Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label ထေရဝါဒ. Show all posts
Showing posts with label ထေရဝါဒ. Show all posts

Thursday, September 6, 2012

မြတ်စွာဘုရားရှင် ဝါဆိုတော်မူရာ မြို့၊ ရွာဒေသများ

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍ အောက်ပါ မြို့ရွာဒေသများ၌ ဝါကပ်တော်မူခဲ့ပါသည်။ 

(၁) ဝါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊ 
(၂၊ ၃၊ ၄) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊ 
(၅) ဝါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း 
(၆) ဝါ - မကုဠတောင်၊ ချရားတော၊ 
(၇) ဝါ - တာဝတိ ံသာနတ်ပြည်၊ 
(၈) ဝါ - ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂ္ဂသယ၊ ဇနပုတ်အနီး သေသကဠာ မိကဒါဝုန်တော၊ 
(၉) ဝါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊ 
(၁၀) ဝါ - ပါလိလေယျက တောအုပ်၊ 
(၁၁) ဝါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊ 
(၁၂) ဝါ - ဝေရဉ္ဇတိုင်း၊ နဠေရု တမာပင်ရင်း၊ 
(၁၃) ဝါ - စာလိယတောင်၊ 
(၁၄) ဝါ - သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊ 
(၁၅) ဝါ - ကပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်း၊ 
(၁၆) ဝါ - အာဠဝီပြည်အနီး၊ မဟာဝုန်ကျောင်း၊ 
(၁၇) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊ 
(၁၈) ဝါ (၁၉) ဝါ - စာလိယတောင်၊ 
(၂၀) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊ 
(၂၁) ဝါ မှ (၃၉) ဝါ - သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊ 
(၄၀) ဝါမှ (၄၄) ဝါ - - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊ (၄၅) ဝါ - ဝေဠုဝရွာ။


အရှင်ဝရသာမိ
https://shinsami.blogspot.com

ဗုဒ္ဓ၏ တနေ့တာဘဝ

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကို ရရှိသည့် သက်တော် (၃၅) နှစ်အရွယ်မှ သက်တော် (၈၀) အရွယ်တိုင်အောင် (၄၅) ဝါ ပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။ 
နေ့စဉ်ပင် မနေမနားကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 
ဘုရားရှင်နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းစဉ် ငါးရပ်ရှိပါသည်။ 
(၁) နံနက်ပိုင်း လုပ်ငန်းစဉ် နေ့စဉ် ဆွမ်းဘုန်းမပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။ နံနက်ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင် ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။ 
(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ် ဆွမ်းဘုန်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။ ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်အား တရားရေအေး အမြိုက်ဆေးကို နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။ 
(၃) ဉာဉ့်ဦးယံ လုပ်ငန်းစဉ် ဉာဉ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။ လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဉာဉ့်ဦးယံ အချိန်တွင် ရဟန်းတော်များအား ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတော်များမေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။ 
(၄) သန်းခေါင်ယံ လုပ်ငန်းစဉ် ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော လုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။ မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။ 
(၅) မိုးသောက်ယံ လုပ်ငန်းစဉ် နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက် စြင်္ကန်ကြွတော်မူသည်။ ဒုတိယပိုင်းတွင် သတိနှင့် ယှဉ်လျက် တစ်ခဏတာမျှ ကျိန်းစက် အနားယူတော်မူသည်။ အနားယူပြီးနောက် အာရုံတက်ချိန်တွက် ကျိန်းစက်ရာမှ ထတော်မူကာ၊ မည်သူတို့အား ဆုံးမချေချွတ်ရအံ့နည်းဟု တစ်နေ့တာ လုပ်ငန်းကို စတင်ရန် မျှော်ခေါ်ဆင်ခြင်ကြည့်ရှူ့တော်မူသည်။ ဤ ဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံ လုပ်ငန်းစဉ် “ပစ ္ဆိမယာမကိစ္စ” ဟုခေါ်သည်။ ဗုဒ္ဓ၏ တနေ့တာဘဝ၊ တနေ့တာ လုပ်ငန်းများကို လေ့လာကြည့်ပါက မိမိအကျိုးအတွက် ဆောင်ရွက်ခြင်း၊ နားနေခြင်း မရှိ၊ လောကအကျိုးအတွက် မနေမနားဆောင်ရွက်ကြောင်း ထင်ရှားသည်။ ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ဝါ ပတ်လုံး ဖြစ်လေသည်။ 

ဤသို့ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့်ပင် ထိုခေတ် မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။


အရှင်ဝရသာမိ 
https://shinsami.blogspot.com

လူ့ဘဝက သေပြီးတဲ့ နောက်မှာ တစ်ဖန်ဘဝသစ် ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား

လောဘ ဒေါသစသော ကိလေသာ မကင်းသေးတဲ့သူဟာ သေပြီးတဲ့ နောက်မှာ
ဘဝသစ်ဖြစ်ရတယ်။ ဖြစ်ပုံကတော့ စိတ်ဆိုတာ ရုပ်ကိုမှီပြီးတော့ တစ်ခုပြီးတစ်ခု
မပြတ်ဖြစ်နေတယ်၊ ဓာတ်မီးလုံးထဲမှာ လျှပ်စစ်ဓာတ်အားတွေ အသစ် အသစ်လာပြီး
လင်းနေသလိုပါပဲ၊ အကယ်၍ ဗတ်သီး(မီးလုံး) က ပျက်သွားလျှင် အဲဒီ ဗတ်သီး(မီးလုံး)
ထဲမှာ မီးမလင်းတော့ဘူး၊ ဒါပေမယ့် ဓာတ်ကြိုးထဲမှာ ဓာတ်အားကတော့ ရှိနေလျက်ပဲ၊
အဲဒီပျက်နေတဲ့ မီးလုံးကိုဖယ်ပြီး ဓာတ်မီးလုံးအသစ်ကို ထည့်ပေးလိုက်ရင် အဲဒီမီးလုံး
အသစ်ထဲမှာ မီးဟာ ယခင်ကလိုပဲ လင်းမြဲလင်းနေပြန်ပါတယ်၊ ဒီလိုပဲ ရုပ်ကိုယ်
အဟောင်းက ပျက်သွားတဲ့အခါမှာ စိတ်က အဲဒီကိုယ်ထဲမှာ မဖြစ်နိုင်တော့ဘူး၊
အဲဒါကို သေတယ်လို့ခေါ်ကြပါတယ်၊ ဒါပေမယ့် စိတ်ကတော့ လုံးလုံး
ပျောက်သွားတာ မဟုတ်ပါဘူး၊ တခြား ကိုယ်ရုပ်အသစ်ထဲမှာ သွားဖြစ်ပြန်တယ်၊
ဗတ်သီးအသစ်ထဲမှာ မီးလင်းမြဲ လင်းနေပြန်သလိုပဲ။

