Friday, March 23, 2012

မယောင်ရာဆီလူးနေပါက သာသနာပျက်ဖို့ပဲ ဖြစ်လာလိမ့်မယ်


စာရေးသူ တင်ပြခဲ့သော ဘုန်းကြီး နဲ့ နိုင်ငံရေးဟူသော ဆောင်းပါနဲ့ ပတ်သက်၍ ပြန်လည်တုန့်ပြန် ဝေဖန်ထားသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ “ ရယ်စရာကောင်းသော ပျက်လုံးတခု”ဟူသော ဆောင်းပါးဖြင့် ထိုပုဂ္ဂိုလ်က ပြန်လည်တုန့်ပြန်ထားသည်ကို တွေ့ရ၏။ နိုင်ငံရေးဟူသောစကားလုံး၏ ကျယ်ပြန့်သော အဓိပ္ပါယ်ကြောင့် အငြင်းပွါးစရာဖြစ်လာမည်စိုး၍ အစကတည်းက အမျိုးသားနိုင်ငံရေး နှင့် ပါတီနိုင်ငံရေးဟူသော စကားလုံးကို ခွဲခြား၍ မူရင်းဆောင်းပါးကိုရေးခဲ့သည်။ ထိုပုဂ္ဂိုလ်က ဒါကိုပင် အမိအရကိုင်၍ ဝေဖန်လာသည်ကို တွေ့ရပေ၏။ 

နောက်တခု စာရေးသူရေးသားလိုက်သောဆောင်းပါးတွင်ပါသော သိရိလကာၤဘုန်းကြီးများ အကြောင်းဖြင့် ကိုင်တွယ်လျက် ဝေဖန်လာသည်ကို တွေ့ရပေ၏။ မှန်ပါ၏၊ သိရိလကာၤ ဘုန်းကြီးများ ပါလီမာန်အတွင်း၌ ပါဝင်နေသည်ကို စာရေးသူမသိရှိခဲ့သောကြောင့် ဤအချက်ကို ထောက်ကွက်ရှာ၍ ဝေဖန်ပြစ်တင်လာသည်ကိုသာ တွေ့ရပေ၏။ ထိုသို့ဆိုပါက အဆိုပါ အရှင်အား မေးလိုက်ချင်ပါသည်။ သိရိလကာၤဘုန်းကြီးများ ယခုအင်တာနက်တွင် တွေ့မြင်နေရသော နဖူးစည်း၊ အလံထောင်၍ သမဏသာရုပ္ပ မဖြစ်သော ထိုအပြုအမူများကို သိရိလကာၤဘုန်းကြီးများ လုပ်တော်မူပါသလား။ ရှိပါက ခိုင်လုံသော အထောက်အထားဖြင့် ပြသစေချင်သည်။ ထီးထမ်း လမ်းလျှောက်ကာ သင်္ကန်းစွန်တောင် စွဲ၍ လမ်းသလားနေသော ဘုန်းကြီးများ သိရိလကာၤတွင် ရှိပါသလား။ ရှိပါက သက်သေပြနိုင်ပါသည်။ နဖူးစည်း အလံထောင် ပါးကပ် ပြုလုပ်ခြင်းသည် ဘောလုံးပွဲ များတွင်သာ တွေ့ရမည် ဖြစ်ပေ၏။ ပါလီမန်ထဲမှာ ဘုန်းကြီးတွေ ထည့်ထားလို့ ထိုနိုင်ငံလူအများက ရဟန်းသံဃာလို့ကော မြင်ခြင်း ရှိ/မရှိ သိရိလကာၤရဲ့ သာသနာကို ထိုပုဂ္ဂိုလ် အသိဆုံးသာ ဖြစ်ပါလိမ့်မည်။ ခွပ်ဒေါင်အလံ နဖူးစည်းကာ အလံတလူလူလွင့်၍ လုပ်နေသည်ကို ဝိနည်းတော်အရရော သုတ္တန်ပါဠိတော်အရပါ မသင့်တော်ဘူးလို့ တင်ပြတာကို အရေးမစိုက်ပါဟု ဆိုပါကလည်း ထိုပုဂ္ဂိုလ်၏ ရပ်တည်ချက် မည်သို့ရှိတယ် ဆိုတာ စာဖတ်သူအများ သိနားလည် နိုင်ပါလိမ့်မည်။ 

