Sunday, October 18, 2009

လူမိုက်တို့ သွားရာလမ်း (သီတဂူ ဆရာတော်)

ဟိုးရှေးရှေးတုန်းက ဒဏ္ဍကီဆိုတဲ့ တိုင်းပြည်တစ်ပြည် ရှိခဲ့ဘူး တယ်၊ 
အဲဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းကိုလည်း "ဒဏ္ဍကီမင်း"လို့ပဲ ခေါ်တယ်။ 
ထိုဘုရင်ဟာ တိုင်းပြည်ကို ဓမ္မနှင့်အညီအုပ်ချုပ် နေထိုင်ခြင်း မရှိခဲ့ပါဘူး။

ထိုစဉ် ဒဏ္ဍကီ မင်းရဲ့ မင်းဥယျာဉ်ထဲမှာ ကိသ၀စ္ဆ(ပိန်လှီသောရသေ့)လို့ ခေါ်တဲ့ 

သူတော်စင်ရသေ့တစ်ပါး တရား ဘာ၀နာ အားထုတ်နေထိုင်ခဲ့ဘူးတယ်။ တိုင်းပြည်ရဲ့ 
စစ်သူကြီးက အလွန်ကြည်ညိုလို့ အလုပ်အကျွေးပြုစု ကိုးကွယ်ပူဇော်လျက်ရှိတယ်။

ဒဏ္ဍကီတိုင်းပြည်ဟာ နာမည်ကြီး ပြည့်တန်ဆာမ တစ်ယောက်ကြောင့် ပိုပြီးတော့ 
အဝင်အထွက်များ စည်ကားနေတဲ့ အချိန်ဖြစ်တယ်။ ပြည့်တန်ဆာမ၏ဝင်ငွေသည် 
ရှင်ဘုရင်ထက်များပြားနေသော အချိန်လည်းဖြစ်သည်။

ပြည့်တန်ဆာမ လောက်ဝင်ငွေမရှိသော ရှင်ဘုရင်၏ စီးပွားရေးပေါ်လစီကိုလည်း 
အများပြည်သူက သဘောမကျတဲ့အချိန်ပေါ့။ အဲဒီလိုတိုင်းပြည်၌ ပြည့်တန်ဆာအိမ်၌ 
စည်ကားနေတာကို ဒဏ္ဍာကီ ဘုရင်က`ငါ့တိုင်းပြည်ဟာ ငါဘုန်းကံကြောင့် အလိုလို
စည်ကားနေတဲ့တိုင်းပြည်ပါ၊ ဒီပြည့်တန်ဆာမကြောင့် စည်ကားနေတာ မဟုတ်ပါဘူး´ဆိုပြီး 
ပြည့်တန်ဆာမကို ရာထူးမှ ဖြုတ်ချလိုက်တယ်။ ပြည့်တန်ဆာ လုပ်ခွင့်မပြုတော့ဘူးတဲ့ 
အဲဒီအခါမှာ ပြည့်တန်ဆာမက သူ့လုပ်ပိုင်ခွင့် သူ့နေရာပြန်ရအောင်ဆိုပြီး ဘုရင့်ထံကို
နည်းအမျိုးမျိုးနဲ့  ၀င်ထွက် နိုင်အောင်ကြိုးစားနေစဉ် တစ်နေ့ မင်းဥယျာဉ်မှာ 
တရားအားထုတ်နေသော ကိသ၀စ္ဆရသေ့ကိုတွေ့ သွားသတဲ့။

ကိသ၀စ္ဆရသေ့ရဲ့ ပုံစံက အစစအရာရာ ချိုးခြံချွေတာပြီး တရားဘာ၀နာကိုပဲ အားထုတ်နေတဲ့
အချိန်ဆိုတော့ ပိန်ခြုံးပါးလျကာ အရိုးပေါ်အရေတင်ပြီး နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေး တွေနဲ့ 
ရှုတ်ထွေးပွေလီ မသတီစရာပုံစံ ဖြစ်နေတာပေါ့။ သူတော်ကောင်း၏ ရုပ်သွင်ပြင်သည် 
ပြင်ပ ၌ ရွံရှာဖွယ်ဖြစ်နေသော်လည်း အတွင်းနှလုံးသားကမူ အလွန်သန့်ရှင်း ဖြူစင်နေပါတယ်။

