Friday, July 9, 2010

ဘယ်လိုဆရာကို သင်ဆရာတင်မလဲ

ကမ္မဌာန်းတရားအားထုတ်တော့မည်ဆိုလျှင် “ယထာဘူတံ ဉာဏာယ သတ္တာ ပရိယေသိတဗ္ဗော -ဟုတ်မှန်သည့်အတိုင်း သိဖို့ရန်အတွက် ဆရာရှာထိုက်သည်” ဟူသော ဒေသနာတော်အတိုင်း ဆရာရှာရပေမည်။ တရားအားထုတ်ရာ၌ ဆရာရှာဖွေခြင်းသည် အိမ်ထောင်ပြု၊ ဘုရားတည် -စသည်ကဲ့သို့ ဘဝမှာ အရေးကြီးဆုံး အရာတခုဖြစ်ပေသည်။ မိမိဆည်းကပ်သော ဆရာက လမ်းလွှဲနေပြီဆိုလျှင် အချိန်ကုန်လူပန်းဖြစ်ကာ အပါယ်ငရဲသို့ ကျဖို့ရန်သာ ရှိပေတော့သည်။ သို့ဖြစ်၍ ဆရာတင်မလွှဲအောင် အဌကထာဆရာက ဤသို့ မိန့်မှာတော်မူခဲ့ပေသည်။ 


“မြတ်စွာဘုရား သက်တော်ထင်ရှားရှိလျှင် မြတ်စွာဘုရားထံတော်၌ ကမ္မဌာန်းကိုသင်ယူရမည်- (အလုပ်ပေးတရားနာရမည်)။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခဲ့သော် မဟာသာဝက ရှစ်ကျိတ်တို့တွင် သက်တော်ထင်ရှားရှိဆဲဖြစ်သော မဟာသာဝကတစ်ပါးပါးထံ၌ ကမ္မဌာန်းအားထုတ်နည်းကို သင်ယူရမည်။ ထိုမဟာသာဝကတို့ ပရိနိဗ္ဗာန်ပြုခဲ့သော် မိမိအားထုတ်လိုသော ကမ္မဌာန်းဖြင့် တရားထူးရသွားသော ဈာနလာဘီ ရဟန္တာအရှင်မြတ်ထံ၌ ကမ္မဌာန်းအားထုတ်နည်းကို ကောင်းစွာသင်ယူရမည်။ ဥပမာ - မိမိက အာနာပါန ကမ္မဌာန်းကို အားထုတ်လိုလျှင် အာနာပါနကမ္မဌာန်းဖြင့် တရားထူး ရသွားသော ရဟန္တာမထေရ်ကြီးများထံ၌ သင်ယူရမည်ဟု ဆိုလိုသည်။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်မရှိခဲ့လျှင် အနာဂမ်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ အနာဂမ်ပုဂ္ဂိုလ် မရှိခဲ့လျှင် သကဒါဂါမ်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ သကဒါဂါမ်ပုဂ္ဂိုလ် မရှိခဲ့လျှင် သောတာပန်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ သောတာပန်ပုဂ္ဂိုလ် မရှိခဲ့လျှင် ဈာနလာဘီပုထုဇဉ်ထံ နည်းခံရမည်။ ထိုပုဂ္ဂိုလ် မရှိခဲ့သော် တိပိဋကဓရပုဂ္ဂိုလ်ထံ နည်းခံရမည်။ ထိုပုဂ္ဂိုလ်မရှိခဲ့သော် ဒွိပိဋကဓရပုဂ္ဂိုလ်ထံ နည်းခံရမည်။ ဒွိပိဋကဓရပုဂ္ဂိုလ် မရှိခဲ့သော် ဧကပိဋကဓရ ပုဂ္ဂိုလ်ထံ နည်းခံရမည်။ ထိုပိဋကတစ်ပုံဆောင်မျှ မရှိခဲ့သော် နိကာယ်တခုခုကို အဌကထာအဖွင့်နှင့် အတူ ကျေပွန်စွာ လေ့လာထားသူလည်းဖြစ်၊ အရှက်အကြောက်ရှိသည့် လဇ္ဇီပုဂ္ဂိုလ်လည်းဖြစ်သည့် ပရိယတ္တိ ဝန်ဆောင်ပုဂ္ဂိုလ်၏ အထံ၌ နည်းခံလေ့လာသင်ယူရမည်။ မှန်၏။ အရှက်အကြောက်ရှိသည့် လဇ္ဇီပုဂ္ဂိုလ်သည် မိမိလေ့လာထားသော ပါဠိတော်ကို ဆောင်ထားတတ်၏။ ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏ ဂုဏ်ကျေးဇူးနှင့် အမျိုးအနွယ်ကို အစဉ်စောင့် ရှောက်တတ်၏။ ဆရာစဉ်ဆက်တို့၏ သင်ရိုးညွန်းတန်းကို အမြဲထိန်းသိမ်းစောင့်ရှောက်ထားတတ်၏။ မိမိဆရာ၏ အယူအဆကိုသာ ဟောပြောပြတတ်၏။ မိမိ၏ အတ္တနောမတိများကို မပြတတ်ပေ။ ထို့ကြောင့်သာလျှင် ရှေးမထေရ်ကြီးတို့သည် “အနာကတေ လဇ္ဇီ ရက္ခိဿတိ၊အနာကတေ လဇ္ဇီ ရက္ခိဿတိ -အနာဂတ်၌ လဇ္ဇီစောင့်ရှောင့်လိမ့်မည်၊ အနာဂတ်၌ လဇ္ဇီစောင့်ရှောင့်လိမ့်မည်” ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့ခြင်း ဖြစ်ပေသည်။ မဟာသာဝကတို့ မရှိတော့သော ယခုသာသနာ၌ ရဟန္တာမှ စ၍ ပရိယတ္တဝန်ဆောင်ပုဂ္ဂိုလ်များ ထံတွင် အဆင့်ဆင့်သင်ယူအားထုတ်နိုင်ပေသည်။ ထိုအဆင့်ဆင့်သောပုဂ္ဂိုလ်တို့တွင် ရဟန္တာစသောပုဂ္ဂိုလ်တို့သည် မိမိရထားသော အကျင့်လမ်းစဉ် ကိုသာလျှင် ဟောပြောပို့ချတတ်ကြပေသည်။ ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များသည်ကား ဆရာသမားထံ နည်းခံ၍ ပါဠိအဌကထာတို့ကို ကျေပွန်စွာ လေ့လာသုဓ်သင်ထားပြီး ဖြစ်သောကြောင့် မှားသောနည်း၊ မှန်သောနည်းကို ခွဲခြားပြနိုင်ပေသည်။ ယောဂီနှင့်သင့်တော်သော ကမ္မဌာန်း၊ မသင့်တော်သော ကမ္မဌာန်းကို ရွေးချယ်ပြတတ်ပေသည်။ ခြုံနွယ်ပိတ်ပေါင်း ထူထပ်သောတောအုပ်၌ သွားသော ကြီးမားသော ဆင်ပြောင်ကြီးကဲ့သို့ ထင်ရှားသော ကမ္မဌာန်းလမ်းမကြီးကို ပြလျက် ကမ္မဌာန်း တရားကို ဟောပြောပြတတ်ပေသည်။ 
(ဝိသုဒ္ဓိ၊ ၁၊ ၉၅၊ မြန်မာပြန်၊ ၁၊ ၂၆၆-၉) 

