Friday, September 14, 2012

မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ နှင့် မြန်မာစာ ပေါ်ပေါက်လာခြင်း သမိုင်းအကျဉ်း

စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ ပေါ်ပေါက်ခြင်း

အိန္ဒိယမှ မဟာမေဒင်တို့၏ဘေးကြောင့် မဟာယနရဟန်းများ ထွက်ပြေးရောက်
ရှိလာသဖြင့် မဟာယနဗုဒ္ဓဘာသာထွန်းကားလာသော နိုင်ငံများနှင့် ယင်း အချိန်မှီ
မတိုင်မီကပင် မဟာယနဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးနေကြသော နိုင်ငံများမှာ
နီပေါလ်၊ ဆစ်ကင်း၊ ဘူတန်၊ တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊
မန်ချူးရီးယား၊ ဆိုဒ်ဗေးရီးယား၊ ရုရှားမြောက်ပိုင်းပြည်များဖြစ်ပါသည်။
အိန္ဒိယမြောက်ပိုင်း မဟာယနဗုဒ္ဓဘာသာသည် မြောက်ပိုင်းတိုင်းပြည်များသို့
ရောက်ရှိထွန်းကားနေသကဲသို့၊ တောင်ဘက်ပိုင်းဖြစ်သော မြန်မာ၊ ယိုးဒယား၊
အင်ဒိုးနီးရှားနိုင်ငံများသို့လည်း ရောက်ရှိခဲ့သည်ဟု အဆိုရှိပေသည်။
အနော်ရထာမင်း(အေဒီ ၁၀၄၄ - ၁၀၇၇) လက်ထက်တွင် ပုဂံ၌ မဟာယနတို့၏
တန္တရ၊ မန္တရ အဆက်အနွယ်ဖြစ်သော အရည်းကြီးရဟန်းများ အထင်အရှားရှိနေ
သဖြင့် မြန်မာနိုင်ငံသို့လည်း မဟာယနဗုဒ္ဓဘာသာရောက်ရှိကြောင်း ထင်ရှားပေသည်။
၁၉၆၉ ခုနှစ် (သာသနာနှစ် ၂၅၀၀) ပြည့်နှစ်ထုတ် ရန်ကုန်တက္ကသိုလ်ပါဠိအသင်း
မဂ္ဂဇင်းပါ “ကမ ္ဘာ့အလင်းရောင်” ဆောင်းပါးတွင် မြန်မာပြည်(အထက်ပိုင်း) ၌
အနော်ရထာမင်း လက်ထက်တိုင်အောင် ဗြဟ္မဏဘာသာ၊ မဟာယနဗုဒ္ဓဘာသာ
တို့ ရောနှောရှိခဲ့ကြောင့်၊ ခရစ်နှစ် ၆ ရာစုတွင် အိန္ဒိယမြောက်ပိုင်း အရှေ့ဘက်
ဘင်္ဂလားမှတဆင့် တန ္တရအယူဝါဒအတွင်းခံရှိသော မဟာယနဗုဒ္ဓဘာသာသည်
မြန်မာပြည်အထက်ပိုင်းသို့ ရောက်ရှိလာသဖြင့် ပန်းဦးပန်အရည်းကြီးများ ခေတ်စား
လာခဲ့ရကြောင်း”ရေးသားဖော်ပြထားသည်ကို တွေ့ရပေသည်။
ရှေးမြန်မာတို့သည် သထုံမှ သာသနာပြုကြွရောက်လာသော မွန်ရဟန်းတော်
“ဓမ္မဒဿီ” ခေါ် ရှင်အရဟံ၏ ကျေးဇူးကြောင့် အနော်ရထာမင်းလက်ထက်မှစ၍
အရည်းကြီးတို့၏ တန္တရ၊ မန္တရအတွင်းခံရှိသော မဟာယနဗုဒ္ဓဘာသာကိုပစ်ပယ်၍
စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ကို ပြောင်းလဲ လက်ခံရရှိခဲ့ကြပေသည်။

မြန်မာစာ ပေါ်ပေါက်လာခြင်း

ပုဂံသို့ ရှင်အရဟံ ရောက်ရှိပြီးနောက်တွင် စာပေဘက်၌ “သထုံမှရရှိသော
မွန်ဘာသာပိဋကတ်တော်များကို ပုဂံသို့ရောက်ရှိလာသော မွန်ရဟန်းတော်များ
အား မြန်မာဘာသာအရေးအသားဖြင့် ပြန်ဆိုစေခဲ့သည်” ဟု မှန်နန်းရာဇဝင်၌
ရေးသားခဲ့သော်လည်း၊ အမှန်မှာ မြန်မာတို့သည် ပိဋကတ်တော်များကို ရှေးဦးစွာ
မွန်ဘာသာဖြင့်ပင် သင်ကြားခဲ့ကြခြင်းသာဖြစ်သည်။ ထို့ကြောင့် အနော်ရထာမင်း
လက်ထက်တွင် မြန်မာတို့သည် ပျူစာသာမက မွန်စာကိုပါ ရေးသားအသုံးပြုခဲ့
သည့် အပြင်၊ တစ်ခါတရံ နာဂရီဘာသာဖြင့်လည်း ရေးသားအသုံးပြုခဲ့ကြောင်း၊
တူးဖော်ရရှိသော အုတ်ခွက်စာ၊ စဉ့်ခွက်စာများအရ သိရှိရပေသည်။

