Wednesday, September 25, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၂ (သုသုမာရ ဂိရ)

သုသုမာရ ဂိရ

ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ ဘေသကဠာတောသည် မြတ်စွာဘုရားရှင် ၈ ဝါမြောက်
ဝါဆိုတော်မူခဲ့သောမြို့ဖြစ်သည်။ မြို့တည်သောအခါ မိကျောင်းအော်သံကို အစွဲပြု၍
မြို့အမည်ကို သုသုမာရ ဂိရမြို့ဟု မှည့်ခေါ်ကြသည်။ (သုသုမာရ - မိကျောင်း၊
ဂိရ - အသံ) ယခုအခါ သံသုမာဂီရိ ဒေသအခေါ် ဆမ်ဆုမာ ဂီရိဟု အမည်ရသည်။
ဘေသကဠာ ဆိုသည်မှာ ဘေသကဠာမည်သော ဘီလူးမ အုပ်စိုးသည့် တောဖြစ်
သောကြောင့် "ဘေသကဠာ" ဟု အမည်တွင်လေသည်။

ဤနေရာသည်ကား ဗာရာဏသီ မြို့၏ အနီးနားဒေသတွင် တည်ရှိသည်။
ဗာရာဏသီမှ ကားဖြင့် သွားရောက်လျှင် ၄၅ မိနစ်ခန့်သာ အချိန်ပေးရသည်။
ဤနေရာဋ္ဌာန သည် မဇ္ဈိမဒေသသို့ ဘုရားဖူးလာသူတိုင်း မရောက်ဖြစ်ကြ၊
ရောက်ဖူးသူ နည်းပါးသော နေရာတစ်ခုဖြစ်၏။ မြတ်စွာဘုရားရှင် ၈ ဝါမြောက်
ဝါဆိုတော်မူခဲ့သော နေရာဖြစ်သော်လည်း ယနေ့အချိန်အခါတွင်တော့ ထူးခြား
သည့်အမှတ်အသားများ မတွေ့ရတော့ဘဲ ဘုရားရှင် ဝါဆိုတော်မူခဲ့သော နေရာ
များကို ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၂၀၀ ကျော်ခန့်တွင် အသောကမင်းကြီးမှ
ရှာဖွေဖော်ထုတ်၍ ကျောက်စာတိုင်များ စိုက်ထူထားခဲ့သောကြောင့်သာ ဤနေရာ
တစ်ဝိုက်၌ ဘုရားရှင် ၈ ဝါမြောက် ဝါဆိုတော်မူခဲ့ကြောင်း မှတ်သားရပေသည်။
သံသုမာရဂီရိတောင်ပေါ်သို့ အတက်နားတွင် ရှေးဟောင်းသုတေသနဋ္ဌာနမှ
စိုက်ထူထားသော စာတန်းနှင့် တောင်ထိပ်တွင် အထိမ်းအမှတ် ကျောင်းဆောင်ငယ်
တစ်ခုကို ယနေ့အချိန်တွင် တွေ့မြင်နိုင်သည်။



ဤ သုသုမာဂိရမြို့သည် ဘုရားရှင်လက်ထက်က ထင်ရှားသော နကုလပိတာ နှင့်
နကုလမာတာ တို့၏ ဇာတိမြို့ဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ဘေသကဠာတော၌
သီတင်းသုံးနေတော်မူစဉ် နကုလပိတာတို့ ဇနှီးမောင်နှံသည် သုသုမာရဂီရမြို့နေ
လူအပေါင်းတို့နှင့်တကွ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်ဖူးမြော်ကြ၏။
မြတ်စွာဘုရားရှင်ကို ပထမဆုံးအကြိမ် မြင်လျှင် မြင်ချင်းပင် "ဤသူကား ငါတို့၏
သားကြီးတည်း" ဟု သားဟူသော အမှတ်သညာဖြင့် ခြေတော်တို့ကို ဖက်တွယ်ပြီး
"ချစ်သား သင်သည် ဤမျှကာလကြာအောင် ငါတို့မိဘများကို စွန့်ပစ်၍ အဘယ်
အရပ်သို့ လှည့်လည် သွားလာနေသနည်း" ဟု တညီတညွတ်ထဲ ပြောဆိုကြသည်။

