Saturday, September 7, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၁ (ဗာရာဏသီ)

အနတ္တလက္ခဏသုတ် ဟောကြားရာ ဓမ္မေခစေတီ

မြတ်စွာဘုရားရှင်သည် ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာတရားဟောကြားတော်မူပြီးနောက်
ထိုမိဂဒါဝုန်တောတွင် ဝါကပ်နေထိုင်တော်မူ၍ နောက်တစ်နေ့(ဝါဆိုလပြည့်ကျော် ၁ ရက်)၌
ဝပ္ပမထေရ်ကို အဆုံးအမ သြဝါဒပေးတော်မူ၏။ ဝပ္ပမထေရ်သည် ထိုနေ့ နံနက်ခင်းမှာပင်
သောတာပန် ဖြစ်လေ၏။ ထိုနည်းတူ နောက်တစ်နေ့ ဝါဆိုလပြည့်ကျော် (၂) ရက်နေ့၌
ဘဒ္ဒိယမထေရ်၊ (၃) ရက်နေ့၌ မဟာနာမ မထေရ်၊ (၄) ရက်နေ့၌ အဿဇိမထေရ်ကို
အဆုံးအမ သြဝါဒပေးတော်မူ၏။ ထိုမထေရ်တို့သည်လည်း မိမိ မိမိတို့၏ နေ့၌ပင်
သောတာပတ္တိဖိုလ်သို့ ရောက်ရှိကြပြီးလျှင် မြတ်စွာဘုရားအထံတော်၌ ဧဟိ ဘိက္ခု -
ရဟန်းအဖြစ်ကို ခံယူကြကုန်၏။ ဝါဆိုလပြည့်ကျော် (၅) ရက်၊ ကြာသပတေးနေ့သို့
ရောက်သောအခါ ပဉ္စဝဂ္ဂီရဟန်းတို့အား အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ကြ
စေရန် အနတ္တလက္ခဏာသုတ္တန်ကို ဟောကြားတော်မူ၏။ အနတ္တလက္ခဏသုတ္တန် ဒေသနာ
နိဂုံးပြီးဆုံးသောအခါ၌ ပဉ္စဝဂ္ဂီ ငါးဦးတို့သည် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြလေကုန်သည်။



ထိုအနတ္တလက္ခဏသုတ် ဟောကြားရာနေရာဟု ယူဆရသောနေရာတွင် အထိမ်းအမှတ်
အဖြစ် ဓမ္မေခစေတီ ကို တည်ထားခဲ့သည်။ ပထမမောရိယခေတ်တွင် တည်ဆောက်ခဲ့သည်
ဟုဆို၏။ မည်သူ တည်ဆောက်ခဲ့သည်ဟု အတိအကျမသိရပေ။ မည်သည့် အထိမ်းအမှတ်
အနေဖြစ် တည်ဆောက်ထားခဲ့ကြောင်းလည်း အတိအကျ ရှင်းလင်းထားသည်ကို မတွေ့ရပေ။
အသောက မင်းကြီး တည်ဆောက်ခဲ့ တာလည်း ဖြစ်နိုင်ကြောင်းလည်း အချို့က ဆိုကြသည်။
တရားဦးဟောကြားရာ ဓမ္မရာဇိက စေတီမှာ ဖျက်ဆီးခံခဲ့ရသော်လည်း ထိုစေတီနှင့် သိပ်မဝေး
လှသောနေရာတွင် ဉာဏ်တော် အမြင့် ၁၀၈ ပေခန့် ရှိသော ဓမ္မေခစေတီမှာမူ မူလအနေအထား
နီးပါးအတိုင်း တည်ရှိနေသည်ကို တွေ့မြင်နိုင်သည်။


ယသ သူဌေးသားကို တရားဟောပြရာဌာန နှင့်
ဘိက္ခူနီမများ သီတင်းသုံးခဲ့သည့် ကျောင်းတော်ရာများ

ယသသူဌေးသား၏ ဇနီးဟောင်းဖြစ်ခဲ့ဘူးသော ဘိက္ခူနီမများ အပါအဝင် ဘိက္ခူနီမများ
သီတင်းသုံးခဲ့သည့် ကျောင်းတော်ရာများသည် နန္ဒိယကျောင်းတော်ရာနှင့်
မလှမ်းမကမ်းတွင် တည်ရှိသည်။ ထိုအပျက်အစီး ကျောင်းတော်ရာများအနီးတွင် ဘုရားရှင်
လက်ထက်က သားသမင်များအား ဘေးမဲ့ပေးထားခဲ့ရာ မိဂဒါဝုန်ကို ပြန်လည်ဖော်ထုတ်
သောအားဖြင့် သမင်များ၊ ဒေါင်းများ စသည့်သားငှက်တိရိ စ္ဆာန်များ မွေးမြူထားသည့်နေရာကို
တွေ့မြင်နိုင်သည်။



