မိုးပြာဦးဦးဉာဏသည် နှစ်ကာလကြာရှည်စွာ ကိုယ်တိုင် အယူမှားခဲ့သည်သာမက
အပြာဂိုဏ်းထောင်၍ မဟုတ်မမှန် အဓမ္မတရားတွေကို ကျင့်သုံး၏ မဟုတ်မမှန်
တရားများကို ပြောင်ပြောင်တင်းတင်း ဖော်ပြ၍ ဗုဒ္ဓဘာသာအမည်ခံကာ
ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်၏။
ထိုကဲ့သို့ မသိနားမလည်ကုန်သော ပြည်သူများကိုပါ
အဓမ္မဘက်သို့ ညွတ်စေအောင် ကျင့်သုံးစေအောင် ပြုလုပ်သော
ထိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ......
ဣဓ ဘိက္ခေ၀ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊ မိစ္ဆာဉာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ဝုစ္စတိ ဘိက္ခေ၀ ပါပေ။
ဒုတိယပါပဓမ္မသုတ် (အဂုၤတ္တိုလ်၊ ၁၊ ၅၄၅)
ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဉာဏ် ရှိ၏။
မှားသော လွတ်မြောက်မှု ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ် ဟု ဆိုအပ်၏။
(အဂုၤတ္တိုလ်၊ မြန်မာပြန်၊ ၅၆)
ဣဓ ဘိက္ခေ၀ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊ ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။
အတ္တနာစ မိစ္ဆာဉာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဉာဏေ သမာဒပေတိ။ -ပ-။
အယံ ဝုစ္စတိ ဘိက္ခေ၀ ပါပေန ပါပတရော။
ဒုတိယပါပဓမ္မသုတ်
(အဂုၤတ္တိုလ်၊ ၁၊ ၅၄၅)
ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။
သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။
မိမိလည်း မှားသော အသိဉာဏ် ရှိ၏။ သူတပါးတို့ကိုလည်း မှားသော အသိဉာဏ်၌ ဆောက်တည်စေ၏။
ရဟန်းတို့ ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်(အယုတ်မာဆုံး) ဟု ဆိုအပ်၏။
ဤဒေနာတော်တို့ကို ကိုးကားလျက် ကောက်ချက်ဆွဲရလျှင်
အပြာဂိုဏ်းထောင်၍ ဘုရားဟောမဟုတ်သော အဓမ္မတရားများကို ဝါဒဖြန့်နေသော
ဦးဉာဏနှင့် တပည့်အပေါင်းပါတို့သည် ဘဘုရားရှင်ကို
ပုန်ကန်နေသော သူယုတ်ထက်ယုတ်သော သူယုတ် (ဝါ) ကမ္ဘာ့ အယုတ်မာဆုံး
ပုဂ္ဂိုလ်များဟု သတ်မှတ်ရပေတော့မည်။
**********************************************************
'' မမူးအောင် သောက်ရင် သီလမပျက် ''
ဦးဉာဏက -
သိက္ခာပုဒ်ပါဠိက သေရည်သေရက် ရှောင်လို့မဟုတ်
'' ဂရုဓမ္မသီလမှာတော့ သေရည်သေရက် သောက်ခြင်းက ရှောင်ရမယ်လို့ မဟုတ်ဘူး။
သူ့သိက္ခာပုဒ်ပါဠိက သေရည်သေရက်ကို မေ့လျော့တဲ့ နေရာထိ ရောက်အောင် ယစ်မူးခြင်းမှ
