မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား၊ အကြောက်ဆုံးဒေသနာ (ဝါ) အကြောက်ဆုံး ပိဋကတ်မှာ အဘိဓမ္မာပိဋကတ် ဖြစ်၏။ သူတို့ဝါဒ သူတို့ ပြောဆိုရေးသားသမျှကို အဘိဓမ္မာနှင့် ညှိလိုက်သည့်အခါတိုင်း သူတို့၏ အမှားသည် ကွက်ကွက်ကွင်းကွင်း မငြင်းနိုင်အောင် ဖြစ်လေ့ရှိ၏။ ထို့ကြောင့် အဘိဓမ္မာပိဋကတ်သည် မိစ္ဆာဝါဒီတို့အဖို့ အမုန်းဆုံး အကြောက်ဆုံး တရား ဖြစ်၏။ ဤတွင် ထိုမိစ္ဆာဝါဒီတို့ အကြောက်ဆုံး အမုန်းဆုံးဖြစ်သော အဘိဓမ္မာပိဋကတ်ကို ဘုရားဟောဟု လက်ခံကာ သင်ယူခြင်းကြောင့် ရရှိအပ်သော အကျိုးတရားများနှင့် အဘိဓမ္မာ ပိဋကတ်ကို ဘုရားမဟောဟု ပစ်ပယ်ခြင်းကြောင့် ရရှိနိုင်သော အပြစ်တို့ကို ပြဆိုပါမည်။ အဘိဓမ္မာတတ်သူ အဘိဓမ္မာဆောင်သူကို (တရားဟောဟော မဟောဟော) ဓမ္မကထိက-အစစ်ဟု ခေါ်ပါသည်။ အဘိဓမ္မာ မတတ်သူများကိုကား တရားပင်ဟောနေစေကာမူ ဓမ္မကထိက အစစ်ဟု မခေါ်ပါ။ (အာဘိဓမ္မိကဘိက္ခူယေ၀ ကိရ ဓမ္မကထိကာ နာမ၊ အဝသေသာ ဓမ္မကထံ ကထေန္တာပိ န ဓမ္မကထိကာ။ အဘိ၊ဋ္ဌ၊၁၊၃၀) အကြောင်းကား အဘိဓမ္မာ မတတ်သူများသည် တရားဟောရာ (စာရေးရာ) တွင် (၁) ကမ္မန္တရ အာလောဠန - ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောမွှေ၍ (၂) ဝိပါကန္တရ အာလောဠန - ဝိပါက်တစ်ပါးကို အခြားဝိပါက်တစ်ပါးဖြင့် ရောမွှေ၍ (၃) ရူပါရူပ ပရိစ္ဆေဒ အာလောဠန - ရုပ်နာမ် အပိုင်းအခြားကို ရောမွှေ၍ ၊ (၄) ဓမ္မန္တရ အာလောဠန - ရုပ်တရားကို နာမ်တရားဖြင့် နာမ်တရားကို ရုပ်တရားဖြင့် ရေမွှေ၍လည်း ဟောပြောရေးသားတတ်၏။ အနည်းငယ် အကျယ်ချဲ့၍ ရှင်းပါဦးမည်။ (၁) အဘိဓမ္မာ မတတ်သူများသည် ကာမဝစရကံကိုလည်း ရူပါဝစရကံ စသည်ဖြင့်လည်းကောင်း၊ ကာမာဝစရကံ အချင်းချင်းတွင်လည်း မည်းညစ်သော အကျိုးရှိသော အကုသိုလ်ကံကို ဖြူစင်သော အကျိုးရှိသော ကုသိုလ်ကံဟုလည်းကောင်း ရောထွေးပြောဆို တတ်ကြ၏။ ဥပမာ - တရားအားထုတ်၍ ကာမာဝစရ ဝိပဿနာ ဉာဏ် အတော်အတန် ထက်သန်လာသောအခါ လောကုတ္တရာ မဂ်ဉာဏ်ဟု သူတစ်ပါးအား ပြောဆိုခြင်းမျိုး၊ ဝိပဿနုပက္ကိလေသ- ဟု ခေါ်သော နိကန္တိတဏှာ (အကုသိုလ်) ကိုလည်း မဂ်ကုသိုလ်ကံ ထင်မှားကာ သူတစ်ပါးအား မဂ်ဖိုလ် ရကြောင်း ပြောဆိုခြင်းမျိုး၊ မိမိချစ်သူ (မိဘ၊သားသမီး)၏ သေခါနီး၌ ဝေဒနာအပြင်းအထန် ခံစားရသဖြင့် ပင်ပန်းနေသည်ကို သနားလှသဖြင့် မြန်မြန်သေအောင်ပြုမှု [mercy killing-] (အကုသိုလ်)ကို ကုသိုလ်ထူးဟု ထင်မှား ပြောဆိုခြင်းများသည် ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောသမမွှေခြင်း- ကမ္မန္တရ အာလောဠန- မည်၏။ (၂) တရားအားထုတ်သောအခါ ဝိပဿနာဉာဏ်၏ ထက်သန်မှုကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှင့် သုခ ပီတိ- တို့ဖြစ်၍ လောကကြီးကို မေ့သကဲ့သို့ ပျော်မွေ့မှုဖြစ်ခြင်းကို ဖလသမာပတ်ဟု ထင်မှတ်ပြောဆိုခြင်း၊ တိရစ္ဆာန် ပြိတ္တာတို့ ငတ်ပြတ်နေချိန် ဆာလောင်မွတ်သိပ်ချိန်တွင် မစင်-ခွေးသေကောင်ပုပ် စသည်ကို ရရာ၌ အကုသိုလ်ကံ၏ အကျိုး အာနိသင်ဖြစ်ပါလျက် ကုသိုလ်ကံ၏ အကျိုးဟု ထင်မှတ်ပြောဆို ကြခြင်း၊ အကုသိုလ်ဖြင့် အသက်မွေးသူ၏ ကောင်းကျိုးရနေခြင်း ကြီးပွားချမ်းသာနေခြင်းသည် ရှေးကုသိုလ်ကံ၏ အကျိုး ဖြစ်ပါလျက် အကုသိုလ်ကံ၏ အကျိုးဟု ထင်မှား၍ ပြောဆို ချီးမွမ်းခြင်း၊ ကောင်းသောအမှုဖြင့် အသက်မွေးနေပါလျက် ဆင်းရဲဒုက္ခရောက်နေသူကို ကုသိုလ်ကံက မကောင်းကျိုး ပေးသည်ဟု ထင်မှားပြောဆိုခြင်း၊ ဗြဟ္မာ့ပြည်၌ လှပသော ရူပါရုံကို မြင်ရ၊ ကောင်းသော သဒ္ဒါရုံကို ကြားရသောအခါ ကာမာဝစရကံ၏ အကျိုးဖြစ်ပါလျက် ရူပကံ၏ အကျိုးဟု ထင်မှတ် ပြောဆိုကြခြင်းမျိုးသည် အကျိုးတစ်ပါးကို အကျိုး တစ်ပါးဖြင့် ရောသမမွှေခြင်း- ဝိပါကန္တရ အာလောဠန- မည်၏။ (၃) ရုပ်တရား နာမ်တရားသည် အဘိဓမ္မာကျွမ်းကျင်သူများ အတွက် ကွဲပြားခြားနားပြီး ဖြစ်၏။ အဘိဓမ္မာမကျွမ်းသူတို့ အိပ်ပျော်နေချိန် ဘဝင်စိတ်အစဉ် ဖြစ်နေခြင်းကို နာမ်တရားမဟုတ် ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်း၊ အိပ်ချင်၍ မိဒ္ဓ-ဖြစ်ခြင်းကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြ ခြင်း၊ ဝေဒနာကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်းမျိုး သည် ရူပါရူပ ပရိစ္ဆေဒ အာလောဠန- မည်၏။ (၄) နာမ်တရားအချင်းချင်း ရောသမမွှေမှု၊ ဥပမာ- သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း အသေးစိတ်ကြံစည်မှု ၊ ဖျက်အားပြင်း လက်နက်ဆန်းများ တီထွင်ရန်ကြံစည်မှု-စသော အကုသလ ဝိတက်ကို ဉာဏ်ဟုလည်းကောင်း၊ မကြည်ညိုသင့်သူကို ကြည်ညိုမိခြင်း မိစ္ဆာဓိမောက္ခ- သို့မဟုတ် မောဟ-ကို သဒ္ဓါ-ဟု လည်းကောင်း၊ သားချစ်မယားချစ် ချစ်ခြင်းဟူသော တဏှာ (လောဘ)ကို မေတ္တာ-ဟုလည်းကောင်း၊ ချစ်သူဒုက္ခရောက်၍ ဝမ်းနည်းခြင်း သောက-ကို ကရုဏာ-ဟုလည်းကောင်း၊ မိမိချစ်သူ အောင်မြင်ကြီးပွား၍ ဝမ်းမြောက်မှု သောမနဿနှင့် ယှဉ်သော လောဘ-ကို မုဒိတာ- ဟုလည်းကောင်း၊ မိစ္ဆာဝါဒီများက သာသနာတော်ကို ဆန့်ကျင်ဘက်ပြုကာ စော်ကားနေသည်ကို တွေ့မြင်နေပါလျက် အမှားအမှန်မသိမှု မောဟ၊ သို့မဟုတ် တာဝန်မယူလို ရှောင်ရှားလိုခြင်းဟူသော ပျင်းရိမှု ကောသဇ္ဇ-ဖြစ်သည်ကို ဥပေက္ခာ-ဟုလည်းကောင်း ထင်မှားပြောဆိုခြင်းများသည် ဓမ္မန္တရ အာလောဠန-မည်၏။ အဘိဓမ္မာတတ်သူတု့ိကား ထိုသို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ရောထွေးခြင်းမျိုး မဖြစ်၊ မရှိ။ ကံသဘော၊ အကျိုးသဘော တို့ကိုလည်း ခွဲခွဲခြားခြားသိ၏။ ရုပ်နာမ်ဓမ္မတို့၏ သဘာဝအမှန်ကို လည်း တိတိကျကျသိ၏။ ထို့ကြောင့် အဘိဓမ္မာတတ်သူသည် တရားပင် မဟောစေကာမူ ပြဿနာတစ်ရပ်ကို အဖြေရှာရာတွင် မှန်မှန်ကန်ကန် တိတိကျကျ ဖြေရှင်းပြနိုင်သောကြောင့် ဓမ္မကထိက အစစ်ဟူ၍ ဆိုခြင်းဖြစ်၏။ ဤသို့ ရုပ်နာမ်သဘာဝကို တိတိကျကျသိခြင်း၊ မည်သူက မည်မျှပင် လှည့်ပတ်၍ ပြောဆိုရေးသားစေကာမူ ဤကား မိစ္ဆာ၊ ဤကား သမ္မာ-ဟု ရှင်းရှင်းလင်းလင်း သိခြင်းသည်ကား အဘိဓမ္မာ ကို သင်ယူရခြင်း၏- အကျိုးတည်း။ အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်း၏ အပြစ်တို့ကို ဗုဒ္ဓ၏ ဗုဒ္ဓဝါဒ-စာအုပ်တွင် စာရေးသူ ရေးဖူးပါသည်။ ယခု ထိုစာအုပ်မှပင် ထုတ်ပြပါမည်။ အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်းသည်။ (၁) ဘုရားရှင်၏ ဓမ္မစက်ကို ရိုက်ချိုးဖျက်ဆီးရာ ရောက်၏။ (၂) ထိုသို့ ဖျက်ဆီးသောအားဖြင့် ဤမျှလေးနက်တိကျသော၊ ရှေ့နောက်ညီညွတ်သော ၊ အကြောင်းအကျိုး ခိုင်လုံသော တရားမျိုးကို ဘုရားရှင် မဟောနိုင်ရာ-ဟု ဆိုရာရောက်ရကား သဗ္ဗညုတဉာဏ်တော်ကိုလည်း တားမြစ်ရာရောက်၏။ (၃) သဗ္ဗညုတဉာဏ်တော်ကို တားမြစ်ရာရောက်သဖြင့် `အန္တရာယ၊ နိယျာနနှင့်၊ ဗုဒ္ဓ-အာသဝက်၊ ဤလေးချက်၌၊ ဟန့်ဖျက်မသမာ၊ ကန့်ကွက်လာသော်၊ လွန်စွာရဲတင်း၊ ဖြေရှင်းနိုင်သော ဝေသာရဇ္ဇ ဉာဏ်တော်ကို ဆုတ်နစ်စေရာလည်း ရောက်၏။ (၄) အဘိဓမ္မာကို နာယူလို၊ သင်ယူလိုသူတို့ကို မနာယူချင်၊ မသင်ယူချင်အောင် ပိတ်ပင်ရာလည်း ရောက်၏။ (၅) (ထိုသို့ မနာယူရသဖြင့် ရုပ်နာမ်တရားတို့ကို ပိုင်းခြား၍ မသိနိုင်ရကား ) အရိယာမဂ်ကို ပိတ်ပင်ဆီးတားရာလည်း ရောက်၏။ (၆) (သံဃာကွဲပြားခြင်း၏ အကြောင်း ၁၈-မျိုးတွင် ဘုရားဟောကို ဘုရားဟောမဟုတ်-ဟု ပြောဆိုခြင်းလည်း ပါသဖြင့်) သံဃာကွဲပြားဖို့ရာ အကြောင်းတစ်ပါးကို ကျူးလွန်ရာလည်း ရောက်၏။ (၇) ဗုဒ္ဓဘာသိတ အဘိဓမ္မာကို ဗုဒ္ဓဘာသိတ (ဘုရားဟော) မဟုတ်ဟု ငြင်းခုံခြင်းသည် ဝိဝါဒ-မည်၏။ အဘိဓမ္မာ၏ အပြစ်ကို ပြောခြင်းသည် ဓမ္မအဝဏ္ဏဘာသန- မည်၏။ ထိုသို့သော (ရဟန်း) ပုဂ္ဂိုလ်ကို ဥက္ခေပနီယ (နှင်ထုတ်) ကံလည်း ပြုထိုက်၏။ တဇ္ဇနီယ (ခြိမ်းခြောက်) ကံလည်း ပြုထိုက်၏။ (လူဖြစ်လျှင် ပတ္တနိကုဇ္ဇန- သပိတ်မှောက်ကံ ပြုထိုက်၏။) (အဘိ၊ဋ္ဌ၊၁၊ ၃၀) အထက်ပါ အကျိုးအပြစ်များသည် ပထမဆုံးသော အဘိဓမ္မာ အဋ္ဌကထာကြီးမှ ဖော်ပြချက်များ ဖြစ်၏။ `ဥပါလိတ္ထေရအပဒါန်မှ အရှင်ဥပါလိမထေရ်၏ မိန့်ဆိုချက်တို့ကို လည်း ဖော်ပြချင်ပါသေးသည်။ `သာသနာတော်သည် အချို့သော သူတို့အား ပျို့အန်ဆေးဖြစ်၍ အချို့သော သူတို့အား ဝမ်းလျှောဆေး ဖြစ်၏။ အချို့သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ဖြစ်၍ အချို့သော သူတို့အား နတ်ဆေးဖြစ်၏။ သာသနာတော်သည် မဂ္ဂဋ္ဌာန်လေးယောက်တို့အား ကိလေသာကို အန်ဆေးဖြစ်၍ ဖလဋ္ဌာန်လေးယောက်တို့အား ဝမ်းလျှောဆေး ဖြစ်၏။ အကျိုးကို လိုလားကုန်သော ကောင်းမှုကို ရှာမှီးကုန်သော သူတို့အား နိဗ္ဗာန်ဆေးသဖွယ် ဖြစ်၏။ သာသနာတော်နှင့် ဆန့်ကျင်သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ (ဖြစ်၏ဟူ၍) ဟောကြားတော်မူ၏။ မျက်စောင်းရိပ်ကာမျှဖြင့် လျှင်စွာ သေစေတတ်သော အဆိပ်ရှိသော မြွေဆိုးသည် ထိုလူကို လောင်စေသကဲ့သို့ ထိုအတူ သာသနာတော်နှင့် ဆန့်ကျင်သောသူကို လောင်စေ၏။ တကြိမ်သောက်အပ်သော အဆိပ်သည် အသက်ကို တကြိမ်သာ ဖြတ်တတ်၏။ ထိုသူသည် သာသနာတော်နှင့် ဆန့်ကျင်ဘက် ပြုသောကြောင့် ကမ္ဘာကုဋေပတ်လုံးလည်း လောင်မြိုက်ရ၏။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းဖြင့်လည်းကောင်း၊ မညှဉ်းဆဲခြင်း ဖြင့်လည်းကောင်း ၊ မေတ္တာစိတ်ရှိခြင်းဖြင့် လည်းကောင်း၊ နတ်နှင့်တကွသော လောကကို ကယ်တင်တော် မူ၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။ လာဘ်ရမှု မရမှု၌ မကပ်ငြိကုန်၊ မြတ်နိုးမှု မမြတ်နိုးမှု၌ မကပ်ငြိကုန်၊ ဘုရားရှင်တို့သည် မြေကြီးအထုနှင့် တူကုန်၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။ မြတ်စွာဘုရားသည် သတ်ပုတ်ညှဉ်းဆဲတတ်သော ဒေဝဒတ်၌ လည်းကောင်း ၊ အင်္ဂုလိမာလခိုးသူ၌လည်းကောင်း၊ ရာဟုလာ သားတော်၌လည်းကောင်း၊ နာဠာဂိရိဆင်၌လည်းကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့အား တူမျှသော စိတ်ထားရှိတော်မူ၏။ ထိုဆန့်ကျင်သော သူတို့အား အမျက်ထားခြင်း မရှိ။ ဤမဆန့်ကျင်သော သူတို့အား တပ်နှစ်သက်မှု မရှိ၊ သတ်ဖြတ် ညှဉ်းဆဲတတ်သော သူအားလည်းကောင်း၊ ရင်သွေးသားမြတ် အားလည်းကောင်း၊ ဤသတ္တဝါအလုံးစုံတို့အား မြတ်စွာဘုရား သည် တူမျှသော စိတ်ထားရှိတော်မူ၏။ (ဂါထာ- ၅၇၉-မှ ၅၈၆) ဗုဒ္ဓဘုရားရှင်နှင့် သာသနာတော်အား စော်ကားပြစ်မှားကြသူ အပေါင်းအား ဘုရားရှင်ထုံး နှလုံးမူ၍ အမျက်မထား ဒေါသမပွားပဲ အမှန်တရားဘက် ဘုရားရှင်ဘက်မှ ရပ်တည်ကာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။ ။
Sunday, October 18, 2009
မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား
(သာသနာတော်ကို ကာကွယ်စောင့်ရှောက်၍ မိစ္ဆာတို့ကို ဖြိုးခွင်းရန် စည်းလုံးပေါင်းစုကြသော အသင်းအဖွဲ့များအား ဂုဏ်ပြုကြိုဆိုလျက်။)
အရှင်ကောဝိဒ (ယော)
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