Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၉ (ဗာရာဏသီ)


မြတ်စွာဘုရားရှင် မိဂဒါဝုန်တောသို့ ရောက်တော်မူခြင်း


မြတ်စွာဘုရားရှင်သည် ဥပကတက္ကတွန်း နှင့်တွေ့ဆုံပြီးသည့်နောက် ဆက်လက်၍ ခရီးဒေသစာရီ
ကြွချီတော်မူပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်းအချိန်၌ ဗာရာဏသီပြည်
ဣသိပတန မိဂဒါဝုန်တော ပဉ္စဝဂ္ဂီတို့ထံသို့ ဆိုက်ရောက်တော်မူ၏။ ပဉ္စဝဂ္ဂီရဟန်း ၅ ဦးတို့သည်
မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှ မြင်ကြ၍

 ''ငါ့ရှင်တို့ ဟိုမှာ ရဟန်းဂေါတမ လာနေတယ်၊ သူဟာ အစာအာဟာရဖြတ်တဲ့ ပဓာနအကျင့်မှ
ထွက်ပြီး လာဘ်လာဘများအောင် အားထုတ်နေတယ်၊ ဒါကြောင့် သူ့ကို ရှိမခိုးဘူး၊ ခရီးဦး
မကြိုဆိုရဘူး၊ သူ့သပိတ် သင်္ကန်းကို လှမ်းမယူရဘူး၊ ဒါပေမဲ့ သူကအမျိုးမြတ်တဲ့ အတွက်
နေရာတော့ အသင့်ထားပေးရမယ်၊ သူ ထိုင်ချင်ရင်လဲ ထိုင်လိမ့်မယ်'' ဟု အချင်းချင်း ကတိကဝတ် ပြုကြလေသည်။ မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီရဟန်း ၅ ဦးတို့၏ စိတ်ဖြစ်ပုံကို
သိတော်မူပြီး ထိုပဉ္စဝဂ္ဂီ ၅ ဦးတို့ကို ရည်ညွန်းကာ သြမိဿက မေတ္တာတရား ပွါးများတော်မူ၏။

မြတ်စွာဘုရားရှင် အနီးအပါး ရောက်လာသောအခါ ပဉ္စဝဂ္ဂီတို့သည် သူတို့၏ ကတိကဝတ်မှာ
မတည်နိုင်တော့ဘဲ၊ တပါးက ခရီးဦးကြိုဆိုပြီး သပိတ်ကို လှမ်းယူသည်၊ တပါးက သင်္ကန်းကို
လှမ်းယူသည်၊ တပါးက နေရာခင်းပေးသည်၊ တပါးက ခြေဆေးရေကပ်သည်၊ တပါးက
ခြေဆေးခုံ ပြင်ပေးသည်။ ဘုရားရှင်သည် ခြေတော်တို့ကို ဆေးကြောတော်မူပြီး ပဉ္စဝဂ္ဂီတို့
ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူ၏။

ပဉ္စဝဂ္ဂီငါးသီးတို့သည် စကားပြောဆိုကြသောအခါ  ခေါ်ဝေါ်ပြောဆိုနေကျအတိုင်း
မြတ်စွာဘုရားကို ဂေါတမ ဟူသော အမည်ရင်းဖြင့်လည်းကောင်း၊ အာဝုသော - ငါ့ရှင်ဆိုတဲ့ မရိုမသေ ပြောဆိုခြင်းဖြင့်လည်းကောင်း ပြောဆိုနေကြသေးသည်။ ထိုအခါ မြတ်စွာဘုရားက