ဆက်လက်ပြီး ဖြစ်ပုံက ဘယ်လိုလဲဆိုရင် စိတ်ဆိုတာ အာရုံတစ်ခုကို စွဲလမ်းပြီး
မပြတ်ဖြစ်နေတယ်၊ အာရုံကို လုံးလုံးစွန့်လွတ် မေ့ပျောက် မပစ်နိုင်ဘူး။ သစ်ပင်ပေါ်က
မျောက်ဟာ သစ်ကိုင်းကို လုံးလုံးစွန့်လွှတ် မထားနိုင်သလိုပဲ၊ ဒါကြောင့် သေခါနီးမှာ
ကိုယ်ပြုခဲ့တဲ့ အမှုကိစ္စတခုခုကို စွဲလန်းနေရင်းနဲ့ သေသွားတယ်၊သေတယ်ဆိုတာ
ကလည်း လက်ရှိရုပ်ဟောင်းထဲမှာ စိတ် အသစ် ပြန်မဖြစ်ပေါ်လာတော့တာပဲ၊
ပြတ်စဲသွားတဲ့ အခါမှာ သေခါနီးက စွဲလန်းခဲ့တဲ့ အာရုံကိုပဲ စွဲပြီးတော့ ရုပ်ကိုယ်
အသစ်ထဲမှာ စိတ် အသစ်ဖြစ်ပေါ်လာပါတယ်။ အဲဒါကို ဘဝသစ် ဖြစ်တယ်လို့
ခေါ်ပါတယ်။
ဥပမာ အိပ်မက်ထဲက စွဲလာတဲ့ အာရုံကို နိုးလာသည့်တိုင်အောင် မပျောက်ဘဲ
စွဲလန်းနေတာနှင့်တူပါတယ်၊ အလှူပေးခြင်းစသော ကောင်းမှုကို စွဲလန်းပြီး
သေလာခဲ့လျှင် မြင့်မြတ်တဲ့ဘဝမှာ ဖြစ်ပါတယ်၊ သတ်ဖြတ်ခြင်း စသော မကောင်းမှု့
ကို စွဲလန်းပြီး သေလာခဲ့လျှင် ယုတ်ညံ့တဲ့ ဘဝမှာ ဖြစ်ရပါတယ်၊ ဒီလိုဖြစ်တာကို
ကုသိုလ်ကံက ကောင်းကျိုးပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးပေးတယ်လို့
ခေါ်ရပါတယ်၊ ကံဆိုတာ ပြုမှုပဲ၊ ပြုမှုရှိလျှင် တန်ပြန်မှုရှိတယ်၊ တောအုပ်ထဲမှာ ဖြစ်စေ၊
လိုဏ်ခေါင်းထဲမှာ ဖြစ်စေ ဟေး လို့အော်လိုက်ရင်အဝေးကနေပြီး ဟေး ဆိုတဲ့
ပဲ့တင်သံ ပြန်လာပါတယ်၊ မြေကြီးပေါ်ကို ဘောလုံးပေါက်လိုက်ရင် အထက်ကို
ပြန်တက်လာတယ်၊ တစ်စုံတစ်ခုကို တုတ်နှင့် ရိုက်လိုက်ရင် အရိုက်ခံရတဲ့ ဝတ္ထုက
အသံမြည်လာတယ်၊ ဒါတွေဟာ တန်ပြန်မှုတွေပဲ။
အခါးမျိုးစေ့ စိုက်လျှင် အခါးသီး သီးတယ်၊ အချိုမျိုးစေ့ စိုက်လျှင် အချိုသီး သီးတယ်၊
ခွေးကို ခဲ့နှင့်ပေါက်လျှင် အဲဒီခွေးက ပြန်ဟောင်တယ်၊ ခွေးကို ချိုချိုသာသာ ခေါ်ပြီး
ကျွေးလျှင် အဲဒီခွေးက အမြှီးနှံ့ပြီး အရိုအသေပြုတယ်၊ လူတစ်ယောက်ကို
ဆဲလိုက်လျှင် အဲဒီလူက ပြန်ဆဲတတ်တယ်၊ ပြုံးရွှင်ပြီး ချိုချိုသာသာနှင့် နှုတ်ခွန်း
ဆက်လျှင် အဲဒီလူကလည်း ပြုံးရွှင်ပြီး ချိုချိုသာသာနှင့်ပြန်ပြီး နှုတ်ခွန်းဆက်တယ်၊
ဒါတွေလည်း တန်ပြန်လာတဲ့ အကျိုးတွေပဲ။
ထို့အတူ ကောင်းသောပြုမှုရှိလျှင် ကောင်းသောဘဝအကျိုး တန်ပြန်လာတယ်၊
မကောင်းသော ပြုမှုရှိလျှင်မကောင်းသော ဘဝအကျိုး တန်ပြန်လာတယ်၊
ဒီနည်းဖြင့် သတ္တဝါတွေဟာ ကိလေသာမကင်းသေးသမျှ ကာလပတ်လုံး
တစ်ဘဝက သေပြီးလျှင် အခြားဘဝမှာ မိမိပြုထားတဲ့ အမှုကံအားလျော်စွာ
အသစ်ဖြစ်ဖြစ် သွားပါတယ်။
ဝိပဿနာ ဘာဝနာအလုပ်ကို အားထုတ်ပြီး ရဟန္တာဖြစ်သွားတဲ့အခါမှာ
ကိလေသာတွေ လုံးဝကင်းစင်သွားပါတယ်၊ အဲဒီလို ကိလေသာ လုံးလုံးကင်းစင်
နေတဲ့ ရဟန္တာပုဂ္ဂိုလ်မှာတော့ ပရိနိဗ္ဗာန်စံသည်၏ အခြားမဲ့မှာ ဘဝသစ်
မဖြစ်ရတော့ဘဲ အစဉ်ထာဝရ ငြိမ်းအေးသွားပါတယ်။
နောက်ဘ၀ ဘယ်မှာဖြစ်မယ် ဆိုတာ သိပါသလား
ဘယ်မှာ ဖြစ်မယ်လို့တော့ မသိပါဘူး၊ ဒါပေမယ့် ဗုဒ္ဓဘာသာတရားတော်အရ
ကိလေသာမကင်းသေးလျှင် ဘဝသစ် ဖြစ်ဦးမယ်လို့တော့ ပြောနိုင်ပါတယ်၊
သီဟိုဠ်မှာလည်း ဖြစ်နိုင်ပါတယ်၊ မြန်မာပြည်မှာလည်း ဖြစ်နိုင်ပါတယ်၊
အင်ဒိုနီးရှားမှာလည်း ဖြစ်နိုင်ပါတယ်၊ ဥရောပ အမေရိကန်တို့မှာလည်း
ဖြစ်နိုင်ပါတယ်၊ ဗုဒ္ဓဘာသာ တရားတော်အရ ဘယ်နိုင်ငံက လူမျိုးပဲဖြစ်ဖြစ်၊
ဘယ်ဘာသာ အယူရှိတဲ့ လူမျိုးပဲဖြစ်ဖြစ် ကောင်းမှု ကုသိုလ်ကံ ရှိလျှင်
ကိုယ်ဖြစ်လိုရာနိုင်ငံ ကိုယ်ဖြစ်လိုရာ အရပ်မှာ ဖြစ်နိုင်ပါတယ်။
(မဟာစည်ဆရာတော် ဘုရား)

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Saturday, August 11, 2012

အပြစ်ခံရပုံ နှင့် အကျိုးရရှိပုံ

အမေး..... ဗုဒ္ဓဘာသာတွင်လည်းကောင်း၊ အခြားသောဘာသာ အသီးသီးတွင်လည်းကောင်း ကောင်းမှု နှင့် အကျိုး၊ မကောင်းမှု နှင့် အပြစ်ဟူ၍ ညွန်ပြချက် အသီးသီး ရှိကြသည်။ ဗုဒ္ဓဘာသာ အရဆိုလျှင် အသက်သတ်မှုကြောင့် ငရဲ ကျရောက်ရခြင်း အစရှိသော အပြစ်များကို ရရှိကြမည်။ အခြား ဘာသာများအရ ဆိုလျှင် အသက်သတ်မှုကြောင့် ကောင်းကင်ဘုံ ရောက်ရခြင်း အစရှိသော အကျိုးတို့ကို ရရှိကြမည်။ ဤသို့ သတ်မှတ်၍ ပြကြရာတွင် ဗုဒ္ဓဘာသာ ကောင်းမှုသည် ဗုဒ္ဓဘာသာအတွက်သာ ကောင်းကျိုးတို့ကို ပေးတတ်သည်။ အခြားဘာသာတို့အတွက် ကောင်းကျိုးတို့ကို မပေးတတ်ဟူ၍ မှတ်ယူကြမည်လား........ ဗုဒ္ဓဘာသာအရ မကောင်းမှုသည် ဗုဒ္ဓဘာသာအတွက်သာ အပြစ်တို့ကို ပေးတတ်သည်။ အခြားသောဘာသာတို့အတွက် အပြစ်တို့ကို မပေးတတ်ဟု မှတ်ယူကြမည်လား........ 

အဖြေ.......... ကောင်းမှုသည် ကောင်းသော အမှုဖြစ်၍သာလျှင် ကောင်းမှုဖြစ်သည် ကောင်းမှု ဟူ၍ ပညတ်ထားချက်ကြောင့် ကောင်းမှု ဖြစ်သည်မဟုတ်။ မကောင်းမှုသည် မကောင်းသော အမှုဖြစ်၍သာလျှင် မကောင်းမှုဖြစ်သည် မကောင်းမှု ဟူ၍ ပညတ်ထားချက်ကြောင့် မကောင်းမှု ဖြစ်သည်မဟုတ်။ ဗုဒ္ဓဘာသာတွင် သဘာ၀ အမှန်ကို သေချာသိမြင်သော ဘုရားရှင် အမှန်ရှိသည်။ အခြားဘာသာ အသီးသီးတွင်မူ ရှေးလူတို့ ဖန်ဆင်းတီထွင်ထားသည့် ဘုရားအမည်ခံသာလျှင်ရှိသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ပါရှိကြကုန်သော ကောင်းမှုအသီးသီးတို့က်သာလျှင် ကောင်းကျိုးအသီးသီးတို့ကို ပေးနိုင်သည်။ ဗုဒ္ဓဘာသာတွင် ပါရှိကြကုန်သော မကောင်းမှုအသီးသီးတို့က်သာလျှင် အပြစ်အသီးသီးတို့ကိုပေးနိုင်သည်။ ဗုဒ္ဓဘာသာအရ သိရကုန်သော မကောင်းမှုတို့ကို အခြားဘာသာဝင်တို့က ပြုလုပ်လျှင်လည်း ဗုဒ္ဓဘာသာအရ သိရကုန်သော အပြစ်များကိုသာ ခံကြရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာအရသိရကုန်သော ကောင်းမှုတို့ကို အခြားဘာသာဝင်တို့က ပြုလုပ်လျှင်ကား ဗုဒ္ဓဘာသာအရသိရကုန်သော အကျိုးများကို အပြည့်အ၀ ရရှိကြမည် မဟုတ်ချေ။ မှန်၏။ အခြားဘာသာဝင်တို့သည် သဘာဝအမှန်ကို သေချာသိမြင်တတ်သော ဘုရားအမှန်၏ တရားအမှန်တို့ကို သင်ယူရခြင်း မရှိသောကြောင့် ကောင်းမှုလုပ်နည်းတို့ကို အပြည်အစုံ ဖြစ်ထွန်းအောင် မလုပ်တတ်ကြချေ။ ဘုရားရှင်အမှန် ဖြစ်သော မြတ်ဗုဒ္ဓသည် ကောင်းမှု နှင့် အကျိုး၊ မကောင်းမှု နှင့် အပြစ်တို့ကို သဘာဝအတိုင်း တိကျမှန်ကန်စွာ ညွန်ပြတတ်သော လမ်းညွန် ဆရာမြတ် ဖြစ်ပါသည်။ 

(ဝိဘဇ္ဖဝါဒီ)

Friday, August 10, 2012

ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏ အကျိုးကျေးဇူးများ



ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏ အကျိုးကျေးဇူးများ

၁။ ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်း ရှိ၏။

၂။ (က) ရတနာသုံးပါ၌ ယုံကြည်မူ့၊ ကံကံ၏ အကျိုး၌ ယုံကြည်မူ့ သဒ္ဓါတရားများတိုးပွားလာ၏။
(ခ) အမှတ်သတိကောင်းလာ၏။
(ဂ) ဉာဏ်ပညာ ထက်မြက်လာ၏။
(ဃ) ကုသိုလ် တရားတိုးပွားလာ၏။

၃။ နှစ်သက်ခြင်း ပီတိ၊ ဝမ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ တိုးပွားလာ၏။

၄။ (က) ဘေးကြီး ဘေးငယ်များ ရင်ဆိုင်ရဲလာ၏။
(ခ) တွေ့ကြုံလာသော ဒုက္ခများကို သည်းခံနိုင်လာ၏။

၅။ ဘုရားရှင်နှင့် အတူနေရသလို မှတ်ထင်လာ၏။

၆။ ဂုဏ်တော်ပွားခြင်းဖြင့် ထုံမွမ်းထားသော ထိုသူ၏ ကိုယ်သည်လည်း
စေတီအိမ်ပမာပူဇော်ခြင်းငှါ ထိုက်လာ၏။

