Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၈ (ဗာရာဏသီ)

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး သတ္တာဟ ၇ ခုတို့၌  ၄၉ ရက်စံနေတော်မူပြီး
ရက် ၅၀ လွန်မြောက်ပြီးနောက် သဟမ္ပတိဗြဟ္မာကြီးကို တရားဟောခဲ့၏။ ဓမ္မစကြာတရား
ဟောကြားရန် မိဂဒါဝုန်သို့ မကြွမှီ ဘုရားရှင်သည် " ငါကား အဘယ်သူအား ရှေးဦးစွာ
တရားဟောရပါမည်နည်း၊ အဘယ်သူသည် ငါဟောသောတရားကို လျင်မြန်စွာ သိပါမည်
နည်း" ဟု စိတ်အကြံဖြစ်တော် မူသည်။ ပထမဦးဆုံး ဥရုဝေလမှာ ဒုက္ကရစရိယာ မကျင့်မှီ
ဆရာဖြစ်ခဲ့ဘူးသော ကာလာမအနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးနှင့် ရာမ၏ သာဖြစ်သော
ဥဒက ဂိုဏ်းစရာကြီးတို့ကို ရှေးဦးစွာ တရားဟောရမူ ကောင်းလေစွဟု စိတ်အကြံဖြစ်တော်မူသည်။
သဗ္ဗညုတရွှေဉာဏ်တော်ဖြင့် ကြည့်တော်မူလတ်သော် အာဠာရဂိုဏ်းဆရာကြီးသည် လွန်ခဲ့သော
ခုနှစ်ရက်ကပင်  စုတိပြတ်ကြွေ သေလွန်ခဲ့ပြီးလျှင် အရူပဗြဟ္မာ့လေးဘုံတို့အနက် သုံးဆင့်မြောက်
ဖြစ်သော အာကိဉ္စညာယတနဘုံ၌ရောက်ရှိနေပြီး၊ ဥဒကဂိုဏ်းဆရာကြီးသည်ကား ယမန်နေ့ည
ညဉ့်သံခေါင်ယံအချိန်၌ပင် သေလွန်သွား၍ အရူပဗြဟ္မာ့လေးဘုံတို့အနက် လေးဆင့်မြောက်
ဖြစ်သော နေဝသညာ နာသညာယတနဘုံ၌ ရောက်ရှိနေသည်ကို သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်
ကောင်းစွာသိမြင်တော်မူလေသည်။ အာဠာရဂိုဏ်းဆရာကြီး နှင့် ဥဒကဂိုဏ်းဆရာကြီးတို့သည်
ဘုရားရှင်နှင့်တွေ့မည်ဆိုလျှင် သစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်သည့် ပုဂ္ဂိုလ်များဖြစ်သော်
လည်း မဂ်ဖိုလ်တရားနှင့် လွဲခဲ့ကြကုန်၏။

ထို့နောက် ပဉ္စဝဂ္ဂီငါးဦးတို့သည် ငါဘုရား၏အပေါ်၌ လွန်စွာကျေးဇူးများကြကုန်၏။ ငါသည်
ပဉ္စဝဂ္ဂီငါးဦးတို့အား ရှေးဦးစွာ တရားဟောရလျှင် ကောင်းလေစွဟု အကြံဖြစ်ပြီးလျှင် ယခုအခါ
ပဉ္စဝဂ္ဂီငါးဦးတို့သည် မည်သည့်အရပ်မှာ နေကြသနည်းဟု ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကြည့်ရှူတော်
မူလတ်သော် ဗာရာဏသီပြည်အနီး ဣသိပတန အမည်ရှိသော မိဂဒါဝုန် တောကြီး၌ နေထိုင်
ကြသည်ကို မြင်တော်မူလေ၏။ မြတ်စွာဘုရားသည် " ငါဘုရားသည် မိဂဒါဝုန်တောသို့ ကြွ
သွား၍ ဓမ္မစကြာတရားကို ဟောကြားမည်ဟု ကြံစည်တော်မူပြီးနောက် ဗောဓိမဏ္ဍိုင်ကုန်း၏
အနီးမှာပင် ဆွမ်းခံလှည့်လည်ကာ ဝါဆိုလဆန်း ၁၄ ရက်နေ့တိုင်အောင် နေတော်မူပြီးနောက်
ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ နံနက်စောစောကပင် "ဗာရာဏသီပြည်သို့ ကြွသွား
တော့အံ့" ဟု သပိတ်သင်္ကန်းကို ပြင်ဆင်ယူဆောင်ကာ တဆယ့်ရှစ်ယူဇနာ ဝေးကွာသော
ခရီးကို မြေပြင်မှ ခြေလျှင်ကြွသွားတော်မူ၏။

