Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label သာသနာပ ယုံကြည်ကိုးကွယ်မှု့များ. Show all posts
Showing posts with label သာသနာပ ယုံကြည်ကိုးကွယ်မှု့များ. Show all posts

Thursday, September 20, 2012

သူရဿတီမယ်တော် ဆိုတာဘယ်သူလဲ


သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မတွေ့ရပါဘူး
သိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကို
တချို့ မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်

ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။
မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိ၀ လို့ ခေါ်ကြပါတယ်၊

မဟာဗြဟ္မာ က ကမ္ဘာလောက နဲ့ သတ္တဝါတွေကို ဖန်ဆင်းတယ်လို့ ဆိုပါတယ်။
ဗိဿနိုးက လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်
သိ၀ က ဖျက်ဆီးပါတယ်။

ဖန်ဆင်းရှင် မဟာဗြဟ္မာ ရဲ့ ကြင်ရာတော်က ဆရဆွတီ၊
ပါဠိဘာသာ နဲ့တော့ သရဿတီ
အများခေါ်ကြတာက သူရဿတီ၊
ဗိဿနိုး ရဲ့ ကြင်ယာတော်က လက္ချမီ၊
သိ၀ ရဲ့ ကြင်ယာတော်က ပဗ္ဗတီ  အဲဒီလို အသီးသီး ရှိကြပါတယ်။

မဟာဗြဟ္မာ ရဲ့ စီးတော်ယာဉ်က ဟံဆ၊ ပါဠိ လို ဟံသ မြန်မာလိုတော့ ဟသာၤ
သူရဿတီ မှာတော့ စိးတော်ယာဉ် ရှိတယ်လို့ မတွေ့မိပါဘူး
သို့သော်လည်း မဟာဗြဟ္မာ မှာ  စီးတော်ယာဉ်ရှိနေရင် သူ့ရဲ့ ကြင်ယာတော် သူရဿတီမှာ
ယာဉ်သီခြားရှိဖို့ မလိုတော့ပါဘူး။ ဒါဟာ လောက သဘာ၀ ပါပဲ


ဟံသ ဆိုတဲ့ စကားကို အိန္ဒိယ က swan လို့ အင်္ဂလိပ် လို ဘာသာပြန်ကြပါတယ်
swan ကို မြန်မာက ငန်း၊ ငန်းဘဲ လို့ မြန်မာမူ ပြုကြပါတယ်။
ဒီတော့ ပင်ရင်းကျတဲ့ အိန္ဒိယ သားတို့ အယူအဆကို လက်ခံရမယ်ထင်ပါတယ် ပြီးတော့ အိန္ဒိယ က
မဟာဗြဟ္မာ ရုပ်ပုံတွေမှာလဲ စိးတော်ယာဉ်ကို ငန်းဘဲ ရုပ်နဲ့ ပဲ ပြထားပါတယ်။

