Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၅ (ဗုဒ္ဓဂယာ)

ဘုရားဖြစ်တော်မူပြီး ( ၄၉) ရက်စံတော်မူရာ (၇) ဌာန


(၁) ပလ္လင်္က သတ္တာဟ

မြတ်စွာဘုရားအလောင်းတော်သည် မဟာဗောဓိပင်သို့ ရောက်ပြီးနောက် အရှေ့ဘက်
အပရာဇိတပလ္လင် ပေါ်ပေါက်မည့်အရပ်တွင် မြက်ရှစ်ဆုပ်ကို ကြဲဖြန့်တော်မူခဲ့သည်။

ထိုမြက်ရှစ်ဆုပ်သည် မြက်အသွင်ကွယ် ပျောက်၍ (၁၄) တောင် ပမာဏရှိသော အပရာဇိတ ပလ္လင်ကြီး
ဖြစ်လာခဲ့သည်။ ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကို ကျောထောက်နောက်ခံထား၍ အရှေ့
အရပ်သို့ မျက်နှာမူလျက် မြဲမြံသောစိတ် ရှိတော်မူကာ - 
၁။ အရေမျှ ကျန်လိုလျှင် ကျန်စေ၊
၂။ အကြောမျှ ကျန်လိုလျှင် ကျန်စေ၊
၃။ အရိုးမျှ ကျန်လိုလျှင် ကျန်စေ၊
၄။ ငါ၏ တစ်ကိုယ်လုံး အသားအသွေး အားလုံးတို့ ခမ်းခြောက်၍ သွားလျှင် သွားစေ

ငါသည် ဘုရားမဖြစ်သမျှ ဤယခု ဖွဲ့ခွေထားသော တင်ပလ္လင်ကို အဘယ်နည်းနှင့်မျှ ဖျက်လိမ့်မည်မဟုတ်
ဟူ၍ အင်္ဂ ါလေးပါးရှိသော ဝီရိယဖြင့် ဆောက်တည်တော်မူကာ မိုးကြိုးပစ်ချခြင်းဖြစ်လည်း ပျက်စီးခြင်း
သဘောမရှိသော အပရာဇိတ တင်ပလ္လင် (ရန်သူတို့ကို မရှုံးပဲ ကိုယ်တော်ကသာ အောင်ပွဲယူမည့် တင်ပလ္လင်
ဖွဲ့ခြေခြင်းမျိုး) ကို ဖွဲ့ခွေတော်မူကာ ရတနာပလ္လင်တော်၌ ထိုင်နေတော်မူ၏။


မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ နေမဝင်မှီပင်
ဒေဝပုတ္တမာရ်စသော မာရ်ငါးပါးကိုအောင်မြင်တော်မူပြီးနောက် အပရာဇိတ ပလ္လင်တော်ထက်တွင်
ညဉ့်ဦးယံဝယ် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သန်းခေါင်ယံဝယ် ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံဝယ်
အာသဝက္ခယဉာဏ်တည်းဟူသော ဝိဇ္ဇာဉာဏ်သုံးပါးတို့ကို အစဉ်အတိုင်း ရတော်မူ၍ ဘုရားအဖြစ်သို့
ကဆုန်လပြည့်နေ့ မိုးသောက်ယံတွင် ရောက်ရှိတော်မူလေသည်။

မာရ်ငါးပါးဆိုသည်မှာ - 

၁။ ဒေဝပုတ္တမာရ်
မာရ်နတ်မင်းနှင့် တကွ မာရ်စစ်သည်အပေါင်းကို အောင်တော်မူသည်။ (အပြင်ရန်များကို အောင်ခြင်း)

၂။ ကိလေသမာရ်
(၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။

၃။ အဘိသင်္ခ ါရမာရ်
ကုသိုလ်ကံ၊ အကုသိုလ်ကံ အားလုံးကို ကုန်ခန်းအောင်မြင်တော်မူသည်။

၄။ ခန္ဓမာရ်
လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ အပါယ်ဘုံခန္ဓာ၊ ခန္ဓာအားလုံးကို အောင်မြင်တော်မူသည်။