၇။ ဘုရားအဖြစ်၌ စိတ်ညွတ်လာ၏။

၈။ မကောင်းမှုပြုရန် အခွင့်ကြုံလာသော်လည်း မိမိ၏ ရှေ့မှောက်၌ ဘုရားရှင်ကို ဖူးမြင်နေရသကဲ့သို့
ဖြစ်ကာ အရှက်အကြောက် တရားများ ဖြစ်ပွားလာ၏။

၉။ ယခုဘ၀ အထက်မဂ် ဖိုလ် မရသည်ရှိသော် သုဂတိ ဘဝသို့ လားရောက်ရ၏။

(ဝိသုဒ္ဓိမဂ္ဂ၊ ၁၊ ၂၀၆)

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

မိစ္ဆာဒိဌိ ၆၂ ပါးအကျဉ်း

၁။ သဿတဒိဋ္ဌိ = ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ် ၅ မျိုးတို့တွင် တစ်ပါးပါး
ကို အတ္တ ဟု၎င်း၊ လောက ဟု လည်းကောင်း ယူပြီး၊
ထို အတ္တ နှင့် လောကကို မြဲ၏ဟု ယူခြင်း ၄ ပါး။

၂။ ဧကစ္စသဿတဒိဋ္ဌိ = အတ္တ နှင့် သင်္ခါရကို အချို့မြဲ၊ အချို့မမြဲ ဟု ယူခြင်း ၄ ပါး။

၃။ အန ္တာနန ္တဒိဋ္ဌိ = ပဋိဘာက နိမိတ်ကို စကြာဝဠာအဆုံးတိုင်အောင်
မပွါးမူ၍ ထိုပဋိဘာဂ နိတ်မိတ်ကို “လောက” ဟုယူကာ၊
လောက သည်အဆုံးရှိ၏ဟု ယူပြီး၊ ပဋိဘာကနိမိတ်ကို စကြဝဠာ
အဆုံးတိုင်အောင် ပွါးများ၍ လောကသည်အဆုံးမရှိ ဟု ယူခြင်း ၄ ပါး၊

၄။ အမရာဝိက္ခေပဒိဋ္ဌိ = ဧဝန ္တိပိ မေ နော စသော နည်းဖြင့် အဆုံးအပိုင်းအခြား
ကင်းသော အယူစကားဖြင့် ပစ်ချခြင်း၊ တနည်း “အမရာ”
မည်သော ငါးသည် ငုပ်ခြင်းပေါ်ခြင်း အစွမ်းဖြင့် ရေ၌ပြေးသွား၍ ဖမ်းရန်မတတ်နိုင်
သကဲ့သို့၊ ဤ အမရာဝိက္ခေပဝါဒသည်လည်း ထိုမှ ဤမှပြေးသွား၍ ဖမ်းယူရန်
မလွယ်၍ “အမရာဝိက္ခေပ” ဟု ခေါ်သော အယူ ၄ ပါး။

၅။ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ = အကြောင်းကင်း၍ ဖြစ်၏ ဟု ယူသောအယူ ၄ ပါး၊

၆။ ဥဒ္ဓမာဃာတနသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာရှိ၏ ဟု ယူသော
အယူ ၁၆ ပါး၊

၇။ ဥဒ္ဓမာဃာတနအသညီဒိဌိ = သေသည်မှ အထက်၌ သညာမရှိ ဟု ယူသော
အယူ ၈ ပါး။

၈။ ဥဒ္ဓမာဃာတန နေဝသညီနာသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာ ရှိသည်
လည်းမဟုတ်၊ သညာ မရှိသည်လည်း
မဟုတ် ဟု ယူသော အယူ ၈ ပါး။

၉။ ဥစ္ဆေဒဒိဋ္ဌိ = သတ္တဝါသေလျှင် ပြတ်၏ ဟုယူသောအယူ ၇ ပါး။

၁၀။ ဒိဌဓမ္မနိဗ္ဗာနဒိဋ္ဌိ = မျက်မှောက် ဤ အတ္တဘော၌ပင် ဒုက္ခငြိမ်း၏ဟု
ယူသော အယူ ၅ ပါး။
စုစုပေါင်း မိစ ္ဆာဒိဌိ ၆၂ ပါး ဖြစ်သည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Wednesday, May 5, 2010

အဘိဓမ္မာဆိုတာ ဘာလဲ

အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။ ဘ၀ရဲ့ သဘာ၀ကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။ အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား တစင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာ၀တ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါ၀င်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လို ပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။
ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊စေတသိက်ရယ်၊ ရုပ်ရယ်။ 
ဘာတွေလဲ ?
စိတ်, စေတသိက်, ရုပ်ပါဘုရား။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ် အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။ The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာ၀၊ 

အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊ မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှနားမလည်ဘူး။ 
အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ဘုရားကိုယ်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက် အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို အကျယ်တ၀င့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။ တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့ မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။ အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
*********************************
လူနဲ့ ဓမ်မနဲ့၊ ဓမ်မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ Dhamma is the light of your life ဖြစ်လာမှာ။ ဓမ္မနဲ့ လူနဲ့ တခြားစီဖြစ်နေရင် ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။ အဲဒါကြောင့် အမေရိကန်ကြီးတယောက်က ဘုန်းကြီးကို မေးတယ်။ ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ်တဲ့။ 
How to learn the Abhidhamma? 
Teach me Abhidhamma. What is Abhidhamma? တဲ့။ 
သူက မေးခွန်းတွေနဲ့။ 
ဟေ့ Abhidhamma is your body. ဟုတ်လား။ Don't read any book. You must read yourself. 
မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။ 
စိတ်က ဘယ်မှာရှိသလဲ၊ ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊ စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။ ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ စိတ်၊ စေတသိက်၊ ရုပ်ကို တကယ်သိမှာ။ ဒီစာအုပ် ခဏထား။ မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် မင်း အဘိဓမ္မာ တကယ်တတ်သွားမယ်။
How to read myself ? သူကပြောတယ်။ ကျုပ်ကိုကိုယ် ကျုပ် ဘယ်လိုဖတ်မလဲ။ 
အေး ကောင်းပြီ
" You must sit on the floor,in the cross legged posotion, place your right hand on top of your left hand, close your eyes slowly, focus your mind at the tip of your nose." ဟိုလူကို ဖတ်ခိုင်းပြီနော်။ တင်ပျဉ်ခွေထိုင်ပါ။ ကိုယ်ကို ဖြောင့်ဖြောင့်ထား။ မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊ ဘယ်ဘက်လက်ပေါ် ညာလက်ကလေး တင်ထား။ Breathe normally, naturally. မှန်မှန်လေး ရှူ။ ရိုးရိုးလေး အသက် ရှူ။ Focus your mind at the tip of your nose .နှာသီးဖျားလေးကို ချိန်ထား၊ ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ ဘာတွေ ရှုံ့လာတာ။ အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။ Must be ralax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။
နှာသီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ်။
venerable Sir; I'd like to ask you a question. အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်။ ဟေ့လူ မင်း နောက်မှ မေး။ မင်းကို ဒီမှာ ထိုင်ပြီး အဘိဓမ္မာ ဖတ်ခိုင်းနေတာ။ နေပါဦး နောက်မှ ဖတ်ပါရစေတဲ့၊ အခု မေးချင်သေးတယ်၊၊ မင်းတို့နဲ့များ ကွာတယ်နော်။ ဟိုလူကတော့ ထိုင်ခိုင်းကာ ရှိသေးတယ်၊ မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။ မင်းစိတ် နှာသီးဖျား ချိန်ထား။ I miss my mind at the tip of nose. စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။ ချော်ချော်ထွက်သွားတယ်။ သူက ဒီလိုပြောတယ်။ Ok I like. You must understand one thing Abhidhamma This is called agitation. ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊ Creak ဖြစ်နေတယ်။ ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။ စေတသိက်တလုံး သူပြောလိုက်တယ်။ စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊ ဥဒ္ဓစ္စ သင်ကြ။ ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။ Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင် မင်းနားလည်လာပြီ။ အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။ အဲဒီလို သင်သွားတာ။ နောက်တော့ သူ ကြိုက်သွားတယ်။ ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင် 
************************************
သုတ္တန် The way of life, ဝိနည်း discipline, အဘိဓမ်မာ the nature of our body or our life, This is Tipitaka, three baskets of Buddha’s teaching ဘုရားတို့ ရဲ့ အဆုံးအမပိဋကတ် သုံးပုံ။ အဲဒါ ဘာလုပ်ဖို့လဲ။ To be learnt သင်ဖို့။ After learning သင်ပြီးရင် ဘာဆက်လုပ်မလဲ။ To be practiced ကျင့်ဖို့။ ဘာရှိသလဲ။ သီလ သမာဓိ ပညာ။ သီလ ထပ်ပြောစရာ မလိုတော့ဘူး။ Bodily discipline, Verbal discipline. ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။ ၀စီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက် ခုနက ပြောထားတယ်။ အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။ It is not for worship, not for belief. ဒီပိဋကတ်သုံးပုံကို I believe in the Tipitaka. ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏။ ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။ I worship the Tipitaka. ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏။ ဗုဒ္ဓဘာသာဖြစ်ရဲ့လား။ မဖြစ်ဘူးနော်။ I am learning. အဲဒါမှ very beginning of Buddhist ဆိုတာ အဲဒါ။ learning သင်ရမယ် နော်။ အဲ ပိဋကတ်သုံးပုံ သင်ပြီးရင် ဘာဆက်လုပ်မလဲ။ ကျင့်မယ်။ ဘာကိုလဲ သီလ။ ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။ to be a good person. လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် သီလအရေးကြီးတယ်။ ကာယကံမှာ စည်းကမ်းရှိရမယ်။ ၀စီကံမှာ စည်းကမ်းရှိရမယ်။ ဒါ religion ကို မဆိုဘူး။ ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။ religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။ ဘာသာ တဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် ရှိတဲ့ ဘာသာအကုန် ကိုးကွယ်။ ကိစ္စမရှိဘူး။ သို့သော် အဲဒီစည်းကမ်းတွေ မလိုက်နာရင် ဒီလူဟာ လူကောင်းကို မဖြစ်ဘူး။ ဒါ အရေးကြီးတာ နော်။ လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား ******************************* ကောင်းပြီ။ ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် သီလပြည့်စုံရင် ဘာဖြစ်သလဲ။ Goog person တဲ့။ လူကောင်း ဒါပေမဲ့ ကာယကံ စည်းကမ်းကောင်းလို့ မလွန်ကျူးဘူး။ ၀စီကံ စည်းကမ်းကောင်းလို့ ပါးစပ်နဲ့ လွန်ကျူးတာလဲ မရှိဘူး။ ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့ He, she, they become a good person but there are many many violation. ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးပါဘူး။ လူ ကောင်းတွေပဲ။ စိတ်ထဲကတော့ သောင်းကျန်းနေတာ အားကြီးပဲ။ အဲဒါ ပိုခက်လာတယ်။ ဒါ another stage. ပိုခက်လာတယ်နော်။ to be right person. ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက် We must control our mental violation. စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို ထိန်းထားရမယ်။ How to control? ဘယ်လိုထိန်းမလဲ ဆိုရင် ကျင့်နည်းကြံနည်းလေးတွေ ပြောဖို့အချိန် မရဘူး။ သမထကျင့်စဉ်ကို ကျင့်ရင် စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး ငြိမ်သွားတယ်။ အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို tranquillity meditation လို့ ခေါ်တယ် နော်။
သမထဆိုတဲ့ စကားလုံးလေးက ငြိမ်းချမ်းစေသော ကျင့်စဉ်၊ စိတ်ကို တနေရာတည်းမှာ ထား၊ ဝီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ထိန်း။ တနေရာတည်းမှာ ထားလို့ နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။ ဟောဒီ မက်ကရိုဖုန်းလေးပေါ် ထားမလား။ သို့မဟုတ်-ဟောဒီ မီးတိုင်လေး ထွန်းပြီးတော့ ထားမလား။ သို့မဟုတ် ရေခွက်လေးထဲ စိုက်ကြည့််နေ။ သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။ အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။ Concentration ရရင် ဒါပြီးတာပဲ။ နည်းပေါင်းလေးဆယ် ရှိတယ်။ ဘာနဲ့ပဲလုပ်လုပ် ဖြစ်တယ်။ ကြိုက်လို့ရှိရင် လုပ်ကြည့်။ မိမိတို့နေတဲ့အခန်းလေးကို လုံနေအောင် ပိတ်။ မနက် နေလာတဲ့အချိန်မှာ အရှေ့က တံခါးပေါက်မှာလေ သေးသေးလေး ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။ အဲဒီက အလင်းရောင်လေး ၀င်လာမှာ မဟုတ်လား။ အဲဒါတွေကို စိုက်ကြည့် Concentration ဖြစ်ရင် ဒါလဲ meditation ဖြစ်တာပဲ။ ရတယ်။ ဟာ နောက်လုပ်ချင်သေးသလား။ အဝိုင်းလေး တဝိုင်းလောက် ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး တဝိုင်းလောက် နံရံမှာ ရေးထား။ အဖြူလေး ချောမွတ် ညီနေရမယ်။ အဲဒါ စိုက်ကြည့်ပြီးတော့ concentrate လုပ်။ အဖြူရောင် မကြိုက်ရင်လဲ အနီရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အပြာရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အဝါရောင်ပေါ့။ အဲဒါဟာ ဘာလဲဆိုရင် tranquillity meditation. အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊ စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ စိတ်ရဲ့ hindrances ခေါ်တဲ့ နီ၀ရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။ အနှောက်အယှက်တွေ၊ အပိတ်အပင် အဆီးအတား စိတ်အညစ်အကြေးတွေ ရှင်းသွားလို့ ခွက်တခွက်ထဲမှာ ရေထည့်။ ရေဟာ လှုပ်လဲ မနေစေနဲ့။ မီးထိုးထားလို့ အခိုးလဲ ထွက်မနေစေနဲ့။ ဆေးရောင်စုံ ဆိုးထားလို့ ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။ အောက်က အနည်လဲ မထစေနဲ့။ အပေါ်ကဖုံတွေလဲ မလွှမ်းစေနဲ့။ ဘယ်နှစ်ပါးလဲ ။ ရေခွက်ထဲ ငုံ့ကြည့်၊ ဘာတွေ့လဲ။ အရိပ်တွေ့တယ်။ အဲဒီတော့ ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ အဲဒီလို အပြစ်ငါးပါးကင်းတဲ့ ကြည်အေး ငြိမ်နေတဲ့ စိတ်ကလေး ဖြစ်လာအောင် သမထကျင့်စဉ်ဆိုတာ ကျင့်ကောင်းတယ်။ ဘယ်သူကျင့်ကျင့် Buddhist or non Buddhaist, Christion or Islam or Hindu or anybody can practice, anybody can attain the mental happiness. ဘယ်သူမဆို စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။ စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့ နည်းဟာ ဒီနည်းပဲ ရှိတယ်။ It is not religion. It is not for worship. It is not for belief but to be into practice ကျင့်မှ ရမယ်။ ယုံကြည်နေရုံနဲ့ ရမှာမဟုတ်ဘူး။ ဆေးသောက်ဖြစ်အောင် သောက်ကြပါ
********************************
ငါ ဖျားနေတယ်။ အဖျားပြတ်ဆေး ငါ ယုံကြည်ပါတယ်နော်။ ဘယ်တော့မှ အဖျားမပျောက်ဘူး။ ဆရာ၀န်ကြီးက ရေးပေးလိုက်တယ်။ မင်း အဖျား ဘာကြောင့်ဖျားတာ။ ဒီဂရီ ဘယ်လောက်ရှိတယ်။ ဘာအစားရှောင်။ အစာအိမ် ဘာဖြစ်နေတယ်။ ဘာဆေးသောက်။ မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။ နေ့ ဘယ်နှစ်လုံးသောက်၊ ရေးပေးလိုက်တယ်။ ဆရာ၀န်ကရေးပေးတာ။ ဟာ သိပ်တော်တဲ့ ဒေါက်တာဆိုပြီး ကိုယ့်နေရာကိုယ် ရောက်တော့ ဆေးပုလင်းလေး ဘေးချ။ ဆေးပုလင်းလဲ ယုံကြည်တယ်။ ဆရာ၀န်လဲ ယုံကြည်တယ်။ ဆေးအညွှန်းလဲ ယုံကြည်တယ်။ ဆေးအညွှန်းကြီးဖတ်နေ၊ ရောဂါ ပျောက်မလား။ ဒီကနေ့ ကမ္ဘာလူသားတွေက ဆေးညွှန်းတောင် ကောင်းကောင်း မဖတ်ချင်တော့ဘူး ဖြစ်လာတယ်။ ပိဋကတ်သုံးပုံဆိုတာ ဆေးညွှန်းတွေ ဟုတ်လား။ အခုပြောနေတာ သီလ သမထ။ နောက် တတိယအဆင့် ဝိပဿနာ။ အဲဒါ ဆေးနော်။ သီလဆေး သောက်ရင် ကာယကံ ၀စီကံမှာ ဘာဖြစ်လဲ အပြစ်ကင်းသွားမယ်။ သမထ ဆေးသောက်ရင် မနောကံ စိတ်ရဲ့ သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။ ဝိပဿနာဆေးကို သောက်မယ် ဆိုရင်တော့ စိတ်ရဲ့ ဟိုအထဲမှာ စွဲနေတဲ့ ရောဂါရဲ့ အမြစ်ကို ဆရာက ဆေးကောင်းကောင်းနဲ့ နုတ်လိုက်သလိုပေါ့။ ဝိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး သန့်ရှင်းသွားမယ်။
သူတော်သူမြတ်ဖြစ်ချင်လျှင်
*************************** You will attain purification of mind in this very life. စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။ At that time, you will become a noble person. ဘယ်နှစ်ဆင့်လဲ။ To be a good person လူကောင်းတယောက်ဖြစ်ဖို့ practice Sila, To be a right person. ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက် You should practice Samatha. To be a Noble person, စာလုံးပေါင်း မမှားစေနဲ့။ သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက် We should practice insight meditation, Vipassana. ဝိပဿနာဆိုတာ ဘာလဲဆိုရင် စောစောက ပြောခဲ့ပြီ။ ဟို အမေရိကန်ကြီးကို အဘိဓမ္မာ ဖတ်ဆိုတော့ ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။ ကိုယ်ထဲမှာ ဖတ်ရတယ်။ ၀ိပဿနာဆိုတာ ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို အရှိအတိုင်း သိအောင်၊ အဲဒီ အရှိတရားတွေ တခုနဲ့တခု ဘယ်လို interdepdndent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ ဘာလဲ ဝိပဿနာ ပဲ။ အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး ဘာဖြစ်လဲ။ သန့်ရှင်းသွားတယ်။ အဲဒီတော့ ထိုသူ ဘာဖြစ်လဲ။ Noble person သူတော်သူမြတ်တယောက် ဖြစ်လာမယ်။ ဘယ်နှစ်ဆင့်လဲ သီလကျင့် လူကောင်းဖြစ်မယ်။ သမထကျင့် လူဖြောင့်ဖြစ်မယ်။ ဝိပဿနာကျင်ရင် တော်သူမြတ်တယောက်ဖြစ်လာမယ်။
ကျင့်စဉ် ဘယ်နှစ်မျိုးလဲ သီလ သမာဓိ ပညာ- ဒီသုံးမျိုးက ဘာလုပ်မလဲ။ To be practice အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင် We will realize the true nature of our life. ဘ၀ရဲ့ အမှန်တရားတွေကို နားလည်လာမယ်။ ဘ၀အမှန်ဆိုတော့ သစ္စာတရားပေါ့။ ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများသည် ကိုးကွယ်ဖို့ religion မဟုတ်ဘူး။ သင်ဖို့ ဓမ္မ နော်။ ရှိခိုးဖို့ ယုံကြည်ဖို့ religion မဟုတ်ဘူး။ ကျင့်ဖို့ ဓမ္မ။ ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။ သိရှိနားလည်အောင် လုပ်ရမယ့် ဓမ္မ။ အဆင့် ဘယ်နှစ်ဆင့်လဲ။ ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့် တက်လာမလဲ။ to be a good person, to be a right person, to be a noble person. လို့ ဘ၀အဆင့် သုံးဆင့် မြင့်တက်လာမယ်။ လူသားတိုင်းရဲ့ ဘ၀ကို အဲဒီလို အဆင့်ဆင့် မြင့်တက်စေတဲ့ အဆုံးအမများကို ဘာခေါ်လဲ။ Buddha’s teaching ဒီလို ခေါ်ပါတယ်။
**************************
သီတဂူ ဆရာတော်

