Saturday, April 21, 2012

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)

တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို
ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ
ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။
ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ
ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။
အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန်
တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ
ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်
ပြုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုသင့်ချေ၊

အနေကဇာတင်မှု မတင်မှုသည် ပဓာနကျသည်တော့ မဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့
ရုပ်ပွါးတော်ကို မဟာပုရိသလက္ခဏာ ၃၂ ပါးနဲ့ ညီညွတ်စွာ ပီပီပြင်ပြင် ဖြစ်နေပြီးတော့ စိတ်ထဲမှာ
ကြည်ညိုဖွယ်ဖြစ်ပြီဆိုရင် ပူဇော်ကြရုံသာဖြစ်၏။ ပူဇော်တိုင်း အကျိုးများနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။
ရှေးရှေးဆရာတော် သံဃာတော်များသည် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေ
မှာ အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေဂါထာများဖြင့် ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်းသုံးသွားသော အခြင်းအရာကို ပြန်လည်အောက်မေ့၍ ဗောဓိသတ္တာဟ၊ ပလ္လင်္က
သတ္တာဟကို ကြည်ညိုသောအနေဖြင့် ပူဇော်ကြခြင်း ဖြစ်ပါသည်။

အနေကဇာတင် ရွတ်ဖတ်မှုနှင့် ရည်ရွယ်ချက်

(က) အနေကဇာတိ သံသာရံ၊
သန္ဓာ ဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊
ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(ခ) ဂဟကာရက ဒိဋ္ဌော သိ၊
ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊
ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊
တဏှာနံ ခယ မဇ္ဈဂါ။

ဤဂါထာတို့ဖြင့် အစချည်၍ သံဃာတော်များမှ ရွတ်ဖတ်ပူဇော်ပြီးသောအခါ “အဝိဇ္ဇာပစ္စယာ သင်္ခ ါရာ”
ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလောမကို ရွတ်ဆိုတော်မူကြပါသည်။ အဲဒီနောက်မှာတော့ “အဝိဇ္ဇာယတွေဝ
အသေသ ဝိရာဂ နိရောဓာ” အစရှိသော ပဋိစ္စသမုပ္ပါဒ် ပဋိလောမကို ရွတ်တော်မူကြပါသည်။
ထို့နောက် “ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ” အစရှိသော သုံးဂါထာကို ရွတ်ဆိုတော်မူကြရပါသည်။
ထိုအစီအစဉ်တို့သည်။

၁။ အနေကဇာတိ သံသာရံ၊
၂။ ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ
၃။ ယဒါ ဟေ၀ အစရှိတဲ့ ဥဒါန်း သုံးဂါထာ
ဒီအစီအစဉ်သုံးခုကို ဘုရားရှေ့တော်မှောက်မှာ သံဃာတော်များ လက်အုပ်ချီပြီး ရွတ်ဆိုမှု့သည်
မည်သို့အဓိပ္ပါယ်ရှိသလဲ ဟူမူ .......ဘုရားရှင်ကိုယ်တော်မြတ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်
လပြည့်နေရဲ့ ညနေခင်း၊ ဗောဓိပင်ရင်းမှာ နေမဝင်မှီ ဒေဝပုတ္တမာန်ကို အောင်မြင်တော်မူခဲ့ပါသည်။
ညဦးယံကာလ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် သန်းခေါင်ယံကာလ ဒိဗ္ဗစက္ခု အဘိညာဉ် တို့ကို
ရတော်မူခဲ့ပေသည်။ လင်းအားကြီးကာလ ကဆုန်လပြည့်နေ့ည မကုန်သေးမှီ အချိန်မှာ
“အာသဝက္ခယဉာဏ်” သို့ ရောက်၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပေသည်။
ဘုရားအဖြစ်သို့ရောက်ပြီး လပြည့်ကျော်တရက်နေ့ ကူးသောအချိန် ဗောဓိပင်ရင်းမှာ သီတင်းသုံး
ထိုင်နေတော်မူတဲ့ ဘုရားရှင်သည် ကမ္ဘာအသင်္ချေအနန္တက နှိပ်စက်လာတဲ့ ကိလေသာတွေကို
အောင်မြင်ခဲ့ပြီဖြစ်တဲ့ ဘုရားရှင်သည် ဝမ်းသာတော်မူလွန်းလို့ ဥဒါန်းကျူးရင့်တော်မူပါသည်။