(ပဉ္စဝဂ္ဂီ) ရဟန်းတို့၊ ရှေးကဘုရားတို့နှင့် အလားတူဖြစ်သော ငါ့ကို (ဂေါတမဆိုတဲ့) အမည်ဖြင့်
လည်းမခေါ်ကြနဲ့၊ အာဝုသော ငါ့ရှင်လို့လဲ မပြောကြနဲ့၊ ရဟန်းတို့ ငါဟာ (အရဟံ) ပူဇော်အထူးကို
ခံထိုက်တဲ့ ဘုရားဖြစ်လာပြီ၊  (တထာ ဂတော) ရှေးဘုရားတို့နှင့် အလားတူဖြစ်လာပြီ (သမ္မာသမ္ဗုဒ္ဓေါ)
ကိုယ်တိုင် မှန်စွာသိတဲ့ဘုရား ဖြစ်လာပြီ၊ ရဟန်းတို့ နားထောင်ကြကုန်လော့၊ (အမတမဓိဂတံ) သေခြင်း
ကင်းတဲ့ အမြိုက်နိဗ္ဗာန်တရားကို ငါသိပြီ၊ ငါနည်းပေးညွှန်ပြမည်၊ တရားကို ငါဟောမည်၊ ငါညွှန်ပြတဲ့
အတိုင်း သင်တို့ကျင့်ကြလျှင် အမျိုးကာင်းသားတို့ ရဟန်းပြုစဉ်က (သံသာရဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ
- စသည်ဖြင့်) ရည်ရွယ်ရင်း အကျိုးဖြစ်သော အကျင့်မြတ်၏ အဆုံးလဲ ဖြစ်သော အမြတ်ဆုံး
အရဟတ္တဖိုလ် (နိဗ္ဗာန်)ကို မျက်မှောက်ဘဝ၌ မကြာမီပင် ကိုယ်ပိုင်ဉာဏ်ထူးဖြင့် မျက်မှောက်ပြုလျက်
ရောက်၍ ရ၍ နေကြရပါလိမ့်မည်-ဟု ရဲရဲတင်းတင်းကြီး ဝန်ခံပြီး မိန့်တော်မူလေသည်။

ထိုသို့ မိန့်တော်မူသောအခါ ပဉ္စဝဂ္ဂီ ရဟန်းများက ဘုရားစကားကို မယုံကြည်ကြသေးဘဲ၊
ငါ့ရှင်ဂေါတမ၊ ဟိုတုန်းက အစာအာဟာရကြမ်းများကို ဖြတ်ပြီး အပင်ပန်းခံကျင့်တဲ့ ထိုဒုက္ကရစရိယာ
အကျင့်ဖြင့်တောင်မှ ပကတိ လူတို့ ရနိုင်တဲ့ သာမန် ကုသိုလ်တရားထက် သာလွန်မြင့်မြတ်တဲ့
(ဥတ္တရိမနုဿဓမ္မဆိုတဲ့) ကိလေသာကို ပယ်နိုင်တဲ့ အရိယာဉာဏ် အမြင်ထူးကို သင်မရခဲ့ဘူး
မဟုတ်ပါလား၊ အဲဒီ ဒုက္ကရစရိယာ အကျင့်မှထွက်ပြီး ပစ္စည်းလာဘ်လာဘ ပေါများအောင်
အားထုတ်နေတဲ့ သင်ဟာ ယခုနေအခါ အဲဒီ တရားထူး တရားမြတ်ကို ဘယ်မှာ ရနိုင်ပါမည်လဲ-ဟု
ပြန်လည် ချေပ ပြောဆိုကြသည်။

ပဉ္စဝဂ္ဂီရဟန်းတို့က ထိုသို့ချေပ ပြောဆိုသောအခါ မြတ်စွာဘုရားရှင်က  (ပဉ္စဝဂ္ဂီ) ရဟန်းတို့၊
ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ငါဘုရားဟာ ပစ္စည်း လာဘ်လာဘပေါများအောင် အားထုတ်
နေတာလဲ မဟုတ်ဘူး၊ ကိလေသာကို ငြိမ်းစေနိုင်တဲ့ ပဓာန အစစ်အမှန်အကျင့်မှ ထွက်တာလဲ
မဟုတ်ဘူး၊ ပစ္စည်းများရေးအတွက် ပြန်လည်ကျင့်တာလဲ မဟုတ်ဘူးလို့ မိန့်တော်မူပြီး ပဌမက
ပြောခဲ့တဲ့အတိုင်း (အရဟံ တထာဂတာ သမ္မာသမ္ဗုဒ္ဓ ဖြစ်လာပြီ၊ နားထောင်ကြ-စသည်ဖြင့်) ဒုတိယ
တကြိမ် ထပ်ပြီး မိန့်တော်မူပါသည်။

ဒုတိယ တကြိမ်လဲ ပဉ္စဝဂ္ဂီတွေက ပြန်လည်ချေပ ပြောဆိုကြသည်။ မြတ်စွာဘုရားရှင်က
ပဉ္စဝဂ္ဂီတွေဟာ မသိကြရှာလို့ မပြောသင့်တာတွေ ပြောဆိုနေကြတာပဲ-လို့ သိတော်မူသဖြင့်
သနားတော်မူပြီး တတိယ တကြိမ်လဲ ထိုနည်းတူပင် မိန့်တော်မူပါသည်၊ ဒါကိုလဲ ပဉ္စဝဂ္ဂီတွေက
ပြန်လည်ချေပပြီး ငြင်းဆန်နေကြ၏။