အနော်ရထာလွန်ပြီးနောက် စောလူမင်းလက်ထက်တွင် ပါဠိ သက္ကတစာများကို
မွန်အက္ခရာဖြင့်ပင် အနည်းငယ်ရေးခဲ့သည်ကို တွေ့ရှိရပြီး၊ ထီးလှိုင်ရှင်
ကျန်စစ်သားမင်း လက်ထက်တွင်မူ မိမိဘွဲ့အမည်ကို နာဂရီအက္ခဖြင့်ရေးသား
ခဲ့သော အုတ်ခွက်တစ်ခုမှလွဲ၍ ပျူစာ၊ နာဂရီစာကို လုံးဝမသုံးတော့ဘဲ
မွန်စာကိုသာ အသုံးပြုထားသည်ကို တွေ့ရှိရသည်။

ကျောက်စာများကိုလည်း မွန်စာဖြင့်ပင် ရေးထိုးခဲ့သည်။ သို့ရာတွင် ယင်းမွန်အက္ခရာ
ကိုအခြေခံ၍ မွန်ပညာရှင် ရဟန်းတော်များနှင့် ရှေးမြန်မာကြီးများ၏
ကြိုစားတီထွင်မှု့အရ မြန်မာစာလည်း ပေါ်ပေါက်လာရတော့သည်။
သမိုင်းပါမောက္ခများဖြစ်ကြသော ဒေါက်တာသန်းထွန်း နှင့် ဒေါက်တာကျော်သက်
တို့က “မြန်မာတို့၏ ရှေးဟောင်းအက္ခရာများသည် ပျူတို့ထံမှယူ၍ ရေးသားခဲ့ခြင်း
မဟုတ်ဘဲ မွန်တို့ထံမှ အတုယူ၍ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း” ၎င်းတို့၏ သမိုင်း
စာအုပ်များတွင် ရေးသားဖော်ပြထားခဲ့ခြင်းဖြစ်သည်။ အလားတူ ဦးသာမြတ်က
လည်း “ယနေ့ မြန်မာအက္ခရာကို မွန် - မြန်မာ အက္ခရာ” ဟူ၍ မြန်မာ့စွယ်စုံကျမ်း
တွင် ရေးသားဖော်ပြထားသကဲ့သို့၊ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ
ဒေါက်တာလှဖေကလည်း “မြန်မာတို့သည် ၁၁ ရာစုတွင် မွန်တို့ထံမှအက္ခရာများ
လက်ခံခဲ့ကြပြီး မြန်မာဘာသာကို အက္ခရာတင်ကြသည်” ဟု မြန်မာနိုင်ငံ
သုတေသနသတင်းဂျာနယ် အတွဲ ၅၄ တွင် ရေးသားဖော်ပြခဲ့သည်။

သို့ရာတွင် ကျန်စစ်သားမင်း၏သားတော် ရာဇကုမာရ်ကျောက်စာရေးချိန်၌
မြန်မာစာတွင် မွန်စာအရေးအသား အများအပြား ရောနှောနေသေးလျက်၊ ယနေ့
ရေးသားနေသောအဆင့်သို့ရောက်ရှိရန်မှာ နှစ်ပေါင်းများစွာ တီထွင်ခဲ့ရသည်
ဟုဆိုသည်။ ထို့ကြောင့် ဆရာဦးသောင်းလွင် (ဘီအေ) က “ထိုအချိန်၌ မြန်မာစာ
မှာ လမ်းလျှောက်သင်စ ကလေးတစ်ယောက်ကဲ့သို့ တုန်ချည့်ယိမ်းယိုင်
လျက်ရှိနေသေးကြောင်း၊ ယနေ့အသုံးပြုနေသော စာပေအရေးအသားအဆင့်
ရောက်ရန် ရှေးမြန်မာကြီးများတို့ နှစ်ပေါင်း ၅၀၀ ခန့် ကြံစတီထွင်ခဲ့ရကြောင်း”
ကို “မြန်မာအက္ခရာဗေဒ” စာအုပ်တွင် ရေးသားဖော်ပြထားခြင်းဖြစ်သည်။
အချုပ်အားဖြင့် ဤသမိုင်းကြောင်းများကို ထောက်ဆလျှက် မြန်မာတို့သည်
မွန်ရဟန်းတော်များနှင့် ပိဋကတ်တော်များ ပုဂံသို့ရောက်ရှိသည့်အချိန်မှစ၍
ပျူတို့၏ ဘာသာယဉ်ကျေးမှု့ဖြစ်သော မဟာယန တန ္တရ မန ္တရအယူဝါဒကို
ပစ်ပယ်၍ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာယဉ်ကျေးမှု့ကို လက်ခံရရှိ
လာကြသကဲ့သို့ ပျူစာအရေးအသားကိုလည်းပစ်ပယ်၍ မွန်စာအရေးအသားမှ
တဆင့် မြန်မာစာပေအရေးအသားကိုပါ လက်ခံရရှိလာကြောင်း ဆိုလိုပေသည်။

