Friday, March 29, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ (ဗုဒ္ဓဂယာ)


ယေဟိကေစိ အာနန္ဒ စေတိယစာရိကံ အာဟိဏ္ဍန ္တာ ပသန္နစိတ္တာ ကာလံ ကရိဿန္တိ၊
သဗ္ဗေ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိ ံ သဂ္ဂံ လောကံ ဥပပဇ္ဇိဿန ္တီတိ။

(မဟာပရိနိဗ္ဗာနသုတ္တ၊ မဟာဝဂ္ဂပါဠိတော်)

          ညီဖွားအာနန္ဒာ အကြင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် စေတီတော်များကို
ဖူးမြော်ပူဇော်ရန် ရည်ရွယ်ချက်ဖြင့် သွားလာလည့်လည်နေစဉ် ကြည်ညိုသောစိတ် ရှိကြကုန်လျက်
သေဆုံးခဲ့ကုန်အံ့၊ ထိုလူအားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ကောင်းသော 
သူတို့၏လားရာဖြစ်သော ရူပါရုံ စသည်တို့ဖြင့် လွန်စွာကောင်းမြတ်သော လူ့ပြည်၊ နတ်ပြည်သို့ ရောက်ကြ
လိမ့်မည်။ စေတီတော်ကို ဖူးမြှော်ဖို့ရန် သွားလာစဉ်က ကြည်ညိုစိတ်ဖြင့်သွား၍ ဓာတ်ခံရောဂါ ဖောက်ပြန်၍
ဖြစ်စေ၊ အန္တရာယ်တစ်စုံတစ်ခုကြောင့်ဖြစ်စေ မတော်တဆ လမ်းခရီးမှာ သေဆုံးခဲ့သော် ဘုရားကို
ကြည်ညိုသော စိတ်ဖြင့် သေဆုံးခြင်းဖြစ်သောကြောင့် ကောင်းရာသုဂတိသို့ ရောက်ရှိရလိမ့်မည်ဟု
မြတ်စွာဘုရားရှင်က မဟာပရိနိဗ္ဗာနသုတ်၌ ဟောကြားတော်မူခဲ့ပေ၏။

          ဤဟောကြားချက်သည်ကား သံဝေဇနိယလေးဌာနကို ဖူးမြှော်သူများအတွက်သာ ဟောကြား
ခဲ့သည်တော့မဟုတ်ပေ။ အချို့အချို့သော ရွှေမြန်မာဘုရားဖူးများသည် သံဝေဇနိယလေးဌာန ကို 
ဘုရားဖူးရလျှင် အပါယ်တံခါးပိတ်သည်ဟု အယူရှိတတ်ကြ၏။ သံဝေဇနိယဌာနပင်ဖြစ်စေ ဘုရားဖူးသွားစဉ် 
ဘုရားရှင်ပေါ်၌ ကြည်ညိုစိတ်မရှိဘဲ ပျော်ပွဲစားထွက်သည့်ပမာ ပျော်ရင်းပါးရင်းဖြင့် သေဆုံးသွားကြသူများ
အတွက်ဆိုလျှင်ကား သူတို့၏ စိတ်ထားအားလျှော်စွာ ရောက်သင့်ရာဘုံသို့ ရောက်ကြမည်သာဖြစ်ပါသည်။
မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသ အသီးသီးတွင် တည်ရှိနေသည့် စေတီတော် ပုထိုးတော်များကို ကြည်ညိုသော
စိတ်ဖြင့် ဖူးမြှော်ပူဇော်ပါကလည်း ကောင်းမြတ်သော လူ့ပြည်၊ နတ်ပြည်သို့ ရောက်ရှိနိုင်ပေသည်။ 
စေတီရင်ပြင်ကို တံမြက်စီးလှဲခြင်း၊ စေတီရင်ပြင်နေရာ များကို ဆေးကြောသုတ်သင်ခြင်း၊ ဗောဓိပင်ကို
ရေလောင်းခြင်း စသည့် ကုသိုလ်ထူးများကို ပြုသူများ အတွက်မူ ပြောဖွယ်ရာပင်မလိုကြောင်း 
အဋ္ဌကထာဆရာက မိန့်ဆိုထားပါသည်။

          အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသသို့ အကြောင်းမညီညွတ်၍ သွားရောက်ပြီး ဘုရားမဖူးမြော်နိုင်ကြသော
ပုဂ္ဂိုလ်များအဖို့ အားငယ်စရာမလိုပေ။ မိမိတို့ဒေသရှိ ဘုရားစေတီများအား ဂုဏ်တော်များကို အာရုံပြုကာ 
ဖူးမြော် ပူဇော်ကြလျှင်လည်း အပါယ်ဒုဂ္ဂတိမကျရောက်ဘဲ ကောင်းမြတ်သော လူ့ပြည်၊ နတ်ပြည် စသော 
သုဂတိဘုံများ သို့ ရောက်နိုင်ကြောင်း သိထားသင့်ပါပေ၏။

          မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က မဇ္ဈိမဒေသသို့
ဘုရားဖူးသွားခြင်းကိစ္စနှင့် ပတ်သက်၍ မိန့်ကြားတော်မူဖူးသည်မှာ " ဘုန်းကြီးကတော့ မဇ္ဈိမဒေသသို့ 
ဘုရားဖူးသွားမည့်အစား ကိုယ့်မြန်မာနိုင်ငံရှိ ရွှေတိဂုံဘုရားကို (၁၀) ပတ် ပတ်ပြီးပူဇော်မယ်၊ 
ကိုယ့်မြန်မာနိုင်ငံမှာရှိတဲ့ ဘုရားစေတီတွေက ရွှေတွေကို ဝင်းလို့၊ နိုင်ငံခြားမှာရှိတဲ့ ဘုရားစေတီတွေက 
ကိုယ့်မြန်မာနိုင်ငံမှာရှိတဲ့ ဘုရားစေတီများလို ဘယ်မှာကြည်ညိုဖွယ်ရာကောင်းပါ့မလဲ၊ နိုင်ငံခြားသွားပြီး 
ဘုရားဖူးရင်း ဘာသာခြား ပုဂ္ဂိုလ်များ ဖျက်ဆီးထားတာကို တွေ့မြင်ရလျှင် ယောနိသော မနသိကာရ 
မရှိပါက ဒေါမနဿ အကုသိုလ်များ တောင် ဖြစ်နိုင်စရာရှိတယ် " ဟု မိန့်ကြားတော်မူခဲ့ဘူးသည်။

          စာရေးသူဖော်ပြမည့် အခန်းဆက်ဆောင်းပါးများတွင် တွေ့ရမည့် နေရာဒေသများသည် များသော
အားဖြင့် ဘုရားစေတီပျက်နှင့် ကျောင်းအို ကျောင်းပျက်များသာ တွေ့ရမည်ဖြစ်ပေ၏။ ဘုရားရှင် ပရိနိဗ္ဗာန်
စံပြီး နှစ်ပေါင်း ၂၅၀၀ ကျော်ဆိုသော ကာလသည် အလွန်ကြာမြင့်လှသည်ဖြစ်သောကြောင့်လည်းကောင်း၊ 
အိန္ဒိယ ပြည်ကြီးသည် မွတ်စလင်တို့လက်အောက် ကျရောက်ပြီးနောက် မင်းဆက် (၁၃) ဆက်တိုင်အောင်
မွတ်စလင် များ အုပ်စိုးခဲ့စဉ်က ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော စေတီပုထိုးများ၊ ကျောင်းကန်ဘုရားများ 
အများအပြား ဖျက်ဆီးခံခဲ့ရသည်တို့ကြောင့် လည်းကောင်း ယခုမျက်မှောက်ခေတ်တွင် တွေ့မြင်ရသော
နေရာဒေသများ အားလုံးသည် ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်တုန်းက နေရာများ၊ အသောကခေတ်
လက်ရာ လုံးဝအစစ်မှန် များသာ ဖြစ်သည်ဟူ၍ကား တထစ်ချမှတ်ယူ၍ မရနိုင်တော့ပေ။ (သံဝေဇနိယ
ဌာနများကို မဆိုလိုပါ) အဆွေစာရှူသူသည် အခါခွင့်သင့်၍ မဇ္ဈိမဒေသသို့ ဘုရားဖူးလာဖြစ်ခဲ့မယ်ဆိုရင် 
ဘုရားစေတီပျက်၊ ကျောင်းအိုကျောင်းပျက်များကိုတွေ့၍ အကုသိုလ်များ မဖြစ်စေဘဲ ယောနိသော 
မနသိကာရ ထားကာ ဘုရား ဂုဏ်တော်များကို အာရုံပြု၍ ဖူးမြော်ပူဇော်နိုင်ကြပါစေကြောင်း
စေတနာဖြင့် တိုက်တွန်းအပ်ပါ၏။