Wednesday, December 2, 2009

ထေရဝါဒ ဆိုသည်မှာ

ပြည်သူ့လွတ်တော် အမတ်ဟောင်းဖြစ်သူ၊ ဆဌသင်္ဂါယနာ သဗ္ဗဘာရာသဟ ဖြစ်သူ ဥိးသိန်းမောင် နှင့် ဒေါ်ယဉ်မေ တို့၏ သမီး တရားရုံးချုပ်ရှေ့နေ ခင်မေသိန်း (ပျော်ဘွယ်) ၏ 
ဓမ္မဘိမာန် စာမူဆု ပထမဆုရ “မြန်မာနိုင်ငံ နှင့် ဗုဒ္ဓသာသနာတော်” စာအုပ်မှ (ဒီနေရာမှာ လိုအပ်သည့်) ကောက်နုတ်ချက်များကို တင်ပြပါမည်။ 

(စာအုပ်ပြုစုသူ ဆရာမကြီးသည် ဆဌသင်္ဂါယနာ ဝန်ဆောင်ပုဂ္ဂိုလ်၏ သမီးလည်းဖြစ်၍ ဥပဒေ ပညာရှင်လည်း ဖြစ်နေသောကြောင့်ယင်းကျမ်းစာထဲတွင် ဥပဒေ ရေးရာများလည်း ပါရှိ)

 “ ထေရဝါဒ မူသုံးချက်ဆိုသည်မှာ မထမသင်္ဂါယနာ တင်ပွဲကြီး၌ အရှင်မဟာကဿပ ဥိးဆောင်သော ရဟန္တာ မထေရ်မြတ်ကြီးများသည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန်ပွားရေးအတွက် လိုက်နာကျင့်သုံးရန် တညီတညွတ်ထဲ ချမှတ်ခဲ့သော ပညတ်တော်များဖြစ်သည်။ 

၎င်းတို့သည်ကား.......... 
၁။ အပ္ပညတ္တံ န ပညပေတိ။ ဘုရားရှင် ပညတ်တော် မမူအပ်သော သိက္ခာပုဒ်ကို မပညတ်ရ။ 
၂။ ပညတ္တံ န သမု စ္ဆိန္ဒတိ။ ဘုရားရှင် ပညတ်တော် မူအပ်သော သိက္ခာပုဒ်ကို မပယ်ဖျက်ရ။ 
၃။ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တတိ။ 
ရှိပြီးသား ပညတ်တော် သိက္ခာပုဒ်အတိုင်း လိုက်နာကျင့်သုံးရမည်။ (စာ- ၂၄၉-၂၅၀) ၁၉၉၀- ပြည့်နှစ် သံဃအဖွဲစည်း ဆိုင်ရာ ဥပဒေ ၃၁-၁၀-၉၀ နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမူ တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် (၂၀/၉၀) ဖြင့် သံဃအဖွဲစည်း ဆိုင်ရာ ဥပဒေ ကိုပြဌာန်းခဲ့သည်။ 

ဤဥပဒေတွင် အခန်း (၅) ခန်းပါဝင်သည်။ 
ပုဒ်မ (၈) တွင် အခြေခံ စည်းမျဉ်းအရ ဂိုဏ်းပေါင်းစုံ သံဃအစည်းဝေးမှ အတည်ပြုထားသော ဂိုဏ်းကြိး (၉) ဂိုဏ်းမှ အပ ဂိုဏ်းသစ်များ ခွဲခြားတည်ထောင်ခြင်း မပြုရဟု ပါရှိသည်။ 
ပုဒ်မ (၉) တွင် သက်ဆိုင်ရာ သံဃနာယက အဖွဲစည်း တခုခု၏ကြိးကျပ်မူအောက်၌ တည်ရှိသော သံဃအဖွဲစည်း များမှ အပ ကြီးကြပ်မူကို မခံယူသော သံဃအဖွဲစည်းကို ဖွဲ့စည်းခြင်း မပြုရဟု တားမြစ်ချက်ပါရှိသည်။ ပုဒ်မ (၁၀) ၌ မည်သူမဆို သံဃအဖွဲစည်းအဆင့်ဆင့် ပြိုကွဲပျက်စီးစေရန် စည်းရုံးခြင်း၊ လှုပ်ဆော်ခြင်း၊ ဟောပြောခြင်း၊ ရေးသားဖြန့်ချီခြင်း မပြုရဟု တားမြစ်ထားသည်။ (စာ- ၂၅၈-၂၆၀) 

မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကို ပြင်ဆင်ပိုင့်ခွင့်၊ ဗုဒ္ဓဘာသာ အမည်နဲ့ မတူတဲ့ တခြားရှူ့ထောင့်ကနေ ဖွင့်ဆို ပြပိုင်ခွင့် မရှိပါ။ ဗုဒ္ဓဘာသာ အမည်ခံပြီး ဂိုဏ်းသစ်တည်ထောင်ခွင့်လည်း သံဃဥပဒေအရ ခွင့်မပြုပါ။ ကိုယ့်အယူအဆ နဲ့ ကို လုပ်ချင်သလို လုပ်ချင်တယ် ဆိုရင်တော့ တခြားနိုင်ငံမှာ သွားလုပ်ပါ၊ မြန်မာနိုင်ငံမှ လာမလုပ်ကြပါနဲ့ ။ လုံး၀ တည်ထောင်ပိုင်ခွင့် မရှိပါ။ ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော် ဘာသာဖြစ်ပါတယ်  “အခြားဘာသာများကို လွတ်လပ်စွာ ယုံကြည်ခွင့်ရှိသည်” ဟု ဆိုရာတွင် အခြားသော ဗုဒ္ဓဘာသာ ဂိုဏ်းခွဲများကို ဆိုလိုသည်မဟုတ်ပါ။ ခရစ်ယာန်ဘာသာ၊ မူဆလင်ဘာသာ စသည်များကို ဆိုလိုပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာအမည်ခံပြီး ဗုဒ္ဓရဲ့ ပိဋကတ်တော်လာတရားတော်တွေကို ဖျက်ဆီးနေတဲ့ အဓမ္မဝါဒ ဓမ္မဝိဟာရီ မိုးပြာဂိုဏ်း နှင့် အဓမ္မဝါဒ ဓမ္မစေတီဂိုဏ်း စသည် များသည် ထေရဝါဒ သာသနာကို ဖျက်စီးနေသော ဂိုဏ်းများဖြစ်ပါသည်။ တကယ် အစစ်မှန်ထေရဝါဒ ဆိုသည်မှာ အထက်မှာ ဖော်ပြခဲ့ပြီးသည့်အတိုင်း ထေရဝါဒမူသုံးချက်နှင့် ကိုက်ညီမှသာလျှင် ထေရဝါဒ ဟုခေါ်ပါသည်

သျှင်သာမိ - မုံရွာ
http://shintharmi.blogspot.com

Tuesday, October 27, 2009

သာဓု ဆိုတာ

သာဓု ခေါ်တိုင်း ကောင်းတယ်လို့ချည်း ပြောတာမဟုတ်ဘူး သာဓု မှာ အဓိပ္ပါယ် အများကြီးရှိတယ်
ဥပမာ - ရဟန်းတော်တွေ ဒေသနာကြားတဲ့ အခါ
"အဟံ ဘန္တေ သဗ္ဗာအာပတ္တိယော အာရောစေယျာမိ"
ရဟန်းငယ်က 'တပည့်တော် ရဲ့ အပြစ်တွေကို ပြောကြားပါမယ် '
သာဓု အာဝုသော သာဓု သာဓု "အေး ကောင်းပြီ ငါ့ရှင် ပြော ပြော" လို့ ပြောခိုင်းတဲ့ အဓိပ္ပါယ်နဲ့ သာဓု ကိုသုံးတာ

သမ္ပဋိစ္ဆန - ဝန်ခံတာလည်း သာဓု ပဲ သုန္ဒရံ - ကောင်းမြတ်ပါပေတယ်လို့ ပြောတာလည်း သာဓု ပဲ ဟုတ်ပါတယ် မှန်ပါတယ်လို့ ထောက်ခံတာလည်း သာဓု သာဓု ပဲ အနုမောဒနာ - ရွှင်လန်း ဝမ်းမြောက်ကောင်းချီးပေးတာလည်း သာဓု သာဓု ပဲ
ရှေ့က အကြောင်းအရာပေါ် မူတည်ပြီး နောက်က သာဓု က အဓိပ္ပါယ် ပြောင်းသွားတယ်
ဘုန်းကြီးတွေ တရားဟောတဲ့အခါမျိုးမှာပေါ့ သတည်းဆုံးရင် သာဓု ခေါ်ကြတယ်
"သုဝဏ္ဏသာမ သည် မုဆိုးက မြားနှင့် ပစ်သဖြင့် သေဆုံးခြင်းသို့ ရောက်ရလေတော့သတည်း " ပရိသတ်က သတည်းဆုံးတာနဲ့ သာဓု ခေါ်ပြီးသား
ဒီနေရာမျိုးမှာ ဟ သူများဒုက္ခရောက်တာ သေတာများ သာဓု ခေါ်စရာလားလို့ ပြောစရာဖြစ်မယ် ဒီနေရာမျိုးမှာကျ သာဓု က ကောင်းပါတယ်လို့ ပြောတာ မဟုတ်ဘူး ဟုတ်ပါတယ်ဘုရား မှန်ပါတယ်ဘုရား လို့ ပြောပြီး ထောက်ခံတာ သာဓု သာဓု ပဲ

ကဲ သဘောပေါက်လားး သာဓု ခေါ်ကြ
&&&
သျှင်သာမိ - မုံရွာ
https://shintharmi.blogspot.com

