Tuesday, January 8, 2013

ဗုဒ္ဓဘာသာ၏ သမိုင်းအမွေနှစ်များ တည်ရှိခဲ့ရာ တောင်တန်းဒေသများသို့ ခရီးသွားမှတ်တမ်း ( ၁ )

Barabar and Kaudol ဒေသ

မနက်စောစော သူငယ်ချင်းဖြစ်သူ တံခါးလာခေါက်၍ အိပ်ရာမှ လူးလဲထပြီး နာရီကြည့်လိုက်တော့
မနက် ၆ နာရီ ထိုးခါနီးနေချေပြီ။ အအေးဓာတ်အလွန်ပြင်းထန်လှသော ဂယာဆောင်း နံနက်ခင်းကို
အံတုရင်း ခရီးသွားရမည်ဆိုသည့် အသိကြောင့် မထချင် ထချင်နှင့် ထလိုက်ရ၏။ တံခါးဖွင့်ပြီး အပြင်သို့
ကြည့်လိုက်တော့လည်း ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရသေး။ မြူနှင်းတွေပိတ်နေသည့်အတွက်ကြောင့်
အလင်းရောင်ပင် ကောင်းကောင်းမတွေ့ရသေးချေ။ မျက်နှာသစ်ဖို့ ရေကိုင်ရမှာပင် လန့်နေမိသည်။
အပူချိန် 4 ံC လောက်သာ ရှိသည့် အအေးဓာတ်က ရေထိလိုက်လျှင် ရေခဲစိမ်ထားသော ရေကို ကိုင်ရ
သလား မှတ်ရသည်။ သို့သော်လည်း ခရီးသွားခြင်းကို နှစ်သက်သည့် မိမိအဖို့မှာတော့ တနင်္ဂနွေမနက်
ခင်းသည် စိတ်ကြည်လင်စွာနဲ့ သာယာလှပနေပါ၏။


စာရေးသူတို့ သီတင်းသုံးသော မာဂဓတက္ကသိုလ် အဆောင် ၃ မှ မနက် ၆ နာရီခွဲတွင် ကားစတင်ထွက်ဖြစ်
ကြသည်။ မြန်မာဗုဒ္ဓဘာသာပညာရေးဗိန်မာန်(ကျောင်းသားကျောင်း) မှ သွားမည့်အဖွဲ့ နှင့် ဆုံကာ
ကျောင်းသားကျောင်းမှာပင် နံနက်စာ အာရုံဆွမ်းဘုဉ်းပေးပြီး ဗုဒ္ဓဂယာမှ ကားလေးစီးဖြင့် စထွက်ဖြစ်ကြပါသည်။ နှင်းတွေပိတ်နေပြီး ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မမြင်ရသည်ကပင်
ကောင်းသည်ဟုဆိုရမလို ဖြစ်၏။ ဘဇာကြောင့်ဟူမူ အိန္ဒိယတွင် မနက်စောစော ကားဖြစ်စေ၊
ရထားဖြစ်စေ စီးပါက ဘေးပတ်ဝန်းကျင်ကို မကြည့်ရ။ ကြည့်မိပါက ကုလားများ ကုလားမများ
လမ်းဘေးမှာ မိုင်းဗုံးထောင်နေတာ တွေ့ရတတ်သောကြောင့်ပင်။ ပတ်ဝန်းကျင် အလှလေး ခံစားချင်လို့ပါဆိုပြီးတော့ မကြည့်လိုက်လေနဲ့ မျက်နှာချင်းဆိုင်ပြီး  တွတ်ထိုးနေသလား
မှတ်ရအောင်  မည်းမည်းပြောင်ပြောင်လေးတွေ တွေ့ရပေလိမ့်မည်။ တခုတော့ ရှိသည်
ထိုကဲ့သို့ လမ်းဘေး၊ လယ်ကွင်း စသည်တို့တွင် တွေ့ကရာ မိုင်းဗုံးထောင်ကြလို့ ထင်သည်
အိန္ဒိယမှာထွက်ရှိတဲ့ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ အာလူး၊ ခရမ်းသီး စတဲ့ သီးနှံအစုံအားလုံး
သန်မာထွားကျိုင်းပြီး ဗီတာမင်ဓာတ် အပြည့်ရှိသည် စာရေးသူတို့ နေ့စဉ် ဒီအသီးနှံတွေနဲ့ပဲ
နှစ်းပါးသွားနေရတာကိုး။ :P
ကဲပါလေ ဒါတွေပြောရင် အဲ ရေးရင် ဘေးချော်ကုန်ပါအုံးမယ် ဟဲ..
ဗုဒ္ဓဂယာ မှ ဂယာမြို့ထိ လမ်းခရီးချောမွေ့ပြီး အဆင်ပြေနေသေးသည်။ ဂယာမြို့မှ ၄ ကီလိုမီတာ အကျော်ခန့်တွင် လမ်းခရီးကြမ်းနဲ့ စတင်တွေ့ရတော့သည်။ ကလေးငယ်တွေကို ပုခက်တွင်းထဲသို့ ထည့်လိုက်လေတော့၏။ ဟစ်ဟော့ အဆိုတော်တွေ ဆိုသလို ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် တိုးပြီးတော့ ကလိုက်ဆိုသလိုပေါ့။ ကတော့ မကနိုင် ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် နဲ့ ခေါင်းတော့ချာချာလည်သွားသည်။ လမ်းခရီးကြမ်းပါတယ်ဆို အရေးထဲ လမ်းမှားသွားပြန်တော့ ကြာနီကန်ဆရာတော် ဟောသလိုပေါ့
"ဘာပြောကောင်းမလဲပရိသတ်ရေ၊ ဘာမှကို ပြောမကောင်းဘူး" :P
ကီလိုမီတာ ၄၀ ကျော်ခန့်ကားစီးအပြီး အိန္ဒိယ နိုင်ငံသား ဗုဒ္ဓဘာသာဘုန်းတော်ကြီး
တည်ထောင်ထားတဲ့ ကျောင်းသို့ ရောက်ကြသည်။ ကျောင်းဆိုပေမယ့် ရွက်ဖျင်လေးတွေနဲ့ ကာရံထားတဲ့ ကျောင်းငယ်လေး တစ်ကျောင်းသာ ဖြစ်၏။ ထိုအနီးတဝိုက်က ကလေးတွေကို
စာသင်ပေးပြီး သာသနာပြုနေသည်ဟုဆိုသည်။ ချီးကျူးစရာကောင်းပေစွ။


