Saturday, March 13, 2010

ဘုရားလောင်းဝါဒ - ၁ -


ဤ သာသနာတော်၌ ဗုဒ္ဓဝါဒကို လက်ခံယုံကြည်သူများသည် တဦးနှင့်တဦး အမြင်ချင်း မတူညီကြချေ။ ခံယူချက်လည်း ကွဲလွဲကြလေ၏။ ကျင့်သုံးမှု့ခြင်းလည်း ခြားနားကြသည်သာ ဖြစ်ချေသည်။ တစ်ချို့က ရဟန္တာဝါဒ ကိုကျင့်သုံး၍ တစ်ချို့က ဘုရားလောင်းဝါဒကို ကျင့်သုံးကျပေသည်။ ထိုနှစ်မျိုးတို့တွင် ရဟန္တာဝါဒ ဆိုသည်မှာ ပုဂ္ဂလိကဝါဒဖြစ်သည်။ တစ်ကိုယ်ရေ လွတ်မြောက်မှု့ဝါဒ ဖြစ်သည်။ တစ်ကိုယ်ရေ ငြိမ်းချမ်းမှု့ဝါဒ ဖြစ်သည်။ သို့ဖြစ်၍ ရဟန္တာဝါဒကို ကျင့်သုံးသူအတွက် လောကသည် သူနှင့်မဆိုင်၊ ပတ်ဝန်းကျင်သည် သူနှင့်မပတ်သက်၊ သင်္ခါရတရားမှန်သမျှ ဖြစ်ပေါ်ပြီးလျှင် ပျက်ရသည်သာ ဖြစ်သည်။ ဖြစ်ချိန်တန်က ဖြစ်မည်။ ပျက်ချိန်တန်က ပျက်မည် - ဟု သူမည်သည်။ သဗ္ဗေသတ္တာ ကမ္မဿကာ- သတ္တဝါ တိုင်းသည် ကံသာလျှင် ဥစ္စာရှိကြသည်။ 

ကောင်းတာပြုက ကောင်းကျိုးခံစားရမည်၊ မကောင်းတာပြုက မကောင်းကျိုးခံစားရမည်။ မကောင်းလည်းခံ၊ ကောင်းလည်း စံ-ဟု သူမြင်သည်။ သူ့ဘာသာသူ သူ့အကျိုးပေးနှင့်သူ သွားလိမ့်မည် ဟု ခံယူထားသူများ ဖြစ်ကြ၏။ ထို့ကြောင့် တကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသူများသည် လောက အတွက် မငဲ့ကွက်တတ်ကျချေ။ ဖာသိဖာသာနိုင်လွန်းကြ၏။ မသိကျိုးကျွံပြုလွန်းကြ၏။ သူတို့ကမူ သူတို့ထံပါးသို့ ရောက်ရှိလာကြသူများကို တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒ၊ တစ်ကိုယ်ရေ လွတ်မြောက်မှု့ဝါဒကို ဟောပြောပို့ချရင်း သူတို့ကို ဆည်းကပ်လာသူများအား ချီးမြောက်ရုံလေး ချီးမြောက်ရုံဖြင့်သာ လောကကို ကျေးဇူးပြုတတ်ကြပေသည်။ 

မြန်မာနိုင်ငံသည် တစ်ကိုယ်ရေ ငြိမ်းချမ်းဝါဒကို လက်ခံကျင့်သုံးသူ များနေသော ကြောင့်သာ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေး အရေးအားလုံး နိမ်ကျနေခြင်း ဖြစ်ပေ၏။ ဘုရားလောင်းဝါဒ ဆိုသည်မှာ အမျိုးသားရေးဝါဒ မျိုးချစ်ဝါဒ ဖြစ်သည်။ အများကောင်းစားရေးဝါဒ လောကကြီးပွါးရေးဝါဒ ဖြစ်သည်။ လောက ကို ချီးမြှောက်သောဝါဒ ပရဟိတကို အဓိကထားသောဝါဒ ဖြစ်သည်။ လောက အတွက် အသက်ကိုစတေးရဲသောဝါဒ စွန့်လွတ် စွန့်စားသောဝါဒ ဖြစ်သည်။ သို့ဖြစ်၍ ဘုရားလောင်းဝါဒကို ကျင့်သုံးသူများသည် အတ္တကို လောကအတွက် အသုံးချကြ၏။ လိုအပ်လျှင် ကိုယ်နှင့်အသက်ကို မငဲ့ကွက်မူ၍ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တတ်ကြ၏။ ထို့ကြောင့် ဘုရားလောင်းဝါဒသည် ဘဝကြီးပွါးရေး၊ မိသားစုကြီးပွါးရေး၊ မိမိလူမျိုး ကြီးပွါးရေး၊ မိမိနိုင်ငံ တိုးတက်ရေးအတွက် လက်ကိုင်ပြုရမည့် ဝါဒ ဖြစ်သည်။

 ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူ တိုင်းသည် ဤဘုရားလောင်း ဝါဒ ကို ကျင့်သုံးကြလျှင် မိမိဘ၀ ကြီးပွါးမည်၊ မိမိ မိသားစု ကြီးပွါးမည်၊ မိမိလူမျိုးကြီးပွါးမည်၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်မှာ မုချဧကန် အမှန်ပင်ဖြစ်ပေသည်။ မြတ်ဗုဒ္ဓသည် ဝါသနာနှင့် တကွသော ကိလေသာတို့ကို အမြစ်ပါမကျန် တွန်းလှန်ပယ်သတ်ပြီးသူဖြစ်သော်လည်း တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသူ မဟုတ်ချေ။ လောက ငြိမ်းချမ်းရေးဝါဒကိုသာ လက်ခံကျင့်သုံးသူ ဖြစ်ချေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားဖြစ်သည်မှစ၍ (၄၅)ဝါ ပတ်လုံး လောကအတွက် မိမိဘဝကို အပြီးတိုင် ပုံအပ်ထားလိုက်၏။ လောကအတွက် မိမိဘဝကို ကြည်ဖြူစွာ ပေးဆပ်ထားလိုက်၏။ လောကအကျိုး သယ်ပိုးရမည်ဆိုလျှင်မှု အားသည်ဟူ၍ မရှိခဲ့၊ နားသည်ဟူ၍ မရှိခဲ့ပေ။ တစ်ရက်လျှင် စက်နာရီနှုန်းအရ (၂၄) နာရီ ရှိရာတွင် (၂၃)နာရီ ကျော်သော အချိန်များသည် ကိုယ်ကျိုးမဖက် လောကအတွက် အလုပ်လုပ်နေသော အချိန်များဖြစ်ခဲ့၏။ နာရီဝက်ခန့်သော အချိန်မျှလောက်သာ မိမိအတွက် အသုံးချလေသည်။ ထို့သို့ အသုံးချသည်မှာလည်း စည်းစိမ်ခံစားချင်၍ မဟုတ်၊ လောကအတွက် ဆန္ဒမရှိတော့၍ မဟုတ်ဘဲ ခန္ဓာဝန်ကို ရေရှည်အသုံးပြုရန်အတွက်သာ အသုံးချ အနားယူခြင်း ဖြစ်ပေသည်။ ဤသို့လျှင် ဗုဒ္ဓသည် ဘုရားလောင်းဝါဒကို လက်ခံကျင့်သုံးသူဖြစ်ခဲ့ပါ၏။ ဗုဒ္ဓဖြစ်တော်စဉ် ဘဝများစွာကို ခြုံငုံ၍ သုံးသပ်ကြည့်လျှင်လည်း ဘုရားလောင်းသည် တစ်ကိုယ်ရေ လွတ်မြောက်မှု့၊ တစ်ကိုယ်ရေ ငြိမ်းချမ်းမှု့၊ တစ်ကိုယ်ကောင်းဆန်မှု့များ အလျင်းမရှိခဲ့ပေ။ လောကအတွက် မိမိဘဝကို ပုံအပ်ခဲ့သည့်ဘဝများ၊ လောကအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်လွတ်လှူဒါန်းခဲ့သည့်ဘဝများ၊ လောကအတွက် မိမိ အသက်ကို မငဲ့ကွက်ဘဲ စွန့်လွတ်ရက်သည့်ဘဝများ၊ မိမိရဲ့ အသိဉာဏ်ပညာ ကြီးမားမှု့ဖြင့် မိမိလူမျိုး မိမိနိုင်ငံတော်အတွက် ဦးစီးဦးဆောင်ပြု၍ ထမ်းရွက်ခဲ့သည့် ဘဝများကိုသာ တွေ့ရှိရပေမည်။ ပါရမီဖြည့်ကျင့်တော်မူသည့် ဘုရားလောင်းဘဝဖြစ်၍ လောကငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးသည်ကို ထားဘိအုံး၊ ဘုရားလောင်းမဖြစ်ခင် ပါရမီတော်များကို စတင်ဖြည့်ကျင့် ဆည်းပူးပါတော့မည်ဟု ဗျာဒိတ်ယူသောဘဝမှာပင် သုမေဓာရှင်ရသေ့သည် ဘုရားလောင်းဝါဒကို လက်ခံကျင့်သုံးခဲ့သူဖြစ်ပေ၏။ သုမေဓာရှင်ရသေ့သည် တစ်ကိုယ်ရေ ငြိမ်းချမ်းမှု့၊ တစ်ကိုယ်ရေ လွတ်မြောက်မှု့ကိုသာ အလိုရှိခဲ့ပါမူ လက်တော်ပေါ်သို့ ရောက်တော်မူတော့မည့်ဆဲဆဲဖြစ်သော နိဗ္ဗာန်ချမ်းသာကို အလွယ်တကူ ဆွတ်ယူလိုက်မည်သာ ဖြစ်ပေ၏။ ယခုမူ ထိုသို့မဟုတ်ချေ သုမေဓာရှင်ရသေ့သည် လောကသားအားလုံး မိမိနှင့်ထပ်တူ ငြိမ်းချမ်းစေလို့၏။ လောကသားအားလုံး မိမိနှင့်အတူတကွ လွတ်မြောက်စေလို၏။ ထို့ကြောင့်သာ တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို စွန့်လွတ်ကာ လောကအတွက် အသက်စွန့်၍ ပါရမီတော်များကို ဆည်းပူးဖြည့်ကျင့်ခြင်း ဖြစ်ပေသည်။ ဤသို့လျှင် ဗုဒ္ဓသည် ဒီပင်္ကရာမြတ်စွာဘုရားရှင်လက်ထက် သုမေဓာ ရှင်ရသေ့ဘဝမှ စ၍ ဘုရားလောင်းဝါဒကို ကျင့်သုံးခဲ့ပေသည်။ မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် ဘုရားလောင်းဝါဒကို ကျင့်သုံးသည်သာ မဟုတ်သေး၊ သူ၏ သာဝကများကိုလည်း ဘုရားလောင်းဝါဒ ကျင့်သုံးရန် ဆုံးမညွန်ကြားတော်မူခဲ့၏။ “စရထ ဘိက္ခေ၀ စာရိကံ၊ မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသထ ဘိက္ခေ၀ ဓမ္မံ” (ဝိ၊ ၃၊ ၂၇) “ရဟန်းတို့၊ သတ္တဝါအပေါင်းတို့ ချမ်းသာခြင်း အလို့ငှါ ဒေသစာရီ ကြွချီကြ၊ တစ်ခုတည်းသော ခရီးဖြင့် နှစ်ပါးမသွားကြကုန်လင့်၊ ရဟန်းတို့၊ တရားဓမ္မ ဟောပြောကြ” ဟု အမြဲမသွေ တိုက်တွန်းတော်မူခဲ့ပေသည်။ ထို့ပြင် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒအရ ကြောင့်ကြမဲ့နေခြင်းကို ကောင်းချီးမပေးမူ၍၊ လောကငြိမ်းချမ်းရေးဝါဒအရ လောကအတွက် ကြောင့်ကြစိုက်သူကိုသာ ကောင်းချီးပေးတော်မူခဲ့လေသည်။ 

ဘဒ္ဒန ္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်)

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