Monday, October 12, 2009

နိဗ္ဗာန် ဟူသောတရားသည် တကယ်ပင် ရှိပါသလား

နိဗ္ဗာန် ဟူသောတရားသည် တကယ်ပင် ရှိပါသလားဘုရား။ အကယ်၍ ရှိပါက ထိုတရားသည် အဘယ်မှာနည်း။ မည်သည့် တရားနှင့်တူပါသနည်း ဘုရား။ 
(မေးမြန်းလျှောက်ထားသူ - ဘုံဘိုင်မြို့ ပွဲစားကြီး မစ္စတာလက်(က်)ဒါဝါးလား၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။) 

ဆရာတော်အရှင်အရိယဓမ္မ။ 

ဒကာကြီးရဲ့အမေးပုစ္ဆာဟာ တချက်ခုတ် သုံးချက်ပြတ် မေးခွန်းပဲ၊ ဒကာကြီးရဲ့မေးခွန်းကို ဖြေရာမှာ ဦးပဉ္ဇင်းဟာ တာဝန်သုံးခုကို တခါတည်း ထမ်းဆောင်ရလိမ့်မယ်။ ပထမတာဝန်က နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်း ပြဖို့ဖြစ်တယ်။ ဒုတိယ တာဝန်ကတော့ နိဗ္ဗာန်ဟာ ဘယ်နေရာမှာရှိတယ် ဆိုတာ ပြဖို့ဖြစ်တယ်။ တတိယ တာဝန်ကတော့ နိဗ္ဗာန်ရဲ့ အသွင်အပြင်လက္ခဏာကို ဖော်ထုတ်ပြဖို့ ဖြစ်တယ်။ ပထမဆုံးတာဝန်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်းပြဖို့ရာ ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်ပြီးမေးရလိမ့်ဦး မယ်။ ကဲ ဒကာကြီးကလည်း ဖြေပါဦး။ ဆရာတော်။ ယနေ့ ကမ္ဘာပေါ်မှာ ရှိနေကြတဲ့လူတွေအားလုံးဟာ အသက်တရာထိအောင် နေကြရပါ့မလား။ ဝါးလား။ အသက်တရာထိအောင် နေကြရမှာ မဟုတ်ပါဘူး ဆရာတော်။ ဆရာတော်။ သူတို့တတွေ ဘာဖြစ်ကုန်ကြပါမလဲ ဒကာကြီး။ ဤတွင် ဆရာတော်က သင်ပုန်းပေါ်၌ တဖက်မှ နိဗ္ဗာန်ဟူသောတရား တကယ်တမ်းတည်ရှိနေပုံနှင့် အခြားတဖက်မှ စကြာဝဠာကြီးနှင့်တကွ ဤစကြာဝဠာကြီးပေါ်တွင် ရှိရှိသမျှသော သတ္တဝါတို့၏ မတည်မမြဲဖောက်ပြန်တတ်သည့် သဘောတို့ကို အောက်ပါအတိုင်း နှိုင်းယှဉ်ရေးသားပြပါသည်။
စကြာဝဠာကြီး နှင့် ဆန့်ကျင်ဘက်နိဗ္ဗာန်
၁။ သေခြင်းတရား ရှိ၏။ ၁။ သေခြင်းတရား မရှိ။
၂။ အိုခြင်းတရား ရှိ၏။ ၂။ အိုခြင်းတရား မရှိ။
၃။ နာခြင်းတရား ရှိ၏။ ၃။ နာခြင်းတရား မရှိ။
၄။ ဒုက္ခနှင့်ဆင်းရဲခြင်း ရှိ၏။ ၄။ ဒုက္ခနှင့်ဆင်းရဲခြင်းတို့မှ ကင်းငြိမ်းသည့် တကယ့် ချမ်းသာသုခ ရှိ၏။
၅။ မတည်မြဲ။ ၅။ တည်မြဲ၏။
