Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, September 14, 2012

မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ နှင့် မြန်မာစာ ပေါ်ပေါက်လာခြင်း သမိုင်းအကျဉ်း

စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ ပေါ်ပေါက်ခြင်း

အိန္ဒိယမှ မဟာမေဒင်တို့၏ဘေးကြောင့် မဟာယနရဟန်းများ ထွက်ပြေးရောက်
ရှိလာသဖြင့် မဟာယနဗုဒ္ဓဘာသာထွန်းကားလာသော နိုင်ငံများနှင့် ယင်း အချိန်မှီ
မတိုင်မီကပင် မဟာယနဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးနေကြသော နိုင်ငံများမှာ
နီပေါလ်၊ ဆစ်ကင်း၊ ဘူတန်၊ တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊
မန်ချူးရီးယား၊ ဆိုဒ်ဗေးရီးယား၊ ရုရှားမြောက်ပိုင်းပြည်များဖြစ်ပါသည်။
အိန္ဒိယမြောက်ပိုင်း မဟာယနဗုဒ္ဓဘာသာသည် မြောက်ပိုင်းတိုင်းပြည်များသို့
ရောက်ရှိထွန်းကားနေသကဲသို့၊ တောင်ဘက်ပိုင်းဖြစ်သော မြန်မာ၊ ယိုးဒယား၊
အင်ဒိုးနီးရှားနိုင်ငံများသို့လည်း ရောက်ရှိခဲ့သည်ဟု အဆိုရှိပေသည်။
အနော်ရထာမင်း(အေဒီ ၁၀၄၄ - ၁၀၇၇) လက်ထက်တွင် ပုဂံ၌ မဟာယနတို့၏
တန္တရ၊ မန္တရ အဆက်အနွယ်ဖြစ်သော အရည်းကြီးရဟန်းများ အထင်အရှားရှိနေ
သဖြင့် မြန်မာနိုင်ငံသို့လည်း မဟာယနဗုဒ္ဓဘာသာရောက်ရှိကြောင်း ထင်ရှားပေသည်။
၁၉၆၉ ခုနှစ် (သာသနာနှစ် ၂၅၀၀) ပြည့်နှစ်ထုတ် ရန်ကုန်တက္ကသိုလ်ပါဠိအသင်း
မဂ္ဂဇင်းပါ “ကမ ္ဘာ့အလင်းရောင်” ဆောင်းပါးတွင် မြန်မာပြည်(အထက်ပိုင်း) ၌
အနော်ရထာမင်း လက်ထက်တိုင်အောင် ဗြဟ္မဏဘာသာ၊ မဟာယနဗုဒ္ဓဘာသာ
တို့ ရောနှောရှိခဲ့ကြောင့်၊ ခရစ်နှစ် ၆ ရာစုတွင် အိန္ဒိယမြောက်ပိုင်း အရှေ့ဘက်
ဘင်္ဂလားမှတဆင့် တန ္တရအယူဝါဒအတွင်းခံရှိသော မဟာယနဗုဒ္ဓဘာသာသည်
မြန်မာပြည်အထက်ပိုင်းသို့ ရောက်ရှိလာသဖြင့် ပန်းဦးပန်အရည်းကြီးများ ခေတ်စား
လာခဲ့ရကြောင်း”ရေးသားဖော်ပြထားသည်ကို တွေ့ရပေသည်။
ရှေးမြန်မာတို့သည် သထုံမှ သာသနာပြုကြွရောက်လာသော မွန်ရဟန်းတော်
“ဓမ္မဒဿီ” ခေါ် ရှင်အရဟံ၏ ကျေးဇူးကြောင့် အနော်ရထာမင်းလက်ထက်မှစ၍
အရည်းကြီးတို့၏ တန္တရ၊ မန္တရအတွင်းခံရှိသော မဟာယနဗုဒ္ဓဘာသာကိုပစ်ပယ်၍
စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ကို ပြောင်းလဲ လက်ခံရရှိခဲ့ကြပေသည်။

မြန်မာစာ ပေါ်ပေါက်လာခြင်း

ပုဂံသို့ ရှင်အရဟံ ရောက်ရှိပြီးနောက်တွင် စာပေဘက်၌ “သထုံမှရရှိသော
မွန်ဘာသာပိဋကတ်တော်များကို ပုဂံသို့ရောက်ရှိလာသော မွန်ရဟန်းတော်များ
အား မြန်မာဘာသာအရေးအသားဖြင့် ပြန်ဆိုစေခဲ့သည်” ဟု မှန်နန်းရာဇဝင်၌
ရေးသားခဲ့သော်လည်း၊ အမှန်မှာ မြန်မာတို့သည် ပိဋကတ်တော်များကို ရှေးဦးစွာ
မွန်ဘာသာဖြင့်ပင် သင်ကြားခဲ့ကြခြင်းသာဖြစ်သည်။ ထို့ကြောင့် အနော်ရထာမင်း
လက်ထက်တွင် မြန်မာတို့သည် ပျူစာသာမက မွန်စာကိုပါ ရေးသားအသုံးပြုခဲ့
သည့် အပြင်၊ တစ်ခါတရံ နာဂရီဘာသာဖြင့်လည်း ရေးသားအသုံးပြုခဲ့ကြောင်း၊
တူးဖော်ရရှိသော အုတ်ခွက်စာ၊ စဉ့်ခွက်စာများအရ သိရှိရပေသည်။

အနော်ရထာလွန်ပြီးနောက် စောလူမင်းလက်ထက်တွင် ပါဠိ သက္ကတစာများကို
မွန်အက္ခရာဖြင့်ပင် အနည်းငယ်ရေးခဲ့သည်ကို တွေ့ရှိရပြီး၊ ထီးလှိုင်ရှင်
ကျန်စစ်သားမင်း လက်ထက်တွင်မူ မိမိဘွဲ့အမည်ကို နာဂရီအက္ခဖြင့်ရေးသား
ခဲ့သော အုတ်ခွက်တစ်ခုမှလွဲ၍ ပျူစာ၊ နာဂရီစာကို လုံးဝမသုံးတော့ဘဲ
မွန်စာကိုသာ အသုံးပြုထားသည်ကို တွေ့ရှိရသည်။

ကျောက်စာများကိုလည်း မွန်စာဖြင့်ပင် ရေးထိုးခဲ့သည်။ သို့ရာတွင် ယင်းမွန်အက္ခရာ
ကိုအခြေခံ၍ မွန်ပညာရှင် ရဟန်းတော်များနှင့် ရှေးမြန်မာကြီးများ၏
ကြိုစားတီထွင်မှု့အရ မြန်မာစာလည်း ပေါ်ပေါက်လာရတော့သည်။
သမိုင်းပါမောက္ခများဖြစ်ကြသော ဒေါက်တာသန်းထွန်း နှင့် ဒေါက်တာကျော်သက်
တို့က “မြန်မာတို့၏ ရှေးဟောင်းအက္ခရာများသည် ပျူတို့ထံမှယူ၍ ရေးသားခဲ့ခြင်း
မဟုတ်ဘဲ မွန်တို့ထံမှ အတုယူ၍ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း” ၎င်းတို့၏ သမိုင်း
စာအုပ်များတွင် ရေးသားဖော်ပြထားခဲ့ခြင်းဖြစ်သည်။ အလားတူ ဦးသာမြတ်က
လည်း “ယနေ့ မြန်မာအက္ခရာကို မွန် - မြန်မာ အက္ခရာ” ဟူ၍ မြန်မာ့စွယ်စုံကျမ်း
တွင် ရေးသားဖော်ပြထားသကဲ့သို့၊ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ
ဒေါက်တာလှဖေကလည်း “မြန်မာတို့သည် ၁၁ ရာစုတွင် မွန်တို့ထံမှအက္ခရာများ
လက်ခံခဲ့ကြပြီး မြန်မာဘာသာကို အက္ခရာတင်ကြသည်” ဟု မြန်မာနိုင်ငံ
သုတေသနသတင်းဂျာနယ် အတွဲ ၅၄ တွင် ရေးသားဖော်ပြခဲ့သည်။

သို့ရာတွင် ကျန်စစ်သားမင်း၏သားတော် ရာဇကုမာရ်ကျောက်စာရေးချိန်၌
မြန်မာစာတွင် မွန်စာအရေးအသား အများအပြား ရောနှောနေသေးလျက်၊ ယနေ့
ရေးသားနေသောအဆင့်သို့ရောက်ရှိရန်မှာ နှစ်ပေါင်းများစွာ တီထွင်ခဲ့ရသည်
ဟုဆိုသည်။ ထို့ကြောင့် ဆရာဦးသောင်းလွင် (ဘီအေ) က “ထိုအချိန်၌ မြန်မာစာ
မှာ လမ်းလျှောက်သင်စ ကလေးတစ်ယောက်ကဲ့သို့ တုန်ချည့်ယိမ်းယိုင်
လျက်ရှိနေသေးကြောင်း၊ ယနေ့အသုံးပြုနေသော စာပေအရေးအသားအဆင့်
ရောက်ရန် ရှေးမြန်မာကြီးများတို့ နှစ်ပေါင်း ၅၀၀ ခန့် ကြံစတီထွင်ခဲ့ရကြောင်း”
ကို “မြန်မာအက္ခရာဗေဒ” စာအုပ်တွင် ရေးသားဖော်ပြထားခြင်းဖြစ်သည်။
အချုပ်အားဖြင့် ဤသမိုင်းကြောင်းများကို ထောက်ဆလျှက် မြန်မာတို့သည်
မွန်ရဟန်းတော်များနှင့် ပိဋကတ်တော်များ ပုဂံသို့ရောက်ရှိသည့်အချိန်မှစ၍
ပျူတို့၏ ဘာသာယဉ်ကျေးမှု့ဖြစ်သော မဟာယန တန ္တရ မန ္တရအယူဝါဒကို
ပစ်ပယ်၍ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာယဉ်ကျေးမှု့ကို လက်ခံရရှိ
လာကြသကဲ့သို့ ပျူစာအရေးအသားကိုလည်းပစ်ပယ်၍ မွန်စာအရေးအသားမှ
တဆင့် မြန်မာစာပေအရေးအသားကိုပါ လက်ခံရရှိလာကြောင်း ဆိုလိုပေသည်။

C . S ……. မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာပေါ်ပေါက်
လာအောင် ပထမမြန်မာနိုင်ငံကိုထူထောင်သော အနော်ရထာ မင်းကြီး၊
ရှင်အရဟံ နှင့် မွန်ရဟန်းရှင်များသည် ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရခြင်း
ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားရှင်ဟောကြားခြင်းမရှိသော ထေရဝါဒနှင့် သွေဖီသော
ဟောပြောချက်၊ ရေးသားချက်များကို ပြုမှုလျှက် ထေရဝါဒ ဗုဒ္ဓဘာသာကို မဖျက်စီးသင့်ပေ၊
ထို့အတူ မြန်မာစာပေါ်ပေါက်လာအောင် ရှေးပညာရှင်ကြီးများက နှစ် ၅၀၀
ခန့်ကြာအောင် ကြိုးစားတီထွင်ခဲ့ရပါသည်၊ ထိုကြောင့် မြန်မာ့စာပေကိုလည်း
မြန်မာပြည်ဖွားများအားလုံး မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ရပေမည်။
စာရေးသူ အင်္ဂလိပ်စာသင်နေသော မိတ်ဆွေတစ်ယောက်နှင့် စကားလက်ဆုံကြ
ဘူးပါသည် သူက မြန်မာစာအုပ်ဆို လုံးဝမဖတ်ကြောင်း၊ အင်္ဂလိပ်စာအုပ်တွေပဲ
ဖတ်ကြောင်း ပြောပါသည်။ မြန်မာလူမျိုးတစ်ယောက်က မြန်မာ့စာပေကို
မဖတ်လျှင် မည့်သည့်လူမျိုးက ဖတ်မည်နည်း၊ မြန်မာလူမျိုးတစ်ယောက်က
မြန့်မာစာပေကို တန်ဖိုးမထားလျှင် မည်သည့်လူမျိုးက တန်ဖိုးထားမည်နည်း၊
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာသော ယနေ့ခေတ်အချိန်အခါအတွင် အခြားသော
ဘာသာစကားများကိုလည်း သင်ယူတတ်မြောက်သင့်ပေသည်၊ သို့သော်
မိခင် ဘာသာစကားကိုလည်း အစဉ်သဖြင့်တိုးတက်အောင်ကြိုးစားရပေမည်။
တန်ဖိုးထားရပေမည်။ စောင့်ရှောက်ရပေမည်။

မြန်မာ့စာပေကို တီထွင်ခဲ့ကြသော ရှေးပညာရှင်စာဆိုတော်များ၊ အင်းဝခေတ်မှ ပေလေးပင်
ရှင်လေးပါး(ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလဝံသ၊ ရှင်ခေမာ၊ ရှင်အုန်းညို) စသော စာဆိုရှင်များ၊
ကုန်းဘောင်ခေတ်တွင် ရှင်မဟာရဋ္ဌသာရ၊ ဖိုးသူတော်ဦးနု၊ စလေဦးပုည၊ အချုပ်တန်းဆရာဖေ
စသော စာဆိုပညာရှင်များ၊ ကိုလိုနီခေတ်၌ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ စသော
စာဆိုပညာရှင်များသာ မပေါ်ပေါက်ခဲ့ပါက ယနေ့ မြန်မာ့စာပေသည် ယခုကဲ့သို့
ထွန်းထောက်လျက်ရှိနေမည်မဟုတ်ချေ၊ ထို့ကြောင့် မြန်မာ့စာပေကို တိုးတက်
အောင်ပြန်ပွါးအောင် ပြုလုပ်ရမည်မှာ မြန်မာတိုင်းတွင် တာဝန်ရှိလှပေသည်။
Ref...ဦးစိန်ထွန်း(မာမက သုတေသီ) ကမ္ဘာပတ်၍ ဘုရားရှာခြင်း
မြန်မာ ဟူသောစကား၏ အဓိပ္ပါယ်
“မြန်” ဟူသည်မှာ စစ်ချီတက်ခြင်းမှ စ၍ ခက်ခဲသောအရေးအကြောင်းနှင့်
ကြုံသည့် အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇဝနဉာဏ်၊ တင်္ခနုပတ္တိဉာဏ်
တို့ဖြင့် လျင်မြန်စွာကြံစည်တတ်သောသတ္တိဂုဏ်ဖြင့် ပြည့်စုံခြင်း၊
“မာ” ဟူသည်မည်သည့်အရာမဆို ဆန္ဒ၊ အာသီသ နှလုံးသွင်းသည့်အတိုင်း
ပေါက်မြောက်အောင် မလျှော့သော လုံးလဝီရိဖြင့် ဇာတိသွေး၊ ဇာတိမာန်
ခက်ထန်တင်းမာသော စိတ်ရင်းသတ္တိနှင့်ပြည့်စုံခြင်းဟူ၍ အဓိပ္ပါယ်ရပေသည်။