အဲဒါကို မြင်မိတဲ့ပြည့်တန်ဆာမက သူ့အတွက် မင်္ဂလာမရှိဘူး အမင်္ဂလာအတိ ဖြစ်တယ်၊ ကျက်သရေ
ယုတ်တယ်လို့ယူဆပြီး ယတြာချေတဲ့ သဘောနဲ့ တရားအလုပ် လုပ်နေတဲ့ ရသေ့ ရဲ့ ကိုယ်ပေါ်ကို နှပ် တံတွေး
ပလုပ်ကျင်းရေတွေ ထွေးချပြီး သွားကြား ထိုးတံ တွေနဲ့ ပစ်ပေါက်ကာ
"အပြစ်ရှိသမျှ ကျေပါစေ" လို့ ပါးစပ်က ရေရွတ်ပြီးဆက်လက် ထွက်ခွာသွားတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ ရှင်ဘုရင်က အဲဒီနေ့မှာပဲ ပြည့်တန်ဆာမကို လုပ်ပိုင်ခွင့် ပြန်ပေး
လိုက်တယ်၊`ထန်းသီးကျွေခိုက် ကျီးနင်းလိုက် ´ဆိုတဲ့အတိုင်း ပြည့်တန်ဆာမ ဟာ အတိတ်က ကုသိုလ်ကံအကျိုးပေး ချိန်ရောက်လာ လို့ လုပ်ပိုင်ခွင့်ပြန်ရတာကို အယုတ်တမာ ကျက်သရေ
မရှိတဲ့ ရသေ့ကို နှပ် တံတွေးနဲ့ ထွေးခဲ့လို့လုပ် ပိုင်ခွင့် ပြန်ရတာလို့ လွဲမှားစွာ ယုံကြည်သွားတော့တယ်။

အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက် များမကြာမီ အချိန်မှာပဲ ရှင်ဘုရင်က စိတ်ဆိုးပြီး သူ့ရဲ့အကြံပေး အရာရှိ
ပုရောဟိတ် ဆရာကြီးတစ်ယောက်ကို ရာထူးမှဖြုတ်ချလိုက်တယ်။ အဲဒီပုရောဟိတ်ဆရာကြီးက 
အတွေ့အကြုံရှိခဲ့တဲ့ ပြည့်တန်ဆာမထံမှာ နည်းနာနိဿယ တောင်းခံတဲ့အခါ လွဲမှားစွာ ယူဆယုံကြည်ထားတဲ့အတိုင်း ညွှန်ပြပေး လိုက်ပါတယ်။

ပုရောဟိတ်ဆရာကြီးဟာ ပြည့်တန်ဆာမ ညွှန်ပြလိုက်တဲ့အတိုင်း ကိသ၀စ္ဆ ရသေ့ 
ကိုယ်ပေါ်မှာ နှပ် တံတွေးနဲ့ထွေးပြီး ယတြာချေလိုက်ပြန်တယ်၊ တိုက်တိုက်ဆိုင်ဆိုင် အဲ ဒီနေ့မှာပဲ 
ရှင်ဘုရင်က စိတ်ဆိုးပြေပြီး ပုရောဟိတ်အား ရာထူးပြန်ပေးလိုက်ပါတယ်၊ အတိတ်က ကုသိုလ်ကံ
အကျိုးပေးချိန်ရောက်လာလို့ မိမိရာထူးပြန်ရတာကို အယုတ်တမာ ကျက်သရေမရှိတဲ့ ရသေ့ကို 
နှပ် တံတွေးတွေနဲ့ ထွေးခဲ့လို့ ရာထူးပြန်ရတာလို့ ပုရောဟိတ်ကြီးကလည်း လွဲမှားစွာယူဆယုံကြည် 
သွားပြန်တယ်။

