Saturday, May 8, 2010

ထွက်ရပ်ပေါက် ပုဂ္ဂိုလ်

ထေရဝါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကိုလည်း
ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက်
နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသော
ကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊
အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြနိုင်ဖွယ်ရှိသည်။

ထွက်ရပ်ပေါက်နှစ်မျိုးအနက် အသေထွက်ဆိုသည်မှာ လက်ရှိဘဝက သေလွန်ပြီးသော်လည်း
လောကဝေါဟာရအရသာ သေလွန်သည်ဟု သတ်မှတ်ရခြင်းဖြစ်သည်။ အစွမ်းသတ္တိဆက်
လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်ရှိနေသည်ဟု ယူဆထားကြသည်။
အရှင်ထွက်ဆိုသည်မှာ လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်နိုင်ဘဲ နှစ်အပိုင်း
အခြားမရှိ ဆက်လက်အသက်ရှင်နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်း
ဖြစ်သည်။ အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူတို့ မမြင်နိုင်သော ခန္ဓာကိုယ်
ဘဝအဖြစ် ပြောင်းသွားသည်ဟု ယူဆကြသည်။

အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာ
အရှင်မြတ် ရှစ်ပါးရှိသည်။ သေလေးပါး၊ ရှင်လေးပါး ဟုခေါ်ကြသည်။
သေလေပါးမှာ........
အရှင်မဟာကဿပ(ဝေဘာရတောင်ထက်)
ရှင်မဟာသံသာရ(ဥတ္တမတောင်)
ရှင်ဥပေက္ခေ(မကုလတောင်)
ရှင်ဓမ္မသာရ(မကုလတောင်) တို့ ဖြစ်ကြသည်။ ထိုရဟန္တာများသည် လူ့ဝေါဟာရအရ
ပရိနိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက်ရှင်သန်နေသည်။
တန်ခိုးအစွမ်းရှိနေသည်ဟု ယုံကြသည်ကြသည်။

ရှင်လေးပါးမှာ........
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊
မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊
အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊
အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။
ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေ ဆက်လက်ရှင်နေဆဲ
ဖြစ်သည်ဟု ယုကြည်ကြသည်။

ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသော ထေရဝါဒဗုဒ္ဓဘာသာ
နှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခဝတီဘုံ၌ ထာဝရပျော်စံနေသည်ဟု
ယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရဝါဒီ သုတေသီများက မှတ်ချက်
ပြုကြသည်။

ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာ.........
ရှင်အဇ္ဇဂေါဏ၊
ရှင်မထီး၊
ဘာမဲ့၊
ဘိုးဘိုးအောင်၊
ဘိုးမင်ခေါင်၊
ယက္ကန်းစင်တောင်ဆရာတော် စသည်တို့ဖြစ်ကြသည်။
ထိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက် ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘာမဲ့ တို့မှာ ထေရဝါရ
အနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။
ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ရှင်မထီး နှင့် ဘာမဲ့
တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ထိုပုဂ္ဂိုလ်များ
သည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ဝင်စားလာကြသည်။ ယနေ့တိုင်
ဓာတ်စီးဝင်ခြင်း၊ လူသတ္တဝါတို့အား ကျေးဇူးပြုခြင်းရှိနေသေးသည်ဟု ဆိုသည်။

ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင် ဆရာတော်တို့မှာ သမထနည်း(စရဏ)
တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက်သူများဟု ယူဆကြသည်။ ထိုပုဂ္ဂိုလ်များသည်လည်း
သေလွန်သည်မဟုတ် ခန္ဓာသစ် ဘဝသစ်သို့ မသေဘဲ ထုံကူးကာ၊ ဝင်စားနေသည်ဟု
ယူဆကြသည်။ ဤအယူအဆများသည်လည်း ထေရဝါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း
မြဲသောအတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။
ထိုပုဂ္ဂိုလ်များသည် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီးရောက်
သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက် နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊
ဖြစ်သွားဖွယ်ရှိသည်ဟု ဝေဖန်ချက်များပေးခဲ့ကြသည်။

ထေရဝါဒ နှင့် ပတ်သက်သော မှတ်ချက်များ
(နန္ဒာသိန်းဇံ)

အရှင်ဝရသာမိ 

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