ရှောင်ကြဉ်ရမယ်ဆိုတာမျိုး အဓိပ္ပါယ်ရှိတယ်။ သူရာမေရယပါနာဝေရမဏိလို့ မဟုတ်ဘူး။ သူရာမေရယ
မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိလို့ဖြစ်တယ်။ ဒီပါဠိနှစ်ခုဟာ အဓိပ္ပါယ်မတူဘူး။ ဒုတိယပါဠိက သေရည်သေရက်
မူးယစ်စာကို မေ့လျော့တဲ့နေရာအထိ ယစ်မူးခြင်းမှ ရှောင်ကြဉ်မယ် ဆိုတာမိုျး အဓိပ္ပါယ်ရှိတယ်။''
( ဦးဉာဏ၏ ဘုရား၊ ၁၆၈/ ၁၆၉ )
'' ဒီတော့ ဒီသိက္ခာပုဒ်အဓိပ္ပါယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့
အဓိပ္ပါယ် မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေကို မသောက်သုံးရဘူးလို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့်
ဒီသိက္ခာပုဒ်အနက်ကို လွန်ပြီး မယူသင့်ကြဘူး။ လွန်ယူတော့ မလိုက်နာနိုင်တာ ဖြစ်သွားတယ်။
ကြိတ်မှိတ်လိုက်နာတော့ လူ့လောကမှာ လူစဉ်မမီဘဲ လူသင်းကွဲကြီးဖြစ်နိုင်တယ်။ ''
( ဘုရား၊ ၁၆၉ )
'' ဂရုဓမ္မသီလရဲ့ သေရည်သေရက်နှင့်စပ်တဲ့ ရှောင်ကြဉ်ရမယ့် အပိုင်းဟာ မသောက်ရလို့ မဟုတ်ဘဲ
မေ့လျော့တဲ့နေရာအထိ မသောက်ရလို့ ဖြစ်တယ်ဆိုတာ ထင်ရှားတာပဲ။ ''
( ဘုရား၊ ၁၇၅ )
'' ဒါကြောင့် လက်တွေ့မှာ အရက်ကို မလွန်အောင်သောက်ရင် သီလမပျက်ဘူး။
ဒီတော့ စောင့်စည်းမှုဆိုတာ မသောက်ဖို့ မဟုတ်ဘဲ မလွန်ဖို့လို့ပဲ ဖြစ်ဖို့ရှိတယ်။ ''
'' ဒါတွေအရ ဂရုဓမ္မသီလ မသောက်ရအနက်ဟာ မေ့လျော့အောင်
အလွန်မသောက်ရလို့သာဖြစ်တယ်''
( ဘုရား၊ ၁၇၇ )
*************************************************
ဦးဉာဏသည် အရက်သောက်ဖို့ အားပေး၏။ လိမ်ညာပြောဖို့ အားပေး၊ ခိုးဖို့နှင့် တိရစ္ဆာန်တွေကို
သတ်ဖို့ အားပေးနေ၏။ သုရာမေရယသိက္ခာပုဒ်အရ အရက်သောက်လိုလျှင် သောက်လို့ရ၏။
မမူးအောင်သောက် လျှင် သီလမပျက်ဟု ဆို၏။ ဦးဉာဏ၏ လက်ဖြစ်အဋ္ဌကထာ၊ ဋီကာစကားတို့သည်
ပြောင်မြောက်လှ၏။ သာသနာတော်ကို ဖျက်ဆီးမည့် စကားတို့ ဖြစ်နေ၏။
သုရာမေရယသိက္ခာပုဒ်လာ ပါဠိပုဒ်များကို တစ်ပုဒ်စီခွဲခြား၍ ကြည့်လျှင် ဦးဉာဏပြောသကဲ့သို့
ဟုတ်၊ မဟုတ်သိနိုင်ပါသည်။
၎င်းသိက္ခာပုဒ်လာ ပါဠိပုဒ်များကို ခွဲခြားကြည့်ပါက -
သုရာ တစ်ပုဒ်၊
မေရယ တစ်ပုဒ်၊
မဇ္ဇ တစ်ပုဒ်၊
ပမာဒ တစ်ပုဒ်၊
ဌာန တစ်ပုဒ်ဟူ၍ တွေ့ရပါသည်။
သုရာဟူသည် -
'' ပိဋ္ဌာဒီဟိ ကတံ မဇ္ဇံ သုရာ၊
မုန့်မှုံ့ အစရှိသည်တို့ဖြင့် ပြုအပ်သော သေရည်သည် သုရာမည်၏။
( ကင်္ခါဝိတရဏီအဋ္ဌကထာ၊ ၂၃၈ )
၎င်းသုရာသည်
'' သုရာနာမ ပိဋ္ဌသုရာ သြဒနသုရာ ပူဝသုရာ ကိဏ္ဏပက္ခိတ္တာ သမ္ဘာရသံယုတ္တာတိ ပဉ္စဝိဓာ။