နောက်တခု ဆရာသမားပြောပြထားလို့ ကြားဘူးတာလေး ရှိပါသေးတယ်။
တိကျသေချာတဲ့ အထောက်အထားတော့ စာရေးသူ မပြနိုင်ပါဘူး။ သူရဿတီ ဟာ လင်ကောင်မပေါ်ဘဲ မွေးလာတဲ့
သူလို့ ဆိုပါတယ်။ သူ့ကို အမျိုးယုတ်တယ် ဆိုပြီး မြစ်ထဲမှာ သစ်ဖောင်ကလေးပေါ်တင်ပြီး
ငန်းဘဲ တစ်ကောင်နဲ့ အတူ မျှောလိုက်ပါတယ်၊ မြစ်ထဲမှာ မျှောချင်ရာ မျှောနေပြီး တနေ့မှာ
ပုဏ္ဏားတွေ နေတဲ့ ရွာတရွာမှာ သောင်တင်ခဲ့ပါတယ်၊ ထိုနှစ်မှာပဲ အဲဒီရွာလေးမှာ သီနှံ စပါး များ ခါတိုင်း
နှစ်များနှင့် မတူဘဲ အထွက်တိုးပြီး စီးပွါးဖြစ်ခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်
အသိညဏ် မဖွံ့ဖြိုးသေးတဲ့ ရွာသားတွေဟာ ဒီကောင်မလေး ရောက်လာလို့ ငါတို့ရွာမှာ
ဆန်ရေစပါး ရတာ သူဟာတန်ခိုးရှင်ပဲ လို့ သတ်မှတ်ပြီး ကိုးကွယ်ကြပါတယ်
နောင်ကြာလာတဲ့ အခါမှာ အိန္ဒိယရှိ ပုဏ္ဏားတွေက  သူ့ကို ဗေဒင် ဝေဒ သုံးပုံကို စောင့် ရှောက်တဲ့ သူလို့
လုပ်ကြံဖန်တီးပြီး ကိုးကွယ်မူပြုကြပြန်ပါတယ်
လိုရင်းကတော့ အခုပြောခဲ့တဲ သူရဿတီ ဟာ ဗုဒ္ဓဘာသာနဲ့ လုံး၀ မသက်ဆိုင်ဘူးဆိုတာ
စာပေလေ့လာလိုက်စားတဲ့ သူတိုင်းသိကြပါတယ်။


မြန်မာပြည်ထဲမှာ

ထို ဆိုခဲ့တဲ့ သူရဿတီ ဟာ မြန်မာပြည်ထဲကို ဘယ်လိုရောက်လာတယ်
မသိပါဘူး မြန်မာပြည်မှာတော့ ဟင်္သာစီးလျက် တွေ့ရပါတယ်
ရင်နာစရာ ကောင်းတာက သူရဿတီ ဟာ ပိဋကတ် သုံးပုံကို စောင့်ရှောက်
တယ် လို့ လွဲမှာစွာ ပြောဆိုကြတာပါပဲ၊ ပိဋကတ်သုံးပုံဆိုတာ သာသနာတော်
စောင့်ရှောက်နေကြတဲ့ ရဟန်းသံဃာတော်များသာ စောင့်ရှောက်နိုင်ပါတယ်။
ပိဋကတ်စာအုပ်တွေကို ဗီရိုထဲ အလှပြထားရုံနဲ့ စောင့်ရှောက်တယ် မမည်ပါဘူး။
ဘုရားဟော ပိဋကတ်တွေကို သင်အံ လေ့ကျက် ကျင့်ကြံအားထုတ်ပြီး ဘုရားဟောအတိုင်း
ဟောပြောပြသနေမှသာ ပိဋကတ်တော်တွေကို စောင့်ရှောက်နိုင်မှာပါ။


