ပြီးခဲ့သည့် တစ်လကျော်ကျော်က စာရေးသူထံ ဖားကန့်မြို့မှ သတင်းတစ်ခု ဝင်လာသည်။ သတင်းမှာ ထူးဆန်းလှ၏။ ''ဦးဇင်းဘုရား၊------ဂျာနယ် ဖတ်ပါသလားဘုရား။ (မဖတ်ပါ။) အဲဒီဂျာနယ်ထဲမှာ ------နည်း ဝိပဿနာယောဂီတစ်ယောက်က ဝိပဿနာတရား စစ်ဆေးခန်း ဆောင်းပါးများ အပတ်စဉ် ဖော်ပြမည်ဖြစ်ကြောင်း ပါရှိပါတယ်ဘုရား။ ''အခုတစ်ပတ် ဖော်ပြထားရာမှာလဲ ကမ္မဌာနာစရိယ ဆရာတော်က တရားစစ်ပြီး ဆုံးဖြတ်ပေးတဲ့ အဆုံးအဖြတ်အရ အနာဂါမ်ဖြစ်သူတစ်ယောက်ဟာ တရားစခန်းပြီးလို့ အိမ်ပြန်သွားကြောင်း၊ အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ စားပွဲပေါ်တင်ထားတဲ့နာရီ ပျောက်သွားလို့ အကြီးအကျယ်ဆဲဆိုပြီး ထိန်းမရသိမ်းမရ ဒေါသတွေထလာကြောင်း ရေးထားပါတယ်ဘုရား။ ''တပည့်တော်တို့ မြတ်စွာဘုရားရှင်ဟောတဲ့ တရားတွေထဲမှာ အနာဂါမ်တွေက ဒေါသဖြစ်ကြောင်း ပါရှိပါသလားဘုရား'' စသည်များ ပါဝင်လာသည်။
အထက်ပါသတင်းသည် အလွန်ထူးလှပါ၏။ ဆင်ခြင်ကြပါကုန်။ ထိုပြဿနာနှင့်စပ်၍ ''အနာဂါမိမဂ်ဉာဏ်က ဒေါသမှန်သမျှကိုလုံးဝအကုန် ပယ်သတ်ခြင်းကြောင့် အနာဂါမ်အစစ်သည် ဘယ်သောအခါမှ၊ ဘာအကြောင်းကြောင့်မှ ဒေါသဖြစ်ခြင်း မရှိတော့ကြောင်း၊ ဒေါသဖြစ်လာသူ အနာဂါမ်ယောဂီသည် အစစ်အမှန် အနာဂါမ် မဖြစ်နိုင်ကြောင်း၊ ''ထိုယောဂီသည် ပရိယတ္တိ ဗဟုသုတမရှိ၍ မသိသူသက်သက်မျှသာဖြစ်ခြင်းကြောင့် သနားဖွယ်ရာမျှသာဖြစ်ကြောင်း၊ ထိုယောဂီကို အနာဂါမ်ဟု ဆုံးဖြတ်ပြီး အနာဂါမ်ဘွဲ့ထူး ချီးမြှင့်ပေးလိုက်သူ ကမ္မဌာနာစရိယမှာသာတာဝန်ရှိပါကြောင်း၊ ''ကမ္မဌာနာစရိယက ထိုသို့ဆုံးဖြတ်ပေးရာ၌လည်း အကြောင်းထူးရှိမည်ဖြစ်ကြောင်း၊ မသိ၍လည်းဖြစ်နိုင်ကြောင်း၊ သိပါလျက်နဲ့ လာဘ်ကိုငဲ့ပြီး ချီးမြှင့်သည်လည်းဖြစ်နိုင်ကြောင်း၊ သောတာပန် သကဒါဂါမ်အဆင့်များပင် ကျော်လာပြီဆို၍ စဉ်းစားစရာ များစွာရှိကြောင်း'' စသည်ဖြင့် ပြန်ကြားလိုက်ပါသည်။ ၁၃၆၉-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈-ရက်နေ့တွင် ဆရာကြီးဦးလေးမြိုင် မိသားစုအိမ်သို့ စာရေးသူ ကြွရောက်ဖြစ်ပါသည်။ အသက် ၈၄-နှစ်ရှိပြီဖြစ်သော ဒကာကြီးက လျှောက်ထားသည်မှာ - ''တန်ဆောင်မုန်းလဆန်း ၈-ရက်နေ့ည ဟောမယ့်တရားပွဲမှာတရားနာသူ လူတွေအတွက် တကယ် အကျိုးရှိမယ့်တရားမျိုးကို ဆင်ခြင်ပြီးတော့ ဂရုတစိုက် ဟောကြားချီးမြှင့်ပေးပါဘုရား'' ဟူ၍သာ ဖြစ်ပါသည်။ ပြန်ခါနီးတွင် ''ဗုဒ္ဓ၏ဥပမာတစ်ထောင်'' အမည်ရှိ စာအုပ်ကြီးကိုကပ်လှူပါသည်။ စာအုပ်သည် အဌမအကြိမ်ရိုက်ဖြစ်သည်။ ပထမဆုံးအကြိမ်ရိုက်နှိပ်ဖြန့်ချိခဲ့သောနှစ်မှာ ၁၉၇၂-ခုနှစ် ဖြစ်သည်။ စာရေးသူ၏အသက်ထက် ၂-နှစ် ကြီးသည်။ သို့ရာတွင် စာရေးသူ မဖတ်ဘူးသေးသောစာအုပ် ဖြစ်နေခြင်းကြောင့် ချက်ချင်းပင် ဖတ်ဖြစ်ပါသည်။ စာမျက်နှာ ၇၃-ကို ဖတ်မိသောအခါ ဤဆောင်းပါးရေးဖြစ်ရန်အသိဉာဏ်တွေ ဆူကြွလာပါသည်။ မူလပဏ္ဏာသပါဠိတော်၊ မဟာယမကဝဂ်၊စူဠဂေါပါလကသုတ်၏ အနှစ်ချုပ်အဓိပ္ပာယ်တို့ကို ''ခေါင်းဆောင်ရွေးချယ်ပါ'' ဟူသော ခေါင်းစီးဖြင့် ရေးထားခြင်းပင် ဖြစ်သည်။ ခေါင်းဆောင်ကောင်းမှသာ နောက်လိုက်တို့မှာ အကျိုးရကြမည်ဖြစ်ကြောင်း တွေ့ရပါသည်။
ဤဒေသနာတော် အနှစ်ချုပ်ကို ဖတ်လိုက်ရသဖြင့် ''အနာဂါမ်ဖြစ်ပြီ'' ဟု ဆုံးဖြတ်၍ ဘွဲ့တပ်ပေးသူ ကမ္မဌာနာစရိယဆိုသည့် ခေါင်းဆောင်ကို မြင်ယောင်လာသည်။ အနာဂါမ်ဖြစ်ပြီဟုဆိုလျက် နာရီပျောက်သွားသောကြောင့် ဒေါသတွေထွက်လာသူ အနာဂါမ်အရိယာဆိုသည့် နောက်လိုက်ယောဂီကိုလည်းမြင်ယောင်လာသည်။ ထို့ပြင် ''ဗုဒ္ဓ၏ဥပမာတစ်ထောင်'' ပြုစုသူ ဒကာကြီး ဦးလေးမြိုင်၏ ''လူတွေအတွက် တကယ်အကျိုးရှိမယ့် တရားမျိုးကို ဆင်ခြင်ပြီးတော့ ဂရုတစိုက် ဟောကြားချီးမြှင့်ပေးပါ''ဟူသော စကားကိုလည်း ကြားယောင်လာသည်။ ဖားကန့်မြို့ကနေ သတင်းပေးလျှောက်ထားလာသူ၏ စကားသံများကိုလည်း ပြန်လည်ကြားယောင်လာသည်။ ''ဗုဒ္ဓ၏ဥပမာတစ်ထောင်'' ကျမ်းစာအုပ် စာမျက်နှာ-၇၃၊ ၇၄ တို့၌ ''အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာသည် ဝဇ္ဇီတိုင်း၊ ဥက္ကာစေလမြို့ ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ ဗုဒ္ဓသည် ရဟန်းတို့အားခေါ်ယူ၍ ဂင်္ဂါမြစ်နှင့်စပ်လျဉ်းသော ဖြစ်ရပ်တစ်ခုကို ပြောကြားရင်း တရားလမ်းစဉ် ဟောကြားတော်မူ၏။ ''ရှေး၌ဖြစ်ခဲ့ဖူးသည်ကား... ''မိုးအကုန် ဆောင်းအကူးဖြစ်သော တန်ဆောင်မုန်းလ အခါသမယပေတည်း။ မဂဓတိုင်း၌နေထိုင်သောနွားကျောင်းသားတစ်ဦးသည်သူ၏ နွားအုပ်ကို ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ကူးရန် အားထုတ်လေသည်။မြစ်၏မြောက်ဘက်ရှိ ဝိဒေဟတိုင်းသို့ နွားအုပ်ကို ပို့ဆောင်ရန်ဖြစ်လေသည်။ ''ထိုနွားကျောင်းသားသည် စူးစမ်းဆင်ခြင်ဉာဏ် ကင်းမဲ့သူ ဖြစ်၏။ မြစ်၏ ဟိုဘက်ကမ်း သည်ဘက်ကမ်း တည်နေပုံကို မသိပေ။ ဆိပ်ကမ်းဟုတ်သည်-မဟုတ်သည်ကိုလည်း မသိပေ။ ထို့ပြင် မြစ်၏ ရေစီးရေလာနှင့် လှိုင်းဘေး၊ ဝဲဂယက်ဘေးကိုလည်း မစူးစမ်းတတ်ပေ။ ''ထို့ကြောင့် သူ၏နွားအုပ်သည် တစ်ဖက်ကမ်းသို့ မရောက်နိုင်ဘဲဂင်္ဂါမြစ်ထဲ၌ ချာချာလည်ကာ နစ်မြုပ်သေဆုံးကြလေ၏။ နွားအုပ်ထဲတွင် နွားကြီး၊နွားလတ်၊ နွားငယ်နှင့် နွားထီး၊ နွားမ မျိုးစုံ ပါဝင်လေသည်။ ''အခြားနွားကျောင်းသားတစ်ဦးသည် သူ၏နွားအုပ်ကို ဂင်္ဂါမြစ်တစ်ဖက်ကမ်းသို့ ကူးရန် အားထုတ်လေ၏။ မဂဓတိုင်းမှ ဝိဒေဟတိုင်းသို့ နွားအုပ်ကို ပို့ဆောင်ရန်ပင် ဖြစ်သည်။ တန်ဆောင်မုန်းလ ဆောင်းဦးအခါသမယပင် ဖြစ်သည်။ ''ထိုနွားကျောင်းသားကား စူးစမ်းဆင်ခြင်မှု ဉာဏ်ပညာနှင့် ပြည့်စုံသူဖြစ်၏။ မြစ်၏ ဟိုဘက်ကမ်း သည်ဘက်ကမ်း တည်နေပုံကို ကောင်းစွာသိသည်။ ဆိပ်ကမ်း ဟုတ်သည်-မဟုတ်သည်ကိုလည်းကောင်း၊ ရေစီးရေလာ နှင့် လှိုင်းဘေး-ဝဲဂယက်ဘေးတို့ကိုလည်းကောင်း စူးစမ်းဆင်ခြင်၍ သိလေသည်။ ''ထို့ကြောင့် ထိုသူ၏နွားအုပ်သည် ဂင်္ဂါမြစ်ကို