Thursday, December 31, 2009

သာသနာစော်ကား လူလိမ်များ

`ကြည်ညိုဖွယ်ရာ အများသံဃာ၊ ကိုးကွယ်ရာမှာ ရွေးချယ်ပါ´ ဟူသော မှတ်သားဖွယ်ရာ စကားလေးကို ဗုဒ္ဓဘာသာဝင်တိုင်း သေချာသိအောင်ကြိုးစား၍ ကျင့်သုံးသင့်ကြပါသည်။ ကြည်ညိုရာမှာ အများသံဃာ...ဟူသော စကားမှာ ဗုဒ္ဓဘာသာဝင်မှန်သမျှ ရဟန်းသံဃာတွေ့သမျှကို ကြည်ညိုလေးစားကြရပါမည်။ ကြည်ညိုလေးစား အရိုအသေပေးရုံမျှဖြင့် မိမိတွင်ဘာမှယုတ်လျော့ပါသွားပါ။ အရိုအသေပေးလိုက်သည်နှင့်... အာယု- အသက်ရှည်ခြင်း၊ ဝဏ္ဏ- အဆင်းလှခြင်း၊ သုခ- ချမ်းသာကြီးခြင်း၊ ဗလ- ခွန်အားဗလ ကြီးမားခြင်း ဟူသော အကျိုးလေးပါးကို ဘဝဆက်တိုင်း ရရှိပါလိမ့်မည်။ အရိုအသေ ပေးခံရသောသူက ရိုသေထိုက်သော အရည်အသွေးမရှိလျှင်လည်း သူ့လမ်းသူသွားပါလိမ့်မည်။ အရိုအသေပြု ကြည်ညိုသောအနေဖြင့်ကား ကုသိုလ်တရားသာ ရစရာရှိပါသည်။ ကိုးကွယ်ရာမှာ ရွေးချယ်ပါ ဟူသည်ကား ဆရာမှတ်မှတ်၊ သမားမှတ်မှတ် ကိုးကွယ်တော့မည် ဆိုလျင်ကား.......... ရဟန်းစစ်စစ်၊ ရဟန်းမှန် ဟုတ်မဟုတ်၊ သာသနာတော်၏ တာဝန်ကို ထမ်းဆောင်ခြင်း ရှိ မရှိ၊ လောကီ၊ လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ညွန်ပြနိုင်သော ပညာရှိသူတော်ကောင်း မှန် မမှန်.... ဟူသော အချက်တို့ဖြင့် ရွေးချယ်ရမည်ဟု ဆိုလိုပါသည်။ ထိုသို့ မရွေးချယ်မိသောကြောင့် .........မြို့နယ်မှ လူတော်တော်များများမှာ သင်္ကန်းအရေခြုံ လူတစ်ယောက်၏ အလိမ်အညာကို ခံလိုက်ကြရပါသည်။ သဒ္ဓါ နှင့် ဉာဏ်၊ နှစ်ခုသန်မှ၊ လမ်းမှန်သို့ ကျသည်ဟူသော.....ဒီပဲယင်း ဆရာတော်၏ သြဝါဒအတိုင်း တွေးခေါ်မြော်မြင်သော ပညာကနည်းပြီး၊ ကြည်ညိုသဒ္ဓါက သိပ်များနေလျင် ကြောင်သူတော်မျိုးကို ကိုးကွယ်ဆည်းကပ်မိတတ်သည်။ သဒ္ဓါက နည်းပြီး တွေးခေါ်မြော်မြင်သော ပညာကများနေပြန်လျင် သူတော်ကောင်းကို စော်ကားပြီး ကောက်ကျစ်စဉ်းလဲတတ်ပြန်သည်။ ထို့ကြောင့် ဘာသာရေးလောကတွင် အမှန်သို့ရောက်လိုလျင် သဒ္ဓါ နှင့် ပညာ ချိန်ခွင်လျှာလို ညီမျှစွာ ရှိနေကြရပါမည်။ .......၎င်းနေ့က ထိုမြို့တွင် အုံးအုံးကြွပ်ကြွပ် ဖြစ်နေကြသည်။ အကြောင်းကား........ တိပိဋက နှစ်ပုံခွဲအောင် ဆရာတော်တစ်ပါး ဆွမ်းဆန်အလှူခံကြွမည် ဖြစ်သောကြောင့်ပါတည်း။ မြို့နယ် အကြီးအကဲကို အပိုင်စည်းရုံးပြီး ဖြစ်သောကြောင့် ကားလမ်းမ တစ်လျှောက်တွင် ဆန်လှူမည် ဗုဒ္ဓဘာသာသဒ္ဓါရှင်များ ဖွေးဖွေးလှုပ်နေတော့သည်။ တိပိဋက နှစ်ပုံခွဲအောင် ကိုယ်တော်ကလည်း သမားဂုဏ် ပြနေရောသလားမသိ၊ တရားဟောတာပင် ရိုးရိုးဆရာတော်များလို မဟုတ်။ ရိုးရိုးဆရာတော်များ တရားဟောသည့်အခါ ယခု တရားတော်သည် ဘယ်ပါဠိတော်၊ ဘယ်အဌကထာ၌ လာသည် စသည်လောက်သာ ဟောပြောကြသည်။ ယခုဆရာတော်က တော်တော်ပင် အသေးစိတ်ကျသည်။ ဘယ်ပါဠိတော်၊ ဘယ်သုတ်၊ စာမျက်နှာ ဘယ်လောက်၊ ကြောင်းရေက ဘယ်လောက်..