Friday, October 9, 2009

ပါရမီ ၁၀ ပါး

ဗုဒ္ဓမှာ ဇနီးလည်းရှိတယ်။ သားလည်းရှိတယ်။ ဒါကြောင့် ဗုဒ္ဓဟာ သာမန်လူသား တယောက်သာဖြစ်ပြီး ဘုရားဆိုတဲ့ဘွဲ့ထူးနဲ့ မည်သည့်နည်းနဲ့မျှ မထိုက်တန်ဘူး ဆိုတဲ့စကားဟာ 

ဗုဒ္ဓရဲ့ သိပ္ပံနည်းကျတဲ့ အဘိဓမ္မာတရားတွေကို မသိနားမလည်ကြတဲ့ ခရစ်ယာန်ဘုန်းကြီးများက ဗုဒ္ဓဘာသာကို မနှစ်မြို့တဲ့သဘောနဲ့ ဟော ပြော ဝါဒဖြန့်နေကြတဲ့စကားသာလျှင် ဖြစ်ပါတယ်။ အလွန်မြင့်မြတ်တဲ့၊ ပြိုင်ဖက်မရှိတဲ့၊ အလွန်စင်ကြယ်မြင့်မြတ်တဲ့၊ သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဗုဒ္ဓနဲ့ ဗုဒ္ဓအဖြစ်ကို ရောက်အောင် ကျင့်နေစဉ်အခါက ဗုဒ္ဓအလောင်းအလျာနဲ့ အလွန်ကွာခြားလျက်ရှိတယ်ဆိုတဲ့ အချက်ကို သူတို့ဟာ လုံးဝ မသိနားမလည်ကြဘူး။ 

ဇနီး ယသော်ဓရာမင်းသမီးနဲ့ သားတော် ရာဟုလာတို့နဲ့ နန်းမသုံးဆောင်မှာ ပျော်စံနေခဲ့တဲ့ ဂေါတမမင်းသား၊ တနည်း အားဖြင့် သိဒ္ဓတ္ထမင်းသားဟာ ဗုဒ္ဓရဲ့အလောင်းအလျာ၊ ဗုဒ္ဓဖြစ်ဖို့ရန် ကြိုးစားနေတဲ့ အကြင်လူသားတယောက်ပဲ ဖြစ်ခဲ့ တယ်။ သူဟာ သမ္မာသမ္ဗုဒ္ဓ အဖြစ်ရောက်အောင် လေ့ကျင့်ယူရမယ့် မင်းသားတပါးပဲဖြစ်တယ်။ ဗုဒ္ဓကိုယ်တော်တိုင် မဟုတ်သေးဘူး။ ဗုဒ္ဓဆိုတာ ဘာလဲလို့ ဆိုတာကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှားမြင်လာအောင် ဦးပဉ္ဇင်းက အောက်ပါ အချက် အလက်ကို ရှင်းပြဖို့ လိုလိမ့်မယ်။ 

