မိုးပြာဦးဉာဏ၏ ကာမေသုမိစ္ဆာစာရကို မှားယွင်းစွာ ဟောပြောရေးသားထားမှု့
*****************************
ဦးဉာဏက -
'' အတွေ့မှ အထူးအားဖြင့် လိင်ဆက်ဆံမှု၊ မေထုန်မှု အတွေ့မှ ကာမဂုဏ်မဟုတ်ဘူး။
အာရုံငါးပါးကို ကိုယ့်လိုအင်နဲ့ တွေ့ထိမှုတွေဟာ ကာမဂုဏ်တွေပဲ။
ဒါတွကို မှားယွင်းကျက်စားတာဟာ ကာမဂုဏ် မှားယွင်းကျက်စား မှုပဲ။''
(ဦးဉာဏ၏ဘုရား၊ စာ- ၁၅၃ )
''မှားယွင်းကျက်စားမှုကို အဓိပ္ပါယ် နည်းနည်းဖွင့်ရမယ်။ ကာမဂုဏ် ကျက်စားတာ
မှားယွင်းကျက်စားနဲ့ မမှားမယွင်း ကျက်စား နှစ်မျိုနှစ်စားရှိတယ်။
စားစရာတွေလည်း ကာမဂုဏ်တွေပဲ။
ဝတ်စရာတွေလည်း ကာမဂုဏ် တွေပဲ။ ကျန်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေအားလုံးလည်း
ကာမဂုဏ်တွေပဲ။ အသုံးကို လွန်ပြီး အကြိုက် အစွဲ အလျောက် ကျက်စားတာဟာ မှားယွင်းတဲ့
ကျက်စားမှုဘဲ။''
( ဘုရား၊ စာ- ၁၅၄ )
ကာမပိုင်လဲ မိစိစ္ဆာစာရဖြစ်
'' ကာမဂုဏ် မှားယွင်းကျက်စားရှောင်မှုဟာ ကိုယ့်ကာမပိုင် မဟုတ်သူကို မေထုန်ပြုမှုလို့
အဓိပ္ပါယ်ရမှာ မဟုတ်ဘူး။ ပစ္စည်း အသုံးအဆောင်အားလုံးမှာ အကြောင်းမဲ့ သုံးဆောင်မှု
( ဖြုန်းတီးမှု)တွေ ဖြစ်လာမယ်။ လိုအပ်တာ ထက် ပိုပြီး စားတာ၊ ဝတ်တာ၊ သုံးဆောင်တာတွေဟာ
ကာမဂုဏ် မှားယွင်းခြင်းတွေဘဲ။ ကာမပိုင် ဖိုမပင်ဖြစ်ပါစေ အကြောင်းမဲ့ လိင်ဆက်ဆံမှုဖြစ်ရင်
ကာမဂုဏ် မှားယွင်းကျက်စားမှုဖြစ်မယ် ''
( ဘုရား၊ စာ- ၁၅၄ )
'' စားတယ်၊ ဝတ်တယ်၊ သုံးဆောင်တယ်၊ ကြည့်တယ်အစရှိတာတွေလည်း ကိုယ်နဲ့ပဲ
လုပ်ရတာဖြစ်တယ်။ ဒီကိုယ်နဲ့ အမှုတွေမှာ မှားယွင်းကျက်စားတာတွေဟာ
ကာမဂုဏ်မှားယွင်းကျက်စားတာတွေဘဲ။''
( ဘုရား၊ စာ- ၁၅၅ )
ဘယ်သူ့အာရုံငါးပါးဖြစ်ဖြစ် မှားယွင်းကျက်စားက ကာမေသုမိစ္ဆာရ ပဲ
''အလှအပတစ်ခုကို အပျော်သဘောသက်သက်နဲ့ ကြည့်မယ်ဆိုရင်
ကာမဂုဏ်မှားယွင်းကျက်စားမှုက လွတ်ဖို့ မရှိဘူး။ အဲဒီအာရုံကို အပျော်သဘောသက်သက်
ဆွဲမြှူညှို့ယူလည်း ဒီလိုပဲ။ သီချင်း၊ ဂီတကို အကြောင်းတစုံတစ်ရာ မရှိဘဲ ခံစားရဖို့အတွက်
နားထောင်သီဆိုတာလည်း အပျော်သက်သက်ပေါ့။
ဒါဆိုရင် ကာမမိစ္ဆာရပဲ။
ကိုယ်ကမွေးထား တဲ့ ခလေးကို အကြောင်းမရှိဘဲ နမ်းရှုံ့ ပွေ့ဖက်တာလည်း