နကုလပိတာ နှင့် နကုလမာတာ သူဋ္ဌေးကတော်တို့သည် ရှေးအခါက ဘဝငါးရာ
တို့ပတ်လုံး မြတ်စွာဘုရား၏ ခမည်းတော်၊ မယ်တော်၊ ဘဝငါးရာ ဘကြီး၊ ဘထွေး၊
ဒေါ်ကြီး၊ ဒေါ်လေး၊ ဦးကြီး၊ အရီးအဖြစ် မြတ်စွာဘုရားရှင်နှင့် ဘဝပေါင်း နှစ်ထောင်
အတူတကွ ဖြစ်ခဲ့ဘူးသောကြောင့် သားဟူသော အမှတ်သညာဖြင့် ခြေတော်တို့ကို
ဖက်တွယ်၍ ပြောဆိုကြ၏။ ဇနှီးမောင်နှံတို့ စိတ်ကျေနှပ်ခြင်းသို့ မရောက်သေးဘဲ
"ဖယ်ကြလော့" ဟု မိန့်တော်မမူဘဲ စိတ်ကျေနပ်ချိန်အထိ ငံ့လင့်နေတော်မူ၏။
စိတ်ကျေနပ်ခြင်းသို့ ရောက်သောအခါမှ တရားဟောတော်မူ၏။ တရားဒေသနာ
အဆုံးတွင် သောတာပန် အရိယာအဖြစ်သို့ ရောက်ရှိသွားကြလေသည်။

နောင်တစ်ချိန်တွင် နကုလပိတာ နှင့် နကုလမာတာတို့ အသက်အရွယ်ကြီးရင့်ကြ
သောအခါ မြတ်စွာဘုရားရှင်သည် တဖန် သုသုမာရဂိရမြို့သို့ ကြွရောက်တော်မူ
ပြန်လေသည်။ ထိုအခါ သူဌေးကြီးဇနှီးမောင်နှံတို့သည် ဘုရားအမှူးရှိသော
သံဃာတော်များကို အိမ်သို့ပင့်ဖိတ်၍ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်
လှူဒါန်းလေ၏။ ဆွမ်းဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားရှင်အနီး သင့်တင့်
လျောက်ပတ်သောနေရာ၌ ဆည်းကပ်လျှက် ဤသို့ လျှောက်ကြားလေ၏။

‘ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား၊ ဘုရားတပည့်တော်တို့သည်
ငယ်ရွယ်စဉ် အခါကပင်လျှင် ငယ်ရွယ်သော နကုလမာတာကို ထိမ်းမြား
လက်ထပ်ခဲ့ပါသည်။ လက်ထပ်ထိမ်းမြားချိန်က စပြီး ယနေ့အထိ နကုလမာတာ
မှတစ်ပါး အခြားသော အမျိုးသမီးနှင့် စိတ်ဖြင့်ပင် ဖောက်ပြန်ကျူးလွန်ခြင်းမရှိပါ။
မြတ်စွာဘုရား တပည့်တော်သည် ယခုမျက်မှောက်ဘဝ၌လည်း တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး နားလည်မှု များစွာနဲ့ မခွဲမခွာ သက်ဆုံးတိုင်ထာဝရ လက်တွဲ
သွားလိုပါသည်၊ နောင်တမလွန် ဘဝ၌လည်း အချင်းချင်း ပြန်လည်ဆုံတွေ့ရပါလို၏
ဘုရား’ ဟု လျှောက်ထားလေ၏။

“နကုလပီတာကမြတ်စွာဘုရားကို ထိုကဲ့သို့ လျှောက်ပြီးသောအခါ နကုလမာတာ
ကလည်း တပည့်တော်မသည် ငယ်ရွယ်စဉ် အခါကပင်လျှင် ငယ်ရွယ်သော နကုလ
ပိတာကို ထိမ်းမြားလက်ထပ်ခဲ့ပါသည်။ လက်ထပ်ထိမ်းမြားချိန်က စပြီး ယနေ့အထိ
နကုလပီတာမှတစ်ပါး အခြားသော အမျိုးသားနှင့် စိတ်ဖြင့်ပင် ဖောက်ပြန် ကျူးလွန်ခြင်း
မရှိပါ။ မြတ်စွာဘုရား တပည့်တော်သည် ယခုမျက်မှောက်ဘဝ၌လည်း
မခွဲမခွာ သက်ဆုံးတိုင်ထာဝရ လက်တွဲသွားလိုပါသည်၊ နောင်တမလွန် ဘဝ၌လည်း
အချင်းချင်း ပြန်လည်ဆုံတွေ့ရပါလို၏ ဘုရား’ ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် နကုလပီတာသူဌေးကြီး ဇနှီးမောင်နှံတို့အား
" ဒါယကာတို့ ဇနှီးမောင်နှံ နှစ်ဦးသားတို့သည် ယခုဘဝ၌လည်း အချင်းချင်း မခွဲမခွါ
သက်ဆုံးတိုင် နေလိုကြသည်သာမက နောင်တမလွန် ဘဝအဆက်ဆက်၌လည်း
အချင်းချင်း ပြန်လည် ဆုံတွေ့လိုသည်ကို အကယ် အလိုရှိကြကုန်အံ့၊
နှစ်ဦးစလုံးတို့သည် -----

