Monday, September 10, 2012

ချစ်သောမျက်စိဖြင့် ရှူ့ကြစေ

ပုဂံခေတ်က မိဖုရားတစ်ဦးဖြစ်သော သိင်္ဃသူ့သမီးသည် မြန်မာနှစ် ၆၂၈ တွင် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတွင် နေထိုင်သည့် ရဟန်းသံဃာတို့ကို လယ်၊ ဥယျာဉ်၊ ကျွန်များ လှူဒါန်းသည်။ ထို့နောက်တွင် ထိုအလှူများ အစုစုတို့အတွက် ဆုတောင်းသည်ကို သိင်္ဃသူ့သမီးကျောက်စာတွင် တွေ့ရသည်။

ထို သိင်္ဃသူ့သမီးကျောက်စာ မှာ  -

ရမ္မက်နည်းသော
ရောင့်ရဲလွယ်သော
အမျက်နည်းသော
သူတထူးကိုမညှင်းဆဲသော
ပညာရှိသော
အကြောင်းကိုသိသော
ဝန်မတိုသော
အပေးအကမ်းရှိသော .... 
ငါဖြစ်လို - ၏လို့

ဆုတောင်းထားတာလေး
တွေ့ဘူးကြပေလိမ့်မည်
ဒီအချက်တွေထဲမှာ 

ပညာရှိသော
အကြောင်းကို သိသော ဆိုတဲ့ 
အချက် နှစ်ချက်က အလွန် အရေးပါသည်၊

အမှန်ပဲ အကြောင်းကို သိရမယ်၊
အကြောင်းတရား ကင်းသော
အကျိုးတရားဆိုတာ မရှိဘူး၊ 
အကြောင်းတရား ကောင်းရင် 
အကျိုးတရား ကောင်းမယ်၊
အကြောင်းတရား မကောင်းရင် 
အကျိုးတရား မကောင်းဘူး၊

လောကမှာ ဘယ်အရာမဆို 
ကိုယ်ပေးသလောက် ကိုယ်ပြန်ရတာပဲ၊ 
ပေးတယ်ဆိုတဲ့ နေရာမှာတောင် ပေးရုံနဲ့ 
အကုန်ပြန်ရတာ မဟုတ်ဘူး၊ 
အရင်းခံ စေတနာ က အဓိက ကျသေးတယ် 
ပစ္စည်းတစ်ခု ကိုယ်မလိုချင်လို့ သူများကို
ပေးတဲ့ စေတနာနည်းတဲ့ ပေးကမ်းခြင်းမျိုးနဲ့ 
ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အရာတစ်ခုကို 
စေတနာထားပြီး သူများကို ပေးကမ်းခြင်းမျိုးမှာ
ကိုယ်ပြန်ရမယ့် အကျိုးခံစားခွင့်ကလည်း 
တူညီမှာ မဟုတ်ဘူး ၊ 

ဗုဒ္ဓဝါဒ မှာ accident ဆိုတာ မရှိဘူး၊ 
ဥပမာဆိုပါစို့ လူတစ်ယောက်က သင့်ကို
သက်သက် ပိုက်ဆံ ၁ ထောင်
လာပေးတယ်ဆိုပါတော့ အဲဒီ ပိုက်ဆံ
၁ ထောင်ဟာ မတော်တဆ ရတာ မဟုတ်ဘူး
သင်ရှေးက ပြုဖူးသော ကုသိုလ်ကြောင့်လည်း
ဖြစ်ရင် ဖြစ်မယ် / လက်ရှိ ပစ္စုပ္ပန်ကာလ မှာ
ပြုခဲ့ဘူးသော ကျိုးစားအားထုတ်မှုကြောင့်လည်း
ဖြစ်ရင် ဖြစ်မယ်၊ တစ်စုံတစ်ခုသော
အကြောင်းတရားကြောင့် ရလာတဲ့ 
အကျိုးတရားတွေချည်းပဲ