 မြန်မာ့အဘိဓာန်
အရှင်ဝရသာမိ
https://shinsami.blogspot.com

Monday, September 10, 2012

မိခင်ဖခင်တို့ကို ပြစ်မှားစော်ကားလျှင်

မိတ်ဆွေ တစ်ယောက်နှင့် အွန်လိုင်းမှာ စကားလက်စုံကြမိရင်း သူက တောင်းဆိုလာသည်။ အမေ့ကျေးဇူး ကို ဖွဲ့နွဲ့ရေးသားထားတဲ့ ဆောင်းပါးမျိုးတွေ ခဏခဏ ဖတ်ဘူးတယ်၊ အဖေ့ကျေးဇူး နဲ့ ပတ်သက်ရင် ရေးသားတာ၊ ဖွဲ့နွဲ့တာမျိုးတွေ နဲပါးတယ်ဆိုတဲ့အကြောင်း ပြောပြီး စာရေးသူကို အဖေ့ကျေးဇူး နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတခုလောက် ရေးပေးဖို့ တောင်းဆိုလာသည်။ ကြိုးစားကြည့်မည်ဟု ပြောလိုက်ပေမယ့် တကယ်ရေးမည်ဆိုသောအခါ ဘာရေးရမှန်း မသိတော့။ မိဘကျေးဇူး တို့မှာ မိမိအတွက်တော့ စကားလုံးဖြင့် ထုတ်ပြဖို့ မဖြစ်နိုင်လောက်အောင် များပြားလှသည်သာ ဖြစ်ပါသည်။ များပြားလွန်းလှသော မိခင်ဖခင် တို့၏ ကျေးဇူးအနန္တဂုဏ်အင်ကို ထုတ်ပြဖို့ဆိုသည်မှာ စာရေးသူအနေနှင့် တကယ်မစွမ်းဆောင်နိုင်လှပါ။ ထို့ကြောင့် မိဘကျေးဇူး ဆိုတာကို ထုတ်ဖော်ရေးသားဖို့ မစွမ်းနိုင်လှပေမယ့် အမိအဖ ကိုစော်ကားလျှင် ကျေးဇူးရှင်ကို ပြစ်မှားလျှင်တော့ ရရှိနိုင်မယ့် အပြစ်ဆိုးကျိုးတွေကိုတော့ ထုတ်ပြချင်နေမိသည်။ အတူနေမိတ်ဆွေ ရဟန်းတစ်ပါးက ပြည်ပနိုင်ငံတခုမှာ သားက အဖေကို သတ်လိုက်တယ် ဆိုတဲ့အကြောင်းကို စာစောင်တစ်ခုမှာ ဖတ်လိုက်ရသည်ဆိုတဲ့အကြောင်းလာပြောသည်။ ကိုယ့်နိုင်ငံမှာ ဖြစ်တာမဟုတ်တဲ့အတွက်ကြောင့် စာရေးသူအနေနဲ့ ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှအကျယ်တဝင့် မပြောဖြစ်ခဲ့။ အတွေးထဲမှာတော့ ငယ်စဉ်က တွေ့မြင်ကြုံတွေ့ခဲ့ဘူးတဲ့ အဖြစ်အပျက်လေးတစ်ခုကို အမှတ်ရမိသည်။ နာမည်က မောင်ဆန်း တဲ့ အမည်နဲ့လိုက်အောင် ဆန်းတာတော့ တော်တော်ဆန်းသည် ကောင်းတဲ့ နေရာမှာ ဆန်းတာတော့မဟုတ် ဆိုးတဲ့နေရာမှာ သူမတူအောင် ဆန်းခြင်းဖြစ်၏။ မနက်မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ်ပြီးနေပြီ နေ့စဉ်နဲ့အမျှ မူးယစ်သောင်းကျန်းကာ မိခင်ဖခင်တို့အား မကြားဝံ့မနာသာ အောဟစ်ဆဲဆို နေသည့် အသံကို သူ့အိမ်နားက ဖြတ်သွားသူတိုင်းကြားနေရသည်။ ရပ်ရွာရှိ လူအများမှ အစပထမတွင် ဝိုင်းဝန်းဆုံးမတာမျိုး ရှိပေမယ့် မည်သူမှ ဆုံးမ၍ မရ။ တရွာလုံး၏ အော်ကျော့လန်ဖြစ်လာပြီး အားလုံးက ဝိုင်းကျဉ်ထားလိုက်ကြသည်။ နောက်ဆုံး ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ဖခင်ကို ဓားနဲ့လိုက်ပြီး သတ်ဖို့ ကြိုးစားလာသည်။ ဘေးပတ်ဝန်းကျင်မှ လူအများ၏ ဝင်ရောက်ကူညီမှု့ကြောင့် ဖခင်ကြီးခဗျာ သေဘေးမှ လွတ်ရရှာ၏။ နေ့စဉ်နဲ့ အမျှ မိဘကို အမျိုးမျိုးစိတ်ဆင်းရဲအောင် လုပ်ပြီး ကျေးဇူးရှင်ကို ပြစ်မှားနေသော ထိုငမိုက်သား မောင်ဆန်းဆိုသူ လူ့ဘဝမှာ ကြာကြာမနေလိုက်ရ ငယ်ငယ်ရွယ်ရွယ်ဖြင့် အသေဆိုးနှင့်သေကာ လူ့လောကကြီးမှ ထွက်ခွါသွားရရှာပါသည်။ မောင်ဆန်း၏ အဖြစ်အပျက်ကိုကြည့်ပြီး မိဘကို စော်ကားလျှင် ငယ်ငယ်ရွယ်ရွယ် နဲ့ သေဆုံးရတတ်ကြောင်း၊ ရောဂါဘယထူပြောကြောင်း၊ ဘေးဆိုး အန္တရာယ်ဆိုးတွေနဲ့ အမြဲကြုံတွေ့ရကြောင်း စသည်စသည်.. ဖြင့် လူကြီးသူမများမှ ဆိုဆုံးမှု့ များကို ပြန်လည်မြင်ယောင်နေမိသည်။ ဤသို့ဖြင့် စာရေးသူ၏ အတွေးများက မာတီပလိုင်းမှ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ သွားရောက်ခဲ့ဖူးသည့် မြန်မာပြည်၏ ရှေးဟောင်း ယဉ်ကျေးမှု့မြို့တော်ကြီး ပုဂံ သို့ ရောက်ရှိသွားပြန်သည်။ စာရေးသူရောက်ဖူးသမျှ နေရာဒေသ အားလုံးတို့အထဲတွင် ပုဂံမြို့ လောက် အနှစ်သာရ၊ ရသ နှင့် ခံစားမှု့မျိုးစုံပေးနိုင်တဲ့ နေရာ ဘယ်နေရာမှ မရှိသေးဟု ထင်မိသည် ရှေးမြန်မာဘုရင်များ၏ အတွေးအခေါ်၊ ပညာရှင်များ၏ အနုပညာလက်ရာများက မြင်ရသူတိုင်း မချီးကျူးဘဲ မနေနိုင်လောက်အောင် ထူးခြားဆန်းပြားလှသည်။ ဘယ်နေရာကြည့်ကြည့် လက်ညိုးထိုးမလွဲ ဘုရားစေတီ ပုထိုးများက ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ဂုဏ်ယူဝံ့ကြွားစွာ ပြသနေသော အဓိကသော့ချက်တခု ဖြစ်နေ၏။ မိမိကိုယ်ကိုလည်း မြန်မာပြည်မှာ လူလာဖြစ်ရတာကို ဂုဏ်ယူဝမ်းမြောက်မဆုံး ဖြစ်နေမိသည်။ ပုဂံဘုရားများထဲတွင် ပုဂံခေတ်မှ ယခုအချိန်ထိ မပြုမပြင် မပျက်မစီးဘဲ တည်ရှိနေသော ဓမ္မရံကြီး ဘုရားသို့ ရောက်သောအခါ တွေ့ရသော အနုပညာလက်ရာများ၊ ဘုရားကြီး၏ ထုထည်၊ ဘေးပတ်လည်တွင် ရှိသော မဟာရံတံတိုင်းကြီးက စာရေးသူအဖို့တော့ တော်တော်အံ့အားသင့်စေခဲ့၏။ ဘုရားကြီးကို တည်ဆောက်ခဲ့သော ဘုရင်ကိုလည်း စိတ်ဝင်စားမိသည်။ ဘုရားဖူးရာတွင် အတူပါလာသော မိတ်ဆွေ ကိုမင်းသူရိန် မှ ဓမ္မရံကြီး ဘုရား၏ တည်ဆောက်ပုံ၊ အနုပညာလက်ရာများ၊ သမိုင်းကြောင်းစသည်တို့ကို လိုက်လံရှင်းပြပါသည်။ ဓမ္မရံကြီးဘုရားကို တည်ဆောက်သူ ဘုရင် နရသူ သည် အဖေကို သတ်တဲ့မင်း၊ အကိုဖြစ်သူကို သတ်တဲ့မင်း၊ ဘုရားကြီးတည်ဆောက်ရာတွင်လည်း အုပ်စီရာတွင် မသေသပ်ပါက လက်ဖြတ်သတ်ဖြစ်ကြောင်း၊ နရသူ လက်ထက်တွင် ကောင်းတာဆို၍ ဒီဘုရားတည်တာ တခုသာရှိကြောင်း ပြောပြလာသောအခါ ပို၍မင်သက် အံ့သြမိသည်။ နောက်ပိုင်းတွင် ဘုရင်နရသူ အကြောင်းကို လေ့လာကြည့်မိသော အခါတွင်တော့ အလွန်ဆိုးသော မင်းဆိုးမင်းညစ် ဖြစ်ကြောင်း တွေ့ရပေ၏။ ဖခင်ကိုသတ်သော နရသူ ၏ ဇာတ်သိမ်းခန်းတွင် အသေဆိုးနဲ့ သေရကြောင်း တွေ့ရပေ၏။ ဓမ္မရံကြီးဘုရားကို ယခုလိုမျိုး ပေါ်ပေါက်လာအောင် တည်ဆောက်သူမှာ ဘုရင်နရသူ ရဲ့ အတွေးအခေါ်ဉာဏ်ပညာဖြင့် တည်ဆောက်သလော၊ သို့တည်းမဟုတ် ပညာရှိအမတ် အနန္တသူရိယ အမတ်ကြီး၏ ဉာဏ်ပညာတို့ဖြင့် တည်ဆောက်ခဲ့လေသလော ဟု သို့လောသို့လော နှင့် စာရေးသူ၏ အတွေးများထဲ ယခုအချိန်ထိ ဝေခွဲမရဘဲ ရှိနေမိသည်။ ဓမ္မရံကြီး ဘုရားကို လေ့လာလို့ ပြီးသောအခါ စာရေးသူတို့အဖွဲ့သည် နောက်ဘုရားတဆူသို့ သွားရောက်လေ့လာဖို့ ထွက်ခဲ့ကြပြန်၏။ ကားပေါ်ရောက်သောအခါ ကိုလင်းအောင်ပြည့်မှ ယခုသွားရောက်မယ့် ဘုရားမှာ ပြဿဒ်ကြီး ဘုရားဖြစ်ကြောင်း၊ ပြဿဒ်ကြီးဘုရားကို တည်ဆောက်သော ဘုရင်မှာ မြန်မာတို့၏ အယူအဆတခုဖြစ်သော ရက်ရာဇာ၊ ပြဿဒါး နေ့များကို ဆန့်ကျင်ပြီး အုတ်ဖုတ်သောနေ့၊ ပန္နက်ချသောနေ့၊ စတင်တည်ဆောက်သောနေ့ ၊ နေကဇာတင်သော နေ့ စသည်တို့ကို ပြဿဒါးနေ့မှာချည်းပဲ လုပ်ဆောင်ခဲ့ကြောင်း ပြောပြလာသောအခါ စိတ်ထဲတွင် အလွန်ကြည်နူးမိသည်။ ဘုရားပေါ်သို့ ရောက်သောအခါ တွင်လည်း အတူပါလာသော ကိုလင်းအောင်ပြည့်၊ မမေဇူး၊ မြူငှက်၊ ကိုသူရိန်၊ ကိုသစ်ကို တို့နှင့် အတူ ပြဿဒ်ကြီး ဘုရားပေါ်မှ ပုဂံမြို့၏ အလှကို ကြည့်ရှူ့ခံစားရင်း ဓာတ်ပုံရိုက်လိုက် ပုဂံမြို့၏ သမိုင်းအကြောင်းများကို ဆွေးနွေးလိုက်နဲ့ ပျော်ရွှင်ကြည်နူးရသည်။ ပြဿဒ်ကြီးဘုရားအား ဖူးမြော်လေ့လာအပြီး ကားပေါ်ပြန်ရောက်သောအခါ အတူပါလာသော ဒကာ ဒကာမများနှင့် ဘုရားကြီးအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဖြစ်ကြပြန်ပါသည်။ "ပုဂံ ဘုရားတွေထဲမှာ ဒီ ပြဿဒ်ကြီး ဘုရားကို နာမည်နဲ့ သမိုင်းကြောင်းကြားတာနဲ့တင် ဦးဇင်းတော့ တော်တော်သဘောကျမိတယ်” “ ဘာဖြစ်လို့လဲ ဦးဇင်း၊ ဦးဇင်းကလည်း ပြဿဒါးနေ့တွေဆိုတာမျိုးကို အယုံအကြည်မရှိလို့လား” “ဟုတ်တယ် ဒကာမကြီး၊ ရက်ရာဇာ၊ ပြဿဒါး ဆိုတဲ့ နေ့မျိုးတွေကို ငယ်ငယ်ကတည်းက အယုံအကြည်မရှိဘူး၊ အလုပ်တခုကို ရက်ရာဇာနေ့မှာ လုပ်ရင် အောင်မြင်မယ်၊ ပြဿဒါးနေ့မှာ လုပ်ဆောင်ရင် အဆင်မပြေဘူးဆိုတဲ့ မြန်မာတွေ လက်ခံယုံကြည်ထားတာမျိုးကို ဦးဇင်းအနေနဲ့ သဘောမကျမိဘူး၊ ဘယ်လိုနေ့မျိုးမှာဘဲ လုပ်လုပ် ကောင်းတဲ့အလုပ်မျိုးလုပ်တယ်ဆိုရင် အဲဒီနေ့မျိုးဟာ မင်္ဂလာရှိသော နေ့ပဲလေ၊ ပြဿဒါးတွေ ရက်ရာဇာ တွေ ရွေးနေစရာ မလိုပါဘူး” ဤသို့ဖြင့် ဘုရားအကြောင်း စသည်များပြောလိုက်၊ ဟိုဟိုဒီဒီ ပြောဖြစ်ကြရင်းနဲ့ နောက်ဘုရားတဆူသို့ ဆက်လက်ထွက်ခွါဖြစ်ခဲ့ကြပြန်သည်။ အာနန္ဒာ ဘုရားသို့ ရောက်သောအခါတွင်လည်း အာနန္ဒာဘုရား၏ အနုပညာလက်ရာများကို လေ့လာပြီး အတူပါလာသော မိတ်ဆွေများဖြစ်သည့် နိုင်လင်း၊ မြူငှက်တို့နဲ့ စကားလက်ဆုံ ကြမိပြန်သည်။
 “ပုဂံ ဘုရားတွေကို လေ့လာကြည့်မိသမျှ ဘယ်ဘုရားပဲကြည့်ကြည့် တခြားသော အယူဝါဒမျိုးတွေ ရောယှက် နေတာမျိုး မတွေ့ရဘူး။ အရပ်ရှစ်မျက်နှာ၊ ဂြိုလ်ပြေနံပြေဘုရားဆိုတာမျိုးတွေလည်း မတွေ့ရဘူး၊ ဒါကိုကြည့်ခြင်းအားဖြင့် ပုဂံခေတ်က ထေရဝါဒ ဟာ လုံးဝစစ်မှန်တယ်ဆိုတာ ပုဂံဘုရားတွေက သက်သေပြနေတာပဲ” 

“ဟုတ်တယ် ဦးဇင်း၊ တပည့်တော်လည်း အဲဒါပဲစဉ်းစားနေတာ၊ ဘယ်ဘုရားပဲကြည့် ဟိုဘက်ဒီဘက် လေးမျက်နှာလောက်ပဲထားတယ်၊ အဲဒီနေရာတွေမှာလည်း ဗုဒ္ဓရုပ်ပွါးတော်ပဲ ရှိတာ တခြားသောအယူဝါဒတွေ ဝင်ရောထားတာမျိုး ဘာမှမတွေ့ရဘူး၊ ဒါနဲ့ ဒီ အာနန္ဒာဘုရားမှာ ခြေင်္သေ့တွေ တွေ့တယ်၊ ဘုရားရှေ့မှာ ခြေင်္သေ့ကို ဘာဖြစ်လို့ ထားကြတာလဲ” “အရင်ရှေးမြန်မာမင်းတွေ လက်ထက်တုန်းကပေါ့ကွာ၊ ဘုရင့်သမီးတော်တစ်ယောက်ဟာ တောထဲမှာ ခြေင်္သေ့နဲ့ အကြောင်းပါးပြီး၊ သီဟဗာဟု လို့ အမည်ရတဲ့ မင်းသားလေးတစ်ပါး ဖွါးမြင်ခဲ့တယ်။ အဲဒီမင်းသားလေး ကြီးလာတဲ့အခါ တောအရပ်မှာ မနေချင်တော့လို့ ခြေင်္သေ့ကြီး အစာရှာထွက်တဲ့ အချိန်မှာ မိခင်ကို ခေါ်ပြီး၊ သူ့ရဲ့ ဘိုးတော်များရှိတဲ့ မင်းနေပြည်တော်ဆီ ပြန်သွားတာပေါ့။ ခြေင်္သေ့ကြီး ပြန်လာတဲ့အခါမှာ သူ့သားကို မတွေ့တော့ လိုက်ရှာရင်းနဲ့ လူတွေနေတဲ့နေရာဆီ ရောက်လာပြီး သောင်းကျန်းတော့တာပဲ။ အဲဒီအချိန်မှာ သီဟဗာဟု မင်းသားဟာ သူရဲ့ဖခင်ခြေင်္သေ့ကြီးကို ပြန်သတ်တော့တာပဲ။ သီဟဗာဟု မင်းဖြစ်လာတဲ့ အခါမှာ ခေါင်းကိုက်တဲ့ ဝေဒနာကို ကြီးစွာခံစားရလို့၊ မင်းနေပြည်တော်မှာရှိတဲ့ အကောင်းဆုံးသမားတော်တွေနဲ့ ကုလည်း မပျောက်ဘူးပေါ့။ အဲဒီတော့ ပညာရှိအမတ်တွေက ပြောကြတယ် ဖခင်ခြေင်္သေ့ကို သတ်လို့ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရတာပဲ။ ခေါင်းကိုက်ဝေဒနာပျောက်သွားအောင် ဘုရားရဲ့ ရှေ့မှာ ခြေင်္သေ့ရုပ်ကို တည်းထားကိုးကွယ်ပြီး ဝန်ချတောင်းပန်မှ ဒီဝေဒနာ ပျောက်မယ်ဆိုတော့ အဲဒီသီဟဗာဟု က အစပြုပြီး ခြေင်္သေ့တွေ ဘုရားရှေ့မှာ ပေါ်လာတာလို့ စာအုပ်တွေထဲမှာတော့ ဖတ်ဘူးတယ်။ 

တနည်းအားဖြင့် မိဘရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့နိုင်အောင်ပေါ့ကွာ။ မိခင် ဖခင်ဟာ ဘာပဲဖြစ်နေဖြစ်နေ သာသမီးက သတ်တယ်ဆိုရင်တော့ မာတုဃာတကကံ ပိတုဃာတကကံ ထိုက်ပြီး သေရင်တော့အဝိစိ ရောက်မှာပါပဲ” ဟု ရှင်းပြ ဖြစ်ခဲ့ပါသည်။ ဖခင်ကို ပြစ်မှားလျှင်၊ ဖခင်ကို စော်ကားလျှင် ယခုဘဝမှာလည်း ကောင်းကျိုးမပေး၊ ဆိုးကျိုးတွေပဲ ကြုံတွေ့ရတတ်ကြောင်း၊ သေလွန်သည့်အခါမှာလည်း အဝိစိ ငရဲရောက်ရ ကြောင်းကို ဘုရားရှင်လက်ထက်က ဖခင် ဗိမ္ဗိသာရ ကို သတ်သော အဇာတသတ် မင်းသားကို ကြည့်၍လည်း သိနိုင်ပေ၏။ အဇာတသတ် သည် ယခုဘဝတွင် မဂ်ဖိုလ်ရနိုင်သောသူ ဖြစ်ပါလျှက် ဒေဝဒတ်ကို ဆရာတင်မှားမိသောကြောင့်၊ ဖခင်ကိုသတ် ကာ အဝိစိငရဲ သို့ သွားရရှာပါသည်။ ဆရာအတင်မှားလျှင် အပါယ်ငရဲရောက်နိုင်တတ်ကြောင်း စာဖတ်သူများ ကောင်းကောင်းသတိချပ်အပ်ပါ၏။ 

ဗိမ္ဗိသာရမင်းကြီးကို အဇာတသတ် သတ်သည်ဟုသာ လူတော်တော်တော်များက သိထားကြပါသည်။ အဇာတသတ်ကိုကော ဘယ်သူသတ်သလဲဆိုတာ သိသူနည်းမည်ထင်မိပါ၏။ 
သာမညဖလ သုတ္တန်တွင် အောက်ပါအတိုင်း တွေ့ရပါသည်…

 “အဇာတသတ္ထု ဗိမ္ဗိသာရံ ဃာတေသိ။ ဥဒယော အဇာတသတ္ထုံ၊ တဿ ပုတ္တော မဟာမုဏ္ဍိကော နာမ ဥဒယံ၊ တဿ ပုတ္တော အနုရုဒ္ဓေါနာမ မဟာမုဏ္ဍိကံ၊ တဿ ပုတ္တော နာဂဒါသော နာမ အနုရုဒ္ဓံ။ နာဂဒါသံ ပန “ဝံသစ္ဆေဒက ရာဇာနော ဣမေ၊ ကိ ံ ဣမေဟိ” တိ၊ ရဌဝါသိနော ကုပိတာ ဃာတေသုံ” (သီ၊ ဌ၊ သာမညဖလသုတ္တ) 

ဗိမ္ဗိသာရ ကို အဇာတသတ်မင်းသားက သတ်၏။ 
အဇာတသတ် ကို သားဖြစ်သူ ဥဒယဘဒ္ဒ မင်းသားက သတ်၏။ 
ဥဒယဘဒ္ဒ ကို သားဖြစ်သူ မဟာမုဏ္ဍိက မင်းသားက သတ်၏။ 
မဟာမုဏ္ဍိက ကို သားဖြစ်သူ အနုရုဒ္ဓ မင်းသားက သတ်၏။ 
အနုရုဒ္ဓ ကို သားဖြစ်သူ နာဂဒါသ မင်းသားက သတ်၏။ 
နာဂဒါသ မင်းသား၏ လက်ထက်တွင်မူ တိုင်းသူ ပြည်သားများက 
ဒီမင်းတွေက အနွယ်ကို ဖျက်တဲ့ မင်းတွေပဲ။ ဖခင်ကို သတ်တဲ့ မင်းဆိုးမင်းညစ်တွေပဲ ဟု ဆိုကာ တိုင်းသူပြည်သားအပေါင်းမှ နာဂဒါသ ကို သတ်ပစ်လိုက် ကြပါသည်။ ထို အခါမှ စ၍ အဇာတသတ် ၏ မျိုးဆက်လည်း ပြတ်သွားသည်ကို တွေ့ရပေ၏။ 

ဤ သာဓကတို့ကို ကြည့်ပါက ဖခင်ကို စော်ကားလျှင်၊ ဖခင်ကို သတ်လျှင် ယခုပစ္စုပ္ပန် ဘဝတွင်လည်း အသေဆိုးနဲ့ သေရကြောင်း တွေ့ရပေ၏။ သေလွန်သည့် အခါတွင်လည်း အဝိစိငရဲ သို့ မလွဲမသွေ ရောက်ရကြောင်း တွေ့ရပေ၏။ အချုပ်အားဖြင့် ဆိုချင်သည်မှာ စာဖတ်သူအပေါင်း သူတော်ကောင်းများသည် မိခင် ဖခင်တို့၏ ကျေးဇူးကို မပေးဆပ်နိုင်လျှင်တောင်မှ မိခင် ဖခင် တို့အပေါ်တွင် မပြစ်မှားမိဖို့၊ မစော်ကားမိဖို့ စာရေးသူအနေနဲ့ တိုက်တွန်းချင်ပါသည်။ မိခင် ဖခင်တို့၏ ဂုဏ်ကျေးဇူးကို တတ်စွမ်းနိုင်သမျှ ပေးဆပ်နိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်နိုင်ကြပါစေ ဟုလည်း ဆုတောင်းမေတ္တာပို့သမိပါ၏။

သျှင်သာမိ - မုံရွာ
https://shinsami.blogspot.com

ချစ်သောမျက်စိဖြင့် ရှူ့ကြစေ

ပုဂံခေတ်က မိဖုရားတစ်ဦးဖြစ်သော သိင်္ဃသူ့သမီးသည် မြန်မာနှစ် ၆၂၈ တွင် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတွင် နေထိုင်သည့် ရဟန်းသံဃာတို့ကို လယ်၊ ဥယျာဉ်၊ ကျွန်များ လှူဒါန်းသည်။ ထို့နောက်တွင် ထိုအလှူများ အစုစုတို့အတွက် ဆုတောင်းသည်ကို သိင်္ဃသူ့သမီးကျောက်စာတွင် တွေ့ရသည်။

ထို သိင်္ဃသူ့သမီးကျောက်စာ မှာ  -

ရမ္မက်နည်းသော
ရောင့်ရဲလွယ်သော
အမျက်နည်းသော
သူတထူးကိုမညှင်းဆဲသော
ပညာရှိသော
အကြောင်းကိုသိသော
ဝန်မတိုသော
အပေးအကမ်းရှိသော .... 
ငါဖြစ်လို - ၏လို့

ဆုတောင်းထားတာလေး
တွေ့ဘူးကြပေလိမ့်မည်
ဒီအချက်တွေထဲမှာ 

ပညာရှိသော
အကြောင်းကို သိသော ဆိုတဲ့ 
အချက် နှစ်ချက်က အလွန် အရေးပါသည်၊

အမှန်ပဲ အကြောင်းကို သိရမယ်၊
အကြောင်းတရား ကင်းသော
အကျိုးတရားဆိုတာ မရှိဘူး၊ 
အကြောင်းတရား ကောင်းရင် 
အကျိုးတရား ကောင်းမယ်၊
အကြောင်းတရား မကောင်းရင် 
အကျိုးတရား မကောင်းဘူး၊

လောကမှာ ဘယ်အရာမဆို 
ကိုယ်ပေးသလောက် ကိုယ်ပြန်ရတာပဲ၊ 
ပေးတယ်ဆိုတဲ့ နေရာမှာတောင် ပေးရုံနဲ့ 
အကုန်ပြန်ရတာ မဟုတ်ဘူး၊ 
အရင်းခံ စေတနာ က အဓိက ကျသေးတယ် 
ပစ္စည်းတစ်ခု ကိုယ်မလိုချင်လို့ သူများကို
ပေးတဲ့ စေတနာနည်းတဲ့ ပေးကမ်းခြင်းမျိုးနဲ့ 
ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အရာတစ်ခုကို 
စေတနာထားပြီး သူများကို ပေးကမ်းခြင်းမျိုးမှာ
ကိုယ်ပြန်ရမယ့် အကျိုးခံစားခွင့်ကလည်း 
တူညီမှာ မဟုတ်ဘူး ၊ 

ဗုဒ္ဓဝါဒ မှာ accident ဆိုတာ မရှိဘူး၊ 
ဥပမာဆိုပါစို့ လူတစ်ယောက်က သင့်ကို
သက်သက် ပိုက်ဆံ ၁ ထောင်
လာပေးတယ်ဆိုပါတော့ အဲဒီ ပိုက်ဆံ
၁ ထောင်ဟာ မတော်တဆ ရတာ မဟုတ်ဘူး
သင်ရှေးက ပြုဖူးသော ကုသိုလ်ကြောင့်လည်း
ဖြစ်ရင် ဖြစ်မယ် / လက်ရှိ ပစ္စုပ္ပန်ကာလ မှာ
ပြုခဲ့ဘူးသော ကျိုးစားအားထုတ်မှုကြောင့်လည်း
ဖြစ်ရင် ဖြစ်မယ်၊ တစ်စုံတစ်ခုသော
အကြောင်းတရားကြောင့် ရလာတဲ့ 
အကျိုးတရားတွေချည်းပဲ

သင် အခု ဆင်းရဲနေတယ်ဆိုပါစို့ အဲဒီ ဆင်းရဲတာဟာ 
မိဘအပြစ်ကြောင့်
မဟုတ်ဘူး သင့်ကြောင့်ပဲ
သင်အခု ချမ်းသာနေတယ်ဆိုရင်လည်း
တခြားသူကြောင့် မဟုတ်ဘူး
သင့်ကြောင့်ချည်းပဲ

အရာအားလုံးဟာ 
ကိုယ်တိုင် ဖန်တီးခဲ့ကြတာပါ
ငရုတ်ပင် စိုက်ခဲ့လို့ စပ်သော အသီးကို
သင် စားရသလို
စိန်တလုံး သရက်ကို စိုက်ခဲ့လို့
ချိုမြိန်ကောင်းမြတ် အရသာရှိသော
အသီးကို စားသုံးရမှာ သင်ကိုယ်တိုင်ပါပဲ
အဲဒါကြောင့် ကိုယ်ဘာစိုက်ခဲ့သလဲဆိုတဲ့
အကြောင်းတရားကို သိဖို့ လိုပါလိမ့်မယ်

လူ နဲ့ တိရိစ္ဆာန် ဘာကွာလဲ ?