သာသနာ နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက
မရှင်းလင်းကြတဲ့ အတွက်ကြောင့် တချို့ ဗုဒ္ဓဘာသာ စာအုပ်တွေထဲမှာ
သူရဿတီဂါထာ ဆိုပြီး ထိုဂါထာကို ရွတ်ရင် စာမေးပွဲအောင်မယ် အန္တရာယ်ကင်းမယ် စတဲ့
မဟုတ်မမှန်တာတွေပြောထားပြီး အမွန်းတင်ထားတာတွေလဲ အများကြီးတွေ့ဘူးကြပါလိမ့်မယ်
နာမည်အကြီးဆုံး ဘုရားတဆူ ဖြစ်တဲ့ ဗိုလ်တစ်ထောင် ဘုရားမှာ
သူရဿတီ ကို ထည်ထည်ဝါဝါ ကို လုပ်ပေးထားတာကလည်း
စိတ်မကောင်းစရာပါပဲ ဒါကို မသိဘဲ မြန်မာတွေ က သူ့ကို
ပိဋကတ် သုံးပုံစောင့်ရှောက်တဲ့ သူဆိုပြီး မှားယွင်းစွာနဲ့ ကိုးကွယ်မူ
ပြုကြပါတယ် မိမိဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်ပါဆိုရင်တော့ လုံး၀ မကိုးကွယ်ထိုက်ပါဘူးလို့ ဆိုပါရစေ။
စာရေးသူ ဆွမ်းခံကြွတဲ့ အိမ်တအိမ်မှာ ဘုရားစင်ဘေးမှာ စင်တခုနဲ့ ထားပြီး
ကိုးကွယ်ထားတာ တွေ့လို့ ဘာကြောင့် ကိုးကွယ်တာလဲ မေးတဲ့အခါ ပိဋကတ်သုံးပုံစောင့်တဲ့
သူရဿတီဆိုပြီး ပြောလို့ သူရဿတီ ရဲ့ သမိုင်းကြောင်းကို သေချာရှင်းပြပြီး
မကိုးကွယ်ဖို့ ဟောပြောဘူးပါတယ်။ သို့သော်လည်း အချည်းနှီးပါပဲ
ဘိုးဘွားအစဉ်အဆက် ကိုးကွယ်လာတာဖြစ်လို့ မစွန့်လွတ်နိုင်ပါဘူးတဲ့။
ဘုရားရှေ့မှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိလုပ်ပြီးတော့ အခြားသော သာသနာပ ကိုးကွယ်မှု့များကို
ဘုရားစင်ဘေးမှာ ထားပြီး ရှိခိုးပူဇော်မှု့ပြုနေကြတာတွေ တွေ့ရတာ တယ်ဟန်မကျလှပါဘူး။
ဟိန္ဒူအယူဝါဒ ကို ကိုးကွယ်တဲ့ သူလား ဗုဒ္ဓဘာသာစစ်စစ် ကို ကိုးကွယ်တဲ့သူလားဆိုတာတော့
မြန်မာတွေ မိမိကိုယ်ကို ဆန်းစစ်တတ်ဖို့ လိုပါတယ်။


အရှင်ဝရသာမိ 
https://shinsami.blogspot.com


Saturday, May 8, 2010

ထွက်ရပ်ပေါက် ပုဂ္ဂိုလ်

ထေရဝါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကိုလည်း
ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက်
နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသော
ကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊
အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြနိုင်ဖွယ်ရှိသည်။

ထွက်ရပ်ပေါက်နှစ်မျိုးအနက် အသေထွက်ဆိုသည်မှာ လက်ရှိဘဝက သေလွန်ပြီးသော်လည်း
လောကဝေါဟာရအရသာ သေလွန်သည်ဟု သတ်မှတ်ရခြင်းဖြစ်သည်။ အစွမ်းသတ္တိဆက်
လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်ရှိနေသည်ဟု ယူဆထားကြသည်။
အရှင်ထွက်ဆိုသည်မှာ လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်နိုင်ဘဲ နှစ်အပိုင်း
အခြားမရှိ ဆက်လက်အသက်ရှင်နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်း
ဖြစ်သည်။ အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူတို့ မမြင်နိုင်သော ခန္ဓာကိုယ်
ဘဝအဖြစ် ပြောင်းသွားသည်ဟု ယူဆကြသည်။

အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာ
အရှင်မြတ် ရှစ်ပါးရှိသည်။ သေလေးပါး၊ ရှင်လေးပါး ဟုခေါ်ကြသည်။
သေလေပါးမှာ........
အရှင်မဟာကဿပ(ဝေဘာရတောင်ထက်)
ရှင်မဟာသံသာရ(ဥတ္တမတောင်)
ရှင်ဥပေက္ခေ(မကုလတောင်)
ရှင်ဓမ္မသာရ(မကုလတောင်) တို့ ဖြစ်ကြသည်။ ထိုရဟန္တာများသည် လူ့ဝေါဟာရအရ
ပရိနိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက်ရှင်သန်နေသည်။
တန်ခိုးအစွမ်းရှိနေသည်ဟု ယုံကြသည်ကြသည်။

