Monday, December 26, 2011

ဆရာအတင်မှားက အပါယ်လားနိုင်သည်

ဓမ္မကထိက ဆရာတော်တစ်ပါး၏ သြဝါဒခံယူပွဲတစ်ခုတွင် သီတဂူ ဆရာတော်ကြီး၏ သြဝါဒတစ်ခုကိုနာကြားရပါသည်။ “ရဟန်းတစ်ပါးအနေနဲ့ ပလ္လင်ပေါ်တက်တဲ့အခါ ပလ္လင်နဲ့ တန်တဲ့စကားကိုပဲပြော၊ပလ္လင်ပေါ်တက်ပြီး လမ်းဘေးက ကလေကချေတွေပြောသလိုစကား မျိုးကို မပြောနဲ့၊ ကလေကချေတွေပြောတဲ့စကားမျိုးကို ပြောမယ်ဆိုရင် ပလ္လင်ပေါ်တက်ဖို့ မသင့်ဘူး” ဟု နာကြားရပါသည်။ 


ထို့ပြင် ဆရာတော်ဘုရားသည် တပည့်များကိုလည်း
ဤသို့ဆုံးမတတ်ပါသည် “မင်းတို့တွေ တချိန်မှာ ပလ္လင်ပေါ်တက်တော့မယ်ဆိုရင် မတက်ခင် ကတည်းက ပိဋကတ်စာပေတွေကို သေချာလေ့လာ၊ လေ့လာပြီးမှပြော သေချာလေ့လာခြင်းမရှိဘဲ နောက်မှ မှားသွားပါတယ်ဆိုတဲ့ ဆင်ခြေကိုမပေးနဲ့” ဟု အမြဲဆုံးမလေ့ရှိပါသည်။
မှန်ပါသည်၊ မည်သူမှ အမှားနှင့်မကင်းနိုင်ကြပေ၊ သို့သော်လည်း ဓမ္မကထိက ဆရာတော်၏ အမှားသည် စေတနာအမှားပင် ဖြစ်စေကာမူ လူပေါင်းမြောက်များစွာ အယူအမြင်တွေ မှားသွားနိုင်ပါသည်။
မပြစ်မှားသင့်သူကို ပြစ်မှားနိုင်ကြသည်။ ဤ အကြောင်းအရာနဲ့ ပတ်သက်ပြီး မိတ်ဆွေရဟန်းတပါးနှင့် ဆွေးနွေးဖြစ်ဖူးသည်။ ဒကာ၊ ဒကာမတွေမှာ ချွေးနည်းစာနဲ့ ရှာထားတာလေးတွေနဲ့ လိုလေသေးမရှိအောင် လှူဒါန်းထောက်ပံ့ ကိုးကွယ်ကြရှာတယ်။ သူတို့ကိုးကွယ် ဆည်းကပ်တဲ့သူက နိဗ္ဗာန်ပို့မယ့်သူမဟုတ်ဘဲ
အပါယ်ဆွဲချတဲ့သူဖြစ်နေရင် မိအေးနှစ်ခါ နာတာထက် ပိုဆိုးသည် ဟူ၏။

မှန်ပေသည် ဘုရားရှင်က သတ္တဝါများအားသံသရာ၀ဋ်ဒုက္ခမှ ကယ်တင်ရန်အတွက် ထားရစ်ခဲ့သည့် တပည့်သားကြောင့် သတ္တဝါအများ အပါယ်သို့ချည်း သွားကြရမည်ဆိုပါလျှင် ခုတ်ရာတခြား ရှရာတစ်ခြား၊ ခါးတောင်းကျိုက်တလွဲ တင်တလွဲဖြစ်ပေတော့မည်။
မိုးကုတ်ဆရာတော်ကြီး ဆုံးမတော်မူသည့် “ဆရာမှားပါက တပည်အများမှာ တသံသရာလုံးမှောက်သွားနိုင်သည်” ဆိုသော ဆုံးမသြဝါဒကို ကိုးကွယ်ဆည်းကပ်သူ ဒကာ ဒကာမများ သတိပြုဆင်ခြင်သင့်သလို တချိန်မှာ ဓမ္မကထိက လုပ်ကြမည့် မျိုးဆက်သစ် ညီတော် နောင်တော်များလည်း သတိပြုဆင်ခြင်သင့်လှပါ၏။
ဤတွင် စာရေးသူ အကြိမ်ကြိမ်အခါ နာကြားနေမိသော ပါချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်ထဲမှ ထုတ်နုတ်ဖော်ပြချင်ပါသည်၊ မိမိကိုယ်တိုင်လည်း အထပ်ထပ်နားကြားဖြစ်ပါသည်၊ စာရေးသူနှင့် နီးစပ်ရာ ဒကာ ဒကာမ မိတ်ဆွေအပေါင်းအသင်း တို့ကိုလည်း လက်လှမ်းမှီသမျှ ဖြန့်ဝေ၍ နားကြားစေခဲ့ပါသည်။ ဤနေရာတွင် “တရားသိလျက်
အကျင့်ခက်” ဟူသော ထိုတရားတော်ထဲမှ မှတ်သားလိုက်နာဖွယ်ကောင်းသော စကားရပ်တို့ကို ကောက်နှုတ်ဖော်ပြပါအံ့..
“ရဟန်းတစ်ပါးအနေနဲ့ စာသင်လိုက်လို့ ဘာစာမေးပွဲတွေအောင်တယ်၊ ဘွဲ့ထူး ဂုဏ်ထူးတွေရတယ် စာပေတွေတတ်လာလို့ နာမည်လေးတစ်လုံးရလာတဲ့အခါကျတော့ ကြည်ညိုကိုးကွယ်တဲ့
ဒကာ ဒကာမတွေများလာတယ် များလာတော့ လာဘ်လာဘတွေ များလာတယ်၊ များလာတော့ စိတ်ကြီး၀င်လာတယ်၊ ပုထုဇဉ်တို့ရဲ့ သဘာ၀အတိုင်း မာန်မာနတွေ ဖြစ်လာတယ်၊ သင်ထားတဲ့ စာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေပေါလာတယ် လာဘ်လာဘတွေပေါလာတာကို အကြောင်းပြုပြီးတော့ ငါသိတယ် ငါတော်တယ် ငါတတ်တယ် ဘေးကလည်းဝုိင်းပြီးမြှောက်တာတွေ ပါလာတဲ့အခါကျတော့ မာန်တက်လာတယ်တဲ့ မာန်တက်လာပြီဆိုကတည်းက သိတော့သိပြီ မကျင့်တော့ဘူး အောက်ချေလွတ်သွားပြီးတဲ့အခါမှာ ဘာတွေဖြစ်ကုန်သတတ်တုံး ဆိုရင် ပြောချင်ရာပြောတာတို့ လုပ်ချင်ရာလုပ်တာတို့ သူပြောသမျှ ပရိသတ်က လက်ခံနေတယ် ဆိုရင် ပြောချင်ရာပြောတယ် သူလုပ်သမျှ ပရိသတ်က လက်ခံနေပြီဆိုရင်လည်း လုပ်ချင်ရာလုပ်
တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတယ်”

ဆရာတော်ဘုရားသည် အထက်ပါတရားတော်ကို အကြောင်းမဲ့ဟောကြားခြင်းမျိုးတော့ မဖြစ်တန်ရာ၊ ယခုအခါသာသနာအတွင်း၌ ပေါ်ပေါက်နေသော ဟောချင်ရာဟော ပြောချင်ရာပြောနေသော ပုဂ္ဂိုလ်အချို့ကြောင့် သာသနာအရေးကို စိုးရိမ်ကြောင့်ကြတော်မူသောကြောင့် ဟောခြင်း
ဖြစ်ပေလိမ့်မည်။ ဆက်ပါဦးအံ့….

“မြတ်စွာဘုရား သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့အခါမှာ တရားဓမ္မဟာ မှန်ကန်မှုရှိတယ်၊
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့အတိုင်းလေ့လာသိရှိဖို့ လိုတယ်၊ ထိုသိရှိထားတဲ့အတိုင်း တရားနာ ပရိသတ်တွေ မိမိရဲ့ပတ်၀န်းကျင်က ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လို့တယ်၊ အဲဒီလို မဟုတ်ဘဲ ဘုရားဟောတဲ့တရားကို မဟောဘူးလို့ ပြောမယ်၊ မဟောတာကိုတော့ အဟောလုပ်ပြီး ပြောမယ်
ဆိုလို့ရှိရင် မမှန်ကန်တော့ဘူး၊ မမှန်ကန်ရုံတင် မကဘူး အဂုင်္တ္တရနိကာယ်မှာ မြတ်စွာဘုရား
ဘုရားက ဟောထားတာ ရှိတယ်..