များမကြာမီ အချိန်အတွင်းမှာ ဒဏ္ဍကီမင်းရဲ့ နယ်စပ်ဒေသမှာ ဆူပူသောင်းကျန်းမှုတစ်ခု ဖြစ်ပေါ်
လာပါတယ်။ စစ်တိုက်ဖို့ ပြင်ဆင်နေတဲ့ ရှင်ဘုရင်ကို အကြံပေးပုဂ္ဂိုလ် ပုရောဟိတ်ဆရာကြီးက အောင်ပွဲ
ရချင်ရင် ပြည့်တန်ဆာမနဲ့ သူနဲ့ ယတြာချေတဲ့ နည်းအတိုင်း ယတြာချေပြီးမှ စစ်တိုက်ထွက်သင့်
ပါကြောင်း ရှင်ဘုရင်အား အကြံဥာဏ်ပေး လိုက်ပါတယ်။
ရှင်ဘုရင်ကလည်း ပုရောဟိတ် အကြံပေးတဲ့အတိုင်း လုပ်တာပေါ့။ ရှင်ဘုရင်က စလုပ် ပြီဆိုမှတော့ 
နောက်လိုက်နောက်ပါ စစ်သည် ဗိုလ်ပါတွေရော စစ်ထွက်ခါနီး လိုက်ပါ ပို့ဆောင်ပေးကြတဲ့ မိဖုရားတွေ 
မောင်းမမိဿံတွေရော တိုင်းသူပြည်သားတွေကပါ အကုန်လုံး လိုက်လုပ်ကြတာပေါ့။

ဣဿရာနု၀တ္တကော ဟိ လောကော သတ္တလောက - လူသားအားလုံးဟာ အစိုးရသူ အရှင်သခင်ဘုရင်၊ 
သမ္မတ တို့ရဲ့ နောက်လိုက်တွေပဲ မဟုတ်လား။
အဲဒီတော့ ကိသဝစ္ဆရသေ့လေးရဲ့ကိုယ်ပေါ်မှ နှပ်တံတွေးတွေ သွားကြားထိုးတံ တွေ က မြင်မကောင်း 
ရှုမကောင်းပါပဲ၊ တံတွေးခွက်ထဲက ရသေ့ဖြစ်သွားတာပေါ့။ 
အဲ့ဒါကို ကြည့်ပြီး ရသေ့လေးကို ကြည်ညိုတဲ့ စစ်သူကြီးဟာ စိတ်မကောင်းဖြစ်ပေမယ့် 
အား မတန်လို့မာန်လျှော့ပြီး အများနဲ့တစ်ယောက် မပြောရဲလို့နေခဲ့ ရပေမယ့် အားလုံးပြီး သွားတဲ့အခါ 
ရသေ့လေးကိုယ်ပေါ် က နှပ်တံတွေးတွေ သွားကြားထိုးတံတွေကို ဖယ်ရှား သုတ်သင်၊ သန့်စင်သော နံ့သာရည်
တို့ဖြင့် ရေချိုးပေးပြီး "အရှင်ရသေ့ လူတွေဟာ မလုပ်သင့်တာကို လုပ်မိကြပြီ၊ ဘာတွေဖြစ်လာမလဲဆိုတာ 
မသိတော့ပါဘူး" လို့ စိုးရိမ်တကြီး ညည်းတွား လျှောက်ထားသတဲ့။