ကာမဂုဏ်မှားယွင်းကျက်စားမှုဖြစ်တယ်။
ခလေးရဲ့ကျန်းမာရေး ကိုယ်အနံ့၊ အငွေ့သိဖို့ နမ်းတာ၊ ပွေ့ဖက်တာတွေဟာ အဲဒါတွေရဲ့ အကြောင်းတွေပဲ။
ကာမပိုင်လင်မယားလည်း ဒီအတိုင်းပဲ။
ကာမပိုင်ဖြစ်ပေမယ့် အပျော်သဘောသက်သက် နမ်းရှုံ့ပွေ့ဖက်ရင် အမှားပဲ။
တစ်စုံတစ်ခုကို တွေ့သိဖို့ နမ်းရှုံ့ ပွေ့ဖက်မှ ကာမဂုဏ်မှားယွင်းကျက်စားမှုမှ လွတ်မယ်။'' ဟု
ဟောပြောရေးသားထားပါသည်။
( ဘုရား၊ စာ- ၁၅၅ )
********************************************************
ဘုရားဟော ပိဋကတ်ကျမ်းစာတို့ဖြင့် တိုက်ဆိုင် နှိုင်းယှဉ်ကြည့်သောအခါ
ဦးဉာဏသည် 'ကာမေသုမိစ္ဆာစာရ' ၌ ကာမေသုကို ' အာရုံငါးပါး' ဟု ဘာသာပြန်၍
'အာရုံငါးပါးကိုခံစားပါက ကာမေသုမိစ္ဆာရကံထိုက်သည်' ဟုဆိုထားပါသည်။
ကိုယ့်သား သမီးကို ပွေ့ဖက် နမ်းရှုံ့မှုကိုပင် ကာမေသု မိစ္ဆာစာရဟုဆိုထားပါသည်။
ကာမေသုမိစ္ဆာစာရ၌ ကာမေသုသည် ဦးဉာဏဟောပြောသကဲ့သို့ အာရုံငါးပါးကို
ဆိုလိုသည်မဟုတ်ပါ။
သံယုတ်အဌကထာ၌ -
ကာမေသူတိ မေထုန သမာစာရေသု။
( သံ၊ ဌ၊ ၂၊ ၁၃၄။ မ၊ ဌ၊ ၁၊ ၂ဝ၂။ ပဋိသံ၊ ဌ၊ ၁၊ ၂ဝ၄)
ကာမေသုဆိုတာ ရာဂအားဖြင့် တူကုန်သောသူနှစ်ယောက်တို့၏ အကျင့်တို့၌(မေထုန်အကျင့်တို့၌)
ဟုဖွင့်ဆို ထားပါသည်။ ထို့ကြောင့် ကာမဆိုသည်မှာ မေထုန်အကျင့်ပင်ဖြစ်၍၊
ကာမေသုမိစ္ဆာစာရဆိုသည်မှာ မေထုန် အကျင့် (မေထုန်ဝတ္ထု) တို့၌ တကယ်ကဲ့ရဲ့ထိုက်စွာ
ယုတ်မာသောအကျင့်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
မေထုန်အကျင့်ဆိုသည်မှာ မိန်းမယောကျာ်းနှစ်ဦးသားတို့၏ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက်
စပ်ယှဉ်ခြင်းပင် ဖြစ်ပါသည်။
ယောကျာ်းတို့အဖို့ မိမိပိုင်ဇနီးမယားနှင့် ပျော်ပါးခြင်း၊
မိန်းမတို့အဖို့ မိမိ၏ကာမပိုင် လင်ယောကျာ်းနှင့် ပျော်ပါးခြင်းတို့မှာ လောကအလိုက်
မကဲ့ရဲ့ထိုက်သဖြင့် ယုတ်မာသည်ဟုမဆိုသာ၍ ကာမေသု မိစ္ဆာစာရမဖြစ်ပါ၊
မိမိဇနှီးမောင်နံမှတပါး မသွားလာအပ်သူ အမျိုးသမီးနှစ်ဆယ်နှင့် ပျော်ပါးခြင်းတို့ကား
လောကအလိုက် ကဲ့ရဲ့ထိုက်၍ ယုတ်မာသောအကျင့်ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရကံထိုက်ပါသည်။
ထို့ကြောင့် အဋ္ဌကထာတို့၌
