Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၀ (ဗာရာဏသီ)

ဓမ္မစကြာတရားဦးဟောကြားရာ ဓမ္မရာဇိက စေတီတော်

သန္ဓေ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်(သံချို)လဝါဆို ဟူသည့် ဆောင်ပုဒ်အတိုင်း ဝါဆိုလပြည့်နေ့
သည် မြတ်စွာဘုရားရှင် ပဋိသန္ဓေယူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မဓကြာတရားဟော
တော်မူသောနေ့ဟု မှတ်သားနိုင်၏။ ထိုမျှမကသေး ဝါဆိုလပြည့်နေ့သည် ပထမဆုံး သံဃာရတနာ
ပေါ်ပေါက်သည့်နေ့လည်း ဖြစ်သည်။

မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဟောကြားတော်မူပြီးနောက် သောတာပန်ဖြစ်ပြီးသော
အညာသိကောဏ္ဍည သည် "ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွနု်ပ်သည် မြတ်စွာဘုရား၏
အထံတော်၌ ရှင်သာမဏေအဖြစ်ကို ရပါရစေဘုရား၊ ရဟန်းအဖြစ်ကို ရပါရစေဘုရား" ဟူ၍
ရှင်ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် "ဧဟိ ဘိက္ခု၊
သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ =
ရဟန်း လာလော့၊ သင်ချစ်သား တောင်းခံအပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူလော့၊ သင်သည်
ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ အထက်မဂ်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံ
ကြိုးကုတ် ရအောင်အားထုတ်လော့" ဟု မိန့်ကြားတော်မူ၏။ ထိုသို့ မြတ်စွာဘုရားမိန့်ကြားသည့်
ပထမဆုံးသော " ဧဟိ ဘိက္ခု " ဟု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက်ပင် နဂိုအသွင် ကွယ်
ပျောက်လျက် ရှင်ရဟန်းအဖြစ် ပြီးမြောက်အောင်မြင်လေသည်။ ဆံရိတ်ပြီး၊ သင်္ကန်းများကို
ဝတ်ရုံပြီး ဖြစ်လေတော့သည်။

ထိုသို့ မြတ်စွာဘုရားရှင် တရားဦးဓမ္မစကြာကို ဟောတော်မူသော၊ ပထမဆုံးသော သံဃာရတနာ
ပေါ်ထွန်းရာဖြစ်သော ထိုနေရာ၌ မြတ်ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)
ကျော်တွင် အသောကမင်းကြီးမှ အထိမ်းအမှတ်အဖြစ် ဓမ္မရာဇိက စေတီတော်ကို တည်ထားခဲ့
သည်။ ဓမ္မရာဇိက ၏ အဓိပ္ပါယ်မှာ တရားမင်းဖြစ်သော ဘုရားရှင်ရှိသော စေတီဟု အဓိပ္ပါယ်ရ၏။

