Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၇ (ဗာရာဗာရ နှင့် နဂရဇ္ဇုနိကုန်းများ)

ဗာရာဗာရ နှင့် နဂရဇ္ဇုနိ ကုန်းများသည် ဂယာမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ကျောက်ထူ
ထပ်သည့် တောင်ကုန်းများစွာ ရှိကြသည်။ ဗုဒ္ဓဂယာနှင့် အလှမ်းကွာဝေးပြီး ကားဖြင့် ကီလိုမီတာ ၄၀
ကျော်ခန့်စီးကာ သွားရောက်နိုင်သည်။ သို့သော်လည်း လူသူအရောက်ပေါက်နည်းပြီး လမ်းခရီးလည်း
အနည်းငယ်ကြမ်းသောကြောင့် ယခုခေတ် ဘုရားဖူးများ သွားရောက်လေ့လာသူ မရှိသလောက် နည်းပါး
သည်ကိုတွေ့ရပေ၏။

ယင်းဒေသတစ်ခုလုံးတွင် ရှေးအခါက ထူထဲသည့် တောအုပ်ကြီးများ ရှိခဲ့သည်ဟု
သမိုင်းစာအုပ်များက ပြဆိုထားသည်ကို တွေ့ရသည်။ ယင်းဒေသရှိ ကျောက်ဆောင်များ နှင့်
နေရာတိုင်းလိုလိုသည် လှည့်လည်သွားလာသူ ပရိဗိုဇ်များနှင့် ဗုဒ္ဓဘာသာရဟန်းတော်များ
ကျက်စားရာဒေသအဖြစ် ဖန်တီးခဲ့ပေလိမ့်မည်ဟု Ven.S.Dhammika မှ
Middle Land Middle Way စာအုပ်၌ ဆိုထားသည်ကို တွေ့ရ၏။

ယင်းတောင်ကုန်းများအနက် တစ်ခုဖြစ်သည့် ကောအာဒေါလ (kauadol)သည် သုတ္တနိပါတ်ကျမ်းလာ
ပါရာယနဝဂ် (သုတ္တနိ၊ စာ-၄၄၈)၌ (ဖော်ပြထားသည့်) ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရာ 'နှစ်သက်ဖွယ် တင့်တယ်
လှပသည့် ပသနကစေတီ (Pasanaka)' တည်ရှိခဲသည့် နေရာဟု ယူဆရသည်။ တောင်ထိပ်တွင်
ဟန်ချက်ညီစွာ တည်ရှိနေသည့် ကျောက်တုံးကြီး တစ်ခုရှိပြီး မြင့်မား မတ်စောက်သော တောင်ထွတ်
တောင်ကုန်းပေါ်တွင် ယင်း၏ တစ်မျှော် တစ်ခေါ်နေရာများ၌ ဗုဒ္ဓဘာသာ ဆိုင်ရာ အပျက်အစီး
အကြွင်းအကျန်များစွာရှိသည်။ ယင်း၏ မြောက်ဘက် မျက်နှာစာရှိ ကျောက်တောင်များပေါ်တွင်
ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်များအပါအဝင် မြောက်မြားစွာသော ကျောက်ထွင်း ရုပ်ပုံများရှိသည်။
ကန်နင်ဟမ်သည် ဤနေရာ၌ ဧရာမဗုဒ္ဓဆင်းတုတော် တစ်ဆူကို တွေ့ရှိခဲ့သည်။ 'ဤတောင်ကုန်း
အရှေ့ဘက်ခြမ်းရှိ တောင်စွယ်တစ်ခုတွင် (တွေ့ရခြင်းဖြစ်)ပြီး ကျောက်တိုင် အများအပြား မတ်ထောင်
နေဆဲဖြစ်သော ဘုရားကျောင်း ကြီးတစ်ခု၏ အကြွင်းအကျန်များ ကြားတွင် ဗုဒ္ဓဂယာ မဟာဗောဓိပင်
အောက်၌ ကမ္မဋ္ဌာန်းထိုင်တော်မူစဉ် တွေ့ရသည့်အတိုင်း ဗုဒ္ဓလောင်းလျာ ရသေ့၏ ဧရာမကြီးမားသော
ရုပ်ပုံတစ်ခုရှိသည်။ ယင်းဆင်းတုသည် ကျွနု်ပ်(ကန်နင်ဟမ်) တွေ့သမျှထဲတွင် အကြီးဆုံး ဖြစ်သည်။
ကိုယ်ထည်ပင် ၈-ပေမြင့်ပြီး ပခုံးတော်အကျယ်မှာ ၄-ပေ၊ (တင်ပလလင်ခွေ) ဒူးနှစ်ဘက် အကျယ်မှာ
၆-ပေရှိသည်'။ သို့တစေ ယင်းသည် ဗာရဗာရ နှင့် နာဂရဇ္ဇုနိတောင်ကုန်း နှစ်ခုအနီး (တွေ့ရသည့်)
အထိမ်းအမှတ်များ ဖြစ်သည်။ ယင်းတို့မှာ အလွယ်ကူဆုံးသွား ရောက်နိုင်ပြီး ဘုရားဖူးအား အဆွဲ
ဆောင်နိုင်ဆုံးနေရာဖြစ်သည် ဟု ယင်းစာအုပ်၌ ပြဆိုထားသည်ကို တွေ့ရသည်။