ဗုဒ္ဓအလိုအရ လူအဖြစ် လူဘဝသည် ရနိုင်ခဲသောအဖြစ်၊ ရနိုင်ခဲသော ဘဝဖြစ်ရကား
ရရှိလာသော လူ့ဘဝကို အချည်းနှီးသော အဓိပ္ပါယ်မဲ့သော ဘဝဖြစ်သည်ဟု မမြင်ချေ။
ထိုသို့ရနိုင်ခဲသော လူအဖြစ် လူ့ဘဝအဖြစ်ကို ရရှိပိုင်ဆိုင်နေသော သင်သည်
လူပီသသောလူ ဖြစ်အောင် လူနှင့်ပီသသော အလုပ်တို့ကို ဘာတွေများ လုပ်ဆောင်ခဲ့ပြီး
ပါပြီလဲဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်တတ်ဖို့ လိုအပ်လှပေ၏။


လူပီသသော လူဟုဆိုရာတွင် လောက၌ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်၍ ကိုယ်လက်
အင်္ဂ ါ ပြည့်စုံသူ လူ ဟုသမုတ်အပ်သူမှန်သမျှကို လူပီသသောသူ ဖြစ်၏ ဟူ၍ကား
သတ်မှတ်နိုင်မည်မဟုတ်ချေ။ မြတ်ဗုဒ္ဓက လောက၌ လူလေးမျိုးရှိကြောင်းကို ဝိမာနဝတ္ထု
အဌကထာ၌ ထုတ်ဖော်ဟောကြားထားလေ၏။

ထိုလေးမျိုးကား................

(၁) လူ့ငရဲသား၊

(၂) လူ့တိရိစ ္ဆာန်၊

(၃) လူ့ပြိတ္တာ၊

(၄) လူ့ပရမတ္ထ တို့ဖြစ်၏။


လူငရဲသား ဆိုသည်မှာ ယခုမျက်မှောက်ဘဝတွင် လူကားဖြစ်လာပါ၏။
သို့သော် သူသည်မကောင်းမှုဒုစရိုက်များကို ပြုလုပ်သောကြောင့်
ထောင်တန်းကျပြီး ဆင်းရဲဒုက္ခများစွာ ခံကြရ၏။
ဒါန သီလ ဘာဝနာ ကို တစ်ခုမှပြုလုပ်ခွင့်မရ၊ ထိုကဲ့သို့သော လူသားမျိုးကို မြတ်ဗုဒ္ဓက
လူအစစ် ဟု မသတ်မှတ်ချေ၊ လူ့ငရဲသား ဟု သတ်မှတ်၏။


တိရိစ ္ဆာန်သည် အိပ်ခြင်း စားခြင်း ကာမဂုဏ်ခံစားခြင်း သုံးမျိုးကိုသာ ပြုလုပ်ပြီး
ဒါန သီလ ဘာဝနာကုသိုလ်တရားကို တခုမှမပြုလုပ်သကဲ့သို့ တချို့လူများသည်
စီးပွါးရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း သုံးမျိုးကိုသာ ပြုလုပ်၏။
ဒါန သီလ ဘာဝနာ ကုသိုလ်တရားကို တခုမှပြုလုပ်ခြင်းမရှိ၊
ဤကဲ့သို့သော လူသားမျိုးကို ဗုဒ္ဓက လူအစစ် ဟု မသတ်မှတ်၊
လူ့တိရိစ ္ဆာန် ဟု သတ်မှတ်တော်မူ၏။


သရဲ၊ တစေ ္ဆ၊ မှင်စာ၊ ကြပ်၊ ဥစ္စာစောင့် အားလုံးကို စာပေ၌ ပေတပြိတ္တာ ဟု ခေါ်၏။
ပြိတ္တာများသည်အကုသိုလ်ကံကြောင့် အစားအစာကို ဘယ်သောအခါမှ
ဝလင်အောင် မစားရ၊ မရပ်မနား တစ်ဘဝလုံးရှာဖွေသော်လည်း မသေရုံသာ စားရ၏။
လူအများစွန့်ပြစ်ထားသော စားကြွင်း စားကျန်များ၊ တံတွေးများ၊နှပ်များ၊
သလိပ်များ တွေ့သမျှကို ရှာဖွေစားသောက်ကြ၏။ အစာကိုသာ တစ်ဘဝလုံး
ကုန်းရုန်းရှာဖွေပြီးသေသွားကြ၏။ ဒါန သီလ ဘာဝနာ ကုသိုလ်တရားတခုကိုမှ
မပြုလုပ်နိုင်၊ ထို့အတူ တချို့ လူသာဖြစ်လာသော်လည်း ဆင်းရဲနွမ်းပါးလွန်းသဖြင့်
တစ်ဘဝလုံး ဝမ်းရေးတခုအတွက်သာ ရှာဖွေစားသောက်ရင်း တစ်ဘဝဆုံးသွား၏။
ဒါန သီလ ဘာဝနာ ကုသိုလ်တရားတခုမှ မလုပ်နိုင်၊ ထိုသို့သော
လူသားမျိုးကို လူ့ပြိတ္တာ ဟု ခေါ်သည်၊ လူအစစ်မဟုတ်ပေ။

စီးပွါးရေးကိုလည်း လူတန်းစေ့အောင် သမ္မာအာဇီဝကျကျ ရှာဖွေနိုင်ပြီး
ဒါန သီလ ဘာဝနာ တို့ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်နိုင်သော သူကိုသာလျှင်
လူ့ပရမတ္ထ - လူအစစ် ဟု ခေါ်ပါသည်။


ဆိုအပ်ခဲ့ပြီးသော လူလေးမျိုးတို့တွင် မိမိသည် ဘယ်လိုလူမျိုးဖြစ်သလဲဆိုတာကို
ခွဲခြားဝေဖန်တတ်ဖို့ လိုအပ်လှပေသည်။

လူအစစ်မဖြစ်သေးလျှင် ဖြစ်အောင် ကြိုးစားအားထုတ်ရပေမည်။
လူရယ်လို့ ဖြစ်လာရင် လူ့သမိုင်းမှာ မှတ်တမ်းဝင်နိုင်အောင် အဖိုးတန်
အလုပ်တခုခုကို လုပ်ရပေမည်။
ထိုသို့ မဟုတ်ဘဲ လူ့ငရဲသား၊ လူတိရိစ ္ဆာန်၊ လူပြိတ္တာ တို့ကဲ့သို့သာ
ပြုမူနေထိုင်ကြမည်ဆိုလျှင်လူဖြစ်ရကျိုးနပ်မည် မဟုတ်ပေ။

ထိုဆိုအပ်ခဲ့ပြီးသော လူ ၄ မျိုးထဲမှာပင် လူ့တိရိစ္ဆာန် ဆိုသော လူကို ထပ်၍ ချဲ့ပါဦးအံ့ လူ နဲ့ တိရိစ္ဆာ ဘာကွာလဲဟု အဓိပ္ပါယ် ထပ်ဖွင့်ရလျှင်မူ
လူဟာ တိရိစ္ဆာန်ထက် အရာရာတိုင်း
သာတာ မဟုတ်ပေ
ဆင်လောက် ဘယ်သူ ခွန်အားကြီးလို့လဲ
မြင်းလောက် ဘယ်သူ အပြေးသန်လို့လဲ
ပျားလောက် ဘယ်သူ စည်းလုံးလို့လဲ
ငါးလောက် ဘယ်သူ ရေကူးနိုင်လို့လဲ

လူဟာ တိရိစ္ဆာန်ထက် သာတာဆိုလို့
အကြောင်း/အကျိုး ဆင်ခြင်နိုင်တဲ့
ညာဏ်ပညာ တစ်ခုပဲ သာသည်

အကြောင်း အကျိုးကို ဆင်ခြင်နိုင်တဲ့
ညာဏ်ပညာ မရှိရင် လူဟာ တိရိစ္ဆာန်နဲ့
ဘာမှ ကွာမှာ မဟုတ်ပေ

ဒါ့ကြောင့် အကြောင်းတရားကို 
သိအောင် အရင် ကြိုးစား အားထုတ်ရမယ်
အကြောင်းတရားကို သိမှ
ပညာရှိ ဖြစ်ပေမည်...

ထို့အပြင် လူတွေကို လူတွေအဖြစ်နဲ့ မှန်မှန်ကန်ကန်ဖြင်တတ်ဖို့လည်း
လိုအပ်သေးပေ၏။ မှန်မှန်ကန်ကန် မြင်ကြမယ်ဆိုရင် လူမှု့ပြဿနာတွေ
တော်တော်နည်းသွားပေလိမ့်မည်၊ လူတွေဟာ လူတွေကို လူတွေအဖြစ်
မှန်မှန် မမြင်ခဲ့ကြပေ၊ လူမျိုးစွဲတွေနဲ့မြင်သည်၊ ဘာသာစွဲတွေနဲ့မြင်သည်၊
အသားအရောင်၊ အဆင့်အတန်း ခွဲခြားလိုမှု့တွေနဲ့ လူတွေကိုကြည့်သည် မြင်သည်၊
အစွဲတွေပါလာတော့ အမှန်မမြင်ကြတော့၊ အမှန်မမြင်တော့ ပြဿနာတွေဖြစ်တယ်၊
ပြဿနာတွေကနေပြီး ပဋိပက္ခတွေဖြစ်တယ်။
ပဋိပက္ခတွေ ဖြစ်ရင် ငြိမ်းချမ်းခြင်းဆိုတာ လူတွေမှာ မရနိုင်တော့ပေ၊

ဒါတွေဟာ လူတွေက လူတွေကို မှန်မှန်မမြင်နိုင်ကြလို့ ဖြစ်ကြရသည်ပင်။
ထို့ကြောင့် ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိဖို့ရန်အတွက် လူအချင်းချင်း
မှန်မှန်ကန်ကန် မြင်တတ်ကြဖို့ ဆိုရခြင်း ဖြစ်ပါ၏။

ဗုဒ္ဓစာပေ၌မူ လူကို ခန္ဓာငါးပါး(ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခ ါရ၊ ဝိညာဏ်) ရှိသူ၊
မြင်မှု့ ကြားမှု့ အစရှိတဲ့ အတွင်းအပ အာယတန(၁၂) ပါးရှိတဲ့သူ၊
ရုပ်သဘော၊ နာမ်သဘော၊ ရုပ်ဓာတ်၊ နာမ်ဓာတ်တွေ ရှိတဲ့သူ
အဖြစ်ပဲ မြင်ပြထားပါသည်။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊
ဘယ်လိုဘာသာမဲ့သူဖြစ်ဖြစ်၊ ဘယ်လိုအသားအရောင်ပဲ ရှိတဲ့ လူမျိုးပဲဖြစ်ဖြစ်
ဆိုခဲ့တဲ့ ခန္ဓာ၊ အာယတန၊ ရုပ်ဓာတ်၊ နာမ်ဓာတ်တွေ စုဝေးနေတဲ့ ခန္ဓာကိုယ်တွေ
ရှိနေတယ်လို့ မြင်တယ်။ 

အဲဒီလို စုဝေးဖြစ်ပေါ်နေတဲ့ လူဟာ
ကောင်းတာတွေလုပ်ရင် ကောင်းတဲ့ အကျိုးတွေ ဖြစ်ပေါ်စေမယ်။
ဆိုးတာတွေ လုပ်ရင် ဆိုးတဲ့ အကျိုးတွေ ဖြစ်ပေါ်စေမယ် လို့မြင်တယ်။

လူတိုင်း လူတိုင်းမှာ ဒီခန္ဓာတွေ၊ ဒီအာယတနတွေ၊ ဒီဓာတ်သဘောတွေ ရှိနေတဲ့အတွက်
လူတွေဟာ လူတွေအချင်းချင်း ဘာမှအထင်သေးစရာလည်း မရှိ၊
မုန်းတီးစရာလဲ မရှိ ဟု မှန်မှန်ကန်ကန် ရှူ့မြင်တတ်ဖို့ မြတ်ဗုဒ္ဓက ညွန်ပြထားပေ၏။

ထိုမြတ်ဗုဒ္ဓ ညွန်ပြထားသည့် အတိုင်း လူမျိုးစွဲ၊ ဘာသာစွဲ၊ အသားအရောင်အစွဲတွေ
ကင်းလွတ်စွာနဲ့ ချစ်သောမျက်စိဖြင့် လူတွေကို ကြည့်တတ်မြင်တတ်အောင်
ကျိုးစားအားထုတ်ရင်း လူပီသသော လူများဖြစ်ပါစေ၊ သူတစ်ပါးကို မညင်းဆဲတတ်သော သူတော်ကောင်းများ ဖြစ်ကြပါစေ အပေးအကမ်း ရက်ရောပြီး လောကကို ကောင်းကျိုး ပြုနိုင်သော ပညာရှိ သူတော်ကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

***

သျှင်သာမိ - မုံရွာ
https://shinsami.blogspot.com

Thursday, September 6, 2012

သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ? လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့ ဥပမာ ဆိုပါစို့ လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ် တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ် တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။ 

ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။ လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့ အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။ အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။ အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြိးထဲက ရတနာ့သုတ်ထဲမှာ ပါပါတယ်။ 

လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိဿော စရိယာယော......လို့ လောကတ္ထစရိယ- ဆိုတာ ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တဝါ အားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။ တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက် ဒုတိယက ဉာတတ္ထစရိယ တဲ့ ဉာတတ္ထစရိယ- ဆိုတာ ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊ 
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို ငါဆောင်ရွက်မယ်။ 
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့ အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။ ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။ ဗုဒ္ဓတ္ထစရိယ- ဆိုတာ မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော် အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ် “အတ္တတ္ထ စရိယ” လို့ အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော် ငါသည် လောကလူသား အားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင် ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဉာတတ္ထစရိယ အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့ အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။ အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော် ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့ အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့ ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလ မတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့ သီလဆိုတာ ဘာလဲ လို့မေးရင် Bodily discipline and Verbal discipline. This is Sila. Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊ Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။ 
ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တဝါတွေကို မသတ်ဘူး Not to kill any living beings. 
အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊ Not to take anything, not given by owner. 
Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊ 
နောက် ဒုတိယ က Verbal discipline- ပါးစပ်စည်းကမ်း 
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး I undertake the precept not telling lie. 
ရှင်းအောင် ထပ်ပြောကြစို့ ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့ မုသာဝါဒါ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ပပ္ပလာပဝါစာ လို့လာပါတယ်။ ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင် Must be true မှန်တာကို ပြော၊ 
မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြောနေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။ 
Must be honest ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့ 
Must be polite ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး 
Must be beneficial for others and oneself. မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။ Must be harmonious ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့ 
Must be pleasant နားချမ်းသာ အောင်ပြောရမယ် စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင် မင်္ဂလ သုတ်ထဲမှာ ပါပါတယ် သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့ ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ? 

ကိုးကား သီတဂူ ဆရာတော် ဘုရား၏ တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော 
တက္ကသိုလ် ဓမ္မသဘင်မှ တရားတော်များကို မှီငြမ်းရေးသားပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Friday, August 10, 2012

ပါဠိကို နားမလည်ဘဲ ရွတ်ဖတ်လျှင်လည်း အကျိုးကျေးဇူးရ

ဆရာဝန်က သူသင်ထားတဲ့ ပညာနဲ့ လူနာကို ဆေးကုတဲ့ အလုပ်ကို လုပ်မယ် 
သူနာပြုကလည်း သူသင်ထားတဲ့ ပညာနဲ့ သူ့အလုပ်ကို သူလုပ်လိမ့်မယ်
ဘုန်းကြီးကလည်း သူသင်ထားတဲ့ ပညာနဲ့ ပရိတ်ရွတ်ချင်း ဖတ်ခြင်း ဆုတောင်းခြင်း စတဲ့
ဘာသာရေးအလုပ် သူလုပ်မှာပဲ အားလုံးဟာ ကိုယ့်နယ်ပယ်က
ကိုယ်ကျွမ်းကျင်ရာနဲ့ တတ်နိုင်သမျှ ကိုယ်လုပ်ကြတာပဲ
ဘယ်ဘုန်းကြီးကမှ ငါတို့ ပရိတ်ရွတ်ပေးမယ် မင်းတို့ ရောဂါဖြစ်မှာ မဟုတ်ဘူး
ရောဂါ ပျောက်လိမ့်မယ်ဆိုပြီး အာမခံ လုပ်နေကြတာ မဟုတ်ဘူး
ဗုဒ္ဓရဲ့ အာနုဘော်နဲ့ အန္တရာယ် မကျရောက်အောင်ဆိုတဲ့ ယုံကြည်မှုနဲ့ လုပ်ပေးနေကြတာချည်းပဲ
ဘုရားရှင်ကိုယ်တော်တိုင် ရောဂါဝေဒနာ ပေါ်ပေါက်လာတဲ့အခါ ဆရာဇီဝက ရဲ့ ဆေးကုသမှုကို
ခံယူသေးတာပဲ မဟုတ်လား အဓိက က ကိုယ့်နယ်ပယ်က အလုပ် ကိုယ်လုပ်ဖို့ပဲ အရေးကြီးတာ
ဒါကို ဘုန်းကြီးတွေ ပရိတ်ရွတ်တာကိုပဲ အပြစ်တစ်ခုလိုလုပ် ဝေဖန်နေတာမျိုးက
ဘာသာရေး စော်ကားပုတ်ခတ်မှု လုပ်နေတာပဲလို့ ဆိုချင်တယ်

တချို့က ဆိုလိုက်သေးတယ် ပါဠိတော်တွေ အနက်အဓိပ္ပါယ် မသိဘဲ လုပ်နေတာဟာလည်း
အလကားပဲ အကျိုးမရှိဘူးတဲ့ အဲလို ပြောနေတဲ့သူက သူကိုယ်တိုင်လည်း လုပ်သလားဆိုတော့
မလုပ်ဘူး သူများလုပ်နေတာလည်း ကဲ့ရဲ့ပြီး အကျိုးမရှိဘူးဆိုပြီး
အရူးချီးပန်း လျှောက်ပြောတယ် ပရိတ်ပဲဖြစ်ဖြစ် ပဋ္ဌာန်းပဲဖြစ်ဖြစ်
ပါဠိနားမလည်လည်း ရွတ်နေရင် အကျိုးရှိတယ် ရွတ်နေတဲ့အချိန်
ယုံကြည်မှု သဒ္ဓါတရား ရှိနေဖို့ပဲ အရေးကြီးတာ စိတ်သာလျှင်
အရေးကြီးဆုံးပဲ ပါဠိကို နားမလည်ဘဲ ရွတ်ရင်းနဲ့ ရဟန္တာဖြစ်သွားတဲ့
မထေရ်တောင် ဘုရားရှင် ရှိစဥ်အခါက အထင်အရှား ရှိခဲ့တာပဲ

မဟာပန္ထက နဲ့ စူဠပန္ထက ညီအကိုအကြောင်း သုတ္တန်မှာ ရှာကြည့် တွေ့လိမ့်မယ်
အကိုကြီး ဖြစ်သူ မဟာပန် ဟာသာသနာအတွင်း ဝင်လာပြီး ရဟန္တာ ဖြစ်သွားတဲ့အခါ
ညီဖြစ်သူ စူဠပန် ကိုပါ သာသနာ အတွင်းဆွဲသွင်းပြီး စာသင်ပေးခဲ့တယ်
၄ ပါဒမျှ ရှိတဲ့ ဂါထာတစ်ပုဒ်ကို လေးလပတ်လုံး သင်ပေးတာတောင်
အတိတ်ဘဝက ဉာဏ်ထုံတဲ့ ရဟန်းတစ်ပါးကို ကဲ့ရဲ့ခဲ့တဲ့ အကုသိုလ် ဝိပါက်ကြောင့်
စာမတတ်ခဲ့ဘူး အခုကျက် အခုမေ့ ဖြစ်ပြီး ၄ လကြာသွားခဲ့တယ် ဒါကြောင့် အကိုဖြစ်သူမဟာပန်က
ဒီဂါထာလေး တစ်ပုဒ်တောင် ၄ လပတ်လုံး ကျက်တာ မရတဲ့ကောင် ဘုရားရှင်သာသနာနဲ့
မတန်ဘူး သွားကွာ မနေတော့နဲ့ လူထွက်ကွာဆိုပြီး နှင်ထုတ်တယ်
အကိုဖြစ်သူက နှင်ထုတ်လို့ လူထွက်မယ်ဆိုပြီး ငိုယိုနေတဲ့ စူဠပန် ကို ဘုရားရှင်က
ငါလိုလမ်းညွန်ပြသနိုင်တဲ့ သဗ္ဗညုတ ဘုရားတပါးလုံး ထင်ရှားရှိနေတာပဲ ဘာလို့ လူထွက်နေမှာလဲ
ရော့ ငါခိုင်းတဲ့အတိုင်း လုပ်ဆိုပြီး အဝတ်စဖြူလေး တစ်ခုပေးကာ
"ရဇော ဟရဏံ , ရဇော ဟရဏံ" လို့ နုတ်ကရွတ်ဆိုပြီး
လက်က ပုဝါဖြူကို ချေကွာ ဆိုပြီး ခိုင်းလိုက်တယ်။