မြတ်စွာဘုရားရှင် မိဂဒါဝုန်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားဖြစ်ခါနီးအချိန်၌ ဃနာနို့ဆွမ်း
ကပ်လှူသော ဗာရာဏသီ သူဋ္ဌေးကတော်ကြီးဖြစ်သော သုဇာတာ၏ သား ယသ အမည်
ရှိသော သူဌေးသားတစ်ယောက် ရှိခဲ့သည်။ ဗာရာဏသီ သူဌေးကြီး နှင့် သူဌေးကတော်
သုဇာတာတို့သည် သူတို့၏ တစ်ဦးတည်းသောသား ယသကို အများနှင့်မတူအောင် ချမ်း
သာစွာ ထားခဲ့သည်။ ဆောင်းရာသီတွင်နေရန်စံအိမ်၊ နွေရာသီနေရန် စံအိမ်၊ မိုးရာသီ
နေရန်စံအိမ်၊ စံအိမ်ပြဿဒ်ဆောင် သုံးဆောင်တို့ဖြင့် ချမ်းသာစွာ ထားခဲ့သည်။ စံအိမ်သုံး
ဆောင်၌ အမျိုးသားများကို မထားဘဲ တံခါးစောင့်ကအစ ပြုစုယုယသူ ဟူသမျှတို့၌ 
အချောအလှ အမျိုးသမီးများကိုသာ ရွေးချယ် ထားပေးခဲ့သည်။

ထိုအချောအလှ အမျိုးသမီးများနှင့် နေ့စဉ် ကာမဂုဏ်ချမ်းသာကို ခံစားနေလျက်
တစ်နေ့သောအခါ၌ အိပ်ရာမှ အစောကြီးနိုး၍ သူ့အား ဖျော်ဖြေခဲ့ကြသော အမျိုးသမီး
များကို ကြည့်လိုက်မိရာ ပုံစံအမျိုးမျိုးဖြင့် သုသာန်ပမာ လွန်စွာစက်ဆုပ်ဖွယ် အိပ်နေကြ
သည်ကို တွေ့မြင်ပြီး ယသ သူဌေးသားအား ကာမဂုဏ်တို့၏ အပြစ်သဘောကို ထင်ရှား
ပေါ်လာကာ သူ၏ စံအိမ်ကိုလည်း အလောင်းကောင်များနှင့် ပြည့်နေသည့် အသုဘ
အိမ်ကြီးတစ်ခုအဖြစ် ထင်မြင်လာခဲ့သည်။ ကိလေသာဆိုးများက ငါ့ကို နှိပ်စက်လေစွ
ဟု ပါးစပ်မှ ရေရွတ်မြည်တမ်းပြီး သူနေထိုင်ရာ စံအိမ်မှ နံနက်မိုးမလင်းခင်မှာပင် မိဂဒါဝုန်
သို့ ထွက်ခွါလာခဲ့သည်။

မိဂဒါဝုန်သို့ ရောက်သောအခါ မြတ်စွာဘုရားရှင်နှင့် တွေ့ဆုံပြီး ဘုရားရှင်က ယသသူဌေး
သားကို " ချစ်သား ယသ ...ငါဘုရားသိရှိထားသော နိဗ္ဗာန်တရားသည် အမျိုးမျိုးသော
ကိလေသာတို့ မညှင်းပန်း မနှိပ်စက်နိုင်သော တရားဖြစ်၏။ ချစ်သား ယသ.. လာလော့၊
ဤနေရာ၌ ချစ်သား ထိုင်နေလော့ သင်ချစ်သားအား ငါဘုရားသည် နိဗ္ဗာန်ရောက်ကြောင်း
တရားကောင်းကို ဟောပြပေအံ့" ဟူ၍ မိန့်ကြားတော်မူလေ၏။ ယသ သူဌေးသားသည်
နှစ်သက်ရွှင်လန်း ဝမ်းမြောက်သောစိတ်ဖြင့် မြတ်စွာဘုရားရှင်အနီးသို့ ရိုသေလေးမြတ်စွာ
ချဉ်းကပ်၍ ရှိခိုးကာ လျောက်ပတ်သော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် ယသ သူဌေးသားအား မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်
သော တရားလမ်းစဉ်ဖြစ်သည့် ဒါနကထာ - ဒါနနှင့်စပ်သော တရားစကား၊ သီလကထာ -
သီလနှင့်စပ်သော တရားစကား၊ သဂ္ဂကထာ - နတ်ရွာသုဂတိနှင့် စပ်သောတရားစကား၊
မဂ္ဂကထာ - မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကျင့်စဉ်နှင့် စပ်သောတရားစကား
တို့ကို အစဉ်အတိုင်း ဟောကြားတော်မူ၏။ တရားတော်၏ အဆုံး၌ ယသသူဌေးသားသည်
သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားလေသည်။