၆။ စိတ်နှင့်ကံတို့၏ ဖန်ဆင်းမှု။ ၆။ စိတ်နှင့်ကံတို့က မဖန်ဆင်း။ (အသင်္ခတဓာတ်)
၇။ ပျက်စီး၏။ (အနိစ္စ) ၇။ မပျက်စီးနိုင်။ (နိစ္စ)
၈။ အစအဆုံးရှိ၏။ (အာဒိအနန္တ) ၈။ အစအဆုံး မရှိ။ (အနာဒိအနန္တ)
၉။ မသန့်ရှင်းချေ။ ၉။ သန့်ရှင်း၏။
၁၀။ မွေးဖွားကြရ၏။ (ဇာတိ) ၁၀။ မွေးဖွားကြရခြင်းမရှိ (အဇာတိ)
၁၁။ မသိမမြင်ခြင်း၊ စွဲလမ်းခြင်း၊ လိုချင်တပ်မက်ခြင်း၊ စိတ်ဆိုးခြင်း၊ ကြမ်းတမ်းခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စသည့် တရားများ ရှိ၏။ (အဝိဇ္ဇာ၊ ဥပါဒါန်၊ လောဘ၊ ဒေါသ) ၁၁။ ဤတရားများ အားလုံးမှ ကင်းစင်၏။
၁၂။ သံယောဇဉ်ကြိုး (၁၀)ချောင်းဖြင့် နှောင်ဖွဲ့ထား၏။ ၁၂။ မည်သည့် သံယောဇဉ်ကြိုးမျှ မရှိ။
၁၃။ အနှောင်အဖွဲ့ ရှိ၏။ ၁၃။ လွတ်လပ်၏။
၁၄။ သံသရာအတွင်း၌ ရှိ၏။ ၁၄။ သံသရာမှ လွတ်မြောက်၏။
၁၅။ အရသာများ ရှိ၏။ ၁၅။ လွတ်မြောက်သည့်အရသာ တခုတည်းသာ ရှိ၏။
၁၆။ အာသာပြေမှု မရှိ။ ၁၆။ အာသာပြေလျက် ရှိ၏။
၁၇။ ချိုးနှိမ်၍ ရ၏။ (သံဝရသဘော ရှိ၏) ၁၇။ ချိုးနှိမ်၍ မရ။ (အသံဝရသဘော ရှိ၏)
၁၈။ အကန့်အသတ် ရှိ၏။ ၁၈။ အကန့်အသတ် မရှိ
၁၉။ ခံစားခြင်း (ဝေဒနာ)နှင့် တပ်မက်ခြင်း (တဏှာ)တရားတို့ဖြင့် အီနေ၏။ ၁၉။ ဝေဒနာနှင့် တဏှာတရားတို့မှ လွတ်မြောက်၏။
၂၀။ တကယ်မရှိ (ပရမတ်မဟုတ်၊ မမြဲ) ၂၀။ တကယ်ရှိ၏။ (ပရမတ်)၊ မြဲ၏။
၂၁။ စကြာဝဠာသည် တကယ်မရှိ ၂၁။ နိဗ္ဗာန်သည် တကယ်ရှိ၏။
ဆရာတော်။ (အထက်ပါအတိုင်း သင်ပုန်းကြီးပေါ်၌ ရေးသားပြပြီးနောက် ...) ကဲ ဒကာကြီး၊ အခု ဦးပဉ္ဇင်း ရေးပြထား တဲ့ ဆန်းစစ်ချက်အရ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်တမ်းရှိတယ်ဆိုတာကို လက်ခံနိုင်ရဲ့လား။ ဝါးလား။ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ ဆရာတော် ရှင်းပြတဲ့အချက်အားလုံး ကို တပည့်တော်လက်ခံပါတယ်။ ဒါပေမယ့် သတ္တဝါတွေမှာ ဇာတိတရားချုပ်ငြိမ်းသွားရတယ် ဆိုတဲ့အချက်ကိုတော့ တပည့်တော် ဦးခေါင်းထဲမှာ မရှင်းသေးဘဲ ဖြစ်နေပါတယ် ဆရာတော်။ ဆရာတော်။ ဒါဖြင့် ဦးပဉ္ဇင်းက ရှင်းပြရသေးတာပေါ့။ ဒကာကြီး၊ မွေးဖွားခြင်း (ဇာတိတရား) ဆိုတာဟာ သေခြင်းရဲ့ အကြောင်းတရားပဲ။ နိဗ္ဗာန်ရောက်ပြီးမှ သတ္တဝါတဦးဦးဟာ ဖွားရဦးမယ်ဆိုရင် ထိုသတ္တဝါဟာ သေရမှာအမှန်ဖြစ်တယ်။ အဲဒီလို သေခြင်းတရားရှိနေရင် နိဗ္ဗာန်ဟာ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့တရားတွေ ချုပ်ငြိမ်းရာ တရား မဟုတ်တော့ဘူး။ မြစ်တစင်းဟာ မြစ်ဖျားခံရာဒေသမှာ မွေးဖွားပြီး မြစ်ဝအထိဟာ ဒီမြစ်ရဲ့ တသက်တာဘဝပဲ။ ဒီနည်း အတိုင်းပဲ သတ္တဝါတဦးဦးရဲ့ ဘဝတသက်တာဟာ မွေးဖွားတဲ့အခါက စပြီး သေတဲ့အခါမှာ အဆုံးသတ်ရတယ်။ ဒါကြောင့် နိဗ္ဗာန်ဆိုတဲ့တရားထဲမှာ မွေးဖွားခြင်းဆိုတဲ့တရား မရှိတော့ဘူး။ မွေးဖွားခြင်းနဲ့ သေခြင်းဟာ ကြိုးတချောင်း ထဲပဲ။ အစတဖက်က မွေးဖွားခြင်းဆိုတာဖြစ်ပြီး ကျန်အစတဖက်က သေခြင်းပဲ။ သည့်ပြင် အချက်တချက်လည်း ရှိသေး တယ်။ အဲဒါက မွေးဖွားခြင်းနဲ့ သေခြင်းတို့ဟာ ဒုက္ခတရားတွေလည်းဖြစ်တယ်။ မြဲလည်းမြဲတဲ့တရားတွေ မဟုတ်ကြဘူး ဒကာကြီး။ ဝါးလား။ ဆရာတော်ရဲ့ ရှင်းလင်းချက်ဖြင့် မွေးဖွားခြင်းနဲ့ သေခြင်းတရားတို့အကြောင်းကို တပည့်တော် ရှင်းရှင်း လင်းလင်း နားလည်ပါပြီ ဆရာတော်။ နိဗ္ဗာန်ဆိုတဲ့ တရားဟာလည်း မွေးဖွားခြင်း၊ သေခြင်းဆိုတဲ့ တရားတို့ရဲ့ ကင်းငြိမ်း ရာ ဖြစ်တယ် ဆိုတာကိုလည်း သိမြင်နားလည်ပါပြီ ဆရာတော်။ ဆရာတော်။ အခု ဒကာကြီးက နိဗ္ဗာန်ဆိုတဲ့တရားဟာ အဟုတ်အမှန်ရှိကြောင်းကို ယုံယုံကြည်ကြည်နဲ့ လက်ခံပါပြီ ဆိုတော့ ဦးပဉ္ဇင်းက နိဗ္ဗာန်ဆိုတဲ့တရားဟာ ဘယ်နေရာမှာရှိပါသလဲ ဆိုတဲ့ ဒုတိယအဆင့် မေးခွန်းကို ဖြေကြားရ ဦးမယ်။ အထက်က ဦးပဉ္ဇင်း ရှင်းလင်းပြခဲ့တဲ့ အချက်အလက်များအရ နိဗ္ဗာန်ဆိုတဲ့တရား ကိန်းဝပ်ဖို့ နေရာဌာန ရှိလို့မဖြစ်တော့ ဘူး။ အကယ်၍ နေရာဌာနတခုရှိခဲ့လျှင် ထိုနေရာဌာနရဲ့ မူလဗီဇတရား ရှိရမယ်။ မူလဗီဇတရား ရှိတာနဲ့တပြိုင်နက် ထိုတရားဟာ ပျက်စီးချုပ်ငြိမ်းသွားရမယ်။ အမှန်ကတော့ နိဗ္ဗာန်ဆိုတဲ့တရားဟာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ မဟာဘုတ်ကြီး (၄)ပါးနဲ့ ဘာမျှ မပတ်သက်ဘူး။ ကင်းလွတ်တယ်။ ဒီ မဟာဘုတ်ကြီး (၄)ပါးနဲ့ ကင်းလွတ်လိုက် တာနဲ့ တပြိုင်နက် ဘာတရားမျှ မရှိဘူး။ ဘာရုပ်ဝတ္ထုမျှ မရှိဘူး။ ဘာအသွင်သဏ္ဌာန်မှလည်း မရှိဘူး။ ဘယ်နေရာဌာန မှလည်း မရှိဘူး။ ဒီ မဟာဘုတ်ကြီး (၄)ပါး စုပေါင်းဖြစ်ပေါ်ရတဲ့တရားဟူသမျှမှာ ပျက်စီးချုပ်ငြိမ်းရတာချည်းပဲ။ ဘာပြု လို့လဲ ဆိုတော့ စတင်ဖြစ်ပေါ်ခြင်း (ဇာတိ)၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ချုပ်ငြိမ်းခြင်း ဆိုတဲ့ တရားတွေ ဟာ ဒီ မဟာဘုတ်ကြီး (၄)ပါးတို့ရဲ့ မူလဗီဇက ပါလာတဲ့ သဘောတွေဖြစ်လို့ပဲ ဒကာကြီး။ ဒါကိုကြည့်ခြင်းအားဖြင့် နိဗ္ဗာန် ဆိုတဲ့တရား တည်ရှိဖို့အတွက် နေရာဌာနဆိုတာ မလိုဘူး ဆိုတဲ့အချက်ဟာ ထင်ရှားသွားပြီ ဒကာကြီး။ ဝါးလား။ ဒီလို နိဗ္ဗာန်ဆိုတဲ့တရား ကိန်းဝပ်ဖို့ နေရာဌာနရယ်လို့မရှိရင် ဒီတရားဟာ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ ဘုရား။ ဆရာတော်။ ကဲ ဒါဖြင့်ရင် ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်မေးရဦးမယ်။ ဝါးလား။ မှန်ပါ့ ဆရာတော်။ ဆရာတော်။ လောကမှာ "ဉာဏ်ပညာ" ဆိုတဲ့တရား ရှိပါသလား ဒကာကြီး။ ဝါးလား။ ရှိပါတယ် ဆရာတော်။ ဆရာတော်။ ဒကာကြီး ဒီ "ဉာဏ်ပညာ" ဆိုတဲ့တရားကို မြင်ဖူးသလား။ ဝါးလား။ မမြင်ဖူးပါဘူး ဆရာတော်။ ဒီတရားဟာ မမြင်နိုင်၊ မမြင်အပ်တဲ့ တရားပါ ဆရာတော်။ ဆရာတော်။ ဒါဖြင့်ရင် ဒီ "ဉာဏ်ပညာ" ဆိုတဲ့တရားဟာ ရှိတယ်လို့ ဒကာကြီး ဘယ်လိုလုပ်ပြီး သိပါသလဲ။ ဝါးလား။ "ဉာဏ်ပညာ" ဆိုတဲ့တရားကို စိတ်အာရုံနဲ့ သညာသဘောနဲ့ သိပါတယ် ဆရာတော်။ ဆရာတော်။ "ဉာဏ်ပညာ" ဆိုတဲ့တရားဟာ အဘယ်အရပ်၊ အဘယ်ဒေသမှာ ကိန်းဝပ်ပါသလဲ ဒကာကြီး။ ဝါးလား။ "ဉာဏ်ပညာ" ဆိုတဲ့တရားဟာ ဘယ်နေရာ၊ ဘယ်ဌာနမှ မကိန်းဝပ်ပါဘူး ဘုရား။ ဒါပေမယ့် ဒီတရားဟာ ပေါ်ပေါက်လိုက်၊ ပျောက်ကွယ်လိုက်၊ တဖန်ပေါ်ပေါက်လိုက်နဲ့ အစဉ်တစိုက် ဖြစ်ပျက်နေပါတယ် ဘုရား။ ဆရာတော်။ "လေ" ဆိုတဲ့ တရားဟာ ရှိသလား။ ဝါးလား။ "လေ" ဆိုတဲ့ တရားဟာရှိပါတယ်။ ဒီ လေဆိုတဲ့တရားမရှိဘဲနဲ့ တပည့်တော်တို့ဟာ အသက်ရှင် မနေနိုင် ပါဘူး ဆရာတော်။ ဆရာတော်။ ဒကာကြီး လေ ကိုမြင်ရသလား။ ဝါးလား။ မမြင်ရပါဘူး ဆရာတော်။ လေဟာ မြင်နိုင်တဲ့တရား မဟုတ်ပါဘူး။ ဆရာတော်။ လေ ဟာရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိအောင် လုပ်သလဲ ဒကာကြီး။ ဝါးလား။ လေကို တပည့်တော်ရဲ့ခန္ဓာကိုယ်အတွင်းမှာရော၊ အပြင်မှာပါ လေရဲ့အားကို စမ်းသပ်တွေ့ထိခြင်းအားဖြင့် လေဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတာ သိရပါတယ် ဆရာတော်။ ဆရာတော်။ ဒါဖြင့် "လေ" ဟာ ဘယ်မှာ ကိန်းဝပ်နေသလဲ ဒကာကြီး။ ဝါးလား။ "ဉာဏ်ပညာ" ဆိုတဲ့တရားလိုပါပဲ ဆရာတော်။ လေဟာလည်း အဆက်မပြတ် ဖြစ်ပေါ်ကွယ်ပျောက် နေတဲ့ တရားပါပဲ ဘုရား။ ဆရာတော်။ "ဉာဏ်ပညာ" တို့၊ "လေ" တို့ဆိုတဲ့တရားတွေဟာ တကယ်တမ်းရှိပါလျက်နဲ့ ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက်ရှိတယ်လို့ မပြနိုင်သလိုပဲ နိဗ္ဗာန်ဆိုတဲ့ တရားဟာလည်း တကယ်ရှိသော်လည်း ဘယ်နေရာ၊ ဘယ်ဒေသ မှာ ကိန်းဝပ်တယ်လို့ မပြနိုင်ဘူး ဒကာကြီး။ "ဉာဏ်ပညာ" ဆိုတဲ့တရား နဲ့ "လေ" ဆိုတဲ့တရားတို့ တကယ်တမ်းရှိတယ် ဆိုတာကို အာရုံခံစားခြင်း၊ တွေ့ထိခြင်း ဆိုတဲ့ သဘောတို့နဲ့သာ သိနိုင် နားလည်နိုင်သလို နိဗ္ဗာန် ဆိုတဲ့တရားဟာ တကယ်ရှိတယ် ဆိုတာကိုလည်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနေကြတဲ့ ပုဂ္ဂိုလ်များရဲ့ လောကုတ္တရာဉာဏ်၊ အာသဝက္ခယဉာဏ် တို့ဖြင့်သာ သိမြင်နားလည်နိုင်တယ်။ ကဲ ဒကာကြီး၊ ကျေနပ်ပြီလား။ ဝါးလား။ ကျေနပ်ပါပြီ ဆရာတော်။ "ဉာဏ်ပညာ" နဲ့ "လေ" ဆိုတဲ့ တရားတွေလိုပဲ နိဗ္ဗာန် ဆိုတဲ့တရားဟာ တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဌာနမှာ ကိန်းဝပ်တယ်လို့ ပြလို့မဖြစ်နိုင်တာကိုလည်း သဘောပေါက်ပါပြီ ဆရာတော်။ ဆရာတော်။ ကဲ ဒုတိယပြဿနာ ရှင်းသွားပြီဆိုရင် တတိယပြဿနာဖြစ်တဲ့ နိဗ္ဗာန်ဟာ မည်သည့်တရားနဲ့ တူပါသလဲ ဆိုတဲ့ အချက်ကို ဆက်ရှင်းကြရလိမ့်ဦးမယ်။ နိဗ္ဗာန်ဆိုတဲ့တရားဟာ အထက်က ရှင်းပြခဲ့သလိုပဲ ဒီလောကကြီးနဲ့ သတ္တိ၊ အရည်အချင်း၊ အသွင်အပြင်၊ ဂုဏ်လက္ခဏာတို့မှစ၍ ဘယ်ဖက်ကမှ မတူဘဲ လုံးလုံးဆန့်ကျင်နေတဲ့တရား ဖြစ်နေလေ တော့ နိဗ္ဗာန်ကို ယခုတွေ့မြင်နေကြတဲ့ အရာဝတ္ထုတွေ၊ ရုပ်ဝတ္ထုတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်ပြလို့တော့ မဖြစ်ပေဘူး ဒကာကြီးရဲ့။ ဒါပေမယ့် ဥပမာကလေးတခုနဲ့တော့ ရှင်းပြရလိမ့်မယ်။ ဒကာကြီး နားထောင်ပေတော့။ ဝါးလား။ မှန်ပါ၊ နာလျက်ပါ ဆရာတော်။ ဆရာတော်။ ရှေးက ဘုရင်ကြီးတပါးရှိသတဲ့။ ဒီဘုရင်ကြီးဟာ အခြားဘုရင်အဆူဆူက ကြောက်ရွံ့ရိုသေပြီး လက်ဆောင် ပဏ္ဏာတွေ ကြို့ရလောက်အောင် ဘုန်းတန်ခိုးကြီးသတဲ့။ ရွှေ၊ ငွေ ကျောက်သံပတ္တမြားတွေဆိုတာကလဲ ခန့်မှန်းရေတွက်လို့ မရနိုင်အောင် ပေါသတဲ့။ စစ်သည်အင်အားကလည်း အလွန်ကြီးမားတောင့်တင်းသတဲ့။ သူ့ကို လုပ် ကျွေးပြုစုကြတဲ့ မောင်းမမိဿံကလည်း ထောင်သောင်းမကဘူးတဲ့။ အချက်အပြုတ် အကျော်အမော်တွေကလည်း ရသာမျိုးစုံတဲ့ ခဲဘွယ်ဘောဇဉ် ချိုချဉ် ယမကာတွေကို အမျိုးပေါင်းမရေမတွက်နိုင်အောင် စီမံပြီး ပွဲတော်များ ဆက်သ ကြရသတဲ့။ ဒီလို အမျိုးမျိုးသော စည်းစိမ်ချမ်းသာတွေကို ခံစားစံစားနေရတဲ့ ဘုရင်ကြီးဟာ တနေ့ကျတော့ ကုဋ္ဌနူနာ ရောဂါစွဲကပ်လာသတဲ့။ ဒီရောဂါစွဲကပ်လာတာနဲ့တပြိုင်နက် ဘုရင်ကြီးဟာ အထက်ကပြောခဲ့တဲ့ စည်းစိမ်တွေကိုလည်း မခံစားနိုင်တော့ဘူး။ မောင်းမမိဿံတွေနဲ့လည်း မပျော်ပါးနိုင်တော့ဘူး။ နောက်ဆုံး အာရုံငါးပါးမှာ ဘယ်အာရုံမှ မခံစား နိုင်တော့ဘူး။ ဒီစက်ဆုပ်ရွံရှာဖွယ်ကောင်းလှတဲ့ ရောဂါအတွက် အချိန်ရှိသရွေ့ စိတ်နှလုံး ဆင်းရဲနွမ်းနယ် နေရသတဲ့။ နောက်ဆုံးတော့ ဘုရင်ကြီးဟာ ကျန်းမာရေးနဲ့ ထီးနန်းစည်းစိမ်ကို လဲပစ်ရသည်အထိ ကျန်းမာအောင် လုပ်မယ် ဆိုပြီး သံန္နိဋ္ဌာန် ချလိုက်သတဲ့။ အဲဒီလို သံန္နိဋ္ဌာန် ချပြီးတဲ့နောက် "ဘယ်သူမဆို သူ၏ရောဂါကို ပျောက်ကင်းအောင် ကုသနိုင် လို့ရှိရင် ထီးနန်းစည်းစိမ်နှင့်တကွ သူ့ရဲ့ရတနာရွှေငွေ တွေကိုပါ ဆုလာဘ်အဖြစ်နဲ့ ရလိမ့်မယ်" လို့ တိုင်းပြည်အတွင်း ကျေညာလိုက်သတဲ့။ သူကိုယ်တိုင်ကတော့ ရောဂါဝေဒနာ ကင်းရှင်းသွားပြီး အရင်ကလို ကျန်းမာလာတာနဲ့တပြိုင်နက် ထီးနန်းကိုစွန့်ပြီး ရသေ့အသွင်နဲ့ တောရမှီးနေတော့မယ် လို့ စိတ်ကိုပိုင်းဖြတ်ထားသတဲ့။ ဒီလိုကျေညာလိုက်တော့ တိုင်းပြည်အတွင်း အလွန်နာမည်ထင်ရှား ကျော်ကြားလှတဲ့ သမားတော်ကြီးတွေဟာ ဘုရင့်ရောဂါကို လာရောက်ကုသ ကြသတဲ့။ ဒါပေမယ့် သမားတော်ကြီးများစွာဟာ ဘုရင်ကြီးရဲ့ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ကြရှာဘူးတဲ့။ နောက်ဆုံး သမားတော်ကြီးတဆူရောက်လာပြီး ဘုရင်ကြီးရဲ့ရောဂါကို "သုံးလနဲ့ပျောက်ကင်းအောင် ကုသနိုင်ပါတယ်၊ တကယ်လို့ သုံးလနဲ့ပျောက်ကင်းရင် အရှင်မင်းမြတ် ကတိထားတော်မူတဲ့အတိုင်း ထီးနန်းကိုသာပေးပါ။ မပျောက်ရင် ကျွန်တော်မျိုးရဲ့ ဦးခေါင်းကို ဖြတ်ပစ်ပါဘုရား" လို့ လျှောက်ထားပြီး ကုသ သတဲ့။ ဒီသမားတော်ကြီးဟာ တကယ့်ကို ကျွမ်းကျင်တတ်မြောက်တဲ့ သမားတော်ကြီးဆိုတော့ ပြောတဲ့အတိုင်းပဲ သုံးလလည်း ကြာရော ဘုရင်ကြီးဟာ ပကတိအတိုင်းကျန်းမာသွားသတဲ့။ ရောဂါနဲ့ပတ်သက်လို့ ဘာအငုတ်အရင်းမှ မရှိတော့ဘူးတဲ့၊ ဒါနဲ့ ဘုရင်ကြီးက သူ့ကတိအတိုင်း ထီးနန်းနှင့်တကွ ရတနာရွှေငွေတွေကို သမားတော်ကြီးလက်ထဲအပ်ပြီး တောထွက် ကာ ရသေ့ဘဝနဲ့ သစ်တပင်ရင်း ဝါးတပင်အောက်မှာ ကျောင်းသင်္ခမ်းကလေးဆောက်ပြီး တရားကျင့်နေသတဲ့။ သူ့ရဲ့ စိတ်ဓာတ်ဟာလည်း ချမ်းသာသုခနဲ့ အလွန်ပြည့်စုံနေသတဲ့။ ဒီတော့ ဘုရင်ကြီးဟာ ထီးနန်းစည်းစိမ်နဲ့တကွ ရတနာ ရွှေငွေတွေထက် ကျန်းမာရေးဟာ တကယ်ကျတော့ တယ်ပြီး အဘိုးတန်ပါကလားလို့ ကိုယ်တွေ့သိမြင်နားလည်လာပြီး "အော် ... လောကတွင် ကျန်းမာခြင်းထက် အဘိုးတန်တဲ့ရတနာကား မရှိချေတကား" လို့ ဥဒါန်းကျူးလိုက်သတဲ့။ (ထိုနောက် ဆရာတော်က မစ္စတာ လက်ကဒါ ဝါးလားအား ...) ကဲ ဒကာကြီး၊ တကယ်ပဲ ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဒီဘုရင်ကြီး ဥဒါန်းကျူးသလို လူတဦးတယောက်အား