တရုတ်ဘုန်းတော်ကြီး ဟူယင်ဆန်၏ မှတ်တမ်းတွင် ထိုစေတီကြီးကို ဖူးမြော်ရစဉ်က
ဤစေတီသည် မီတာ (၃၀) မကမြင့်သည်ဟုဆိုသည်။ တချိန်က တင့်တယ်တော်မူခဲ့သည့်
ထိုဓမ္မရာဇိက စေတီတော်ကြီးကို ဤဒေသဆိုင်ရာ မဟာရာဇာဖြစ်သူ ဂျာဂတ်ဆင်း(Jagat Singhe)
အမည်ရှိသူက ၁၇၉၄ ခုနှစ်တွင် ထိုအချိန်က ဗာရာဏသီတွင် တည်ဆောက်နေသည့် ဈေး
(အဆောက်အဦ) တစ်ခုအတွက် ဆောက်လုပ်ရေးပစ္စည်းရယူရန် ဖြိုဖျက်ပစ်လိုက်ပြီး
ဓမ္မရာဇိက စေတီတော်မြတ်ကြီးမှ ထူးခြားသည့် ကျောက်တုံးအများအပြားကို ပြောင်းရွှေ့ဖယ်ရှား
ပစ်ခဲ့သည်။ ဖြိုဖျက်နေချိန်အတွင် ဤစေတီတော်ကြီးအတွင်းမှ ဓာတ်တော်ကြုတ်ပါသည့်
ကျောက်သေတ္တာကြီးတစ်ခုနှင့် စာတန်းရေးထိုးထားသည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူ တွေ့ရှိခဲ့သည်။
ကြုတ်ထဲမှ မီးလောင်ကျွမ်းထားသည့် အရိုး(ဓာတ်တော်)များကို ဂင်္ဂ ါမြစ်ထဲသို့ မျှောပစ်ခဲ့သည်။
မြတ်စွာဘုရား (သို့မဟုတ်) ရဟန္တာတစ်ပါးပါး၏ ဓာတ်တော်များ ဖြစ်ဖွယ်ရှိသည်။
နှမြောစရာ ကောင်းပေစွ။ ဓာတ်တော်ကြုတ်ထည့်သည့် ကျောက်သေတ္တာမှာမူ ကာလကတ္တားရှိ
အိန္ဒိယပြတိုက်အတွင်း၌ ယနေ့တိုင် တွေ့ရှိနိုင်သည်ဟု ဆိုသည်။ ခရစ်နှစ် (၁၈၃၅ - ၃၆)
ခုနှစ်တွင် အလင်ဇန္ဒား ကန်နင်ဟန်သည် ဤဆင်းတုတော်အကြောင်း ကြားသိရသောအခါ
ရေးထားသည့် စာတန်းကို ဖတ်ရှူနိုင်ရန် ယင်းဆင်းတုတော်အား ရှာပုံတော်ဖွင့်ခဲ့သည်။
နောက်ဆုံး၌ ကန်နင်ဟန် အောင်မြင်သွားခဲ့သည်။ ယင်းဆင်းတုသည် တရားဟောတော်မူဟန်
ဗုဒ္ဓဆင်းတုတော်ဖြစ်ကြောင်း တွေ့ရှိရပြီး ရေးထားသည့် စာတန်းတွင် စေတီတော်ကို ပြန်လည်ပြုပြင်ပြီး
ဆီမီးတိုင်များနှင့် စေတီတော်ကို တန်ဆာဆင်သည့် ခေါင်းလောင်းများ လှူဒါန်းခဲ့သူ ဘင်္ဂ ါလီဘုရင်
တစ်ပါးကို ဖော်ပြထားသည်။ ယခုအခါတွင် ထို ဓမ္မရာဇိက စေတီတော်ကို အောက်ပိုင်း အုပ်ခုံပိုင်း
တွင်သာ တွေ့မြင်နိုင်တော့သည်။


အသောက မင်းကြီး၏ ကျောက်စာတိုင်

အသောက မင်းကြီးသည် ဗုဒ္ဓသာသနာပြုမင်းကြီး ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓသမိုင်းဝင်ဌာနများ၌
ကျောက်စာတိုင်များ စိုက်ထူခြင်း၊ ဘုရား စေတီ ကျောင်းကန်များ တည်ဆောက်ခြင်း စသည်တို့ကို
ပြုလုပ်ခဲ့သည်။ အသောက မင်းကြီးက ထိုသို့ပြုလုပ်ခဲ့မှုကြောင့် ဗုဒ္ဓ၏ သမိုင်းဝင်တည်ရာဌာန အစစ်
မှန်များကို သိရှိကြရပေသည်။ အသောက ကျောက်စာတိုင်ကို မျက်နှာပြုထားသည့် ဓမ္မရာဇိက
စေတီကို အသောကမင်းကြီး တည်ဆောက်ခဲ့သည်မှာ သေချာသလောက်ဖြစ်၏ဟု ပြောဆိုနိုင်ပေ၏။