၁။တူညီသော သဒ္ဒါတရားရှိရမည်၊
၂။တူညီသော သီလရှိရမည်၊
၃။တူညီသော ပေးကမ်းစွန့်ကြဲမှု ရှိရမည်၊
၄။တူညီသော အသိဉာဏ်ပညာရှိရမည်

ဤအင်္ဂါလေးပါးနှင့်ပြည့်စုံပါက ထိုထိုဇနှီးမောင်နှံတို့သည် ယခုမျက်မှောက်ဘဝ၌လည်း
မခွဲမခွာ သက်ဆုံးတိုင်ထာဝရ လက်တွဲသွားပေမည်၊ နောင်တမလွန် ဘဝ၌လည်း
အချင်းချင်း ပြန်လည်ဆုံတွေ့ရပေမည် ဟု မိန့်တော်မူလေ၏။

နောင်သောအခါဝယ် နကုလပီတာသူဌေးကြီးသည် မြတ်စွာဘုရားရှင်မှ ဘုရားရှင်နှင့်
အကျွမ်းတဝင် ခင်မင်ရင်းနှီးသည့် စကားကို ပြောကြားသည့် သာဝကဥပါသကာတို့တွင်
အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူးကို အပ်နှင်းခြင်းခံရလေသည်။

သုသုမာရဂိရမြို့၌ ထင်ရှားကျော်ကြားသော အခြားတစ်ဦးမှာ ဗောဓိမင်းသား ဖြစ်သည်။
ဗောဓိမင်းသားသည် ကောသမ္ဗီပြည် ဥတေနမင်းနှင့် မိဖုရား ဝါသုလဒတ္တာတို့၏
သားတော်ဖြစ်သည်။ ဗောဓိမင်းသားသည် သုသုမာရဂီရမြို့၌ ကောကနာဒ မည်သော
အလွန်ကြီးကျယ်ခန်းနားသော ပြဿဒ်ဆောင်ကြီး တခုတည်ဆောက်ခဲ့၏။ ကြီးကျယ်
ခန်းနား၍ အဆန်းတကြယ် အံသြဖွယ်ဆောက်ထားသော ပြဿဒ်ဆောင်ကြီး၏
အလှအပကို လူအများက နေ့စဉ်လာရောက်ကြည့်ရှူကြသည်။ ဗောဓိမင်းသားသည်
ဤကဲ့သို့ နောက်ထပ်ပုံစံတူ ပြဿဒ်ဆောင်တစ်ခုပေါ်ပေါက်လာပါက မိမိ၏ ကောကနာဒ
ပြဿဒ်ဆောင်သည် အဆန်းတကြယ် အံ့သြဖွယ်ရာ မဖြစ်နိုင်တော့၊ နောက်ထပ်ပုံစံတူ
ပြဿဒ်တစ်ဆောင် မဆောက်နိုင်အောင် ဗိသုကာလက်သမားကို သတ်ရမည် (သို့မဟုတ်)
ခြေ၊ လက်တို့ကို ဖြတ်ရမည် (သို့မဟုတ်) မျက်စိတို့ကို ဖောက်ရမည်ဟု အကြံဖြစ်ကာ
အချစ်ဆုံးသူငယ်ချင်းဖြစ်သူ သဉ္စိကာပုတ္တနှင့် တိုင်ပင်ခဲ့သည်။