စိတ် ဓာတ်အားဖြင့် ချမ်းသာသုခနဲ့ ပြည့်စုံအောင် ဖန်တီးနိုင်ရဲ့လား။ ဒီတရားဟာ အမှန်ကော ရှိရဲ့လား။ ဝါးလား။ ဒီဘုရင်ကြီးပြောသလို တကယ်ပဲ လူတွေရဲ့ စိတ်ဓာတ်ကို ချမ်းသာသုခပေးနိုင်တဲ့၊ အဘိုးဖြတ်လို့မရ ကောင်းတဲ့ ကျန်းမာခြင်းဆိုတဲ့တရားရှိကြောင်းကို ကိုယ်တိုင်အတွေ့အကြုံနဲ့ ဝန်ခံပါတယ် ဆရာတော်။ ဆရာတော်။ ကဲ ဒါဖြင့် ဒီကျန်းမာခြင်းဆိုတဲ့တရားဟာ ဘယ်လို ပုံပန်းသဏ္ဌာန်ရှိတယ်ဆိုတာကို ဒကာကြီး ပြောပြနိုင် ပါ့မလား။ ဝါးလား။ ဒီကျန်းမာခြင်းဆိုတဲ့တရားမှာ အသွင်သဏ္ဌာန် ရုပ်ဒြပ်ရယ်လို့ မျက်စိနဲ့ကြည့်လို့တော့ မမြင်ရပါဘူး ဘုရား။ ဒါပေမယ့် ဒီတရားရဲ့ အကျိုးကျေးဇူးကိုတော့ ဘယ်သူမျှ မငြင်းပယ်နိုင်ပါဘူး ဘုရား။ ဆရာတော်။ အဲ ဒကာကြီး ပြောတဲ့အတိုင်း ကျန်းမာခြင်းဆိုတဲ့တရားဟာ တကယ်ရှိပြီး ဒီတရားရဲ့အကျိုးကျေးဇူးကို လူသားတွေဟာ ခံစားနေရသော်လည်း ဘယ်သူကမျှ ကျန်းမာခြင်းဆိုတဲ့တရားဟာ ဘာနဲ့တူတယ်၊ ဘယ်လိုကိုင်တွယ် စမ်းသပ်လို့ရတယ်၊ ဘယ်လိုအဘိုးတန်တယ်ဆိုတာကို ကိုင်တွယ်ပြသလို့ မဖြစ်သလိုဘဲ နိဗ္ဗာန်ဆိုတဲ့တရားဟာလည်း စကြာဝဠာကြီးအတွင်းမှာရှိတဲ့ သတ္တဝါအနန္တတို့ ခံစားနေကြရတဲ့ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း ဆိုတဲ့ ဆင်းရဲဒုက္ခတွေနဲ့တကွ အခြား ဒုက္ခတွေကပါ လွတ်ငြိမ်းအောင် ဖန်တီးနိုင်တာကတော့မှန်ပါတယ်။ ဒါပေမယ့် ဒီ နိဗ္ဗာန်ဆိုတဲ့တရားဟာ ဖြူတယ်၊ ဝါတယ်၊ နီတယ်၊ ညိုတယ်လို့လည်း ပြောပြလို့ မဖြစ်နိုင်ဘူး။ လုံးတယ်၊ ပြားတယ်၊ ရှည်တယ်၊ တိုတယ်လို့လည်း ပြောပြလို့ မဖြစ်ဘူး။ ဒီတရားကို ရတဲ့လူမှပဲ ကိုယ်တိုင်တွေ့ကြုံခံစားပြီး သိအပ်တဲ့ တရားပဲ ဒကာကြီးရဲ့။ ကဲ နိဗ္ဗာန်ဟာ ဘယ်လိုအဆင်းသဏ္ဌာန်နဲ့ ပြည့်စုံသလဲဆိုတဲ့ ဒကာကြီးရဲ့ ပုစ္ဆာနဲ့ပတ်သက်ပြီး ဒကာကြီး ရှင်းသွားပြီလား။ ဝါးလား။ 

မှန်ပါ၊ ဆရာတော် ယခုပြလိုက်တဲ့ ဥပမာနဲ့ပဲ ရှင်းသွားပါပြီ ဆရာတော်။ ထိုနောက် တရားနာပရိဿတ်က သာဓုအနုမောဓနာ ခေါ်ကြလေသည်။

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