယဟူသော ၁၆-နှစ်အရွယ် ဗြဟ္မဏလူငယ်တစ်ယောက်ပါ၏။
ထိုကာပဋ္ဌိယဗြဟ္မဏက မြတ်ဗုဒ္ဓအား မေးခွန်းထုတ် လေသည်၊ "အို အရှင်ဂေါတမ မွန်မြတ်သည့် ရှေးဟောင်း ဗြဟ္မဏစာပေတို့သည် အဆက်မပြတ်သော ဗြဟ္မဏပညာ တတ်တို့၏ ဆရာအစဉ်အဆက်အတိုင်း နှုတ်ဆင့်ကမ်း သယ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုဗြဟ္မဏ စာပေအရ ဗြဟ္မဏတွေအားလုံး သဘောတူဆုံး ဖြတ်ကြသည်မှာ ထိုစာ ပေ၏အဆိုအမိန့်သည်သာလျှင် မှန်၏။အခြားအယူအဆ တို့သည် အမှားချည်းသာဖြစ်ကုန်၏၊ ဗြဟ္မဏတို့၏ ထိုအဆို အမိန့်နှင့် ပတ်သက်၍ အရှင်ဂေါတမ၏သဘောထား အ ဘယ်သို့ပါနည်း"။
မြတ်ဗုဒ္ဓက ပြန်၍မေးခွန်းထုတ်၏ "ထိုဗြဟ္မဏ အပေါင်းတို့တွင် ထိုဗြဟ္မဏတို့၏စာပေကို ဤသည်သာလျှင် အမှန် အခြားတို့သည် အမှားတည်း"ဟု ပြောနိုင်လောက် အောင် ထိုဗြဟ္မဏစာပေကို ကိုယ်တိုင်သိ ကိုယ်တိုင်မြင်သော ဗြဟ္မဏတစ်ယောက်တစ်လေရှိသလား။
ပုဏ္ဏားငယ်သည် ရိုးသားသောကြောင့် " မရှိပါဘု ရား" ဟု ဝန်ခံ၏။ မြတ်ဗုဒ္ဓက ထပ်မံ၍မေး၏။ ဗြဟ္မဏဆရာ ခုနှစ်ဆက်တိုင်အောင်နောက်ပြန်၍ ရေတွက်ကြည့်လျှင် ဗြဟ္မဏတို့၏ ဆရာ့ဆရာစဉ်ဆက်တို့တွင် ထိုဗြဟ္မဏစာပေ သည်သာ မှန်၏၊ အခြားစာပေသည် မှား၏ဟု ပြောနိုင်သော ထိုဗြဟ္မဏတို့၏စာပေကို ငါကိုယ်တိုင်သိ၏ , ငါကိုယ်တိုင်မြင် ၏ဟု ပြောနိုင်သော ဗြဟ္မဏဆရာ တစ်စုံတစ်ယောက်မျှ ရှိလေသလား။ " မရှိပါဘုရား"ဟု ပုဏ္ဏားငယ်သည် ရိုးသားစွာ ဝန်ခံ၏။ "အိုဗြဟ္မဏ ထိုသို့ဖြစ်လျှင် နောက်နောက်ဆရာ တို့က ရှေးရှေးဆရာတို့၏ ဝါဒကို မသိမမြင်ကြပဲ မျက်စိမှိတ်၍ ယုံကြည်နေကြသော သင်တို့၏ဆရာစဉ်ဆက်သည် ရှေ့က ခေါင်းဆောင်သွားသည့်အကန်းတစ်ယောက်ကို နောက်အစဉ် တန်း၍ မှီခိုလိုက်နေကြသော အကန်းတန်းကြီးနှင့် တူလေ သည်။ ရှေ့လူလည်းကန်း၏၊ အလယ်လူလည်းကန်း၏၊ နောက်လူလည်းကန်း၏၊ မမြင်ကြမူ၍ ယုံကြည်ခြင်းဖြင့် လက်ခံနေကြသော အကန်းတန်းကြီးကဲ့သို့ သင်တို့ဆရာစဉ် ဆက် ဖြစ်ချေပြီတကား။
မြတ်ဗုဒ္ဓသည် ဗြဟ္မဏအုပ်စုကြီးအား အလွန်အရေး ကြီးသည့် အကြံဉာဏ်များပေးခဲ့လေသည်။ "အိုဗြဟ္မဏတို့ ငါတို့၏အယူသာလျှင် မှန်၏ , သူတပါးတို့၏အယူဝါဒသည် မှား၏ဟု တဘက်သတ် ဆုံးဖြတ်ချက်ချ၍ ပြောဆိုခြင်းသည် ပညာရှိတို့၏ သဘောထားမဟုတ်၊ ထို့သို့သောဆုံးဖြတ်ခြင်းမျိုး သည် ပညာရှိတို့အား မလျှောက်ပတ်၊ ပညာရှိမှန်လျှင် ဤသို့ သော အယူအဆကို စွန့်လွှတ်အပ်၏။ "