အသောကမင်းကြီး၏ ကျောက်စာတိုင်မှာ ခြင်္သေ့လေးစီးနှင့် ဓမ္မစကြာ အဝိုင်းပုံပါသည့် ကျောက်စာ
တိုင်ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါမှာ ဘာသာခြားတို့၏ ဖျက်ဆီးမှုကြောင့် ကျိုးပဲ့လျက်ရှိပြီး
အောက်ခြေပိုင်းတွင်းသာ တွေ့ရှိနိုင်တော့သည်။ ကျောက်စာတိုင်ကို ရှေးဟောင်း အမွေအနှစ် တစ်ခု
အဖြစ် ရှေးဟောင်းသုတေသန ဌာနက သံတိုင်များစိုက်၍ ကာရံထားသည်ကို တွေ့ရှိနိုင်သည်။
ခြင်္သေ့လေးစီးနှင့် ပဋ္ဌာန်း (၂၄) ပစ္စည်းအဝိုင်းပုံပါသည့် ခေါင်းပိုင်းကို မိဂဒါဝုန်အနီးတွင်ရှိသော
ပြတိုက်တွင် ထားရှိသည်။ အိန္ဒိယနိုင်ငံ၏ အလံတော်တွင်လည်း ထို (၂၄) ပစ္စည်းကို အထိမ်း
အမှတ်အဖြစ် နိုင်ငံတော်အလံ၏ အလယ်တွင် ထားရှိသည်ကို တွေ့နိုင်ပေ၏။

အသောကမင်းကြီးသည် ကျောက်စာများတွင် မိမိနာမည် (အသောက) နှင့် ကျောက်စာနှစ်ခု
ရေးထိုး၍ ကြွင်းသော ကျောက်စာများ၌ "ဓမ္မပီယ" ဟူ၍လည်းကောင်း၊ "ပီယဒဿီရာဇာ" ဟူ၍
လည်းကောင်း၊ " ပီယ ဒဿန" ဟူ၍လည်းကောင်း ရေးထိုးထားလေသည်။ အထူးအားဖြင့်
မိမိ၏ နန်းအရာကို ဆက်ခံမည့်သူအား ပြည်သူများကို လက်နက်ဖြင့် မအုပ်ချုပ်ပဲ၊ နှလုံးရည်
(ဓမ္မ)ဖြင့် အုပ်ချုပ်ရန် ကျောက်စာ၌ ရေးသား၍ အကြံပြုထားခဲ့သည်။


နန္ဒိယ ကျောင်းတော်ရာ၊ မူလ ဂန္ဓကုဋီ

ဓမ္မစကြာ တရားဦးဟောကြားရာ ဓမ္မရာဇိက စေတီတော်အနီး၌ နန္ဒိယ ကျောင်းဒကာ၏ ကျောင်း
တော်ရာလည်း၏ ရှိ၏။ ထိုနန္ဒိယ ကျောင်းတော်ကြီးကိုလည်း သီရိဓမ္မာသောကမင်းကြီးမှ ပြုပြင်
တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

နန္ဒိယ အမျိုးကောင်းသား၏ မိခင် ဖခင်တို့သည် ရတနာသုံးပါးကို သက်ဝင်ယုံကြည်ကြ၏။
ကုသိုလ်ကောင်းမှု အမျိုးမျိုးကိုလည်း ပြုလုပ်ကြ၏။ နန္ဒိယ အမျိုးကောင်းသားသည်လည်း
သားလိမ္မာတစ်ဦးပီပီ မိဘများကဲ့သို့ ကုသိုလ်ကောင်းမှု့ ဝါသနာထုံသည်။ တစ်ချိန်သောအခါ
မြတ်စွာဘုရား ဟောကြားသော ကျောင်းအနုမောဒနာတရားကို နာကြားရ၍ ကျောင်းဆောက်
လှူဒါန်းလိုသည့် သဒ္ဓါတရားများ တဖွါးဖွါးဖြစ်ပေါ်ခဲ့သည်။