ထိုဒေသသို့ အိန္ဒိယနိုင်ငံ၊ ပညာသင်ရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌဆရာတော်
ဦးဇဝန နှင့်အတူ စာရေးသူတို့ ကျောင်းသားများ စုပေါင်းကာ 6.1.2013 ရက်နေ့တွင် သွားရောက်လေ့လာ
ဖြစ်ခဲ့ကြသည်။ ထိုတောင်ကုန်းများရှိရာ အရပ်သို့ မရောက်မှီ အိန္ဒိယ နိုင်ငံသား ဗုဒ္ဓဘာသာဘုန်း
တော်ကြီး တည်ထောင်ထားတဲ့ ကျောင်းသို့ ရောက်ဖြစ်ခဲ့ကြသည်။ ကျောင်းဆိုပေမယ့် ရွက်ဖျင်လေးတွေနဲ့ ကာရံထားတဲ့ ကျောင်းငယ်လေး တစ်ကျောင်းသာ ဖြစ်၏။ ထိုအနီးတဝိုက်က ကလေးတွေကို
စာသင်ပေးပြီး သာသနာပြုနေသည်ဟုဆိုသည်။ ချီးကျူးစရာကောင်းပေစွ။

ထိုကျောင်းမှ နယ်ခံဆရာတော် နှစ်ပါးနှင့် လမ်းပြသုံးလေးယောက်မှ ရှေ့မှ ဆိုင်ကယ်နှင့်
လိုက်ပို့သောကြောင့် ပထမဆုံး ဂယာနယ် နှင့် ပတ္တနားနယ်အစပ်တွင် ရှိသော kaudol တောင်ခြေသို့ ရောက်ဖြစ်ကြသည်။ ကျောက်တောင်များ၏ သဘာဝ
အလှကား ရင်သပ်ရှူမောဖွယ်ကောင်းလှ၏။ လူပုဂ္ဂိုလ်များ ဖန်တီးထားသလား
ထင်မှတ်ရသည်။ ဝမ်းသာစရာကောင်းသည်ကား ဘုရားဖူး အရောက်အပေါက်နည်းသော
ဤနေရာ ဤဒေသတွင် ဗုဒ္ဓဘာသာ သမိုင်းအငွေ့သက်လေးများ ရှိနေခဲ့သလို
ဗုဒ္ဓရုပ်ပွါးတော် တစ်ဆူကိုပါ တောင်ခြေမှာ ဖူးတွေ့လိုက်ရတော့ ကြည်နူးဝမ်းသာမိသည်။



ဥက္ကဋ္ဌဆရာတော် ဦးဆောင်သော သံဃာတော်အပါးသုံးဆယ်ကျော်ခန့်မှ စုပေါင်း၍
ဘုရားနေကဇာတင်ခြင်း၊ မေတ္တာသုတ် ပရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်းများ
ပြုလုပ်ဖြစ်ခဲ့ကြသည်။ ရုပ်ပွါးတော်မှာကား ဘာသာခြားတို့၏ ဖျက်ဆီးခံထားရမှုကြောင့်
နှာခေါင်းတော်မှာ ပျက်စီးနေပြီး မျက်နှာတော်ကို ကောင်းကောင်း မဖူးမြင်ရတော့ချေ။
အထက်၌ ဆိုအပ်ခဲ့ပြီးသော သမိုင်းစာအုပ်၏အဆိုအရ ဗုဒ္ဓဆင်းတုတော်များ အမြောက်အများ
ရှိခဲ့သည်ဟု ဆိုသော်လည်း ယခုအခါတွင်မူ မတွေ့ရတော့ပေ ဖျက်ဆီးခံလိုက်ခြင်း ဖြစ်ပေမည်။
တောင်ကုန်းအောက်မှ ထိုထိုင်တော်မူ ရုပ်ပွါးတော်တဆူသာ တွေ့ရှိရတော့ပေသည်။