စူဠပန် ဟာ " ရဇော ဟရဏံ" ဆိုတဲ့ ပါဠိရဲ့ အနက်အဓိပ္ပါယ်ကို သိတာ မဟုတ်ဘူး
ဘုရားရှင်ခိုင်းတဲ့အတိုင်း ရွတ်ဆိုပြီး အဝတ်စကို ချေတယ်
လက်က ချေပါများတော့ မူလက ဖြူနေတဲ့ အဝတ်စဟာ
တဖြည်းဖြည်းနဲ့ မဲလာတဲ့ အချင်းအရာကို ကြည့်ပြီး
" ဤ စင်ကြယ်သော အဝတ်သည်ပင် ငါ့ခန္ဓာကိုယ်ကို မှီ၍ ဤသို့ ဖောက်ပြန်ခြင်းသည် ဖြစ်သေး၏၊
ရူပကာယ ဖြစ်သော ဤ ခန္ဓာသည်မူကား ပျက်စီးတတ်သော ခယ , ဝယ သဘောရှိသည်မှာ အမှန်တည်း ဟု
သတိ သမာဓိ ပညာကို ပွါးများပြီး အဆုံး ရဟန္တာ အဖြစ်ကို ရောက်သွားတယ်။

ဒီ သာဓက ကို ကြည့်ခြင်းအားဖြင့် ပါဠိကို နားမလည်ဘဲ ရွတ်နေတာဟာ
အကျိုးမရှိဘူးဟု ဆိုတဲ့စကားဟာမှားယွင်းတယ်
ပရိတ်ဖြစ်စေ / ပဋ္ဌာန်း ဖြစ်စေ ပါဠိကို နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ
ယုံယုံကြည်ကြည်နဲ့သာ ရွတ်ပါ နားလည်နိုင်တဲ့ ဉာဏ်ရင့်သန်လာရင်
နားလည်လာပါလိမ့်မယ် နလပိန်းတုန်းတွေ ပြောတဲ့စကားကို နားယောင်ပြီး
ကိုယ့်အလုပ် မပျက်ပါစေနဲ့

+++

သျှင်သာမိ - မုံရွာ
https://shinsami.blogspot.com

Saturday, April 21, 2012

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)

တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို
ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ
ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။
ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ
ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။
အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန်
တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ
ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်
ပြုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုသင့်ချေ၊

အနေကဇာတင်မှု မတင်မှုသည် ပဓာနကျသည်တော့ မဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့
ရုပ်ပွါးတော်ကို မဟာပုရိသလက္ခဏာ ၃၂ ပါးနဲ့ ညီညွတ်စွာ ပီပီပြင်ပြင် ဖြစ်နေပြီးတော့ စိတ်ထဲမှာ
ကြည်ညိုဖွယ်ဖြစ်ပြီဆိုရင် ပူဇော်ကြရုံသာဖြစ်၏။ ပူဇော်တိုင်း အကျိုးများနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။
ရှေးရှေးဆရာတော် သံဃာတော်များသည် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေ
မှာ အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေဂါထာများဖြင့် ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်းသုံးသွားသော အခြင်းအရာကို ပြန်လည်အောက်မေ့၍ ဗောဓိသတ္တာဟ၊ ပလ္လင်္က
သတ္တာဟကို ကြည်ညိုသောအနေဖြင့် ပူဇော်ကြခြင်း ဖြစ်ပါသည်။

အနေကဇာတင် ရွတ်ဖတ်မှုနှင့် ရည်ရွယ်ချက်

(က) အနေကဇာတိ သံသာရံ၊
သန္ဓာ ဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊
ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(ခ) ဂဟကာရက ဒိဋ္ဌော သိ၊
ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊
ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊
တဏှာနံ ခယ မဇ္ဈဂါ။

ဤဂါထာတို့ဖြင့် အစချည်၍ သံဃာတော်များမှ ရွတ်ဖတ်ပူဇော်ပြီးသောအခါ “အဝိဇ္ဇာပစ္စယာ သင်္ခ ါရာ”
ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလောမကို ရွတ်ဆိုတော်မူကြပါသည်။ အဲဒီနောက်မှာတော့ “အဝိဇ္ဇာယတွေဝ
အသေသ ဝိရာဂ နိရောဓာ” အစရှိသော ပဋိစ္စသမုပ္ပါဒ် ပဋိလောမကို ရွတ်တော်မူကြပါသည်။
ထို့နောက် “ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ” အစရှိသော သုံးဂါထာကို ရွတ်ဆိုတော်မူကြရပါသည်။
ထိုအစီအစဉ်တို့သည်။

၁။ အနေကဇာတိ သံသာရံ၊
၂။ ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ
၃။ ယဒါ ဟေ၀ အစရှိတဲ့ ဥဒါန်း သုံးဂါထာ
ဒီအစီအစဉ်သုံးခုကို ဘုရားရှေ့တော်မှောက်မှာ သံဃာတော်များ လက်အုပ်ချီပြီး ရွတ်ဆိုမှု့သည်
မည်သို့အဓိပ္ပါယ်ရှိသလဲ ဟူမူ .......ဘုရားရှင်ကိုယ်တော်မြတ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်
လပြည့်နေရဲ့ ညနေခင်း၊ ဗောဓိပင်ရင်းမှာ နေမဝင်မှီ ဒေဝပုတ္တမာန်ကို အောင်မြင်တော်မူခဲ့ပါသည်။
ညဦးယံကာလ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် သန်းခေါင်ယံကာလ ဒိဗ္ဗစက္ခု အဘိညာဉ် တို့ကို
ရတော်မူခဲ့ပေသည်။ လင်းအားကြီးကာလ ကဆုန်လပြည့်နေ့ည မကုန်သေးမှီ အချိန်မှာ
“အာသဝက္ခယဉာဏ်” သို့ ရောက်၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပေသည်။
ဘုရားအဖြစ်သို့ရောက်ပြီး လပြည့်ကျော်တရက်နေ့ ကူးသောအချိန် ဗောဓိပင်ရင်းမှာ သီတင်းသုံး
ထိုင်နေတော်မူတဲ့ ဘုရားရှင်သည် ကမ္ဘာအသင်္ချေအနန္တက နှိပ်စက်လာတဲ့ ကိလေသာတွေကို
အောင်မြင်ခဲ့ပြီဖြစ်တဲ့ ဘုရားရှင်သည် ဝမ်းသာတော်မူလွန်းလို့ ဥဒါန်းကျူးရင့်တော်မူပါသည်။

ဗုဒ္ဓကျူးရင့်ခဲ့တဲ့ ဥဒါန်း (၂) မျိုး

ဘုရားရှင် ကျူးရင့်တော်မူသော ဥဒါန်းမှာ နှစ်မျိုးရှိပါ၏။
၁။ မနသာ“၀၀တ္ထပိတ”ဥဒါန်း (စိတ်ထဲမှာသာလျှင် ကျူးရင့်သော ဥဒါန်း)
၂။ ဝစသာ ဥဒါန်း (စိတ်ထဲတွင် မကပဲ နှုတ်ကပါ ထုတ်ဖော်၍ ကျူးရင့်သော ဥဒါန်း) ဟူ၍
နှစ်မျိုးရှိပေ၏။
ဥဒါန်းဆိုသည်မှာ အိုးတလုံးထဲ ဆီထည့်(သို့မဟုတ်) ရေထည့်၊ ထည့်ရင်းထည့်ရင်းနဲ့ ပြည့်ပြီး
တော့ နှုတ်ခမ်းရောက်လို့ အိုးထဲမှာ မဆန့်ပဲ နှုတ်ခမ်းကနေမဆန့်ပဲ စီးပြီးတော့ လျှံကျသွားတဲ့
အခါ အိုးတအိုးလုံး အတွင်းရော အပြင်ပါ ဆီတွေ ရေတွေ စိမ့်ပြီးတော့ စိုနေသကဲ့သို့
ဘုရားရှင်ရဲ့ နှလုံးအိမ်မှာ စိမ့်ပြီးတော့ထားတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ယှဉ်တဲ့ ပီတိများ
သည် ကိုယ်တော်ရဲ့ နှလုံးတော်မှာ မဆန့်တော့တဲ့ အတွက်ကြောင့် နှုတ်တော်က လျှံထွက်လာသော
ဝစသာဥဒါန်း၊ နှုတ်တော်က မထွက်သေးခင် စိတ်ထဲမှာပဲ ရွတ်ဆိုနေတဲ့ မနသာဥဒါန်း
ဥဒါန်းနှစ်မျိုး ဖြစ်လာပါသည်။

လပြည့်ကျော်တရက်နေ့ အာရုံတက်စကလေးမှာ ဘုရားရှင်ကိုယ်တော်မြတ် စိတ်ထဲမှာ ကျူးရင့်
သော ဥဒါန်းသည်“အနေကဇာတိ သံသာရံ” ဂါထာနှစ်ဂါထာဖြစ်ပါတယ်။ ဘုရားရှင် ရင်ထဲ နှလုံးထဲ
ကနေပြီးတော့ ရွတ်ဆိုနေခဲ့တာ လပြည့်ကျော်တရက်နေ့ မနက်ခင်း အာရုံဦး “အနေကဇာတိ
သံသာရံ” နဲ့ နေပါတယ်။ တနေ့လုံးလည်းပဲ “အနေကဇာတိသံသာရံ” နဲ့ နေတယ်။ လပြည့်ကျော်
တစ်ရက်နေ့ တနေ့လုံး“အနေကဇာတိသံသာရံ” ကို နုတ်ကနေမဆိုပဲနဲ့ စိတ်ထဲမှာ ကျူးရင့်၍
နေတော်မူပါတယ်။ လပြည့်ကျော် တစ်ရက်နေ့ ညဉ့်ဦးယံအရောက်မှာ နုတ်မှ ထုတ်ဖော်၍
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ
သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ
သမုဒယော ဟောတီတိ.. ဟူသော ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ကျူးရင့်တော်မူပါတယ်။

ထို့နောက်
အဝိဇ္ဇာယတွေ၀ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊
ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတန
နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊
တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊
ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေ တဿ
ကေဝလဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို
ဆက်လက်၍ ကျူးရင့်တော်မူခဲ့ပေသည်။

ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ ကို အပြန်ပြန်အလှန်လှန်
ဆင်ခြင်သုံးသပ်တော်မူပြီးသောအခါ

(က) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ခ) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ခယံ ပစ္စယာနံ အဝေဒိ။

(ဂ) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယော၀ သြဘာသယ မန္တလိက္ခံ။………………..ဟူသော သုံးဂါထာကို ကျူးရင့်တော်မူခဲ့ပါသည်။
ပဋိစ္စသမုပ္ပါဒ် နှင့် ယထာဟေ၀ အစရှိသော ဂါထာတို့ကို ဉာဉ့်ဦးယံမှာ နုတ်မြွက်ပြီးတော့ ရွတ်ဆိုကျူးရင့်
တော်မူပါတယ်။ ဉာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာလဲ ဒီအတိုင်းပါပဲ။ ဉာဉ့်ရဲ့ နောက်ပိုင်း မိုးသောက်ယံ
ကျပြန်တော့လည်း ဒီအတိုင်းပင် လပြည့်ကျော်တရက်နေ့ တညလုံး ဘုရားရှင်ဤကဲ့သို့ နေတော်မူပါ
သည်။ လပြည့်ကျော်တစ်ရက်နေ့ နေ့နဲ့ည အကုန်၊ လပြည့်ကျော် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက်
၇ ရက်နေ့ ဤ (၇) ရက်နေ့ ညနေခင်းအထိ ဘုရားရှင်ကိုယ်တော်မြတ် ဖလသမာပတ်နဲ့ချည်း ချမ်းသာ
စွာ နေတော်မူပါတယ်။ လပြည့်ကျော် ၇ ရက်နေ့ ညပိုင်းအရောက်မှာ မြတ်စွာဘုရားဆင်ခြင်ပုံ တစ်မျိုး
ပြောင်းသွားပြီးတော့ “အဝိဇ္ဇာ ပစ္စယာ သင်္ခ ါရာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ဆင်ခြင်တော်
မူပါတယ်။ အဲဒီနောက်မှ ယထာဟေ၀ အစရှိတဲ့ ပထမဂါထာကို ဆင်ခြင်တော်မူတယ်။

လပြည့်ကျော် (၁) ရက်နေ့ရဲ့ ဉာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာ အဝိဇ္ဇာယတွေ၀ အသေသ ဝိရာဂ နိရောဓာ
ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို ဆင်ခြင်တော်မူတယ်။ ထို့နောက် ယထာဟေ၀ ဒုတိယ ဂါထာ
ကို ဆင်ခြင်တော်မူတယ်။ မိုးသောက်ယံမှာ ပဋိစ္စသမုပ္ပါဒ် “အနုလုံ” နှင့် “ပဋိလုံ” ကို အပြန်ပြန်အလှန်
လှန် နှစ်ခုစလုံး ဆင်ခြင်တော်မူပြီးတော့ “ယထာဟဝေ” တတိယဂါထာကို ဘုရားရှင် ကျူးရင့်တော်
မူပါတယ်။ ဒါကိုပဲ “ပလ္လင်္ကသတ္တာဟ” လို့ခေါ်ပါတယ်။ ဗောဓိပင်ရင်းမှာ တင်ပျဉ်ခွေပြီးတော့နေခဲ့တဲ့
အတွက်ကြောင့် “ဗောဓိသတ္တာဟ” လို့လဲ ခေါ်ပါတယ်။

ဗုဒ္ဓါဘိသေက ဟု ဆိုသော်လည်း ဘုရားအား ဘိတ်သိတ်သွင်းခြင်း မဟုတ်ကြောင်း စာဖတ်သူ
အများ သိထားသင့်လှပါသည်။ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေမှာ
အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟေ၀ ဂါထာတွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်သုံးသွားသော အခြင်းအရာကို အောက်မေ့ပြီး ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို
ကြည်ညိုတဲ့ အနေနဲ့ သံဃာတော်များမှ “အနေကဇာတိသံသာရံ” ရွတ်ဖတ်ပူဇော်ခြင်းကို
အနေကဇာတင်ခြင်း ဟု ခေါ်ကြပါသည်။

သံဃာတော်များ မပါဘဲ ကိုယ့်ဘာသာကိုယ် ဤအနေကဇာတင်စာများ အလွတ်ကျက်၍ ကိုယ်တိုင်
နေ့တိုင်းနေ့တိုင်း ရွတ်နေရင်လည်း အနေကဇာတင်မှု့ ပြီးမြောက်သည်သာ ဖြစ်ပါ၏။ သံဃာတော်
အရှင်မြတ်များ ပင့်ပြီး ရွတ်ဆိုသောအခါ ပိုပြီးတော့ ဌာန်ကရိုဏ်းပယတ် ပီပီပြင်ပြင် ကြည်နူးရန်အလို့ငှါ
ဘုရားရှင်ကိုယ်တော်မြတ်၏ ရုပ်ဆင်းတုအသစ် ဖြစ်သစ်စကို ဘုရားရှင်ကိုယ်တော်တိုင် ကျူးရင့်
ခဲ့တဲ့ ဥဒါန်းများနှင့် ပြန်လည်ပူဇော်ရန် သံဃာတော်များ ပင့်ဖိတ်၍ အနေကဇာတင်ကြခြင်း
ဖြစ်ပါသည်။

အရှင်ဝရသာမိ (မုံရွာ)
https://shinsami.blogspot.com

Friday, March 23, 2012

မယောင်ရာဆီလူးနေပါက သာသနာပျက်ဖို့ပဲ ဖြစ်လာလိမ့်မယ်


စာရေးသူ တင်ပြခဲ့သော ဘုန်းကြီး နဲ့ နိုင်ငံရေးဟူသော ဆောင်းပါနဲ့ ပတ်သက်၍ ပြန်လည်တုန့်ပြန် ဝေဖန်ထားသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ “ ရယ်စရာကောင်းသော ပျက်လုံးတခု”ဟူသော ဆောင်းပါးဖြင့် ထိုပုဂ္ဂိုလ်က ပြန်လည်တုန့်ပြန်ထားသည်ကို တွေ့ရ၏။ နိုင်ငံရေးဟူသောစကားလုံး၏ ကျယ်ပြန့်သော အဓိပ္ပါယ်ကြောင့် အငြင်းပွါးစရာဖြစ်လာမည်စိုး၍ အစကတည်းက အမျိုးသားနိုင်ငံရေး နှင့် ပါတီနိုင်ငံရေးဟူသော စကားလုံးကို ခွဲခြား၍ မူရင်းဆောင်းပါးကိုရေးခဲ့သည်။ ထိုပုဂ္ဂိုလ်က ဒါကိုပင် အမိအရကိုင်၍ ဝေဖန်လာသည်ကို တွေ့ရပေ၏။ 

နောက်တခု စာရေးသူရေးသားလိုက်သောဆောင်းပါးတွင်ပါသော သိရိလကာၤဘုန်းကြီးများ အကြောင်းဖြင့် ကိုင်တွယ်လျက် ဝေဖန်လာသည်ကို တွေ့ရပေ၏။ မှန်ပါ၏၊ သိရိလကာၤ ဘုန်းကြီးများ ပါလီမာန်အတွင်း၌ ပါဝင်နေသည်ကို စာရေးသူမသိရှိခဲ့သောကြောင့် ဤအချက်ကို ထောက်ကွက်ရှာ၍ ဝေဖန်ပြစ်တင်လာသည်ကိုသာ တွေ့ရပေ၏။ ထိုသို့ဆိုပါက အဆိုပါ အရှင်အား မေးလိုက်ချင်ပါသည်။ သိရိလကာၤဘုန်းကြီးများ ယခုအင်တာနက်တွင် တွေ့မြင်နေရသော နဖူးစည်း၊ အလံထောင်၍ သမဏသာရုပ္ပ မဖြစ်သော ထိုအပြုအမူများကို သိရိလကာၤဘုန်းကြီးများ လုပ်တော်မူပါသလား။ ရှိပါက ခိုင်လုံသော အထောက်အထားဖြင့် ပြသစေချင်သည်။ ထီးထမ်း လမ်းလျှောက်ကာ သင်္ကန်းစွန်တောင် စွဲ၍ လမ်းသလားနေသော ဘုန်းကြီးများ သိရိလကာၤတွင် ရှိပါသလား။ ရှိပါက သက်သေပြနိုင်ပါသည်။ နဖူးစည်း အလံထောင် ပါးကပ် ပြုလုပ်ခြင်းသည် ဘောလုံးပွဲ များတွင်သာ တွေ့ရမည် ဖြစ်ပေ၏။ ပါလီမန်ထဲမှာ ဘုန်းကြီးတွေ ထည့်ထားလို့ ထိုနိုင်ငံလူအများက ရဟန်းသံဃာလို့ကော မြင်ခြင်း ရှိ/မရှိ သိရိလကာၤရဲ့ သာသနာကို ထိုပုဂ္ဂိုလ် အသိဆုံးသာ ဖြစ်ပါလိမ့်မည်။ ခွပ်ဒေါင်အလံ နဖူးစည်းကာ အလံတလူလူလွင့်၍ လုပ်နေသည်ကို ဝိနည်းတော်အရရော သုတ္တန်ပါဠိတော်အရပါ မသင့်တော်ဘူးလို့ တင်ပြတာကို အရေးမစိုက်ပါဟု ဆိုပါကလည်း ထိုပုဂ္ဂိုလ်၏ ရပ်တည်ချက် မည်သို့ရှိတယ် ဆိုတာ စာဖတ်သူအများ သိနားလည် နိုင်ပါလိမ့်မည်။ 

အဆိုပါပုဂ္ဂိုလ်သည် ဘုရားသာသနာမှာ နေ၍ “ဗုဒ္ဓ သရဏံ ဂစ္ဆာမိ” မလုပ်ပဲ ဒေါ်စု သရဏံ ဂစ္ဆာမိ ပဲ လုပ်နေသလားဟုပင် ထင်မိချေ၏။ သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင်သည် တပည့်သားရှင်ရဟန်းတို့အား မလွဲဧကန် ထမ်းဆောင်ရမည့် သာသနာ့တာဝန်များကို ထမ်းဆောင်စေတော်မူခဲ့သည်သာဖြစ်၏။ ယင်းတို့မှာ..... စာပေကျမ်းဂန် သင်အံပို့ချ ဟောပြောဆောင်ရွက်ခြင်း ဟူသော ဂန္ထဓူရတာဝန်၊ သမထ၊ ဝိပဿနာ တရားဘာဝနာ ပွါးများအားထုတ်မှု၊ သင်ကြားပြသမှု ဟူသော ဝိပဿနာဓုရတာဝန် တို့ဖြစ်၏။ သုပ္ပဋိပ္ပန် အကျင့်မှန်သည့် ဘုရားသားတော် ရှင်ရဟန်းမှန်သမျှသည် ဂန္ထ ဝိပဿနာ နှစ်ဖြာဓုရကို ထမ်းဆောင်ကြရာတွင် ကိုယ်တိုင်လည်း သင်ယူကျင့်ကြံ လက်ခံကျင့်သုံး တပည့် ရှင်ရဟန်း တို့ကိုလည်း နည်းပေးသင်ပြ ဆိုဆုံးမပေးကြရမည်သာ ဖြစ်ပါ၏။ တဆင့်ထပ်ပွါးကာ ဒကာ ဒကာမများကိုလည်း ကုသိုလ်တရား ပွါးများဆည်းပူးနိုင်ကြစေရန် လယ်ယာမြေကောင်သဖွယ် ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချစေရေး သွန်သင်နည်းပြ ဆုံးမသြဝါဒ ပေးကြရမည်သာ ဖြစ်ပေ၏။ အကုသိုလ်အလုပ်မှန်သမျှကို စိတ်အကြံ နှုတ်အပြော ကိုယ်အလုပ် တို့တွင် မဖြစ်ပွါးစေရန် တည့်မတ်ဟောကြားပေးကြရမည်သာ ဖြစ်၏။ ဘုရားသားတော် ရှင်ရဟန်းမှန်သမျှသည် ဤသာသနာ့တာဝန်များကို မလွဲမသွေ ဆောင်ရွက်ကြရမည်သာ ဖြစ်၏။ ဤကား ဘုရားရှင် ဖြစ်စေချင်သော သာသနာ့တာဝန် ထန်းဆောင်မှုသာ ဖြစ်ပါသည်။ 

ထို့အပြင် ဘုရားရှင်၏ သာသနာ၌ ဝိနည်းကို မထီမဲ့မြင်ပြုပါက သာသနာကွယ်ပစေနိုင်ကြောင်း အနာဂတ် ဘေးတို့ကို အဂုၤတ္ထိုလ်တွင် ဟောကြားခဲ့ပါပေ၏။ 
“ပဉ္စိမာနိ ဘိက္ခေ၀ အနာဂတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိ အာယတိ ံသမုဇ္ဇိဿန္တိ တာနိ ဝေါ ပဋိဗုဇ္ဈိတွာစ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ” (အံ - ၂ - ၉၃၊ ၉၅) 