ဗြဟ္မဏတို့သည် သစ္စာတရားကို မည်သို့ထိမ်းသိမ်း ရမည် , ကာကွယ်ရမည်ကို မြတ်ဗုဒ္ဓအား မေးမြန်းကြလျှင် မြတ်ဗုဒ္ဓက ဤသို့လျှင် ရှင်းပြတော်မူ၏။ "လူတစ်ယောက်၌ ယုံကြည်မှုရှိ၏၊ ဤသည်ကား ငါ၏ယုံကြည်မှုတည်း၊ ဤမျှ လောက်ဖြင့် သူသည် သစ္စာကို ထိမ်းသိမ်းထားနိုင်သော်လည်း သစ္စာတရား ထိုးထွင်းသိမြင်၏၊ အဆုံးသတ်သို့ လုံးဝမရောက် နိုင်ချေ၊ တနည်းအားဖြင့် လူတစ်ယောက်သည် မိမိကြိုက်နှစ် သလို ယုံကြည်နိုင်ခွင့်ရှိ၏၊ ငါသည် ဤသည့်အချက်ကို ယုံ ကြည်၏ဟု ပြောဆိုနိုင်ခွင့်ရှိ၏၊ သို့သော် ငါ၏ယုံကြည်ချက် သည်သာလျှင် မှန်၏ ,သူတစ်ပါးတို့၏ ယုံကြည်ချက်သည်မှား ၏ဟု ပြောဆိုပိုင်ခွင့်မရှိချေ။ ဤအထိ ထိုသူသည် သူ၏ သစ္စာကို သူသည် အလေးအမြတ်ထားဆဲဖြစ်၏။ ထားလည်း ထားနိုင်၏။ သို့သော် အခြားယုံကြည်ချက်များကို မှား၏ဟု မဆိုသင့်ချေ။
တစ်စုံတစ်ခုသော အယူဝါဒကို အထင်သေးရှုံ့ချ၍ တစ်စုံတစ်ခုသော အယူဝါဒကို ယုံကြည်စွဲလမ်း၍နေခြင်း သည် ပညာရှိတို့အတွက် နိမ့်ကျသော အစွဲအလမ်း အနှောင် အဖွဲ့ဖြစ်သည်။ မြတ်ဗုဒ္ဓရှင်းလင်းစွာ ဟောပြထားသော ကမ္မ နှင့်ဝိပါက(အကြောင်းအကျိုး) ဝါဒကိုပင် ရှင်းလင်းလှသည် , မွန်မြတ်လှသည် , သန့်ရှင်းလှသည် , နှစ်သက်ဖွယ်ကောင်းလှ သည်ဟုစွဲမက်နေလျှင် , ယုယထွေးပိုက် သိမ်းဆည်းထားလျှင် ,သံယောဇဉ်ဖြစ်လျှင် ,ထိုကြောင်းကျိုးဝါဒကို တပ်မက်၍နေ သော သံယောဇဉ်ကြောင့်ပင်လျှင် ဘဝသံသရာမှ လွတ် မြောက်ခြင်း၏ အတားအဆီးဖြစ်နိုင်သည်။ ဥပမာ- ဖောင်ဖွဲ့၍ မြစ်တစ်စင်းကို ဖြတ်ကူးသွားသူ သည် ထိုဖောင်ကို မြစ်ကိုဖြတ်သောအခိုက်၌သာ သုံး စွဲရခြင်းဖြစ်သည်၊ မြစ်ကိုဖြတ်ပြီး၍ ဟိုဘက်ကမ်းသို့ တက် သွားပြီးသောအခါ ထိုဖောင်ကြီးကို တွယ်ဖက်စွဲမက်၍ နေသောကြောင့် ခေါင်းပေါ်မှာရွက် ပခုံးပေါ်မှာ ထမ်း၍ ကမ်းပေါ်သို့ သယ်သွားလျှင် ထိုသူကို သူမိုက်ဟူ၍ အဆိုခံရ ပေမည်၊ ကမ်းပေါ်သို့တက်ပြီးလျှင် ထိုဖောင်ကို စွဲမက်နေရန် မလို၊ သံယောဇဉ်မဖက် မြစ်တွင်းမှာပင် ထားခဲ့ရန် ဖြစ်သည်။
ဗုဒ္ဓ၏ဓမ္မသည် ဘဝပင်လယ်ကိုကူးဖို့ရန် လှေ သင်္ဘော သဖွယ်ဖြစ်၏။ ထိုဓမ္မတည်းဟူသောသင်္ဘောဖြင့် သံသရာပင်လယ်ကို ကူးမြောက်ပြီးလျှင် သံသရာတစ်ဘက် ကမ်းသို့ တက်လှမ်း ပြီးသူသည် ဓမ္မတည်းဟူသော သင်္ဘော ကြီးကို ဆက်လက်၍ ဆွဲ ကိုင်ထားဖွယ်ကိစ္စမရှိတော့ပြီ။
လူသားတို့သည် ဘဝသံသရာပင်လယ်ခရီးလမ်းမှာ လျှောက်လှမ်းနေဆဲဖြစ်၏၊ သံသရာပင်လယ်သည် ကျယ် ပြောစွာ၏၊ နက်ရှိုင်းလှ၏၊ တခါတရံမုန်တိုင်းထန်၏။ တခါတရံလှိုင်းထူ၏။ ဘဝပင်လယ်၏ဤဘက်ကမ်းသည် အန္တရာယ်များလှ၏။ ဟို ဘက်ကမ်းရောက်လျှင် အန္တရာယ် ကင်း၏။ ကမ်းနှစ်ဘက်ကို ကူးဆက်ထားပြီးသား တံတား အဆင်သင့်မရှိ။ ဆောက်လုပ်ထားပြီးသား လှေသင်္ဘော အဆင်သင့်မရှိ၊ သို့ဖြစ်ခြင်းကြောင့် လှေသင်္ဘော ဆောက်ဖို့ ဖောင်ဖွဲ့ဖို့ သစ်ဝါးတို့ကို စုရမည်။ မိမိ၏ခြေ လက်တို့ ဖြင့် ဖောင်ဖွဲ့ရမည်။
လှေသင်္ဘောဆောက်ပြီးလျှင် မိမိခြေလက်ဖြင့် လှေ သင်္ဘောပေါ်တက်၍ ကူးခတ်ရမည်။ ဟိုဘက်ကမ်း ရောက် လျှင် ကိစ္စပြီး၏၊ သင်္ဘောကိုထမ်း၍ တက်သွားရန်မလို။
မြတ်ဗုဒ္ဓသည် လှေသင်္ဘောတံတားတို့နှင့်တူသော ဓမ္မကို ဟောပြတော်မူ၏။ ထိုဓမ္မသည်လှေ၊ ထိုဓမ္မသည် သင်္ဘော၊ ထိုဓမ္မသည်တံတား၊ ဘဝပင်လယ်၏ ဟိုဘက်ကမ်း ကို ကူးရာ၌ အသုံးပြုရန်ဖြစ်၏၊ ဟိုဘက်ကမ်းရောက်ပြီးလျှင် ဆွဲကိုင်ထားဖွယ်မလို။ သို့ဖြစ်ခြင်းကြောင့် သံသရာပင်လယ် ကို ကူးမြောက်ပြီးသူ သည် ဓမ္မအဓမ္မကို စွန့်လွှတ်ပြီး ဖြစ်၏။
ရှင်းလင်းစွာနားလည်ရ မည်မှာ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားတို့ကို ဘေးကင်းရာ ,ငြိမ်းချမ်းရာ,ချမ်းသာရာ ဟိုဘက် ကမ်းသို့ ပို့ဆောင်သည့် သင်္ဘောဖောင်ဖြစ်၏။
သို့သော် တောအုပ်ကြီးတစ်ခုလုံး၌ ကြွေကျနေသော သစ်ရွက်တို့ကိုကောက်၍ဆုပ်လျှင် လက်ဆုပ်၌ပါသော သစ်ရွက်တို့ကား မပြောပလောက်၊ တောအုပ်တစ်ခုလုံး၌ အတိုင်းအတာပမာဏ မသိ၊ ကျန်ရှိသော သစ်ရွက်တို့ကား မီးစာ ,ပိုးစာ ,မြေစာ ဖြစ်၍ ပျက်စီးကျန်ရစ်ကုန်၏။ ထို့ကြောင့် ဓမ္မဖောင်စီး၍ နိဗ္ဗာန်ခရီးသွားမည့်သူကား မဆိုစလောက် သာရှိ၏။
ထို့ကြောင့် မြတ်ဗုဒ္ဓသည် သူသိသလောက်ဓမ္မကို သတ္တ ဝါတို့အား အကျဉ်းမဟော၊ အနည်းစုသော သတ္တဝါနှင့် ထိုက်တန်ရုံ အနည်းငယ်မျှသောဓမ္မကိုသာ ဟောတော်မူ ခဲ့ခြင်း ဖြစ်သည်။ သူသိသမျှ အကုန်ဟောတော်မမူခဲ့ချေ။