နံပါတ် - ၁ - ဘုရားဟောတဲ့တရားကို မဟောဘူးလို့ပြောမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ
လူအများအကျိုးစီးပွါးမဲ့အောင် ပြုလုပ်ရာရောက်တယ်၊
နံပါတ် - ၂ - အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ များစွာဖြစ်ပွါးစေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊
နံပါတ် - ၃ - မြတ်စွာဘုရားဘုရား သာသနာတော်ကြီးကို ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်၊
ဘုရားဟောတာကို မဟောဘူးလို့မပြောမိဖို့၊ ဘုရားမဟောတာကိုတော့
အဟောလုပ်ပြီး မပြောမိဖို့ ဓမ္မကို အဓမ္မလို့ မပြောမိဖို့ အရေးကြီးတယ်၊ လောကလူတွေက မာန်မာနတက်လာတဲ့အချိန်မှာ ပြောလို့မရဘူး၊ ဒါအမှန်ဘဲ စီပွါးတွေတက်လာလို့ အောင်မြင်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက် ဆုံးမလို့ မရဘူး၊ ရာထူးတွေ သိပ်မြင့်နေရင်လည်း ဆုံးမလို့မရဘူး လူတွေဟာ တခုခုအောင်မြင်ပြီဆိုရင် ဘယ်သူပြောတာမှ သိပ်ပြီးနားမထောင်ချင်ဘူး”
မှန်ပါသည်။ ယခုခေတ်ကာလတွင်လည်း စာရေးသူ မြင်တွေ့နေရပါသည် နာမည်လေးတလုံးရလာတဲ့ပုဂ္ဂိုလ်အချို့ ဘုရားဟောတဲ့တရားကို မဟောဘူးလုပ်၊ ဘုရားမဟောတာကိုတော့ အဟောလုပ်၍ ဟောပြောနေသော
ပုဂ္ဂိုလ်အချို့အား အမှားကိုထောက်ပြဝေဖန်လျှင် မိမိဟောသော တရားမှန်ကြောင်း သေချာစွာ ဖြေရှင်းနိုင်စွမ်းမရှိဘဲ စွပ်စွဲပုတ်ခတ်တတ်ကြပါသည်၊ ထိုပုဂ္ဂိုလ်ပါမက သူ၏ နောက်ပါတပည့်အပေါင်းပါတို့သည်လည်း
ထိုကဲ့သို့ပင် ငါ့ဆရာပြောတာပဲ အမှန် ငါ့ဆရာဟောတာပဲ အဟုတ် ဟုဆိုကာ မှန်ကန်သော အထောက်အထားဖြင့် ထောက်ပြဝေဖန်သူများကို ပြန်လည်ဖြေရှင်းနိုင်ခြင်းမရှိဘဲ စွပ်စွဲပုတ်ခတ်ကြ
ပါသည်၊ ဝိနစ္ဆယ ဆုံးဖြတ်တော်မူကြသော ထေရ်ကြီးဝါကြီး သံဃာ့နာယက ဆရာတော် သံဃာတော်အပေါင်းကိုပင် ကဲ့ရဲ့ရှုတ်ချတာတာကိုပင်တွေ့ဘူးပေ၏။

စာရေးသူတို့ ရဟန်းတော်(ဘာသာရေးခေါင်းဆောင်)များသည် စင်စစ်အားဖြင့် သာသနာပြုဖို့ အတွက်သာ သာသနာဆိုင်ရာ ပညာတို့ကို သင်ယူခဲ့ခြင်းဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအတွက် ကောင်းကျိုးပြုဖို့အတွက်သာ မိဘဆရာသမား၊ ဒကာ ဒကာမများက စောင့်ရှောက်ကျွေးမွေး ပညာတွေသင်ပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် သာသနာအတွင်းသို့ အမှိုက်များ ၀င်မလာအောင် သန့်ရှင်းတည်တန့်အောင် လုပ်ဖို့က ဘာသာရေးခေါင်းဆောင် ရဟန်းတော် အားလုံး၏ တာ၀န်သာဖြစ်ပါသည်။

