ကောင်းသောအလုပ်ကို လုပ်လျှင် ကောင်းကျိုးကိုရ၍ မကောင်းသော အလုပ်ကိုလုပ်လျင် မကောင်းကျိုးကို ရ၏။ ဤသည်မှာ ဓမ္မနိယာမ ဖြစ်၏။ ဤ `ဓမ္မနိယာမ´ အတိုင်းဖြစ်အောင် ဓမ္မကဆောင်ရွက်၏။ သို့ရာတွင် `ဓမ္မနိယာမ´ ကို ပြောင်းပြန်လုပ်သူများ ဤလောက၌ ရှိတတ်၏။
ထိုပုဂ္ဂိုလ်များသည် မကောင်းသော အလုပ်ဖြင့် ကောင်းကျိုးကို ရနေတတ်ကြ၏။ ကောင်းသော အလုပ်ဖြင့် မကောင်းကျိုးကို ရနေတတ်ကြ၏။ (လောက၌) ရိုးရိုးနှင့် မှန်မှန်လုပ်သည်ထက် ဆန်းဆန်းနှင့် မှားမှားလုပ်ပါက ကြီးပွါးမြန်၏။ သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမ အရ ပုဂ္ဂိုလ်ကဖြစ်စေ ကံကဖြစ်စေ ဓမ္မအပေါ် သစ္စာဖောက်ပါက ဓမ္မသည် မလွဲမသွေ တုန့်ပြန်မည်ဖြစ်၏။
ဓမ္မသည် တိုက်ခိုက်ခြင်းခံရပါက ဓမ္မကလည်းပြန်လည် တိုက်ခိုက်မည်ဖြစ်၏။ ဤသည်မှာ နိယာမ ဖြစ်၏။ ဤ နိယာမကို ဓမ္မသည် မကျော်လွန်နိုင်။ လောက၌ အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာခြင်း အကျိုးကို ရရှိကြသူ များစွာကို တွေ့ရ၏။ ကံ နှင့် ကံ၏အကျိုးတို့ လိုက်လျောညီထွေ မရှိခြင်းသည် ဓမ္မအပေါ် သစ္စာဖောက်ခြင်း မည်၏။ ဓမ္မအပေါ် သစ္စာဖောက်ခြင်းမှန်သမျှ ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရမည်မှာ မလွဲမသွေ မှန်လှပေ၏။ သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမ အရ အပုတ်ချခြင်းခံရသော ဓမ္မသည် မိမိအပေါ် အပုတ်ချသူအား ပြန်၍ ဒဏ်ခတ်ရသည်မှာ မရှောင်လွဲနိုင်သော နိယာမ အရဖြစ်၏။ ထိုနိယာမ အတိုင်း ဓမ္မက ဒဏ်ခတ်မည်မှာ သေချာပါ၏။ သို့ရာတွင် `မည်သည့်အချိန် ဒဏ်ခတ်မည်နည်း´ ဟူ၍ အချိန်ကာလနှင့် ပတ်သက်ပြီး စဉ်းစားစရာသာ ရှိ၏။ ထို့ကြောင့် ကာလအရ မသေချာ သော်လည်း နိယာမ အရ ဒဏ်ခတ်မည်ကတော့ အလွန်သေချာပါ၏။
ဓမ္မအပေါ် သစ္စာဖောက်သူအတွက် တစ်ခုသောနေ့တွင် ဓမ္မက ဒဏ်ခတ်၍ ဓမ္မအပေါ် သစ္စာရှိသူအတွက် ဓမ္မက ချီးမြောက်မည်ဖြစ်၏။ ဤလောက၌ နှုတ်က ဓမ္မကို ဖောင်ဖောင်ရွတ်ပြီး ကိုယ်နှင့် စိတ်က အဓမ္မ ကိုကျင့်သုံးနေကြသူများလည်း များစွာရှိ၏။ ထိုပုဂ္ဂိုလ်များသည် ဓမ္မအပေါ် သစ္စာဖောက်ကြသူများ ဖြစ်၏။ ဓမ္မအပေါ် သစ္စာဖောက်ကြသူများသည် တစ်ခုသောနေ့တွင် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို မုချမသွေ ခံစားရပေလိမ့်မည်။ ထိုတခုသောနေ့ကား လောလောဆယ် မျက်မှောက်ပစ္စက္ခတွင် ဖြစ်ချင်ဖြစ်မည်။ မျက်မှောက်ပစ္စက္ခတွင်မဖြစ်ပါက သေခါနီးကာလ မရဏသန္နဇော စောချိန်မှ စ၍ တမလွန်တွင်မူ မုချမသွေ ဖြစ်ပေလိမ့်မည်။ ယုံမှားဖွယ် မရှိ။ ထို့ကြောင့် နှုတ်က ဓမ္မကို ပြောလျင် ကိုယ်နှင့် စိတ်ကလည်း ဓမ္မအတိုင်း ဖြစ်ရလေအောင် သမ္မပ္ပဓာန်ထိုက်သော ဝိရိယကို သုံး၍ ကျင့်ကြံအားထုတ်အပ်ပါ၏။ ထိုသို့ မဟုတ်ဘဲ နှုတ်ကသာ ဓမ္မကို အော်ကျယ် ဟစ်ကျယ်ပြောပြီး ကိုယ်နှင့် စိတ်က အဓမ္မကို တိတ်တိတ်ပုန်း ကျင့်ကြံအားထုတ်မည် ဆိုပါက ဓမ္မအပေါ် သစ္စာဖောက်ခြင်း ဖြစ်သဖြင့် သစ္စာဖောက်ခြင်း ခံရသော ဓမ္မကလည်း ပြန်လည် ဒဏ်ခတ် မည်ဖြစ်ကြောင်း လေးနက်စွာ ယုံကြည်အပ်ပါ၏။
ဦးရွှေအောင်(အမြင်များ ပြောင်းလဲခြင်း-မှ)
* အရှင်ဝရသာမိ
http://shintharmi.blogspot.com
အရှင်ဘုရား ဗုဒ္ဓဘာသာကို စော်ကားခံရလျင် တချို့အကြောင်းအရာတွေက တကယ်သိနားလည်သူတွေကပဲ အချက်အလက် တိတိကျကျနဲ့ မဟုတ်ဘူးဆိုတာကို ထောက်ပြဖို့ လိုမယ်ထင်ပါတယ်ဘုရား။ သာမန် မိရိုးဖလာ ဗုဒ္ဓဘာသာတွေမှာ ကျမ်းဂန်အချက်အလက် အတိအကျနဲ့ ထောက်ပြပြီး ရှင်းပြနိုင်လောက်တဲ့ အရည်အချင်းမရှိလို့ ရေငုံနှုတ်ပိတ်နေတာလည်း ရှိနိုင်ပါတယ်။ ရေငုံနှုတ်ပိတ်မနေနိုင်တဲ့သူ အတော်များများကလည်း အချက်အလက်ကို အမှန်ကို ပြန်ပြောပြတာထက် ယုတ်ရိုင်းကြမ်းတမ်းစွာ ဆဲဆိုနေတာက များတော့ ဘုရားဟောနဲ့ ပိုပြီး လမ်းလွဲသွားတာကိုလည်း တွေ့နေရပါတယ်ဘုရား။ မြန်မာလူမျိုးတွေမှာ ဘုရားဟောထားတဲ့ အတိုင်း ဒေါသကို ရှေ့တန်းမတင်ဘဲ ပြဿနာ ဖြေရှင်းတာ သိပ်မတွေ့ဘူး။ ခံစားမှုကို ရှေ့တန်းမတင်ဘဲ ပကတိ အဖြစ်အပျက် အခြေအနေအမှန်ကို သူမျးနားလည်အောင် ရှင်းပြနိုင်တဲ့ အရည်အချင်း သိပ်နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် တယောက်ယောက် (သို့) အုပ်စုတခုက ဗုဒ္ဓဘာသာကို စော်ကားတာတွေ့ရင် တကယ်နားလည်တဲ့ ဆရာတော်တွေကိုယ်တိုင်က ဦးဆောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ဦးဆောင်လမ်းညွန်ပြီး တုံ့ပြန်ဖြေရှင်းဖို့ လိုလိမ့်မယ် ထင်တယ်ဘုရား။
ReplyDelete