နံနက်မိုးသောက် အလင်းရောက်သောအခါ ယသသူဌေးသား၏ မိခင် သုဇာတာသူဌေး
ကတော်ကြီးသည် နံနက်စောစောထလျက် ယသနေထိုင်ရာ စံအိမ်အထက်သို့ တက်၍
ကြည့်ရှူလေသော် သားဖြစ်သူ ယသ ကို မမြင်သဖြင့် ပူပန်သောကရောက်ကာ မိမိတို့၏
သားပျောက်ဆုံးကြောင်း သူဌေးကြီးကို သွားပြောခဲ့ရာ သူဌေးကြီးကလည်း သားအပူဖြင့်
အရပ်လေးမျက်နှာသို့ သားကို ရှာဖွေရန် အိမ်ရှိလူများကို စေလွှတ်ခဲ့ပြီးနောက် မိမိကိုယ်
တိုင်ကမူ သားပျောက်ရှာရန် မိဂဒါဝုန်သို့ ထွက်လာခဲ့သည်။

မြတ်စွာဘုရားရှင်သည် ယသ ၏ဖခင် သူဌေးကြီးလာနေသည်ကို အဝေးမှပင် မြင်တော်မူပြီး
ယသ သူဌေးသားကို ဖခင်သူဌေးကြီးမမြင်ရအောင် တန်ခိုးတော်ဖြင့် ဖုံးကွယ်ထားလေသည်။
ဖခင်သူဌေးကြီးသည် မြတ်စွာဘုရားထံနားသို့ ရောက်လာပြီး သူ၏ သားကို တွေ့ , မတွေ့
မေးမြန်းရာ သားကို တွေ့လိုလျှင် ဤနေရာ၌ ထိုင်ဦးလော့ဟု မိန့်တော်မူလျက် သူဌေးကြီး
အား နိဗ္ဗာန်ရောက်ကြောင်း တရားတို့ကို ဟောပြတော်မူရာ တရားတော်၏ အဆုံး၌
သောတာပန် ဖြစ်သွားခဲ့သည်။ သောတာပန်ဖြစ်သွားပြီးနောက် ဘုန်းတော်ကြီးသော
မြတ်စွာဘုရား အကျွနု်ပ်ကို ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံ
တည်သူ ဥပါသကာအဖြစ်မှတ်ယူပါလော့ဟု လျှောက်ထားကာ လောကုတ္တရာ သရဏဂုံ
ခံယူလေသည်။ ( ထို ယသသူဌေးသား၏ ဖခင် သူဌေးကြီးသည် လောက၌ အစဆုံး
တေဝါစိက သရဏဂုဏ်တည် သောတာပန် အရိယာ ဥပါသကာ ဒါယကာ ဖြစ်ခဲ့လေ၏)

ယသ သူဌေးသားမှာမူ ဖခင်သူဌေးကြီးအတွက် ဟောကြားသော တရားတော်ကို နာယူ၍
ရဟန္တာဖြစ်သွားခဲ့သည်။ သူဌေးကြီး သောတာပန် ဖြစ်သွားသောအခါမှ ဘုရားရှင်က သူ၏
သားကို တွေ့မြင်နိုင်အောင် တန်ခိုးတော်ကို ရုပ်သိမ်းပေးခဲ့သည်။ ထိုအခါမှ ဖခင်သူဌေးကြီး
သည် မိမိအနီးတွင်ရှိသော သားဖြစ်သူကို (ဘွားကနဲ) မြင်ရလေလျှင် အလွန်ဝမ်းမြောက်
သောစိတ်ဖြင့် " ချစ်သား ယသ သင့်မိခင်သည် သင်ချစ်သားကို မမြင်ရသည့်အတွက် စိုးရိမ်
ပူဆွေး ငိုကြွေးနေ၏။ သားကို မတွေ့ရလျှင် အသက်တိုလိမ့်မည်၊ သင့်မိခင်အား အသက်ရှင်
ခွင့်ပေးပါလော့၊ သူနှင့်အတူ အိမ်ပြန်လိုက်ခဲ့ပါလော့ " ဟု ပြောကြားလေ၏။ ထိုအခါ ဘုရား
ရှင်က ယသသူဌေးသားမှာ ပုထုဇဉ်မဟုတ်တော့ကြောင်း ရဟန္တာဖြစ်သွားပြီးဖြစ်ကြောင်း
အမိန့်ရှိရာ သူဌေးကြီးက ဘုရားရှင်နှင့်တကွ ယသ ကို မိမိအိမ်သို့ ဆွမ်းစားကြွပါရန် လျှောက်
ထား၍ အိမ်ပြန်သွားခဲ့သည်။ သူဌေးကြီး အိမ်ပြန်သွားသော ယသသူဌေးသားသည် ဘုရားရှင်
ထံသို့ ရှင်ရဟန်းအဖြစ်ကို တောင်းပန်လျှောက်ထားသောကြောင့် ဘုရားရှင်က ဧဟိ ဘိက္ခု
ခေါ်တော်မူ၍ ရှင်ရဟန်းပြုပေးလိုက်သည်။ ဤသို့လျှင် အရှင်ယသ သည် ပဉ္စဝဂ္ဂီ ငါးဦးပြီးလျှင်
၆ - ပါးမြောက် ရဟန်းဖြစ်လာခဲ့လေသည်။

