Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၆ (ဗုဒ္ဓဂယာ)

(၆) မုစလိန္ဒ သတ္တာဟ

မြတ်စွာဘုရားရှင်သည် ဆိတ်ကျောင်းညောင်ပင်ရင်း၌ (၇) ရက်စံနေတော်မူပြီးနောက်
မဟာဗောဓိပင်မှ အရှေ့တောင် မုစလိန္ဒာအိုင်အနီး ကျည်းပင်ရင်းသို့ ကြွသွားတော်မူပြီးလျှင်
ထိုကျည်းပင်ရင်း၌ အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူကာ ခုနှစ်ရက်ပတ်လုံး တခုတည်း
သော တင်ပလ္လင်ဖြင့် ထိုင်နေတော်မူ၏။ (ကျည်းပင်ကို ပါဠိလို မုစလိန္ဒ ဟု ခေါ်ဆိုသည်)
ထိုအခါ အခါမဲ့မိုးကြီး (မိုးဥတုမရောက်မှီ ရွာသောမိုး) ခုနှစ်ရက်ပတ်လုံး ရွာလေသည်။
(ဤမိုးမျိုးကား စကြာ်မင်း ပေါ်ထွန်းသောအခါ၊ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသောအခါ
ဤအခါ နှစ်ပါး၌သာ ရွာသွန်းသည်) ထိုမိုးကြီး ရွာသွန်းလတ်သော် မုစလိန္ဒာအိုင်၏ အောက်၌
ရှိသော နဂါးဘုံဗိမာန်ကို အစိုးရသည့် အလွန်တန်ခိုးအာနုဘော်ကြီးသော မုစလိန္ဒာနဂါးမင်း
သည် "ဤအခါမဲ့မိုးကြီးသည် ငါ၏ ဘုံဗိမာန်အတွင်းသို့ မြတ်စွာဘုရားသခင်  ဝင်လျှင်ဝင်ခြင်းပင်
ရွာသွန်းခဲ့လေပြီ၊ မြတ်စွာဘုရားအတွက် နေထိုင်ရန်ကျောင်းတော်ကို ရရှိမှ သင့်ပေမည်" ဟု
ကြံစည်စဉ်းစားကာ မုစလိန္ဒာနဂါးမင်းသည် မိမိကိုယ်တိုင်က ရတနာခုနှစ်ပါးဖြင့် ပြီးသော 
ပြဿဒ်ကြီးကို ဖန်ဆင်းနိုင်သော တန်ခိုးအာနုဘော်နှင့် ပြည်စုံသူ ဖြစ်ပါလျက် "ဤသို့ တန်ခိုး
ဖြင့် ရတနာပြဿဒ်ကြီး ဖန်ဆင်း၍ လှူခဲ့သော် ငါ့မှာ အကျိုးကြီးလိမ့်မည် မဟုတ်၊ ငါသည်
မြတ်စွာဘုရားအား ကိုယ်ဖြင့် ဝေယျာဝစ္စကောင်းမှု ပြုပေအံ့ " ဟု ကြံစည်ပြီးလျှင် ကြီးမာလှစွာ
သော ခန္ဓာကိုယ်ကြီးကို ဖန်ဆင်း၍ မြတ်စွာဘုရားကို အချမ်း၊ အပူ၊ မှက်၊ ခြင်၊ ယင်စသည်တို့
မထိပါး မနှိပ်စက်နိုင်စေရန် အခွေခုနှစ်ထပ် ရစ်ပတ်ကာရံလျက် ဦးခေါင်းတော်ထက်၌ ပါးပျဉ်း
ဖြင့် ဖြန့်ကျက်အုပ်မိုး၍ ထားလေ၏။

မြတ်စွာဘုရားသည် မကျဉ်းမြောင်းသော ဂန္ဓကုဋီတိုက်အတွင်း၌ သီတင်းသုံးရသကဲ့သို့
မုစလိန္ဒာနဂါးမင်း၏ အခွေခုနှစ်ထပ်အတွင်းမှာ အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ခုနှစ်ရက်
ကို ကုန်လွန်စေသည်။ နဂါးမင်းသည် မိုးလေကင်းရှင်းသွားသောအခါ လုလင်ပျိုတစ်ယောက်
အသွင် ဖန်ဆင်းလျက် မြတ်စွာဘုရား၏ ရှေ့တော်၌  မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုး
လျက် ရပ်တည်ကာနေလေ၏။