ထိုမှ တဆင့် ၄ ကီလိုမီတာခန့် ကားစီး၍  ဆုဒါမဂူ၊ ဂေါပိကာဂူ စသော ကျောက်ဂူများရှိရာ
အရပ်သို့ သွားရောက်လေ့လာဖြစ်ခဲ့ကြသည်။ ဂေါပိကာဂူ ရှိရာအရပ်သည် ဗာရာဗာရတောင်ခြေမှ
အရှေ့မြောက်ဘက်သို့ နှစ်ကီလိုမီတာ လမ်းလျှောက်သွားပါက နာဂရဇ္ဇုနိ တောင်ကုန်းပေါ်တွင်
တွေ့ရသည်။ ဂေါပိကာဂူနှင့်(ယင်း)ဂူပေါ်သို့ တက်သည့် လှေကားကြီးများကို စပါးစိုက်ကွင်းများကို
ဖြတ်ကျော်ချဉ်းကပ်သွားလိုက်သည်နှင့် အလွယ်တကူ တွေ့မြင်နိုင်သည်။




အိန္ဒိယရသေ့များသည် များသောအားဖြင့် ဂူများအတွင်းနေထိုင်လိုကြသည်ဟု ဆိုသည်။
ဘဇာကြောင့်ဟူမူ ဂူများသည် နွေရာသီတွင် အေးပြီး အသံဗလံဆူညံမှု တိတ်ဆိတ်လျက်
ကမ္မဋ္ဌာန်းရှုမှတ်ရန် သင့်လျော်ကြသောကြောင့်ဖြစ်သည်။ သဘာဝဂူများကို မရနိုင်သောအခါ
လူဖန်တီးသော ဂူများပြုလုပ်နိုင်ကြသည်။ အိန္ဒိယတွင် ဤ(ဂူထွင်းသည့်) ဓလေ့သည် အယ်လိုရာ
အာဂျန ္တာ ဂူဘုရားကျောင်းကြီးများဖြင့် အထွဋ်အထိပ်သို့ရောက်ရှိခဲ့သော အနုပညာတစ်ရပ်အဖြစ်သို့
တိုးတက်ခဲ့သည်။ ဗာရာဗာရတောင်ကုန်းများရှိ လူဖန်တီးသည့် ဂူများသည် ဤ(ဂူထွင်း)အနုပညာ၏
အစောပိုင်းကာလကို ကိုယ်စားပြုသည်ဟု ဆိုသည်။

လမ်းပြဂိုက်၏ ရှင်းပြချက်အရ နာဂရဇ္ဇုနိတောင်တန်းများရှိရာ ထိုနယ်တစ်ဝိုက်သည်
ယခုအခါ မွတ်စလင်ဘာသာဝင်များသာ အများစုရှိသည်ဟု လမ်းပြဂိုက်၏ ရှင်းပြချက်အရ
လေ့လာမှတ်သားရသည်။ ထိုတောင်၏ အနီးတွင် ထူးဆန်းဖွယ်ရာ ဗုဒ္ဓရုပ်ပွါးတဆူကို
မပျက်မယွင်း ပကတိအတိုင်း တွေ့မြင်ရတော့ ဝမ်းသာကြည်နူးမိ၏။ ရှေးဟောင်းရုပ်ပွါး
တော်လော နှောင်းခေတ်ရုပ်ပွါးတော်လော ဆိုတာကိုတော့ စာရေးသူ မဝေခွဲတတ်ပါပေ။