အဆိုပါပုဂ္ဂိုလ်သည် ဘုရားသာသနာမှာ နေ၍ “ဗုဒ္ဓ သရဏံ ဂစ္ဆာမိ” မလုပ်ပဲ ဒေါ်စု သရဏံ ဂစ္ဆာမိ ပဲ လုပ်နေသလားဟုပင် ထင်မိချေ၏။ သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင်သည် တပည့်သားရှင်ရဟန်းတို့အား မလွဲဧကန် ထမ်းဆောင်ရမည့် သာသနာ့တာဝန်များကို ထမ်းဆောင်စေတော်မူခဲ့သည်သာဖြစ်၏။ ယင်းတို့မှာ..... စာပေကျမ်းဂန် သင်အံပို့ချ ဟောပြောဆောင်ရွက်ခြင်း ဟူသော ဂန္ထဓူရတာဝန်၊ သမထ၊ ဝိပဿနာ တရားဘာဝနာ ပွါးများအားထုတ်မှု၊ သင်ကြားပြသမှု ဟူသော ဝိပဿနာဓုရတာဝန် တို့ဖြစ်၏။ သုပ္ပဋိပ္ပန် အကျင့်မှန်သည့် ဘုရားသားတော် ရှင်ရဟန်းမှန်သမျှသည် ဂန္ထ ဝိပဿနာ နှစ်ဖြာဓုရကို ထမ်းဆောင်ကြရာတွင် ကိုယ်တိုင်လည်း သင်ယူကျင့်ကြံ လက်ခံကျင့်သုံး တပည့် ရှင်ရဟန်း တို့ကိုလည်း နည်းပေးသင်ပြ ဆိုဆုံးမပေးကြရမည်သာ ဖြစ်ပါ၏။ တဆင့်ထပ်ပွါးကာ ဒကာ ဒကာမများကိုလည်း ကုသိုလ်တရား ပွါးများဆည်းပူးနိုင်ကြစေရန် လယ်ယာမြေကောင်သဖွယ် ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချစေရေး သွန်သင်နည်းပြ ဆုံးမသြဝါဒ ပေးကြရမည်သာ ဖြစ်ပေ၏။ အကုသိုလ်အလုပ်မှန်သမျှကို စိတ်အကြံ နှုတ်အပြော ကိုယ်အလုပ် တို့တွင် မဖြစ်ပွါးစေရန် တည့်မတ်ဟောကြားပေးကြရမည်သာ ဖြစ်၏။ ဘုရားသားတော် ရှင်ရဟန်းမှန်သမျှသည် ဤသာသနာ့တာဝန်များကို မလွဲမသွေ ဆောင်ရွက်ကြရမည်သာ ဖြစ်၏။ ဤကား ဘုရားရှင် ဖြစ်စေချင်သော သာသနာ့တာဝန် ထန်းဆောင်မှုသာ ဖြစ်ပါသည်။ 

ထို့အပြင် ဘုရားရှင်၏ သာသနာ၌ ဝိနည်းကို မထီမဲ့မြင်ပြုပါက သာသနာကွယ်ပစေနိုင်ကြောင်း အနာဂတ် ဘေးတို့ကို အဂုၤတ္ထိုလ်တွင် ဟောကြားခဲ့ပါပေ၏။ 
“ပဉ္စိမာနိ ဘိက္ခေ၀ အနာဂတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိ အာယတိ ံသမုဇ္ဇိဿန္တိ တာနိ ဝေါ ပဋိဗုဇ္ဈိတွာစ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ” (အံ - ၂ - ၉၃၊ ၉၅) 