ဘုရားရှင်သည် ဗုဒ္ဓဂယာမှ  စတင်ထွက်ခွါသောအချိန်သည် ဗုဒ္ဓဝံသနှင့် ဇာတကအဌကထာများမှာ
ဝါဆိုလပြည့်နေ့မှာ ကြွတယ်လို့ ဆိုထားသည်ကို တွေ့ရသည်။ ထိုသို့ဆိုပါက ကဆုန်လပြည့်နေ့မှ
ဝါဆိုလပြည့်နေ့ထိ ရက်ပေါင်း ၆၀ ရှိသည်ကို တွေ့ရသည်။

" ဗောဓိမဏ္ဍိုင်မှ ဗာရာဏသီ မိဂဒါဝုန် အထိ (၁၈) ယူဇနာ၊ ယခုခေတ် မိုင်အားဖြင့် ၁၅၇ မိုင် ဝေးကွာ
နေတဲ့အတွက် ပကတိရိုးရိုးခြေလျင် သွားမယ်ဆိုတော့ တစ်ရက်တည်းနဲ့ မရောက်နိုင်ပေဘူး တန်ခိုးနဲ့
သွားမှပဲ ရောက်မယ် ဒါကြောင့် ဝါဆိုလဆန်း ၆ ရက်နေ့မှ စပြီး ကြွတော်မူတယ်လို့ " ယူရင်လည်း
သင့်စရာရှိကြောင်း မဟာစည်ဆရာတော်ဘုရားဟောကြားအပ်သော ဓမ္မစကြာဒေသနာတော်ကျမ်းတွင်
တွေ့ရပေသည်။ မဟာစည်ဆရာတော်ဘုရား ဆိုအပ်သော အဆိုကသာ ဖြစ်နိုင်ချေ ပိုများပါသည်။
သတ္တာဟ ၇ ခုနှစ်ခုတွင် ၄၉ ရက်စံတော်မူပြီး ရက် ၅၀ မြောက်မှ ဝါဆိုလပြည့်နေ့အထိ ကြားကာလ
၁၀ ရက်တွင် ဘုရားရှင် မည်သည့်နေရာတွင် သီတင်းသုံးနေတော်မူကြောင်း မဟာဗုဒ္ဓဝင်မှာ ပြဆိုထား
သည်ကို မတွေ့ရပါ။

ယနေ့အချိန်အခါတွင် ဗုဒ္ဓဂယာမှ ဗာရာဏသီ သို့ ကားဖြင့် သွားလျှင် ၅ နာရီခန့်အချိန်ပေးရပေသည်။
ဗုဒ္ဓဂယာသည် တချိန်သောအခါက မဂဓတိုင်း အမည်ရသောတိုင်းအတွင်း၌ တည်ရှိပြီး ယခုအခါ
(Bihar)ဗီဟာရ် ပြည်နယ်အတွင်း၌ တည်ရှိသည်။ ဗာရာဏသီ ကား ရှေးယခင်က ကာသိတိုင်းအတွင်း၌
တည်ရှိပြီး ယခုအခါ (Uttar Pradesh) ဥတ္တရ ပရာဒေရှ် ပြည်နယ်အတွင်း၌ တည်ရှိသည်။