ကဿပ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သာသနာကျန်ရစ်ခဲ့သော အချိန်က သာသနာ ကို ကြည်ညိုသော မိသားစု တစ်စု သာသနာအတွင်းသို့ ၀င်ရောက်လာခဲ့ကြပါသည်၊ သာဓိနီ အမည်ရသော မိခင်ကြီး၊ သာဏမည်သော အကိုကြီး၊ ကပိလ မည်သော ညီဖြစ်သူနှင့် တာပနာ - မည်သော ညီမဖြစ်သူတို့ အကျွတ်တရားရကာ သာသနာအတွင်းသို့ ၀င်ရောက်လာကြပါသည်။ ထိုအထဲတွင် အသက်အရွယ်လေးရလာသော အကိုကြီးဖြစ်သူသည် တောရဆောက်တည်ပြီး ကမ္မဌာန်းတရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါသည်
ညီဖြစ်သော ကပိလ သည်လည်း ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်လာပါသည်၊
စာတတ်လာတဲ့ အခါမှာ တပည့်ပရိသတ်တွေ များလာသည်၊ ကြည်ညိုကိုးကွယ်တဲ့ ဒကာ
ဒကာမတွေများလာသည်။ ဒါတွေကိုအကြောင်းပြုပြီး တရားကိုသိပြီး ကျင့်ရမယ့်အစား
မကျင့်ကြံတော့ဘဲ ပညာမာန်တွေတက်လာသည်၊ မာန်တွေတက်လာပြီး ကျန်တဲ့ရဟန်း
တွေအပေါ်မှာ အထင်သေးအမြင်သေးဖြစ်လာကာ သူ့လောက်မတတ်ဘူး၊ အလကား
နလပိန်းတုံးတွေ ဆိုပြီး ဆဲရေးလာပါတော့သည်၊ ကပိလ ဟာ သူများတွေကို အထင်သေး အမြင်သေးဖြစ်လာပြီးတော့ မောက်မာလာသည်၊ မောင်ဖြစ်တဲ့ ကပိလ ရဟန်းဟာ စာတတ်တော့ နှမဖြစ်သူ တာပနာ ဟာ ဂုဏ်ယူ၏၊ အမေဖြစ်သူ သာဓိနီ ကလည်း သူ့သားအတွက် ဂုဏ်ယူမဆုံး ဖြစ်လာသည်၊ နှားတောင်းရောင်ကြောင့် ပါးပြောင်ပြီး သူတို့ကပါ မာန်မာနတွေ တက်လာကြသည်။

ကပိလ ဟာ မာန်မာနတွေတက်လာပြီး တခြားရဟန်းတွေအပေါ်မှာ ရှုံ့ချဆဲရေးတိုင်းထွာ
လာသည်၊ အဲဒီလို ဖြစ်လာတဲ့အခါမှာ ရဟန်းကောင်းတို့က “အရှင်ဘုရား စာတတ်ပေတတ် ဖြစ်ရဲ့နဲ့ အဲဒီလို ဆဲရေးခြင်း၊ အထင်သေးအမြင်သေးလုပ်တာတွေကို မလုပ်ပါနဲ့” ဆိုပြီး ဝုိင်း၀န်းဆုံးမကြပါတယ်၊ ဒါပေမယ့် ကပိလ ဟာ မနာခံတဲ့အပြင် အဆုံးစွန်ထိ မိုက်ဇာတ်ခင်းလာပါတယ်။ ဘုရားမဟောတာကို အဟောလုပ် ပြောတယ်၊ ဘုရားဟောတာ ကိုကျတော့ မဟောဘူးလို့ပြောလာတယ်၊ ဓမ္မ ကိုလည်း အဓမ္မလို့ ပြောချင်ပြောတယ်၊ အဓမ္မကိုလည်း ဓမ္မလို့ ပြောချင်ပြောတယ်၊ ရဟန်းကောင်းတွေကလည်း ဆုံးမ၍မရတဲ့
အခါမှာ အကိုကြီးဖြစ်သူ ရဟန္တာကိုယ်တော်မြတ်ကြီးကို အရှင်ဘုရားရဲ့ညီအား ဆုံးမပေးဖို့ တောင်းပန်လျှောက်ထားကြပါတယ်။ ရဟန္တာဖြစ်သော အကိုကြီးက သုံးကြိမ်တိုင်တိုင် ဆုံးမပေမယ့်လည်း မနာခံပဲ လုပ်မြဲဆက်လုပ်တော့ အကိုကြီးဖြစ်သူကလည်း လျစ်လျူရှူ့သွား ပါတယ်၊ ကပိလ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ဒီတရားတွေဟာ အလကားပဲ
ဝိနည်းတရားတွေဆိုတာ အပိုတွေ ကျင့်နေလည်း အလကားပဲ ဆိုပြီး တရားရဲ့အပြစ်တွေကိုပြောပြီး ကဿပမြတ်စွာဘုရားရဲ့သာသနာကို ကွယ်အောင် လုပ်လာပါတယ်၊
ဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူ့နောက်ကလည်း ကိုးကွယ်တဲ့ ဒကာ ဒကာမတွေ လိုက်ကြတယ်၊ အဓိက ကတော့ သူ့အမေ နဲ့ သူ့နှမတို့ဟာ သူပြောတာ ဘာမဆို အမှန်ပဲ သူလုပ်သမျှ အဟုတ်ပဲ ဆိုပြီးလိုက်ကြတယ်၊ ကပိလ သေတဲ့အခါမှာ ဘယ်ရောက်သွားသလဲ ဆိုရင် အဝိစိငရဲသို့ ကျသွားပါတယ်၊ သူ့ကိုအားပေးအားမြှောက်ပြုပြီး အလိုတူအလိုပါဖြစ်တဲ့ မယ်တော်ဖြစ်တဲ့ ဘိက္ခူနီ၊ နှမတော်ဖြစ်တဲ့ ဘိက္ခုနီ နဲ့တပည့်အပေါင်းအပါတို့ဟာလည်း အဝိစိငရဲအထိ လိုက်လံအားပေးကြပါတယ်။