ဥရုဝေလ

          ဘုရားအလောင်းတော်သည် တောထွက်တော်မူခဲ့ပြီးနောက် " အာဠာရ "  ဂိုဏ်းဆရာကြီးနှင့်
"ဥဒက" ဂိုဏ်းဆရာကြီးတို့ထံ နည်းခံဆွေးနွေး၍ လောကီ သမာပတ်ရှစ်ပါးတို့ကို ရရှိတော်မူခဲ့၏။ 
ထိုသမာပတ်ရှစ်ပါးသည် ဘာမှအကျိုးမရှိဟု အဖန်ဖန်ပယ်ရှားကာ သမာပတ်တို့ကို ငြီးငွေ့၍ အာဠာရ
 နှင့် ဥဒက ဆရာကြီးတို့ထံမှ ဖဲခွါ၍  နိဗ္ဗာန်တရားကို ရှာမှီးတော်မူလျက် ဒေသစာရီလှည့်လည်တော်
မူကာ မဂဓတိုင်း သေနာနိဂုံးအနီး ဥရုဝေလ တောအုပ်သို့ ရောက်ရှိခဲ့၏။

          ထိုဥရုဝေလတောအုပ်၌ သူတော်သူမြတ်တို့ မွေ့လျော်လောက်သည့် မြေနေမြေထားကို
လည်းကောင်း၊ စိတ်ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ ရွှံ့ညွန် ဗွက်အိုင်မရှိ ပကတိ
သန့်ရှင်းလျက် ဆင်းရန် တက်ရန် အလွန်ကောင်းသော ဆိပ်ကမ်းရှိပြီး ငွေလွှာငွေပြားကို ခင်းထားသည့်
ပမာ သာယာသောသဲပြင်၊ မြူးရွှင်သော ငါး, လိပ် တို့ဖြင့် စိတ်ကြည်နူးစဖွယ် စင်ကြယ်သော ရေ
အယဉ်တို့ တသွင်သွင် စီးဆင်းနေသည့် နေရဉ္ဇရာမြစ်ကိုလည်းကောင်း၊ တောနေရဟန်းတို့ ဆွမ်းခံ၍ 
ရလွယ်မည့် ရွာငယ်ကလေးများကိုလည်းကောင်း တွေ့မြင်တော်မူလေရာ ဘုရားအလောင်းတော်၏ 
စိတ်သန ္တာန်၌  " အိုး.. မြေပြင်ကလည်း သူတော်သူမြတ်တို့ မွေ့လျော်လောက်ပါဘိ၏။ တောအုပ်က
လည်း စိတ်ကြည်နူးဖွယ် ကောင်းပါဘိ၏။ နေရဉ္ဇရာမြစ်ကလည်း ပကတိသန့်ရှင်းလျက် အဆင်း 
အတက် လွယ်ကူသော ဆိပ်ကမ်းရှိ၍ မဏိရတနာ မြကျောက်အသွင် စိမ်းလဲ့ကြည်လင်သော
ရေအယဉ်တို့ တသွင်သွင် စီးဆင်းလျက်ရှိဘိ၏။ ပတ်ဝန်းကျင်မှလည်း တောနေရဟန်းတို့ ဆွမ်းခံ၍ 
လွယ်မည့် ရွာငယ်ကလေးများ ရှိ၏။ ဤမြေအရပ်သည် နိဗ္ဗာန်ကို လိုလားသော အမျိုးကောင်းသား၏
အဖို့ ကမ္မ ဋ္ဌာန်းအလုပ်ကို အားထုတ်ရန် စွမ်းဆောင်နိုင်မည့်နေရာ ဖြစ်ချေသည် " ဟု အကြံကောင်း
ဖြစ်ပွားကာ ရသမျှသော ထင်းခြောက် သစ်ရွက်ကလေးများဖြင့် ဖြစ်ကတတ်ဆန်း သင်္ခန်းကျောင်း
ကလေး ဆောက်လုပ် တော် မူပြီး ထိုဥရုဝေလ တောအုပ်မှာပင် ပဓာနအလုပ် အားထုတ်ရန် 
ထိုင်နေတော်မူလေ၏။