အဲဒီအခါမှာ ရှင်ရသေ့က "ဒကာတော် စစ်သူကြီး ငါကတော့ ဘယ်သူ့အပေါ်မှ စိတ် ဆိုးဒေါသ 
မဖြစ်ပါဘူး သို့သော် ဓမ္မဘက်သား နတ်အများကတော့ အရမ်းစိတ်ဆိုး နေကြပြီ လူတွေကိုအပြစ်ပေးလိမ့်မယ်၊ 
ငါ့ထံမှာ အပြစ်ကို ဝန်ချတောင်းပန်မှု မပြုကြဘူးဆိုရင် ခုနစ်ရက် အတွင်းမှာ ဒဏ္ဍကီတိုင်းပြည်
တစ်ပြည်လုံးကို ပျက်စီးအောင် ဖျက်ဆီးကြလိမ့်မယ်၊ စစ်သူကြီးအနေနဲ့ မိမိရဲ့ ဇနီးမယား သားသမီး
တွေခေါ်ပြီး အိမ်နီးနားချင်း တိုင်းပြည်တစ်ပြည်မှာ ခေတ္တခဏသွားရောက် ရှောင်ပုန်းနေထိုင်ပါ"
လို့ အမိန့်ရှိလိုက်တယ်။
 စစ်သူကြီးလည်း ရှင်ရသေ့ကအဲဒီလိုအမိန့်ရှိလိုက်တဲ့အခါ ဘုရင်ကြီးကိုအကျိုး အကြောင်း ပြောပြပေမယ့် လက်မခံတဲ့အတွက် စစ်သူကြီးအဖြစ်မှ နှုတ်ထွက်ပြီး ရသေ့လေးအမိန့်ရှိ တဲ့အတိုင်း 
တစ်ခြားတိုင်းပြည်တစ်ပြည်မှာ ခေတ္တခဏ သွားရောက် ရှောင်ပုန်းနေထိုင် လိုက်တယ်။ 

မကောင်းမှု အကုသိုလ်ကံက အကျိုးမပေးခင်မှာ လူမိုက်တွေဟာ မကောင်းမှု 
အကုသိုလ် လုပ်ရတာကို အရသာရှိတယ် ဇိမ်ကျတယ်လို့မှတ်ထင်ကြတယ်၊ 

ဒဏ္ဍကီ ဘုရင် ဟာလည်း ရသေ့လေးအပေါ်မှာ ပြစ်မှားခဲ့ပေမယ်လို့ အဲဒီအကုသိုလ်ကံက 
အကျိုးမပေးသေးတော့ ရန်သူကို နှိမ်နှင်းပြီး အောင်ပွဲခံပြန်လာနိုင်ခဲ့ပါတယ်။ 
အောင်ပွဲခံပြန်လာတဲ့ ဒဏ္ဍကီဘုရင်ကို မိုးနတ်မင်းက ဆီးကြိုခဲ့ပါတယ်။ ရိုးရိုးမိုး ပန်းမိုး 
အသပြာမိုး ငွေမိုး ရွှေမိုး ရွာသွန်းဖြိုးလို့  ကြိုဆိုခဲ့ကြပါတယ်၊ ဒါကို ဒဏ္ဍကီဘုရင်က 
သူ့ လုပ်ရပ်မှန်တယ်၊ သူ့ယတြာ အစွမ်းထက်တယ်ဆိုပြီး အရမ်းအရမ်းပျော်ရွှင်နေတယ်၊ 
တကယ်တော့ သူ့အတွက် သေပန်းပွင့်နေတယ်ဆိုတာလို့ သူသဘောမပေါက် သေးဘူး၊ 

ဟော မကြာပါဘူး၊(၇)ရက်မြောက်တဲ့နေ့မှာ ဓါးမိုး၊ လှံမိုး၊ မီးကျီးမိုး၊ သဲမိုး တွေ ရွာချပြီး ဒဏ္ဍကီဘုရင်နဲ့တကွ 
အပေါင်းပါအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်၊ ဒဏ္ဍကီတိုင်းပြည်ကြီးနဲ့ နန်းတော်ကြီးဟာ တခဏချက်ချင်း ထီးသုဉ်း နန်သုဉ်းအားလုံး ဆိတ်သုဉ်း ပျက်စီးသွားပြီး သဲကန္တာရအတိ  ဖြစ်သွားတယ်။

ဒဏ္ဍကီတိုင်းပြည်ကြီး တခဏချင်း ပျက်စီးသွားတာဟာ သူတော်စင် ကိသ၀စ္ဆ ရှင်ရသေ့ရဲ့ စိတ်တန်ခိုးလို့ခေါ်တဲ့ သီလ၊ သမာဓိ၊ ပညာတန်ခိုး ကိုစော်ကားမိတာ ကြောင့်ပဲဖြစ်ပါတယ်။

#သရဘင်္ဂဇာတ်တော်(၅၂၂)

သီတဂူဆရာတော်ဘုရား၏
လူမိုက်တို့၏သွားရာလမ်း တရားတော်မှ ကောက်နှုတ်ချက်

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