ကူးဖြတ်လျက်တစ်ဖက်ကမ်းသို့ ချောမောစွာပင် ရောက်ရှိသွားကြရလေသည်။ ပျက်စီးဆုံးရှုံးခြင်း မရှိကြပေ။ ထိုနွားအုပ်ထဲတွင်လည်း နွားကြီး၊ နွားလတ်၊ နွားငယ်နှင့် နွားထီး၊ နွားမ မျိုးစုံ ပါဝင်သည်သာဖြစ်၏။ ''ဤလောက၌ အချို့သောပုဂ္ဂိုလ်တို့သည် စူးစမ်းဆင်ခြင်မှု ဉာဏ်ပညာ မရှိကြကုန်။ မျက်မှောက်လောက၊ တမလွန်လောကကိုလည်း မသိ။ ကိလေသာအာရုံ ကာမဂုဏ်တို့၏ လှည့်ပတ်ဖြားယောင်းတတ်မှုနှင့် ဘေးအန္တရာယ်များပြားလှပုံကိုလည်း မသိ။ ထိုကိလေသာအာရုံ ကာမဂုဏ်တို့မှလွတ်မြောက်ကြောင်း လမ်းစဉ်မှန်ကိုလည်း မသိ။
''ယင်းသို့သောပုဂ္ဂိုလ်မျိုးကို ဆရာအဖြစ် ကိုးကွယ်ဆည်းကပ်၍ ထိုပုဂ္ဂိုလ်၏ နည်းညွှန်လမ်းပြရာသို့ လိုက်ပါကျင့်သုံးမိမှားသည့် ပရိသတ်သည် များစွာရှိ၏။ ထိုပရိသတ်သည် ပထမနွားအုပ်ကဲ့သို့ပင် ဆုံးရှုံးပျက်စီးကြရမည်မှာ မလွဲတည်း။ ''ဒုတိယနွားကျောင်းသားနှင့် ဒုတိယနွားအုပ်ကဲ့သို့ ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်း ဖြစ်ကြရန် အဖန်ဖန် ရှုမြင် ဆင်ခြင်အပ်ပေ၏'' ဟု ရေးသားတင်ပြထားပါသည်။ သဘောချင်း တိုက်ဆိုင်ကြည့်ကြပါကုန်။ ဤဆောင်းပါးကို စတင်ရေးသားနေစဉ် နံနက် ၉-နာရီခွဲလောက်တွင် စာရေးသူ၏ ပစ္စည်းလေးပါး ဒကာကြီး-ဒကာမကြီး မိသားစုကဆွမ်းဘုဉ်းပေးရန် ကြွဖို့ပင့်ပါသည်။ ''ဗုဒ္ဓ၏ဥပမာတစ်ထောင်'' ကျမ်းနှင့် ''မူလပဏ္ဏာသအဌကထာ၊ ဒုတိယတွဲ'' ကျမ်းစာအုပ်တို့ကို ယူဆောင်ကာဆွမ်းဘုဉ်းပေးကြွဖြစ်ပါသည်။ ဆွမ်းကိစ္စပြီးသောအခါ ရေနွေးကြမ်း၊ ကော်ဖီ၊ မုန့်ဆွမ်း စသည်များကို ကပ်ကြပြန်ပါသည်။ ထိုအချိန်မှာပင် ''ဒကာမကြီး၊ ရော့...စာမျက်နှာ ၇၃-၇၄ တို့ကို ဖတ်ကြည့်'' ဟုဆိုကာ ဗုဒ္ဓ၏ ဥပမာတစ်ထောင်ကျမ်းကိုဖတ်ရန် ညွှန်လိုက်ပါသည်။ ဒကာမကြီးက ဖတ်ပြီး ''နွားတွေကို သနားလိုက်တာဘုရား'' ဟု လျှောက်ထားလာသည်။