ဂေါပိကာသည် ရှေးဟောင်းဂူများအနက် အကြီးဆုံးဖြစ်သည်ဟု ဆိုသည်။ လိုဏ်ခန်းသည်
အရှည် ၁၂ ဒသမ ၃ မီတာ၊ အကျယ် ၅ ဒသမ ၂ မီတာရှိပြီး ၆ ဒသမ ၅ မီတာမြင့်သည်။
လိုဏ်ခန်း၏ ခပ်ဝိုင်းဝိုင်း ထောင့်စွန်းများနှင့် စည်ပိုင်းပုံ ခုံးနေသည့် အမိုးများမှာ ပြီးပြည့်စုံစွာ
စီမံထားသည်။ တစ်ဖန် မျက်နှာပြင်တစ်ခုလုံးကို လှပသပ်ရပ်စွာ အချောကိုင်ထားသည်။
အပြင်ဝင်ပေါက်၏ အပေါ်တွင် အသောကမင်းကြီး၏မြေးတော် ဒသရထမင်း၏
ကျောက်စာပြန်တမ်း တစ်ခုရှိသည်။ လမ်းပြဂိုက်၏ ရှင်းပြချက်အရ သိရသည်မှာ ထိုဂူ၏ ရှေ့တည့်တည့်တွင် ရှေးယခင်က စေတီတဆူရှိသည်ဟု ဆိုသည်။
ယခုတော့ ကျောက်မြေနေရာလေးသာ တွေ့ရတော့ပေ၏။



ထိုဂူများကို အသောကမင်းကြီးက ကြီးကြပ်ခဲ့ပြီး မြတ်ဗုဒ္ဓလက်ထက်က မက္ခလိဂေါသာလ
တည်ထောင်ခဲ့ပြီး ယခုအခါ ကွယ်ပျောက်သွားပြီး ဖြစ်သော အဝတ်မဝတ်သည့် ရသေ့အုပ်စုဝင်
အာဇီဝကတို့အားလှူဒါန်း ခဲ့ပုံရသည်ဟု ဆိုသည်။ အဆိုပါဂူများကို အသောကမင်းကြီး
လှူဒါန်းခဲ့မှုသည် အသောကအနေဖြင့် ဗုဒ္ဓဝါဒကို နှစ်သက်သော်လည်း မင်းကြီးသည် အခြား(ဘာသာရေး)ဂိုဏ်းများနှင့်ဘာသာတရားများကိုလည်း လှူဒါန်း ထောက်ပံ့နိုင်
လောက်အောင် သည်းခံ (သဘောထားပြည့်ဝ)ဆဲ ဖြစ်ကြောင်း သာဓကတစ်ရပ်ဖြစ်သည်။
ဗာရာဗာရ တောင်ကုန်းရှိ စိတ်ဝင်စားဖွယ် အကောင်းဆုံးဂူမှာ လောမသရသေ့ဂူဖြစ်သည်။
ဂူအတွင်းပိုင်းတွင် အစွန်းတစ်ဘက်၌ တဲဝိုင်းငယ်တစ်ခုနှင့် တူသည့် ခန်းဆွယ်တစ်ခုပါသော
စည်ပိုင်းပုံခုံးနေသည့် ရှည်မျောမျော ခန်းမတစ်ခုရှိသည်။ ခန်းမ၏နံရံများမှာ အဆင့်မြင့်စွာ
ချောမွတ်နေအောင် ဖန်တီးထားသည်။



အဝင်တခါးဝတို့၏ အထက်တွင် အသောကမင်းကြီး၏ ပန်းပုလက်ရာများကိုလည်း
လက်ရာမပျက် တွေ့ရှိရပေ၏။ အပေါ်ပိုင်းမုခ်ခုံးများ အကြားတွင် မှန်ကူကွက်ပုံ တံခါး
တစ်ခုရှိသည်။ ကျောက်ဆစ်သမားသည် ဂူတစ်ခုလုံးကို မှင်တက်သွား လောက်သည့်
(ပကတိ) သစ်သား တဲတစ်ခုနှင့် တူအောင်လက်သမား လက်ရာတိုင်း၏
အသေးစိတ်ကို အလွန် ဂရုစိုက်ပြီး ပုံတူထွင်းထုခဲ့သည်။ လောမသရသေ့ဂူသည်
မောရိယခေတ် လက်ရာ ဖြစ်သော်လည်း တံခါးပေါ်ရှိ စာတန်းကိုမူ ဂူကိုတည်ဆောက်ပြီးနောက်
ရာစုနှစ်ပေါင်းများစွာ ကြာပြီးနောက်မှ ရေးထွင်းခဲ့သည်ဟု ဆိုသည်။

ဤဆိုအပ်ခဲ့ပြီးသော နေရာ ဒေသများသည် ဗုဒ္ဓဂယာ ဘုရားဖူးများအဖို့ အချိန်ရလျှင်
သွားရောက်လေ့လာသင့်သောနေရာများ ဖြစ်ကြောင်း တင်ပြအပ်ပါ၏။



ဆက်လက်ဖော်ပြပါမည်............

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