ရဟန်းတို့ ဤအနာဂတ်ဘေးငါးပါးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်၊ ထိုအနာဂတ်ဘေးတို့ကို သင်တို့ကြိုတင်သိထားရမည် (ကြိုတင်သိထားအောင် သင်တို့လေ့လာစုံစမ်း ထောက်လှမ်းထားကြရမည်)။ ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုစားအားထုတ်ကြရမည်“ စသည်ဖြင့် အနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်သာ ဖြစ်ပါ၏။ 
ထိုအနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့မှာ 
(၁) ကာယနုပဿနာကို ပွါးများပြီး မဟုတ်ကြကုန်သော၊ သီလကို ပွါးများပြီး မဟုတ်ကြကုန်သော၊ သမာဓိစိတ်ကို ပွါးများပြီး မဟုတ်ကြကုန်သော၊ ပညာကို ပွါးမျာပြီး မဟုတ်ကြကုန်သော ဥပဇ္ဈယ် ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွါးများပြီးမဟုတ်ကြပါဘဲလျက် အခြားတပည့် လူသာမဏေတို့ကို ပဉ္စင်းခံပေးလိမ့်မည်။ 
(၂) ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်းဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈယ်ဆရာ၊ နိဿရည်းဆရာတို့၏ တပည့်အဆက်ဆက် တို့သည်လည်း ကာယာနု ပဿနာကိုမပွါးများကြကုန် သိလကို မပွါးများကြကုန်၊ သမာဓိစိတ်ကို မပွါးများကြကုန်၊ ပညာကို မပွါးများကြကုန်၊ တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကိုပွါးများအောင် ဆုံးမခြင်းငှါ စွမ်းနိုင် ကြလိမ့်မည် မဟုတ်ကုန်။ ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ 
(၃) ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွါးများပြီး မဟုတ်ကြပါဘဲ လျက် အဘိဓမ္မာနှင့်စပ်သော တရားစကား၊ ဉာဏ်ပညာနှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတစ်ပါးတို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာ ကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့် ဒေသနာလမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော တရားမှန်သမျှတို့ကို မသိကြကုန်လတ္တံ့၊ (ဒေါသစိတ်ဖြင့် သူတစ်ပါးကို ပုတ်ခတ်လျက်လည်းကောင်း၊ ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက်လည်းကောင်း၊ လာဘ သက္ကာရကို မျှော်ကိုးလျက်လည်းကောင်း ဟောပြောသောအားဖြင့် မည်းညစ် နောက်ကျူသော အကုသိုလ်ဘက်သို့ သက်ရောက်ကူးပြောင်း သွားကြလိမ့်မည်။) ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ 
(၄) ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ ပညာတို့ကို ပွါးများပြီး မဟုတ်ကြခြင်းကြောင့် ခက်ခဲ နက်နဲကုန်၊ ခက်ခဲနက်နဲသော အနက်အဓိပ္ပါယ် ရှိကြကုန်သော၊ လောကုတ္တရာတရား ကိုးပါးကို ဖော်ပြ ကုန်သော၊ သတ္တဝါကောင်၊ အသက်ကောင်၊ အတ္တကောင်မှ ဆိတ်သုဉ်းသော၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ ပဋိစ္စသမုစ္စသမုပ္ပါဒ် တရားသဘောသက်သက်နှင့်သာ သက်ဆိုင်ကုန်သော၊ ဘုရားဟော တရားတော်တို့ကို ဟောပြအပ်ကုန်သည်ရှိသော် မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်မရှိကြကုန်လတ္တံ့၊ ထိုဘုရားဟော တရားတော်တို့ကို သင်ကြားလေ့လာ ဆည်းပူးထိုက်ကုန်၏ ဟူ၍ မမှတ်ထင်ကြကုန်၊ သာသနာပြင်ပ ပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘောအချက်လက် များကိုသာ လိုလိုချင်ချင် နားထောင်ကြကုန်၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊ သင်ကြားဆည်းပူးထိုက်ကုန်၏ ဟူ၍ မှတ်ထင်ကြကုန်လတ္တံ့။ ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်း ကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ 
(၅) ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွါးများပြီး မဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည် ပစ္စည်း လာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊ သိက္ခာသုံးဖြာ သာသနာတော်ကို ပေါ့ပေါ့လျော့လျော့ ကျင့်ကြကုန်၊ အောက်အပါယ်ဘုံသို့ရောက်ကြောင်း မကောင်းသော အကျင့်များ၌ ရှေ့သွားပဓာန ထားကြကုန်၊ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော ကျင့်စဉ်များ၌ တာဝန်မဲ့အားထုတ်မှု့ လုံးလဝိရိယကို လျှော့ချ ထားကြကုန်လတ္တံ့။ ထိုရဟန်းတို့၏ နောင်လာနောင်သား တပည့်များလည်း ဒိဌာနုဂတိလိုက်ကာ ဆရာ့အပြုအမူအတိုင်း ပြုကျင့်ကြလိမ့်မည်။ ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီးကွယ်ပ၏။ ဝိနည်းပျက်စီးကွယ်ပခြင်း ကြောင့် ဓမ္မပျက်စီးကွယ်ပ၏။ ထိုဘေးကြီးငါးမျိုးတို့ နောင်အခါ ဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ ကြိုတင်သိထားကြရမည်။ (ကြိုတင်သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရမည်) ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်ဟု ဟောကြားခဲ့ပါ၏။ 