ဗုဒ္ဓကျူးရင့်ခဲ့တဲ့ ဥဒါန်း (၂) မျိုး

ဘုရားရှင် ကျူးရင့်တော်မူသော ဥဒါန်းမှာ နှစ်မျိုးရှိပါ၏။
၁။ မနသာ“၀၀တ္ထပိတ”ဥဒါန်း (စိတ်ထဲမှာသာလျှင် ကျူးရင့်သော ဥဒါန်း)
၂။ ဝစသာ ဥဒါန်း (စိတ်ထဲတွင် မကပဲ နှုတ်ကပါ ထုတ်ဖော်၍ ကျူးရင့်သော ဥဒါန်း) ဟူ၍
နှစ်မျိုးရှိပေ၏။
ဥဒါန်းဆိုသည်မှာ အိုးတလုံးထဲ ဆီထည့်(သို့မဟုတ်) ရေထည့်၊ ထည့်ရင်းထည့်ရင်းနဲ့ ပြည့်ပြီး
တော့ နှုတ်ခမ်းရောက်လို့ အိုးထဲမှာ မဆန့်ပဲ နှုတ်ခမ်းကနေမဆန့်ပဲ စီးပြီးတော့ လျှံကျသွားတဲ့
အခါ အိုးတအိုးလုံး အတွင်းရော အပြင်ပါ ဆီတွေ ရေတွေ စိမ့်ပြီးတော့ စိုနေသကဲ့သို့
ဘုရားရှင်ရဲ့ နှလုံးအိမ်မှာ စိမ့်ပြီးတော့ထားတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ယှဉ်တဲ့ ပီတိများ
သည် ကိုယ်တော်ရဲ့ နှလုံးတော်မှာ မဆန့်တော့တဲ့ အတွက်ကြောင့် နှုတ်တော်က လျှံထွက်လာသော
ဝစသာဥဒါန်း၊ နှုတ်တော်က မထွက်သေးခင် စိတ်ထဲမှာပဲ ရွတ်ဆိုနေတဲ့ မနသာဥဒါန်း
ဥဒါန်းနှစ်မျိုး ဖြစ်လာပါသည်။

လပြည့်ကျော်တရက်နေ့ အာရုံတက်စကလေးမှာ ဘုရားရှင်ကိုယ်တော်မြတ် စိတ်ထဲမှာ ကျူးရင့်
သော ဥဒါန်းသည်“အနေကဇာတိ သံသာရံ” ဂါထာနှစ်ဂါထာဖြစ်ပါတယ်။ ဘုရားရှင် ရင်ထဲ နှလုံးထဲ
ကနေပြီးတော့ ရွတ်ဆိုနေခဲ့တာ လပြည့်ကျော်တရက်နေ့ မနက်ခင်း အာရုံဦး “အနေကဇာတိ
သံသာရံ” နဲ့ နေပါတယ်။ တနေ့လုံးလည်းပဲ “အနေကဇာတိသံသာရံ” နဲ့ နေတယ်။ လပြည့်ကျော်
တစ်ရက်နေ့ တနေ့လုံး“အနေကဇာတိသံသာရံ” ကို နုတ်ကနေမဆိုပဲနဲ့ စိတ်ထဲမှာ ကျူးရင့်၍
နေတော်မူပါတယ်။ လပြည့်ကျော် တစ်ရက်နေ့ ညဉ့်ဦးယံအရောက်မှာ နုတ်မှ ထုတ်ဖော်၍
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ
သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ
သမုဒယော ဟောတီတိ.. ဟူသော ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ကျူးရင့်တော်မူပါတယ်။

ထို့နောက်
အဝိဇ္ဇာယတွေ၀ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊
ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတန
နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊
တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊
ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေ တဿ
ကေဝလဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို
ဆက်လက်၍ ကျူးရင့်တော်မူခဲ့ပေသည်။

ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ ကို အပြန်ပြန်အလှန်လှန်
ဆင်ခြင်သုံးသပ်တော်မူပြီးသောအခါ

(က) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ခ) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ခယံ ပစ္စယာနံ အဝေဒိ။