ရဟန်းတို့ ဤအနာဂတ်ဘေးငါးပါးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်၊ ထိုအနာဂတ်ဘေးတို့ကို သင်တို့ကြိုတင်သိထားရမည် (ကြိုတင်သိထားအောင် သင်တို့လေ့လာစုံစမ်း ထောက်လှမ်းထားကြရမည်)။ ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုစားအားထုတ်ကြရမည်“ စသည်ဖြင့် အနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်သာ ဖြစ်ပါ၏။ 
ထိုအနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့မှာ 
(၁) ကာယနုပဿနာကို ပွါးများပြီး မဟုတ်ကြကုန်သော၊ သီလကို ပွါးများပြီး မဟုတ်ကြကုန်သော၊ သမာဓိစိတ်ကို ပွါးများပြီး မဟုတ်ကြကုန်သော၊ ပညာကို ပွါးမျာပြီး မဟုတ်ကြကုန်သော ဥပဇ္ဈယ် ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွါးများပြီးမဟုတ်ကြပါဘဲလျက် အခြားတပည့် လူသာမဏေတို့ကို ပဉ္စင်းခံပေးလိမ့်မည်။ 
(၂) ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်းဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈယ်ဆရာ၊ နိဿရည်းဆရာတို့၏ တပည့်အဆက်ဆက် တို့သည်လည်း ကာယာနု ပဿနာကိုမပွါးများကြကုန် သိလကို မပွါးများကြကုန်၊ သမာဓိစိတ်ကို မပွါးများကြကုန်၊ ပညာကို မပွါးများကြကုန်၊ တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကိုပွါးများအောင် ဆုံးမခြင်းငှါ စွမ်းနိုင် ကြလိမ့်မည် မဟုတ်ကုန်။ ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ 
(၃) ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွါးများပြီး မဟုတ်ကြပါဘဲ လျက် အဘိဓမ္မာနှင့်စပ်သော တရားစကား၊ ဉာဏ်ပညာနှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတစ်ပါးတို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာ ကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့် ဒေသနာလမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော တရားမှန်သမျှတို့ကို မသိကြကုန်လတ္တံ့၊ (ဒေါသစိတ်ဖြင့် သူတစ်ပါးကို ပုတ်ခတ်လျက်လည်းကောင်း၊ ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက်လည်းကောင်း၊ လာဘ သက္ကာရကို မျှော်ကိုးလျက်လည်းကောင်း ဟောပြောသောအားဖြင့် မည်းညစ် နောက်ကျူသော အကုသိုလ်ဘက်သို့ သက်ရောက်ကူးပြောင်း သွားကြလိမ့်မည်။) ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ 
(၄) ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ ပညာတို့ကို ပွါးများပြီး မဟုတ်ကြခြင်းကြောင့် ခက်ခဲ နက်နဲကုန်၊ ခက်ခဲနက်နဲသော အနက်အဓိပ္ပါယ် ရှိကြကုန်သော၊ လောကုတ္တရာတရား ကိုးပါးကို ဖော်ပြ ကုန်သော၊ သတ္တဝါကောင်၊ အသက်ကောင်၊ အတ္တကောင်မှ ဆိတ်သုဉ်းသော၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ ပဋိစ္စသမုစ္စသမုပ္ပါဒ် တရားသဘောသက်သက်နှင့်သာ သက်ဆိုင်ကုန်သော၊ ဘုရားဟော တရားတော်တို့ကို ဟောပြအပ်ကုန်သည်ရှိသော် မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်မရှိကြကုန်လတ္တံ့၊ ထိုဘုရားဟော တရားတော်တို့ကို သင်ကြားလေ့လာ ဆည်းပူးထိုက်ကုန်၏ ဟူ၍ မမှတ်ထင်ကြကုန်၊ သာသနာပြင်ပ ပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘောအချက်လက် များကိုသာ လိုလိုချင်ချင် နားထောင်ကြကုန်၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊ သင်ကြားဆည်းပူးထိုက်ကုန်၏ ဟူ၍ မှတ်ထင်ကြကုန်လတ္တံ့။ ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်း ကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ 
(၅) ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွါးများပြီး မဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည် ပစ္စည်း လာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊ သိက္ခာသုံးဖြာ သာသနာတော်ကို ပေါ့ပေါ့လျော့လျော့ ကျင့်ကြကုန်၊ အောက်အပါယ်ဘုံသို့ရောက်ကြောင်း မကောင်းသော အကျင့်များ၌ ရှေ့သွားပဓာန ထားကြကုန်၊ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော ကျင့်စဉ်များ၌ တာဝန်မဲ့အားထုတ်မှု့ လုံးလဝိရိယကို လျှော့ချ ထားကြကုန်လတ္တံ့။ ထိုရဟန်းတို့၏ နောင်လာနောင်သား တပည့်များလည်း ဒိဌာနုဂတိလိုက်ကာ ဆရာ့အပြုအမူအတိုင်း ပြုကျင့်ကြလိမ့်မည်။ ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်း ကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ ထိုဘေးကြီးငါးမျိုးတို့ နောင်အခါ ဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ ကြိုတင်သိထားကြရမည်။ (ကြိုတင်သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရမည်) ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်ဟု ဟောကြားခဲ့ပါ၏။ 

မြတ်စွာဘုရား ဟောကြားတော်မူသော ထိုဘေးကြီးငါးမျိုးတို့တွင် ဝိနည်းကို ပျက်စီးအောင် ပြုပါက ဓမ္မ ပျက်စီးကွယ်ပမည်ဖြစ်၏။ ဓမ္မကို ပျက်စီးကွယ်ပအောင် ပြုပါက ဝိနည်းပျက်စီး ကွယ်ပမည်သာ ဖြစ်၏ ဆိုတာကို စာဖတ်သူအများ သိထားရမည်သာ ဖြစ်ပေ၏။ 
တဖက်ပါ ဆောင်းပါးရှင်မှ ((((((ဆင်တပ်၊ မြင်းတပ်ကို ဘုရားရှင် မကြည့်ခိုင်းရုံလောက်နှင့် ရဟန်းတော်များကို ဘုရားရှင်နိုင်ငံရေးမလုပ်ခိုင်းကြောင်း အထောက်အထားပြတော်မူသော ဆောင်းပါးရှင်သည် နောက်နောင် ယခုလို ညောင်ဦးကမ်းပါး ပြိုသည်နှင့် စမ္ပါနဂိုရ်က နွားမပေါင်ကျိုးရသော ဆောင်းပါးမျိုး မဖြစ်စေရန် စာများများဖတ်ဘို့သာ အကြုံပြုလိုက်ရပါသည်။)))) ဟု ဆိုလာသည်ကို တွေ့ရပေသည်။ 

ထိုပုဂ္ဂိုလ် ဆိုလိုချင်သည်မှာ အဘယ်ပါနည်းဟု စဉ်းစားမိချေ၏။ ဘုရားရှင် မကြည့်ခိုင်းရုံလောက်နှင့် ဟု ဆိုကတည်းက အဆိုပါ ဆောင်းပါးရှင်သည် ဝိနည်းကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ထင်ရှား၏။ 
ဘုရားရှင်ကိုယ်တော်မြတ်သည် လူ့မှု့ရေးရာဖြစ်သော ပါတီနိုင်ငံရေးကဲ့သို့သော အရှုပ်အထွေးများကို နှစ်သက်သည်ဟုဆိုက သိဒ္ဓတ္ထ မင်းသားဘဝဖြင့်ပင် စကြာၤဝတေးမင်းပင် ဖြစ်နိုင်ပါ၏။ မင်းစည်းစိမ်ကို မက်မောနေသည်ဆိုပါက ရွှေနန်းစည်းစိမ်ကိုပင် စွန့်နေရာမလို ဘုရားပင် ဖြစ်လာနိုင်မည်မဟုတ်ချေ၊ ဗုဒ္ဓသာသနာဆိုသည်မှာလည်း ပေါ်ပေါက်လာမည်မဟုတ်ပေ။ ဘုရားရှင် မကြည့်ခိုင်းရုံလောက် ဟူသော စကားကို ဆိုရလောက်အောင် တခြားဘယ်နေရာ ဘယ်သုတ္တန်မှာ ထိုထိုကိစ္စများ၌ ပါဝင်လုပ်ဆောင်ခိုင်းဖို့ ချပြခဲ့ပါသနည်း။ သုတ္တန်ရှိက ထုတ်ပြတော်မူပါ။ ဝိနည်းသိက္ခာပုဒ်ရှိက ထုတ်ပြ တော်မူပါ။ အသစ်အဆန်းကို အထင်ကြီးမြတ်နိုးနေပါက အမှားသာလျင် ဖြစ်ပေလိမ့်မည်။ 
အတု အယောင်ကိုအစစ်ထင်နေပါက မယောင်ရာဆီလူးသကဲ့သို့ ဖြစ်နေမည်ကို ကောင်းကောင်း သတိချပ် အပ်၏။ အတုအယောင်ကို စွဲကိုင်နေပါက သာသနာ သာ ထိခိုက်စရာရှိပေသည်။ ဘုရားရှင်ကိုယ်တော်မြတ်က အရှင်မဟာကဿပ မထေရ်မြတ်အား - 
“သေယျထာပိ ကဿပ န ဇာတရူပဿ အန္တရဓာနံ ဟောတိ။ ယာ၀ န ဇာတရူပပ္ပတိရူပကံ လောကေ ဥပဇ္ဇတိ။ ယတော စ ခေါ ကဿပ ဇာတရူပပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။ အထ ဇာတရူပဿ အန္တရ ဓာနံ ဟောတိ။ ဧဝမေ၀ ခေါ ကဿပ န တာ၀ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ။ ယာ၀ န သဒ္ဓမ္မပ္ပတိရူပကံ လောကေ ဥပဇ္ဇတိ။ ယတောစ ခေါ ကဿပ သဒ္ဓမ္မပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။ အထ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ” (အံ၊ ၁၊ ၄၂၂)

 “ကဿပ လောက၌ ရွှေအတု မဖြစ်ပေါ်သေးသမျှကာလပတ်လုံး ရွှေအစစ် မကွယ်ပျောက်နိုင်သေး၊ လောက၌ ရွှေအတု ဖြစ်ပေါ်လာသော အခါ၌မူကား ရွှေအစစ်ကွယ်ပျောက်နိုင်၏။” “ကဿပ၊ ဤဥပမာအတူပင် လောက၌ သဒ္ဓမ္မပ္ပတိရူပက - သူတော်ကောင်းတရား အတုအယောင် မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး သူတော်ကောင်းတရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာတော် မကွယ်ပျောက်နိုင်သေး။ လောက၌ သဒ္ဓမ္မပ္ပတိရူပက - သူတော်ကောင်းတရား အတုအယောင် ဖြစ်ပေါ်လာသောအခါ၌မူကား သူတော်ကောင်းတရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာ ကွယ်ပျောက်နိုင်၏” မိန့်ကြားတော် မူခဲ့ပါသည်။ 

ထို့ကြောင့် ထိုပုဂ္ဂိုလ်အား စာရေးသူပြောလိုသည်မှာ အတုယောင်ကို အစစ်ထင်သမျှ ကာလပတ်လုံး သာသနာသာ ထိခိုက်လာဖို့ဖြစ်လာပေလိမ့်မည်ဆိုတာကို သတိပေးချင်ပါ၏။ ဘုရားရှင်က ပြောအပ်သော စကား၊ မပြောအပ်သော စကားကို တိရိစ္ဆာနဂထာ သုတ္တန်တွင် ဟောကြားပြသခဲ့သည်လည်း ရှိသေး၏။ 

၁။ ရာဇကထာ = မင်းနှင့် စပ်သောစကား, ၂။ စောရကထာ = ခိုးသား ဓားပြနှင့် စပ်သောစကား, ၃။ မဟာမတ္တကထာ = အမတ်ကြီး (ဝန်ကြီးချုပ်)နှင့် စပ်သောစကား, ၄။ သေနာကထာ = စစ်သည် (စစ်တပ်)နှင့် စပ်သောစကား, ၅။ ဘယကထာ = ကြောက်မက်ဖွယ်နှင့် စပ်သောစကား, ၆။ ယုဒ္ဓကထာ = စစ်ထိုးခြင်း (တိုက်ပွဲ)နှင့် စပ်သောစကား ၇။ အန္နကထာ = စားဖွယ်နှင့် စပ်သောစကား, ၈။ ပါနကထာ = သောက်ဖွယ်နှင့် စပ်သောစကား, ၉။ ဝတ္ထကထာ = အဝတ်နှင့် စပ်သောစကား, ၁ဝ။သယနကထာ = အိပ်ရာနေရာနှင့် စပ်သောစကား, ၁၁။မာလာကထာ = ပန်းနှင့် စပ်သောစကား, ၁၂။ဂန္ဓကထာ = နံ့သာနှင့် စပ်သောစကား, ၁၃။ဉာတိကထာ = ဆွေမျိုးနှင့် စပ်သောစကား, ၁၄။ယာနကထာ = ယာဉ်နှင့် စပ်သောစကား, ၁၅။ဂါမကထာ = ရွာနှင့် စပ်သောစကား, ၁၆။နိဂမကထာ = နိဂုံးနှင့် စပ်သောစကား, ၁၇။နဂရကထာ = မြို့နှင့် စပ်သောစကား, ၁၈။ဇနပဒကထာ = နယ် (တိုင်းနယ်-ပြည်နယ်)နှင့် စပ်သောစကား, ၁၉။ဣတ္ထိကထာ = အမျိုးသ္မီးနှင့် စပ်သောစကား, ၂ဝ။သူရကထာ = သူရဲကောင်းနှင့် စပ်သောစကား, ၂၁။ဝိသိခါကထာ     = လမ်းနှင့် စပ်သောစကား, ၂၂။ကုမဋ္ဌာနကထာ = ရေခပ်ဆိပ်နှင့် စပ်သောစကား, ၂၃။ပုဗ္ဗပေတကထာ = သေလွန်ပြီးသူနှင့် စပ်သောစကား, ၂၄။နာနတ္တကထာ = အထွေထွေနှင့် စပ်သောစကား, ၂၅။လောကက္ခာယိကကထာ = လောကအကြောင်းနှင့် စပ်သောစကား, ၂၆။သမုဒ္ဒက္ခာယိကကထာ = သမုဒ္ဒရာအကြောင်းနှင့် စပ်သောစကား, ၂၇။ ဣတိဘဝါဘဝကထာ = ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကား, ၂၈။ပုရိသကထာ = အမျိုးသားနှင့် စပ်သောစကား, ၂၉။ အရညကထာ = တောနှင့် စပ်သောစကား, ၃ဝ။ပဗ္ဗတကထာ=တောင်နှင့်စပ်သောစကား, ၃၁။နဒီကထာ = မြစ်နှင့် စပ်သောစကား, ၃၂။ ဒီပကထာ = ကျွန်းနှင့် စပ်သောစကား ---- အကျယ် သိလိုပါက အောက်ပါနေရာသွားရောက်ကြည့်နိုင်ပါသည်။ http://vimalalankara.blogspot.in/2012/03/blog-post_21.html အထက်တွင် ဖော်ပြအပ်သော စကားတို့တွင် မင်းနှင့်စပ်သောစကား၊ ဝန်ကြီးချုပ်နှင့် စပ်သောစကား။ စစ်တပ်နှင် စပ်သောစကား၊ တိုင်းနယ်ပြည်နယ်နှင့်စပ်သော စကား စသည်တို့ကို ဖီလာကန့်လန့်ဖြစ်သောစကားဟု ဘုရားရှင် မိန့်ဆိုတော်မူသည်ကို တွေ့ရမည်ဖြစ်ပေ၏။ 

ထို့ကြောင့် ပါတီနိုင်ငံရေးဟူသော အရှုပ်အထွေးများကြား၌ ရဟန်းတော်များ ပါဝင်သင့် မပါဝင်သင့် စာဖတ်သူ သူတော်ကောင်းများ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပေသည်။ မည်သည့်အစိုးရ မည်သည့်မင်း အုပ်ချုပ်သည် ဖြစ်စေ “သာသနံ နာမ ရာဇာနံ၊ နိဿာယ တိဌတွေ ဣဓ - ဤလောက၌  သာသနာတော်မည်သည် မင်းကိုမှီ၍ တည်တံ့ရ၏ ဟူသော ကဝိပညာရှင်တို့၏ အဆိုအမိန့်အတိုင်း ပတ်သက်နေရမည်သာ ဖြစ်ပါ၏။ မဖြစ်မနေ ဆက်ဆံရမည်သာ ဖြစ်ပါ၏။ ထိုပုဂ္ဂိုလ် ဤပုဂ္ဂိုလ်နဲ့မှ ဖြစ်မည်ဟူသည်မှာ ဘောင်မဝင်ချေ။ ထို့ကြောင့် ပါတီအရှုပ်အထွေးများကြား၌ ရဟန်းတော်များ ပါဝင်ပတ်သက်ဖို့  သင့်တော်မှု့မရှိဟူ၍သာ စာရေးသူ ကောက်ချက်ချပါသည်။ ယခု စာရေးသူ တင်ပြခဲ့သည်တို့ကို စာဖတ်သူများကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ပါသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့၊ အပြုသဘောမဆောင်သော ကွန်မန့်များကို အချိန်ကုန်ခံကာ ဖြေရှင်းနေမည်မဟုတ်ပါ။ 

အရှင်ဝရသာမိ (မုံရွာ)
https://shinsami.blogspot.com

Monday, December 26, 2011

ဆရာအတင်မှားက အပါယ်လားနိုင်သည်

ဓမ္မကထိက ဆရာတော်တစ်ပါး၏ သြဝါဒခံယူပွဲတစ်ခုတွင် သီတဂူ ဆရာတော်ကြီး၏ သြဝါဒတစ်ခုကိုနာကြားရပါသည်။ “ရဟန်းတစ်ပါးအနေနဲ့ ပလ္လင်ပေါ်တက်တဲ့အခါ ပလ္လင်နဲ့ တန်တဲ့စကားကိုပဲပြော၊ပလ္လင်ပေါ်တက်ပြီး လမ်းဘေးက ကလေကချေတွေပြောသလိုစကား မျိုးကို မပြောနဲ့၊ ကလေကချေတွေပြောတဲ့စကားမျိုးကို ပြောမယ်ဆိုရင် ပလ္လင်ပေါ်တက်ဖို့ မသင့်ဘူး” ဟု နာကြားရပါသည်။ 

ထို့ပြင် ဆရာတော်ဘုရားသည် တပည့်များကိုလည်း
ဤသို့ဆုံးမတတ်ပါသည် “မင်းတို့တွေ တချိန်မှာ ပလ္လင်ပေါ်တက်တော့မယ်ဆိုရင် မတက်ခင် ကတည်းက ပိဋကတ်စာပေတွေကို သေချာလေ့လာ၊ လေ့လာပြီးမှပြော သေချာလေ့လာခြင်းမရှိဘဲ နောက်မှ မှားသွားပါတယ်ဆိုတဲ့ ဆင်ခြေကိုမပေးနဲ့” ဟု အမြဲဆုံးမလေ့ရှိပါသည်။
မှန်ပါသည်၊ မည်သူမှ အမှားနှင့်မကင်းနိုင်ကြပေ၊ သို့သော်လည်း ဓမ္မကထိက ဆရာတော်၏ အမှားသည် စေတနာအမှားပင် ဖြစ်စေကာမူ လူပေါင်းမြောက်များစွာ အယူအမြင်တွေ မှားသွားနိုင်ပါသည်။
မပြစ်မှားသင့်သူကို ပြစ်မှားနိုင်ကြသည်။ ဤ အကြောင်းအရာနဲ့ ပတ်သက်ပြီး မိတ်ဆွေရဟန်းတပါးနှင့် ဆွေးနွေးဖြစ်ဖူးသည်။ ဒကာ၊ ဒကာမတွေမှာ ချွေးနည်းစာနဲ့ ရှာထားတာလေးတွေနဲ့ လိုလေသေးမရှိအောင် လှူဒါန်းထောက်ပံ့ ကိုးကွယ်ကြရှာတယ်။ သူတို့ကိုးကွယ် ဆည်းကပ်တဲ့သူက နိဗ္ဗာန်ပို့မယ့်သူမဟုတ်ဘဲ
အပါယ်ဆွဲချတဲ့သူဖြစ်နေရင် မိအေးနှစ်ခါ နာတာထက် ပိုဆိုးသည် ဟူ၏။

မှန်ပေသည် ဘုရားရှင်က သတ္တဝါများအားသံသရာ၀ဋ်ဒုက္ခမှ ကယ်တင်ရန်အတွက် ထားရစ်ခဲ့သည့် တပည့်သားကြောင့် သတ္တဝါအများ အပါယ်သို့ချည်း သွားကြရမည်ဆိုပါလျှင် ခုတ်ရာတခြား ရှရာတစ်ခြား၊ ခါးတောင်းကျိုက်တလွဲ တင်တလွဲဖြစ်ပေတော့မည်။
မိုးကုတ်ဆရာတော်ကြီး ဆုံးမတော်မူသည့် “ဆရာမှားပါက တပည်အများမှာ တသံသရာလုံးမှောက်သွားနိုင်သည်” ဆိုသော ဆုံးမသြဝါဒကို ကိုးကွယ်ဆည်းကပ်သူ ဒကာ ဒကာမများ သတိပြုဆင်ခြင်သင့်သလို တချိန်မှာ ဓမ္မကထိက လုပ်ကြမည့် မျိုးဆက်သစ် ညီတော် နောင်တော်များလည်း သတိပြုဆင်ခြင်သင့်လှပါ၏။
ဤတွင် စာရေးသူ အကြိမ်ကြိမ်အခါ နာကြားနေမိသော ပါချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်ထဲမှ ထုတ်နုတ်ဖော်ပြချင်ပါသည်၊ မိမိကိုယ်တိုင်လည်း အထပ်ထပ်နားကြားဖြစ်ပါသည်၊ စာရေးသူနှင့် နီးစပ်ရာ ဒကာ ဒကာမ မိတ်ဆွေအပေါင်းအသင်း တို့ကိုလည်း လက်လှမ်းမှီသမျှ ဖြန့်ဝေ၍ နားကြားစေခဲ့ပါသည်။ ဤနေရာတွင် “တရားသိလျက်
အကျင့်ခက်” ဟူသော ထိုတရားတော်ထဲမှ မှတ်သားလိုက်နာဖွယ်ကောင်းသော စကားရပ်တို့ကို ကောက်နှုတ်ဖော်ပြပါအံ့..
“ရဟန်းတစ်ပါးအနေနဲ့ စာသင်လိုက်လို့ ဘာစာမေးပွဲတွေအောင်တယ်၊ ဘွဲ့ထူး ဂုဏ်ထူးတွေရတယ် စာပေတွေတတ်လာလို့ နာမည်လေးတစ်လုံးရလာတဲ့အခါကျတော့ ကြည်ညိုကိုးကွယ်တဲ့
ဒကာ ဒကာမတွေများလာတယ် များလာတော့ လာဘ်လာဘတွေ များလာတယ်၊ များလာတော့ စိတ်ကြီး၀င်လာတယ်၊ ပုထုဇဉ်တို့ရဲ့ သဘာ၀အတိုင်း မာန်မာနတွေ ဖြစ်လာတယ်၊ သင်ထားတဲ့ စာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေပေါလာတယ် လာဘ်လာဘတွေပေါလာတာကို အကြောင်းပြုပြီးတော့ ငါသိတယ် ငါတော်တယ် ငါတတ်တယ် ဘေးကလည်းဝုိင်းပြီးမြှောက်တာတွေ ပါလာတဲ့အခါကျတော့ မာန်တက်လာတယ်တဲ့ မာန်တက်လာပြီဆိုကတည်းက သိတော့သိပြီ မကျင့်တော့ဘူး အောက်ချေလွတ်သွားပြီးတဲ့အခါမှာ ဘာတွေဖြစ်ကုန်သတတ်တုံး ဆိုရင် ပြောချင်ရာပြောတာတို့ လုပ်ချင်ရာလုပ်တာတို့ သူပြောသမျှ ပရိသတ်က လက်ခံနေတယ် ဆိုရင် ပြောချင်ရာပြောတယ် သူလုပ်သမျှ ပရိသတ်က လက်ခံနေပြီဆိုရင်လည်း လုပ်ချင်ရာလုပ်
တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတယ်”

ဆရာတော်ဘုရားသည် အထက်ပါတရားတော်ကို အကြောင်းမဲ့ဟောကြားခြင်းမျိုးတော့ မဖြစ်တန်ရာ၊ ယခုအခါသာသနာအတွင်း၌ ပေါ်ပေါက်နေသော ဟောချင်ရာဟော ပြောချင်ရာပြောနေသော ပုဂ္ဂိုလ်အချို့ကြောင့် သာသနာအရေးကို စိုးရိမ်ကြောင့်ကြတော်မူသောကြောင့် ဟောခြင်း
ဖြစ်ပေလိမ့်မည်။ ဆက်ပါဦးအံ့….