မြတ်စွာဘုရား ဟောကြားတော်မူသော ထိုဘေးကြီးငါးမျိုးတို့တွင် ဝိနည်းကို ပျက်စီးအောင် ပြုပါက ဓမ္မ ပျက်စီးကွယ်ပမည်ဖြစ်၏။ ဓမ္မကို ပျက်စီးကွယ်ပအောင် ပြုပါက ဝိနည်းပျက်စီး ကွယ်ပမည်သာ ဖြစ်၏ ဆိုတာကို စာဖတ်သူအများ သိထားရမည်သာ ဖြစ်ပေ၏။ 
တဖက်ပါ ဆောင်းပါးရှင်မှ ((((((ဆင်တပ်၊ မြင်းတပ်ကို ဘုရားရှင် မကြည့်ခိုင်းရုံလောက်နှင့် ရဟန်းတော်များကို ဘုရားရှင်နိုင်ငံရေးမလုပ်ခိုင်းကြောင်း အထောက်အထားပြတော်မူသော ဆောင်းပါးရှင်သည် နောက်နောင် ယခုလို ညောင်ဦးကမ်းပါး ပြိုသည်နှင့် စမ္ပါနဂိုရ်က နွားမပေါင်ကျိုးရသော ဆောင်းပါးမျိုး မဖြစ်စေရန် စာများများဖတ်ဘို့သာ အကြုံပြုလိုက်ရပါသည်။)))) ဟု ဆိုလာသည်ကို တွေ့ရပေသည်။ 

ထိုပုဂ္ဂိုလ် ဆိုလိုချင်သည်မှာ အဘယ်ပါနည်းဟု စဉ်းစားမိချေ၏။ ဘုရားရှင် မကြည့်ခိုင်းရုံလောက်နှင့် ဟု ဆိုကတည်းက အဆိုပါ ဆောင်းပါးရှင်သည် ဝိနည်းကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ထင်ရှား၏။ 
ဘုရားရှင်ကိုယ်တော်မြတ်သည် လူ့မှု့ရေးရာဖြစ်သော ပါတီနိုင်ငံရေးကဲ့သို့သော အရှုပ်အထွေးများကို နှစ်သက်သည်ဟုဆိုက သိဒ္ဓတ္ထ မင်းသားဘဝဖြင့်ပင် စကြာၤဝတေးမင်းပင် ဖြစ်နိုင်ပါ၏။ မင်းစည်းစိမ်ကို မက်မောနေသည်ဆိုပါက ရွှေနန်းစည်းစိမ်ကိုပင် စွန့်နေရာမလို ဘုရားပင် ဖြစ်လာနိုင်မည်မဟုတ်ချေ၊ ဗုဒ္ဓသာသနာဆိုသည်မှာလည်း ပေါ်ပေါက်လာမည်မဟုတ်ပေ။ ဘုရားရှင် မကြည့်ခိုင်းရုံလောက် ဟူသော စကားကို ဆိုရလောက်အောင် တခြားဘယ်နေရာ ဘယ်သုတ္တန်မှာ ထိုထိုကိစ္စများ၌ ပါဝင်လုပ်ဆောင်ခိုင်းဖို့ ချပြခဲ့ပါသနည်း။ သုတ္တန်ရှိက ထုတ်ပြတော်မူပါ။ ဝိနည်းသိက္ခာပုဒ်ရှိက ထုတ်ပြ တော်မူပါ။ အသစ်အဆန်းကို အထင်ကြီးမြတ်နိုးနေပါက အမှားသာလျင် ဖြစ်ပေလိမ့်မည်။ 
အတု အယောင်ကိုအစစ်ထင်နေပါက မယောင်ရာဆီလူးသကဲ့သို့ ဖြစ်နေမည်ကို ကောင်းကောင်း သတိချပ် အပ်၏။ အတုအယောင်ကို စွဲကိုင်နေပါက သာသနာ သာ ထိခိုက်စရာရှိပေသည်။ ဘုရားရှင်ကိုယ်တော်မြတ်က အရှင်မဟာကဿပ မထေရ်မြတ်အား - 
“သေယျထာပိ ကဿပ န ဇာတရူပဿ အန္တရဓာနံ ဟောတိ။ ယာ၀ န ဇာတရူပပ္ပတိရူပကံ လောကေ ဥပဇ္ဇတိ။ ယတော စ ခေါ ကဿပ ဇာတရူပပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။ အထ ဇာတရူပဿ အန္တရ ဓာနံ ဟောတိ။ ဧဝမေ၀ ခေါ ကဿပ န တာ၀ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ။ ယာ၀ န သဒ္ဓမ္မပ္ပတိရူပကံ လောကေ ဥပဇ္ဇတိ။ ယတောစ ခေါ ကဿပ သဒ္ဓမ္မပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။ အထ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ” (အံ၊ ၁၊ ၄၂၂)

 “ကဿပ လောက၌ ရွှေအတု မဖြစ်ပေါ်သေးသမျှကာလပတ်လုံး ရွှေအစစ် မကွယ်ပျောက်နိုင်သေး၊ လောက၌ ရွှေအတု ဖြစ်ပေါ်လာသော အခါ၌မူကား ရွှေအစစ်ကွယ်ပျောက်နိုင်၏။” “ကဿပ၊ ဤဥပမာအတူပင် လောက၌ သဒ္ဓမ္မပ္ပတိရူပက - သူတော်ကောင်းတရား အတုအယောင် မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး သူတော်ကောင်းတရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာတော် မကွယ်ပျောက်နိုင်သေး။ လောက၌ သဒ္ဓမ္မပ္ပတိရူပက - သူတော်ကောင်းတရား အတုအယောင် ဖြစ်ပေါ်လာသောအခါ၌မူကား သူတော်ကောင်းတရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာ ကွယ်ပျောက်နိုင်၏” မိန့်ကြားတော် မူခဲ့ပါသည်။ 