ထိုအခါ မြတ်စွာဘုရားရှင်က ''(ပဉ္စဝဂ္ဂီ) ရဟန်းတို့ သင်တို့ စဉ်းစားကြလော့၊ ငါနှင့် သင်တို့ဟာ
ယခုမှ တွေ့ကြရတာ မဟုတ်ဘူး၊ ဒုက္ကရစရိယာ အကျင့်ကို ကျင့်နေတုန်းက သင်တို့ဟာ ၆-နှစ်ပတ်လုံး
ဝတ်ကြီးဝတ်ငယ် ပြုစုပြီး ငါနှင့်အတူနေလာခဲ့ကြတာပဲ၊ အဲဒီ ရှေးအခါ ကာလတုန်းက သင်တို့အား
ငါက ယခုပြောတဲ့ စကားမျိုး ပြောဘူးတာများ ရှိခဲ့ပါသလား'' လို့ မေးတော်မူလိုက်ပါတယ်။ ထိုအခါမှ
ပဉ္စဝဂ္ဂီတွေက စဉ်းစားဆင်ခြင်မိကြသည်၊ ဟိုတုန်းက ဒီလိုစကားမျိုးကို တခါမှ မပြောဘူးခဲ့ဘူး၊
ဟိုတုန်းက တရားထူးကိုမတွေ့ရ, မသိရသေးလို့ မပြောခဲ့တာပဲ၊  ယခုပြောတာကတော့ တကယ်တွေ့
သိလာလို့ ပြောတာဖြစ်မှာပဲလို့ စဉ်းစားဆင်ခြင်ပြီး သက်ဝင်ယုံကြည်လာကြသည်၊
'' ဟိုရှေးတုန်းက ဒီလို မပြောခဲ့ဘူးပါဘုရား''ဟု ရိုသေစွာ ပြန်ကြား လျှောက်ထားကြသည်။

ထိုအခါ မြတ်စွာဘုရားက ''ရဟန်းတို့ ငါဟာ (အရဟံ) ပူဇော်အထူး ခံထိုက်တဲ့ ဘုရားဖြစ်လာပြီ၊
(တထာဂတော) ရှေးဘုရားတို့နှင့် အလားတူ ဖြစ်လာပြီ၊ (သမ္မာသမ္ဗုဒ္ဓေါ) ကိုယ်ပိုင်ဉာဏ်ဖြင့်
ကျင့်ကြံအားထုတ်၍ အမှန်အတိုင်း သိလာပြီ၊ ရဟန်းတို့ နားထောင်ကြ၊ (အမတမဓိဂတံ)
သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်တရားကို ငါသိလာပြီ၊ (အဟမနုသာသာမိ)
ငါနည်းပေးညွှန်ပြမည်၊ (အဟံ ဓမ္မံ ဒေသေမိ) တရားကို ငါ ဟောမည်၊ (ယထာနုသိဋ္ဌံ ပဋိပဇ္ဇမာနာ)
ငါ ညွှန်ပြတဲ့အတိုင်း သင်တို့ကျင့်ကြလျှင် အမျိုးကောင်းတို့ ရဟန်းပြုစဉ်က (သံသာရဝဋ္ဋဒုက္ခတော
မောစနတ္ထယ စသည်ဖြင့်) ရည်ရွယ်ရင်း အကျိုးဖြစ်သော အကျင့်မြတ်၏ အဆုံးလဲဖြစ်သော
အမြတ်ဆုံး အရဟတ္တဖိုလ် (နိဗ္ဗာန်)ကို မျက်မှောက်ဘဝ၌ မကြာမီပင် ကိုယ်ပိုင်ဉာဏ်ထူးဖြင့်
မျက်မှောက်ပြုလျက် ရောက်၍ ရ၍ နေကြရပါလိမ့်မည်''ဟု ထပ်မံပြီး ဝန်ခံ မိန့်ကြားတော်မူသည်။