“မြတ်စွာဘုရား သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့အခါမှာ တရားဓမ္မဟာ မှန်ကန်မှုရှိတယ်၊
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့အတိုင်းလေ့လာသိရှိဖို့ လိုတယ်၊ ထိုသိရှိထားတဲ့အတိုင်း တရားနာ ပရိသတ်တွေ မိမိရဲ့ပတ်၀န်းကျင်က ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လို့တယ်၊ အဲဒီလို မဟုတ်ဘဲ ဘုရားဟောတဲ့တရားကို မဟောဘူးလို့ ပြောမယ်၊ မဟောတာကိုတော့ အဟောလုပ်ပြီး ပြောမယ်
ဆိုလို့ရှိရင် မမှန်ကန်တော့ဘူး၊ မမှန်ကန်ရုံတင် မကဘူး အဂုင်္တ္တရနိကာယ်မှာ မြတ်စွာဘုရား
ဘုရားက ဟောထားတာ ရှိတယ်..

နံပါတ် - ၁ - ဘုရားဟောတဲ့တရားကို မဟောဘူးလို့ပြောမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ
လူအများအကျိုးစီးပွါးမဲ့အောင် ပြုလုပ်ရာရောက်တယ်၊
နံပါတ် - ၂ - အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ များစွာဖြစ်ပွါးစေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊
နံပါတ် - ၃ - မြတ်စွာဘုရားဘုရား သာသနာတော်ကြီးကို ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်၊
ဘုရားဟောတာကို မဟောဘူးလို့မပြောမိဖို့၊ ဘုရားမဟောတာကိုတော့
အဟောလုပ်ပြီး မပြောမိဖို့ ဓမ္မကို အဓမ္မလို့ မပြောမိဖို့ အရေးကြီးတယ်၊ လောကလူတွေက မာန်မာနတက်လာတဲ့အချိန်မှာ ပြောလို့မရဘူး၊ ဒါအမှန်ဘဲ စီပွါးတွေတက်လာလို့ အောင်မြင်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက် ဆုံးမလို့ မရဘူး၊ ရာထူးတွေ သိပ်မြင့်နေရင်လည်း ဆုံးမလို့မရဘူး လူတွေဟာ တခုခုအောင်မြင်ပြီဆိုရင် ဘယ်သူပြောတာမှ သိပ်ပြီးနားမထောင်ချင်ဘူး”
မှန်ပါသည်။ ယခုခေတ်ကာလတွင်လည်း စာရေးသူ မြင်တွေ့နေရပါသည် နာမည်လေးတလုံးရလာတဲ့ပုဂ္ဂိုလ်အချို့ ဘုရားဟောတဲ့တရားကို မဟောဘူးလုပ်၊ ဘုရားမဟောတာကိုတော့ အဟောလုပ်၍ ဟောပြောနေသော
ပုဂ္ဂိုလ်အချို့အား အမှားကိုထောက်ပြဝေဖန်လျှင် မိမိဟောသော တရားမှန်ကြောင်း သေချာစွာ ဖြေရှင်းနိုင်စွမ်းမရှိဘဲ စွပ်စွဲပုတ်ခတ်တတ်ကြပါသည်၊ ထိုပုဂ္ဂိုလ်ပါမက သူ၏ နောက်ပါတပည့်အပေါင်းပါတို့သည်လည်း
ထိုကဲ့သို့ပင် ငါ့ဆရာပြောတာပဲ အမှန် ငါ့ဆရာဟောတာပဲ အဟုတ် ဟုဆိုကာ မှန်ကန်သော အထောက်အထားဖြင့် ထောက်ပြဝေဖန်သူများကို ပြန်လည်ဖြေရှင်းနိုင်ခြင်းမရှိဘဲ စွပ်စွဲပုတ်ခတ်ကြ
ပါသည်၊ ဝိနစ္ဆယ ဆုံးဖြတ်တော်မူကြသော ထေရ်ကြီးဝါကြီး သံဃာ့နာယက ဆရာတော် သံဃာတော်အပေါင်းကိုပင် ကဲ့ရဲ့ရှုတ်ချတာတာကိုပင်တွေ့ဘူးပေ၏။

စာရေးသူတို့ ရဟန်းတော်(ဘာသာရေးခေါင်းဆောင်)များသည် စင်စစ်အားဖြင့် သာသနာပြုဖို့ အတွက်သာ သာသနာဆိုင်ရာ ပညာတို့ကို သင်ယူခဲ့ခြင်းဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအတွက် ကောင်းကျိုးပြုဖို့အတွက်သာ မိဘဆရာသမား၊ ဒကာ ဒကာမများက စောင့်ရှောက်ကျွေးမွေး ပညာတွေသင်ပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် သာသနာအတွင်းသို့ အမှိုက်များ ၀င်မလာအောင် သန့်ရှင်းတည်တန့်အောင် လုပ်ဖို့က ဘာသာရေးခေါင်းဆောင် ရဟန်းတော် အားလုံး၏ တာ၀န်သာဖြစ်ပါသည်။

ကဿပ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သာသနာကျန်ရစ်ခဲ့သော အချိန်က သာသနာ ကို ကြည်ညိုသော မိသားစု တစ်စု သာသနာအတွင်းသို့ ၀င်ရောက်လာခဲ့ကြပါသည်၊ သာဓိနီ အမည်ရသော မိခင်ကြီး၊ သာဏမည်သော အကိုကြီး၊ ကပိလ မည်သော ညီဖြစ်သူနှင့် တာပနာ - မည်သော ညီမဖြစ်သူတို့ အကျွတ်တရားရကာ သာသနာအတွင်းသို့ ၀င်ရောက်လာကြပါသည်။ ထိုအထဲတွင် အသက်အရွယ်လေးရလာသော အကိုကြီးဖြစ်သူသည် တောရဆောက်တည်ပြီး ကမ္မဌာန်းတရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါသည်
ညီဖြစ်သော ကပိလ သည်လည်း ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်လာပါသည်၊
စာတတ်လာတဲ့ အခါမှာ တပည့်ပရိသတ်တွေ များလာသည်၊ ကြည်ညိုကိုးကွယ်တဲ့ ဒကာ
ဒကာမတွေများလာသည်။ ဒါတွေကိုအကြောင်းပြုပြီး တရားကိုသိပြီး ကျင့်ရမယ့်အစား
မကျင့်ကြံတော့ဘဲ ပညာမာန်တွေတက်လာသည်၊ မာန်တွေတက်လာပြီး ကျန်တဲ့ရဟန်း
တွေအပေါ်မှာ အထင်သေးအမြင်သေးဖြစ်လာကာ သူ့လောက်မတတ်ဘူး၊ အလကား
နလပိန်းတုံးတွေ ဆိုပြီး ဆဲရေးလာပါတော့သည်၊ ကပိလ ဟာ သူများတွေကို အထင်သေး အမြင်သေးဖြစ်လာပြီးတော့ မောက်မာလာသည်၊ မောင်ဖြစ်တဲ့ ကပိလ ရဟန်းဟာ စာတတ်တော့ နှမဖြစ်သူ တာပနာ ဟာ ဂုဏ်ယူ၏၊ အမေဖြစ်သူ သာဓိနီ ကလည်း သူ့သားအတွက် ဂုဏ်ယူမဆုံး ဖြစ်လာသည်၊ နှားတောင်းရောင်ကြောင့် ပါးပြောင်ပြီး သူတို့ကပါ မာန်မာနတွေ တက်လာကြသည်။

ကပိလ ဟာ မာန်မာနတွေတက်လာပြီး တခြားရဟန်းတွေအပေါ်မှာ ရှုံ့ချဆဲရေးတိုင်းထွာ
လာသည်၊ အဲဒီလို ဖြစ်လာတဲ့အခါမှာ ရဟန်းကောင်းတို့က “အရှင်ဘုရား စာတတ်ပေတတ် ဖြစ်ရဲ့နဲ့ အဲဒီလို ဆဲရေးခြင်း၊ အထင်သေးအမြင်သေးလုပ်တာတွေကို မလုပ်ပါနဲ့” ဆိုပြီး ဝုိင်း၀န်းဆုံးမကြပါတယ်၊ ဒါပေမယ့် ကပိလ ဟာ မနာခံတဲ့အပြင် အဆုံးစွန်ထိ မိုက်ဇာတ်ခင်းလာပါတယ်။ ဘုရားမဟောတာကို အဟောလုပ် ပြောတယ်၊ ဘုရားဟောတာ ကိုကျတော့ မဟောဘူးလို့ပြောလာတယ်၊ ဓမ္မ ကိုလည်း အဓမ္မလို့ ပြောချင်ပြောတယ်၊ အဓမ္မကိုလည်း ဓမ္မလို့ ပြောချင်ပြောတယ်၊ ရဟန်းကောင်းတွေကလည်း ဆုံးမ၍မရတဲ့
အခါမှာ အကိုကြီးဖြစ်သူ ရဟန္တာကိုယ်တော်မြတ်ကြီးကို အရှင်ဘုရားရဲ့ညီအား ဆုံးမပေးဖို့ တောင်းပန်လျှောက်ထားကြပါတယ်။ ရဟန္တာဖြစ်သော အကိုကြီးက သုံးကြိမ်တိုင်တိုင် ဆုံးမပေမယ့်လည်း မနာခံပဲ လုပ်မြဲဆက်လုပ်တော့ အကိုကြီးဖြစ်သူကလည်း လျစ်လျူရှူ့သွား ပါတယ်၊ ကပိလ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ဒီတရားတွေဟာ အလကားပဲ
ဝိနည်းတရားတွေဆိုတာ အပိုတွေ ကျင့်နေလည်း အလကားပဲ ဆိုပြီး တရားရဲ့အပြစ်တွေကိုပြောပြီး ကဿပမြတ်စွာဘုရားရဲ့သာသနာကို ကွယ်အောင် လုပ်လာပါတယ်၊
ဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူ့နောက်ကလည်း ကိုးကွယ်တဲ့ ဒကာ ဒကာမတွေ လိုက်ကြတယ်၊ အဓိက ကတော့ သူ့အမေ နဲ့ သူ့နှမတို့ဟာ သူပြောတာ ဘာမဆို အမှန်ပဲ သူလုပ်သမျှ အဟုတ်ပဲ ဆိုပြီးလိုက်ကြတယ်၊ ကပိလ သေတဲ့အခါမှာ ဘယ်ရောက်သွားသလဲ ဆိုရင် အဝိစိငရဲသို့ ကျသွားပါတယ်၊ သူ့ကိုအားပေးအားမြှောက်ပြုပြီး အလိုတူအလိုပါဖြစ်တဲ့ မယ်တော်ဖြစ်တဲ့ ဘိက္ခူနီ၊ နှမတော်ဖြစ်တဲ့ ဘိက္ခုနီ နဲ့တပည့်အပေါင်းအပါတို့ဟာလည်း အဝိစိငရဲအထိ လိုက်လံအားပေးကြပါတယ်။

ဤတွင် စာရေးသူ တင်ပြချင်သည်မှာ ကပိလ ရဟန်းသည် သိရက်နဲ့မိုက်ခြင်းသာဖြစ်ပါတယ်၊
မယ်တော်နှင့် နှမတော်တို့မှာ သား နှင့် မောင် ဟူဟော အစွဲကြောင့် ပျက်စီးခြင်းသို့
ရောက်ပါသည်၊ ကြည်ညိုကိုးကွယ်သော ဒကာ ဒကာတို့သည်ကား မသိနားမလည်မှု့နှင့်အတူ ဂုဏ်သတင်းကြီးတာကို ဖက်တွယ်လျက် ဆရာမှားကို ချဉ်းကပ်မိသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်မှာ ထင်ရှားလှပါတယ်။ စာရေးသူပြောလိုသည်မှာစာဖတ်သူတို့အနေနဲ့ ဓမ္မကို ရှာဖွေတဲ့အခါမှာ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို့ အရေးကြီးလှပါသည်၊ မှန်ကန်သောဓမ္မ၊ စစ်မှန်သော တရား ဟုတ်မဟုတ် စမ်းစစ်တတ်ရပါမည်၊ တရားစစ်မစစ်ကို ဘုရားဟောတော်မူသော ပိဋကတ်ဟူသော ဓမ္မပေတံဖြင့် တိုင်းတာ၍ ရနိုင် ပါသည်၊ ဘုရားဟောနှင့်ညီညွတ်ခြင်းမရှိပါက အဓမ္မ ဟု မှတ်ယူရပေမည်။

ထိုအဓမ္မကို မသိနားမလည်မှုနဲ့ ဆုပ်ကိုင်ထားမိရင် အပယ်ငရဲသို့ ကျရောက်နိုင်ပါသည်။
ယခုခေတ်အခါ ပိဋကတ်သုံးပုံဆိုသော ဘုရားဟောတရားတွေကို အင်တာနက် မှာလည်း အလွယ်တကူရရှိနိုင်ပါသည်၊ မစွမ်းနိုင်ပါက တတ်ကျွမ်းနားလည်သော ဆရာတော်များထံသို့ ချဉ်းကပ်၍ မေးမြန်းပြီး သေချာစွာ လေ့လာသင့်ပါသည်။ မှန်ကန်စွာလေ့လာပြီး မှန်မှန်ကန်ကန် ကျင့်မှသာလျှင် ဗုဒ္ဓဘာသာ၀င်တို့ ရည်မှန်းသော ထွက်မြောက်ရာလမ်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက် နှင့် လွဲပါစေ ဟု ဆန္ဒပြုရင်း…….

***********

သျှင်သာမိ (မုံရွာ)
အိန္ဒိယနိုင်ငံ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့၊
၂၀၁၃ ခုနှစ်၊ နှစ်ပတ်လည် ကျောင်းသား မဂ္ဂဇင်း မှ.

Thursday, January 28, 2010

သာသနာအတွင်းက သူခိုးကြီးများ

စောရသဒ္ဒါသည် ခိုးသူကြီး၊ ဓားပြ၊ သူပုန်(သောင်းကျန်းသူ)၊ တော်လှန်သူ - စသော အနက်ကို ဟောပါသည်။ ထိုမဟာစောရသည် ဝိနည်းမဟာစောရ၊ သုတ္တန်မဟာစောရ ဟူ၍ နှစ်မျိုးရှိပါသည်။ ဝိနည်းပိဋကတ်လာ မဟာစောရမှာ အဓိကအားဖြင့် ဈာန်မရဘဲ ဈာန်ရလေဟန်၊ အရိယာ မဖြစ်ဘဲ ဖြစ်လေဟန်ဖြင့် ဒကာ ဒကာမ တို့အား လိမ်ညာစားခြင်းကို ဆိုလိုပါသည်။ 

သုတ္တန်ပိဋကတ်၌လည်း မဇ္ဈိမနိကယ်လာ မဟာစောရ၊ အဂုၤတ္တရနိကယ်လာ မဟာစောရ အားဖြင့် နှစ်မျိုးရှိပါသည်။ ထိုတွင် မဇ္ဈိမနိကယ်လာ မဟာစောရ မှာ အဓမ္မကို ဓမ္မအဖြစ် လုပ်ကြံပြသခြင်း၊ အဓမ္မဝါဒ ထူထောင်ခြင်းကို ဆိုလိုပါသည်။ ထိုသို့ အဓမ္မဝါဒ ထူထောင်ခြင်းသည် မြတ်စွာဘုရားကို တော်လှန်ပုန်ကန်ခြင်း ဖြစ်သောကြောင့် ၎င်းမဟာစောရ ကို သူခိုးကြီး၊ သူပုန်ကြီး၊ တော်လှန်သူကြီး၊ သောင်းကျန်သူကြီး ဟု မြန်မာပြန်ဆိုရပါမည်။ (မ၊ ဌ၊ ၂။ ၂၀၅-၂၀၆) 

ယခု ဆိုလတ္တံသော အကြောင်းအရာမှာ အဂုၤတ္ထိုရ်လာ မဟာစောရ အဓိပ္ပါယ်ဖြစ်ပါသည်။ တနေ့သောအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့ဟောကြားတော်မူပါသည်။ “ရဟန်းတို့၊ အင်္ဂါငါးမျိုးတို့နှင့် ပြည်စုံသော သူခိုးကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယူ၏။ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယူ၏။ လမ်းခရိး၌ စောင့်၍သော်လည်း တိုက်ခိုက်လုယူ၏။ အဘယ်အင်္ဂါ ငါးမျိုးတို့နည်းဟူမူ.. ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မညီညွတ်သော အရပ်ကိုသော်လည်း အမှီရ၏။ တောအုပ်ကိုသော်လည်း အမှီရ၏။ အားကြီးသူကိုလည်း အမှီရ၏။ ပစ္စည်းဥစ္စာကိုသော်လည်း စွန့်ကြဲလေ့ရှိ၏။ တစ်ယောက်တည်းသော်လည်း သွားလာတတ်၏။ (မဟာစောရသုတ်။ အံ၊ ၂။ ၁၁၃။ ပြန်၊ ၁၃၈) 

ဤငါးမျိုးတို့သည်ကား လောက၌ တွေ့မြင်လေ့ရှိသော သူခိုးကြီးငါးယောက် ဖြစ်ပါသည်။ သက်သာရာရှာသဖြင့် သူခိုးကြီးငါးယောက်၏ အဓိပ္ပါယ်ကို အကျယ်ချဲ့၍ မရေးတော့။ ဤနည်းတူစွာပင် သာသနာတော်၌လည်း သူခိုးကြီးငါးယောက် ရှိပါသည်။ 

၎င်းတို့မှာ (၁) ဝိသမနိဿိတ သူခိုးကြီး၊ (၂) ဂဟနနိဿိတ သူခိုးကြီး၊ (၃) ဗလဝနိဿိတ သူခိုးကြီး၊ (၄) ဘောဂစာဂီ သူခိုးကြီး၊ (၅) ဧကစာဂီ သူခိုးကြီး တို့ဖြစ်ပါသည်။ 