(ဂ) ယဒါ ဟေ၀ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယော၀ သြဘာသယ မန္တလိက္ခံ။………………..ဟူသော သုံးဂါထာကို ကျူးရင့်တော်မူခဲ့ပါသည်။
ပဋိစ္စသမုပ္ပါဒ် နှင့် ယထာဟေ၀ အစရှိသော ဂါထာတို့ကို ဉာဉ့်ဦးယံမှာ နုတ်မြွက်ပြီးတော့ ရွတ်ဆိုကျူးရင့်
တော်မူပါတယ်။ ဉာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာလဲ ဒီအတိုင်းပါပဲ။ ဉာဉ့်ရဲ့ နောက်ပိုင်း မိုးသောက်ယံ
ကျပြန်တော့လည်း ဒီအတိုင်းပင် လပြည့်ကျော်တရက်နေ့ တညလုံး ဘုရားရှင်ဤကဲ့သို့ နေတော်မူပါ
သည်။ လပြည့်ကျော်တစ်ရက်နေ့ နေ့နဲ့ည အကုန်၊ လပြည့်ကျော် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက်
၇ ရက်နေ့ ဤ (၇) ရက်နေ့ ညနေခင်းအထိ ဘုရားရှင်ကိုယ်တော်မြတ် ဖလသမာပတ်နဲ့ချည်း ချမ်းသာ
စွာ နေတော်မူပါတယ်။ လပြည့်ကျော် ၇ ရက်နေ့ ညပိုင်းအရောက်မှာ မြတ်စွာဘုရားဆင်ခြင်ပုံ တစ်မျိုး
ပြောင်းသွားပြီးတော့ “အဝိဇ္ဇာ ပစ္စယာ သင်္ခ ါရာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ဆင်ခြင်တော်
မူပါတယ်။ အဲဒီနောက်မှ ယထာဟေ၀ အစရှိတဲ့ ပထမဂါထာကို ဆင်ခြင်တော်မူတယ်။

လပြည့်ကျော် (၁) ရက်နေ့ရဲ့ ဉာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာ အဝိဇ္ဇာယတွေ၀ အသေသ ဝိရာဂ နိရောဓာ
ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို ဆင်ခြင်တော်မူတယ်။ ထို့နောက် ယထာဟေ၀ ဒုတိယ ဂါထာ
ကို ဆင်ခြင်တော်မူတယ်။ မိုးသောက်ယံမှာ ပဋိစ္စသမုပ္ပါဒ် “အနုလုံ” နှင့် “ပဋိလုံ” ကို အပြန်ပြန်အလှန်
လှန် နှစ်ခုစလုံး ဆင်ခြင်တော်မူပြီးတော့ “ယထာဟဝေ” တတိယဂါထာကို ဘုရားရှင် ကျူးရင့်တော်
မူပါတယ်။ ဒါကိုပဲ “ပလ္လင်္ကသတ္တာဟ” လို့ခေါ်ပါတယ်။ ဗောဓိပင်ရင်းမှာ တင်ပျဉ်ခွေပြီးတော့နေခဲ့တဲ့
အတွက်ကြောင့် “ဗောဓိသတ္တာဟ” လို့လဲ ခေါ်ပါတယ်။

ဗုဒ္ဓါဘိသေက ဟု ဆိုသော်လည်း ဘုရားအား ဘိတ်သိတ်သွင်းခြင်း မဟုတ်ကြောင်း စာဖတ်သူ
အများ သိထားသင့်လှပါသည်။ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေမှာ
အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟေ၀ ဂါထာတွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်သုံးသွားသော အခြင်းအရာကို အောက်မေ့ပြီး ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို
ကြည်ညိုတဲ့ အနေနဲ့ သံဃာတော်များမှ “အနေကဇာတိသံသာရံ” ရွတ်ဖတ်ပူဇော်ခြင်းကို
အနေကဇာတင်ခြင်း ဟု ခေါ်ကြပါသည်။

သံဃာတော်များ မပါဘဲ ကိုယ့်ဘာသာကိုယ် ဤအနေကဇာတင်စာများ အလွတ်ကျက်၍ ကိုယ်တိုင်
နေ့တိုင်းနေ့တိုင်း ရွတ်နေရင်လည်း အနေကဇာတင်မှု့ ပြီးမြောက်သည်သာ ဖြစ်ပါ၏။ သံဃာတော်
အရှင်မြတ်များ ပင့်ပြီး ရွတ်ဆိုသောအခါ ပိုပြီးတော့ ဌာန်ကရိုဏ်းပယတ် ပီပီပြင်ပြင် ကြည်နူးရန်အလို့ငှါ
ဘုရားရှင်ကိုယ်တော်မြတ်၏ ရုပ်ဆင်းတုအသစ် ဖြစ်သစ်စကို ဘုရားရှင်ကိုယ်တော်တိုင် ကျူးရင့်
ခဲ့တဲ့ ဥဒါန်းများနှင့် ပြန်လည်ပူဇော်ရန် သံဃာတော်များ ပင့်ဖိတ်၍ အနေကဇာတင်ကြခြင်း
ဖြစ်ပါသည်။

အရှင်ဝရသာမိ (မုံရွာ)
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