ဗုဒ္ဓအဖြစ်ကို လိုလားတောင့်တပြီး ကျင့်သုံးတဲ့လူကို ဗုဒ္ဓအလောင်းအလျာ လို့ခေါ်တယ်။ 
ဒီ ဗုဒ္ဓအလောင်းအလျာဟာ - 
၁။ မိမိရဲ့ စည်းစိမ်ဥစ္စာကို မပြောနဲ့၊ အသက်ကိုပင် လာပြီးအလှူခံမယ့်လူရှိရင် ပေးကမ်းစွန့်ကြဲမယ်ဆိုတဲ့ ဒါနပါရမီ၊ 
၂။ အသက်ပင် အသေခံပြီး စောင့်ထိန်းအပ်တဲ့ သီလကို စောင့်ထိန်းပါမယ် ဆိုတဲ့ သီလပါရမီ၊ 
၃။ စည်းစိမ်ဥစ္စာဟူသမျှတွင် သာမန်လူသားတို့ အတပ်မက်ဆုံးဖြစ်တဲ့ ထီးနန်းစည်းစိမ်ကိုပင် စွန့်ပယ်၍ တောထွက်ခြင်း၊ တနည်းအားဖြင့် ဤစည်းစိမ်ဥစ္စာရတနာ ဆိုတဲ့ တရားစုတို့မှ လွတ်မြောက်အောင် ရုန်းထွက်တဲ့ နိက္ခမပါရမီ၊ 
၄။ အသက်စည်းစိမ်ချမ်းသာကိုပင် ပမာဏမပြုဘဲ အမှန်တရားကိုသာ ကိုယ်စားပြုတဲ့ သစ္စာပါရမီ၊ 
၅။ ရှိရှိသမျှသောတရားကို ဟုတ်တိုင်းမှန်ရာအတိုင်း ခွဲခြားစိတ်ဖြာပြီးသိနိုင်တဲ့ အသိဉာဏ်ကိုဆည်းပူးတည်ဆောက် တဲ့ ပညာပါရမီ၊ ၆။ အသက်အိုးအိမ်စည်းစိမ်ဟူသမျှကို ပမာဏမထားဘဲ သမုဒ္ဒရာပင်လယ်ကြီးကိုပင် လက်ပစ်ကူး၍ စွန့်စားဝံ့သော မဆုတ်မနစ်သည့် ဇွဲလုံ့လထုတ်မှု ဝီရိယပါရမီ၊ 
၇။ မိမိရဲ့ သားသမီး ဇနီးကိုသာမက မိမိရဲ့အသက်ကိုပင် လုပ်ကြံသတ်ဖြတ်မည့်သူ ဖြစ်ပစေ၊ မည်ကဲ့သို့မျှ မတုံ့ပြန် ဘဲ သည်းခံတဲ့အကျင့်ကို တည်ဆောက်တဲ့ ခန္တီပါရမီ၊ 
၈။ ရှိရှိသမျှသော သတ္တဝါတို့ကို မိမိ၏ရင်သွေးရင်နှစ် သားသမီးအစစ်တို့ကဲ့သို့ ချစ်ခင်ကြင်နာခြင်း စိတ်ဓာတ်ကို တည်ဆောက်သည့် မေတ္တာပါရမီ၊ 
၉။ မိမိပြုအံ့ဟု ရည်မှန်းထားတဲ့ မြင့်မြတ်တဲ့အရေးကိစ္စအဝဝကို ဆောင်ရွက်ရာတွင် မည်သည့်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရစေကာမူ မဆုတ်မနစ်လုပ်ကိုင်တဲ့ အလေ့အကျင့်ကို တည်ဆောက်တဲ့ အဓိဋ္ဌာနပါရမီ၊ 
၁၀။ မည်သူ့ကိုမျှ ချစ်လည်းမချစ်၊ မုန်းလည်းမမုန်းတဲ့ လွန်ကဲတဲ့စိတ်ဓာတ်မျိုးကို မမွေးမြူတတ်တဲ့ ဥပေက္ခာပါရမီ။ 

အဲဒီ ပါရမီ(၁၀)ပါးကို ဖြည့်ဆည်းခဲ့ပြီး ပြည့်စုံတဲ့အချိန်ရောက်မှ၊ နောက်ဆုံးဗုဒ္ဓအဖြစ်သို့ ရောက်မယ့်ဘဝကျတော့မှ အလွန်မြင့်မြတ်ပြီး အကျင့်သိက္ခာနဲ့ ပြည့်စုံလှတဲ့မိခင်ရဲ့ဝမ်းကြာတိုက်အတွင်းမှာ ပဋိသန္ဓေနေခဲ့တယ်။ ဒါဟာ ဗုဒ္ဓ အလောင်းအလျာတို့ရဲ့ ကျင့်ထုံးပဲ။ ဒီကျင့်ထုံးအတိုင်းပဲ ဗုဒ္ဓအလောင်းတော် ဂေါတမမင်းသားဟာ မယ်တော်မာယာရဲ့ ဝမ်းထဲမှာ ပဋိသန္ဓေတည်ပြီး မွေးဖွား တော်မူခဲ့တယ်။ အဲဒီနောက် အချိန်တန် အရွယ်ရောက်လာတော့ ယသော်ဓရာမင်းသမီးနဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြားပြီး သားတော်ရာဟုလာ ဖွားမြင်ပြန်တယ်။ အဲဒီအခါက ဂေါတမမင်းသားဟာ ဗုဒ္ဓအဖြစ်ကို မရောက်သေးဘူး။ ဗုဒ္ဓရဲ့ အလောင်းအလျာမျှသာ ဖြစ်တယ်။ အဲဒီနောက်မှာ ထီးနန်းစည်းစိမ်နဲ့တကွ လောကီစည်းစိမ်အဝဝကို စွန့်ပယ်ပြီး တောထွက်တော်မူတယ်။ တောထဲမှာ (၆)နှစ်တိုင်တိုင် သာမန်လူသားတို့ စိတ်ကူးထဲမှာပင် မထည့်ဝံ့လောက်အောင် အလွန်ပြင်းပြင်းထန်ထန် ကျင့်တော်မူတယ်။ လွန်ခဲ့တဲ့ ဘဝအဆက်ဆက်က ဖြည့်ဆည်းတည်ဆောက်ခဲ့တဲ့ (၁၀)ပါးသောပါရမီအဟုန်နဲ့ ဂေါတမမင်းသားအဖြစ်နဲ့ (၆)နှစ်တိုင်တိုင် ပြင်းပြင်းထန်ထန်ကျင့်ခဲ့တဲ့ အကျင့်အဟုန်ဖြင့် ဝါဆိုလပြည့်နေ့ ဒုတိယညဉ့်ယံတွင် သစ္စာလေးပါး မြတ် တရားကို ဆရာမရှိဘဲ အလိုလို အကြွင်းမရှိသိမြင်တော်မူခဲ့တယ်။ 