Friday, October 9, 2009

ပါရမီ ၁၀ ပါး

ဗုဒ္ဓမှာ ဇနီးလည်းရှိတယ်။ သားလည်းရှိတယ်။ ဒါကြောင့် ဗုဒ္ဓဟာ သာမန်လူသား တယောက်သာဖြစ်ပြီး ဘုရားဆိုတဲ့ဘွဲ့ထူးနဲ့ မည်သည့်နည်းနဲ့မျှ မထိုက်တန်ဘူး ဆိုတဲ့စကားဟာ 

ဗုဒ္ဓရဲ့ သိပ္ပံနည်းကျတဲ့ အဘိဓမ္မာတရားတွေကို မသိနားမလည်ကြတဲ့ ခရစ်ယာန်ဘုန်းကြီးများက ဗုဒ္ဓဘာသာကို မနှစ်မြို့တဲ့သဘောနဲ့ ဟော ပြော ဝါဒဖြန့်နေကြတဲ့စကားသာလျှင် ဖြစ်ပါတယ်။ အလွန်မြင့်မြတ်တဲ့၊ ပြိုင်ဖက်မရှိတဲ့၊ အလွန်စင်ကြယ်မြင့်မြတ်တဲ့၊ သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဗုဒ္ဓနဲ့ ဗုဒ္ဓအဖြစ်ကို ရောက်အောင် ကျင့်နေစဉ်အခါက ဗုဒ္ဓအလောင်းအလျာနဲ့ အလွန်ကွာခြားလျက်ရှိတယ်ဆိုတဲ့ အချက်ကို သူတို့ဟာ လုံးဝ မသိနားမလည်ကြဘူး။ 

ဇနီး ယသော်ဓရာမင်းသမီးနဲ့ သားတော် ရာဟုလာတို့နဲ့ နန်းမသုံးဆောင်မှာ ပျော်စံနေခဲ့တဲ့ ဂေါတမမင်းသား၊ တနည်း အားဖြင့် သိဒ္ဓတ္ထမင်းသားဟာ ဗုဒ္ဓရဲ့အလောင်းအလျာ၊ ဗုဒ္ဓဖြစ်ဖို့ရန် ကြိုးစားနေတဲ့ အကြင်လူသားတယောက်ပဲ ဖြစ်ခဲ့ တယ်။ သူဟာ သမ္မာသမ္ဗုဒ္ဓ အဖြစ်ရောက်အောင် လေ့ကျင့်ယူရမယ့် မင်းသားတပါးပဲဖြစ်တယ်။ ဗုဒ္ဓကိုယ်တော်တိုင် မဟုတ်သေးဘူး။ ဗုဒ္ဓဆိုတာ ဘာလဲလို့ ဆိုတာကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှားမြင်လာအောင် ဦးပဉ္ဇင်းက အောက်ပါ အချက် အလက်ကို ရှင်းပြဖို့ လိုလိမ့်မယ်။ 

ဗုဒ္ဓအဖြစ်ကို လိုလားတောင့်တပြီး ကျင့်သုံးတဲ့လူကို ဗုဒ္ဓအလောင်းအလျာ လို့ခေါ်တယ်။ 
ဒီ ဗုဒ္ဓအလောင်းအလျာဟာ - 
၁။ မိမိရဲ့ စည်းစိမ်ဥစ္စာကို မပြောနဲ့၊ အသက်ကိုပင် လာပြီးအလှူခံမယ့်လူရှိရင် ပေးကမ်းစွန့်ကြဲမယ်ဆိုတဲ့ ဒါနပါရမီ၊ 
၂။ အသက်ပင် အသေခံပြီး စောင့်ထိန်းအပ်တဲ့ သီလကို စောင့်ထိန်းပါမယ် ဆိုတဲ့ သီလပါရမီ၊ 
၃။ စည်းစိမ်ဥစ္စာဟူသမျှတွင် သာမန်လူသားတို့ အတပ်မက်ဆုံးဖြစ်တဲ့ ထီးနန်းစည်းစိမ်ကိုပင် စွန့်ပယ်၍ တောထွက်ခြင်း၊ တနည်းအားဖြင့် ဤစည်းစိမ်ဥစ္စာရတနာ ဆိုတဲ့ တရားစုတို့မှ လွတ်မြောက်အောင် ရုန်းထွက်တဲ့ နိက္ခမပါရမီ၊ 
၄။ အသက်စည်းစိမ်ချမ်းသာကိုပင် ပမာဏမပြုဘဲ အမှန်တရားကိုသာ ကိုယ်စားပြုတဲ့ သစ္စာပါရမီ၊ 
၅။ ရှိရှိသမျှသောတရားကို ဟုတ်တိုင်းမှန်ရာအတိုင်း ခွဲခြားစိတ်ဖြာပြီးသိနိုင်တဲ့ အသိဉာဏ်ကိုဆည်းပူးတည်ဆောက် တဲ့ ပညာပါရမီ၊ ၆။ အသက်အိုးအိမ်စည်းစိမ်ဟူသမျှကို ပမာဏမထားဘဲ သမုဒ္ဒရာပင်လယ်ကြီးကိုပင် လက်ပစ်ကူး၍ စွန့်စားဝံ့သော မဆုတ်မနစ်သည့် ဇွဲလုံ့လထုတ်မှု ဝီရိယပါရမီ၊ 
၇။ မိမိရဲ့ သားသမီး ဇနီးကိုသာမက မိမိရဲ့အသက်ကိုပင် လုပ်ကြံသတ်ဖြတ်မည့်သူ ဖြစ်ပစေ၊ မည်ကဲ့သို့မျှ မတုံ့ပြန် ဘဲ သည်းခံတဲ့အကျင့်ကို တည်ဆောက်တဲ့ ခန္တီပါရမီ၊ 
၈။ ရှိရှိသမျှသော သတ္တဝါတို့ကို မိမိ၏ရင်သွေးရင်နှစ် သားသမီးအစစ်တို့ကဲ့သို့ ချစ်ခင်ကြင်နာခြင်း စိတ်ဓာတ်ကို တည်ဆောက်သည့် မေတ္တာပါရမီ၊ 
၉။ မိမိပြုအံ့ဟု ရည်မှန်းထားတဲ့ မြင့်မြတ်တဲ့အရေးကိစ္စအဝဝကို ဆောင်ရွက်ရာတွင် မည်သည့်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရစေကာမူ မဆုတ်မနစ်လုပ်ကိုင်တဲ့ အလေ့အကျင့်ကို တည်ဆောက်တဲ့ အဓိဋ္ဌာနပါရမီ၊ 
၁၀။ မည်သူ့ကိုမျှ ချစ်လည်းမချစ်၊ မုန်းလည်းမမုန်းတဲ့ လွန်ကဲတဲ့စိတ်ဓာတ်မျိုးကို မမွေးမြူတတ်တဲ့ ဥပေက္ခာပါရမီ။ 

အဲဒီ ပါရမီ(၁၀)ပါးကို ဖြည့်ဆည်းခဲ့ပြီး ပြည့်စုံတဲ့အချိန်ရောက်မှ၊ နောက်ဆုံးဗုဒ္ဓအဖြစ်သို့ ရောက်မယ့်ဘဝကျတော့မှ အလွန်မြင့်မြတ်ပြီး အကျင့်သိက္ခာနဲ့ ပြည့်စုံလှတဲ့မိခင်ရဲ့ဝမ်းကြာတိုက်အတွင်းမှာ ပဋိသန္ဓေနေခဲ့တယ်။ ဒါဟာ ဗုဒ္ဓ အလောင်းအလျာတို့ရဲ့ ကျင့်ထုံးပဲ။ ဒီကျင့်ထုံးအတိုင်းပဲ ဗုဒ္ဓအလောင်းတော် ဂေါတမမင်းသားဟာ မယ်တော်မာယာရဲ့ ဝမ်းထဲမှာ ပဋိသန္ဓေတည်ပြီး မွေးဖွား တော်မူခဲ့တယ်။ အဲဒီနောက် အချိန်တန် အရွယ်ရောက်လာတော့ ယသော်ဓရာမင်းသမီးနဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြားပြီး သားတော်ရာဟုလာ ဖွားမြင်ပြန်တယ်။ အဲဒီအခါက ဂေါတမမင်းသားဟာ ဗုဒ္ဓအဖြစ်ကို မရောက်သေးဘူး။ ဗုဒ္ဓရဲ့ အလောင်းအလျာမျှသာ ဖြစ်တယ်။ အဲဒီနောက်မှာ ထီးနန်းစည်းစိမ်နဲ့တကွ လောကီစည်းစိမ်အဝဝကို စွန့်ပယ်ပြီး တောထွက်တော်မူတယ်။ တောထဲမှာ (၆)နှစ်တိုင်တိုင် သာမန်လူသားတို့ စိတ်ကူးထဲမှာပင် မထည့်ဝံ့လောက်အောင် အလွန်ပြင်းပြင်းထန်ထန် ကျင့်တော်မူတယ်။ လွန်ခဲ့တဲ့ ဘဝအဆက်ဆက်က ဖြည့်ဆည်းတည်ဆောက်ခဲ့တဲ့ (၁၀)ပါးသောပါရမီအဟုန်နဲ့ ဂေါတမမင်းသားအဖြစ်နဲ့ (၆)နှစ်တိုင်တိုင် ပြင်းပြင်းထန်ထန်ကျင့်ခဲ့တဲ့ အကျင့်အဟုန်ဖြင့် ဝါဆိုလပြည့်နေ့ ဒုတိယညဉ့်ယံတွင် သစ္စာလေးပါး မြတ် တရားကို ဆရာမရှိဘဲ အလိုလို အကြွင်းမရှိသိမြင်တော်မူခဲ့တယ်။ 

