Thursday, October 8, 2009

ဗုဒ္ဓဂေါတမဟာ ဆရာတဆူမျှ မရှိဘဲနဲ့ ဗုဒ္ဓအဖြစ်ကို ရရှိတယ်ဆိုတာကို ဘယ်နည်းနဲ့ သိနိုင်ပါသလဲ


အလွန်မှန်ကန်ပြီး ဘယ်တော့မှ မဖောက်ပြန်တဲ့ အကြောင်းရှိရင် ‎အကျိုးတရားပေါ်ပေါက် ရမယ် ဆိုတဲ့ အကြောင်းအကျိုးဆက်တရားအရ ဗုဒ္ဓဂေါတမဟာ ဘယ်ဆရာကမျှ ‎သင်ပြခြင်းမရှိဘဲနဲ့ ဗုဒ္ဓအဖြစ်ကို ရောက်ရတယ်ဆိုတာ လက်တွေ့သဘောအားဖြင့် အလွန်ထင်ရှားလှပါတယ်။ ‎

ဗုဒ္ဓအလောင်းအလျာဆိုတာ ဗုဒ္ဓအဖြစ်ကို ရအောင် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်တိုင် (၁၀) ပါးသော ပါရမီကို ‎ဒီလောက်တောင် ကာလကြာမြင့်အောင် ကျင့်တာက အကြောင်းတရားပဲ။ နောက်ဆုံး ဘယ်သူကမျှ မသင်ဘဲ၊ မပြဘဲနဲ့ ‎သစ္စာလေးပါးတရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူပြီး ဗုဒ္ဓအဖြစ်ကို ရတာက အကျိုးတရားပဲ။ ဒါကြောင့် ‎သစ္စာလေးပါးတရားကို အကြွင်းမဲ့ သိမြင် သဘောပေါက်တဲ့ ပုဂ္ဂိုလ်ကို ဗုဒ္ဓ သို့မဟုတ် အတုမရှိ ‎သဗ္ဗညုတရွှေဉာဏ်ရှင်လို့ ခေါ်တာပေါ့။

ဒီနေရာမှာ ဗုဒ္ဓဂေါတမဟာ ဗုဒ္ဓအဖြစ်ကို မရမီ အာလာရကာလာမနဲ့ ရမ္မပုတ္တဆိုတဲ့ ဆရာနှစ်ဆူစီမှာ နည်းနာနိသျ ခံယူ ‎တယ် ဆိုတဲ့စကားဟာ မမှန်ဘူးလားလို့ စောဒကတက်စရာ ရှိတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့က အလွန်လွယ်ပါတယ်။ ဒီ အာလာရကာလာမ နဲ့ ရမ္မပုတ္တတို့ဆီမှာ အရူပဈာန်အဘိညာဉ်နဲ့ ‎ပတ်သက်လို့ နည်းနာနိသျခံခဲ့စဉ်အခါက ဗုဒ္ဓဂေါတမဟာ ဗုဒ္ဓအဖြစ်ကို မရသေးဘူး။ ဗုဒ္ဓ အလောင်းအလျာအဖြစ်မှာပဲ ‎ရှိသေးတယ်။ 

အဲဒီနောက် ဒီ ဈာန်အဘိညာဉ်တရားတွေကို ကျင့်နေခြင်းအားဖြင့် သူလိုချင်တဲ့ ဒုက္ခဆင်းရဲအပေါင်းမှ ‎ချုပ်ငြိမ်းရန် နိဗ္ဗာန်ကို မရောက်နိုင်မှန်းသိတော့ ဒီ ဆရာနှစ်ဆူကို စွန့်ခွာခဲ့ပြီး သူတဦးတည်း (၆)နှစ်တိုင်တိုင် ဒုက္ကရ ‎စရိယာ ကျင့်တော်မူတယ်။ အဲဒီနောက် ဗုဒ္ဓအဖြစ်ကို ရတော့မယ့် အချိန်ကာလကျရောက်လာတဲ့ ညတညမှာ အိပ်မက် မြင်မက်တော်မူတယ်။ ဒီ ‎အိပ်မက်ကို မက်လည်းမက်လိုက်ရော နောက်တနေ့ သူ ဗုဒ္ဓအဖြစ်ကိုရောက်တော့မယ်ဆိုတာကို သိတော်မူတယ်။ ‎ဒီလိုနဲ့ပဲ နောက်တနေ့နံနက်ကျတော့ သူ့ရှေးရှေးဘဝပေါင်းများစွာက တည်ဆောက်ခဲ့တဲ့ (၁၀)ပါးသော ပါရမီအဟုန်နဲ့ ‎မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ကျင့်လိုက်တာနဲ့ တပြိုင်နက် ဗုဒ္ဓအဖြစ်ကို ရောက်တော်မူတယ်။ လက္ခဏာရေးသုံးပါးကို ‎မြင်ပြီး ဆွမ်းဘုဉ်းပေးတော်မူတယ်။ အဲဒီနောက် သစ်ပင်ရိပ်အောက်မှာ နားပြီး ညနေချမ်းအချိန်ကျတော့ ဂယာဒေသ ‎စာရီ ကြွတော်မူတယ်။ အဲဒီနေ့ည ပလ္လင်ပေါ်မှာပဲ ဘယ်ဆရာရဲ့ သင်ပြမှုမျှ မရှိဘဲနဲ့ သစ္စာလေးပါးတရားကို ပိုင်းခြား ‎ထင်ထင် သိမြင်တော်မူတယ်။ ဒီနည်းနဲ့ပဲ ဗုဒ္ဓအဖြစ်ကို ရောက်တော်မူတယ်။ ဗုဒ္ဓအဖြစ်ကိုရောက်တဲ့ပုဂ္ဂိုလ်ကို ဗောဓိလို့ ‎ခေါ်တယ်။ အဲဒီပုဂ္ဂိုလ် သဗ္ဗညုတရွှေဉာဏ်ရတဲ့ သစ်ပင်ကို ဗောဓိပင်လို့ ခေါ်တယ်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