ရှင်လေးပါးမှာ........
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊
မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊
အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊
အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။
ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေ ဆက်လက်ရှင်နေဆဲ
ဖြစ်သည်ဟု ယုကြည်ကြသည်။

ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသော ထေရဝါဒဗုဒ္ဓဘာသာ
နှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခဝတီဘုံ၌ ထာဝရပျော်စံနေသည်ဟု
ယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရဝါဒီ သုတေသီများက မှတ်ချက်
ပြုကြသည်။

ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာ.........
ရှင်အဇ္ဇဂေါဏ၊
ရှင်မထီး၊
ဘာမဲ့၊
ဘိုးဘိုးအောင်၊
ဘိုးမင်ခေါင်၊
ယက္ကန်းစင်တောင်ဆရာတော် စသည်တို့ဖြစ်ကြသည်။
ထိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက် ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘာမဲ့ တို့မှာ ထေရဝါရ
အနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။
ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ရှင်မထီး နှင့် ဘာမဲ့
တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ထိုပုဂ္ဂိုလ်များ
သည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ဝင်စားလာကြသည်။ ယနေ့တိုင်
ဓာတ်စီးဝင်ခြင်း၊ လူသတ္တဝါတို့အား ကျေးဇူးပြုခြင်းရှိနေသေးသည်ဟု ဆိုသည်။

ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင် ဆရာတော်တို့မှာ သမထနည်း(စရဏ)
တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက်သူများဟု ယူဆကြသည်။ ထိုပုဂ္ဂိုလ်များသည်လည်း
သေလွန်သည်မဟုတ် ခန္ဓာသစ် ဘဝသစ်သို့ မသေဘဲ ထုံကူးကာ၊ ဝင်စားနေသည်ဟု
ယူဆကြသည်။ ဤအယူအဆများသည်လည်း ထေရဝါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း
မြဲသောအတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။
ထိုပုဂ္ဂိုလ်များသည် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီးရောက်
သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက် နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊
ဖြစ်သွားဖွယ်ရှိသည်ဟု ဝေဖန်ချက်များပေးခဲ့ကြသည်။

ထေရဝါဒ နှင့် ပတ်သက်သော မှတ်ချက်များ
(နန္ဒာသိန်းဇံ)

အရှင်ဝရသာမိ 

Friday, May 7, 2010

ထွက်ရပ်ပေါက်နှင့် ဘိုးတော်မယ်တော်များ

မဟာယနဗုဒ္ဓဘာသာသည် ပျူခေတ်ကတည်းကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခဲ့ပြီ
ဖြစ်ကြောင်း၊ ပျူခေတ်ဘုရားလောင်းပုံပါ အုတ်ခွက်များက သက်သေခံနေခဲ့သည်။
ပျူမြို့တော်ဟောင်းများကို တူးဖော်ပြီး ဖြစ်သော်လည်း ပြည့်ပြည့်စုံစုံ သုတေသန
မပြုရသေးသောကြောင့် ပျူခေတ်တွင် ဗုဒ္ဓဘာသာတန္တရဝါဒ ထွန်းကားခဲ့ခြင်း ရှိ၊ မရှိ
ကိုမူ အတိအကျမသိရသေးချေ။ ပျူခေတ်ကို ဆက်ခံသော ပုဂံခေတ်၌ကား၊
သမိုင်းဝင်ဖြစ်ရပ်များ၊ သုတေသနအထောက်ထားများအရ မဟာယနဗုဒ္ဓဘာသာ
တဖြစ်လဲ တန္တရဝါဒ ထွန်းကားလျက်ရှိသည်ဟု ယူဆနိုင်သည်။