၁။ ဆန်မှုန့်ကို ပြုလုပ်သော ပိဋ္ဌသုရာ၊
၂။ ထမင်းကို ပြုလုပ်သော သြဒနသုရာ၊
၃။ မုန့်ကို ပြုလုပ်သော ပူဝသုရာ၊
၄။ တဆေးမှုန့်ခေါ် သေရည်မျိုးစေ့ကို ထည့်၍ ပြုလုပ်သော ကိဏ္ဏပက္ခိတ္တသုရာ၊
၅။ ဖန်းခါးသီး၊ မုန်ညှင်းစေ့စသော ဆေးမည်များကို ရောစပ်၍ ပြုလုပ်သော
သမ္ဘာရသံယုတ္တသုရာ ဟူ၍ ငါးမျိုးပြားပါသည်။
( သံ၊ ဋ္ဌ၊ ၃၊ ၃၃၄။ ဒီ၊ ဋ္ဌ၊ ၃၊ ၁၂၇။ မဟာနိဒ္ဒေသ၊ ဋ္ဌ၊ ၃၁ဝ )
မေရယဟူသည် -
'' ပုပ္ဖါဒီဟိ ကတော အာသဝေါ မေရယံ။
ပန်းပွင့် အစရှိသည်တို့ဖြင့် ပြုအပ်သော အရက်သည် မေရယမည်၏။
( ကင်္ခါ၊ ဋ္ဌ၊ ၂၃၈ )
ထိုမေရယသည် -
'' မေရယန္တိ ပုပ္ဖါသဝေါ ဖလာသဝေါ မဓွာသဝေါ ဂုဠာသဝေါ သမ္ဘာရသံယုတ္တောတိ ပဉ္စ အာသဝေါ။
၁။ ထန်းပွင့်၊ အုန်းပွင့်၊ သစ်မည်စည်ပွင့်တို့မှ အရည်ကို ခံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော အရက် = ပုပ္ဖါသဝ၊
၂။ ပိန္နဲသီးစသော အသီးများ၏ အရည်ကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော အရက် = ဖလာသဝ၊
၃။ သပျက်သီး၊ ပျားရည်စသည်တို့ကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော အရက် = မဓွာသဝ၊
၄။ တင်လဲခဲ၊ တင်လဲရည် ကြံရည်စသည်တို့ကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး ပြုလုပ်သော
အရက် = ဂုဠာသဝ၊
၅။ သျှစ်သျှားသီး၊ ဖန်းခါးသီး၊ ပရုပ်စသော ပစ္စည်းများကို ကြာမြင့်စွာထုံ၍ အချဉ်ဖောက်ပြီး
ပြုလုပ်သော အရက်= သမ္ဘာရသံယုတ္တာသဝ ဟူသော မေရယငါးမျိုးရှိပါသည်။
( အဘိ၊ ဋ္ဌ၊ ၂၊ ၃၆၅။ မဟာနိဒ္ဒေသ၊ ဋ္ဌ၊ ၃၁ဝ။ ဒီ၊ ဋ္ဌ၊ ၃၊ ၁၂၇။ ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၁၇ )
မဇ္ဇံဟူသည် -
'' တံ သဗ္ဗမ္ပိ မဒကရဏဝသေန မဇ္ဇံ။
( မဟာနိဒ္ဒေသ၊ ဌ ၊ ၃၁ဝ။ ဒီ၊ ဋ္ဌ၊ ၃၊၁၂၇ )
'' မဇ္ဇန္တိ တဒေဝ ဥဘယံ, ယံဝါပနညမ္ပိ သုရာသဝဝိနိမုတ္တံ မဒနီယံ။
( သံ၊ ဌ၊ ၃၊ ၃၃၄ )
''မဇ္ဇန္တိ တဒုဘယမေဝ မဒနိယဋ္ဌေန မဇ္ဇံ၊ ယံဝါ ပနညမ္ပိ ကိဉ္စိ အတ္ထိမဒနိယံ၊ ယေန ပီတေန
မတ္တော ဟောတိ ပမတ္တော၊ ဣဒံ ဝုစ္စတိ မဇ္ဇံ။
( ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၁၇ )
''သုရာနှင့်မေရယ နှစ်မျိုးသည် မူးယစ်စေတတ်သောကြောင့် မဇ္ဇမည်၏။
တစ်နည်းအားဖြင့် သောက်စားလျှင် မူးယစ်စေနိုင်သော အခြားတစ်စုံတစ်ခုသောအရာသည်လည်း မဇ္ဇမည်၏။
ပမာဒဋ္ဌာနဟူသည်
ယာယ စေတနာယ တံ ပိဝန္တိ၊ သာ ပမာဒဿ ကာရဏတ္တာ ပမာဒဋ္ဌာနံ နာမ။
( သံ၊ ဋ္ဌ၊ ၃၊ ၃၃၄ )
ပမာဒဋ္ဌာနန္တိ ပမာဒကာရဏံ။ ကာယ စေတနာယ တံ မဇ္ဇံ ပိဝတိ၊ တဿ ဧတံ အဓိဝစနံ။