ထို့ကြောင့် ထိုပုဂ္ဂိုလ်အား စာရေးသူပြောလိုသည်မှာ အတုယောင်ကို အစစ်ထင်သမျှ ကာလပတ်လုံး သာသနာသာ ထိခိုက်လာဖို့ဖြစ်လာပေလိမ့်မည်ဆိုတာကို သတိပေးချင်ပါ၏။ ဘုရားရှင်က ပြောအပ်သော စကား၊ မပြောအပ်သော စကားကို တိရိစ္ဆာနဂထာ သုတ္တန်တွင် ဟောကြားပြသခဲ့သည်လည်း ရှိသေး၏။ 

၁။ ရာဇကထာ = မင်းနှင့် စပ်သောစကား, ၂။ စောရကထာ = ခိုးသား ဓားပြနှင့် စပ်သောစကား, ၃။ မဟာမတ္တကထာ = အမတ်ကြီး (ဝန်ကြီးချုပ်)နှင့် စပ်သောစကား, ၄။ သေနာကထာ = စစ်သည် (စစ်တပ်)နှင့် စပ်သောစကား, ၅။ ဘယကထာ = ကြောက်မက်ဖွယ်နှင့် စပ်သောစကား, ၆။ ယုဒ္ဓကထာ = စစ်ထိုးခြင်း (တိုက်ပွဲ)နှင့် စပ်သောစကား ၇။ အန္နကထာ = စားဖွယ်နှင့် စပ်သောစကား, ၈။ ပါနကထာ = သောက်ဖွယ်နှင့် စပ်သောစကား, ၉။ ဝတ္ထကထာ = အဝတ်နှင့် စပ်သောစကား, ၁ဝ။သယနကထာ = အိပ်ရာနေရာနှင့် စပ်သောစကား, ၁၁။မာလာကထာ = ပန်းနှင့် စပ်သောစကား, ၁၂။ဂန္ဓကထာ = နံ့သာနှင့် စပ်သောစကား, ၁၃။ဉာတိကထာ = ဆွေမျိုးနှင့် စပ်သောစကား, ၁၄။ယာနကထာ = ယာဉ်နှင့် စပ်သောစကား, ၁၅။ဂါမကထာ = ရွာနှင့် စပ်သောစကား, ၁၆။နိဂမကထာ = နိဂုံးနှင့် စပ်သောစကား, ၁၇။နဂရကထာ = မြို့နှင့် စပ်သောစကား, ၁၈။ဇနပဒကထာ = နယ် (တိုင်းနယ်-ပြည်နယ်)နှင့် စပ်သောစကား, ၁၉။ဣတ္ထိကထာ = အမျိုးသ္မီးနှင့် စပ်သောစကား, ၂ဝ။သူရကထာ = သူရဲကောင်းနှင့် စပ်သောစကား, ၂၁။ဝိသိခါကထာ     = လမ်းနှင့် စပ်သောစကား, ၂၂။ကုမဋ္ဌာနကထာ = ရေခပ်ဆိပ်နှင့် စပ်သောစကား, ၂၃။ပုဗ္ဗပေတကထာ = သေလွန်ပြီးသူနှင့် စပ်သောစကား, ၂၄။နာနတ္တကထာ = အထွေထွေနှင့် စပ်သောစကား, ၂၅။လောကက္ခာယိကကထာ = လောကအကြောင်းနှင့် စပ်သောစကား, ၂၆။သမုဒ္ဒက္ခာယိကကထာ = သမုဒ္ဒရာအကြောင်းနှင့် စပ်သောစကား, ၂၇။ ဣတိဘဝါဘဝကထာ = ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကား, ၂၈။ပုရိသကထာ = အမျိုးသားနှင့် စပ်သောစကား, ၂၉။ အရညကထာ = တောနှင့် စပ်သောစကား, ၃ဝ။ပဗ္ဗတကထာ=တောင်နှင့်စပ်သောစကား, ၃၁။နဒီကထာ = မြစ်နှင့် စပ်သောစကား, ၃၂။ ဒီပကထာ = ကျွန်းနှင့် စပ်သောစကား ---- အကျယ် သိလိုပါက အောက်ပါနေရာသွားရောက်ကြည့်နိုင်ပါသည်။ http://vimalalankara.blogspot.in/2012/03/blog-post_21.html အထက်တွင် ဖော်ပြအပ်သော စကားတို့တွင် မင်းနှင့်စပ်သောစကား၊ ဝန်ကြီးချုပ်နှင့် စပ်သောစကား။ စစ်တပ်နှင် စပ်သောစကား၊ တိုင်းနယ်ပြည်နယ်နှင့်စပ်သော စကား စသည်တို့ကို ဖီလာကန့်လန့်ဖြစ်သောစကားဟု ဘုရားရှင် မိန့်ဆိုတော်မူသည်ကို တွေ့ရမည်ဖြစ်ပေ၏။ 

