Friday, August 10, 2012

ရွှေချိန်ခွင် ( ၁၂ - ၁၃ )

ရွှေချိန်ခွင် အဆို ၁၂- 
(က) ဂေါတမရှိသည့်အခါမှခို၍ မလုံ၊ ငါမတတ်နိုင် ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့် တစ်ချက် ဘုရား မတတ်နိုင်၊ ဝဋ်ဆိုက်၍ သေရသေးသည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်းဝတ်ပြုရန် မလို။ 
(ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တဝါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ် ကြ၏ ။ 

ဆရာတော် ရှင်းလင်းချက် 

“ ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ ” ဟူသော စကား၌-- 
၁။ ခို၍လုံသည့် အမှုလည်းရှိသည်။ 
၂။ မလုံသည့် အမှုလည်းရှိသည်။ ခို၍လုံသည့် အမှုအပြစ်ဟူသည်ကား။ ။ မသိသောအပြစ် မတတ်သောအပြစ် မလိမ္မာ သောအပြစ် မိုက်မဲသောအပြစ် မှားယွင်းတတ်သော အပြစ် ကြမ်းတမ်းယုတ်မာသော အပြစ် နောက်နောက်ဘဝတို့၌ ကာလအရှည် အပါယ်ငရဲ၌ ခံရသောအပြစ်၊ ဤအပြစ်မျိုးသည် ဘုရားကိုဆည်းကပ်ကိုးကွယ်၍ ဘုရားဟောသော တရားကို နေရာကျ ကျင့်သောသူတို့အား ထိုနေ့ကစ၍ မနှိပ်သက်နိုင်ပြီ၊ လွတ်ငြိမ်းချမ်းသာ၏ ၊ ထိုမသိတတ်သောအပြစ် မလိမ္မာ တတ်သောအပြစ် မိုက်မဲမှောက်မှားတတ်သောအပြစ်များကို ဘုရားမှသာ ကယ်နိုင်၏ ။ ကယ်နိုင်သည်ဆိုသည်မှာ။ ။ အမှန်ကို နေရာကျသိအောင်ဟော၍ပေးနိုင်သည်၊ လိမ္မာ အောင် မမှောက် မမှားရအောင် ဟော၍ ပေးနိုင်သည်၊ ဘုရားမှတစ်ပါး ကောင်းကောင်း ကြီးလိမ္မာအောင် ဟော၍ပေးနိုင်သောသူ တစ်ဦးတစ်ယောက်မျှမရှိ၊ အမိုက်ဘေးမှ လွတ်ကင်း လိုလျှင် ဘုရားကို ခိုမှလုံသည် ။ (အမိုက်ဘေးကင်းလွတ်၍ အလိမ္မာကို ရခြင်းသည် ဘယ်လောက် အဖိုးတန် သည်ဟု ဦးစောလှဖြူ မြင်၏လော။) 

မေး။ ။ လူတစ်ယောက်သည် ပစ္စည်းဥစ္စာအလွန်မွဲ၍ အလွန်ဆင်းရဲ၏၊ အလိမ္မာမရှိ၍ အလွန်လည်း မိုက်မဲ၏၊ ထိုသူက်ု တစ်ဦးသောသူက ရွှေတစ်ကုဋေ ငွေတစ်ကုဋေပေး၍ ဆင်းရဲ ပျောက်အောင် ကယ်မ-ပေ၏၊ အမိုက်ကိုကား ပျောက်အောင်မတတ်နိုင်။ တစ်ဦးသောသူက အမိုက်အမဲကို ပျောက်အောင် ဟောပြော၍ အလိမ္မာကို ကောင်း ကောင်းပေးပေ၏၊ ဥစ္စာပစ္စည်းကိုကား မပေးနိုင် ၊ ထို လူနှစ်ယောက်မှာ ဘယ်သူသာ၍ ကျေးဇူး ကြီးသနည်း။ 
ဖြေ။ ။ အလိမ္မာကို ပေးပေသောသူ၏ ကျေးဇူးသာကြီးပါသည်၊ အလိမ္မာကိုရလျှင် ဥစ္စာပစ္စည်းလည်း တည်ထွန်း၍ လာတော့မည် ၊ ပစ္စည်းဥစ္စာတွေကိုသာ များများကြီးပေး၍ အမိုက်မပျောက်လျှင် ထိုဥစ္စာတို့သည် မိုက်၍ ကုန်ဦးမည်၊ ဆင်းရဲမြဲဆင်းရဲဦးမည်။ ထို့ကြောင့် ရွှေတစ်ကုဋေ ငွေတစ်ကုဋေထက် အလိမ္မာကြီးတစ်ခုသာ သာ၍အဖိုးတန်သည် သာ၍ မြတ်သည်ဟု သိသာပါသည် ။ 
ထိုအလိမ္မာကြီးကိုမူကား။ ။ ဘုရားသာ ဟော၍ ပေးနိုင်ပါသည်၊ အလိမ္မာကြီးတစ်ခုလုံးရလျှင် အပါယ် ငရဲမှလည်း လွတ်အောင်ကြံနိုင်ပါသည်၊ လူဆင်းရဲမဖြစ်ရအောင်လည်း ကြံနိုင်ပါသည်၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကိုလည်း ရအောင်ကြံနိုင်ပါသည်၊ အကျွတ်တရားကိုလည်း ယူနိုင်ပါသည်၊ နိဗ္ဗာန်တည်းဟူသော သုခဘုံသို့လည်း ရောက်နိုင်ပါသည်။ (ဤကား ဘုရားကိုခို၍လုံသော အမှုအပြစ်တွေတည်း။) 