အတူပါလာသော ဒကာမကြီးတစ်ယောက် နှင့် ကျောင်းသားဥက္ကဋ္ဌဆရာတော် ဦးဇဝနတို့မှ
ဦးဆောင်ပြီး ကျောင်းဆောက်ဖို့ရန်အတွက် ဝတ္ထုငွေများ လှူဒါန်းဖြစ်ကြသည်။
ထိုဆရာတော်၏ ကျောင်းမှာပင် ဆွေမျိုးများနှင့်တွေ့ပြီး
စာရေးသူ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်လိုက်သေး၏။


ထိုကျောင်းမှ နယ်ခံဆရာတော် နှစ်ပါးနှင့် လမ်းပြသုံးလေးယောက်မှ ရှေ့မှ ဆိုင်ကယ်နှင့်လိုက်ပို့သောကြောင့် ပထမဆုံး ဂယာနယ် နှင့် ပတ္တနားနယ်အစပ်တွင် ရှိသောkaudol တောင်ခြေသို့ ရောက်ဖြစ်ကြသည်။ ကျောက်တောင်များ၏ သဘာဝ
အလှကား ရင်သပ်ရှူမောဖွယ်ကောင်းလှ၏။ လူပုဂ္ဂိုလ်များ ဖန်တီးထားသလား
ထင်မှတ်ရသည်။ ဝမ်းသာစရာကောင်းသည်ကား ဘုရားဖူး အရောက်အပေါက်နည်းသော
ဤနေရာ ဤဒေသတွင် ဗုဒ္ဓဘာသာ သမိုင်းအငွေ့သက်လေးများ ရှိနေခဲ့သလို
ဗုဒ္ဓရုပ်ပွါးတော် တစ်ဆူကိုပါ တောင်ခြေမှာ ဖူးတွေ့လိုက်ရတော့ ကြည်နူးဝမ်းသာမိသည်။


ဥက္ကဋ္ဌဆရာတော် ဦးဆောင်သော သံဃာတော်အပါးသုံးဆယ်ကျော်ခန့်မှ စုပေါင်း၍ ဘုရားနေကဇာတင်ခြင်း၊ မေတ္တာသုတ် ပရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်းများ
ပြုလုပ်ဖြစ်ကြသည်။


ရုပ်ပွါးတော်မှာကား ဘာသာခြားတို့၏ ဖျက်ဆီးခံထားရမှုကြောင့် မျက်နှာတော်ကို ကောင်းကောင်း
မဖူးမြင်ရတော့ချေ။ နှာခေါင်းတော်မှာလည်း ရှိမနေတော့ ဝမ်းနည်းစရာကောင်းပေ၏။
ဘုရားရှိခိုး အနေကဇာတင်ခြင်းများ ပြုလုပ်အပြီး အဖွဲ့လိုက်စုပေါင်း၍ ဓာတ်ပုံရိုက်ဖြစ်ကြသလို၊
တောတောင် သဘာဝအလှများနှင့် အမှတ်တရ ဓာတ်ပုံများ ကိုယ်စီ ရိုက်ဖြစ်ကြသည်။


ဤ KAWADOL တောင်၏ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး Ven.S. Dhammika ရေးသားထားသော
Middle Land Middle Way ဘုရားဖူးဂိုက် စာအုပ်မှာတော့ အောက်ပါအတိုင်း ရေသားထားသည်ကို
တွေ့ရပေသည်။
***********************
South-West of Barabar Hill is a rocky,hitht,Pointed hill named Kawadol which is
probabably 'the lovely, the beautiful pasanaka Shrine' Where the events in the
parayanavagga of the Sutta Nipata took place.' When Huien Tsiang was on his
way to Bodh-Gaya from patna,he passed by the Barabar Hills and described
several large monasteries in the vicinity,the most important founded by and named
after a monk called Silabhadra. Born in Bengal and ordained by Dharmapala at
Nalanda, Silabhadra later distinguished himself in debates with non-Buddhist acsetics.
As a reward for his skills,the king gifted him the revenue of a town and from this
he built a monastery - the ruins of which can still be seen.
      At the foot of Kawadol Hill is a huge mound with several stone pillars emerging
from it and nearby, sheltered under a grove of ancient tamarind trees, is a large
and exceptionally fine image of the Buddha. Its face has been damaged by iconoclasts
but other than this it is in good condition. Cunningham measured the statue and found
it to be 2.4 meters across the the shoulders and 1.4 meters from knee to knee.
******************************
ထို KAWADOL တောင်မှ ဘုရားဖူးကာ သဘာဝတောအလှများနှင့် ဓာတ်ပုံရိုက်အပြီးတွင်
စာရေးသူတို့ အဖွဲ့သည် ၄ ကီလိုမီတာခန့်ဝေးသော Barabar Cave, Gopika Cave,
Lomas Rishi Cave တို့ ရှိရာဌာနသို့ ဆက်လက်ထွက်ခွါဖြစ်ကြသည်။
 
 => အပိုင်း ၂ သို့

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