ထိုတွင် (၁) ဝိသမနိဿိတ သူခိုးကြီး ဆိုသည်မှာ မညီညွတ်သော ကာယကံ ဝဇီကံ မနောကံ နှင့် ပြည့်စုံသော ယုတ်မာသော ရဟန်းကို ဆိုလိုပါသည်။ ဝိသမကမ္မ - မညီညွတ်သော ကံသုံးပါးဆိုသည်မှာ တရားမျှတမှု့မရှိသော ဣန္ဒြေသိက္ခာ စောင့်ထိန်းမူ့ မရှိသော ထင်ပေါ်ကြော်ကြား လာတ်လာဘ ပေါများလိုသော အမူရာများကို ဆိုလိုပါသည်။ ထိုသို့ ထင်ပေါ်ကြော်ကြား လာတ်လာဘ ပေါများလိုသောဆန္ဒဖြင့် ဣန္ဒြေသိက္ခာမဲ့သော အမူရာနှင့် ပြည့်စုံသော ရဟန်းကို ဝိသမနိဿိတ သူခိုးကြီး ဆိုလိုပါသည်။ 
(၂) ဂဟနနိဿိတ သူခိုးကြီးဆိုသည်မှာ သဿတဒိဌိ၊ ဥစေ ္ဆရဒိဌိ စသော မိစ္ဆာအယူရှိသော ရဟန်း၊ အန္တဂ္ဂါဟိကဒိဌိ- အစွန်းရောက် အယူဝါဒ ရှိသော ရဟန်းကို ဆိုလိုပါသည်။ ဤ ဂဟနနိဿိတ သူခိုးကြီးသည် မြတ်စွာဘုရား၏ ဓမ္မဝါဒ ကို တော်လှန်ပုန်ကန်သူဖြစ်သောကြောင့်လည်းကောင်း၊ မြတ်စွာ ဘုရား၏ မဇ္ဈိမပဋိပဒါ ကို တော်လှန်ပုန်ကန်သူ ဖြစ်သောကြောင့်လည်းကောင်း ၎င်းကို မဟောစောရ သူပုန်ကြီးဟု ဆိုလျင်လည်း ဆိုထိုက်ပါသည်။ 
(၃) ဗလဝနိဿိတ သူခိုးကြီး ဆိုသည်မှာ တစ်စုံတစ်ယောက်က အပြစ်တင်လာလျင် အကာကွယ်ယူလိုသော အကြံအစည်ဖြင့် ပေါက်မြောက်သူတို့ကို ကပ်ပူးထားသော ရဟန်းယုတ်ကို ဆိုလိုပါသည်။ ထိုစိတ်ကူးသည့် အကြံစည်အတိုင်း ပေါက်မြောက်သူတို့က ထိုရဟန်းယုတ်၏ အပြစ်အနာဆာကို ဖုံးကွယ်ပေးလေ့ ရှိတတ်ပါသည်။ ထိုရဟန်းယုတ် ကို ကပ်ပူးကပ်ခွါ အတတ်ပညာရှင်ဟု ခေါ်ဆိုနိုင်ပါသည်။ တနည်းအားဖြင့် ထိုရဟန်းမျိုးကို “ဝိတ်” သုံး၍ အောင်မြင်မူ့ရသော သူခိုးကြီး၊ ဓမ္မကို “ဝိတ်” ဖြင့် ဖိသော သူခိုးကြီး ဟု ဆိုနိုင်ပါသည်။ 

(၄) ဘောဂစာဂီ သူခိုးကြီး ဆိုသည်မှာ တစ်စုံတရာ အပြစ်ထောက်ပြလာလျှင် ပစ္စည်းလာတ်လာဖြင့် အစေ့အစပ်ပြုသော ရဟန်း၊ ပစ္စည်းဥစ္စာဖြင့် ချွေးသိပ်တတ်သော ရဟန်း၊ ပစ္စည်းဥစ္စာဖြင့် နူတ်ပိတ်တတ်သော ရဟန်းကို ဆိုလိုပါသည်။ ယခုခေတ် ယခုအခါ၌လည်း မတော်မတရားလုပ်ထားသည်များကို ဖုံးကွယ်ဖို့ရန်အတွက် ဆွမ်းကြီးလောင်းလှူပွဲ၊ သင်္ကန်းဆက်ကပ်ပွဲ စသဖြင့် သာသနာပြုသယောင် ပြုလုပ်နေခြင်းများဖြင့် မိမိ အခြေနေမှန်ကို လာတ်လာဘဖြင့် ဖုံးကွယ်လိုက်ခြင်းသာ ဖြစ်ပါသည်။ အဓမ္မကို စာဂဖြင့် ဖုံးအုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။ မစင်ပုံကို မြက်တစုပ်ဖြင့် ဖုံးအုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။ 

(၅) ဧကစာဂီ သူခိုးကြီး ဆိုသည်မှာ တောထဲတောင်ထဲ၌ တစ်ပါးတည်းနေလျှင် လူအထင်ကြီးတတ်သည် ဖြစ်၍ လူ အထင်ကြီးသည့်အခါ နာမည်ကြော်ကြား လာတ်ပေါများမှန်း သိသောကြောင့် တောထဲတောင်ထဲ၌ တစ်ပါးတည်း နေလေ့ရှိသော ရဟန်းယုတ် ကို ဆိုလိုပါသည်။ ယခုခေတ် ယခုအခါ၌လည်း တောရရဟန်း၊ တောမှီရဟန်း၊ သုဿာန်ဓုတင်ဆောင် ဆရာတော်၊ ကိုးသင်္ချိုင်းဆရာတော် စသည်ဖြင့် ထင်ပေါ်ကြော်ကြား လာတ်ပေါများလို၍ တောထဲတောင်ထဲ၌ တစ်ကိုယ်တော် လှုပ်ရှားနေသည့် ရဟန်းအချို့ ရှိနေသည်ကို တွေ့ရှိရပေသည်။ တောထဲမှ ခဏပြန်ကြွလာလျှင် လာတ်ပေါများမှန်း သိသောကြောင့် အခိုက်အတန့် အနေဖြင့် တစ်ကိုယ်တော် တောထွက်သူများ၊ တောထဲတောင်ထဲ၌ ဘယ်နှစ်နှစ်နေခဲ့သည်၊ ဘယ်လို ကျင့်ခဲ့သည်၊ စသည်ဖြင့် လူအထင်ကြီးအောင် ပြချင်၍ နေထိုင်ကြသည့် ရဟန်းများလည်း ရှိတတ်ကြပါသည်။ ထိုရဟန်းမျိုးကို မြတ်စွာဘုရားလက်ထက်က ရှိခဲ့သော “ဧကစာရီ -ခိုးသူကြီး၊ တစ်ကိုယ်တော် သူခိုးကြီး ” ဟု ဆိုရပါသည်။ ထိုသို့သော ရဟန်းမျိုးကို မြတ်စွာဘုရားက မိမိဂုဏ်သိက္ခာကို မိမိတူးဖြိုသော ရဟန်း၊ အပြစ်ကြီးသော ရဟန်း၊ ပညာရှိတို့ကို စွပ်စွဲထိုက်သော ရဟန်း၊ မကောင်းမှုများစွာ တိုးပွါးသော ရဟန်းဟု မိန့်တော်မူခဲ့ပါသည်။ (အံ၊ ၂။ ၁၁၅။ ပြန်၊ ၁၄၁) အထက်ပါ ဆိုအပ်ခဲ့ပြီးသော သူခိုးကြီး ငါးမျိုးတွင် ယခုအခါ အဓမ္မဝါဒကို ထူထောင်နေသော ဓမ္မစေတီ ဥိးကောသလ္လ၊ မိုးပြာ ဥိးဉာဏ၊ တန့်ကြည်တောင် ဦးသောမဗုဒ္ဓိ၊ လူသေလူဖြစ် အဖွဲ့များ၊ ဆူနာမီ စသော အဓမ္မဝါဒီ ပုဂ္ဂိုလ်များသည် ဂဟနနိဿိတ သူခိုးကြီးများ ဖြစ်သည်မှာတော့ ထင်ရှားနေပါ၏။ ဗလဝနိဿိတ သူခိုးကြီး၊ ဘောဂစာဂီ သူခိုးကြီး များ ဖြစ်မဖြစ်ကိုတော့ အဓမ္မဝါဒီဖြစ်သော ကာယကံရှင် ပုဂ္ဂိုလ်ကပင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ထိုအဓမ္မဝါဒီ ပုဂ္ဂိုလ်များကို သာသနာအတွင်းက သူခိုးကြီးများ သူပုန်များ ဟု မဟာစောရ ဘွဲ့ချီးမြင့်ကာ ဤဆောင်းပါးဖြင့် ပူဇော်လိုက်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ သူတော်ကောင်းများသည်လည်း ဤမဟာစောရ သုတ်လာ နည်းဗျူဟာများဖြင့် အလိမ်မခံရစေရန် မိမိဆည်းကပ်မည့် ပုဂ္ဂိုလ် ကို ဤချိန်ခွင်ဖြင့် ချိန်ကြည့်စေချင်ပါသည်။ 

ကျမ်းကိုး မှီငြမ်း ဝိရသူ(မစိုးရိမ်)- ပရိယတ္တိ ရွှေချိန်ခွင် 
မဇ္ဈိမပဏ္ဏာသ အဌကထာ၊ အဂုၤတ္ထိုလ် ပါဠိတော်၊ အဂုၤတ္ထိုလ် မြန်မာပြန်၊

Tuesday, January 12, 2010

အမှန်တရားကို နားလည်စေချင်သည်

အများအကျိုး၊ ရွက်သည်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း၊ မှန်လမ်းကြောင်းဖြင့် စိတ်ကောင်းနှင့် ယှဉ် ရှေးရှူ့နှင်လော့........ ဟူသော အဆုံးအမ စကားအတိုင်း ကိုယ်ရည်ရွယ်ထားသည့် ပန်းတိုင် အရောက်လျှောက်သွားဖို့ရန်အတွက် မိမိကိုယ်ကိုယ်ကို ကိုယ်တိုင်ပင် အားပေးနှစ်သိမ့်နေရ၏။ 

အဘယ့်ကြောင့်ဟူမူ.......... အများအကျိုးကို ရည်ရွယ်ပြီး လုပ်ပေးနေတာကို သဘောမပေါက်၊ မသိနားမလည်တဲ့ သူတွေက ရှိနေလေတော့ အခက်ခဲတွေနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်၏။ Caravan - လှည်းကြီးကတော့ သွားမြဲပဲ ဆိုသောစကားကို စာဖတ်သူတို့ ကြားဖူး သိဖူးကြမည်ထင်၏။ အမေရိက တိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ်ကာလက မြင်လေးကောင်ဆွဲတဲ့ Caravan - ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်။ ရွာတွေ တည်ထောင်မိတဲ့ အခါမှာလဲ အဲဒီ ပေါင်းမိုး လှည်းတပ် Caravan လှည်းတွေနဲ့ တစ်ရွာဝင် တစ်ရွာထွက် လှည့်ပြီး ဈေးရောင်းကြတယ်။ ဈေးလှည့်ရောင်းတဲ့ Caravan လှည်းကြီးထဲမှာ သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေရော၊ တခြားပစ္စည်းတွေရော အစုံပါတယ် ဒီတော့ ဈေးလှည်းကြီးလာရင် လမ်းကလဲ မကောင်းတဲ့ ခေတ်ဆိုတော့ လှည်းလှုပ်တိုင်း အိုးခွက်တွေအချင်းချင်း တိုက်လို့ ထွက်လာတဲ့ ဂလုံ ဂလွမ်အသံတွေရော သံစုံမြည်နေတာပေါ့။ သံစုံမြည်နေတဲ့ ဒီလှည်းကြီး ရွာထဲဝင်လာပြီဆိုရင် ရွာထဲက ခွေးတွေက ဝိုင်းပြီး ဟောင်ကြတာပေါ့။ ဒီလို ဝိုင်းပြီး ဟောင်ကြပေမယ့်လည်း လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ The dogs bark but the Caravan goes on. တဲ့ ထိုနည်းတူစွာပင် စာရေးသူလည်း သွားရမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေပါမည်...... 

အများအကျိုး ရှေးရှူ့လုပ်တာဖြစ်ပေမယ့် ဒါကို သဘောမပေါက် နားမလည်သူတွေက ဝိုင်းပြီး အပြစ်ပြောကြ၊ သရော်လှောင်ပြောင်ကြနဲ့ ဝိုင်းဟောင်ကြတိုင်း လှည်းကြီး ရပ်ရမယ်ဆိုရင်........ လိုရာအရပ်ကို ရောက်နိုင်တော့မည် မထင်........ ဘာကြောင့် ဒါတွေကို ပြောနေရလဲ ဟူမူ....... ယခုအခါ အွန်လိုင်းပေါ်တွင် ရူးနေသော မွတ်ဆလင် ခွေးဝဲစား တစ်ကောင်မှ အကြီးအကျယ် ဟောင်နေတာကို တွေ့ရပေ၏။ ခွေးက ခွေးအလုပ် လုပ်နေတာကို မသိနားမလည်သော ဗုဒ္ဓဘာသာကို ချစ်သော မိမိဘာသာကို စော်ကားတာ မခံနိုင်သော ဘာသာချစ် လူငယ်များက လာရောက်၍ စာရေးသူ၏ စီဘောက်မှာ link လာထားတာ ဖြေးရှင်းဖို့ တောင်းဆိုတာကို ခဏခဏ ကြုံနေရ၏။ တိရိစ ္ဆာန်လောက်ပင် အသိဉာဏ် မရှိသောထိုမွတ်ဆလင်ကုလားက ဖြေရှင်းလို့ကော ရပါမည်လား။ စာရေးသူဖြေရှင်းလို့ကော ရပ်တန့်သွားနိုင်ပါမည်လော ပြန်မေးလိုက်ချင်၏ ထို link ရောက်လာတိုင်း ဖြေရှင်းစရာမလိုသောကြောင့် စာရေးသူအနေနဲ့ ဖျက်ချမြဲပင်ဖြစ်ပါသည်။ အဆင့်တန်း မရှိပဲ ရေးချင်ရာရေးနေတဲ့ ဘလော့ကို ဂရုစိုက်ဖို့မလိုပါ link လာထားနေတာဟာလည်း သူ့ကို လူသိများအောင် ကြော်ငြာပေးသလို ဖြစ်နေပါသည်။ ကိုယ်လုပ်တဲ့ အလုပ်က နည်းလမ်းမှန် ဟုတ်မဟုတ် စဉ်းစားဖို့ကောင်းပေသည် ဗုဒ္ဓဘာသာကို တိုက်ခိုက်မှုတွေလုပ်လာတာရှိနေတာ ယနေ့မှ မဟုတ် အရင်ကတည်းက ရှိနေခဲ့၏ အလကားရလို့ ရေးချင်ရာရေး ဘာသာကို ရစရာမရှိအောင် တိုက်ခိုက်နေသော မူဆလင်များ၊ ခရစ်ယာန်များ အွန်လိုင်းပေါ်တွင် အများအပျားရှိနေတာကို သတိပြုမိဖို့ ကောင်းပေသည် ဖြေရှင်းစရာမလို သွားဖတ်စရာလည်း မလိုပါ သူတို့ရေးသော ဘလော့များကို လျစ်လျူရှူ့ထားလိုက်ရင် သူတို့ဘယ်လောက်လုပ်နိုင်မလဲဆိုတာ စဉ်းစားဖို့ကောင်း၏။ ခုတော့ မိမိကပါ အလိုတူအလိုပါ ကြော်ငြာပေးနေသယောင်ယောင် ထင်ရ၏ ခွေးမို့ ဟောင်တာပဲ လို့ နားလည်သိ ပေးလိုက်ရင် ကိစ္စမရှုပ်တော့ဘူး ဟု မိုးကုတ်ဆရာတော်ကြီးက ဆုံးမဖူးတာကို သိထားဖို့ကောင်းပါသည်။ 

စာရေးသူတို့ ဗုဒ္ဓဘာသာဆိုသူတွေမှာ တကိုယ်ကောင်းသမားတွေ တာဝန်မဲ့သူတွေ များလှပါတယ် သာသနာ ကျေးဇူးကြောင့်အသိတရားတွေ ရလာတယ်။ အသိတရားပေးတဲ့သာသနာတော်ကို ကျေးဇူးမဆပ်ချင်ကြပဲ ကိုယ်လွတ်ရုန်းဖို့တခုပဲ စဉ်းစားကြတာတွေ ဒုနဲ့ဒေး ပင်ရှိ၏ 
အောက်ပါ ပုံလေးကို ရှူ့ပါအုံး 

 Image Hosting by imagefra.me 

မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကို အကြီးကျယ် စော်ကားသွားခြင်းပင် သူက တိုင်းတပါးက သူကိုစကားပြန်ပေးတဲ့ သူတစ်ယောက် တော့ရှိပေလိမ့်မည် အဲဒီလူ ကလဲ ဘာမှ မပြောပြဘူးလား.......... သူတည်းခိုတာ က မြန်မာ မှာ သူတည်းခိုတဲ့နေရာ က လူတွေကလဲဒီတိုင်းကြည့်နေကြသလား......... သူနဲ့ပက်သတ်တဲ့ သူထဲမှာ ဗုဒ္ဓဘာသာ တစ်ယောက်ယောက်တော့ ပါမှာပါပဲ ..... 
သူကကော ဘာမှမပြောဘူးလား ဒီကိစ္စကို တွေ့မြင်သူတွေက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကော တိုင်ကြားခြင်း မပြုဘဲ ဘာကြောင့် ခုမှ အင်တာနက်ပေါ်မှာ ပျံ့လွင့်လာရသနည်း မေးစာရာပင် ဒါဘာကြောင့် ဖြစ်လာရသနည်းဟူမူ ကိုယ်နှင့် မဆိုင်သလိုနေတဲ့သူ များတဲ့အတွက်ကြောင့်ပင် ဖြစ်၏။ 
ထိုကဲ့သို့ပင် အမိမြေမှာနေ အမိရေကိုသောက်ပြီး ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ ခွေးထက်အစွမ်းကုန် မိုက်ပြကာ အမိလူမျိုး အမိဘာသာကို စော်ကားသော မူဆလင်များ ခရစ်ယာန်များ ရှိနေသည်ကား ယနေ့မှ မဟုတ် အရင်ကတည်းက ရှိနေခဲ့တာကို သိဖို့ကောင်းပေသည်။ မူဆလင်များ၏ ဘေးရန်ကို ကာကွယ်ဖို့ စာရေးသူ၏ ဆရာဖြစ်သော ဝီရသူ (မစိုးရိမ်) လို သြဇာအာဏာကြီးမားတဲ့ ဆရာတော်က ကာကွယ်ရေးတရားများ ဟောပြောခဲ့ဘူးပါသည်။ သို့သော်လည်း အမိဘာသာကို ကာကွယ်ဖို့ ဟောပြောတာကိုပင် ဖမ်းဆီးခြင်းခံရလျှင် စာရေးသူလို ဘာမဟုတ်တဲ့ သာမည ရဟန်းငယ်တပါးက ဘာများလုပ်ပေးနိုင်ပါမည်နည်း အပြစ်မဲ့တဲ့ ဆရာ့ကို ဖမ်းဆီးခံရစဉ်က စာရေးသူခံစားခဲ့ရသလို ခံစားရပါမည်လော ဟု မေးလိုက်ချင်ပါသည်။ 

ထိုကဲ့သို link လာထားကြသောသူများထဲတွင် ခုမှ ဘာသာကို ချစ်သယောင်ယောင်ပြပြီး စိတ်အနှောက်ယှက်ပေးနေသူများလဲ ရှိသေး၏။ အခွင့်အရေးကို ချောင်းနေသော အဓမ္မဝါဒီ နောက်လိုက်နောက်ပါများပင် ခွေးဝဲစား ဟောင်တာကို ဟောင်မှန်းမသိ ရောယောင်ပြီး လိုက်ဟောင်ပြနေတာက ရယ်စရာပင် ကောင်းချေသည်။ မိမိကိုယ်ကျိုး လုံးဝမပါ အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ဂေါတမဗုဒ္ဓဘုရားရှင်မှာတောင် နှောက်ယှက် ဖျက်ဆီးသူတွေ အများကြီး၊ အဟန့်အတားလုပ်သူတွေ၊ အပြစ်ပြောသူတွေ၊ဦးပြည်ယုတ်ရဟန်း-ဆိုပြီး ဆဲဆိုသူတွေ အများကြီးပါပဲ ဒီလို နှောက်ယှက်လာလို့ မကောင်းပြောလို့ သူရဲ့ ဗုဒ္ဓကိစ္စတွေ အလုပ်တွေကို ရပ်တန့်မသွားပဲ လေးဆယ့်ငါးဝါ ကာလပတ်လုံး လုပ်ရမယ့် အလုပ်တွေ၊ ဗုဒ္ဓကိစ္စတွေကိုလုပ်ဆောင်ရင်း နိဗ္ဗာန်သို့ ကြွမြန်းသွားတာပါပဲ။ ကိုယ်ကျိုး မကင်းသေးတဲ့၊ အတ္တစွဲမကုန်သေးတဲ့ ငါ့လို ဘာမှမဟုတ်တဲ့ ရဟန်းငယ်တစ်ပါးမှာ အနှောက်အယှက် အဟန့်တားတွေ တွေ့ရတာ မဆန်းပါဘူး၊ ဒီလိုနှောက်ယှက်မူတွေကြောင့် ကိုယ်လုပ်ရမှာကို ရပ်တန့်တွန့်ဆုတ်မသွားစေရ စိတ်ဓာတ်ကျမသွားစေရ- ဟု မိမိကိုယ်ကိုယ်ကို အကြိမ်ကြိမ် နှလုံးသွင်းအားပေးနှစ်သိပ်ရင်း............