သင် အခု ဆင်းရဲနေတယ်ဆိုပါစို့ အဲဒီ ဆင်းရဲတာဟာ 
မိဘအပြစ်ကြောင့်
မဟုတ်ဘူး သင့်ကြောင့်ပဲ
သင်အခု ချမ်းသာနေတယ်ဆိုရင်လည်း
တခြားသူကြောင့် မဟုတ်ဘူး
သင့်ကြောင့်ချည်းပဲ

အရာအားလုံးဟာ 
ကိုယ်တိုင် ဖန်တီးခဲ့ကြတာပါ
ငရုတ်ပင် စိုက်ခဲ့လို့ စပ်သော အသီးကို
သင် စားရသလို
စိန်တလုံး သရက်ကို စိုက်ခဲ့လို့
ချိုမြိန်ကောင်းမြတ် အရသာရှိသော
အသီးကို စားသုံးရမှာ သင်ကိုယ်တိုင်ပါပဲ
အဲဒါကြောင့် ကိုယ်ဘာစိုက်ခဲ့သလဲဆိုတဲ့
အကြောင်းတရားကို သိဖို့ လိုပါလိမ့်မယ်

လူ နဲ့ တိရိစ္ဆာန် ဘာကွာလဲ ?

ဗုဒ္ဓအလိုအရ လူအဖြစ် လူဘဝသည် ရနိုင်ခဲသောအဖြစ်၊ ရနိုင်ခဲသော ဘဝဖြစ်ရကား
ရရှိလာသော လူ့ဘဝကို အချည်းနှီးသော အဓိပ္ပါယ်မဲ့သော ဘဝဖြစ်သည်ဟု မမြင်ချေ။
ထိုသို့ရနိုင်ခဲသော လူအဖြစ် လူ့ဘဝအဖြစ်ကို ရရှိပိုင်ဆိုင်နေသော သင်သည်
လူပီသသောလူ ဖြစ်အောင် လူနှင့်ပီသသော အလုပ်တို့ကို ဘာတွေများ လုပ်ဆောင်ခဲ့ပြီး
ပါပြီလဲဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်တတ်ဖို့ လိုအပ်လှပေ၏။


လူပီသသော လူဟုဆိုရာတွင် လောက၌ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်၍ ကိုယ်လက်
အင်္ဂ ါ ပြည့်စုံသူ လူ ဟုသမုတ်အပ်သူမှန်သမျှကို လူပီသသောသူ ဖြစ်၏ ဟူ၍ကား
သတ်မှတ်နိုင်မည်မဟုတ်ချေ။ မြတ်ဗုဒ္ဓက လောက၌ လူလေးမျိုးရှိကြောင်းကို ဝိမာနဝတ္ထု
အဌကထာ၌ ထုတ်ဖော်ဟောကြားထားလေ၏။

ထိုလေးမျိုးကား................

(၁) လူ့ငရဲသား၊

(၂) လူ့တိရိစ ္ဆာန်၊

(၃) လူ့ပြိတ္တာ၊

(၄) လူ့ပရမတ္ထ တို့ဖြစ်၏။


လူငရဲသား ဆိုသည်မှာ ယခုမျက်မှောက်ဘဝတွင် လူကားဖြစ်လာပါ၏။
သို့သော် သူသည်မကောင်းမှုဒုစရိုက်များကို ပြုလုပ်သောကြောင့်
ထောင်တန်းကျပြီး ဆင်းရဲဒုက္ခများစွာ ခံကြရ၏။
ဒါန သီလ ဘာဝနာ ကို တစ်ခုမှပြုလုပ်ခွင့်မရ၊ ထိုကဲ့သို့သော လူသားမျိုးကို မြတ်ဗုဒ္ဓက
လူအစစ် ဟု မသတ်မှတ်ချေ၊ လူ့ငရဲသား ဟု သတ်မှတ်၏။


