Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၄ (ဗုဒ္ဓဂယာ)

မဟာဗောဓိ ညောင်ပင်

ဗုဒ္ဓမြတ်စွာဘုရား သစ္စာလေးပါး တရားတော်ကို  သိမြင်ရာဌာနဖြစ်သော မဟာဗောဓိဌာနသည်
ဗုဒ္ဓဘာသာဝင်များအတွက် အလွန် အလေးအမြတ်ပြုအပ်တဲ့ ဌာနကြီးတစ်ခု ဖြစ်ပေသည်။
ဘုရားအလောင်းတော်သည် ဥရုဝေလတောမှ ညောင်ပင်ဆီသို့ နေမဝင်မီ ရောက်အောင် သွားပြီးနောက်
ညောင်ပင်အောက်တွင်ထိုင်၍ အလုံးစုံသိမြင်သော (သဗ္ဗညုတ) ဉာဏ်တော်ကို ရတော်မူသဖြင့် "ဗောဓိ"
ဟူသော အမည်ရလေသည်။ ဗောဓိအမည်ရသော အလုံးစုံကို သိသူ မြတ်ဗုဒ္ဓ အမှီပြုခဲ့သော ညောင်ပင်
ကို "ဗောဓိညောင်ပင်" ဟု ခေါ်ဆိုကြသည်။ လူတို့တွင် ဘုရားဖြစ်သူသည် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်၍ "ဗုဒ္ဓ"
ဟု ခေါ်ဆိုသည့်နည်းအတူ မြေတို့တွင် ဘုရားပွင့်ရာမြေသည် အမြတ်ဆုံးနေရာဖြစ်၍ "ဗုဒ္ဓ" ဟုပင်
တင်စားခေါ်ဝေါ်ကြသည်။ ဗုဒ္ဓပွင့်ရာမြေနေရာသည် ဂယာမြို့နှင့် နီးကပ်လျှက် တည်ရှိခြင်းကြောင့်
ထိုနေရာနှစ်ခုကို ပေါင်းစပ်၍ "ဗုဒ္ဓဂယာ" ဟု ခေါ်ဆိုကြသည်။

ဟိန္ဒူများအဖို့ အယုဒ္ဓယ(Ayodhya) မြို့၊ မူဆလင်များအဖို့ မက္ကာ (Macca) မြို့၊
ခရစ်ယန်များအဖို့ ဂျေရုဆလင် (Jeruslam) မြို့တို့သည် အမြတ်ဆုံးဖြစ်သကဲ့သို့
ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များအဖို့ မဟာဗောဓိစေတီ နှင့် ဗောဓိပင်ရှိရာ ဗုဒ္ဓဂယာ(BuddhaGaya)
သည် အမြတ်ဆုံး ဖြစ်ပေသည်။


မဟောဗောဓိညောင်ပင်သည် ပေ (၅၀) ခန့်မြင့်ပြီး မဟာဗောဓိစေတီ်၏ အနောက်ဘက်တွင် တည်ရှိသည်။
မြတ်စွာဘုရားသခင်၏ ဖွားဖက်တော်တစ်ပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့သည့် မဟာမြေမြတ်
ဌာနမှ ယခုတိုင် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာ၊ အလေးအမြတ်ထားရာ ဗောဓိသတ္တာဟ တစ်ခုအဖြစ်
တည်ရှိနေသည်။ မဟာဗောဓိပင်သည် အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရပေသည်။ ယခုတည်ရှိနေသော
မဟာဗောဓိပင်သည် ဘုရားရှင်နှင့် ဖွားဖက်တော် မဟာဗောဓိပင် အစစ်လို့ မဆိုနိုင်သည့်တိုင်အောင်
မဟာဗောဓိပင်က အတက်ပေါက် ရှင်သန်လာတဲ့ မူလ မဟာဗောဓိပင် ဟု ဆိုနိုင်ကြောင်း သမိုင်း အထောက်အထားများအရ တွေ့ရှိရပေသည်။