ပုဂံခေတ်အရည်းကြီးများသည် တန္တရဝါဒ ကိုကျင့်သုံးခဲ့သူများပင် ဖြစ်သည်ဟု
ယူဆသူများရှိသည်။ အနော်ရထာမတိုင်မီက အရည်းကြီးများသည် တန္တဝါဒီတို့
ကျင့်သုံးသော အရက်သေစာသောက်စားခြင်း(မေရယ)၊ အမဲသားငါးစားခြင်း(မံသ)
နှင့် ပန်းဦးလွတ်၊ ပန်းဦးအလှူခံကာ မေထုန်မှီဝဲခြင်း(မေထုန) လမ်းစဉ်တို့ကို
ကျင့်သုံးခဲ့ကြသည်ဟု ဖော်ပြခြင်းများရှိသည်။

အနောရထာမင်းသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်လက်ခံပြီးနောက် အရည်းကြီး
တို့ကို နှိမ်နှင်းခဲ့သည်။ သို့ရာတွင် အရည်းကြီးတို့၏ လုပ်ရပ်မှာ လုံးလုံးပျောက်ကွယ်သွား
ခြင်းမဟုတ်၊ ခေတ္တတိမ်ငုတ်သွားခြင်းသာ ဖြစ်၏။
ပုဂံခေတ် နရပတိစည်သူမင်း နောက်ပိုင်းတွင် ပြန်လည်ထွန်းကားလာသည်။
ဤမင်းလက်ထက်တွင် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းတော်အချို့ သည် တောကျောင်း
ဂိုဏ်းဟု ဂိုဏ်းသီးခြားတည်ထောင်လာကာ နေ့ညမဟူ အမဲသားငါး စားခြင်း၊ သေရည်သေရက်
သောက်ခြင်းတို့ကို ပြုကြလေသည်။ အိန္ဒိယတန္တဝါဒီတို့၏ လုပ်ရပ်တချို့ဖြစ်သော
နတ်ဘုရား၊ နတ်ဘုရားမ ပူဇော်ကာ၊ မန္တာန်ရွတ်ဖတ်ခြင်း၊ အင်း၊ အိုင်၊ ခါးလှည့်လက်ဖွဲ့
စီရင်ခြင်းစသည့် ဂန္ဓာရီကျင့်စဉ်များကို အကောင်အထည်ဖော်ခဲ့ကြသည်။

သိဒ္ဓိ(လိုရာပြီးစီးခြင်း)၊ မဟိဒ္ဓိ(တန်ခိုးအစွမ်းအမျိုးမျိုးပြည့်စုံခြင်း) လမ်းတို့ကို လိုက်ခဲ့ကြသည်။
တောကျောင်းဂိုဏ်းသည် အင်းဝခေတ် ၁၅ -ရာစုအထိ ထွန်းကားခဲ့သည်။
ထို့နောက်တွင်လည်း အရည်းကြီးတို့၏ အယူအဆဖြစ်သော ထွက်ရပ်ပေါက်လုပ်ငန်း၊
ဂန္ဓာရီလုပ်ငန်း လိုက်စားမှု့များ ကြိုကြားပေါ်ပေါက်ခဲ့သည်။ မျက်မှောက်ကာလတိုင်
အချို့က လိုက်စားနေဆဲရှိသည်ကို တွေ့နိုင်သည်။

ဘိုးတော်မယ်တော်များ

ဂိုဏ်းအလိုက် မဟုတ်ဘဲ တစ်ကိုယ်တော်သိဒ္ဓိပေါက်သည်ဟု ဆိုသူများကို အများအားဖြင့်
ဘိုးတော် မယ်တော်များဟု လက်ခံထားကြသည်။
ဘိုးတော်ဆိုရာ၌လည်း ရဟန်းဘိုးတော်၊ ရသေ့ဘိုးတော်၊ လူဝတ်ဘိုးတော်စုံလင်လှသည်။
မယ်တော်ဆိုရာ၌လည်း အလားတူပင် ရသေ့မယ်တော်၊ သီလရှင်မယ်တော်၊ လူဝတ်မယ်တော်
များရှိ၍ ထိုပုဂ္ဂိုလ်များကို ကိုးကွယ်နေသူများရှိသည်ကို တွေ့နိုင်သည်။