Monday, December 28, 2009

ဘာသာရေးကို ခုတုံးလုပ်ကာ အယောင်ဆောင် အလှူခံနေကြသူများ


၂-၁၂-၂၀၀၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် မျက်မြင်တွေ့သူများက သူေတော်စင် ဝတ်စုံ ချွတ်လဲနေမှု့ကို သတင်းပေးခဲ့သည့် အတွက် သင်္ဃန်းကျွန်း ရဲစခန်းမှ ဒုရဲအုပ် လှမင်းအောင်နှင့် အဖွဲ့သည် သတင်းရရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအောင်ဆုထူးပန် ရပ်ကွက်၊ အား/ကာ အိမ်ရာဝန်းရှိ ရေစင်အောက်သို့ သွားရောက် စစ်စေခဲ့သည်။ ရေစင်အောက်သို့ ရောက်သောအခါ လူဝတ်မှ သူတော်စင် ဝတ်စုံချွတ်လဲထားသူကို မတွေ့ရသဖြင့် ဒေသခံများ၏ အကူညီဖြင့် လိုက်လံရှာဖွေရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်၌ လူဝတ်လဲလှယ် ဝတ်ဆင်နေစဉ် ပက်ပင်းတွေ့ရှိခဲ့ရ၏။ တွေ့ရှိ ဖမ်းမိသူမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) ၇-ရပ်ကွက်၊ ရွှေစင်လမ်းနေ ဝေဖြိုး (ခ) ဖြိုးဝေအောင် (၂၄) နှစ် နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) ကျည်စုကျေးရွာနေ ဝင်းစိုး (ခ) အောင်ဝင်းစိုး (၂၇) နှစ် တို့ဖြစ်၏။ စစ်ဆေးချက်အရ ၎င်းတို့သည် သူတော်စင်အဖြစ် အယောင်ဆောင်၍ နေ့စဉ် အလှူခံနေကြောင်း ဝန်ခံခဲ့ကြ၏။ ၎င်းတို့ နှစ်ဦးအား သုဝဏ္ဏရဲစခန်းမှ (ပ) ၃၂၉/၂၀၀၉ ပြစ်မှုပုဒ်မ ၂၉၅/၂၉၅-က ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရပါသည်။  ( အမှတ် (၆၂၉) ၁၁-ရက် ဒီဇင်ဘာလ ၂၀၀၉ ခုနှစ် သောကြာနေ့ထုတ်၊ မူခင်းဂျာနယ်၊ စာမျက်နှာ ၆ တွင် ပါရှိသော သတင်းမှန်ဖြစ်ပါသည်) ကားဖြင့် လှည့်လှယ်၍ အလှူခံကြသူများ ရန်ကုန်မြို့တွင်း နှင့် အခြားသော မြို့နယ်များတွင် ကားဖြင့် လှည့်လှည်၍ အလှူခံနေကြသူများကို စာဖတ်သူများ တွေ့ဘူးကြပါလိမ့်မည်။ ထိုသို့ အလှူခံနေကြသူများသည် တချို့ အမှန်ကန် ရှိသော်လည်း လိမ်လည်၍ အလှူခံနေကြသူများ မြောက်မြားစွာ ရှိပေသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်းကလုန်း မုန်းတိုင်းတိုက်ခတ်အပြီးတွင် စာရေးသူ ကိုယ်တိုင် ကြုံတွေ့ခဲ့ဘူးပါသည်။ ကမာရွတ်မြို့နယ်တွင် ဆွမ်းခံကြွနေခိုက် စာရေးသူ ဆွမ်းအမ အိမ်၌ ရောက်ရှိနေစဉ် လမ်းပေါ်မှာ ကားဖြင့်လှည့်လည်၍ အလှူခံနေသူများသည် ထိုအိမ်ရှေ့သို့ ရောက်ရှိကာ နာဂစ်ကြောင့် ပျက်စီးသွားသော ကျောင်းအား ပြန်လည်ပြုပြင်ရန် မတတ်နိုင်သည့်အတွက် ရပ်ကွက်တွင်းသို့ ကားဖြင့် လှည့်လည်ကာ အလှူခံနေကြောင်း သိရ၏။ ထိုအကြောင်းအရာတို့ကို သိရှိကာ စာရေးသူ၏ ဆွမ်းအမ မှ ထိုပျက်စီးသွားသော ကျောင်းအား ပြန်လည်ပြုပြင်ပေးပါမည် ဟု ဆိုကာ ထိုအလှူခံကားဆီမှ ကျောင်းလိပ်စာတို့ကို တောင်းခဲ့ပါသည်။ နောက်တနေ့တွင် ထိုအလှူခံကား မှ ပေးသွားသည့် လိပ်စာအတိုင်း စာရေးသူ၏ ဆွမ်းအမ နှစ်ဥိး ကားဖြင့် ရွှေပြည်သာမြို့နယ် သို့ သွားရောက်ခဲ့ကြပါသည်။ အလှူခံကား ပေးသွားသော ရွှေပြည်သာမြို့နယ်အတွင်းမှ ကျောင်းလိပ်စာမှာ မှန်ကန်ခဲ့ပါသည်။ နာဂစ်ကြောင့် သွပ်အမိုးများပျက်စီးခဲ့သည် ဆိုတာလည်း မှန်ကန်ပါသည်။ သို့သော် ထိုကျောင်းမှ ဆရာတော်၏ ပြောကြားချက်အရ ဆရာတော်တို့၏ ကျောင်းမှ ထိုကဲ့သို့ မြို့တွင်း ရပ်ကွင်းတွင်းသို့ လှည့်လည်၍ အလှူခံခြင်း ဘယ်တုံးကမှ မလုပ်ခဲ့ပါဟု သိရပေ၏။ ထိုအခါကျမှ ကျောင်းနာမည်ကို အသုံးချကာ ရပ်ကွက်တွင်းသို့ လှည့်လည်၍ လိမ်လည်ကာ အလှူခံနေကြကြောင်း ဝမ်းနည်းစွာ တွေ့မြင်ခဲ့ရပါသည်။ ထိုကဲ့သို့သော လိမ်လည်၍ အလှူခံနေကြသူများ မြောက်မြားစွာ ရှိနေတာကိုတော့ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများ သတိပြုသင့်ပေသည်။ အမျိုးသမီးများကို အဓိက ပစ်မှတ်ထားတတ်ကြ သင်္ကန်းဝတ်၍ အယောင်ဆောင် အလှူခံကြသူများသည် အရှက်အကြောက်ကြီးသော မြန်မာအမျိုးသမီးများအား အဓိက ပစ်မှတ်ထားတတ်ကြ၏။ ရန်ကုန်မြို့တွင်း ဆူးလေ၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေး တဝိုက်တွင် တွေ့ရတတ်ပါသည်။ လူစည်ကားသော နေရာများမှာ အမျိုးသမီးများ ရှေ့တွင် အတင်းပိတ်ကာ ရပ်လျက် အတင်းအကျပ် အလှူခံတတ်ကြပါသည်။ တချို့ အမျိုးသမီးများ ရှက်တတ် ကြောက်တတ်ကြသဖြင့် မလှူချင်သော်လည်းပဲ လှူကြရတာကိုတွေ့ဘူးကြပါလိမ့်မည်။ တချို့ အချီကြီးကြံကာ အလှူခံကြသော အတုယောင်များလည်း ရှိပေသေး၏။ ဖိနပ်ပြတ်ကြီးကို ကိုင်လျက် ဒကာကြီး ဖိနပ်ပြတ်သွားလို့ပါ ဒကာမကြီး ဖိနပ်ပြတ်သွားလို့ပါ ဟုဆိုကာ ဖိနပ်ဖိုးကို အတင်းအကျပ် အလှူခံကြပါသည်။ စာရေးသူ ဆူးလေဘုရား အနီးတဝိုက်တွင် ကိစ္စတခုဖြင့် ကျောင်းသားတစ်ယောက်နှင့် သွားရောက်စဉ် စာရေးသူနှင့် အတူပါလာသော ကျောင်းသားအား ဖိနပ်ပြတ်ကြီးကို ပြလျက် ဖိနပ်ဖိုး အလှူခံတာကို တွေ့ခဲ့ဘူး၏။ ထိုသည်ကို စာရေးသူမှ ကိုယ်တော် ဖိနပ်စီးစရာ မရှိလျင် ကျောင်းလိုက်ခဲ့ ကျောင်းရောက်လျင် လှူပါမည် ဒီလိုလိုက်ပြီး အလှူမခံပါ နှင့် မသင့်တော်ပါ ဟုပြောကာ ခေါ်ခဲ့ပါသည်။ အနည်းငယ်မျှ စာရေးသူတို့၏ နောက်ကို လိုက်ခဲ့ပါသေးသည် စာရေးသူတို့ ရှေ့သို့ မဲ၍ လမ်းလျှောက်နေစဉ် နောက်မှ လိုက်လာသော ထိုရဟန်းအတုယောင် ဘယ်ကို ထွက်ပြေးလိုက်မှန်း မသိခဲ့ပါ။ ထိုကဲ့သို့ ဘာသာရေးကို ခုတုံးလုပ်ကာ လိမ်လည်၍ အလှူခံကြသူများလည်း မြန်မာပြည်တွင်း မြောက်မြားစွာ ရှိနေကြပါသည်။ ခရီးသွားရင်းလည်း  လမ်းမှာ ကိုရင်လေးတွေ အသက်ကြီးကြီး ကိုယ်တော်အတုယောင်တွေ အလှူခံတာနဲ့မတူ တောင်းရမ်းနေ သလိုတွေ့မြင်ဘူးကြပါလိမ့်မည် စာအိပ်တွေမှာ ဘာကျောင်းညာကျောင်းဆိုပြီး ခေါင်းစဉ်တပ် ခရီးသွားတွေအပေါ်လှူချင်မှန်းမသိ မလှူချင်မှန်းမသိ အတင်းလိုက်တင် မလှူရင်လည်း အတင်းအလှူခံတာမျိုးတွေ မြောက်များစွာ ရှိနေပါသေးသည် . .တကယ်တော့ ထိုကဲ့သို့ အလှူခံနေသူများသည် ကျောင်းမရှိ အိမ်မရှိ သူများ များပါသည်။ စားပေါက်ချောင်တာကို သိပြီး ကိုယ်တိုင် သင်္ကန်းကို ပတ်၍ သာသနာတော်ကိုအကြည်ညို ပျက်စေအောင် လိမ်လည်အလှူခံ နေကြသူများသာ ဖြစ်ပါသည် .. အထက်ပါ တင်ပြချက်များသည် အောက်ခြေပိုင်းမှ အတုယောင်များ၏ သာသနာဖျက်မူ့ပင် ဖြစ်ပါသည်။ ထို့အတူပင် အဆင့်မြင့်ပိုင်းမှာ သာသနာဖျက်များလည်း များစွာပေါ်ပေါက်နေပါသည် ဘုရားဟော တရားတော်များကို ဖျက်ဆီး၍ လူတို့ကို လိမ်လည်ကာ ဂိုဏ်းထောင်နေကြသော မိုးပြာဂိုဏ်း၊ ဓမ္မစေတီ ဂိုဏ်း၊ လူသေလူဖြစ် စသောဂိုဏ်းများ၊ ထမိန်ကို သာသနာ့အလံလုပ်ကာ ဘာသာရေးကို ခုတုံးလုပ် ဂိုဏ်းဂဏ ထောင်ကာ လိမ်လည်နေကြသူများလည်း ကြောက်စရာကောင်းလောက်အောင်ပင် သာသနာတွင်း၌ ပေါ်ပေါက်နေကြောင်းကိုလည်း ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်းများ သိစေရန် အပြုသဘောဆောင်ကာ အသိပေး တင်ပြအပ်ပါသည်။

Tuesday, December 22, 2009

ဘလော့ဂါရဟန်းတော်များသို့ လျှောက်ထားတောင်းပန်ခြင်း


ယခုအခါတွင် ဗုဒ္ဓဘာသာကို အန္တရာယ်ပြုနေသည့် အမျိုးဖျက်၊ ဘာသာဖျက်၊ သာသနာဖျက် ဝါဒအသစ်များ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက် ရှိနေပါသည်ဘုရား။ ဖြစ်ပွါးလာသည့် အဓမ္မဝါဒများ အကြီးအကျယ် အင်အားစုကြီး မဖြစ်မီ တားဆီး ကန့်ကွက်နိုင်မှာသာ အန္တရာယ် ကင်းနိုင်မည့် အချက်ကို စဉ်းစားကြရပါမည် ဘုရား။ ထိုသို့ တားဆီးကန့်ကွက်ဖို့ အတွက် `တစ်ပါးကောင်း၊ တစ်ပါးလုပ်´ အနေဖြင့် ဆောင်ရွက်၍ မရနိုင်ပါဘုရား။ အဓမ္မဝါဒများကို ဖော်ထုတ်နိုင်စွမ်းရှိသည့် ရဟန်းတော်များ ဖြေရှင်းနိုင်စွမ်းရှိသည့် ရဟန်းတော်များ (အများအပြား) ရှိကြပါသည်။ ပါဠိတော်၊ အဌကထာ၊ ဋီကာ စသည်တို့ကို ကြည့်ရူ့မှတ်သားနိုင်စွမ်း ရှိသည့် ရဟန်းတော်များ၊ ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်း(ထေရဝါဒ စွယ်စုံကျမ်းကြီး) ကျောက်ပုံတောရ ဝိနိစ္ဆယကျမ်း လယ်တီဆရာတော်ကြီး၏ သာသန ဝိသောဓနီ (ပ-ဒု-တ) ကျမ်း စသည်တို့ကို ဖတ်မှတ် လေ့လာနိုင်သော ရဟန်းတော်များ များစွာရှိကြပါသည်။ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများ အဓမ္မဝါဒ (လမ်းမှား) မလိုက်မိစေရန် ဗုဒ္ဓဝါဒ အစစ်ဖြစ်သော ထေရဝါဒ ဓမ္မဝါဒ (လမ်းမှန်) များအတိုင်း လိုက်နာနိုင်ကြစေရန် ဘာသာရေးခေါင်းဆောင် (ရဟန်းတော်) တိုင်း၌ တာဝန်ရှိပါသည်ဘုရား သွေးအေးနေကြ၍ မဖြစ်တော့ပါဘုရား။ 

ပြည်ပနိုင်ငံများတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော်များ ပြည်ပနိုင်ငံများတွင် နေထိုင်၍ သာသနာပြုနေကြသော ရဟန်းတော်များသည် သာသနာပြန့်ပွားဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြသည်မှာ သာသနာအတွက် ဂုဏ်ယူကျေနပ်စရာ ဖြစ်ပါသည်ဘုရား။ သို့ဖြစ်ပါသော်လည်း `ဘောလုံးပွဲ တစ်ပွဲတွင် ရှေ့တန်းက မည်မျှပင် ဂိုးသွင်းနေစေကာမူ နောက်တန်းက ယိုပေါက်နေလျှင် အချည်နှီး ဖြစ်သကဲ့သို့ ရှေ့တန်းက သာသနာပြုနေသော ရဟန်းတော်များ မည်မျှပင် ကျိုးစားနေစေကာမူ ပြည်တွင်းက သာသနာဖျက် မိစ္ဆာဒိဌိ ဂိုဏ်းများကြောင့် သာသနာ ပျက်စီးပါလျှင် ပင်ပန်းရကျိုး မနပ်ပဲ အချည်နှီးဖြစ်နိုင်ပါသည်ဘုရား။ ပြည်တွင်းမှ ရဟန်းတော်များ သာသနာဖျက် မိစ္ဆာဒိဌိများ၏ ရန်ကို ကြိုးစားကာ ဖော်ထုတ်နေကြသော်လည်း ငွေအင်အား၊ လူအင်အားဖြင့် အကြီးအကျယ် အောင်မြင်နေသော မိစ္ဆာဒိဌိတို့၏ နောက်လိုက်နောက်ပါ တပည့်များသည် အုံလိုက် ကျင်းလိုက် စုစည်းကာ ၎င်းတို့၏ ဝါဒများကို အွန်လိုင်းမှတဆင့် ဝါဒဖြန့်၍ ထင်တိုင်းကျဲနေကြပါသည် ဘုရား။ နည်းပညာ အကူညီကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ဗုဒ္ဓဘာသာဝင် လူပေါင်းမြောက်များစွာကို အယူမှားလိုက်ဖို့ လွယ်ကူသော အခြေနေသို့ ဆိုဒ်ရောက်နေပါသည် ဘုရား။ 

သို့ဖြစ်ပါ၍ နည်းပညာ ကျွမ်းကျင်သော ဘလော့ဂါ ရဟန်းတော်များ အနေနဲ့ အနည်းငယ်မျှ အချိန်ပေးကာ သာသာနာအတွက် ငဲ့ကြည့်ပေးတော်မူကြပါဘုရား။ ဗုဒ္ဓသာသနာ အတွက် အန္တရာယ်ပေါ်ပေါက်နေသည်ကို တွေ့ရှိပါလျက် ကိုယ်ရေးကိုသာ ဥိးစားပေးပြီး သာသနာရေးကို လျစ်လျူရှူရန် မတော်ပေ။ သာသနာအတွက် ပေါ်ပေါက်နေသည့် ရန်စွယ်ကိုမတိုက်မခိုက်ဘဲရှောင်လွှဲခြင်းသည် သာသနာအတွက်လွန်စွာသူရဲဘောကြောင်ရာကျမည်..ဟု ဒုတိယ သင်္ဂါယနာတင် ဥိးဆောင်မထေရ်မြတ် အရှင်မဟာယသ ၏ ဆုံးမသည့် သြဝါဒအတိုင်း လိုက်နာဆောင်ရွက်ပေးတော်မူကြပါဘုရား။ တပည့်တော်တို့ ဘာသာရေးခေါင်းဆောင် ရဟန်းတော်များသည် စင်စစ်အားဖြင့် သာသနာပြုဖို့ အတွက်သာ သာသနာဆိုင်ရာ ပညာရပ်တို့ကို သင်ယူခဲ့ကြခြင်း ဖြစ်ပါသည်ဘုရား။ အမျိုးဘာသာ သာသနာအတွက် ကောင်းကျိုးပြုစေဖို့ မိဘ ဆရာ ဒကာ ဒကာမများက စောင့်ရှောက်ကျွေးမွေး ပညာသင်ပေးထားခြင်း ဖြစ်ပါသည် ဘုရား။ ယခုအခါ သာသနာအတွက် အန္တရာယ် ကျရောက်နေပါသဖြင့် တတ်နိုင်သည့် စွမ်းအားဖြင့် ကာကွယ်စောင့်ရှောက်ပေးဖို့ ဘလော့ဂါ ရဟန်းတော်များသို့ ရိုသေစွာ ရှိခိုးဦးခိုက်လျက် လျှောက်ထားတောင်းပန် အပ်ပါသည်ဘုရား။ အမှားပါခဲ့လျှင် သည်းခံ ခွင့်လွတ်၍ နားလည်ပေးတော်မူကြပါဘုရား။ 

ရိုသေစွာဖြင့် ရှိခိုးဥိးခိုက်လျက်
အရှင်ဝရသာမိ
https://shintharmi.blogspot.com

Thursday, December 10, 2009

သာသနာတော်ကို ဖျက်စီးနိုင်သူများ

ဘုရားက ဟောခဲ့တယ် "သာသနာတော်ကို ရဟန်းတွေကပဲ ဖျက်စီးလိမ့်မယ်" တဲ့ တချို့သော သူတွေ ပြောကြတာပါ ဘယ်ဘုရားက ဟောခဲ့တာလဲလို့ ပြန်မေးရင် ခွေးအ ကြီး လှည်းနင်းသလို အင်း အဲနဲ့ ဝေ့လည်ကြောင်ပတ်ပြန်ဖြေလိမ့်မယ် 
သာသနာကို ရဟန်းတွေကပဲ ဖျက်ဆီးလိမ့်မယ်လို့ ဘုရားရှင် ဘယ်မှာ မှ မဟောခဲ့ဘူး ဘုရားမဟောတာကို ဘုရားဟောတယ်ဆိုပြီး ပြောတာဟာ ဘုရားရှင်ကို စွတ်စွဲရာလည်း ရောက်သလို အဓမ္မ ကို ဖြန့်ဝေရာလည်း ရောက်တယ် 
"ကော နု ခေါ, ဘန္တေ, ဟေတုကော ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗူတေ သဒ္ဓမ္မော န စိရဌိတိကော ဟောတီ" တိ? "
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ဒီသာသနာပျက်စီးရမယ့် အကြောင်းအရင်းကို
အရှင်ကိမိလ က မြတ်စွာဘုရား သာသနာတော်ကြီး ကြာမြင့်စွာမတည်ရခြင်း [ဝါ] ပျက်စီးရခြင်းရဲ့အကြောင်းတရားတွေက ဘာတွေပါလဲ ဘုရားဆိုပြီး မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က " ကိမိလ "ငါဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက်၌ ၁။ဘိက္ခု [ရဟန်း] ၂။ဘိက္ခုနီ[ရဟန်းမ] ၃။ဥပါသကာ[ဒကာ] ၄။ဥပါသိကာမ[ဒကာမ] ဤပုဂ္ဂိုလ်တို့သည် ရတနာသုံးပါးတို့၌လည်းကောင်း သိက္ခာ၌လည်းကောင်း အချင်းချင်း၌လည်းကောင်း ရိုသေလေးစားခြင်း မရှိဘဲ နေကြကုန်သောကြောင့် သာသနာတော်သည် လျင်မြန်စွာ ပျက်စီးရ၏ ကြာမြင့်စွာမတည်တံ့ လို့ မိန့်တော်မူပါတယ်။ ရဟန်းတွေကပဲ ဖျက်စီးလိမ့်မယ်လို့ ဘုရားရှင် ဘယ်တုန်းအခါကမှ ဟောတော်မမူခဲ့ဘူး ဒီ (၄) မျိုးထဲမှာတောင် နံပါတ် - ၂ ဖြစ်တဲ့ ဘိက္ခုနီမ သာသနာက ကုန်သွားပြီဖြစ်လို့ ဘိက္ခုနီမ မရှိတော့သလို ဖျက်ဆီးနိုင်တဲ့ သူထဲမှာလည်း ဘိက္ခုနီမ မပါတော့ဘူး ရဟန်းတွေကိုပဲ တရားခံရှာတဲ့ သူတွေက သာသနာအတွင်းကလူတွေပဲ သာသနာကိုဖျက်စီးလိမ့်မယ်ဆိုပြီး စာပေအသိ မရှိဘဲ စွတ်စွဲပုတ်ခတ်လေ့ ရှိကြတယ်
အဲဒီလို လူမျိုးတွေဟာ ဗုဒ္ဓဘာသာ အမည်သာခံနေပြီး ဗုဒ္ဓတရားတော်နှင့် ပတ်သက်ရင် နမော တ ဿ တောင် အ နက် အဓိပ္ပါယ် ဘာသာမပြန်တတ်တဲ့သူတွေ တကယ်တော့ သာသနာအတွင်းကလူဆိုတာ ရဟန်းတွေကိုပဲပြောတာမဟုတ်ပါဘူး ဘုရားရှင်ရဲ့အဆုံးအမကိုနာယူနေကြတဲ့ ရဟန်းရှင် / လူ-ဥပါသကာ လူ-ဥပါသိကာမ အကုန်ပါတယ်
အဲဒီ အထဲမှာတောင် လူ ဥပါသကာ ဥပါသိကာမက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ အာဏာရပုဂ္ဂိုလ်ဖြစ်ပြီး သာသနာကို မကြည်ညိုဘဲ ဖျက်ဆီးမယ်ဆိုရင် အဲဒီ တိုင်း အဲဒီ နိုင်ငံမှာ လျင်မြန်စွာ သာသနာကွယ်ပျောက်ဖို့ ဖြစ်နိုင်ချေ အများဆုံးပဲဆိုတာ သိဘို့ လိုအပ်တယ်
@@@
သျှင်သာမိ မုံရွာ
http://shintharmi.blogspot.com