ထိုအခါ ပဉ္စဝဂ္ဂီ ရဟန်းတို့သည် မြတ်စွာဘုရားဟောမည့် တရားကို နာကြားလိုသောစိတ်
ထက်သန်စွာနဲ့ ရိုသေစွာ နားထောင်နေကြသည်၊ သိနားလည်ဘို့ရာ စိတ်စောနေကြသည်။
ပဉ္စဝဂ္ဂီရဟန်းတို့က ရိုသေစွာ နားထောင်နေကြ သောအခါ (''ဒွေ မေ ဘိက္ခဝေ အန္တာ
ပဗ္ဗဇိတေန န သေဝိတဗ္ဗာ'' စသည်ဖြင့်)  မြတ်စွာဘုရားရှင်က ဓမ္မစကြာသုတ်
တရားတော်ကို မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ဝါဆိုလပြည့်၊ စနေနေ့ ညနေချမ်း
နေဝင်ခါနီးအချိန်တွင် စတင်ပြီး ဟောကြားတော်မူပါသည်။

ထိုသို့ မြတ်စွာဘုရားရှင်က ဓမ္မစကြာတရားဟောကြားတော်မူသောအခါ အရှင်ကောဏ္ဍညသည်
သုတ္တန်ပြီးဆုံး သောအခါ၌ နတ် ဗြဟ္မာအပေါင်း တဆယ့်ရှစ်ကုဋေတို့နှင့်တကွ သောတာပတ္တိဖိုလ်၌
တည်လေ၏။


ဓမ္မစက္ကပဝတ္တနသုတ္တံ - ဓမ္မစကြာ အဓိပ္ပါယ်

ဓမ္မ, စက္က, ပဝတ္တန - ဓမ္မစကြာဆိုသည်မှာ-----

ဓမ္မ - ဟူသည် ဘုရားရှင်၏ သန္တာန်၌ဖြစ်သော တရားဟောကြောင်းဖြစ်သည့် ဒေသနာဉာဏ်နှင့်
ထိုးထွင်းသိရှိတတ်သည့် ပဋိဝေဓဉာဏ်များဖြစ်သည်။

စက္က - ဟူသည် ဆန့်ကျင်ဘက်ပုဂ္ဂိုလ်များက ပိတ်ပင်တားဆီး၍ မရ၊ အဆက်မပြတ်ဖြစ်သော
အဆက်မပြတ် လည်သော သဒ္ဓိန္ဒြေ၊ သတိပဋ္ဌာန်၊ သမ္မာဒိဋ္ဌိ - စသောတရားများဖြစ်သည်။

ပဝတ္တန - ဟူသည် ဝေနေယျပုဂ္ဂိုလ်များ၏ သန္တာန်၌ ဖြစ်ပေါ်လာစေခြင်းဟု ဆိုလိုသည်။

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါသည်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြသည်။

မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာဟောသော တောကို
ဣသိပတန - ဟူ၍လည်းကောင်း၊ မိဂဒါယ - ဟူ၍လည်းကောင်း၊ သရနာထ (ဆရ်နတ်ထ်)
ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဣသိ - ရသေ့၊ ရဟန်းများ တရားကျင့်ရာ(ပတန)တောဖြစ်၍
ဣသိ ပတန တောဟုဆိုသည်။ မိဂ - သမင်များကို ၊ ဒါယ - ဘေးမယ့်ပေးရာ၊
ဝန - တောဖြစ်၍ မိဂဒါယဝန (မိဂဒါဝုန်) ဟုဆိုသည်။


ဗာရာဏသီမြို့

တရားဦးဓမ္မစက် ဟောကြားရာ ဗာရာဏသီမြို့သည် ဗုဒ္ဓဘာသာဘုရားဖူးများအတွက်
အလွန်အရေးကြီးသည့် နေရာ တစ်ခုဖြစ်ပေ၏။ ဗာရာဏသီမြို့သည် ရှေးသရောအခါက
ကာသိက၊ ကာသိ နဂရ၊ ကာသိပုရ၊ ကာသီ၊ ကေတုမတီ၊ ပုပ္ဖဝတီ၊ ဗြဟ္မဝဍ္ဎန၊ ဗန္ဓုမတီ၊
မောဠိနီ၊ ရမ္မ၊ သုဒဿန ဟူသော အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သည်။ ဂေါတမမြတ်စွာ
ဘုရားလက်ထက်အခါ၌ ဗာရာဏသီ (Varanasi) အမည်ဖြင့် ကာသိ (Kashi) တိုင်း၌
ရာဇာဓာနီ မင်းနေပြည်တော် မြို့ကြီးဖြစ်လာခဲ့သည်။ ဗာရာဏသီမြို့နေရာတွင်
နောင်ပွင့်တော်မူလတ္တံ့သော အရိမေတ္တေယျ မြတ်စွာဘုရား ဖွားမြင်ရာ
ကေတုမတီမြို့ကြီး ဖြစ်လိမ့်မည်ဟု ဗုဒ္ဓဝံသကျမ်း၌ ဖော်ပြထားသည်။