၅။ မစ္စုမာရ်
သေခြင်းတရားကို အောင်မြင်တော်မူသည်။ (အတွင်းရန်များကို အောင်ခြင်း)

ယခုအခါ တွေ့မြင်ရသော ပလ္လင်တော်မှာ ဘုရားရှင်ထိုင်တော်မူခဲ့သော အပရာဇိတပလ္လင်တော့
မဟုတ်ပေ။ ဤနေရာ ဤဌာန၌ ထိုင်တော်မူ၍ ဘုရားရှင်အဖြစ်သို့ ဆိုက်ရောက်ခဲ့ပုံကို အာရုံပြု၍
ကြည်ညိုနိုင်ပါသည်။ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံး အပရာဇိတပလ္လင်
ထက်ဝယ် ဝိမုတ္တိချမ်းသာ ဖလသမာပတ်ချမ်းသာကို ခံစားလျက် (၇) ရက်ကြာစံနေတော်မူခဲ့သည်။
ပဋိစ္စသမုပ္ပါဒ်တရား၊ နိဗ္ဗာန်တရား၊ မဂ်တရားတို့ကို ဆင်ခြင် နှလုံးသွင်းတော်မူခဲ့သည်။
ထိုသို့ ပလ္လင်ထက်၌ (၇) ရက်စံနေတော်မူခဲ့သည့် ပထမသတ္တာဟကို ပလ္လင်္ကသတ္တာဟ ဟု
ခေါ်လေသည်။

၂။ အနိမိသ သတ္တာဟ

မျက်လုံးတော်ကို မမှိတ်ဘဲ မဟာဗောဓိပင် နှင့် အပရာဇိတပလ္လင်တော်ကို စူးစူးစိုက်စိုက် ကြည့်ရှူ့
နေတော်မူသော ခုနှစ်ရက်ကို "အနိမိသ သတ္တာဟ"ဟူ၍ ခေါ်ဆိုသည်။

ဘုရားရှင်သည် အပရာဇိတပလ္လင်ပေါ်၌ (၇) ရက်ပတ်လုံး သီတင်းသုံး၍ နေတော်မူသည့်အခါ
အချို့သောနတ်များအဖို့ ယုံမှားသံသယဖြစ်ကြသည်။ ဘုရားရှင်သည် ယခုအချိန်ထိ နေရာမှမထသေး
ဘုရားဖြစ်အောင် ပြုနိုင်သည့်တရားများ ကျန်ရှိနေသလောဟု ယုံမှားသံသယဖြစ်ကြသည်။ မြတ်စွာ
ဘုရားရှင်သည် ရှစ်ရက်မြောက်နေ့ (လပြည့်ကျော် ၈ ရက်နေ့) ၌ အရဟတ္တဖိုလ်သမာပတ်မှ ထတော်
မူ၍ နတ်ဗြဟ္မာတို့၏ ယုံမှားမူကို သိရှိတော်မူကာ ထိုနတ်ဗြဟ္မာတို့၏ ယုံမှားမှုကို ပယ်ရှားတော်မူအံ
သောငှါ ကောင်းကင်သို့ ပျံတက်၍ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ကို ပြတော်မူလေ၏။
မြတ်စွာဘုရားသည် ရေမီးအစုံအစုံ တန်ခိုးပြဋိဟာကို ပြတော်မူ၍ နတ်ဗြဟ္မာတို့၏ ယုံမှားမှုကို
ပယ်ရှားတော်မူပြီးလျှင် ကောင်းကင်မှ ဆင်းသက်တော်မူ၍ အပရာဇိတပလ္လင်တော်မှ အရှေ့မြောက်
ထောင့်အရပ်၌ ရပ်တည်တော်မူပြီးလျှင် "ငါသည် ဤအပရာဇိတပလ္လင်တော်၌ သဗ္ဗညုတ ရွှေဉာဏ်
တော်ကို ရအပ်လေပြီတကား" ဟု စဉ်းစားဆင်ခြင်တော်မူကာ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာ
ဆည်းပူးတော်မူခဲ့သော ပါရမီတော်တို့၏ အကျိုးဖြစ်သည့် အရတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို
ရတော်မူရာ အပရာဇိတပလ္လင်တော်နှင့် မဟာဗောဓိပင်ကို မျက်လုံးတော်မမှိတ်ပဲ ကြည်ရှူလျက်
ခုနှစ်ရက်ကို လွန်စေတော်မူသည်။ ထိုအရပ်ကို အနိမိသသတ္တာဟ ဟု ခေါ်လေသည်။ ထိုနေရာ
တွင် အထိမ်းအမှတ် တည်ထားသော အနိမိသစေတီတစ်ဆူရှိသည်။ အမြင့်ပေ (၃၀) ခန့်ရှိပြီး
မဟာဗောဓိစေတီပုံစံဖြစ်သော်လည်း သေးငယ်ပါသည်။