ဆွမ်းစားချိန်ရောက်သောအခါ သူဌေးကြီးအိမ်သို့ ကြွရောက်၍ သုဇာတာ သူဌေးကတော်နှင့်
မိသားစုကို သောကငြိမ်းအေးစေရန် ဆွမ်းမဘုဉ်းပေးမှီ တရားတော်များဟောကြားခဲ့ရာ
သုဇာတာသူဌေးကတော်နှင့် ယသသူဌေးသား၏ ဇနီးဟောင်းတို့သည် သောတာပန်များ
ဖြစ်ခဲ့ကြသည်။ နောင်သောအခါ သုဇာတာသူဌေးကတော်သည်လည်း  ပထမဆုံး ရတနာ
သုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် တေဝါစိက သရဏဂုံခံယူကြသူများတွင် ဧတဒဂ်ရာထူး
အပ်နှင်းခြင်းခံရလေသည်။ အရှင်ယသရဟန္တာ၏ သူငယ်ချင်းသူဌေးသား (၅၄) ယောက်တို့
သည်လည်း အရှင်ယသနောက်သို့လိုက်ကာ ရဟန်းပြု၍ အသီးသီး ရဟန္တာဖြစ်ခဲ့ကြလေသည်။

မှတ်သားဖွယ်...

မြတ်စွာဘုရားရှင် မိဂဒါဝုန်၌ ဟောကြားတော်မူခဲ့သော သုတ္တန်များမှာ..
ဓမ္မစက္က ပဝတ္တနသုတ္တ၊ (သံ ၃၊ ၃၆၈) အနတ္တလက္ခဏ သုတ္တ၊ (သံ ၂၊ ၅၄)
ပထမ မာရပါသ သုတ္တ၊ (သံ ၁၊ ၁၀၅) ဒုတိယ မာရပါသ သုတ္တ၊ (သံ ၁၊ ၁၀၆)
ဓမ္မဒိန္န သုတ္တ၊ (သံ ၃၊ ၃၅၅) သစ္စဝိဘင်္ဂ သုတ္တ၊ ( မ ၃၊ ၂၉၀)
သစေတန သုတ္တ၊ ( အံ ၁၊ ၁၀၈) ကဋုဝိယ သုတ္တ၊ ( အံ ၁၊ ၂၈၃)
ဒုတိယ သမယ သုတ္တ၊ (အံ ၂၊ ၂၈၁) ဟတ္ထိသာရိပုတ္တ သုတ္တ၊ (အံ ၂၊ ၁၄၄)
မဇ္ဈေသုတ္တ၊ (အံ ၂၊ ၃၄၉) စသည်တို့ ဖြစ်ကြသည်။

ထို့ပြင် အရှင်မဟာကောဋ္ဌိက မေးသည်ကို အရှင်သာရိပုတ္တရာ ဖြေကြားသည့်
နဠကလာပီ သုတ္တ၊ (သံ ၁၊ ၃၃၄) သုတဝန္တ သုတ္တ၊ (သံ ၂၊ ၁၃၇) သီလဝန္တ သုတ္တ၊ (သံ ၂၊ ၁၃၅)
စသည်နှင့် အရှင်သာရိပုတ္တရာ မေးသည်ကို အရှင်မဟာကဿပ ဖြေကြားသော
ပရံမရဏ သုတ္တ၊ (သံ ၂၊ ၁၃၅) အနောတ္တပ္ပီ သုတ္တ၊ (သံ ၁။ ၄၀၀) စသော သုတ္တန်များမှာ
ဤ မိဂဒါဝုန်၌ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ကောသမ္ဗီ၌ ဗြဟ္မဒဏ် ပေးခံရပြီးနောက် မြတ်စွာဘုရား၏
ဖွားဖက်တော် အရှင်ဆန္ဒမထေရ်က မိမိအား သြဝါဒပေးတော်မူကြပါရန် မထေရ်ကြီးများထံ
ချဉ်းကပ်တောင်းပန်သည်မှာ ဤ မိဂဒါဝုန် တွင် ဖြစ်သည်။ ဆန္ဒသုတ် (သံ ၂၊ ၁၀၇)


************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