တိရိစ ္ဆာန်သည် အိပ်ခြင်း စားခြင်း ကာမဂုဏ်ခံစားခြင်း သုံးမျိုးကိုသာ ပြုလုပ်ပြီး
ဒါန သီလ ဘာဝနာကုသိုလ်တရားကို တခုမှမပြုလုပ်သကဲ့သို့ တချို့လူများသည်
စီးပွါးရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း သုံးမျိုးကိုသာ ပြုလုပ်၏။
ဒါန သီလ ဘာဝနာ ကုသိုလ်တရားကို တခုမှပြုလုပ်ခြင်းမရှိ၊
ဤကဲ့သို့သော လူသားမျိုးကို ဗုဒ္ဓက လူအစစ် ဟု မသတ်မှတ်၊
လူ့တိရိစ ္ဆာန် ဟု သတ်မှတ်တော်မူ၏။


သရဲ၊ တစေ ္ဆ၊ မှင်စာ၊ ကြပ်၊ ဥစ္စာစောင့် အားလုံးကို စာပေ၌ ပေတပြိတ္တာ ဟု ခေါ်၏။
ပြိတ္တာများသည်အကုသိုလ်ကံကြောင့် အစားအစာကို ဘယ်သောအခါမှ
ဝလင်အောင် မစားရ၊ မရပ်မနား တစ်ဘဝလုံးရှာဖွေသော်လည်း မသေရုံသာ စားရ၏။
လူအများစွန့်ပြစ်ထားသော စားကြွင်း စားကျန်များ၊ တံတွေးများ၊နှပ်များ၊
သလိပ်များ တွေ့သမျှကို ရှာဖွေစားသောက်ကြ၏။ အစာကိုသာ တစ်ဘဝလုံး
ကုန်းရုန်းရှာဖွေပြီးသေသွားကြ၏။ ဒါန သီလ ဘာဝနာ ကုသိုလ်တရားတခုကိုမှ
မပြုလုပ်နိုင်၊ ထို့အတူ တချို့ လူသာဖြစ်လာသော်လည်း ဆင်းရဲနွမ်းပါးလွန်းသဖြင့်
တစ်ဘဝလုံး ဝမ်းရေးတခုအတွက်သာ ရှာဖွေစားသောက်ရင်း တစ်ဘဝဆုံးသွား၏။
ဒါန သီလ ဘာဝနာ ကုသိုလ်တရားတခုမှ မလုပ်နိုင်၊ ထိုသို့သော
လူသားမျိုးကို လူ့ပြိတ္တာ ဟု ခေါ်သည်၊ လူအစစ်မဟုတ်ပေ။

စီးပွါးရေးကိုလည်း လူတန်းစေ့အောင် သမ္မာအာဇီဝကျကျ ရှာဖွေနိုင်ပြီး
ဒါန သီလ ဘာဝနာ တို့ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်နိုင်သော သူကိုသာလျှင်
လူ့ပရမတ္ထ - လူအစစ် ဟု ခေါ်ပါသည်။


ဆိုအပ်ခဲ့ပြီးသော လူလေးမျိုးတို့တွင် မိမိသည် ဘယ်လိုလူမျိုးဖြစ်သလဲဆိုတာကို
ခွဲခြားဝေဖန်တတ်ဖို့ လိုအပ်လှပေသည်။

လူအစစ်မဖြစ်သေးလျှင် ဖြစ်အောင် ကြိုးစားအားထုတ်ရပေမည်။
လူရယ်လို့ ဖြစ်လာရင် လူ့သမိုင်းမှာ မှတ်တမ်းဝင်နိုင်အောင် အဖိုးတန်
အလုပ်တခုခုကို လုပ်ရပေမည်။
ထိုသို့ မဟုတ်ဘဲ လူ့ငရဲသား၊ လူတိရိစ ္ဆာန်၊ လူပြိတ္တာ တို့ကဲ့သို့သာ
ပြုမူနေထိုင်ကြမည်ဆိုလျှင်လူဖြစ်ရကျိုးနပ်မည် မဟုတ်ပေ။