၃။ စင်္ကမ သတ္တာဟ

ထို့နောက် တတိယသတ္တာဟ သို့ရောက်သောအခါ မြတ်စွာဘုရားသည် အပရာဇိတပလ္လင်တော်နှင့်
အနိမိသစေတီတို့၏ အကြား အရှေ့အနောက်အလျားရှိသော နတ် ဗြဟ္မာတို့ ဖန်ဆင်းအပ်သည့်
ရတနာစြင်္က ံ၌ တရားတော်ကို ဆင်ခြင်ကာ ဖလသမာပတ်ကို ဝင်စားကာဖြင့် လူးလားခေါက်တုံ့
စြင်္က ံလျှောက်လျက် ခုနှစ်ရက်ကို ကုန်လွန်စေတော်မူသည်။ ထိုနေရာကို ရတနစင်္ကမသတ္တာဟ ဟု
ခေါ်ဆိုသည်။

ရတနစင်္ကမသတ္တာဟ သည် မဟာဗောဓိစေတီ၏ မြောက်ဘက်ကပ်လျက်တွင် ရှိပြီး အသောကမင်း
ကြီးမှ အထိမ်းအမှတ်တစ်ခုအဖြင့် တည်ဆောက်ခဲ့သော စြင်္က ံကို ဘုရားဖူးများ မြင်တွေ့နိုင်ပါသည်။
အရှေ့အနောက် ပေ (၅၀) ခန့်၊ အမြင့် (၃) ပေ၊ အနံ (၃) ပေရှိ ကျောက်ခုံပေါ်တွင် ကျောက်ကြာပွင့်
(၁၉) ပွင့်ရှိရာဌာနသည် ရတနစင်္ကမသတ္တာဟ ဖြစ်သည်။

၄။ ရတနာဃရ သတ္တာဟ

စတုတ္ထသတ္တာဟ သို့ ရောက်သောအခါ မြတ်စွာဘုရားသည် မဟာဗောဓိပင်မှ အနောက်မြောက်
ထောင့် အရပ်ဝယ် နတ် ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်
မူကာ အဘိဓမ္မာပိဋက တရားတော်မြတ်ကို သုံးသပ်ဆင်ခြင်တော်မူလေသည်။ အဘိဓမ္မာပိဋက တရား
တော်များကို သုံးသပ်ဆင်ခြင်တော်မူသောအခါ အောက်ဖြစ်သော ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်းကျမ်း၊
ဓာတုကထာကျမ်း၊  ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်းတို့ကို သုံးသပ်ဆင်ခြင်တော်
မူသောအခိုက်၌ ရောင်ခြည်တော် ၆ ပါးတို့ မကွန့်မြူးသေးပဲ ခုနှစ်ဆင့်မြောက်ဖြစ်သည့် အနန္တနယ
သမန္တပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါ ထက်ဝန်းကျင် ကိုယ်တော်မှ နီလ- အပြာရင့်
ရောင်၊ ပီတ - ဝါရွှေသောအရောင်၊ လောဟိတ - အနီရောင်၊ သြဒါတ - အဖြူရောင်၊ မေဉ္ဇဋ္ဌ - မဲ-နီ-ညို
သုံးခုအပေါင်း မောင်းသောအရောင်(ပန်းရောင်)၊ ပဘဿသရ - ပြိုးပြိုးပျက်ပျက်အရောင် အားဖြင့်
ခြောက်ပါးသော ရောက်ခြည်တော်တို့သည် အထက်အဖို့အားဖြင့် ဘဝဂ်တိုင်အောင်၊ အောက်အဖို့အားဖြင့်
သုံးပါးသော မြေထု - လေထု တို့ကိုဖောက်၍ အောက်ကောင်းကင်တိုင်အောင်၊ ဖီလာအားဖြင့် အနန္တ
စကြာဝဠာတိုင်အောင် ပျံ့နှံ့စေလျက် (၇) ရက်ပတ်လုံး စံနေတော်မူသည်။