ဥရုဝေလ ဟု ခေါ်ဆိုရခြင်းအကြောင်း


          ဗုဒ္ဓမြတ်စွာ မပွင့်ထွန်းမီ အတိတ်ကာလသောအခါက အမျိုးကောင်းသား တစ်ထောင်တို့သည်
ရသေ့ ရဟန်းပြုပြီး ထိုတောင်မှာ နေထိုင်ခဲ့ကြ၏။ တနေ့သောအခါ ရသေ့အားလုံး စည်းဝေးကြပြီး ပြုလုပ်မှု
ကာယကံ၊ ပြောဆိုမှု ဝစီကံတို့ဆိုတာ တစ်ပါးသူတို့အားလည်း ပေါ်လွင်တယ်၊ တစ်ပါးသူတို့က မြင်နိုင်ကြ
တယ်။ မနောကံမှု ဆိုသည်မှာ မထင်ရှားမပေါ်လွင်ပေ၊ ဒါကြောင့် ကာမဝိတက် (ကာမဂုဏ်နှင့်ယှဉ်သော
 ကြံစည်မှု)၊ ဗျာပါဒ ဝိတက် (သူတစ်ပါးပျက်စီးစေရန် ကြံစည်မှု)၊ ဝိဟိ ံသာဝိတက် (သူတစ်ပါးကို နှိပ်စက်
ရန်ကြံစည်မှု) များကို ကြံစည်နေတဲ့ ပုဂ္ဂိုလ်အား အပြစ်တင်တဲ့သူဆိုတာ မရှိနိုင်တော့ဘူး။ ၎င်းဝိတက်များ
 ကြံစည်မိတဲ့ ပုဂ္ဂိုလ်ဟာ မိမိကိုယ်ကို မိမိကိုယ်တိုင် အပြစ်တင်စောဒနာပြီး သစ်ရွက်ခွက်ဖြင့် သဲကို
ယူဆောင်ကာ ဤတောင်ဤနေရာဌာနကို သွန်းလောင်းရမည်။ အဲဒီလိုပြုလုပ်ခြင်းဟာ ဒဏ်ထန်းခြင်းပဲ 
ဖြစ်သည်ဟု ပြောဆိုကြပြီး ကတိကဝတ်ပြုခဲ့ ကြသည်။ ထိုအခါမှစ၍ ဝိတက်အမျိုးမျိုးကြံစည်မိတဲ့ 
ရသေ့ဟာ ဖက်ရွက်ခွက်ဖြင့် သဲကိုယူဆောင်၍ ထိုတောင် နေရာမှာ သွန်းလောင်းခဲ့ကြသဖြင့် 
ကာလကြာသောအခါ သဲပုံကြီး ဖြစ်လာခဲ့သည်ဆို၏။
(ဥရု - ကြီးစွာ, များစွာ၊ ဝေလာ - သဲစု၊ သဲပုံ) ဟု အဓိပ္ပါယ်ရပေသည်။