ဘုရားကိုခိုသော်လည်း မလုံသောအမှုကား။ ။ ဘုရားကိုမခိုရသေးသောကြောင့် မလိမ္မာနိုင်သည်ဖြစ်၍ ရှေးရှေးကမ္ဘာက ရှေးရှေးဘဝတို့က အမိုက်တရားတွေကိုများစွာလက်လွန်ခဲ့ပြီးသော သူတို့အား တစ်ခုတစ်ခု သော အမိုက်တရားက အကျိုးပေးချိန်ရြေက်၍ မိမိမိုက်ခဲ့သောအပြစ်အားလျော်စွာ မကောင်းကျိုးကိုခံ နေရသောသူတို့ကို ဘုရားမကယ်နိုင်၊ ခို၍မလုံ။ ခို၍မလုံဆိုသော်လည်း။ ။ အနည်းငယ်သော အပြစ်မှန်လျှင် ခို၍လုံပါသေး၏၊ ရှေးကမိုက်ချက် အားကြီးလှသော အပြစ်မှန်လျှင် ခို၍မလုံ၊ ဘုရားကိုဖက်၍နေသော်လည်း မပျောက်၊ ရှေးရှေးက အမိုက်လက်လွန် အားကြီးလှ၍ အပါယ်ငရဲ၌ခံ၍နေရသောသူုကို ဘုရားမတတ်နိုင်။ 

(ငါတို့ဘုရားသာမတတ်နိုင်သည်မဟုတ်၊ ထာဝရဘုရားလည်း မတတ်နိုင် မကယ်နိုင်။) “ အကျွတ်တရားကိုရ၍ လက်လွန်ခဲ့သောအပြစ်ကို ဝန်ချ၍ တောင်းပန်လာလျှင် ထာဝရဘုရားက ချမ်းသာခွင့်ပေးနိုင်၏ ” ဟူသော စကားသည်- လားလားမဟုတ်၊ ထာဝရဘုရားကို ကိုးကွယ်သူ အကန်းတွေ အကျိုးတွေ အနူတွေ အရွဲတွေ အမွဲအတိတွေ မင်းပြစ် မင်းဒဏ်ခံနေရသောသူတွေ အထောင်မက များသည်ကိုမြင်၍ ထိုစကား မဟုတ်ကြောင်းကို သိသာလှပါသည်။ ရှေးရှေးက အမိုက်လက်လွန်ပြီးဖြစ်သော်လည်း။ ။ ထိုအမိုက်မှုတို့ အကျိုးပေးချိန် မရောက်သေးမီ ဘုရားကို အခိုဦး၍ ဘုရားစကားကို ကောင်းကောင်းကြီး နားမထောင်နိုင်လျှင် လုံးလုံး ပျောက်အောင် ဘုရားမတတ်နိုင်။ 
(က) ၁- ရှေးရှေးသော ဘဝတို့က လက်လွန်ခဲ့သော မိုက်ပြစ်တွေအားကြီးလှသောသူ၊ 
၂-ဘုရားကို အခိုနောက်ကျသောသူ၊ 
၃-ခိုရုံသာခို၍ ဘုရားစကားတော်ကို ကောင်းကောင်းကြီး နားမထောင်နိုင်သော သူတို့ကိုလည်း ငါးဘုရားမနိုင်ဟု ဟောတော်မူပေသည်။ 