အထက်ပါမြန်မာတို့၏ သာသနာပကိုးကွယ်မှု့များသည် ယနေ့မြန်မာ့မြေပေါ်၌
ထေရဝါဒ နှင့် အတူတွေ့ရှိနေရသော (ထေရဝါဒ မဟုတ်သော) ယုံကြည်ကိုးကွယ်မှု့
များပင် ဖြစ်လေသည်။

အရှင်ဝရသာမိ 

Wednesday, May 5, 2010

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ သာသနာပ ယုံကြည်ကိုးကွယ်မှု့များ


ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။ 
အာရာမ ရုကစေတျာနိ၊ မနုဿာ ဘယဝဇ္ဇိတာ။ 
(ဓမ္မပဒ၊ ၁၈၈) 

“ဘေးကိုကြောက်ရွံထိန့်လန်ကုန်သော သူတို့သည် တောတောင်တို့ကိုလည်းကောင်း၊ နေရာအရံတို့ကိုလည်းကောင်း၊ တောဆိုးသစ်ပင်တို့ကိုလည်းကောင်း၊ (ဘေးမှလွတ်ရန်) များစွာ ဆည်းကပ်ကိုးကွယ်ကြကုန်သည် ဟု ဂေါတမဗုဒ္ဓ က မိန့်တော်မူသည်။ ဤသို့ ကိုးကွယ်ခြင်းမှာ သမိုင်းမတင်မှီကာလမှ ယနေ့တိုင် ရှိနေသည်။ ဘေးအန္တရာယ်မှ လွတ်ရန်၊ လိုတာမရသော ဘေးမှ လွတ်ရန်၊ ရပြီးသား လက်လွတ်ရမည့်ဘေးမှ လွတ်ရန်အတွက်၊ ရေနစ်သူသည် ဆွဲမိဆွဲရာကိုဆွဲကိုင် အားကိုးတတ်သကဲ့သို့ တွေ့ရာ ကြုံရာ နှီးနွယ်ရာကို ကောင်းလိမ့်နိုးနိုး အားကိုးကြသည်။ ကိုးကွယ်ကြသည်။ ဗေဒင်မေးကြသည်။ နတ်မေးကြသည်။ လတ်တလော ဒုက္ခ၊ လောကီဒုက္ခ၊ ရတာမလို၊ လိုတာမရသော ဒုက္ခတို့မှ လွတ်ရန် ကိုးကွယ်ရာ ရှာကြသည်။ 

ဤသို့ ကိုယ်ကျိုးကို အခြေခံလျက်၊ လောဘကို အခြေခံလျက်၊ ကိုးကွယ်ရာ ရှာကြသော လူသားတို့၏ ဓမ္မတာအတိုင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျက် ဆင်ခြင်တုံတရား အားနည်း သူတို့သည် မိမိတို့တွင် ကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာအစစ်ရှိပြီး ဖြစ်ပါလျက် ဤရတနာသုံးပါးကို ကျောခိုင်းကာ၊ ဟုတ်လိမ့်နိုးနိုး၊ ဆင်ကန်းတော်တိုး၊ ကြောင်းကျိုးမမှန်သည့် ကိုးကွယ်ရာများကို ရှာဖွေလာကြသည်။ ထိုသို့ ရှာဖွေလာခြင်းကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင် အမည်ခံ သူတို့အကြားဝယ် နတ်အမျိုးမျိုး ကိုးကွယ်မှု့၊ ထွက်ရပ်ပေါက်လမ်းလိုက်မှု့၊ ဘိုးတော် မယ်တော် ပူဇော်ချဉ်းကပ်မှု့များကို ပြုလုပ်နေကြသည်ဟု ထေရဝါဒီ သုတေသီတို့က မှတ်ချက်ပြုကြသည်။