စသည်အထိ အသေးစိတ်ဟောသည်။ ထိုသို့ဟောတာကိုပင် မြို့သူမြို့သားများက တိပိဋက နှစ်ပုံခွဲအောင်ထားလို့သာ အခုလို တိတိကျကျ ဟောနိုင်တာဟု ယူဆပြီး ဆထက်တပိုး အကြည်ညိုတိုးနေကြပြန်ပါသည်။ ဆရာတော်ကြွမည့် လမ်းတလျှောက် မျက်နှာသုတ်ပုဝါများ၊ ခင်းထားလိုက်သည်မှာ မြေကြီးလွတ်သည့်နေရာပင် မရှိတော့ပေ။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကား အောင်မြင်စွာ ပြီးဆုံးသွားပေပြီ။ ဆွမ်းဆန်၊ ငရုတ်၊ ကြက်သွန်များ ကားကြီး နှစ်စီးတိုက်ခန့် ရရှိသွားသည်။ တိပိဋက နှစ်ပုံခွဲအောင် ကိုယ်တော်ကြွပြီး အတော်လေးအကြာမှာပင် သဒ္ဓါ နှင့် ပညာမျှသော တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်သော ဒကာတစ်ယောက် မြို့နယ် ဥက္ကဌအိမ်ပေါ်သို့ အမောတကော တက်လာပါသည်။ တကယ့်ဗုဒ္ဓဘာသာဝင် ဟု ဆိုလိုက်ရာ တခြားအလကား ဗုဒ္ဓဘာသာဝင် ရှိသေးလားဟု မေးစရာ ရှိလာပြန်သည်။ အလကား ဗုဒ္ဓဘာသာဝင် ဟူ၍ကား မရှိပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဟုကား ရှိနေပါသေးသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် နှင့် တကယ့်ဗုဒ္ဓဘာသာဝင် တို့၏ ခြားနားချက် မိမိတို့ အဘိုးအဘွား၊ အဖေအမေတို့က ဗုဒ္ဓဘာသာဝင်ဖြစ်လို့သာ မိမိလည်း ဗုဒ္ဓဘာသာဝင်ဖြစ်လိုက်ရသည်။ ဗုဒ္ဓဘာသာအကြောင်း စာပေများကိုလည်း တတ်အားသမျှ မလေ့လာ၊ တရားဒေသနာများကိုလည်း မနာကြားသဖြင့် ဗုဒ္ဓဘာသာအကြောင်း နကန်းတလုံးမျှ မသိသောသူကို မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဟု ခေါ်ပါသည်။ ဗုဒ္ဓဘာသာစာပေများကိုလည်း တတ်အားသမျှလေ့လာ တရားဒေသနာများကိုလည်း အခါအားလျော်စွာ နာကြားပြီး ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်သောသူများကို တကယ့်ဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။ ဗုဒ္ဓဘာသာဝင် နှစ်မျိုးလုံးတို့သည် သာမန်အချိန်တွင်ကား အတူတူပင် ဖြစ်၏။ ကွဲပြားသွားသည့် အချိန်ကား ဘာသာခြား နှင့် အိမ်ထောင်ပြုသော အချိန်၊ ဘာသာခြားတို့က တိုက်တာ၊ ဥစ္စာ လာဘ်လာဘတို့ဖြင့် ဆွဲဆောင်လာသောအချိန် တို့ပင်ဖြစ်သည်။ ထိုသို့သော အချိန်သို့ ရောက်လာလျင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည် မိမိဘာသာကို ကြက်ကလေး၊ ငှက်ကလေး လို သဘောထားပြီး အလွယ်တကူ စွန့်ပစ်ကာ ဘာသာခြား အယူကို ယူလိုက်ကြပါတော့သည်။  တကယ့်ဗုဒ္ဓဘာသာဝင်များကား ဘယ်လို ဘာသာခြားတို့နှင့်ပင် အိမ်ထောင်ကျကျ၊ ဘယ်လို ဥစ္စာ တိုက်တာ နှင့်ပင် ဆွဲဆောင်လာလာ မိမိဘာသာကို ဘယ်သောအခါမှ မစွန့်တော့ပေ။ တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်သော ထိုအမျိုးသားကလေးသည် မြို့နယ် ဥက္ကဌကြီးကို တွေ့လိုက်ရသည်နှင့် `ဥိးလေး.....