အဲဒီအချိန်ကစပြီး ဗုဒ္ဓအဖြစ်ကို ရောက်တော်မူတယ်။ တနည်းအားဖြင့် သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူတယ်ဆိုတာ လောဘ၊ ဒေါသ၊ တဏှာ၊ မာန၊ မိစ္ဆာ အစရှိတဲ့ အဝိဇ္ဇာတရားဟူသမျှကို မြူမျှမကျန်အောင် သုတ်သင်ပယ်ရှားနိုင်တော်မူခြင်းဖြစ်တယ်။ ဒီသဘောကို အပြန်ပြန် ကောက်ယူမယ်ဆိုရင် ဒီ အဝိဇ္ဇာတရားကို မြူမျှမကျန်အောင် မပယ်ဖျက် မရှင်းလင်းနိုင်သမျှ ဘယ်သူမျှ သစ္စာလေးပါး မြတ်တရားကို အထင်အရှား မသိနိုင်ဘူး၊ မမြင်နိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓဟာ လောဘ၊ ဒေါသ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ တရားတွေမှမကင်းဘူးဆိုတဲ့စကားဟာ လုံးဝယုတ္တိယုတ္တာ ကင်းမဲ့တဲ့ စကားသာလျှင်ဖြစ်တယ်။ 

ဒီစကားဟာ ဗုဒ္ဓဆိုတဲ့စကားရဲ့ အနက်အဓိပ္ပာယ်ကို မသိတဲ့လူများရဲ့ ပြောစကား သာလျှင် ဖြစ်တယ်။ ဗုဒ္ဓမှာ အမေဆိုတာလည်း မရှိဘူး၊ အဖေဆိုတာလည်း မရှိဘူး၊ မယားလည်းမရှိဘူး၊ သားလည်းမရှိဘူး၊ လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောကဆိုတဲ့ လောကတွေထဲမှာ ဗုဒ္ဓနဲ့ နှိုင်းအပ်ယှဉ်အပ်တဲ့ ပုဂ္ဂိုလ် တယောက်မျှမရှိတော့ဘူး။ သူဟာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့ရဲ့ ဦးတိုက်ပူဇော်ရာ ဆရာဖြစ်လာတော်မူတယ်။ 

ဗုဒ္ဓအလောင်းအလျာအနေနဲ့ ဘဝပေါင်း အသင်္ချေတိုင်အောင် (၁၀)ပါးသော ပါရမီတော်မြတ်ကို ကျင့်တော်မူခဲ့ရတာက အကြောင်းတရား၊ နောက်ဆုံးဘဝမှာ ဆရာမရှိဘဲ အလိုလို သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော် မူခြင်းက အကျိုးတရား၊ တဖန် ဗုဒ္ဓအဖြစ်က အကြောင်းတရား၊ အလုံးစုံသော တရားတို့ကို သိမြင်တော်မူခြင်းက အကျိုးတရား၊ တဖန် အလုံးစုံသော တရားတို့ကို သိမြင်ရခြင်းက အကြောင်းတရား၊ နိဗ္ဗာန်တရားကို ရတော်မူခြင်းက နောက်ဆုံးအကျိုးတရားပဲ ။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အကြောင်းနှင့်အကျိုးတရားတို့ရဲ့ သဘော ရော၊ ဗုဒ္ဓဆိုတာ ဘာလဲဆိုတဲ့အချက်ကိုပါ နားလည်သဘောပေါက်နိုင်ပါတယ်။

အရှင်ဝရသာမိ 
http://shintharmi.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