ဤတွင် စာရေးသူ တင်ပြချင်သည်မှာ ကပိလ ရဟန်းသည် သိရက်နဲ့မိုက်ခြင်းသာဖြစ်ပါတယ်၊
မယ်တော်နှင့် နှမတော်တို့မှာ သား နှင့် မောင် ဟူဟော အစွဲကြောင့် ပျက်စီးခြင်းသို့
ရောက်ပါသည်၊ ကြည်ညိုကိုးကွယ်သော ဒကာ ဒကာတို့သည်ကား မသိနားမလည်မှု့နှင့်အတူ ဂုဏ်သတင်းကြီးတာကို ဖက်တွယ်လျက် ဆရာမှားကို ချဉ်းကပ်မိသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်မှာ ထင်ရှားလှပါတယ်။ စာရေးသူပြောလိုသည်မှာစာဖတ်သူတို့အနေနဲ့ ဓမ္မကို ရှာဖွေတဲ့အခါမှာ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို့ အရေးကြီးလှပါသည်၊ မှန်ကန်သောဓမ္မ၊ စစ်မှန်သော တရား ဟုတ်မဟုတ် စမ်းစစ်တတ်ရပါမည်၊ တရားစစ်မစစ်ကို ဘုရားဟောတော်မူသော ပိဋကတ်ဟူသော ဓမ္မပေတံဖြင့် တိုင်းတာ၍ ရနိုင် ပါသည်၊ ဘုရားဟောနှင့်ညီညွတ်ခြင်းမရှိပါက အဓမ္မ ဟု မှတ်ယူရပေမည်။

ထိုအဓမ္မကို မသိနားမလည်မှုနဲ့ ဆုပ်ကိုင်ထားမိရင် အပယ်ငရဲသို့ ကျရောက်နိုင်ပါသည်။
ယခုခေတ်အခါ ပိဋကတ်သုံးပုံဆိုသော ဘုရားဟောတရားတွေကို အင်တာနက် မှာလည်း အလွယ်တကူရရှိနိုင်ပါသည်၊ မစွမ်းနိုင်ပါက တတ်ကျွမ်းနားလည်သော ဆရာတော်များထံသို့ ချဉ်းကပ်၍ မေးမြန်းပြီး သေချာစွာ လေ့လာသင့်ပါသည်။ မှန်ကန်စွာလေ့လာပြီး မှန်မှန်ကန်ကန် ကျင့်မှသာလျှင် ဗုဒ္ဓဘာသာ၀င်တို့ ရည်မှန်းသော ထွက်မြောက်ရာလမ်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက် နှင့် လွဲပါစေ ဟု ဆန္ဒပြုရင်း…….

***********

သျှင်သာမိ (မုံရွာ)
အိန္ဒိယနိုင်ငံ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့၊
၂၀၁၃ ခုနှစ်၊ နှစ်ပတ်လည် ကျောင်းသား မဂ္ဂဇင်း မှ.

3 comments:

  1. မေတ္တာရှင်(ရွှေပြည်သာ)အရှင်ဇ၀န ရဲ့ ဆရာကောင်းကိုရှာဖွေခြင်း ဆိုတဲ့စာအုပ်လေးဖတ်ကြည့်စေချင်တယ်။ဒီဆောင်းပါးရဲ့အဓိပ္ပါယ်ကိုအကျယ်ချဲ့ ထားတာပါ၊အလွန်လဲစိတ်ဝင်စားစရာကောင်းပါတယ်။

    ReplyDelete
  2. မည်သူဆို လိုက်နာမှတ်သားသင့်တဲ့ သြ၀ါဒလေးပါ ဘုရား ..
    တပည့်တော် ရှဲလ်ဖို့လည်း ယူသွားပါတယ် ဘုရား ..
    ဦးတင်ပါတယ် ဘုရား ...

    ReplyDelete
  3. အရှင်ဘုရား ကူးယူမျှဝေခွင့် ပေးတဲ့အတွက် ကျေးဇူးကြီးမား လှပါတယ်ဘုရား။ ဦးတင်ပါသည်ဘုရား...

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