ယခုအခါ မုစလိန္ဒ သတ္တာဟ အထိမ်းအမှတ် ရေအိုင်ကြီးကို တွေ့မြင်နိုင်သည်။ မဟာဗောဓိ
ပင်၏ အရှေ့တောင်ဘက် (၅၁) လံ အကွာတွင်ရှိသည်။ ကျည်းပင်မှာမူ မရှိတော့ပေ။ ရေအိုင်ကြီး
အလယ်တွင် ဗုဒ္ဓဂယာ သာသနာပြုအဖွဲ့ ဦးကျော်သိန်း ဦးဆောင်သော ဒါယကာ + ဒါယိကာမ 
များက လှူဒါန်းပူဇော်ထားသော နဂါးရုံဘုရား ကို တွေ့မြင်နိုင်သည်။

(၇) ရာဇာယတန သတ္တာဟ


ဘုရားရှင်သည် ကျည်းပင်ရင်း၌ (၇) ရက် စံနေတော်မူပြီးနောက် မဟာဗောဓိပင်၏ တောင်ဘက်
အလံ (၅၀) အကွာ၌ ရှိသော လင်းလွန်းပင်ရင်းသို့ ကြွရောက်ကာ အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်
မူကာ သီတင်းသုံးတော်မူခဲ့သည်။ (လင်းလွန်းပင် ကို ပါဠိလို ရာဇာယတန ဟု ခေါ်ဆိုသည်)
ဤသို့ဖြင့် ခုနှစ်ရက် ခုနှစ်လီ သတ္တသတ္တာဟ ၄၉ ရက် ပြည့်ခဲ့လေသည်။ ၄၉ ရက် ပြည့်
မြောက်သော ဝါဆိုလဆန်း ၅ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ထိုလင်းလွန်းပင်ရင်း၌ သီတင်းသုံးနေတော်မူသော
မြတ်စွာဘုရားအား သိကြားမင်းသည် ဆေးသျှစ်သျှားသီး နှင့် နဂါးပြည်မှာဖြစ်သော ကွမ်းရိုးဒန်ပူကို
လည်းကောင်း၊ မျက်နှာသစ်ရန် အနောတတ်အိုင်မှ ရေကိုလည်းကောင်း ဆက်ကပ်လှူဒါန်းလေသည်။
မြတ်စွာဘုရားသည် သိကြားမင်းဆက်ကပ်သော ကွမ်းရိုးဒန်ပူကို ဝါးတော်မူပြီးလျှင် အနောတတ်အိုင်
ရေဖြင့် ခံတွင်းတော်ဆေးခြင်း၊ မျက်နှာတော်သစ်ခြင်း အမှုကိုပြု၍ ထိုလင်းလွန်းပင်ရင်း၌ပင် ထိုင်နေ
တော်မူလေ၏။