C . S ……. မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာပေါ်ပေါက်
လာအောင် ပထမမြန်မာနိုင်ငံကိုထူထောင်သော အနော်ရထာ မင်းကြီး၊
ရှင်အရဟံ နှင့် မွန်ရဟန်းရှင်များသည် ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရခြင်း
ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားရှင်ဟောကြားခြင်းမရှိသော ထေရဝါဒနှင့် သွေဖီသော
ဟောပြောချက်၊ ရေးသားချက်များကို ပြုမှုလျှက် ထေရဝါဒ ဗုဒ္ဓဘာသာကို မဖျက်စီးသင့်ပေ၊
ထို့အတူ မြန်မာစာပေါ်ပေါက်လာအောင် ရှေးပညာရှင်ကြီးများက နှစ် ၅၀၀
ခန့်ကြာအောင် ကြိုးစားတီထွင်ခဲ့ရပါသည်၊ ထိုကြောင့် မြန်မာ့စာပေကိုလည်း
မြန်မာပြည်ဖွားများအားလုံး မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ရပေမည်။
စာရေးသူ အင်္ဂလိပ်စာသင်နေသော မိတ်ဆွေတစ်ယောက်နှင့် စကားလက်ဆုံကြ
ဘူးပါသည် သူက မြန်မာစာအုပ်ဆို လုံးဝမဖတ်ကြောင်း၊ အင်္ဂလိပ်စာအုပ်တွေပဲ
ဖတ်ကြောင်း ပြောပါသည်။ မြန်မာလူမျိုးတစ်ယောက်က မြန်မာ့စာပေကို
မဖတ်လျှင် မည့်သည့်လူမျိုးက ဖတ်မည်နည်း၊ မြန်မာလူမျိုးတစ်ယောက်က
မြန့်မာစာပေကို တန်ဖိုးမထားလျှင် မည်သည့်လူမျိုးက တန်ဖိုးထားမည်နည်း၊
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာသော ယနေ့ခေတ်အချိန်အခါအတွင် အခြားသော
ဘာသာစကားများကိုလည်း သင်ယူတတ်မြောက်သင့်ပေသည်၊ သို့သော်
မိခင် ဘာသာစကားကိုလည်း အစဉ်သဖြင့်တိုးတက်အောင်ကြိုးစားရပေမည်။
တန်ဖိုးထားရပေမည်။ စောင့်ရှောက်ရပေမည်။

မြန်မာ့စာပေကို တီထွင်ခဲ့ကြသော ရှေးပညာရှင်စာဆိုတော်များ၊ အင်းဝခေတ်မှ ပေလေးပင်
ရှင်လေးပါး(ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလဝံသ၊ ရှင်ခေမာ၊ ရှင်အုန်းညို) စသော စာဆိုရှင်များ၊
ကုန်းဘောင်ခေတ်တွင် ရှင်မဟာရဋ္ဌသာရ၊ ဖိုးသူတော်ဦးနု၊ စလေဦးပုည၊ အချုပ်တန်းဆရာဖေ
စသော စာဆိုပညာရှင်များ၊ ကိုလိုနီခေတ်၌ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ စသော
စာဆိုပညာရှင်များသာ မပေါ်ပေါက်ခဲ့ပါက ယနေ့ မြန်မာ့စာပေသည် ယခုကဲ့သို့
ထွန်းထောက်လျက်ရှိနေမည်မဟုတ်ချေ၊ ထို့ကြောင့် မြန်မာ့စာပေကို တိုးတက်
အောင်ပြန်ပွါးအောင် ပြုလုပ်ရမည်မှာ မြန်မာတိုင်းတွင် တာဝန်ရှိလှပေသည်။
Ref...ဦးစိန်ထွန်း(မာမက သုတေသီ) ကမ္ဘာပတ်၍ ဘုရားရှာခြင်း
မြန်မာ ဟူသောစကား၏ အဓိပ္ပါယ်
“မြန်” ဟူသည်မှာ စစ်ချီတက်ခြင်းမှ စ၍ ခက်ခဲသောအရေးအကြောင်းနှင့်
ကြုံသည့် အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇဝနဉာဏ်၊ တင်္ခနုပတ္တိဉာဏ်
တို့ဖြင့် လျင်မြန်စွာကြံစည်တတ်သောသတ္တိဂုဏ်ဖြင့် ပြည့်စုံခြင်း၊
“မာ” ဟူသည်မည်သည့်အရာမဆို ဆန္ဒ၊ အာသီသ နှလုံးသွင်းသည့်အတိုင်း
ပေါက်မြောက်အောင် မလျှော့သော လုံးလဝီရိဖြင့် ဇာတိသွေး၊ ဇာတိမာန်
ခက်ထန်တင်းမာသော စိတ်ရင်းသတ္တိနှင့်ပြည့်စုံခြင်းဟူ၍ အဓိပ္ပါယ်ရပေသည်။

 မြန်မာ့အဘိဓာန်
အရှင်ဝရသာမိ
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