အခါတစ်ပါး၌ မြတ်စွာဘုရားရှင် စာတုမရွာ သျှစ်သျှားတော၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလာန်တို့သည် ရဟန်း ငါးရာနှင့် တကွ ဘုရားဖူးရန် ရောက်လာခဲ့ပေသည်။ ထိုရဟန်း ငါးရာတို့၏ နုတ်ဆက်စကားသံ၊ နေရာလုသံ၊ သပိတ်သင်္ကန်း သိုမှီးသိမ်ဆည်းသံ တို့ကြောင့် ဤ ရဟန်းအပေါင်းသည် တံငါရွာရှိ ငါးစိမ်းသည်တို့နှင့် တူကြ၏- ဟု ညည်းတွားတော်မူကာ-
ဂစ္ဆထ ဘိက္ခဝေ၊ မဏာမေန္တိ ဝေါ၊ နဝေါ မမ သန္တိကေ ဝတ္တဗ္ဗံ၊ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၀)
ရဟန်းတို့ သွားကြကုန်၊ သင်တို့ကို နှင်ထုတ်အပ်၏။ သင်တို့သည် ငါ၏ ထံ၌ မနေထိုက် -ဟု (မြန်မာပြန်-၁၃၀) ပြန်လွတ်တော်မူခဲ့ပါသည်။ ထိုအကြောင်းကို သိရှိကြကုန်သော စာတုမရွာသား သာကီဝင်မင်းသားများနှင့် သဟမ္ပတိဗြဟ္မာကြီးတို့က မျိုးသစ်ပင် ဥပမာ၊ နို့စို့နွားငယ် ဥပမာ တို့ဖြင့် ပြန်လည်လက်ခံရန် လျှောက်ထားကြမှသာ ပြန်လည်လက်ခံတော်မူခဲ့ပါသည်။ အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ဦးဆောင်သော ရဟန်းငါးရာတို့ ပြန်လည်ကြွရောက်လာသော အခါ၌
မြတ်စွာဘုရားက- ကိန္တိ တေ သာရိပုတ္တ အဟောသိ မယာ ဘိက္ခုသံဃေ ပဏာမိတေ။ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၂)
ချစ်သား သာရိပုတြာ၊ ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း - ဟု မေးတော်မူပါသည်။ (မြန်မာပြန်-၁၃၂)
ထိုအခါ အရှင်သာရိပုတြာက “မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါ မြတ်စွာဘုရားသည် မျက်မှောက်ဘဝ၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာ နေခြင်းကို အားထုတ်တော်မူလျက် နေတော်မူလတ္တံ့။ ယခုအခါ ငါတို့သည်လည်း မျက်မှောက်ဘဝ၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာ နေထိုင်မှု့ကို အားထုတ်ကုန်လျက် နေကြကုန်တော့အံ့” ဟူသော အကြံဖြစ်ပါ၏ ဘုရားဟု လျှောက်ထားပါသည်။ ထိုအခါ မြတ်စွာဘုရားက - အာဂမေဟိ တွံ သာရိပုတ္တ၊ အာဂမေဟိ တွံ သာရိပုတ္တ၊ ဒိဌဓမ္မသုခဝိဟာရံ။ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၂) “ချစ်သား သာရိပုတြာ ဆိုင်းငံ့ဦးလော့၊ ချစ်သား သာရိပုတြာ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေခြင်းကို ဆိုင်းငံ့ဦးလော့ ဟု မိန့်တော်မူပါသည်။ (မြန်မာပြန်-၁၃၂) ထို့နောက် အရှင်မဟာမောဂ္ဂလာန်ကို မေးတော်မူသော အခါ၌ အရှင်မဟာမောဂ္ဂလာန်က “မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခုအခါ မြတ်စွာဘုရားသည် မျက်မှောက်ဘဝ၌ ကြောင့်ကြမဲ့စွာ နေတော်မူခြင်းကို အားထုတ်လျက် နေတော်မူလတ္တံ့။ ယခုအခါ ငါသည်လည်းကောင်း၊ အရှင်သာရိပုတြာသည် လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်တော့အံ့” ဟူသောအကြံ ဖြစ်ပါ၏ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားက - သာဓု သာဓု မောဂ္ဂလ္လာန၊ အဟံ ဝါ ဟိ မောဂ္ဂလ္လာန ဘိက္ခု သံဃံ ပရိဟရေယျံ သာရိပုတ္တမောဂ္ဂလ္လာနာ ဝါ။ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၂) (စာတုမသုတ်)