တပုဿ နှင့် ဘလ္လိက ညီနောင်တို့ ဒွေဝါစိကသရဏဂုံတည်ခြင်း
      
           ထိုအခါ တပုဿ နှင့် ဘလ္လိက ညီနောင်တို့သည် လှည်းအစီးပေါင်း ငါးရာတို့ဖြင့် မိမိတို့နေရာ
ဥက္ကလာဇနပုဒ်မှ မဇ္ဈိမဒေသသို့ ကုန်ကူးသန်းရောင်းဝယ်ရန် သွားကြသောအခါ မြတ်စွာဘုရားရှင်
သီတင်းသုံးနေတော်မူသော ထိုလင်းလွန်းပင်အနီးတဝိုက်မှ သွားကြကုန်၏။ ထိုအနီးတဝိုက် ရောက်
သောအခါ သူတို့၏လှည်းများကို ဘီးများမလည်အောင် နတ်ဒေဝါတစ်ဦးက ပြုလုပ်ထားသောကြောင့်
ရှေ့ဆက်မသွားရောက်နိုင်ကြတော့ပေ။ ထိုအချိန်တွင် ဘဝဟောင်းတခုတွင် ဆွေမျိုးတော်စပ်ခဲ့ဘူးသော
ရုက္ခဇိုးနတ်သားသည် သစ်ပင်ခွကြား၌ ကိုယ်ထင်ရှားပြလျက် လောကမှာ ဘုရားပွင့်နေကြောင်း၊
ဘုရားရှင်သည် လင်းလွန်းပင်ရင်း၌ သီတင်းသုံးနေကြောင်း၊ မြတ်စွာဘုရားထံ သင်တို့သွားကြပြီး
ဆွမ်းအာဟာရတို့ဖြင့် ပူဇော်ကြကုန်လော့။ ယင်းသို့ ပူဇော်ခြင်းသည် သင့်တို့အတွက် နေ့နေ့ညည
စီးပွါးချမ်းသာတိုးပွါးဖို့ရန် ဖြစ်ပေလိမ့်မည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

      ထိုစကားကို ကြားသောအခါ ကုန်သည်ညီနောင်တို့သည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ
မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်ဖူးမြော်ရှိခိုး၍ မိမိတို့ထံတွင် အသင့်ပါလာသော မုန့်ကြွက်ကျစ် နှင့်
ပျားဆုပ်မုန့်တို့ကို လှူဒါန်းဆက်ကပ်ကြလေသည်။

    ထိုအခါ မြတ်စွာဘုရားရှင်သည် ရှေးရှေးနောင်တော် မြတ်စွာဘုရားတို့သည် လက်တော်တို့ဖြင့်
အာဟာရကို အလှူမခံကြကုန်၊ ငါသည် ယခု ကုန်သည်ညီနောင်တို့ လှူဒါန်းသော မုန့်ကြွက်ကျစ်
နှင့် ပျားဆုပ်မုန့်တို့ကို အဘယ်အရာဖြင့် အလှူခံရပါမည်နည်းဟု ကြံစည်တော်မူ၏။ မြတ်စွာဘုရား
၏ စိတ်အကြံတော်ကို သိ၍ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ ဟူသော စတုမဟာရာဇ်နတ်မင်း
ကြီးလေးယောက်တို့ ဣန္ဒနီလာကျောက်ညိုသပိတ်လေးလုံးကို လှူဒါန်းဆက်ကပ်ကြသည်။ ထို
ကျောက်ညိုသပိတ်တို့ကို အလှူခံတော်မမူဘဲ ပယ်မြစ်တော်မူ၏။ ထိုအခါ ပဲနောက်အဆင်းရှိသည့်
(ပကတိ) ကျောက်သပိတ်တို့ကို လှူဒါန်းဆက်ကပ်ကြပြန်သည်။ ထိုသပိတ်လေးလုံးကို အလှူခံတော်
မူပြီး သပိတ်လေးလုံးကို ထပ်လျက် သပိတ်တစ်လုံးတည်းဖြစ်စေသတည်းဟု အဓိဋ္ဌာန်တော်မူသော
အခါ အနားလေးရစ်ရှိသော သပိတ်တစ်လုံး အဖြစ်သို့ ရောက်ရှိသွားသည်။ ထိုသပိတ်ဖြင့် တပုဿ
နှင့် ဘလ္လိက ညီနောင်လှူဒါန်းသောမုန့်တို့ကို အလှူခံတော်မူပြီး ဘုဉ်းပေးသုံးဆောင်တော်မူ၏။

     ဘုန်းပေးသုံးဆောင်တော်မူပြီးသောအခါ ကုန်သည်ညီနောင်တို့နှင့် သင့်လျော်သော အနုမော
ဒနာတရားကို ဟောကြားတော်မူလေသည်။ ထိုအခါ ကုန်သည်ညီနောင်တို့သည် ဗုဒ္ဓံ သရဏံ
ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ဟူသော ဒွေဝါစိက သရဏံဂုံ ခံယူသူ ဥပါသကာအဖြစ် ရောက်ရှိ
သွားကြသည်။ ထိုအချိန်က သံဃာရတနာ မပေါ်ပေါက်သေးသောကြောင့် ဒွေဝါစိက သရဏဂုံ
ကိုသာ ခံယူကြခြင်းဖြစ်သည်။