မုန့်ဆွမ်း ဘုဉ်းပေးပြီးသွားသောအခါ မူလပဏ္ဏာသဌကထာ၊စာမျက်နှာ ၁၆၇-၁၆၉ တို့ကို ဖတ်ပြကာ ဘာသာပြန်ပြလိုက်ပါသည်။ အဌကထာတွင် - ''ပထမ နွားကျောင်းသားသည် ဗာလ (လူမိုက်) ဖြစ်ကြောင်း၊ မိစ္ဆာဒိဌိဆရာကြီး ခြောက်ဦးတို့ကို ဆိုလိုကြောင်း၊ ဒုတိယနွားကျောင်းသားသည် ပဏ္ဍိတ (ပညာရှိ) ဖြစ်ကြောင်း၊ မြတ်စွာဘုရား နှင့် တပည့်ဖြစ်သော ရဟန္တာတို့ကို ဆိုလိုကြောင်း'' ဖွင့်ပြထားပါသည်။ ''မြစ်ရေတို့သည် တဏှာတို့နှင့်တူကြောင်း၊ မြစ်တစ်ဖက်ကမ်းသည် နိဗ္ဗာန်နှင့်တူကြောင်း၊ ပထမနွားအုပ်သည် မိစ္ဆာအယူရှိသူတို့နှင့်တူကြောင်း၊ သို့မဟုတ် ကိလေသာအားကြီးသူတို့နှင့်တူကြောင်း၊ ဒုတိယနွားအုပ်သည် သမ္မာဒိဌိရှိသူတို့နှင့်တူကြောင်း၊ သို့မဟုတ်ကိလေသာနည်းပါးရေး ရှေးရှုကျင့်ကြံနေသူတို့နှင့်တူကြောင်း'' နှိုင်းယှဉ်ပြထားပါသည်။ ''ဒကာမကြီးး၊ ဝိပဿနာယောဂီဆီဆိုတုတာ ဂင်္ဂၤါမြစ်ရေတွေနဲ့တူတဲ့ တဏှာတွေ ကိလေသာတွေကို ကူးခတ်လွန်မြောက်အောင် လုပ်ရမှာာပဲ။ ကမ္မဌာနာစရိယဆိုတဲ့ ဆရာတွေထဲမှာ ပထမ နွားကျောင်းသားနဲ့တူတဲ့ ဗာလတွေလဲ ရှိတတ်တယ်။ ဒုတိယ နွားကျောင်းသားလို ပဏ္ဍိတတွေလဲရှိတယ်။ အဲဒါသေချာစိစစ်သင့်တယ်။ ''သောတာပန် မဖြစ်သေးပါဘဲနဲ့ သောတာပန်လို့ ဘွဲ့တပ်ပေးတဲ့ဆရာမျိုး၊ အနာဂါမ် မဖြစ်သေးပါဘဲနဲ့ အနာဂါမ်လို့ မြှောက်စားတာမျိုးဟာ ဗာလတွေပဲလို့မှတ်။ အဲဒါတွေဟာ ဆရာစွဲ၊ ဂိုဏ်းစွဲဆိုတဲ့ သံယောဇဉ်တွေကိုပျိုးထောင်ပေးချက်တွေပဲလို့မှတ်၊ ဘဝင်မြင့်ရောဂါရပြီး ကိလေသာမြစ်ရေထဲ နစ်သေကြရဖို့အတွက်ပဲ ဖြစ်မယ်'' ''မှန်ပါဘုရား။ အဲသလို နစ်သေကြရတာတွေ များလှပြီထင်ပါရဲ့ဘုရား။ တပည့်တော်လဲ ရေနစ်သေရမယ့် နွားမတစ်ကောင် မဖြစ်အောင်တော့ ကြိုးစားရမှာပဲဘုရား။ ဦးဇင်းတို့လို မူရင်းဒေသနာတော်တွေကိုများများဖတ်နိုင်ချင်လိုက်တာဘုရား''
မစိုးရိမ် စာသင်သား ၂ဝဝ၉၊ ဖေဖော်ဝါရီလ၊ မြတ်ပန်းရဂံုံ မဂ္ဂဇင်းး။
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