ထို့ကြောင့် ပါတီနိုင်ငံရေးဟူသော အရှုပ်အထွေးများကြား၌ ရဟန်းတော်များ ပါဝင်သင့် မပါဝင်သင့် စာဖတ်သူ သူတော်ကောင်းများ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပေသည်။ မည်သည့်အစိုးရ မည်သည့်မင်း အုပ်ချုပ်သည် ဖြစ်စေ “သာသနံ နာမ ရာဇာနံ၊ နိဿာယ တိဌတွေ ဣဓ - ဤလောက၌  သာသနာတော်မည်သည် မင်းကိုမှီ၍ တည်တံ့ရ၏ ဟူသော ကဝိပညာရှင်တို့၏ အဆိုအမိန့်အတိုင်း ပတ်သက်နေရမည်သာ ဖြစ်ပါ၏။ မဖြစ်မနေ ဆက်ဆံရမည်သာ ဖြစ်ပါ၏။ ထိုပုဂ္ဂိုလ် ဤပုဂ္ဂိုလ်နဲ့မှ ဖြစ်မည်ဟူသည်မှာ ဘောင်မဝင်ချေ။ ထို့ကြောင့် ပါတီအရှုပ်အထွေးများကြား၌ ရဟန်းတော်များ ပါဝင်ပတ်သက်ဖို့  သင့်တော်မှု့မရှိဟူ၍သာ စာရေးသူ ကောက်ချက်ချပါသည်။ ယခု စာရေးသူ တင်ပြခဲ့သည်တို့ကို စာဖတ်သူများကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ပါသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့၊ အပြုသဘောမဆောင်သော ကွန်မန့်များကို အချိန်ကုန်ခံကာ ဖြေရှင်းနေမည်မဟုတ်ပါ။ 

အရှင်ဝရသာမိ (မုံရွာ)
https://shinsami.blogspot.com

3 comments:

  1. အရှင်ဘုရား တပည့်တော်ပာာ ဘာသာရေးကိုလေ့လာ လိုက်စားသူတစ်ယောက်ဖြစ်ပါတယ်.အရှင်ဘုရားရေးသားသလိုပဲ ရဟန်းတော်များနဲ့ နိင်ငံရေးဟာ မသင့်တော်ဘူးဆိုတာ မှန်ပါတယ်.ဒါပေမဲ့ တပည့်တော်တိုရဲ့ အမေစုကြောင့်တော့ ဘာသာရေးပျက်မှာ မဟုတ်ပါဘူးဘုရား .အမေစုကလဲ ဘာသာရေးကြည်ညိုသူတစ်ယောက်ဖြစ်သလို ဘာသာ သာသနာကို ဖျက်ဆီးမည့်သူတစ်ယောက် မဟုတ်လို့ သာသနာပျက်မှာ မဟုတ်ပါဘူးဘုရား