     တပုဿ နှင့် ဘလ္လိက ညီနောင်တို့သည် တပည့်တော်တို့သည် ယနေ့မှစ၍ ဘယ်ပုဂ္ဂိုလ်အား
ရှိခိုးပူဇော်မှု ပြုရမည်နည်းဘုရားဟု လျှောက်ထားကြသည့်အခါ ဘုရားရှင်က လက်ျာတော်ဖြင့်
ဦးခေါင်းတော်ကို သုံးသပ်တော်မူကာ ဆံတော်တို့ကို ပေး၍ ဤဆံတော် ရှစ်ဆူတို့ကို ရှိခိုးပူဇော်
ကြဟု မိန့်ကြားတော်မူလိုက်သည်။ တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ရွှင်လန်း
ဝမ်းမြောက်စွာဖြင့် ဘုရားရှင်ကို ရှိခိုးပူဇော်ကြပြီး ဆံတော်ရှစ်ဆူကို ပင့်ဆောင်ကာ မိမိတို့ နေရပ်
ဌာနသို့ ရောက်သောအခါ ဆံတော်ရှစ်ဆူကို ဌာပနာ၍ တိဂုံစေတီတော်ကို တည်ထားပူဇော်ခဲ့
ကြသည်။

          နောင်သောအခါ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဥပါသကာတို့ကို
ဧတဒဂ်ရာထူး ထားတော်မူသည့်အခါ "ပဋ္ဌမံ သရဏဂမန" ရှေးဦးစွာ သရဏဂုံခံယူသည့် အရာ
ဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး ထားတော်မူခဲ့သည်။

       ဘုရားရှင်သည် ရာဇဂြိုလ်ပြည်၌ သီတင်းသုံးတော်မူစဉ် တပုဿ နှင့် ဘလ္လိက ညီနောင်
တို့သည် ကုန်ရောင်းကုန်ဝယ် ကိစ္စဖြင့် ရာဇဂြိုလ်သို့ ရောက်ရှိလာကြရင်း ဘုရားရှင်ထံ ဆည်းကပ်
ခဲ့ကြသည်။ ဘုရားရှင်ဟောကြားသော တရားတော်ကို နာယူပြီးနောက် နောင်တော် တပုဿ
သည် သောတာပန် ဖြစ်ခဲ့သည်။ ညီတော် ဘလ္လိကသည် သာသနာ့ဘောင်ဝင်ကာ အဘိညာဉ်
၆ - ပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်ခဲ့သည်။



ယခုအခါ ဘုရားရှင်လက်ထက်က လင်းလွန်းပင်မှာ မရှိတော့ပေ။ အသစ်ထပ်မံစိုက်ပျိုးထားသော
လင်းလွန်ပင်ကိုသာ တွေ့မြင်နိုင်သည်။ မဟာဗောဓိစေတီ၏ တောင်ဘက်တွင်ရှိသည်။ ထိုနေရာ၌
ဘုရားရှင်သီတင်းသုံးခဲ့သည်ကို အာရုံပြု၍ ရှိခိုးပူဇော်နိုင်ပါသည်။


ကမာကုရ ဂျပန်ဘုရား

      ဗုဒ္ဓဂယာ ဘုရားဖူးများအဖို့ ဂျပန်နိုင်ငံက တည်ထားသော ဂျပန်နိုင်ငံရှိ ကမာကုရ ဘုရားပုံတူ
ဘုရားဆင်းတုတော်ကိုလည်း သွားရောက်ဖူးမြော်နိုင်ပါသည်။




ဆက်လက်ဖော်ပြပါမည်............


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
တိပိဋကဆရာတော် ဘဒ္ဒန ္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့
စာအုပ်များကို မှီငြမ်း၍ ရေးသားပါသည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