မိတ်ဆွေ တစ်ယောက်နှင့် အွန်လိုင်းမှာ စကားလက်စုံကြမိရင်း သူက တောင်းဆိုလာသည်။ အမေ့ကျေးဇူး ကို ဖွဲ့နွဲ့ရေးသားထားတဲ့ ဆောင်းပါးမျိုးတွေ ခဏခဏ ဖတ်ဘူးတယ်၊ အဖေ့ကျေးဇူး နဲ့ ပတ်သက်ရင် ရေးသားတာ၊ ဖွဲ့နွဲ့တာမျိုးတွေ နဲပါးတယ်ဆိုတဲ့အကြောင်း ပြောပြီး စာရေးသူကို အဖေ့ကျေးဇူး နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတခုလောက် ရေးပေးဖို့ တောင်းဆိုလာသည်။ ကြိုးစားကြည့်မည်ဟု ပြောလိုက်ပေမယ့် တကယ်ရေးမည်ဆိုသောအခါ ဘာရေးရမှန်း မသိတော့။ မိဘကျေးဇူး တို့မှာ မိမိအတွက်တော့ စကားလုံးဖြင့် ထုတ်ပြဖို့ မဖြစ်နိုင်လောက်အောင် များပြားလှသည်သာ ဖြစ်ပါသည်။ များပြားလွန်းလှသော မိခင်ဖခင် တို့၏ ကျေးဇူးအနန္တဂုဏ်အင်ကို ထုတ်ပြဖို့ဆိုသည်မှာ စာရေးသူအနေနှင့် တကယ်မစွမ်းဆောင်နိုင်လှပါ။ ထို့ကြောင့် မိဘကျေးဇူး ဆိုတာကို ထုတ်ဖော်ရေးသားဖို့ မစွမ်းနိုင်လှပေမယ့် အမိအဖ ကိုစော်ကားလျှင် ကျေးဇူးရှင်ကို ပြစ်မှားလျှင်တော့ ရရှိနိုင်မယ့် အပြစ်ဆိုးကျိုးတွေကိုတော့ ထုတ်ပြချင်နေမိသည်။ အတူနေမိတ်ဆွေ ရဟန်းတစ်ပါးက ပြည်ပနိုင်ငံတခုမှာ သားက အဖေကို သတ်လိုက်တယ် ဆိုတဲ့အကြောင်းကို စာစောင်တစ်ခုမှာ ဖတ်လိုက်ရသည်ဆိုတဲ့အကြောင်းလာပြောသည်။ ကိုယ့်နိုင်ငံမှာ ဖြစ်တာမဟုတ်တဲ့အတွက်ကြောင့် စာရေးသူအနေနဲ့ ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှအကျယ်တဝင့် မပြောဖြစ်ခဲ့။ အတွေးထဲမှာတော့ ငယ်စဉ်က တွေ့မြင်ကြုံတွေ့ခဲ့ဘူးတဲ့ အဖြစ်အပျက်လေးတစ်ခုကို အမှတ်ရမိသည်။ နာမည်က မောင်ဆန်း တဲ့ အမည်နဲ့လိုက်အောင် ဆန်းတာတော့ တော်တော်ဆန်းသည် ကောင်းတဲ့ နေရာမှာ ဆန်းတာတော့မဟုတ် ဆိုးတဲ့နေရာမှာ သူမတူအောင် ဆန်းခြင်းဖြစ်၏။ မနက်မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ်ပြီးနေပြီ နေ့စဉ်နဲ့အမျှ မူးယစ်သောင်းကျန်းကာ မိခင်ဖခင်တို့အား မကြားဝံ့မနာသာ အောဟစ်ဆဲဆို နေသည့် အသံကို သူ့အိမ်နားက ဖြတ်သွားသူတိုင်းကြားနေရသည်။ ရပ်ရွာရှိ လူအများမှ အစပထမတွင် ဝိုင်းဝန်းဆုံးမတာမျိုး ရှိပေမယ့် မည်သူမှ ဆုံးမ၍ မရ။ တရွာလုံး၏ အော်ကျော့လန်ဖြစ်လာပြီး အားလုံးက ဝိုင်းကျဉ်ထားလိုက်ကြသည်။ နောက်ဆုံး ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ဖခင်ကို ဓားနဲ့လိုက်ပြီး သတ်ဖို့ ကြိုးစားလာသည်။ ဘေးပတ်ဝန်းကျင်မှ လူအများ၏ ဝင်ရောက်ကူညီမှု့ကြောင့် ဖခင်ကြီးခဗျာ သေဘေးမှ လွတ်ရရှာ၏။ နေ့စဉ်နဲ့ အမျှ မိဘကို အမျိုးမျိုးစိတ်ဆင်းရဲအောင် လုပ်ပြီး ကျေးဇူးရှင်ကို ပြစ်မှားနေသော ထိုငမိုက်သား မောင်ဆန်းဆိုသူ လူ့ဘဝမှာ ကြာကြာမနေလိုက်ရ ငယ်ငယ်ရွယ်ရွယ်ဖြင့် အသေဆိုးနှင့်သေကာ လူ့လောကကြီးမှ ထွက်ခွါသွားရရှာပါသည်။ မောင်ဆန်း၏ အဖြစ်အပျက်ကိုကြည့်ပြီး မိဘကို စော်ကားလျှင် ငယ်ငယ်ရွယ်ရွယ် နဲ့ သေဆုံးရတတ်ကြောင်း၊ ရောဂါဘယထူပြောကြောင်း၊ ဘေးဆိုး အန္တရာယ်ဆိုးတွေနဲ့ အမြဲကြုံတွေ့ရကြောင်း စသည်စသည်.. ဖြင့် လူကြီးသူမများမှ ဆိုဆုံးမှု့ များကို ပြန်လည်မြင်ယောင်နေမိသည်။ ဤသို့ဖြင့် စာရေးသူ၏ အတွေးများက မာတီပလိုင်းမှ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ သွားရောက်ခဲ့ဖူးသည့် မြန်မာပြည်၏ ရှေးဟောင်း ယဉ်ကျေးမှု့မြို့တော်ကြီး ပုဂံ သို့ ရောက်ရှိသွားပြန်သည်။ စာရေးသူရောက်ဖူးသမျှ နေရာဒေသ အားလုံးတို့အထဲတွင် ပုဂံမြို့ လောက် အနှစ်သာရ၊ ရသ နှင့် ခံစားမှု့မျိုးစုံပေးနိုင်တဲ့ နေရာ ဘယ်နေရာမှ မရှိသေးဟု ထင်မိသည် ရှေးမြန်မာဘုရင်များ၏ အတွေးအခေါ်၊ ပညာရှင်များ၏ အနုပညာလက်ရာများက မြင်ရသူတိုင်း မချီးကျူးဘဲ မနေနိုင်လောက်အောင် ထူးခြားဆန်းပြားလှသည်။ ဘယ်နေရာကြည့်ကြည့် လက်ညိုးထိုးမလွဲ ဘုရားစေတီ ပုထိုးများက ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ဂုဏ်ယူဝံ့ကြွားစွာ ပြသနေသော အဓိကသော့ချက်တခု ဖြစ်နေ၏။ မိမိကိုယ်ကိုလည်း မြန်မာပြည်မှာ လူလာဖြစ်ရတာကို ဂုဏ်ယူဝမ်းမြောက်မဆုံး ဖြစ်နေမိသည်။ ပုဂံဘုရားများထဲတွင် ပုဂံခေတ်မှ ယခုအချိန်ထိ မပြုမပြင် မပျက်မစီးဘဲ တည်ရှိနေသော ဓမ္မရံကြီး ဘုရားသို့ ရောက်သောအခါ တွေ့ရသော အနုပညာလက်ရာများ၊ ဘုရားကြီး၏ ထုထည်၊ ဘေးပတ်လည်တွင် ရှိသော မဟာရံတံတိုင်းကြီးက စာရေးသူအဖို့တော့ တော်တော်အံ့အားသင့်စေခဲ့၏။ ဘုရားကြီးကို တည်ဆောက်ခဲ့သော ဘုရင်ကိုလည်း စိတ်ဝင်စားမိသည်။ ဘုရားဖူးရာတွင် အတူပါလာသော မိတ်ဆွေ ကိုမင်းသူရိန် မှ ဓမ္မရံကြီး ဘုရား၏ တည်ဆောက်ပုံ၊ အနုပညာလက်ရာများ၊ သမိုင်းကြောင်းစသည်တို့ကို လိုက်လံရှင်းပြပါသည်။ ဓမ္မရံကြီးဘုရားကို တည်ဆောက်သူ ဘုရင် နရသူ သည် အဖေကို သတ်တဲ့မင်း၊ အကိုဖြစ်သူကို သတ်တဲ့မင်း၊ ဘုရားကြီးတည်ဆောက်ရာတွင်လည်း အုပ်စီရာတွင် မသေသပ်ပါက လက်ဖြတ်သတ်ဖြစ်ကြောင်း၊ နရသူ လက်ထက်တွင် ကောင်းတာဆို၍ ဒီဘုရားတည်တာ တခုသာရှိကြောင်း ပြောပြလာသောအခါ ပို၍မင်သက် အံ့သြမိသည်။ နောက်ပိုင်းတွင် ဘုရင်နရသူ အကြောင်းကို လေ့လာကြည့်မိသော အခါတွင်တော့ အလွန်ဆိုးသော မင်းဆိုးမင်းညစ် ဖြစ်ကြောင်း တွေ့ရပေ၏။ ဖခင်ကိုသတ်သော နရသူ ၏ ဇာတ်သိမ်းခန်းတွင် အသေဆိုးနဲ့ သေရကြောင်း တွေ့ရပေ၏။ ဓမ္မရံကြီးဘုရားကို ယခုလိုမျိုး ပေါ်ပေါက်လာအောင် တည်ဆောက်သူမှာ ဘုရင်နရသူ ရဲ့ အတွေးအခေါ်ဉာဏ်ပညာဖြင့် တည်ဆောက်သလော၊ သို့တည်းမဟုတ် ပညာရှိအမတ် အနန္တသူရိယ အမတ်ကြီး၏ ဉာဏ်ပညာတို့ဖြင့် တည်ဆောက်ခဲ့လေသလော ဟု သို့လောသို့လော နှင့် စာရေးသူ၏ အတွေးများထဲ ယခုအချိန်ထိ ဝေခွဲမရဘဲ ရှိနေမိသည်။ ဓမ္မရံကြီး ဘုရားကို လေ့လာလို့ ပြီးသောအခါ စာရေးသူတို့အဖွဲ့သည် နောက်ဘုရားတဆူသို့ သွားရောက်လေ့လာဖို့ ထွက်ခဲ့ကြပြန်၏။ ကားပေါ်ရောက်သောအခါ ကိုလင်းအောင်ပြည့်မှ ယခုသွားရောက်မယ့် ဘုရားမှာ ပြဿဒ်ကြီး ဘုရားဖြစ်ကြောင်း၊ ပြဿဒ်ကြီးဘုရားကို တည်ဆောက်သော ဘုရင်မှာ မြန်မာတို့၏ အယူအဆတခုဖြစ်သော ရက်ရာဇာ၊ ပြဿဒါး နေ့များကို ဆန့်ကျင်ပြီး အုတ်ဖုတ်သောနေ့၊ ပန္နက်ချသောနေ့၊ စတင်တည်ဆောက်သောနေ့ ၊ နေကဇာတင်သော နေ့ စသည်တို့ကို ပြဿဒါးနေ့မှာချည်းပဲ လုပ်ဆောင်ခဲ့ကြောင်း ပြောပြလာသောအခါ စိတ်ထဲတွင် အလွန်ကြည်နူးမိသည်။ ဘုရားပေါ်သို့ ရောက်သောအခါ တွင်လည်း အတူပါလာသော ကိုလင်းအောင်ပြည့်၊ မမေဇူး၊ မြူငှက်၊ ကိုသူရိန်၊ ကိုသစ်ကို တို့နှင့် အတူ ပြဿဒ်ကြီး ဘုရားပေါ်မှ ပုဂံမြို့၏ အလှကို ကြည့်ရှူ့ခံစားရင်း ဓာတ်ပုံရိုက်လိုက် ပုဂံမြို့၏ သမိုင်းအကြောင်းများကို ဆွေးနွေးလိုက်နဲ့ ပျော်ရွှင်ကြည်နူးရသည်။ ပြဿဒ်ကြီးဘုရားအား ဖူးမြော်လေ့လာအပြီး ကားပေါ်ပြန်ရောက်သောအခါ အတူပါလာသော ဒကာ ဒကာမများနှင့် ဘုရားကြီးအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဖြစ်ကြပြန်ပါသည်။ "ပုဂံ ဘုရားတွေထဲမှာ ဒီ ပြဿဒ်ကြီး ဘုရားကို နာမည်နဲ့ သမိုင်းကြောင်းကြားတာနဲ့တင် ဦးဇင်းတော့ တော်တော်သဘောကျမိတယ်” “ ဘာဖြစ်လို့လဲ ဦးဇင်း၊ ဦးဇင်းကလည်း ပြဿဒါးနေ့တွေဆိုတာမျိုးကို အယုံအကြည်မရှိလို့လား” “ဟုတ်တယ် ဒကာမကြီး၊ ရက်ရာဇာ၊ ပြဿဒါး ဆိုတဲ့ နေ့မျိုးတွေကို ငယ်ငယ်ကတည်းက အယုံအကြည်မရှိဘူး၊ အလုပ်တခုကို ရက်ရာဇာနေ့မှာ လုပ်ရင် အောင်မြင်မယ်၊ ပြဿဒါးနေ့မှာ လုပ်ဆောင်ရင် အဆင်မပြေဘူးဆိုတဲ့ မြန်မာတွေ လက်ခံယုံကြည်ထားတာမျိုးကို ဦးဇင်းအနေနဲ့ သဘောမကျမိဘူး၊ ဘယ်လိုနေ့မျိုးမှာဘဲ လုပ်လုပ် ကောင်းတဲ့အလုပ်မျိုးလုပ်တယ်ဆိုရင် အဲဒီနေ့မျိုးဟာ မင်္ဂလာရှိသော နေ့ပဲလေ၊ ပြဿဒါးတွေ ရက်ရာဇာ တွေ ရွေးနေစရာ မလိုပါဘူး” ဤသို့ဖြင့် ဘုရားအကြောင်း စသည်များပြောလိုက်၊ ဟိုဟိုဒီဒီ ပြောဖြစ်ကြရင်းနဲ့ နောက်ဘုရားတဆူသို့ ဆက်လက်ထွက်ခွါဖြစ်ခဲ့ကြပြန်သည်။ အာနန္ဒာ ဘုရားသို့ ရောက်သောအခါတွင်လည်း အာနန္ဒာဘုရား၏ အနုပညာလက်ရာများကို လေ့လာပြီး အတူပါလာသော မိတ်ဆွေများဖြစ်သည့် နိုင်လင်း၊ မြူငှက်တို့နဲ့ စကားလက်ဆုံ ကြမိပြန်သည်။
“ပုဂံ ဘုရားတွေကို လေ့လာကြည့်မိသမျှ ဘယ်ဘုရားပဲကြည့်ကြည့် တခြားသော အယူဝါဒမျိုးတွေ ရောယှက် နေတာမျိုး မတွေ့ရဘူး။ အရပ်ရှစ်မျက်နှာ၊ ဂြိုလ်ပြေနံပြေဘုရားဆိုတာမျိုးတွေလည်း မတွေ့ရဘူး၊ ဒါကိုကြည့်ခြင်းအားဖြင့် ပုဂံခေတ်က ထေရဝါဒ ဟာ လုံးဝစစ်မှန်တယ်ဆိုတာ ပုဂံဘုရားတွေက သက်သေပြနေတာပဲ”
“ဟုတ်တယ် ဦးဇင်း၊ တပည့်တော်လည်း အဲဒါပဲစဉ်းစားနေတာ၊ ဘယ်ဘုရားပဲကြည့် ဟိုဘက်ဒီဘက် လေးမျက်နှာလောက်ပဲထားတယ်၊ အဲဒီနေရာတွေမှာလည်း ဗုဒ္ဓရုပ်ပွါးတော်ပဲ ရှိတာ တခြားသောအယူဝါဒတွေ ဝင်ရောထားတာမျိုး ဘာမှမတွေ့ရဘူး၊ ဒါနဲ့ ဒီ အာနန္ဒာဘုရားမှာ ခြေင်္သေ့တွေ တွေ့တယ်၊ ဘုရားရှေ့မှာ ခြေင်္သေ့ကို