    ReplyDelete
  2. ဆရာတော်အရှင်မြတ်တို့ဘုရား
    တပည့်တော်တို့ရဲ့အရပ်ထဲရွာထဲတွင် ဗုဒ္ဓဘာသာနှင့်ပက်သက်၍ အယူအဆများ
    ဆရာကွဲပြားမူများ။ ဂိုဏ်းကွဲပြားမူများ ဖြစ်ပေါ်နေပါတယ်ဘုရား ။ တချို့သော သူများ သည် တရားဒေသတော်များ
    ကို တကယ်ကိုယ်တိုင် သိလိုသောစိတ် ရှိသည်ဖြစ်၍ တရားအားထုတ်ရာတွင် ထို့သို့သော အယူဝါဒ ကွဲလွဲမူများ
    မှားသောအယူအဆများကြောင့် နားလည်မူများလွဲချော်၍ အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိပါသည် ဘုရား......ဗုဒ္ဓဘာသာ
    အချင်းချင်းအငြင်း ပွားမှုများလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်လျှက် ရှုပ်ထွေးနေရပါတယ်ဘုရား.....
    သိုဖြစ်ပါ၍ စစ်မှန်သော တရားတော်များအား မမြင်ကန်းလျှက်နေသောတပည့်တော်တို့အား သနားဂရုဏသောအားဖြင့်တိုင်းသိပြည်သိ
    ကမ္ဘာက သိအောင် ရှင်းလင်းဖော်ပြပေးသနားတော်မူပါ အရှင်မြတ်တို့ဘုရား.... တပည့်တော်သည်ဤ စာကိုရေးရခြင်းအကြောင်းမှာ ဗုဒ္ဓမြတ်စွာဘုရား၏
    စစ်မှန်သော တရားတော်တို့ကို သန့်ရှင်းစေ လိုသောဆန္ဒ ဖြင့် ရေးသားရခြင်းဖြစ်ပါသည် ဘုရား ....စစ်မှန်သောဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို
    လိုလားသော သူများရဲ့ကိုယ်စား လက်ဆယ်ဖြာထိပ်မှာမိုးလျှက် ရိုသေစွာကန်တော့ တောင်းပန်လိုက်ရပါတယ် အရှင်ဘုရား။ အမှားများပါရင် ဂရုဏာရှေ့ထား
    ပြီးဆုံးမတော်မူပါ အရှင်ဘုရား။

    ReplyDelete
  3. တပည့်တော် စစ်သားတစ်ယောက်ပါ။စစ်သားမျက်စိမှာတော့ ဘုန်းကြီးနဲ့နိုင်ငံရေးဟာ လုံးဝမအပ်စပ်ဖူးလို့ မြင်ပါတယ်။အမြင်မတော်ဘူးလို့ပဲလျှောက်ထားပါရစေ။ဗုဒ္ဓဘာသာတစ်ဦး အနေနဲ့ ဘုန်းကြီးလုပ်တယ်ဆိုတာ လောကီအလုပ်တွေကိုငြီးငွေ့လို့ တရားကျင့်ကြံအားထုတ်ပြီးလွတ်မြောက်ရာကိုရှာဖို့ လို့ နားလည်ထားပါတယ်။လောကီ ကိစ္စ တွေကိုစိတ်ဝင်စားရင်တော့လူထွက်ပြီး လုပ်သင့်ပါတယ်။အမြင်မတော်တဲ့ ကိစ္စတွေဖြစ်လာတဲ့အခါ တာဝန်ရှိသူတွေ ကိုင်တွယ်ဖြေရှင်းရခက်ပါတယ်။သာသနာတော်ကို သန့်ရှင်းစေချင်ပါတယ်။အမြင်မတော်တာတွေတွေ့မြင်ကြားသိနေရတာ စိတ်မချမ်းသာလို့ပါ။အမှားပါရင် အနူးအညွတ် တောင်းပန်အပ်ပါတယ် အရှင်ဘုရား။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