(ခ) ၂- အသင်္ခတဓာတ်ခေါ်သော ဓာတ်နု၊ ဓာတ်မြတ်သို့ မကူးနိုင်သေး၍ ခန္ဓာ၊ နာမ်ဝိညာဏ် ဟူသော ဓာတ်ကြမ်း၊ ဓာတ်သုဉ်း၊ ဓာတ်သွံ၊ ဓာတ်ခွံတွေနှင့် ဖြစ်နေရသော သတ္တဝါတို့ကိုလည်း မနာရအောင် မအိုရအောင် မသေရအောင် ငါမတတ်နိုင်ဟု ဟောတော်မူပေသည်၊ မှန်ပေ၏- 

(ဂ) ၃- ဘုရားကိုတော် မြတ်မှာလည်း သတ္တဝါအများကို လိမ္မာဖို့ရာ ပိဋကသုံးပုံကို စေ့စုံအောင် ဟော၍ မပြီးသေးသောကြောင့် ဓာတ်မပြောင်းသာသေးမီဖြစ်၍ ငါသော်မှ သေရဦးမည်ဟု ဟောတော်မူသည်။ (ဓာတ်ပြောင်း၍ သုခဘုံ၌ တည်မိသည့်နောက် အိုသည် နာသည် သေသည်ဟူ၍ မရှိပြီ၊ ထာဝရ ဘုရားဖြစ်ပါတော့သည်။) 

ငါတို့ဗုဒ္ဓဘာသာ၌။ ။ ခန္ဓာတော် ဝိညာဏ်တော်ဆိုသော ဓာတ်များသည် ဓာတ်ကျမ်း ဓာတ်သွံတွေ ဖြစ်သည်၊ မအို မသေ အမြဲနေသော ထာဝရဓာတ်မျိုးမဟုတ်၊ အတုမရှိမြတ်သော အနှစ်သာရဖြစ်သော အသင်္ခတဓာတ် တစ်ခုသာလျှင် မအို မသေ အမြဲနေသော ထာဝရဓာတ်ဖြစ်သည်။ (ခရစ်ယာန်ဘာသာဝင်တို့ ထိုဓာတ်ကို ရှိမှန်းမသိကြ။) “ ယခုဘုရားမရှိပြီဟု ယူသောကြောင့် မရှိသောဘုရားကို ကိုးကွယ်ဆုတောင်းဝတ်ပြုရန်မလို ” ဟူသော စကားမှာ အဘယ့်ကြောင့် မလိုဘဲရှိရအံ့နည်း။ ငါတို့ဘုရားသည်း သုခဘုံသို့မပြောင်းမီ ပိဋကတ်သုံးပုံကို ဟောကြား၍ ငါတို့ကို အလိမ္မာပေးခဲ့သော ကျေးဇူးတော် ပိဋကတ်သုံးကို ထင်ရှားထားခါပေး၍  မိမိလုံ့လရှိသလောက် ယခုလည်း လိမ္မာကြရပေသည်၊ နောင်လည်း လိမ္မာကြလိမ့်ဦးမည်၊ ဘယ်အခါမှ ဗုဒ္ဓဘာသာဝင် ငါတို့အပေါ်၌ ကျေးဇူးတော်မြတ် မကွာ ပါတကား။ 
၁။ သို့-ကျေးဇူးတော် အနန္တကြီးရင်ဖြစ်ပေ၍ ကိုးကွယ်ဆုတောင်းဝတ်ပြုကြသည်ကို ဦးစောလှဖြူက အမှားဆိုမည်လား။ 
၂။ ဘုရား ကျေးဇူးတော်မြတ်ကြီးကို မဆိုထားဘိဦး၊ ဤလောက၌ ခံရပေသော ဆရာသမား မိဘဂုဏ် ကျေးဇူးများကိုပင် ထိုသူတို့မရှိသော်လည်း မမေ့ကောင်း မမေ့ထိုက်ဟူသော သူတော်ကောင်း တရားကြီးတစ်ပါး သည် လူမျိုးတိုင်းမှာပင် ရှိကြသည်ကို ဦးစောလှဖြူ မသိရှာသလား။ 
၃။ ချင်းရိုင်း ကရင်ရိုင်းတို့မှာပင် သည်တရားရှိပါသည်၊ ဦးစောလှဖြူသည် ချင်းရိုင်း ကရင်ရိုင်းထက်ပင် ရိုင်းသေးသလား။ ( ငါတို့လိမ္မာဖို့ ပိဋကတ်သုံးပုံကို ဟောနိုင်အောင် ငါတို့အတွက်သက်သက်နှင့် ပါရမီဖြည့်တော်မူရ၍ ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း အပင်ပန်းခံတော်မူသော ဘုရားကျေးဇူးတော်မြတ်ကို ရှေး၌ဆိုခဲ့ပြီ။) 