ဒီဆန်အလှူခံတဲ့ ဘုန်းကြီးက ဦးလေး နဲ့ သိတာကြာပြိလား´ `မကြာသေးပါဘူး၊ မကြာသေးဆို အခု ဆန်အလှူခံမှပဲ သိတာပါ´ `ဘယ်ကျောင်းတိုက်ကတဲ့လဲ´ `မန္တလေးမြို့၊ .........စာသင်တိုက်ကတဲ့၊ မင်းကလည်း ခုမှ ငါ့ကို ဘာလို့လာမေးနေတာလဲ၊ ဒီဆရာတော်ကို မသင်္ကာလို့လား´ `ဟုတ်တယ်....ဦးလေး၊ ကျွန်တော်လည်း ဘာသာရေးစာစောင်တွေ၊ သတင်းစာတွေ အမြဲတန်း ဖတ်နေတာပဲ၊ အဲဒီကျောင်းတိုက်က တိပိဋက အောင်တာ တစ်ခါမှ မတွေ့မိဘူး´ `မင်းကသာ မတွေ့မိနေ၊ ဟောဒီမှာ အဲဒီဆရာတော် တံဆိပ်တုံးနဲ့ ထောက်ခံစာတွေ´ `ဦးလေးရာ.........တံဆိပ်တုံးတွေ ထောက်ခံစာတွေက အတုလုပ်လည်း ရနိုင်တာပဲ၊ အဲဒီတော့ ဒီလိုလုပ်၊ အဲဒီစာသင်တိုက်က ဖုံးနံပါတ် ကျွန်တော့်ဆီမှာ ရှိတယ်၊ ဦးလေး ဖုန်းဆက်ကြည့်ပေးတော့´ `ဘာသာရေး ကိစ္စမှာ ဒီလောက် မေးမြန်းစုံစမ်းနေလို့ ကောင်းပါ့မလားကွာ၊ တော်ကြာ အားနာစရာတွေ ဖြစ်နေပါ့မယ်´ `ဦးလေး စာသင်တိုက်က ဆရာတော်တွေ ဦးဇင်းတွေဟာ အင်မတန် လောဘနည်းပြီး ရောင့်ရဲကြတယ်၊ ကိုယ့်ဆွမ်း ကိုယ်ခံစားပြီး စာချနေကြတာ၊ ဘယ်မြို့ကိုမှ အလှူခံကြွလေ့ မရှိဘူး၊ ကဲ ဒါနဲ့ သိပ်နောက်ကျသွားမယ်၊ ကျွန်တော်လည်း အခုမှ အဝေးက ပြန်ရောက်တာ၊ အဲဒီကျောင်းကို မြန်မြန်သာ ဖုံးဆက်မေးလိုက်ပါ´ ဖုန်းဆက်ပြီး ခဏ အကြာမှာပင် ရပ်ကွက်ကောင်စီ ဥက္ကဌကြီး မျက်နှာ ကွက်ခနဲ့ ပျက်သွားသည်။ ဖုန်းကိုင်ထားရင်းကပင် နောက်လှည့်၍....... `ဟုတ်တယ်ဟေ့၊ တို့တတွေတော့ အလိမ်ခံရပြီ၊ အဲဒီကျောင်းတိုက်က ဘာအလှူခံမှ မလွတ်ဘူးတဲ့´ `ကဲ ဦးလေး အချိန် သိပ်မရှိတော့ဘူး ရဲစခန်းကို အကြောင်းကြား၊ ဒီမြို့က ရဲ့စခန်းမှ တဆင့် လူလိမ်တွေရဲ့ ကား ဖြတ်သွားမယ့် မြို့နယ်တိုင်းက ရဲတပ်ဖွဲ့တွေကို ချက်ခြင်း အကြောင်းကြားပြီး မြို့အဝင်က စောင့်ဖမ်းခိုင်းပေတော့´ ထိုလူလိမ် အဖွဲ့ကြီးကို မန္တလေးမြို့ အဝင်မှာပင် ဖမ်းမိလိုက်ပါသည်။ သေချာ စစ်ဆေးကြည့်တော့ သင်္ကန်းအရေခြုံ လူလိမ်တစ်ယောက် ဖြစ်ကြောင်း သိရတော့သည်။ ဤကဲ့သို့သော သာသနာစော်ကားသည့် လူလိမ်များ အင်မတန်မှ များပြားလှပါသည်။ 
ဗုဒ္ဓဘာသာဝင်များ သတိရှိနိုင်ကြပါစေ 
မေတ္တာရှင် (ရွှေပြည်သာ) ယုံမှတ်လို့ ပုံအပ်မိသူများ အကြောင်း

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