ဘာဖြစ်လို့ ထားကြတာလဲ” “အရင်ရှေးမြန်မာမင်းတွေ လက်ထက်တုန်းကပေါ့ကွာ၊ ဘုရင့်သမီးတော်တစ်ယောက်ဟာ တောထဲမှာ ခြေင်္သေ့နဲ့ အကြောင်းပါးပြီး၊ သီဟဗာဟု လို့ အမည်ရတဲ့ မင်းသားလေးတစ်ပါး ဖွါးမြင်ခဲ့တယ်။ အဲဒီမင်းသားလေး ကြီးလာတဲ့အခါ တောအရပ်မှာ မနေချင်တော့လို့ ခြေင်္သေ့ကြီး အစာရှာထွက်တဲ့ အချိန်မှာ မိခင်ကို ခေါ်ပြီး၊ သူ့ရဲ့ ဘိုးတော်များရှိတဲ့ မင်းနေပြည်တော်ဆီ ပြန်သွားတာပေါ့။ ခြေင်္သေ့ကြီး ပြန်လာတဲ့အခါမှာ သူ့သားကို မတွေ့တော့ လိုက်ရှာရင်းနဲ့ လူတွေနေတဲ့နေရာဆီ ရောက်လာပြီး သောင်းကျန်းတော့တာပဲ။ အဲဒီအချိန်မှာ သီဟဗာဟု မင်းသားဟာ သူရဲ့ဖခင်ခြေင်္သေ့ကြီးကို ပြန်သတ်တော့တာပဲ။ သီဟဗာဟု မင်းဖြစ်လာတဲ့ အခါမှာ ခေါင်းကိုက်တဲ့ ဝေဒနာကို ကြီးစွာခံစားရလို့၊ မင်းနေပြည်တော်မှာရှိတဲ့ အကောင်းဆုံးသမားတော်တွေနဲ့ ကုလည်း မပျောက်ဘူးပေါ့။ အဲဒီတော့ ပညာရှိအမတ်တွေက ပြောကြတယ် ဖခင်ခြေင်္သေ့ကို သတ်လို့ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရတာပဲ။ ခေါင်းကိုက်ဝေဒနာပျောက်သွားအောင် ဘုရားရဲ့ ရှေ့မှာ ခြေင်္သေ့ရုပ်ကို တည်းထားကိုးကွယ်ပြီး ဝန်ချတောင်းပန်မှ ဒီဝေဒနာ ပျောက်မယ်ဆိုတော့ အဲဒီသီဟဗာဟု က အစပြုပြီး ခြေင်္သေ့တွေ ဘုရားရှေ့မှာ ပေါ်လာတာလို့ စာအုပ်တွေထဲမှာတော့ ဖတ်ဘူးတယ်။
တနည်းအားဖြင့် မိဘရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့နိုင်အောင်ပေါ့ကွာ။ မိခင် ဖခင်ဟာ ဘာပဲဖြစ်နေဖြစ်နေ သာသမီးက သတ်တယ်ဆိုရင်တော့ မာတုဃာတကကံ ပိတုဃာတကကံ ထိုက်ပြီး သေရင်တော့အဝိစိ ရောက်မှာပါပဲ” ဟု ရှင်းပြ ဖြစ်ခဲ့ပါသည်။ ဖခင်ကို ပြစ်မှားလျှင်၊ ဖခင်ကို စော်ကားလျှင် ယခုဘဝမှာလည်း ကောင်းကျိုးမပေး၊ ဆိုးကျိုးတွေပဲ ကြုံတွေ့ရတတ်ကြောင်း၊ သေလွန်သည့်အခါမှာလည်း အဝိစိ ငရဲရောက်ရ ကြောင်းကို ဘုရားရှင်လက်ထက်က ဖခင် ဗိမ္ဗိသာရ ကို သတ်သော အဇာတသတ် မင်းသားကို ကြည့်၍လည်း သိနိုင်ပေ၏။ အဇာတသတ် သည် ယခုဘဝတွင် မဂ်ဖိုလ်ရနိုင်သောသူ ဖြစ်ပါလျှက် ဒေဝဒတ်ကို ဆရာတင်မှားမိသောကြောင့်၊ ဖခင်ကိုသတ် ကာ အဝိစိငရဲ သို့ သွားရရှာပါသည်။ ဆရာအတင်မှားလျှင် အပါယ်ငရဲရောက်နိုင်တတ်ကြောင်း စာဖတ်သူများ ကောင်းကောင်းသတိချပ်အပ်ပါ၏။