ဆိုလိုသည်မှာ ရဟန္တာမှ စ၍ ဈာန်ရပုဂ္ဂိုလ်တို့ထံ၌ အဆင့်ဆင့် ရွေးချယ်အားထုတ်ပါ။ ထိုပုဂ္ဂိုလ် တို့မရှိလျှင် ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ရဟန်းတော်များကို ရွေးချယ်ပါ။ သို့သော် ထိုပရိယတ္တိဝန်ဆောင်ပုဂ္ဂိုလ်သည်လည်း အရှက်အကြောက် ရှိရပါမည်။ ထိုပုဂ္ဂိုလ်ထံ နည်းခံပြီး အားထုတ်ပါဟု ဆိုလိုပေသည်။ အဌကထာဆရာက ပြဆိုသည်မှာ ရဟန္တာမှ စ၍ ဈာန်ရပုထုဇဉ် ပုဂ္ဂိုလ်တို့သည် မိမိအားထုတ် ခဲ့သော ကမ္မဌာန်း၊ မိမိဖြတ်သန်းခဲ့သော လမ်းကြောင်းကိုသာ ကျွမ်းကျင်စွာ ဟောပြောကြလေ ကုန်သည်။ ပရိယတ္တိဝန်ဆောင် ရဟန်းတော်များသည်ကား ဆရာစုံလင်စွာ လေ့လာထားပြီးဖြစ်သောကြောင့် ရှူ့မှတ်ပွါးများနည်းစုံလင်စွာ ပို့ချနိုင်ကြပေသည်။ ထို့ကြောင့် ကမ္မဌာန်းပေးသည့်အရာ၊ အလုပ် ပေးတရားဟောပြသည့်အရာတို့၌ အချို့ကုန်သော ရဟန္တာတို့ထက် ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိသမားက မြတ်သည်- ဟု ပြဆိုပေသည်။ 

ပုဗ္ဗေ ဝုတ္တခီဏာသဝါဒယော........(ပ).........ကမ္မဌာနံ ကထေဿတိ။ (ဝိသုဒ္ဓိ၊ ၁၊ ၉၅၊ ဝိ၊ ဌ၊ ၂၊ ၂၂) ပုဗ္ဗေ ဝုတ္တခီဏာသဝါဒယောတိအာဒိ........(ပ)...........ဒဿနတ္ထံ အာရဒ္ဓံ။ (ဝိသုဒ္ဓိ၊ ဋီ၊ ၁၊ ၁၂၀၊ သာရတ္ထ၊ ၂၊ ၂၀၃) မှန်ပေသည်။ ရဟန္တာစသော ပုဂ္ဂိုလ်တို့သည် မိမိရထားခဲ့ဘူးသော တရားအားထုတ်နည်းကိုသာ ဟောပြောပြသကြပေကုန်သည်။ တခြားနည်းကို မပြကြကုန်ပေ။ ပါဠိအဌကထာတို့၌ ဆုံးဖြတ်မှု့ ကျွမ်းကျင်သော ပရိယတ္တိသမားသည် ကြီးမာထင်ရှားသည့် ဆင်သွားရာ ကမ္မဌာန်း လမ်းကြောင်းကို လက်ညိုးညွန်ကာ ပြသကဲ့သို့ ဖြောင့်ဖြူးထင်ရှားသော ကမ္မဌာန်းလမ်းကြီးကို မတွေမဝေဘဲ ညွန်ပြနိုင်ပေသည်။ ထို့ကြောင့် အချို့သော ရဟန္တာပုဂ္ဂိုလ်ထက် ပါဠိအဌကထာ ကျွမ်းကျင်သော ပရိယတ္တိသမားက အလုပ်ပေးတရားဟောပြရာ၌ သာလွန်မြင့်မြတ်၏- ဟု ဆိုခြင်းဖြစ်ပါသည်။ အဌကထာ ညွန်ပြသည့် အတိုင်းဆိုလျှင် လောက၌ ရဟန္တာများကို ရှာဖွေရသည်မှာ မလွယ်ကူ လှပေ။ အကြောင်းမှာ ရဟန္တာတို့သည် အနေအထိုင် သိပ်သည်းကျစ်လစ်သောကြောင့် ဖြစ်ပါသည်။ ရဟန္တာမထေရ်၏ သပိတ်ကိုပိုက်၍ ရဟန္တာမထေရ်၏ သင်္ကန်းကိုဆွဲကိုင်ပြီး ရဟန္တာမထေရ်၏ နောက်က လိုက်နေသည့် ရဟန်းသည်ပင် ကိုယ့်ဆရာကို ရဟန္တာမှန်း မသိနိုင်ပါပေ။ ဤကဲ့သို့ အသိခက်လေသောကြောင့် ရဟန္တာတွေ၊ အရိယာတွေ၊ ဈာနလာဘီ တွေကို ရှာဖွေဖို့ မလွယ်ကူတော့ပေ။ ထို့အပြင် လောက၌ ရဟန္တာ ရဟန္တာ ဟု ကျော်ကြားနေသူများသည်လည်း သမ္မုတိ ရဟန္တာ များသာ ဖြစ်နေကြပေသည်။ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သူများ မဟုတ်ကြဘဲ လူတွေက ရဟန္တာ ဟု သမုတ်ထားသည့်၊ လူတွေက ရဟန္တာဟု ဘွဲ့ပေးထားသည့် သမ္မုတိ ရဟန္တာ များကိုသာ တွေ့ရပေသည်။ ထို့အပြင် လူအများက ရဟန္တာဟု ထင်ရလေအောင် သူတို့ကိုယ် သူတို့ ရဟန္တာ အမူအရာမျိုးဖြင့် ဟန်ဆောင်နေသည့် အယောင်ဆောင် ရဟန္တာများကိုလည်း တွေ့ရတတ်ပေသည်။ လောကကို လှည့်စားသော ရဟန္တာများ၊ နေ့မြင် ညပျောက် စားပေါက်ထွင်သည့် ရဟန္တာများ ဟု ဆိုလျင်လည်း မမှားနိုင်ပါပေ။ အဌကထာ ညွန်ပြသည့်အတိုင်းသာ ရှာဖွေရပါလျှင် အစစ်နှင့်လည်းတွေ့နိုင်ပေသည်။ အတုနှင့်လည်း တွေ့နိုင်ပေသည်။ သို့သော် ခေတ်ကာလ အနေအထားအရ အတုနှင့်သာ တွေ့ဖို့များပေသည်။ ထို့ကြောင့် ရဟန္တာတွေ၊ အရိယာတွေ၊ ဈာနလာဘီတွေကို ရှာဖွေမနေဘဲ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ရဟန်းတော်များထံ၌သာ နည်းခံသင့်လှပေသည်။ ပရိယတ္တိသမားထံ နည်းခံခြင်းသည် တရားထူး မရသည့်တိုင် သုဂတိဘဝသို့တော့ ရောက်နိုင် ပေသည်။ ဤကား နောက်ဆုံးအဆင့်ကို ပြောခြင်းဖြစ်ပါသည်။ ထို့ထက် အယုတ်ဆုံးကို ပြောရပါလျှင် ပရိယတ္တိသမားထံ နည်းခံက အလိမ်ခံရခြင်းမှ ကင်းလွတ်နိုင်ပေသည်။ အလိမ်မခံရသည့် အကျိုးကို ရရှိဖို့ရန်အတွက် အာမခံချက်ပေးနိုင်သည်မှာ အသေချာဆုံး ဖြစ်ပါသည်။ သို့သော် ထို့ထက်မကပါ။ နှစ်ပေါင်း (၃၀) လုံးလုံး ရဟန္တာမဖြစ်မချင်း အမြဲငိုခဲ့ရသော မဟာနာဂ မထေရ်ကြီးသည် တောမထွက်ခင်က စာချဆရာတော်ဘဝဖြင့် ဂိုဏ်းကြီး (၁၈) ဂိုဏ်းကို အုပ်ချုပ် ခဲ့ရပေသည်။ ထိုမထေရ်ကြီးက ပုထုဇဉ်ပင် ဖြစ်သော်လည်း ထိုမထေရ်ကြီးထံ နည်းခံ၍ တရားကျင့်ရင်း ရဟန္တာဖြစ်သွားသူများမှာ အရေအတွက်အားဖြင့် သုံးသောင်းတောင် ရှိပေသည်။ ထို့ကြောင့် ပရိယတ္တိ အခြေခံရှိသော ဆရာသမားထံ နည်းခံခြင်းက အန္တရာယ်အကင်းဆုံး၊ စိတ်အချရဆုံး၊ အပေါက်မြောက်ဆုံး ဖြစ်ပါ၏။ ပရိယတ္တိ အခြေခံမရှိဘဲ ရဟန္တာဟု ကျော်ကြားနေသူများ၊ ရဟန္တာ ဟု ထင်ကြေးပေးခံရသူများ၊ ရဟန္တာ ဟုဆိုကာ ပရိသတ်နှင့် တဝုန်းဝုန်း တရုန်းရုန်း သွားလာနေသူများသည် အဘယ်မျှ သက်တန်းကြာလိုက်ပါသနည်း။ အချိန်တန်တော့ အဖြေမှန်ပေါ်ကာ လူလိမ်ကြီးများ ဖြစ်သွားခဲ့လေတော့သည်။ ပရိယတ္တိအခြေခံ မရှိသူမှန်သမျှ စာပေလာ အသိဉာဏ်ကို မရရှိသောကြောင့် လိမ်ကောက်တတ်ကြပေသည်။ ပြသရာ၌လည်း နည်းမှန်း လမ်းမှန် မပြနိုင်ကြပေ။ အတ္တနောမတိများကို အရဲကိုး ပြရင်းပြရင်းဖြင့် အလွဲအကျိုး ဖြစ်သွားကြသည်က များပေသည်။ ဒေသနာတော်သည် သဗ္ဗညုတအရာဖြစ်၍ စာတတ်ပေတတ် ကျမ်းဂမ်တတ် ဆရာတော်ကြီးများသည်ပင် သတိလက်လွတ်က လွဲမှားတတ်ပေသည်။ စာမတတ်ပေမတတ် အပြောခက်လှသည့် တောထွက်တောင်ပြန်တို့ဆိုလျှင်မူ ဆင်ကန်းတောတိုးသကဲ့သို့ မှားပြီးရင်း မှားရင်းသာ ဖြစ်နေပေတော့မည်။ ထို့ကြောင့် အလိမ်မခံရအောင် စာတတ်ဆရာတော်ကြီးများထံ နည်းခံထိုက်လှပါပေ၏။ ပရိယတ္တိကို ဆည်းကပ်ထိုက်ပါပေ၏။ 

@@@@@@@@@@@@@@@ ယောဂီတို့ ဆရာတင်မှား၍ အရှက်ကွဲခဲ့ရပေါင်းလည်း များလှချေပြီ။ ထို့သို့ ဆရာတင် မှားရခြင်းမှာ ယောဂီတို့ကအသိုင်းအဝိုင်းကို ကြည့်၍ တရားရှာတတ်သောကြောင့် ဖြစ်ပေသည်။ နာမည်ကြီးလျှင်ပြီးရော ပုံစံမျိုးဖြင့် အရမ်းကာရော ဆည်းကပ်တတ်သောကြောင့် ဖြစ်ပေသည်။ ထင်ပေါ်ကျော်ကြားမှု့နှင့် ဘွဲ့ထူး ဂုဏ်ထူးတို့နောက် တကောက်ကောက် လိုက်နေသောကြောင့် ဖြစ်ပေသည်။ တရားကို မကြည့်၊ လူကိုသာ ကြည့်နေသောကြောင့် ဖြစ်ပေသည်။ မူကိုမကြည့်၊ လူကိုသာ ကြည့်နေသောကြောင့် ဖြစ်ပေသည်။ အထူးအဆန်းများကို တရားဟု ထင်နေတတ်သောကြောင့် ဖြစ်ပေသည်။ ယောဂီတို့ ဆရာတင်မှား၍ တစ်သံသရာလုံး အလိမ်ခံခဲ့ရပေါင်းလည်း များခဲ့ပေပြီ။ မြတ်စွာဘုရား သာသနာတော်နှင့် တွေ့ကြုံခိုက် စာပေကပေးသော အသိဉာဏ်ဖြင့် အလိမ်မခံရအောင် ဝေဖန်သင့်လှပေသည်။ ရိုးရိုးသားသားနှင့် နည်းမှန်လမ်းမှန် ပြသနေသည့် တည်ငြိမ်နေသော ရိပ်သာကြီးများသို့ ဆည်းကပ်သင့်လှပေပြီ။ မရိုးမသားဖြင့် အထူးအဆန်းများ လုပ်နေသည့် ပေါ်ပင်ဆရာကြီး များကို ရှောင်ရှားသင့်လှပေပြီ။ အထူးသဖြင့် ထိုပေါ်ပင်ဆရာကြီးများသည် အထူးအဆန်း များဖြင့် ယောဂီတို့ကို ဆွဲဆောင်နေပြီဆိုလျှင် ပရိယတ္တိအရည်အချင်းကို ကြည့်စေချင်ပါသည်။ ပရိယတ္တိအခြေခံ မရှိဘူးဆိုလျှင် သင်တို့ကို လိမ်တော့မည်။ လိမ်နေမည်ဆိုတာ သေချာပေပြီ။ မြန်မာပြည်၌ ပေါ်ပေါက်ခဲ့ဘူးသော အထူးအဆန်းဖြစ်ရပ်များဖြင့် လိမ်လည်လှည့်စားခဲ့သူ မှန်သမျှကိုကြည့်လျှင် ပရိယတ္တိ မတတ်ကျွမ်းသူများကိုသာ တွေ့ရပေသည်။ ပရိယတ္တိလောက၌ လူလိမ်မရှိပါ။ ပရိယတ္တိသမားများသည် ရိုးစင်းကြပေသည်။ ကိုယ်ကျင့်တရားပျက်ပြားသူ ရှိချင်ရှိမည်။ ဒကာ ဒကာမတို့ကို မြှောက်ပင့်ပေးသူ ရှိချင်ရှိမည်။ ဒကာ ဒကာမတို့ကို အပါယ်ဆွဲချသူ မရှိ - ဟု ယုံကြည့်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ထင်ရလေအောင်၊ အရိယာဟု ထင်ရလေအောင်၊ အကြားအမြင် ရသူဟု ထင်ရလေအောင် အဆောင်အယောင်ကြီးတွေဖြင့် လောကကို လှည့်စားသူ ဟူ၍ ပရိယတ္တိလောက၌ တစ်ခါမှ မကြားဘူးခဲ့ပေ။ မိတ်ဆွေ၊ သင်သည် ပရိယတ္တိ အခြေခံမရှိဘဲ ကမ္မဌာန်းဆရာ လုပ်ချင်ပါမူ သင်ကိုယ်တိုင် ဆရာနည်းကျကျဖြင့် အရိယာဖြစ်အောင် အားထုတ်ပါ။ သို့တည်းမဟုတ် သင့်ဆရာထံမှ နည်းမှန် လမ်းမှန် ရထားသည့် နည်းနာ နိဿယများကိုသာ ပို့ချပါ။ သို့မဟုတ်ပါက သင်သည် မိမိအယူဝါဒ မိမိ အဆိုအမိန့်ကို ကြားညှပ်၍ ဟောပြောရင်းမှ သင့်ကိုယ်သင် မဟာစောရ ဖြစ်မှန်းမသိ ဖြစ်နေမည်ဆိုတာကို သင်သဘောပေါက်စေချင်ပါသည်။ ကိုယ်တစ်ယောက် မှားရုံသာမက သူတစ်ပါးကိုပါ အမှားခိုင်းသောကြောင့် ကမ္ဘာမှာ အယုတ်မာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်မှန်းမသိ ဖြစ်နေမည်ဆိုတာကိုလည်း သင်သဘောပေါက်သင့်လှပေသည်။ ထို့အပြင် အပါယ်ငရဲကို မလွဲမသွေ ရောက်ရှိတော့မည့် ငရဲသား လောင်းလျာကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့မည် ဆိုတာကိုလည်း သင် သဘောပေါက်စေချင်ပါသည်။ အကောင်းဆုံးနည်းမှာ သင့်ကိုယ်သင် ပေါက်မြောက်သည်၊ မပေါက်မြောက် သည်ကို သင်ကိုယ်တိုင် အသိဆုံးဖြစ်ရာ သင့်ကိုသင် မပေါက်မြောက်ပါဘဲ ပေါက်မြောက်လေဟန်ဖြင့် ဆရာကြီး မလုပ်သင့်ခြင်းပင် ဖြစ်ပေသည်။ သို့မဟုတ်လျှင်မူ............