( ဒီ၊ ဋ္ဌ၊ ၃၊ ၁၂၇။ မဟာနိဒ္ဒေ၊ ဋ္ဌ၊ ၃၁ဝ )
ပမာဒဋ္ဌာနန္တိ ယာယ စေတနာယ တံ ပိဝတိ အဇ္ဈောဟရတိ၊ သာ စေတနာ မဒပ္ပမာဒ
ဟေတုတော ပမာဒဋ္ဌာနန္တိ ဝုစ္စတိ။
( ခုဒ္ဒကပါဌ၊ ဋ္ဌ၊ ၁၇ )
'' ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် ပမာဒဋ္ဌာနမည်၏ ''ဟု
အသီးသီးဖွင့်ဆို ထားပါသည်။
ထို့ကြောင့် မေရယမဇ္ဇပမာဒဌာနဟူသည် ကုသိုလ်ကောင်းမှု၌
မေ့လျော့ခြင်း၏အကြောင်းဖြစ် သော သေရည်အရက် မူးယစ်ဆေးဝါးကို သုံးစွဲသော
အကုသိုလ်စေတနာကို ခေါ်ပါသည်။
အထက်ပါအဋ္ဌကထာအဖွင့်တို့ကို ကြည့်သောအားဖြင့် အရက်မူးအောင်လည်း မသောက်ရ၊
မမူးအောင်လည်းမသောက်ရပေ။
ဦးဉာဏကမူ' လွန်အောင်မသောက်ရင် သီလသိက္ခာမပျက်
ထို့ကြောင့်အလွန် အကျွန်မသောက်ဘဲ ထိန်းထိန်းသိမ်းသိမ်း သောက်ကောင်း၏။
ဤသို့ အလွန်ကျွန်မသောက်ခြင်းသည် သီလ သိက္ခာလည်းမပျက်၊
မင်္ဂလာ လည်းမပျက်'ဟုဆိုထားပါသည်။
ပါစိတျာဒိ အဋ္ဌကထာ၌ -
တဒုဘယမ္ပိ ဗီဇတော ပဋ္ဌာယ ကုသဂ္ဂေနာပိ ပိဝတော ပယောဂေ ပယောဂေ ပါစိတ္တိယံ။
အန္တမသော ကုသဂ္ဂေန ပိ ပိဝတီတိ ဧတံ သုရံဝါ မေရယံ ဝါ ဗီဇတော ပဋ္ဌာယ ကုသဂ္ဂေန
ပိဝတောပိ ပါစိတ္တိယမ္ပိ အတ္ထော။ ( ဝိ၊ ဋ္ဌ၊ ၂၊ ၁၂၇ )
သေရည်အရက်မဖြစ်သေးသော်လည်း သေရည်ဖြစ်အောင် ဆန်မှုန့်စသည်ကို
သင့်လျော်သောရေဖြင့် နယ်၍လုပ်ထားလျှင်လည်းကောင်း၊ အရက်ဖြစ်အောင်
သစ်မည်ဇည်ပွင့်၊ အုန်းပွင့်၊ ထန်းပွင့် စသည်ကိုစိမ်ထားလျှင် လည်းကောင်း သေအရက်တို့၏
အမျိုးဖြစ်ပြီ။ ထိုမျိုးမှစ၍ သမန်းမြက်ဖျားဖြင့်သော်လည်း သောက်သောရဟန်းအား ပယောဂ၊
ပယောဂတို့၌ ပါစိတ်အာပတ်သင့်၏'' ဟု ဖွင့်ဆိုထားပါသည်။ သို့ဖြစ်၍ သေရည်အရက်ကို သောက်လိုသော စေတနာနှင့် တစ်စက်၊
နှစ်စက်မျှသောက်လျှင်ပင် သိက္ခာပုဒ်ပျက်စီးပါသည်။
သုရာမေရယသိက္ခာပုဒ်၌ သိက္ခာပုဒ်ပျက်စီးရန် အင်္ဂါလေးပါးရှိပါသည်။
ထိုအင်္ဂါလေးပါးတို့မှာ
-
၁။ သေရည်အရက် စသော မူးယစ်စေတတ်သည့် အရာတစ်မျိုးမျိုးဖြစ်ခြင်း၊
၂။ သေရည်အရက်ကို သောက်လိုစိတ်ရှိခြင်း၊
၃။ သောက်စားနိုင်ရန် လုံ့လပြုခြင်း၊
၄။ ခံတွင်း သို့မဟုတ် ခန္ဓာထဲသို့ဝင်ခြင်းတို့ဖြစ်ပါသည်။ ( ခုဒ္ဒပါဌ၊ ဋ္ဌ၊ ၂၁ )
ဦးဉာဏ၏ 'လွန်လွန်ကျွန်ကျွန်မသောက်ဘဲ ထိန်းထိန်းသိမ်းသိမ်းသောက်ခြင်းသည်လည်း'
အထက် ဖော်ပါ အင်္ဂါလေးရပ်နှင့် ညီညွတ်နေသဖြင့် သိက္ခာပုဒ်ပျက်စီးပါသည်။
မင်္ဂလာပျက်၍ အမင်္ဂလာဖြစ်ပါသည် ။
အရှင်ဝရသာမိ
https://shinsami.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