“ ဝဋ်ဆိုက်သေရဦးမည် ” ဟူသောစကားမှာ။ ။ ဘုရားတို့မည်သည် ဝဋ်ဆိုက်သေရသည်ဟူ၍ မရှိ၊ ဦးစောလှဖြူ မသိ၍ ဆိုခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်လူတို့သည်။ ။ သူတို့ထာဝရဘုရား မတတ်နိုင် မမနိုင် မကယ်နိုင်သော အရာတွေများစွာရှိသည်ကို မသိရှာကြ၍ သူတို့ဘုရားကို ကိုးကွယ်လျှင်ပင် အပြစ်ခပ်သိမ်း အကုန်ငြိမ်းသည်ဟု အယူမှောက်မှားသဖြင့် တရားကို များစွာမကျင့်ကြပဲ ဘုရားကိုသာ အားကိုး၍ ရှိခိုးဆည်းကပ် ကိုးကွယ်ကြခြင်း သည် သူတို့ဘုရားကိုကပင် တရားကို စေ့စေ့စုံစုံ မဟောတတ်ရှာ၍ ငါ့ကိုကိုးကွယ်လျှင် အပြစ်ခပ်သိမ်း အကုန်ငြိမ်း၏ဟု အပြီးစလွယ် လိမ်လည်လှည့်ဖြား၍ ထားခဲ့သောတရားနှင့် ညီကြပေ၏။ ( ထာဝရဘုရား မကယ်နိုင်သော အပြစ်တွေကို ရှေး၌ပြဆိုခဲ့ပြီ။) 

(ဒွါဒသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။)

ရွှေချိန်ခွင် အဆို ၁၃. 

ဗုဒ္ဓဘာသာမှာ ဘုရားမရှိပဲလျက် မိမိကိုယ်ကျင့်တရားကို ကျင့်လျင်ပင် ဖြစ်နိုင်၏- ဆို၍ ဘုရားကို အားမကိုး၊ ဘုရားကို မခိုမှီးရာကျ၏။ 

ဆရာတော် ရှင်းလင်းချက် 

ဤစကား၌........ မိမိကိုယ်ကျင့်တရားကို မိမိကျင့်မှ ဖြစ်နိုင်သည် မှန်ပါ၏။ မိမိကိုယ်ကျင့်တရားကိုမူကား.......... 
၁။ ဘုရားက ဟော၍ပေးမှ နေရာကျ ကျင့်တတ်သည်၊ ကျင့်တတ်အောင် ဟော၍ထားခဲ့ပေသော ကျေးဇူးတော်တွေသည် အနန ္တရှိပေသည်ဖြစ်၍ ဘုရားကို အားလည်းကိုးရသည်၊ ခိုလည်း ခိုမှိးရသည်။ 
၂။ ဘုရား၏ ကျေးဇူးတော် ဂုဏ်တော်မြတ်ကို သိ၍ ယုံကြည်၍ အားကိုးခြင်း၊ ကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်း၊ လှူဒါန်းပူဇော်ခြင်းများသည်လည်း မိမိကိုယ်ကျင့်တရားတွေပင် ဖြစ်သည်။ (ဦးစောလှဖြူ ဆိုခွင့်မရှိ) 

(တေရသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။) 

ကျမ်းကိုး- လယ်တီဆရာတော် 
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ (နှာ- ၁၂၂, ၁၂၃, ၁၂၄, ၁၂၅, ၁၂၆, ၁၂၇, ၁၂၈)

အရှင်ဝရသာမိ 

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