အဲဒီအချိန်ကစပြီး ဗုဒ္ဓအဖြစ်ကို ရောက်တော်မူတယ်။ တနည်းအားဖြင့် သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူတယ်ဆိုတာ လောဘ၊ ဒေါသ၊ တဏှာ၊ မာန၊ မိစ္ဆာ အစရှိတဲ့ အဝိဇ္ဇာတရားဟူသမျှကို မြူမျှမကျန်အောင် သုတ်သင်ပယ်ရှားနိုင်တော်မူခြင်းဖြစ်တယ်။ ဒီသဘောကို အပြန်ပြန် ကောက်ယူမယ်ဆိုရင် ဒီ အဝိဇ္ဇာတရားကို မြူမျှမကျန်အောင် မပယ်ဖျက် မရှင်းလင်းနိုင်သမျှ ဘယ်သူမျှ သစ္စာလေးပါး မြတ်တရားကို အထင်အရှား မသိနိုင်ဘူး၊ မမြင်နိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓဟာ လောဘ၊ ဒေါသ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ တရားတွေမှမကင်းဘူးဆိုတဲ့စကားဟာ လုံးဝယုတ္တိယုတ္တာ ကင်းမဲ့တဲ့ စကားသာလျှင်ဖြစ်တယ်။ 

ဒီစကားဟာ ဗုဒ္ဓဆိုတဲ့စကားရဲ့ အနက်အဓိပ္ပာယ်ကို မသိတဲ့လူများရဲ့ ပြောစကား သာလျှင် ဖြစ်တယ်။ ဗုဒ္ဓမှာ အမေဆိုတာလည်း မရှိဘူး၊ အဖေဆိုတာလည်း မရှိဘူး၊ မယားလည်းမရှိဘူး၊ သားလည်းမရှိဘူး၊ လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောကဆိုတဲ့ လောကတွေထဲမှာ ဗုဒ္ဓနဲ့ နှိုင်းအပ်ယှဉ်အပ်တဲ့ ပုဂ္ဂိုလ် တယောက်မျှမရှိတော့ဘူး။ သူဟာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့ရဲ့ ဦးတိုက်ပူဇော်ရာ ဆရာဖြစ်လာတော်မူတယ်။ 

ဗုဒ္ဓအလောင်းအလျာအနေနဲ့ ဘဝပေါင်း အသင်္ချေတိုင်အောင် (၁၀)ပါးသော ပါရမီတော်မြတ်ကို ကျင့်တော်မူခဲ့ရတာက အကြောင်းတရား၊ နောက်ဆုံးဘဝမှာ ဆရာမရှိဘဲ အလိုလို သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော် မူခြင်းက အကျိုးတရား၊ တဖန် ဗုဒ္ဓအဖြစ်က အကြောင်းတရား၊ အလုံးစုံသော တရားတို့ကို သိမြင်တော်မူခြင်းက အကျိုးတရား၊ တဖန် အလုံးစုံသော တရားတို့ကို သိမြင်ရခြင်းက အကြောင်းတရား၊ နိဗ္ဗာန်တရားကို ရတော်မူခြင်းက နောက်ဆုံးအကျိုးတရားပဲ ။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အကြောင်းနှင့်အကျိုးတရားတို့ရဲ့ သဘော ရော၊ ဗုဒ္ဓဆိုတာ ဘာလဲဆိုတဲ့အချက်ကိုပါ နားလည်သဘောပေါက်နိုင်ပါတယ်။

အရှင်ဝရသာမိ 
http://shintharmi.blogspot.com

Thursday, October 8, 2009

မြတ်ဗုဒ္ဓ၏ တရားဥိး

မြတ်ဗုဒ္ဓ၏ တရားဥိး
(The First Discourse of The Buddha)

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.

(၃)
ဗျာဓိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.

(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.

ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

သစ္စာလေးပါးကို ရှင်းပြပါမယ်


(၁) ဒုက္ခသစ္စာ
The Noble True of suffering.

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ
The Noble True of the origin of suffering.

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ
The Noble True of the Cessation of suffering.

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ
The Noble True of the Path leading to the Cessation of suffering.

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -

Right view- ကောင်းစွာ သိမြင်ခြင်း၊
Right thought- ကောင်းစွာ ကြံစည်ခြင်း၊
Right speech- ကောင်းစွာ ပြောဆိုခြင်း၊
Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊
Right livelihood ကောင်းစွာ အသက်မွေးခြင်း၊
Right effort- ကောင်းစွာ အားထုတ်ခြင်း၊
Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း နှင့်
Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဉာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တဝါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ဝန်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။

သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တဝါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ဝန်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဉာဏဒဿန နှင့် စေတောဝိမုတ္တိ= ဉာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဉာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး 
ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဝါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။


တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

အရှင်ဝရသာမိ
https://shinsami.blogspot.com

Monday, September 7, 2009

ဩကာသ အဓိပ္ပါယ် ရှင်းလင်းချက်

ဗုဒ္ဓဘာသာဝင် အများစုကိုပေါ့ အမှတ်တမဲ့ မေးကြည့်ရင် ဩကာသ ဆိုတာ ဘာအဓိပ္ပါယ်လဲ လိုက်မေးကြည့်တဲ့အခါ တော်တော်များများက နှုတ်ကသာ ဆိုနေကြတယ် မေးလိုက်ရင် အင်း အဲ ဖြစ်ပြီး မပြောတတ်ကြဘူးဗျ အဲဒါ ဦးဇင်း လူတော်များများကို မေးကြည့်ပြီးပြီ အမှုမဲ့ အမှတ်မဲ့ပဲ နေကြတာများတယ် အထဲက အဓိပ္ပါယ်တွေ တစ်ခုချင်းလိုက်မေး တကယ်ကို မသိကြတာကများတယ် သိအောင်လည်း မလုပ်ကြဘူး ဘုရားရှိခိုးရင် ပါးစပ်ကဆိုပြီး ရှိခိုးလိုက်ကြတာပဲ အဓိပ္ပါယ်ကို သဲသဲကွဲကွဲ သိအောင် မလုပ်ကြဘူး အပြစ်တင်ချင်လို့ မဟုတ်ပါ ဒီအခြေခံလေးတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သိထားသင့်တာပေါ့ ဘာသားခြားပုဂ္ဂိုလ် တစ်ယောက်ယောက်ကများ လာမေးလို့မှ ပြန်မပြောနိုင်ရင် ရှက်ဖို့လည်းကောင်းတယ် မိဘဖြစ်သူတွေကလည်း ကိုယ့်ကလေးကို သင်ပေးတဲ့အခါ ငယ်စဉ်ကတည်းက အဓိပ္ပါယ်ကိုပါ နားလည်အောင် သင်ပြပေးသင့်တယ် အဓိပ္ပါယ်ကို နားလည်မှ ဘုရားရှိခိုးရတာ ပိုပြီး ကုသိုလ်တိုးပေမပေါ့ဗျာ ပေါ့ပေါ့တန်တန်ပဲ သဘောမထားကြပါနဲ့နော် ကဲ မှတ်ကြရအောင် ~ ရှိခိုးခန်း ~ "သြကာသ…သြကာသ….သြကာသ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ရှင်ဘုရား" ~ ဆုတောင်းခန်း ~
ကန်တော့ ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ဝိပတ္တိတရားလေးပါး၊ ဗျသန တရားငါးပါး - တို့မှ အခါ ခပ်သိမ်း ကင်းလွတ် ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် ချမ်းသာတရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား " +++
~ အဓိပ္ပါယ်ရှင်းလင်းချက် ~ သြကာသ => ခွင့်ပြုတော်မူပါ ၊ ရှိခိုးကန်တော့ ခွင့်ပြုရန် ခွင့်တောင်းခြင်းဖြစ်ပါတယ် ရိုသေမှုကို အလေးအနက် ပြုလိုသောကြောင့် သုံးကြိမ်ရွတ်ဆိုရတာပါ ကာယကံ => ကိုယ်ဖြင့် ပြုလုပ်သော အမှု ၀စိကံ => နှုတ်ဖြင့် ပြောဆို သော အမှု မနောကံ => စိတ်ဖြင့် ကြံစည်သော အမှု သဗ္ဗဒေါသ=> ခပ်သိမ်းသော အပြစ်။ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ (ရတနာသုံးပါးနှင့် မိဘ ဆရာသမားတို့ကို ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း ၊ နှုတ်အပြောအဆိုဖြင့် ပြစ်မှားခြင်း စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်း တို့တွင် တစ်စုံ တစ်ခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထို အပြစ်တို့ ကို ပပျောက် လျော့ပါးသွားစေရန် တောင်းပန်ကန်တော့ခြင်းဖြစ်ပါတယ်။ အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ => လက်ဝါးနှစ်ဘက် ကို ပန်းကြာငုံကဲ့သို့ စုံညီပြုကာရှိခိုး => အရိုအသေ ပြုသည် " ရှိခိုးခြင်း (၃) မျိုး " လက်အုပ်ချီ၍ ထိခြင်း ငါးပါးဖြင့် ရှိခိုး ခြင်း ကို ကိုယ်ဖြင့် ရှိခိုးသည် မည်၏ ။ ရတနာသုံးပါး တို့၏ ဂုဏ်တော်များကို နှုတ်ဖြင့် ရွတ်ဆို ၍ ရှိခိုးခြင်း ကို နှုတ်ဖြင့် ရှိခိုးသည် မည်၏ ။ ရတနာသုံးပါး ၏ ဂုဏ်တော်များကို စိတ်ဖြင့် အဖန်ဖန် အောက်မေ့ ဆင်ခြင် ခြင်းကို စိတ်ဖြင့် ရှိခိုးသည် မည်၏ ။ ပူဇော် => တစ်စုံ တစ်ခုပေး၍ အလေးအမြတ် ပြုသည် ပစ္စည်းဖြင့် ပူဇော်ခြင်း ၊ တရားဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်း (၂) မျိုး ရှိသည် ၊ ပရိတ် ပဌာန်း စသည် ရွတ်ဖတ်၍ပူဇော်ခြင်းသည် တရားဖြင့် ပူဇော်ခြင်းဖြစ်၏ ။ ဖူးမြော် => ပကတိ မျက်စိဖြင့် မြင်တွေ့ခြင်း ၊ ဥာဏ်မျက်စိ ၌ ထင်ရှားပေါလွင်အောင် အာရုံပြု ခြင်းဟူ၍ (၂)မျိုးရှိသည်။ မာန်လျှော့ => မာန်မာန ကို လျှော့ချခြင်း၊ မိမိသည် ရတနာသုံးပါးအောက် နိမ့်ကျသည်ဟု ယူဆပါမှ ရှိခိုးကန်တော့ နိုင်သည် ကန်တော့ပါ၏ အရှင်ဘုရား ~ ~~~ဒီနေရာမှာ ရှိခိုးခြင်းအခန်းပြီးပါပြီ ~~~
နောက်မှ ဆုတောင်းခြင်းကိစ္စကို ဆက်ဆိုကြပါတယ် ကန်တော့ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် (ဒီနေရာမှာ တချို့တော်တော်များများ နှုတ်ကျိုးနေကြတယ် ကန်တော့ရသော အကျိုးအားကြောင့်ဆိုပြီး မှားယွင်းစွာ ရွတ်ဆိုနေကြပါတယ် ကန်တော့ခြင်းဟာ အကျိုးမဟုတ်ပါဘူး အကြောင်းပါ ဗုဒ္ဓဘာသာမှာ အကြောင်းကြောင့်ပဲ အကျိုးဖြစ်ပါတယ် အကြောင်းတရားကင်းသော အကျိုးတရားဆိုတာ မရှိပါဘူး) ကန်တော့တဲ့ အခါ ၀န်ချတောင်းပန်တဲ့အခါမှာ အပြစ်ရှိ၍ ကန်တော့ခြင်း နှင့် ကုသိုလ် ရလို၍ ကန်တော့ခြင်း ဟူ၍ နှစ်မျိုး ရှိပါသည်။ +++
အပါယ်လေးပါး => (ချမ်းသာကင်း၍ ကုသိုလ်ပြုခွင့် မရသော အရပ်လေးမျိုးကို အပါယ် ၄ ပါးလို့ ခေါ်ပါတယ်~) ၁။ ငရဲ = ငရဲထိန်း၊ ငရဲမီး တို့ဖြင့် အမြဲညှဉ်းပန်း နှိပ်စက်ခံနေရသောဘုံ။ ၂။ တိရိစ္ဆာန် = မဂ်ဖိုလ် မရနိုင်ဘဲ ဖီလာ ကန့်လန့် သွားတတ်သော သတ္တဝါ တို့၏ ဘုံ။ ၃။ ပြိတ္တာ = စားရမဲ့ ၀တ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ဘုံ၊ ၄။ အသူရကာယ်= ပြိတ္တာများထက်ပို၍ ဆင်းရဲငတ်ပြတ်သောဘုံ၊ ကပ်သုံးပါး = > (ဘေးအန္တရာယ် ကျရောက်နေသော အချိန်ကာလ (၃) မျိုးကို ကပ်သုံးပါးလို့ ခေါ်တယ် ) ၁။ ဒု ဗ္ဘိက္ခ န္တရကပ် = (ဒုဗ်ဘိတ်ခန်တရကပ် ဟု ဖတ်ရမည် ) ငတ်မွတ်ခြင်း ဘေးဆိုက်ရောင်သော ကာလ။ ၂။ သတ္ထ န္တ ရကပ် = (သတ်ထန်တရ ကပ် ဟု ဖတ်ရမည်) လက်နက်ဘေး၊ စစ်ဘေး ဆိုက်ရောက်နေသော ကာလ ၃။ ရောဂ န္တရကပ် = (ရောဂန်တရ ကပ် ဟုဖတ်ရမည် ) ကူးစက်ရောဂါ ဘေး အန္တရယ် ဆိုက်ရောက်နေသော ကာလ (ယခုခေတ်ကာလတွင် ပေါ်ပေါက်တတ်သော H1N1 , ဆားရောဂါကဲ့သို့ ကူးစက်မှုမြန်ပြီး လူကို အမြန်သေစေနိုင်သော ရောဂါမျိုးတို့ကို ဆိုလိုသည်) ရပ်ပြစ်ရှစ်ပါး = > (အပြစ်ရှိ သော အရပ် (၈) မျိုး ) ၁။ ငရဲဘုံ ၂။ တိရစ္ဆာန်ဘုံ ၃။ ပြိတ္တာဘုံ ၄။ အ ရူပ ဗြဟ္မာ ဘုံ (ရုပ်မရှိ) ၊ အသညာသတ်ဘုံ (နာမ်မရှိ) ၅။ ပစ္စ န္တရစ် = တိုင်းစွန်ပြည်ဖျား လမ်းပန်းခက်ခဲသော အရပ်၊ လူရိုင်း ဒေသ၊ မဖွံ့ဖြိုးသောနိုင်ငံ ဥပမာ = မြန်မာပြည် ၆။ မိစ္ဆာဒီဌိ = မှားယွင်းသော အယူဝါဒရှိသူ၊ ၇။ ဒုပဗည = ဥာဏ်မွဲ၍ လူစဉ်မမီသူ ၈။ သာသနာပကာလ = ဘုရားမပွင့်သော အခါ ။ ဤ အရပ်တို့ ၌ ဖြစ်လာသူများသည် မြတ်စွာဘုရား ၏ တရားတော်များကို နားကြားခွင့် မရ ၊ နာကြားရလျှင်လည်း အဓိပ္ပါယ်မသိ ကြချေ။ ရန်သူမျိုး (၅) ပါး => ရေ ၊ မီး ၊ မင်း ၊ သူခိုး ၊ အေမြခံသားဆိုး သမီးဆိုး ။ * ရေလွှမ်းမိုးသော ဘေးရန် ၊ * မီးလောင်ခြင်း ဘေးရန်၊ * မင်း ~ ရာဇ၀တ်ပြစ်ဒဏ် ခံရခြင်း ဘေးရန် ၊ (မင်း ကို ရန်သူ ၅ ပါးအတွင်းထည့်ထားခြင်းသည် ဥပမာအားဖြင့် မိမိပိုင်ဆိုင်ထား အိမ်ခြံမြေ စည်းစိမ်ဥစ္စာတို့သည် ဂရမ်ပိုင် - ဘိုးဘွားပိုင်ဖြစ်စေကာမူ အချိန်မရွေး သိမ်းယူနိုင်၏ မိမိရှာသမျှကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူမှ အချိန်မရွေး ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သည် ) * ခိုးဝှက် လူယက်ခြင်းခံရသော ဘေးရန် ၊ * မိဘ ပစ္စည်း ကို ဖြုန်းတီး၍ မိဘကို နှိပ်စက် တတ်သော သားဆိုး၊ သမီးဆိုး ဘေးရန်တို့ ဖြစ်သည်~ ဝိပတ္တိ တရား (၄) ပါး = > (ဖောက်ပြန်ချွတ်ယွင်းခြင်းတရားကိုဝိပတ္တိ ဟု ခေါ်သည် ) ၁။ ဂတိဝိပတ္တိ = လားရာဂတိ ဖောက်ပြန်ခြင်း ၊ အပါယ်ဘုံ၌ဖြစ်ခြင်း။ ၂။ ဥပဓိဝိပတ္တိ = ရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်း အင်္ဂ ါ ချို့တဲ့ခြင်း ၊ ၃။ ကာလဝိပတ္တိ = ခေတ်ပျက်ခြင်း။ တရားဥပဒေဖြင့် အုပ်ချုပ်မှုကင်းမဲ့သော အခါကာလ ၄။ ပယောဂဝိပတ္တိ = အားထုတ်မှု မမှန်ကန်ခြင်း။ အကုသိုလ် အမှုများ၌ အားထုတ်ခြင်း ၊ အပြစ်ကျူးလွန်ခြင်း ~ ( ဥပမာ - အရက် ဘီယာ သောက်နေတဲ့ပုံကို ဂုဏ်တစ်ခုလို သတ်မှတ်ပြီး ဓာတ်ပုံရိုက်ကာ ဖေ့ဘုတ်ပေါ်တင်၍ အကုသိုလ်အမှုကို ကောင်းသည်ဟု ထင်ကာ ကြွားဝါနေကြခြင်း ) ဗျသနတရား (၅) ပါး = > (ပျက်စီးခြင်း တရား ၅ မျိုး) ၁။ ဥာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း ၂။ ဘောဂဗျသန = စည်းစိမ် ဥစ္စာပျက်စီးခြင်း ၃။ ရောဂဗျသန = ရောဂါ နှိပ်စက်၍ ပျက်စီးခြင်း ၄။ သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း ၅။ ဒိဌိဗျသန = အယူလွဲမှား ၍ ပျက်စီးခြင်း သီလ ဗျသန နှင့် ဒီဌဗျသန သည် ဤ ဘ၀၌ သာမက နောင်ဘ၀များစွာ တို့ ၌ လည်း ဆင်းရဲခြင်း ကိုဖြစ်စေသည် အပါယ်သို့ ကျရောက်စေနိုင်သည် မဂ်တရား => လောဘ ဒေါသ မောဟ စသော ကိလေသာကို ပယ်သက်၍ နိဗ္ဗာန် သို့ သွားရောက်ကြောင်း ဖြစ်သော တရားလမ်း သောတပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါတ်မိမဂ်၊ အရဟတ္တမဂ် ဟူ၍ မဂ် ( ၄ )ပါး ရှိပါသည်။ ဖိုလ်တရား = > ( မဂ်၏ အကျိုးတရား ) နိဗ္ဗာန် ချမ်းသာကို ခံစားစေနိုင်သော ဥာဏ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ ဖိုလ် (၄) ဖိုလ် ရှိပါသည်။ နိဗ္ဗာန် => လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ ကုန်ရာ ဖြစ်၍ ထာ၀ရ ငြိမ်းအေးချမ်းသာသောဘုံဌာန ~ ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား ~ ဤကဲ့သို့ ကန်တော့ခန်း နှင့် ဆုတောင်းခန်း နှစ်မျိုးခွဲ၍ ရှိခိုးကန်တော့ကြခြင်းဖြစ်ပါသည် ~~~ အဓိပ္ပါယ်ကို ရှင်းလင်းစွာ သဘောပေါက်၍ ကြည်ညိုသဒ္ဓါပွါးကာ ရှိခိုးပူဇော်နိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေ @@@ သျှင်သာမိ ~ မုံရွာ https://shinsami.blogspot.com