ပထမအကြိမ် ဖျက်ဆီးခံရခြင်း

မဟာဗောဓိပင် ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ အိန္ဒိယကြေးမုံကျမ်းကြီးကို ကိုးကားကာ
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ၊ ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများတွင် ဆရာတော်ဘုရားဖြေဆိုထားသော "ဗောဓိပင် ပြဿနာ" 
အမေးအဖြေတွင် အောက်ပါအတိုင်း တွေ့ရှိရပေသည်။
ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာဝင် မဖြစ်မီက စစ်သည်တော်
အပေါင်းနှင့် လာရောက်ပြီး မဟာဗောဓိပင်ကို အမြစ်ရင်းက ခုတ်ဖြတ်စေသည်၊ ကျန်တဲ့ ဗောဓိပင် အငုတ်
ကိုလည်း ပုဏ္ဏားတစ်ယောက်ကို မီးအတိုက် ခိုင်းသည်ဟုဆိုသည်၊ ပုဏ္ဏားကလည်း မင်းကြီးရဲ့ အမိန့်အတိုင်း
သစ်ငုတ်ကို မီးတိုက် ဖျက်ဆီးလိုက်သည်၊ နောက်တစ်နေ့ မိုးလင်းသောအခါ ပုဏ္ဏားက မီးတိုက်ထားတဲ့
ဗောဓိပင်ငုတ်ရဲ့ အခြေအနေကို သွားကြည့်သောအခါ ထိုဗောဓိပင်နေရာမှာ  မူလအပင်ထက် သာလွန်
တင့်တယ်သော  ဗောဓိပင်ပျို ပေါက်နေတာကို မြင်တွေ့ရသည်ဟု ဆိုသည်။ ဒီအကြောင်းကို
သီရိဓမ္မာသောကမင်းကြီးထံ လျှောက်ထားတော့ မင်းကြီးဟာ နောင်တ ပူပန်ခြင်းဖြစ်ပြီး ဗောဓိပင်ကို
မပြတ် လာရောက် ပြုစုသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မင်းကြီး၏ မိဖုရားကြီးက
လျှို့ဝှက်တဲ့အကြံအစည်နှင့် မင်းကြီးမရှိခိုက် မဟာဗောဓိပင်ကို အဖြတ်ခိုင်းပြန်သည်၊ အသောကမင်းကြီး
ဗောဓိပင်ကို သွားရောက်ဖူးတဲ့အခါ ဗောဓိပင် ခုတ်လှဲထားတာကို တွေ့ရလို့ ဗောဓိပင်ငုတ်ကို နွားနို့တို့ဖြင့်
သွန်းလောင်း အဓိဋ္ဌာန်တဲ့အခါမှ အမြစ်ရင်းက ပင်စည်ထွက်လာပြီး ပြန်ပေါက်လာသည်ဟုဆိုသည်၊
ဗောဓိပင်ရဲ့ အံ့ဖွယ်သရဲကိုမြင်လို့ ကြည်ညိုတဲ့အတွက် အရပ်လေးမျက်နှာက အုတ်တံတိုင်းများကို
ကာရံထားခြင်း ဖြစ်သည်ဟု ဆိုသည်။ မဟာဗောဓိပင်ကို သီရိဓမ္မာသောကမင်းကြီးရဲ့ မိဖုရားက
အဆိပ်ရှိတဲ့ ဖားရိုးနှင့် ထိုးသတ်စေသည်ဟု အချို့သော သမိုင်းစာအုပ်များ၌ တွေ့ရသည်။
သီရိဓမ္မာသောကမင်းကြီးရဲ့ မိဖုရား တိဿရက္ခာ(Tissarakkha) ဖားရိုးနဲ့ထိုးသတ်စေတဲ့ ဗောဓိသည်
မူလမဟာဗောဓိ မဟုတ်၊ မဟာဗောဓိပင်က မျိုးစေ့ယူပြီး သီရိဓမ္မာသောကမင်းကြီး စိုက်ပျိုးတဲ့
ပါဋလိပုတ်ပြည်(ယခုအခေါ် ပတ္တနားမြို့) က ဗောဓိပင်လို့ မဟာဝင်ကျမ်းမှာ ပြဆိုထားကြောင်း
တည်တော်ဆရာတော်ဘုရားမိန့်ကြားသော "ဗောဓိပင် ပြဿနာ" အမေးအဖြေတွင် တွေ့ရသည်။


