Thursday, October 8, 2009

ဗုဒ္ဓ၏ ဗုဒ္ဓဝါဒ

ဘာသာရေးပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့.. လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကို မကြာခဏ တွေ့ရှိနေရပါတယ်.. အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး.. ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်.. ကိုယ့်အမြင်မှာ အတိတ္တရဝုတ္တိဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ.. တွေ့ရင်၊ မြင်ရင်.. ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်.. ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော ပါဠိတိုက်ရိုက်မဟုတ်ဘူး.. ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး.. စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့ ကျမ်းစာတွေပမာ.. ပြောတတ်၊ ဆိုတတ်ကြတယ်.. တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့ တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်.. အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏ တွေ့မြင်နေရပါတယ်... ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာ ဆန်းစစ်ကြည့်တော့..ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု။ ရှေးရိုးစွဲအယူအဆများကိုဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့ အမူအကျင့်တွေရှိတတ်ပါတယ်.. ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ.. ဒီကိစ္စနဲ့ပတ်သက်ပြီး သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား မိတတ်ကြတယ်.. ဒါကတော့အခုမျိုးဆက်မှမဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ.. ဒီစာတွေ ဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ ရှင်ဥက္ကဌ-ဟာ စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ.. တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာ ထင်မြင်ယူဆမိတတ်တာ သဘာဝပါ.. ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ ဆရာတော်တစ်ပါးဆိုတာကိုတော့ လက်ခံရမှာပါပဲ.. ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့.. စာအုပ်ခေါင်းစဉ်တွေကို အရင်လေ့လာကြည့်တာအခါ.. 

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး ထင်မြင်ယူဆမိတတ်ကြတယ်.. ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ.. တနည်းအားဖြင့်.. စာဖတ်ပါးမဝခင်.. ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို မြင်နိုင်သေးတဲ့ အသိဉာဏ် မရင့်ကျက်မီ.. ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့ သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ လူငယ်တွေဟာ.. အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်.. တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊ စာသိမျှနဲ့ လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့ အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ပါတယ်.. 

သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု လုံး၀ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့ စာအုပ်၊ စာပေတွေကိုသာ.. တကယ့်အားကိုးအားထားပြုဖွယ် အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ.. ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့ စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်.. အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊ မဖြစ်ခဲ့ကြပါဘူး.. အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊ သဘောသဘာဝအမှန်ကို လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလို ဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ.. ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်.. တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်.. အရင်အားထုတ်လေ့လာ ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဉာဏ် အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဉာဏ်တော်ကြီးကို အရိပ်အမြွတ် သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့ အသိဉာဏ်ရှိမှ ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ.. အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲ ဗဟိုပြုပြီး ဗုဒ္ဓဘာသာကို သုံးသပ်တင်ပြထားတာပါ.. အနောက်တိုင်းစာပေတွေကိုမှ အထင်ကြီးကိုးကားတတ်တဲ့ ပြည်တွင်းက စာရေးဆရာကြီးအချို့ကလည်း ဒီအမှားတွေကို အလွန်တရာ အထင်ကြီးလေးစားစွာနဲ့ ကိုးကားပြီး ဗုဒ္ဓဘာသာကို သေးသိမ်အောင်နှိမ့်ချ ဆော်ကားတဲ့ အရေးအသားတွေကို တွေ့နေရပါတယ်.. ဒီလို ဆော်ကားရတာကို ဂုဏ်ပုဒ်တစ်ခုလို ယူဆပြီး သူ့ရဲ့ကလောင်အမည်အရှေ့မှာ .....ကျမ်းပြုဆရာဆိုတဲ့.. ဝိသေသနပုဒ်ကိုတောင် ဖြည့်စွက်ထားလိုက်ပါသေးတယ်.. သူတို့တတွေဟာ.. ဗုဒ္ဓဘာသာကို အမြစ်ကနေ လှန်ချင်တော့ အဘိဓမ္မာဆိုတာ ဘုရားဟောမဟုတ်ဘူး ဆိုပြီး ခုနှစ်သက္ကရာဇ်တွေကို အခြေခံပြီး ကိုးကားပြောဆိုကြပြန်တယ်.. တကယ်တော့ အဘိဓမ္မာဆိုတာ ဝိနည်း၊ သုတ္တံတို့ရဲ့ အနှစ်ချုပ်ပါ.. ပိုပြီး သာလွန်မြင့်မြတ်ပါတယ်.. အဘိဓမ္မာကို နားလည်နိုင်ဖို့ဆိုတာ သညာသိ ဉာဏ်ရည်အသွေးလောက်နဲ့ မရနိုင်ပါဘူး.. သဒ္ဓါတရားကို အခြေခံပြီး ဝင်ရောက်လေ့လာရတာမျိုးပါ.. သဒ္ဓါတရားမှ အခြေခံမရှိရင် ဗုဒ္ဓရဲ့ အဘိဓမ္မာတွေကို ဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ပါဘူး.. ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး ဥပမာ တခု ဖော်ပြအံ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ ခေါင်းစဉ်ကို အမည်တတ်ပြီး ရေးသားခဲ့သူရှိပါသည် ထိုအကြောင်းကို သိသာစေရန် ဖော်ပြပါမည်။ 