အသဒ္ဓမ္မာဓိပ္ပါ ယေန ကာယဒွါရပ္ပဝတ္တာ အဂမနီယဋ္ဌာန ဝီတိက္ကမစေတနာ ကာမေသုမိစ္ဆာစာရရော။
( သံ၊ ဋ္ဌ၊ ၂၊ ၁၃၄။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၂။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂ဝ၄)
ယုတ်မာသော မသူတော်တို့၏ အလိုသဘောဖြင့် မသွားလာထိုက်သော မိန်းမတို့၌
လွန်ကျူးကြောင်း ကာယကံ စေတနာသည် ကာမေသုမိစ္ဆာစာရမည်၏။ ''ဟု
ဖွင့်ဆိုထားကြပါသည်။
ဤနေရာ၌ မသွားလာထိုက်သောအမျိုးသမီး (၂ဝ)တို့မှာ
၁။ မာတုရက္ခိတ = မိခင်အုပ်ထိန်းသောမိန်းမ၊
၂။ ပိတုရက္ခိတ = ဖခင်အုပ်ထိန်းသောမိန်းမ၊
၃။ မာတာပိတုရက္ခိတ = မိဘနှစ်ပါးအုပ်ထိန်းသောမိန်းမ၊
၄။ ဘာတုရက္ခိတ = မောင်ကြီး, မောင်ငယ်အုပ်ထိန်းသောမိန်းမ၊
၅။ ဘဂိနီရက္ခိတ = အမ, ညီမအုပ်ထိန်းသောမိန်းမ၊
၆။ ဉာာတိရက္ခိတ = သွေးသားစပ်သူ ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
၇။ ဂေါတ္တရက္ခိတ = အမျိုးနွယ်က အုပ်ထိန်းသောမိန်းမ၊
၈။ ဓမ္မရက္ခိတ = တရားကျင့်ဖော်ချင်း အုပ်ထိန်းသောမိန်းမ၊
၉။ သာရက္ခ = ကိုယ်ဝန်ကတည်းက မှတ်သား သိမ်းဆည်းခံရသောမိန်းမ၊
(ပြောဆိုကြောင်းလမ်းပြီးသော မိန်းမ)
၁ဝ။ သပရဒဏ္ဍ = ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့်ထုတ်ထားသော မိန်းမ၊
(တော်ကောက်ထားသောမိန်းမ)
၁၁။ ဓနက္ကီတ = ဥစ္စာဖြင့်ဝယ်ယူပေါင်းသင်း နေသောမိန်းမ၊
၁၂။ ဆန္ဒဝါသိနီ = အလိုတူ၍ပေါင်းသင်းနေသောမိန်းမ၊
၁၃။ ဘောဂဝါသိနီ = ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းနေသောမိန်းမ၊
၁၄။ ပဋဝါသိနီ = အဝတ်တန်ဆာဆင်ပေး၍ ပေါင်းနေသောမိန်းမ၊
၁၅။ သြဒပတ္တကိနီ = လူကြီးစုံရာ လက်ထပ်ပေါင်းသင်းနေသောမိန်းမ၊
၁၆။ သြဘဋစုမ္ဗဋာ = ထင်းခွေ ရေခပ် လုပ်ကိုင်ရသောမိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ
မယား အဖြစ်ပေါင်း သင်းသောမိန်းမ၊
၁၇။ ဒါသီဘရိယာ = ကျွန်လည်းဟုတ် မယားလည်းဟုတ်သောမိန်းမ၊
(မယားပြုခံရသောမိန်းမ)
၁၈။ ကမ္မကာရီ = အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သောမိန်းမ၊
(မယားပြုခံရသောအလုပ်သူမ)
၁၉။ ဓဇာဟဋာ = မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ၊