ရှေးရှေးသော မြတ်စွာဘုရားရှင်တို့သည် ဓမ္မစကြာတရားကို ဟောကြားရန် မိဂဒါဝုန်တောသို့
ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီးကာ ကြွတော်မူကြကုန်၏။ ဂေါတမမြတ်စွာဘုရားရှင်သည်
ဥပကတက္ကတွန်း၏ အနာဂါမ်ဖြစ်လတ္တံ့သော အကြောင်းရှေးကောင်းမှုကို မြင်တော်မူသဖြင့်
"ယခုအခါ ဥပကသည် ဤခရီးသို့ လာနေ၏၊ ဥပကသည် ငါဘုရားကို ဖူးမြင်တွေ့ရှိပြီး စကား
ပြောဆိုကာ သွားလိမ့်မည်၊ နောင်တချိန်တွင် လူ့ဘောင်ကို ငြီးငွေ့၍ ငါဘုရားထံ လာရောက်
တရားနာပြီး ယခုဘဝ အနာဂါမ်အရိယာဖြစ်ပြီး ဒုတိယဘဝ၌ ရဟန္တာဖြစ်လိမ့်မည်" ဟု
သိတော်မူပြီးလျှင် တဆယ့်ရှစ်ယူဇနာ ဝေးသောခရီးကို ခြေလျှင် ကြွတော်မူလေသည်။

ဥပကတက္ကတွန်း နှင့် တွေ့တော်မူခြင်း

မြတ်စွာဘုရားရှင်သည် မဟာဗောဓိမှ ဗာရာဏသီပြည်သို့ ကြွသွားတော်မူစဉ် လမ်းခရီး
အကြား၌ ဥပကတက္ကတွန်း နှင့် တွေ့လေ၏။ ဥပက သည် ဘုရားရှင်ထံသို့ ချဉ်းကပ်၍
" ငါ့ရှင် ကြည်လင်သောမျက်နှာ ရှိလှ၏၊ ကိုယ်ရေ အဆင်းသည်လည်း သန့်ရှင်းဆင်
ကြယ်လျက် ပြိုးပြိုးပျက်ပျက် ရှိလှ၏။ ငါ့ရှင် သင်သည် အဘယ်ဆရာကို ရည်မှန်း၍
ရဟန်းပြုခဲ့ပါသနည်း၊ သင်၏ ဆရာကား မည်သူနည်း၊ အဘယ်တရားကို သင်နှစ်သက်
ပါသနည်း" ဟု မြတ်စွာဘုရားကို မေးမြန်းလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥပက
တက္ကတွန်းကို ဂါထာတို့ဖြင့် ဖြေကြားတော်မူသည်။

(၁) သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနုပလိတ္တော။
      သဗ္ဗဉ္ဇဟော တဏှာက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယက မုဒ္ဒိသေယျံ။

(၂)  န မေ အာစရိယော အတ္ထိ၊ သဒိသော မေ နဝိဇ္ဇတိ။
       သဒေဝကသ္မိ ံ၊ နတ္ထိ မေ ပဋိပုဂ္ဂလော။

(၃)  အဟံ ဟိ အရဟာ လောကေ၊ အဟံ သတ္တာ အနုတ္တရော။
      ဧကောမှိ သမ္မာသမ္ဗုဒ္ဓေါ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။

(၄) ဓမ္မစက္ကံ ပဝတ္တေတုံ၊ ဂစ္ဆာမိ ကာသိနံ ပုရံ။
      အန္ဓီဘူတသ္မိ ံ လောကသ္မိ ံ၊ အာဟဉ ္ဆံ အမတ ဒုန္ဒုဘိ ံ။

ဥပက -  ငါဘုရားသည် ဘုံသုံးပါး၌ ဖြစ်သော တရားအားလုံးကို လွမ်းမိုး၍ တည်သူဖြစ်၏။
တရားအလုံးအစုံကို အကုန်အစင် သိမြင်သူလည်းဖြစ်၏။ ခပ်သိမ်းသော တေဘူမက တရား
တို့၌ တပ်မက်ခြင်း၊ တွေဝေခြင်း၊ ပြစ်မှားခြင်း အစရှိသည့် ကိလေသာ လိမ်းကျံခြင်းမှ ကင်းစင်
သူလည်းဖြစ်၏။ ခပ်သိမ်းသော တေဘူမက တရားကို ပယ်ရှား စွန့်ပစ်ပြီးသူလည်း ဖြစ်၏။
တဏှာ၏ ကုန်ရာ နိဗ္ဗာန်၌ သက်ဝင်၍ တည်သူလည်းဖြစ်၏။ သို့ဖြစ်ရကား တရားအလုံးစုံကို
ဆရာမကူ မိမိအလိုလို ထိုးထွင်းသိမြင်သူ ဖြစ်သောကြောင့် အဘယ်မည်သော သူတစ်
ယောက်ကို ဤသူကား ငါ၏ ဆရာဟု ညွန်ပြဖွယ်ရာမရှိသည်သာတည်း။