သဉ္စကာပုတ္တသည် ပညာရှင်တစ်ဦး အလဟဿ ဆုံးရှုံးသွားမည်ကို စိုးသောကြောင့်
ဗိသုကာလက်သမားအား တိုးတိုးတိတ်တိတ် သတိပေးပြောကြားခဲ့၏။ ထို့ကြောင့်
ဗိသုကာလက်သမားသည် ဗောဓိမင်းသားအား ပြဿဒ်ဆောင်ဆောက်လုပ်မပြီးသေး
ကြောင်း တင်ပြလျှောက်ထား၍ ကောင်းကင်ကို ပျံတက်နိုင်သည့် စက်ယန္တရားကို
မည်သူမျှ မမြင်အောင် တည်ထွင်ဆောက်လုပ်ခဲ့သည်။ ဗောဓိမင်းသားသည်
ဗိသုကာလက်သမား ထွက်မပြေးစေရန် အစောင့်အရှောက်များ ချထားခဲ့သော်လည်း
ယန္တရားစက်ပြီးသွားသောအခါ မိသားစုကိုခေါ်၍ ယန္တရားစက်ဖြင့် ပြတင်းပေါက်မှ
ထွက်ကာ ပျံတက်ပြေးခဲ့သည်။ နီပေါဘက်သို့ ပြေးခဲ့သည်ဆိုကြသည်။ ဘုရားရှင်
လက်ထက်ကတည်းက လေယာဉ်ပျံ ပေါ်ခဲ့သည်ဟု ဆိုနိုင်ပေ၏။

ဗောဓိမင်းသားသည် ကောကနာဒ ပြာဿဒ်ဆောင်ပြီးသွားသောအခါ အိမ်သစ်တက်
မင်္ဂလာကို မြတ်စွာဘုရားနှင့်တကွ သံဃာတော်အရှင်မြတ်များကို ပင့်ဖိတ်ကာ ခမ်းနား
ကြီးကျယ်စွာ ပြုလုပ်ခဲ့သည်။ ကောကနာဒ ပြာဿဒ်ဆောင်သို့ တက်ရာ အဝင်တံခါးဝမှ
စ၍ အပေါ်ထပ်ထိ အဝတ်ဖြူများကို ခင်းထားခဲ့သည်။ မြတ်စွာဘုရားနှင့် သံဃာတော်
များကြွလာသောအခါ ဗောဓိမင်းသားက မြတ်စွာဘုရား ဤပြာဿဒ်ဆောင်သစ်၌
မည်သူမျှ မနေရသေးပါ၊ ဘုရားတပည့်တော်တို့အတွက ကျက်သရေမင်္ဂလာများ
ပြည့်စုံစေရန် ဘေးအန္တရာယ်များ ကင်းရှင်းစေရန် ချမ်းသာစွာ သီတင်းသုံးတော်မူပါ
ဘုရားဟု လျှောက်ထား၍ အပေါ်ထပ်သို့ ပင့်ဆောင်သည်။ မြတ်စွာဘုရားရှင်က
ခင်းထားသော အဝတ်ဖြူပေါ်သို့ မနင်းလျှောက်ပဲ ရပ်မြဲအတိုင်း ရပ်နေ၏။ ဗောဓိ
မင်းသားက နင်းကြွတော်မူပါရန် အကြိမ်ကြိမ်လျှောက်ထားသော်လည်း မနင်းလျှောက်ပဲ
ဘုရားရှင်က အရှင်အာနန္ဒာကို ကြည့်တော်မူရာ အရှင်အာနန္ဒာက သဘောပေါက်၍
ဗောဓိမင်းသားကို အဝတ်ဖြူများကို ဖယ်ရှားရန် မြတ်စွာဘုရား နင်းကြွမည် မဟုတ်ကြောင်း
အမိန့်ရှိခဲ့သည်။ ထိုအခါမှ ဗောဓိမင်းသားသည် အဝတ်ဖြူများကို ဖယ်ရှားပေးခဲ့သည်။

မြတ်စွာဘုရားရှင် အဝတ်ဖြူများကို မနင်းခြင်းအကြောင်းမှာ ဗောဓိမင်းသားတို့ဇနီးမောင်နှံ
သည် သားသမီးမရနိုင်ကြသဖြင့် ဗေဒင်နက္ခတ်ပညာရှင်တို့မှ ဘုရားရှင်ကြွလာသောအခါ
အဝတ်ဖြူများခင်းထားပြီး ထိုအဝတ်ဖြူများပေါ်သို့ မြတ်စွာဘုရားနင်းလျှောက်လျှင်
သားသမီးရနိုင်မည်ဟု ဆို၍ ထိုရည်ရွယ်ချက်ဖြင့် ခင်းထားခဲ့သည်၊ ဗောဓိမင်းသားတို့
ဇနီးမောင်နှံမှာ သားသမီးမရနိုင်သည်ကို သိသောကြောင့် မနင်းခြင်း ဖြစ်သည်။
ထိုအကြောင်းကို ဗောဓိမင်းသားအား ထုတ်ဖော်ပြောကြားရာ ဗောဓိမင်းသားက သူတို့မှာ
သားသမီးမရနိုင်ခြင်းအကြောင်းကို ဆက်လက်မေးလျှောက်သဖြင့် သူတို့၏ အတိတ်က
မှားယွင်းစွာ ပြုခဲ့သော အကုသိုလ်ကံကို အမိန့်ရှိတော်မူခဲ့သည်။