၂ဝ။ မုဟုတ္တိကာ = ခေတ္တငှါးရမ်း ပေါင်းသင်းသော မိန်းမ(ပြည့်တန်ဆာမ) ဖြစ်ပါသည်။
( သံ၊ ဋ္ဌ၊ ၂၊ ၁၃၄။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၂။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂ဝ၄)
အမျိုးသားများသည် အုပ်ထိန်းမှုမကင်းသော အထက်ဖေါ်ပြပါ အမျိုးသမီး (၂ဝ)မှ
တစ်ယောက်နှင့်ကာမဖေါက် ပြန်လှှုျင် ကာမေသုမိစ္ဆာရကံဖြစ်ပါသည်။
ကာမေသုမိစ္ဆာစာရ၌ ကမ္မပထမြောက်သည့် အင်္ဂါလေးပါးရှိ၏။
ဤအင်္ဂါလေးပါးတို့မှာ -
၁။ မသွားမလာထိုက်သော မိန်းမဆိုသည့် အဂမနိယဝတ္ထုဖြစ်ခြင်း၊
၂။ ထိုဝတ္ထု၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့်စိတ်ရှိခြင်း၊
၃။ မှီဝဲမှု လုံ့လပယောဂပြုခြင်း၊
၄။ မှီဝဲပေါင်းသင်းဆက်ဆံရာ၌ သာယာခြင်း၊ တို့ဖြစ်၏။
ဤအင်္ဂါလေးပါးမညီလျှင် ကမ္မပထမမြောက်ပဲ လေးပါးညီမှသာလျှင် ကမ္မအထမြောက်၏ ''ဟု
အဋ္ဌကထာ ဆရာတို့ ဖွင့်ဆိုထားပါသည်။
( သံ၊ ဋ္ဌ၊ ၂၊ ၁၃၅။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၃။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂ဝ၄)
အထက်ဖော်ပြပါ အဌကထာအဖွင့်တို့အရ
ငါးဖြာအာရုံကာမဂုဏ်ခံစားမှု၊
ကလေးပွေ့မှု၊
မိမိကာမပိုင်ကို မှီဝဲမှုတို့သည်
ကာမေသုမိစ္ဆာစာရကံ မထိုက်ကြောင်းထင်ရှားပါသည်။
အရှင်ဝရသာမိ
https://shinsami.blogspot.com
Zaw Htet Maung
ReplyDeleteဦးဇင်းဘုရား၊ တပည့်တော်ဒီဆိုဒ်ကို တနေ့ကမှ သူငယ်ခြင်းတစ်ယောက် ပေးလို့ ရခဲ့တာပါဘုရား။ တပည့်တော်က ဗုဒ္ဓသာသနာကို အကြွင်းမဲ့ကို ယုံကြည်သူဖြစ်ပါတယ်ဘုရား။ အသိကြီးတော့မဟုတ်ပေမဲ့ လေ့လာရင်းနဲ့ ကြည်ညိုသွားတာပါဘုရား။ တဖြည်းဖြည်းလေ့လာရင်းနဲ့ နားလည်သည်များလည်းရှိသလို နားမလည်တာတွေ မေးမြန်းစရာတွေ၊ ဒွိဟဖြစ်စရာတွေနဲ့ကြုံလာတော့ လိုက်တော့မေးပေမဲ့ ဖြေနိုင်သူကို မတွေ့လို့ စိတ်ညစ်နေတာ ဒီဆိုဒ်ကိုတွေ့တော့ အရမ်းကိုဝမ်းသာသွားပါတယ်ဘုရား။ တပည့်တော်ရဲ့ ဒွိဟဖြစ်စရာလေးတွေကို ဂရုဏာရှေ့ထားပြီး ဖြေဆိုပေးဖို့ ဘုရားတပည့်တော် ရိုသေစွာဖြင့် လက်စုံမိုးလို့ ရှိခိုးလျှောက်ထားတောင်းပန်အပ်ပါသည် ဦးဇင်းဘုရား။ (zawhtetmaung.9@gmail.com)