ဗာရာဏသီမြို့၌ ဗြဟ္မဒတ်မင်းနေထိုင်သော ဘုံခုနှစ်ဆင့် နန်းတော်ကြီးလည်း ရှိခဲ့သည်ဟုဆိုသည်။
"ဗြဟ္မဒတ်" ဟူသော အမည်သည် ဗာရာဏသီပြည်ကို အုပ်ချုပ်သောဘုရင်များကို အပ်နှင်းသည့်
ဘွဲ့တံဆိပ်ဖြစ်ဖွယ်ရှိသည်။ ဗြဟ္မဒတ် ဟု အမည်ရသူတို့သည် ရှစ်သောင်းခြောက်ထောင်မျှ ရှိကုန်၏ဟု ဆိုသည်။ မြန်မာများအဖို့ ရှေးလူကြီး များက "ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်" ဟု
ပြောဆိုလေ့ရှိကြသဖြင့် ကလေးဘဝမှာပင် ဗာရာဏသီ ဟူသော အမည်သည် လေ့ကျက်မှတ်သား
ထားဖြစ်ကြ၏။ အိန္ဒိယနိုင်ငံ၏ အစဉ်အလာအရ မိဘတို့၏ နာမည်ကို သားသမီးများက ဆက်လက်
ခံယူကြသကဲ့သို့ ဟိန္ဒူဘာသာအရ ဗြဟ္မာကြီးများကို ဘုရားဟူ၍ ကိုးကွယ်ကြသဖြင့်
(ဗြဟ္မ - ဗြဟ္မာကြီး၊ ဒတ္တ - ပေးအပ်သောသား) ဗြဟ္မဒတ္တ - ဗြဟ္မာပေးသောသား ဟူသောနာမည်ကို
အစဉ်အဆက် ခံယူလာကြသည်ဟူ၍လည်း ဖြစ်နိုင်ဖွယ်ရှိပါသည်။ ဟိန္ဒူဘာသာဝင်များ အဖို့လည်း
ဗာရာဏသီ မြို့သည် အလေးထားသည့် မြို့အဖြစ် မှတ်ယူကြ၏။ ယနေ့အချိန်ထိ ဟိန္ဒူဘာသာဝင်များအဖို့ ဗာရာဏသီမြို့၌ သေရလျှင် မြတ်၏၊ ဗြဟ္မပြည်သို့ လားရောက်ရ၏ဟု အယူရှိကြ၏။


ချောက်ခဏ္ဍီစေတီ

မြတ်စွာဘုရားရှင် ဣသိပတနသို့ ကြွလာစဉ် ပဉ္စဝဂ္ဂီငါးဦးတို့မှ ဘုရားရှင်နှင့် ပထမဆုံးတွေ့၍
ကြိုဆိုရာနေရာတွင် အသောကမင်းကြီးမှ အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သော စေတီကို
ချောက်ခဏ္ဍီ စေတီဟု ခေါ်သည်။
ချောက်ခဏ္ဍီ စေတီသည် မိဂဒါဝုန်၏ အပြင်ဘက်တွင် တည်ရှိသည်။



အသောကမင်းကြီး တည်ထားခဲ့သော မူလစေတီအစစ်မှန်ဟုတော့ ပြောဆို၍ မရနိုင်တော့ပေ။
ထိပ်ပိုင်းတွင် မျှော်စင်ဖြစ်နေသည်။ မဂိုဘုရင် အက္ကဘာဘုရင်ကြီး၏ ခမည်းတော် ဟူမာယန် သည်
စစ်ရှုံးပြီး ထွက်ပြေး ပုန်းအောင်းသည့်အခါ ယင်းစေတီပျက် အုပ်ပုံကြီးနေရာ၌ ရောက်ရှိပုန်းအောင်း
နေခဲ့ဖူးသည်ဟုဆိုသည်။ အက္ကဘာဘုရင်ကြီးက သူ၏ခမည်းတော် ရောက်ရှိပုန်းအောင်းခဲ့ဖူးသည့်နေရာကို
အထိမ်းအမှတ်ပြု၍ ခရစ်နှစ် (၁၅၈၈) ခုနှစ်တွင် ရှစ်မြှောင့်ပုံမျှော်စင်ကို တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်ဟု
ဆိုသည်။

************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
မဟာစည်ဆရာတော်ဘုရား၏ ဓမ္မစကြာတရားတော်၊
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္ဈိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊


အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