ဗိမ္ဗိသာရမင်းကြီးကို အဇာတသတ် သတ်သည်ဟုသာ လူတော်တော်တော်များက သိထားကြပါသည်။ အဇာတသတ်ကိုကော ဘယ်သူသတ်သလဲဆိုတာ သိသူနည်းမည်ထင်မိပါ၏။
သာမညဖလ သုတ္တန်တွင် အောက်ပါအတိုင်း တွေ့ရပါသည်…
“အဇာတသတ္ထု ဗိမ္ဗိသာရံ ဃာတေသိ။ ဥဒယော အဇာတသတ္ထုံ၊ တဿ ပုတ္တော မဟာမုဏ္ဍိကော နာမ ဥဒယံ၊ တဿ ပုတ္တော အနုရုဒ္ဓေါနာမ မဟာမုဏ္ဍိကံ၊ တဿ ပုတ္တော နာဂဒါသော နာမ အနုရုဒ္ဓံ။ နာဂဒါသံ ပန “ဝံသစ္ဆေဒက ရာဇာနော ဣမေ၊ ကိ ံ ဣမေဟိ” တိ၊ ရဌဝါသိနော ကုပိတာ ဃာတေသုံ” (သီ၊ ဌ၊ သာမညဖလသုတ္တ)
ဗိမ္ဗိသာရ ကို အဇာတသတ်မင်းသားက သတ်၏။
အဇာတသတ် ကို သားဖြစ်သူ ဥဒယဘဒ္ဒ မင်းသားက သတ်၏။
ဥဒယဘဒ္ဒ ကို သားဖြစ်သူ မဟာမုဏ္ဍိက မင်းသားက သတ်၏။
မဟာမုဏ္ဍိက ကို သားဖြစ်သူ အနုရုဒ္ဓ မင်းသားက သတ်၏။
အနုရုဒ္ဓ ကို သားဖြစ်သူ နာဂဒါသ မင်းသားက သတ်၏။
နာဂဒါသ မင်းသား၏ လက်ထက်တွင်မူ တိုင်းသူ ပြည်သားများက
ဒီမင်းတွေက အနွယ်ကို ဖျက်တဲ့ မင်းတွေပဲ။ ဖခင်ကို သတ်တဲ့ မင်းဆိုးမင်းညစ်တွေပဲ ဟု ဆိုကာ တိုင်းသူပြည်သားအပေါင်းမှ နာဂဒါသ ကို သတ်ပစ်လိုက် ကြပါသည်။ ထို အခါမှ စ၍ အဇာတသတ် ၏ မျိုးဆက်လည်း ပြတ်သွားသည်ကို တွေ့ရပေ၏။
ဤ သာဓကတို့ကို ကြည့်ပါက ဖခင်ကို စော်ကားလျှင်၊ ဖခင်ကို သတ်လျှင် ယခုပစ္စုပ္ပန် ဘဝတွင်လည်း အသေဆိုးနဲ့ သေရကြောင်း တွေ့ရပေ၏။ သေလွန်သည့် အခါတွင်လည်း အဝိစိငရဲ သို့ မလွဲမသွေ ရောက်ရကြောင်း တွေ့ရပေ၏။ အချုပ်အားဖြင့် ဆိုချင်သည်မှာ စာဖတ်သူအပေါင်း သူတော်ကောင်းများသည် မိခင် ဖခင်တို့၏ ကျေးဇူးကို မပေးဆပ်နိုင်လျှင်တောင်မှ မိခင် ဖခင် တို့အပေါ်တွင် မပြစ်မှားမိဖို့၊ မစော်ကားမိဖို့ စာရေးသူအနေနဲ့ တိုက်တွန်းချင်ပါသည်။ မိခင် ဖခင်တို့၏ ဂုဏ်ကျေးဇူးကို တတ်စွမ်းနိုင်သမျှ ပေးဆပ်နိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်နိုင်ကြပါစေ ဟုလည်း ဆုတောင်းမေတ္တာပို့သမိပါ၏။
သျှင်သာမိ - မုံရွာ
https://shinsami.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