မာလုကျပုတ္တသည် ကြောင်းကျိုးဆက်စပ်မှုမရှိ၊ စိတ် ကူးယဉ်သည့် မေးခွန်းမျိုးတွေကို မြတ်စွာဘုရားအား မေးခဲ့ဖူး ပြီ။
"အိုမြတ်စွာဘုရား ဤစကြာဝဠာသည် မြဲသလော , မမြဲသလော , အဆုံးရှိသလော ,အဆုံးမရှိသလော , အတ္တသည် ခန္ဓာပင်လော , ခန္ဓာ သည်ပင်အတ္တလေလော , ခန္ဓာ၌ အတ္တ ရှိသလော , အတ္တနှင့်ခန္ဓာသည် တခြားစီလော , သတ္တဝါသည် သေပြီးသည့်နောက် ဖြစ်သလော , သတ္တဝါသည် သေပြီးသည့် နောက် မဖြစ်ဘူးလော၊ သတ္တဝါသည် သေပြီးနောက် မဖြစ်တချို့ ဖြစ်တချို့လော၊ သတ္တဝါသည် သေ ပြီးနောက် ဖြစ်သည်လည်းမဟုတ် , မဖြစ်သည်လည်းမဟုတ်လော"။
ဤကဲ့သို့သော အကျိုမဲ့စိတ်ကူးယဉ် အဖျင်း မေးခွန်း တွေကို မေးခဲ့ဖူးပြီ။
မြတ်ဗုဒ္ဓက ပြန်ကြားတော်မူ၏။ "အိုမာလုကျပုတ္တ ပညာရှိအမည်ခံပုဂ္ဂိုလ်တို့သည် ယုံမှာချိုရှိသလော , လိပ်မှာ အမွှေးရှိသလော , ပုဇွန်မှာသွေးရှိသလော၊ ခွေးလေးသန်း အဖြူရှိသလော စသည်ဖြင့် အကျိုးမဲ့ အကြောင်းမဲ့ မလိုအပ် သည့် မေးခွန်းတွေကို အမေးထုတ် အဖြေရှာ၍နေခြင်းဖြင့် သူတို့၏နှလုံးသားကို သူတို့ဖျက်ဆီး၍ နေကြကုန်၏။ သူတို့ စိတ်၏အေးချမ်းမှုကို သူတို့ အနှောက်အယှက် ပေး၍နေကြ ကုန်၏။
သူတော်ကောင်းအကျင့်ဟူသည် ဤကဲ့သို့သော အမေး အဖြေ အယူအဆတို့၌ တည်၍မှီ၍နေသည်မဟုတ်၊ ကြက်ဥဘယ်ကစ , ကြက်ဥဘာကြောင့်လုံးစသည့် အဆုံးမရှိ သည့် မေးခွန်းတို့ကို မေးနေမည့်အစား ဒုက္ခဘယ်ကစ , ဒုက္ခ ဘယ်လိုအဆုံးသတ်ရမည်ဟူ သောသစ္စာကို ရှာဖွေခြင်းသည် မွန်မြတ်၏။
မြတ်ဗုဒ္ဓက မိန့်တော်မူ၏
"ဆူပူခြင်း , လောင်ကျွမ်း ခြင်း , ဆင်းရဲခြင်း , နှိပ်စက်ခြင်း,မရောင့်ရဲနိုင်ခြင်း ,တစ်ကိုယ် ကောင်း ဆန်ခြင်းအစရှိသော စိတ်ယုတ်မာတို့သည် ဒုက္ခ၏ အစဖြစ်၏၊
စစ်သည် စိတ်ကစလျှင် ငြိမ်းချမ်းရေးသည်လည်း စိတ်ကပင်စလိမ့် မည်
စသောနေရာမှာပင် အဆုံးရှိသည်။
သမုဒယသစ္စာသည် ဒုက္ခ၏အစ၊ ထိုသမုဒယ ကုန်ဆုံးခြင်း သည် ဒုက္ခ၏အဆုံးနိရောဓဖြစ်၏။
သစ္စာကို ကိုယ်မှာ ရှာရ သည် သစ္စာတွေ့လျှင်ဒုက္ခအားလုံး ပြဿနာအာလုံး အဆုံး သတ်ပြီတည်း။
ဆောင်းပါရှင်...အရှင်ဒေဝိန္ဒာဘိဝံသ (သီတဂူ)
အရှင်ဝရသာမိ
https://shintharmi.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