ဥပက - ငါဘုရားအား ဆရာဟူ၍မရှိ၊ ငါ့ထက်မြတ်သူ ဆရာကို မဆိုထားဘိ ငါနှင့်တူသော
သူသည်ပင် မရှိ၊ နတ်နှင့် တကွသော သတ္တလောက၌ သီလအစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့်
ငါဘုရား၏ ကိုယ်စားပြုလောက်သူပင် မရှိ

ဥပက - ငါသည် လောက၌ ပူဇော်အထူးကို ခံထိုက်သော အရဟံဂုဏ်ရှင် ဖြစ်ပေ၏။
ငါသည် လောက၌ အတုမရှိ  လွန်ကဲမြင့်မြတ်သော လူ နတ်တို့၏ ဆရာလည်း ဖြစ်ပေ၏။
ငါသည် တရားအလုံးစုံကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်သည်ဖြစ်၍
ပြိုင်ဖက်မရှိ တဆူတည်းသာဖြစ်၏။

ဥပက - ငါဘုရားသည် ဓမ္မစကြာတရားကို ဟောကြားရန် ကာသိတိုင်း ဗာရာဏသီပြည်
ဣသိပတန မိဂဒါဝုန်တောသို့ သွားပေအံ့၊ ပညာမျက်စိမရှိသဖြင့် သူကန်းသဖွယ်ဖြစ်ကုန်သော
နတ် လူအပေါင်းတို့အား တရားဒေသနာဟောကြားရန် သွားပေအံ့ ဟု မိန့်တော်မူ၏။

ထိုအခါ ဥပကတက္ကတွန်းသည် " ငါ့ရှင် သင်ဝန်ခံသည့်အတိုင်းသာဆိုလျှင် သင်သည်
အနန ္တဉာဏ်ရှင် မာရ်ငါးပါးကို အောင်မြင်ပြီးသူ ဖြစ်မှာပဲ" ဟု ပြောဆိုလေသည်။

ဥပက - ငါသည် အာသဝေါတရားလေးပါးတို့၏ကုန်ရာ အရဟတ္တမဂ်ဉာဏ်သို့ ရောက်လျက်
ယုတ်မာဆိုးဝါးသော အကုသိုလ်တရားတို့ကို ပယ်ရှားအောင်မြင်ပြီး ဖြစ်သောကြောင့် ဇိန
အမည်တော်ရှိ၏ ဟု မိန့်တော်မူလေ၏။

ထိုအခါ ဥပကတက္ကတွန်းသည် "ငါ့ရှင် - သင်ပြောသည့်အတိုင်း ဟုတ်တန်ရာ၏" ဟု ပြောဆိုလျက်
ဦးခေါင်းကို ညိမ့်ပြီးလျင် လမ်းခရီးကို ဖယ်လွှဲ၍ ဝင်္ကဟာရဇနပုဒ်သို့ သွားလေ၏။
ဤသို့ မြတ်စွာဘုရားရှင်နှင့် စကားအပြန်အလှန် ပြောလိုက်ရခြင်းသည်ပင် ဥပကအဖို့ နောင်အခါ၌
ရဟန်းပြုဖို့ရန် အားကိုးရန်အကြောင်းတခုဖြစ်ခဲ့လေသည်။


ဆက်လက်ဖော်ပြပါမည်............


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
မဟာစည်ဆရာတော်ဘုရား၏ ဓမ္မစကြာတရားတော်၊

အရှင်သာမိ (မုံရွာ)
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