ယခုမျက်မှောက်ခေတ် တွေ့မြင်ရသော ဥရုဝေလတောင်


          ဗုဒ္ဓဂယာမှ ၁၂ ကီလိုမီတာခန့် ကားစီး၍ သွားလျှင် ဘုရားရှင် ဒုက္ကရစရိယာ ကျင့်သုံးခဲ့ရာ
ဥရုဝေလ တောင်သို့ ရောက်နိုင်ပါ၏။ ယခုမျက်မှောက်ခေတ်တွင်တွေ့မြင်ရသော ဥရုဝေလတောင်သည်
မဟာဗုဒ္ဓဝင်လာ ပါရှိသည့်စာအတိုင်း သစ်ပင်တောအုပ်ထူထပ်သော သာယာဖွယ်ကောင်းသော 
တောအဖြင့် မြင်တွေ့ရခြင်း မရှိတော့ပေ။ ဥရုဝေလတောင် သည်လည်း သစ်ပင်များ ပြုန်းတီးလျက် 
တောင်ကတုံးသာသာ ဖြစ်နေသည်ကို တွေ့ရှိရပေ၏။

တချိန်က ကြည်လင်သော ရေအယဉ်ရှိခဲ့သည်ဆိုသော နေရဉ္ဇရာမြစ်သည်လည်း မိုးရာသီ နှစ်လခန့်မှလွဲ၍
ရေစီးဆင်းသည်ကို မတွေ့ရတော့ပေ။ နေရဉ္ဇရာမြစ်သည် လူသေအလောင်းများ သဂြုၤလ်ရာ
သချို ၤင်းသဖွယ် ဖြစ်၍နေပေပြီ။



ဘုရားရှင် ဒုက္ကရစရိယာကျင့်တော်မူခဲ့သော လိုဏ်ဂူသို့ ရောက်ဖို့ရန်အတွက် ခြေကျင်ခရီးဖြင့်
တက်ရောက်ရပေသည်။ အသက်ရွယ် ကြီးသူများအဖို့ ထမ်းစင်များကို ငှါးရမ်း၍လည်း 
တက်ရောက်နိုင်ပါ၏။ ဘုရားရှင် ဒုက္ကရစရိယာ ကျင့်တော်မူခဲ့သော ဂူထဲသို့ ဝင်ရောက်၍ ဒုက္ကရစရိယာ 
ကျင့်သုံးပုံ ဗုဒ္ဓရုပ်ပွါးတော်ကို ဂူအတွင်းသို့ ဝင်၍ ဖူးမြော်ကြည်ညိုနိုင်ပေသည်။



ရွှေမြန်မာဘုရားဖူး သူတော်စင်များအဖို့ သိထားသင့်သည်မှာ လိုဏ်ဂူအတွင်းတွင် ဘုရားရှင်
ဒုက္ကရစရိယာ ကျင့်တော်မူပုံ ဗုဒ္ဓရုပ်ပွါးတော်တင်မကဘဲ ဟိန္ဒူဘာသာဝင်များက ထည့်သွင်းထားသော 
သူတို့၏ နတ်ဘုရား ရုပ်ထုများလည်း ရှိသည်ကို တွေ့ရပေသည်။ အပြင်ပန်းတွင် အဝတ်များ
 ဖုံးအုပ်ထားသောကြောင့် အချို့သော ဘုရားဖူးများသည် ဗုဒ္ဓရုပ်ပွါးတော် ထင်မှတ်ကာ ရှိခိုးပူဇော်ခြင်း၊ 
ထိုရုပ်ထုများ၏ ရှေ့တွင်ရှိသော အလှူခံပုံးတွင် လှူဒါန်းခြင်း စသည်များကို မသိနားမလည်ပဲ
ပြုလုပ်နေသည်ကို တွေ့ရှိရပေသည်။ ဗုဒ္ဓဘာသာ၏ အထွဋ်မြတ်ထားရာဖြစ်သော နေရာဒေသ 
အများများအပြားတွင် သူတို့၏ ဟိန္ဒူအယူဝါဒများကို ရောယောင်ကာ ထည့်သွင်းထားတတ်သောကြောင့်
ဘုရားဖူးသူတော်စင်များအဖို့ သေချာစိစစ်၍ ရှိခိုးပူဇော်ခြင်းများ ပြုလုပ်ဖို့ အထူးပင် လိုအပ်လှပေသည်။