ပဋ္ဌာန်းတရားတော်ကို သုံးသပ်ဆင်ခြင်တော်မူသည့် ထိုနေ့၌ မြတ်စွာဘုရားကိုယ်တော်မှ ထွက်ပေါ်
ကွန့်မြူးကြသော ရောင်ခြည်တော်တို့သည် ယနေ့တိုင်အောင်ပင် အနန္တစကြာဝဠာ လောကဓာတ်တို့သို့
ဥတုဇရုပ် အဆက်ဆက်အနေအားဖြင့် ပြေးသွားနေကြဆဲဖြစ်၏။
ဤ ရောင်ခြည်တော် (၆) သွယ်ကို အထိမ်းအမှတ်ပြု၍ ဗုဒ္ဓဘာသာ သာသနာ့အလံတော်ကို စီစဉ်
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စိတ်ကူးတီထွင် ပြုလုပ်ခဲ့သူမှာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ လောရိန်း
မြို့သား ဗုဒ္ဓဘာသာဝင် အငြိမ်းစားဗိုလ်မှူးကြီး ဟင်နရီစတီးလ်အောလ်ကော့ ဖြစ်သည်ဟု ဆိုသည်။
ခရဇ်နှစ် (၁၈၈၅) ခုနှစ်၊ ကဆုန်လပြည့်နေ့မှ စတင်၍ သီရိလင်္ကာနိုင်ငံတွင် လွှင့်ထူခဲ့ကြောင်း သိရသည်။
ရတနာဃရဟု ခေါ်ဆိုခြင်းမှာ ရတနာသဖွယ်ဖြစ်သော အဘိဓမ္မာ (၇) ကျမ်းတို့ကိုလည်းကောင်း၊
ထို (၇) ကျမ်းတို့တွင့် အမြတ်ဆုံးဖြစ်သော ဓမ္မရတနာ ပဋ္ဌာန်းတရားတော်ကိုလည်းကောင်း သုံးသပ်ဆင်ခြင်
တော်မူသဖြင့် ရတနာဃရ ဟု ခေါ်ဆိုခြင်းဖြစ်သည်။ (ဋီကာ)
စတုတ္ထသတ္တာဟ အဖြစ်စံနေတော်မူခဲ့သော ရတနာဃရ ရွှေအိမ်တော်ကို ယခုအခါ (၁၄) ပေ၊
(၁၁) ပေခန့် ကျယ်ဝန်းသော အုပ်တိုက်ငယ်လေးဖြင့် တွေ့မြင်နိုင်သည်။ အတွင်းတွင် ဗုဒ္ဓရုပ်ပွါးတော်ရှိပြီး
ဤနေရာတွင် ရောင်ခြည်တော်ကွန့်မြူးခဲ့သော ဘုရားရှင်ကို အာရုံပြု၍ ဖူးမြော်ကြည်ညိုနိုင်ပေသည်။

၅။ အဇပါလ သတ္တာဟ

ဘုရားရှင်သည် ရတနာဃရ သတ္တာဟ၌ (၇) ရက်စံနေတော်မူပြီးနောက် မဟာဗောဓိပင်မှ
အရှေ့အရပ်၌ တည်ရှိသော အဇပါလညောင်ပင်ရင်းသို့ ကြွရောက်တော်မူပြီးလျှင် ခုနှစ်ရက်ပတ်လုံး
တရားကို ဆင်ခြင်ကာ ဖလသမာပတ်ကို ဝင်စားကာဖြင့် အဇပါလညောင်ပင်ရင်း၌ သီတင်းသုံး
နေထိုင်တော်မူသည်။ ( ထိုညောင်ပင်ရိပ်သို့ ဆိတ်ကျောင်းသားများ လာရောက်နေထိုင်မှုများသော
ကြောင့် အဇပါလညောင်ပင်ဟူ၍ တွင်လေသည်။ အဇပါလ - ဆိတ်ကျောင်းသားတို့ အရိပ်ခိုနားရာ၊
နိဂြောဓ - ညောင်ပင်)