။ အချို့သော ရဟန္တာတို့ထက် စာပေကျမ်းဂမ် တတ်ကျွမ်းသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်က မြတ်သည်ဟု ဆိုထားသည်ကို ထောက်ဆ၍ ပရိယတ္တိသမားများကို မပစ်ပယ်သင့်ပေ။ ပရိယတ္တိကင်းသော ပဋိပတ္တိများကို အားမထုတ်သင့်ပေ။ ထို့ကြောင့် ပရိယတ္တိ၊ ပဋိပတ္တိ စွယ်စုံရသော တရားပြဆရာတော်ကြီးများအထံ၌ နည်းခံပါ - ဟု ထပ်မံ မှာလိုက်ပါရစေ။ @@@@@@@@@@ 

(ရည်ညွန်း............တန်ကြည့်တောင် ဦးသောမဗုဒ္ဓိ၊ ဆူနာမီ ဦးဥတ္တမသာရ၊ ဓမ္မစေတီ နှင့် ချစ်ငယ်(ဒဿန)..စသော အဓမ္မဝါဒီပုဂ္ဂိုလ်များ နှင့် တပည့်များသို့) စာဖတ်သူ အပေါင်းသူတော်ကောင်းတို့ ဘယ်လိုဆရာကို သင်ဆရာတင်မလဲ.. ဆရာတင်နည်းလေး ပေးလိုက်ပါမည်။ (၁) ပရိယတ္တိ အခြေခံရှိခြင်း။ (၂) ကိုယ်ကျင့်သီလဖြူစင်မှု့ ရှိခြင်း။ (၃) စိတ်နေစိတ်ထား မြင့်မာခြင်း။ ဤ အင်္ဂါ (၃) ရပ်နှင့် ပြည့်စုံသူကို ဆရာတင်ကြစေချင်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးကို ဆရာတင်က စာဖတ်သူ ယောဂီတို့ လိုအပ်သည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုး ချမ်းသာမှန်သမျှ ခံစားရမည့် အပြင် စာဖတ်သူယောဂီတို့ အတောင့် တဆုံးဖြစ်သော အမြိုက်နိဗ္ဗာန်ကိုလည်း ဧကန်ထုတ်ချောက် မျက်မှောက်ပြုနိုင် ပေလိမ့်မည်။ ဆရာတင်မှားလျှင် တစ်သံသရာလုံး မှောက်သွားနိုင်သည်။ ထို့ကြောင့် ဆရာတင်ထိုက်သူ၊ ဆရာမတင်ထိုက်သူ။ ဆည်းကပ်ထိုက်သူ၊ မထိုက်သူ ကို ဓမ္မပေတံဖြင့် တိုင်းတာကြည့်စေချင်သည်။ ပရိယတ္တိရွှေချိန်ခွင်ဖြင့် ချိန်ကြည့် စေချင်ပါသည်။ ကိုယ်အားထုတ်သည့် တရားက ဓမ္မလား၊ အဓမ္မလား၊ အပါယ်ရောက်ကြောင်းလား နိဗ္ဗာန်ရောက်ကြောင်းလား ဆိုသည်ကို သေချာသိအောင် ခွဲခြားဝေဖန်ဆန်းစစ်တတ်ပါစေ။ 

တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက်နှင့် လွှဲပါစေ...... 

အရှင်ဝရသာမိ 

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