စာရေးသူလေ့လာတွေ့ရှိရသော အခြေအနေများကို တင်ပြရလျှင် ဥရုဝေလတောင် အဆင်းနေရာတို့တွင်
အသက်ကြီးသူခိုကိုးရာမဲ့များ ကလေးသူငယ် သူတောင်းစားများ မြှောက်များစွာရှိသည်ကို တွေ့ရပေသည်။ 
အချို့အချို့သော ဘုရားဖူးများသည် မိမိ၏အသက်အန္တရာယ်ကို မမြင်ဘဲ ပေးကမ်းတတ်ကြသည်ကို
အမြှောက်အများ တွေ့ရှိရပေ၏။ စာရေးသူအနေနဲ့ ပေးကမ်းလှူဒါန်းခြင်းကို အပြစ်ပြောလို၍ မဟုတ်ပေ။ 
ကုလားများ ကုလားမများကို ပိုက်ဆံတစ်ဆယ်ပေး၍ သင့်ကို ကျေးဇူးတင်မည် မထင်လိုက်ပါလေနှင့်။ 
ပိုက်ဆံရှိမှန်းသိလျှင် ရန်ပြုဖို့ လုယက်ဖို့သာလျှင် ဖြစ်နိုင်ခြေများပေ၏။ ဥရုဝေလ တောင်ခြေတဝိုက်တွင် 
လုယက်မှု၊ ခိုးဆိုးတိုက်ခိုက်မှု့များက နားနှင့် မဆန့်အောင် ကြားခဲ့ရပါသည်။ အချို့အချို့သော 
ဘုရားဖူးများသည် ကလေးများ၏ အသက်အန္တရာယ် ကို မကြည့်ဘဲ ကားပေါ်မှ ပိုက်ဆံပစ်ချ၍လည်း 
ပေးကမ်းတတ်သည်ကို တွေ့ရှိရပေ၏။ ထိုကဲ့သို့ လုပ်၍ တောင်းစားနေသောကလေး တခုခုဖြစ်ပါက 
ဘုရားဖူးဖို့ လာသောခရီးစဉ်တွင် ဘုရားမဖူးရပဲ ထောင်နန်းစံဖို့ ခရီးစဉ် ဖြစ်သွားနိုင်သည်ကို 
အထူးသတိချပ်အပ်ပေသည်။ အိန္ဒိယနိုင်ငံ၏ ဥပဒေရ နိုင်ငံခြားသားပုဂ္ဂိုလ်များ အိန္ဒိယနိုင်ငံသားများကို
ပေးကမ်းလျှင် သူတို့နိုင်ငံသားကို အလုပ်မလုပ်ချင်အောင် ငွေပေး၍ ဖျက်ဆီးသည်ဟုဆိုကာ
ပေးကမ်းသူကို ဥပဒေအရ ထောင်ချ၍ ရနိုင်သည်ကိုလည်း သိထားသင့်ပါသည်။ ရွှေမြန်မာ ဘုရားဖူးများအဖို့ 
စေတနာသဒ္ဓါတရား ထက်သန်၍ လှူဒါန်းချင်သည်ဆိုပါက သာသနာအတွက် အကျိုးရှိသော 
ဗုဒ္ဓဘာသာကျောင်းများ၊ မြန်မာရဟန်းတော်များ အမြှောက်အများရှိပေသည် ထိုကဲ့သို့ အကျိုးရှိသောနေရာ
များတွင်သာ လှူဒါန်းကြဖို့ အထူးတိုက်တွန်းလိုပါ၏။

ဆက်လက်ဖော်ပြပါမည်............


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊ တိပိဋကဆရာတော် ဘဒ္ဒန ္တဝါယမိန္ဒာဘိဝံသ၏
ဗုဒ္ဓဂယာဘုရားဖူးများသို့ စာအုပ်များကို မှီငြမ်း၍ ရေးသားပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