ထိုနေရာတွင် မြတ်စွာဘုရားရှင် စံတော်မူနေစဉ် မာန်နတ်သမီး၏ သမီးတော်များ ဖြစ်ကြသည့် တဏှာ -
အရတီ - ရဂါတို့သည် မြတ်စွာဘုရားထံကို ချဉ်းကပ်ပြီးနည်းအမျိုးမျိုးသော မာယာတို့ဖြင့် မြူဆွယ်
ဖျားယောင်းကြသည်။ မြတ်စွာဘုရားရှင်သည် ကိလေသာ ရန်မှန်သမျှ အောင်မြင် တော်မူသော
အခြင်းအရာပြလျှက် နတ်သမီးသုံးယောက်တို့ကို သုဿာန်တွင် စွန့်ပစ်အပ်သော သူသေကောင်ပုတ်
ကဲ့သို့ ကဲ့ရဲ့ရှုံ့ချ   စက်ဆုပ်တော်မူသည်။ နတ်သမီးတို့သည် " လောကတွင် မြတ်သောအလှူကို
ခံတော်မူထိုက်ပေ၏။ လူအပေါင်းတို့တပ်အပ်သော အရာ၌လည်း ဆုံးမတော်မူနိုင်ပေ၏ " ဟုဆိုပြီး
မာန်နတ်မင်းထံပြန်ကြရလေသည်။

ဘုရားဖြစ်တော်မူပြီးနောက် လူသားများမှ ဘုရားရှင်ကို ပထမဆုံးတွေ့ဆုံရသူဖြစ်သော ဒိဋ္ဌမင်္ဂလိက
အမည်ရှိ ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ထံလာရောက်၍ မေးခွန်းများမေးခဲ့သည်။ ထိုပုဏ္ဏားသည်
မာနလည်းကြီး၊ ဒေါသလည်းကြီးလျက် နေရာဖယ်ပေးရန် ဟေး ဟေး ဟုအသံပြုကာ လှည့်လည်နေသော
ကြောင့် ဟုံဟုင်္ကဇာတိပုဏ္ဏားဟုလည်း နာမည်ရပေသည်။ လူသားတို့တွင့် ပထမဆုံး ဘုရားရှင်တရားကို
နာကြားခဲ့ဘူးသူ ဖြစ်သော်လည်း မည်သည့် တရားထူးမှ မရရှိခဲ့ပါချေ။


ထို အဇပါလသတ္တာဟသည် မဟာဗောဓိ စေတီတော်ကြီး၏ အဝင် မုဒ်ဦးအဆင်းတွင်ရှိပြီး ယခုအခါတွင်
ထိုဆိတ်ကျောင်းညောင်ပင်မရှိတော့ပေ။ ထိုနေရာတွင် ကျောက်စာ ဌာနက အထိမ်းအမှတ် စိုက်ထူထားသော
ကျောက်တိုင်သာရှိသည်။ ကျောက်တိုင်မှာ ကျိုးနေပြီး (၁၂) ပေခန့်မြင့်သည်။ မဟာဗောဓိစေတီတော်ကြီး၏
ရှေဘက်တည့်တည့်  ပေ (၂၀၀ ) ခန့်မှာ  ရှိပါသည်။ ထိုနေရာ၌ ဘုရားရှင် သီတင်းသုံးခဲ့သည်ကို အာရုံပြု၍
ရှိခိုးပူဇော်နိုင်ပေသည်။


ဆက်လက်ဖော်ပြပါမည်............


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့
စာအုပ်များကို မှီငြမ်း၍ ရေးသားပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