ထိုစာအုပ်ကို ပြုစုသူကား ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်ဖြစ်ပေ၏။ ထိုပုဂ္ဂိုလ်သည်လည်း မြန်မာနိုင်ငံတွင် ပြန်လည်ပေါ်ထွန်းလာသော အဓမ္မဝါဒီများထဲတွင် တစ်ယောက်အပါဝင်ဖြစ်ပါတယ်။ ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ စာအုပ်ကြီးဟာ ထေရဝါဒပိဋကတ်တော်တို့ကို နှိမ်ချပြီးဖျက်စီးရေးသားတဲ့ စာအုပ်ကြီးဖြစ်တဲ့အတွက်ကြောင့် (၁၉၆၄) ခုနှစ်မှ ယခုချိန်ထိ တလျှောက်လုံး နိုင်ငံတော်မှ ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ သို့သော်လည်း (2004) ခုနှစ်တွင် ပါရမီစာပေမှ တအုပ်လျှင် (၆၀၀၀) ကျပ်နုံးဖြင့် ပြန်လည် ဖြန့်ချီလာခြင်း ဖြစ်ပါတယ်။ ယခုအချိန်ထိပင် ဆက်လက်ရောင်းချနေသည်ဟု သိရပေ၏။ ဒီစာအုပ်ကြီး၏ အကျိုးဆက်အနေနဲ့ ပိဋကတ်တော်လာတရားတော်တို့ကို တပိုင်းတစလောက် သိရုံနဲ့ ခြေခြေမြစ်မြစ်မသိဘဲနဲ့ ပိဋကတ်တော်လာတရားတော်တွေက အမှားတွေဖြစ်မှာပါ ဟူသော သိမ်ဖျင်းတဲ့ အတွေးအခေါ်များ ယူဆလာတဲ့ သူများသာ တိုးပွားလာပါသည်။ အဘိဓမ္မာပယ်ဝါဒ များလည်း တိုးပွားလာပါသည်။ ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒဆိုတဲ့ စာအုပ်ကြီးရဲ့ ပိဋကတ်တော်လာတရားတော်များကို နှိမ်ချရေးသားထားမူ့၊ ဖျက်ဆီးရေးသားထားမူ၊ ခေတ်အဆက်ဆက် သံဃာတော်တို့ကို စော်ကားထားမူ့ မူလဗုဒ္ဓဝင်ကို ဖျက်ဆီးထားမူ့တို့ကြောင့် ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ 

ထိုစာအုပ်ပါ အကြောင်းအရာကို ဆောင်းပါးရှင် ဆရာတော် အရှင်ကောဝိဒ(ယော) မှ ပြုစုစိစစ်၍ ဓမ္မရံသီ မဂ္ဂဇင်းတွင်း အခန်းဆက်ဆောင်းပါးများရေးသားခဲ့ဘူးပါသည်။ ယခုအခါ ထိုဆောင်းပါများကို ပြန်လည်စုစည်း၍ ဗုဒ္ဓ၏ဗုဒ္ဓ ဝါဒ ဆိုသော စာအုပ်အမည်ဖြင့် နှလုံးလှစာပေမှ တအုပ်လျှင် 1500 ကျပ်နုံးဖြင့် ထုတ်ဝေဖြန့်ချီနေပါသည်။ ဥိးအေးမောင် ၏ စာအုပ်သည် အဓမ္မဝါဒ တရားများဖြစ်ကြောင်း သိလိုပါလျှင် ထိုစာအုပ်ကို ဝယ်ယူဖတ်ရှူလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အကြံပြုအပ်ပါသည်။ 

သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာ စာပေများနှင့် အကျွမ်းဝင်မူ နည်းပါးသေးလျှင် ထို ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဆိုသောဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်၏စာအုပ်ကြီးကို မဖတ်လျှင်ကား အကောင်းဖြစ်ပါလိမ့်မည် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဆိုသောထိုစာအုပ်ကြိးထဲမှ ရွှေမြန်မာဗုဒ္ဓဘာသာဝင်များ မှတ်သားသင့်တဲ့ အချက်လေးတော့ ထုတ်ပြပါမည်။ မြန်မာဗုဒ္ဓဝါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေး သူငယ်များကို ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။ ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ် မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူသည် ။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ၊ စာ-၅) 

ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို ထုတ်ပြပါမည်။ တစ်ရံရောအခါ တစ်ဥိးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေ၏။ ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌ ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။ ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍ `ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။ လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။ ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့ ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။ ထိုအခါ ဘုရားရှင်က ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ်။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။ ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော် ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။ ထိုအခါ အရှင်အရှင်အာနန္ဒာအား `မြတ်စွာဘုရားသည် အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊ အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏ ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ ချစ်သားအာနန္ဒာ ထိုရှင်ပြုချင်ကြသောကလေးတို့သည် ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏ ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု ဖြေလေသော် ထိုသို့ဖြစ်လျှင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။ ရှင်သာမဏေ ပြုပေးနိုင်၏ ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု ဘုရားရှင်းမိန့်တော်မူ၏။ အထက်ပါ ပညတ်ချက်များကို ကြည့်လျှင် အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။ အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည် သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။ သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည် အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။ ထို့ကြောင့် ဗုဒ္ဓဝါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန် ကောင်းမွန်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထားဤ ပြုသင့်သော အချက်ဖြစ်ပေသည်။ ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည် တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည် ။ ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဉာဏ်နု နယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏ ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏ အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ၊ စာ-၅) 

ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။ ကျောင်းထိုင်ဆရာတော်များဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။ ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊ သရဏဂုံ ပီသဖို့ နေနေသာသာ မိခင်နို့ပင် မပြတတ်သေး။ ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။ ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။ ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏။


ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးကုန်သော စာရှူသူ သူတော်ကောင်း အမျိုးကောင်းသား သမီးတို့သည် ဤစာကို မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများသို့ ဖြန့်ဝေ၍ သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

1 comment:

  1. a very good advice and comments on people criticising dhamma without having much knowledge and 'saddha' ( belief ). i also recommend reading and listening to 'shin zawtika's ( nyaungdon ) talks about buddha's real 'dhamma'.

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