သဒ္ဓါတရားဖြစ်ပေါ်ခဲ့ပြီးနောက် ကျောင်းဆောက်လုပ်ကာ ဘုရားအမှူးရှိသော သံဃာတော်များ
အား ရေစက်သွန်းချ လှူဒါန်းခဲ့လေသည်။ လှူဒါန်းပြီးသည်နှင့် တပြိုင်နက် တာဝတိ ံသာ နတ်
ပြည်၌ ဘုံဗိမာန်လည်း ပေါ်ပေါက်လာခဲ့သည်။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်
တာဝတိ ံသာ နတ်ပြည်သို့ ကြွစဉ်အခါ နန္ဒိယအမျိုးကောင်းသားအတွက် ကြိုတင်ပေါ်ပေါက်
နေသော ဘုံဗိမာန်အနီးမှ ဖြတ်သန်းကြွရောက်ခဲ့ရာ နတ်သမီးများက အရှင်မဟာမောဂ္ဂလာန်
မထေရ်မြတ်ကို ဖူးမြော်ပြီး နန္ဒိယသတိုးသားအဖို့ မြေခွက်နှင့်တူသော လူချမ်းသာကို စွန့်၍
ရွှေခွက်နှင့်တူသော နတ်ချမ်းသာကို အမြန်ဆုံးယူလှည့်ပါရန် မှာကြားလျှောက်ထားလိုက်ကြသည်။

မထေရ်မြတ်က ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားတော်မူခဲ့၏။ မြတ်စွာဘုရားရှင်က
နန္ဒိယအမျိုးကောင်းသားကို အကြောင်းပြု၍ " ဆွေမျိုးအသိုင်းဝိုင်းထဲမှ တစ်ဦးသောသူသည် ရပ်ဝေး
တစ်နေရာသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ခဲ့၏။ ထိုလူသည် ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာဖြင့်
မိဘဆွေမျိုးများထံ ပြန်လာသောအခါ ချစ်ခြင်းမေတ္တာဖြင့် ဖက်လှဲတကင်း ကြိုဆိုကြ ပြုစုကြသကဲ့သို့
ထိုနည်းတူစွာ မိမိတို့ ပြုလုပ်ထားသည့် ကောင်းမှုကံကလည်း ကောင်းမှုရှင်ကို အကျိုးပေးဖို့ရန်
အမြဲတန်းကြိုဆိုနေပေသည်" ဟု ဟောကြားတော်မူခဲ့သည်။

နန္ဒိယအမျိုးကောင်းသားသည် ကုသိုလ်ကောင်းမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပါသော်လည်း သူ၏
အမျိုးသမီး ရေဝတီ မှာမူ နန္ဒိယနှင့် တစ်ခြားစီဖြစ်၏။ နန္ဒိယရှေ့မှောက်၌ နန္ဒိယ သဘောကျအောင်
ကောင်းမှုများကို လုပ်ဆောင်ခဲ့သော်လည်း နန္ဒိယ တစ်နေရာသို့ သွားခဲ့လျှင် ကောင်းမှုများကို
မလုပ်ဆောင်တော့ချေ။ ရဟန်းသံဃာများကို ဆဲရေးတိုင်းထွာ နှင်လွတ်သည်။ ရေဝတီ သည်
အကုသိုလ် မကောင်းမှုများ များပြားလာသည့်အခါ အရှင်လတ်လတ် ငရဲပြည်သို့ လိုက်ပါသွားခဲ့ရ
ကြောင်း ဘုရားရှင် ဟောကြားထားသည်ကို တွေ့ရှိရသည်။
ထိုနန္ဒိယ ကျောင်းတော်ရာသည်လည်း ယခုအခါ အပျက်အဆီး အောက်ခြေအပိုင်းအစများသာ
မြင်တွေ့ နိုင်တော့ပေ၏။

************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္ဈိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