“ချစ်သားမောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ ချစ်သားမောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတ္တာ၊ မောဂ္ဂလာန် တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်းကြကုန်အံ့။ ဟု မိန့်တော်မူပါသည်။ (မြန်မာပြန်-၁၃၂) ဤ သာဓက ကို ထောက်ဆကြည့်ပါက မြတ်စွာဘုရားသည် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို အားမပေး မချီးမြှောက် သာဓုမခေါ် သည်ကိုတွေ့ရှိရပေမည်။ ထို့အပြင် ကိုယ်တော်တိုင် လောကငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးရုံသာ မကဘဲ သူ၏သာဝက တို့တွင်လည်း လောကငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးသူများကိုသာ အားပေးချီးမြှောက် သာဓု ခေါ်တော်မူကြောင်းကို သိရှိရလေသည်။ ထို့ကြောင့် ဗုဒ္ဓသည် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒီ မဟုတ်၊ လောကငြိမ်းချမ်းရေးဝါဒီသာ ဖြစ်သည်။ တစ်ကိုယ်ရေ ငြိမ်းချမ်းရေးသမားများကို ချီးမြှောက်အားပေးသူမဟုတ်၊ လောကငြိမ်းချမ်းရေးသမားများကို ချီးမြှောက်အားပေးသူသာ ဖြစ်သည်ဟု မှတ်ရပေမည်။ ထို့အပြင် ရဟန္တာပုဂ္ဂိုလ်တိုင်းလည်း တစ်ကိုယ်ရေ ငြိမ်းချမ်းရေးကို လက်ခံကျင့်သုံးကြသည် မဟုတ် လောကငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသော ရဟန္တာများ ရှိသေးသည်ကိုလည်း တွေ့ရှိရပေမည်။ ဤဝတ္ထု၌ အရှင်မဟာမောဂ္ဂလာန်သည် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးကို လက်ခံကျင့်သုံးသော ရဟန္တာပုဂ္ဂိုလ်မျိုး မဟုတ်ဘဲ လောကငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသော ရဟန္တာပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို တွေ့ရှိရပေမည်။ အရှင်မဟာမောဂ္ဂလာန်သည် အပြောသာမဟုတ်ဘဲ ကိုယ်တော်တိုင်လည်း လောကငြိမ်းချမ်းရေး အတွက် သယ်ပိုးထမ်းရွက်သည်ကို တွေ့ရှိရပေသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားနှင့် ရဟန်းအပေါင်းတို့သည် ဥပုသ်ပြုရန် သိမ်အတွင်း၌ စုဝေးကြလေသည်။ ထိုရဟန်း ပရိသတ်ထဲ၌ သီလမဲ့(ဒုဿီလ) တစ်ပါး ပါရှိသည်ကို တွေ့ရ၍ မြတ်စွာဘုရားသည် ဥပုသ်ပြုတော် မမူပေ။ ဤသို့နှင့် ညဉ့်ဦးယာမ်၊ သန်းခေါင်ယာမ်၊ မိုးသောက်ယာမ်ကို ကျော်လွန်ပြီ ဖြစ်ကြောင်း၊ ရဟန်းအပေါင်း ကြာမြင့်စွာ ထိုင်နေရပါကြောင်း၊ ဥပုသ်ပြုရန် အချိန်တန်ပြီ ဖြစ်ကြောင်း အရှင်အာနန္ဒာလျှောက်ထားသောအခါ မြတ်စွာဘုရားက- “အပရိသုဒ္ဓါ အာနန္ဒ ပရိသာ အာနန္ဒာ၊ ပရိသတ်သည် မစင်ကြယ်” ဟု မိန့်တော်မူပါသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ်ဖြင့် ကြည့်တော်မူ၍ ဒုဿီလပုဂ္ဂိုလ်ကို တွေ့သောအခါဥပုသ်သိမ်မှ ထွက်ခွါသွားဖို့ သုံးကြိမ် သုံးလီ မိန့်တော်မူပါသည်။ ထိုသို့ သုံးကြိမ်တိုင်အောင်မိန့်တော်မူ၍ မရသောအခါမှသာ အရှင်မဟာမောဂ္ဂလာန်က ဒုဿီလပုဂ္ဂိုလ်၏ လက်မောင်းကိုဆွဲ၍ အပြင်သို့ခေါ်ထုတ်သွားကာ တံခါးပိတ်ထားလိုက်လေတော့သည်။ ထိုအခါ မြတ်စွာဘုရားက- “ချစ်သားမောဂ္ဂလာန် အံ့ဘွယ်ဖြစ်၏၊ မဖြစ်ဘူးမြဲ ဖြစ်၏။ မဂ်ဖိုလ်မှ အချီနှီးဖြစ်သော (အလကားကောင်)ဒုဿီလ သည် လက်မောင်းကို ဆွဲကိုင်သည်ထိအောင် အပြင်မထွက်ဘဲ ရဲတင်းလွန်းလှ၏ - ဟု မိန့်တော်မူကာ ကိုယ်တော်တိုင် ဥပုသ်ပြုခြင်းကို ရပ်နားသွားပေတော့သည်။ (ဥပေါသထသုတ်) (အံ၊ ဌ၊ ၃၊ ၄၄) ဤသာဓကကို သုံးသပ်ကြည့်ပါက သာသနာ၌ ဒုဿီလပုဂ္ဂိုလ်များသည် ရဟန်းအပေါင်း ဆင်းရဲကြောင်းသာ ဖြစ်သည်ကိုလည်းကောင်း၊ အရှင်မဟာမောဂ္ဂလာန်သည် လောကငြိမ်းချမ်းရေးကို ဗဟိုပြု၍ အနစ်နာခံကာ ဒုဿီလကို ရဲရဲရင့်ရင့် သုဓ်သင်တော်မူသည်ကိုလည်းကောင်း တွေ့ရှိရပေသည်။
ဘဒ္ဒန ္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်)






0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