Wednesday, May 5, 2010

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ သာသနာပ ယုံကြည်ကိုးကွယ်မှု့များ


ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။ 
အာရာမ ရုကစေတျာနိ၊ မနုဿာ ဘယဝဇ္ဇိတာ။ 
(ဓမ္မပဒ၊ ၁၈၈) 

“ဘေးကိုကြောက်ရွံထိန့်လန်ကုန်သော သူတို့သည် တောတောင်တို့ကိုလည်းကောင်း၊ နေရာအရံတို့ကိုလည်းကောင်း၊ တောဆိုးသစ်ပင်တို့ကိုလည်းကောင်း၊ (ဘေးမှလွတ်ရန်) များစွာ ဆည်းကပ်ကိုးကွယ်ကြကုန်သည် ဟု ဂေါတမဗုဒ္ဓ က မိန့်တော်မူသည်။ ဤသို့ ကိုးကွယ်ခြင်းမှာ သမိုင်းမတင်မှီကာလမှ ယနေ့တိုင် ရှိနေသည်။ ဘေးအန္တရာယ်မှ လွတ်ရန်၊ လိုတာမရသော ဘေးမှ လွတ်ရန်၊ ရပြီးသား လက်လွတ်ရမည့်ဘေးမှ လွတ်ရန်အတွက်၊ ရေနစ်သူသည် ဆွဲမိဆွဲရာကိုဆွဲကိုင် အားကိုးတတ်သကဲ့သို့ တွေ့ရာ ကြုံရာ နှီးနွယ်ရာကို ကောင်းလိမ့်နိုးနိုး အားကိုးကြသည်။ ကိုးကွယ်ကြသည်။ ဗေဒင်မေးကြသည်။ နတ်မေးကြသည်။ လတ်တလော ဒုက္ခ၊ လောကီဒုက္ခ၊ ရတာမလို၊ လိုတာမရသော ဒုက္ခတို့မှ လွတ်ရန် ကိုးကွယ်ရာ ရှာကြသည်။ 

ဤသို့ ကိုယ်ကျိုးကို အခြေခံလျက်၊ လောဘကို အခြေခံလျက်၊ ကိုးကွယ်ရာ ရှာကြသော လူသားတို့၏ ဓမ္မတာအတိုင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျက် ဆင်ခြင်တုံတရား အားနည်း သူတို့သည် မိမိတို့တွင် ကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာအစစ်ရှိပြီး ဖြစ်ပါလျက် ဤရတနာသုံးပါးကို ကျောခိုင်းကာ၊ ဟုတ်လိမ့်နိုးနိုး၊ ဆင်ကန်းတော်တိုး၊ ကြောင်းကျိုးမမှန်သည့် ကိုးကွယ်ရာများကို ရှာဖွေလာကြသည်။ ထိုသို့ ရှာဖွေလာခြင်းကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင် အမည်ခံ သူတို့အကြားဝယ် နတ်အမျိုးမျိုး ကိုးကွယ်မှု့၊ ထွက်ရပ်ပေါက်လမ်းလိုက်မှု့၊ ဘိုးတော် မယ်တော် ပူဇော်ချဉ်းကပ်မှု့များကို ပြုလုပ်နေကြသည်ဟု ထေရဝါဒီ သုတေသီတို့က မှတ်ချက်ပြုကြသည်။

1 comment:

  1. တပည့် တော်လာရောက်ဖတ်ရူပါတယ်ဘုရား

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