လွန်ခဲ့သော အတိတ်ဘဝတစ်ခုတွင် သူတို့သည် လူများစွာတို့နှင့်အတူ ပင်လယ်သမုဒ္ဒရာခရီး
သဘောၤစီး၍ သွားခဲ့ကြရာ လေမုန်တိုင်းမိ၍ သဘောၤပျက်သွားခဲ့သည်။ သူတို့နှစ်ယောက်သည်
ကံကောင်းစွာဖြင့် ပျဉ်ချပ်တစ်ခုကို ရ၍ ထိုပျဉ်ချပ်ကို အမှီပြု၍ကူးခတ်ရင်း လူမရှိသော
ကျွန်းငယ်တစ်ခုသို့ ရောက်ရှိသွားခဲ့ကြသည်။ ထိုကျွန်း၌ ငှက်များစွာရှိရာ အခြားစားစရာလည်း
မရနိုင်သဖြင့် ငှက်ဥများ၊ ငှက်ပေါက်စလေးများကို ကြော်ချက်စားသောက်ခဲ့ကြသည်။
သူတို့သည် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးစလုံး စိတ်တူ
ကိုယ်တူ သတ်ဖြတ်၍ ကြော်ချက်စားသောက်ခဲ့ကြသည်။ တစ်ဦးတစ်ယောက်က စောင့်စည်း
ခဲ့လျှင် ၎င်းတစ်ဦး၏အကြောင်းကြောင့် သားသမီးရနိုင်သည်၊ ဒုတိယအရွယ်မှာ စောင့်စည်း
ခဲ့လျှင် ဒုတိယအရွယ်မှာ ရနိုင်သည်။ သူတို့မှာ ထိုသို့စောင့်စည်းမှုမရှိခဲ့ဖြင့် သားသမီးမရနိုင်
ကြခြင်း ဖြစ်ပေသည်။ မိမိကိုယ်ကို အရွယ်သုံးပါးလုံး၌ မမေ့မလျော့ ကောင်းမှုများပြုလုပ်
ခြင်းဖြင့် စောင့်ရှောက်သင့်လှပေသည်။ အရွယ်သုံးပါးလုံး မစွမ်းနိုင်လျှင် တစ်ပါးပါးသော
အရွယ်၌ ကောင်းမှုများပြုလုပ်ခြင်းဖြင့် စောင့်ရှောက်သင့်လှပေသည်ဟု ဘုရားရှင်က
မိန့်တော်မူခဲ့ရာ တရားတော်၏ အဆုံး၌ ဗောဓိမင်းသားသည် သောတာပန် အရိယာ
ဖြစ်သွားခဲ့လေသည်။



ရာမနဂ

သံသုမာရီဂိ ကို သွားရောက်လေ့လာရင်း အပြန်လမ်းတွင် ဗာရာဏသီမြို့အတွင်းရှိ
ရာမနဂ ကိုလည်း ဝင်ရောက် လေ့လာနိုင်ပေသည်။



ဗာရာဏသီမင်းဆက်တို့တွင် နောက်ဆုံးမင်းဆက်ဖြစ်သော ဗာရာဏသီမင်း၏
နန်းတော်ရာဟုလည်း ဆိုကြသည်။ ရာမမင်းသား၏ နန်းတော်ဟုလည်း ဆိုကြသည်။
ဂင်္ဂ ါမြစ်ကမ်း နဘေးတွင် တည်ဆောက်ထားသည်။ အထဲတွင် မင်းသား၊ မိဖုရား
အဆက်ဆက်တို့၏ ဓာတ်ပုံများ တွေ့မြင်နိုင်သလို မင်းညီ မင်းသားများ စီနင်းသော
မြင်ရထားအမျိုးမျိုး၊ ရှေးခတ်အဝတ်အစား အသုံးအဆောင်မျိုးမျိုး၊ ရှေးဟောင်းကား
အမျိုးမျိုး နှင့် ဓား၊ လှံ လက်နက်စသည်တို့ကို ဗဟုသုတအဖြစ် တွေ့မြင်နိုင်ပေသည်။

************************
ဆက်လက်ဖော်ပြပါမည်.......................

ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
အဂုၤတ္ထိုလ် ပါဠိတော် မြန်မာပြန်၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊


အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