ဒုတိယအကြိမ် ဖျက်ဆီးခံရခြင်း

ဘင်္ဂလားပြည်နယ်၊ အလယ်ပိုင်း မူရှိဒါဗာဒ်မြို့အနီး ကန္ဒသုဝဏ္ဏမြို့၊ ရှီဝဘုရင် ဆာဆင်္ကာ(Sasanka)
သည် ဗောဓိပင်ကို ခုတ်ဖြတ်၍ အမြစ်ပါတူးပြီး မီးရှို့ပစ်လေသည်။ ထိုအကြောင်းကို သိသော မဂဓဘုရင်
ပူရဏဗာရ်မန် (Purnavarman) သည် အသောကမင်းစသော ဘိုးဘေးအစဉ်အဆက် မြတ်နိုးပူဇော်သကဲ့သို့
ထပ်မံစိုက်ပျိုးခဲ့သည်။ ဘုရင်ဆာဆင်္ကာသည် နောက်ထပ်တစ်ကြိမ် ဗောဓိပင်ကို ဖျက်ဆီးပြန်၏။
ပူရာဏဗာရ်မန် သည်လည်း နောက်ထပ်တစ်ကြိမ် ပြန်လည်စိုက်ပျိုးပြီးနောက် ဗောဓိပင်ကို ရန်သူတို့
မဖျက်ဆီးနိုင်ရန် ကျောက်လက်ရန်းကြီးဖြင့် ကာရံထားလိုက်သည်။

တတိယအကြိမ် ဖျက်ဆီးခံရခြင်း

ခရစ်နှစ် (၁၁၉၃) ခု၊ မတ်လ၌ မဂိုလ်မင်း၏ စစ်ဗိုလ်ချုပ်ကြီး မိုဟာမက်ဂိုရီ (Mohammed Ghory)၏
စစ်ဗိုလ်၊ စစ်သား (၂၀၀၀) တို့သည် ဗုဒ္ဓဂယာသို့ လာရောက်ကာ ဗောဓိပင်နှင့် စေတီတော်၊ ဘုန်းတော်ကြီး
ကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
အေဒီ (၁၂) ရာစု အကုန်တွင် အိန္ဒိယပြည်ကြီးသည် မူဆလင်တို့လက်အောက် ကျရောက်ပြီးနောက်
မဂိုလ်မင်းတို့သည် မင်းဆက် (၁၃) ဆက်တိုင်အောင် ဒေလီမြို့၌ နန်းစိုက်ကာ အုပ်ချုပ်သွားခဲ့ကြသည်။
ခရစ်နှစ် (၁၇၂၇) ခုနှစ်တွင် ဟိန္ဒူဘုန်းကြီး မဟန့်ဂီရိ၏ အဘိုးများသည် မဟာဗောဓိပရိဝုဏ်နှင့် ဂယာမြို့
ဟောင်းနေရာ တာရာဒီးဟ် ရွာကို ဒေလီဘုရင် မိုဟာမက်ရှား (Mohammed Shah) ထံမှ အပိုင်စား
ရရှိသွားလေသည်။

စတုတ္ထအကြိမ် လဲကျသွားခြင်း နှင့် ပဉ္စမအကြိမ် စိုက်ပျိုးခြင်း

ခရစ်နှစ် (၁၈၇၆) ခုတွင် မဟာဗောဓိပင်သည် လေမုန်တိုင်းတိုက်ခိုက်ခြင်းကြောင့် လဲကျသွားခဲ့၏။
ဟိန္ဒူဘုန်းကြီး မဟန့်ဂီရိသည် လေမုန်တိုင်းဒဏ်ကြောင့် လဲကျသွားသည့် ဗောဓိပင်ကြီးနေရာ၌ (ဗုဒ္ဓဘာသာ
ဝင်များ ဖူးမျှော်ရန်အတွက်) ဗောဓိပင်ပျိုတစ်ပင် (ယခု လက်ရှိပင်) ကို စိုက်ပျိုးခဲ့သည်။ (အလဇန္ဒား
ကာနင်ဂန် စိုက်ပျိုးခဲ့သည်ဟုလည်း အဆိုရှိ၏။)

ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ၊ လန်ဒန်) ရေးသားသော "အိန္ဒိပြည်နှင့် ဗုဒ္ဓသာသနာသမိုင်း"
စာအုပ်တွင် အောက်ပါအတိုင်း တွေ့ရသည်။
ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တစ်ဦးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဖူးရာ
သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့် အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး ထိုဗောဓိပင် ၏ အသက်မှာ
နှစ်တစ်ရာအိုမည်မထင်ဟု ဆိုခဲ့ပါတယ်။ ၁၈၇၅ ခုနှစ်၌ ဤဗောဓိပင် ဟာ တပင်လုံးယိုရွင်းနေသောကြောင့် ၁၈၇၆
ခုနှစ်၌ လေနီကြမ်း နှင့် လဲပါသွားခဲ့သည်။ ထိုအပင်မှ အစေ့များကို ယူထားလိုက်သည့် အပြင် အခက်ကြီးတခက်ကို
လည်း ထိုနေရာ၌ ပြန်လည်စိုက်ပျိုးခဲ့သည်။ မည်သူစိုက်ပျိုးခဲ့တယ် ဆိုတာတော့ အတိအကျ မပါ။ ထိုအခိုင်မှ
ပေါ်ထွန်းစည်ပင်လာခဲ့တဲ့ ဗောဓိပင်မှာ ယခု ရှိနေသည့် ဗောဓိပင် ဖြစ်သည်ဟု ဆိုထားသည်ကို တွေ့ရပေသည်။

ယခု လက်ရှိ မဟာဗောဓိပင်သည် သီဟိုဠ်မှ တဆင့် ပင်ပွါးယူ၍ စိုက်ထားသည်ဟု တချို့က ဆိုကြသည်။
မည်သည့်စာအုပ်တွင် မည်သူကရေး၍ မည်သူက ဆိုထားကြောင်း စာရေးသူမတွေ့ဘူးပါ။ တိကျခိုင်လုံ
သည့် အထောက်ထားမရှိသည့်အတွက်ကြောင့် ဤအဆိုသည် ပါးစပ်ရာဇဝင်မျှသာ ဖြစ်ပါလိမ့်မည်။

အချုပ်ဆိုရလျှင်  ယခု ဗုဒ္ဓဘာသာဝင်များ မြင်တွေ့နေရသော မဟာဗောဓိပင်သည် ဘုရားရှင်နှင့် ဖွားဖက်တော်
မဟာဗောဓိပင် အစစ်ဟု မဆိုနိုင်သည့်တိုင်အောင် မဟာဗောဓိပင်က ပင်ပွါး ရှင်သန်လာတဲ့
မူလ မဟာဗောဓိပင်ဖြစ်ကြောင်း သမိုင်းအထောက်များက ပြဆိုလျက်ရှိသည်ကို တွေ့ရပါသည်။




ဟိန္ဒူဘုန်းကြီး မဟန့်ဂီရိ ၏ အရိုက်ရာခံ ယခုလက်ရှိ ဟိန္ဒူဘုန်းကြီးမဟန့်နှင့် စာရေးသူ

*************************

ဆက်လက်ဖော်ပြပါမည်..........

ကိုးကား............
(မဇ္ဈိမဒေသမြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ) ဦးသြဘာသ၊ သာဝတ္ထိမြန်မာကျောင်း၊
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး၊ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅)
ဦးမြင့်ဆွေ၊ (အိန္ဒိယပြည်နှင့် ဗုဒ္ဓသာသနာသမိုင်း)

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