ထိုဆိုအပ်ခဲ့ပြီးသော လူ ၄ မျိုးထဲမှာပင် လူ့တိရိစ္ဆာန် ဆိုသော လူကို ထပ်၍ ချဲ့ပါဦးအံ့ လူ နဲ့ တိရိစ္ဆာ ဘာကွာလဲဟု အဓိပ္ပါယ် ထပ်ဖွင့်ရလျှင်မူ
လူဟာ တိရိစ္ဆာန်ထက် အရာရာတိုင်း
သာတာ မဟုတ်ပေ
ဆင်လောက် ဘယ်သူ ခွန်အားကြီးလို့လဲ
မြင်းလောက် ဘယ်သူ အပြေးသန်လို့လဲ
ပျားလောက် ဘယ်သူ စည်းလုံးလို့လဲ
ငါးလောက် ဘယ်သူ ရေကူးနိုင်လို့လဲ

လူဟာ တိရိစ္ဆာန်ထက် သာတာဆိုလို့
အကြောင်း/အကျိုး ဆင်ခြင်နိုင်တဲ့
ညာဏ်ပညာ တစ်ခုပဲ သာသည်

အကြောင်း အကျိုးကို ဆင်ခြင်နိုင်တဲ့
ညာဏ်ပညာ မရှိရင် လူဟာ တိရိစ္ဆာန်နဲ့
ဘာမှ ကွာမှာ မဟုတ်ပေ

ဒါ့ကြောင့် အကြောင်းတရားကို 
သိအောင် အရင် ကြိုးစား အားထုတ်ရမယ်
အကြောင်းတရားကို သိမှ
ပညာရှိ ဖြစ်ပေမည်...

ထို့အပြင် လူတွေကို လူတွေအဖြစ်နဲ့ မှန်မှန်ကန်ကန်ဖြင်တတ်ဖို့လည်း
လိုအပ်သေးပေ၏။ မှန်မှန်ကန်ကန် မြင်ကြမယ်ဆိုရင် လူမှု့ပြဿနာတွေ
တော်တော်နည်းသွားပေလိမ့်မည်၊ လူတွေဟာ လူတွေကို လူတွေအဖြစ်
မှန်မှန် မမြင်ခဲ့ကြပေ၊ လူမျိုးစွဲတွေနဲ့မြင်သည်၊ ဘာသာစွဲတွေနဲ့မြင်သည်၊
အသားအရောင်၊ အဆင့်အတန်း ခွဲခြားလိုမှု့တွေနဲ့ လူတွေကိုကြည့်သည် မြင်သည်၊
အစွဲတွေပါလာတော့ အမှန်မမြင်ကြတော့၊ အမှန်မမြင်တော့ ပြဿနာတွေဖြစ်တယ်၊
ပြဿနာတွေကနေပြီး ပဋိပက္ခတွေဖြစ်တယ်။
ပဋိပက္ခတွေ ဖြစ်ရင် ငြိမ်းချမ်းခြင်းဆိုတာ လူတွေမှာ မရနိုင်တော့ပေ၊

ဒါတွေဟာ လူတွေက လူတွေကို မှန်မှန်မမြင်နိုင်ကြလို့ ဖြစ်ကြရသည်ပင်။
ထို့ကြောင့် ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိဖို့ရန်အတွက် လူအချင်းချင်း
မှန်မှန်ကန်ကန် မြင်တတ်ကြဖို့ ဆိုရခြင်း ဖြစ်ပါ၏။

ဗုဒ္ဓစာပေ၌မူ လူကို ခန္ဓာငါးပါး(ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခ ါရ၊ ဝိညာဏ်) ရှိသူ၊
မြင်မှု့ ကြားမှု့ အစရှိတဲ့ အတွင်းအပ အာယတန(၁၂) ပါးရှိတဲ့သူ၊
ရုပ်သဘော၊ နာမ်သဘော၊ ရုပ်ဓာတ်၊ နာမ်ဓာတ်တွေ ရှိတဲ့သူ
အဖြစ်ပဲ မြင်ပြထားပါသည်။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊
ဘယ်လိုဘာသာမဲ့သူဖြစ်ဖြစ်၊ ဘယ်လိုအသားအရောင်ပဲ ရှိတဲ့ လူမျိုးပဲဖြစ်ဖြစ်
ဆိုခဲ့တဲ့ ခန္ဓာ၊ အာယတန၊ ရုပ်ဓာတ်၊ နာမ်ဓာတ်တွေ စုဝေးနေတဲ့ ခန္ဓာကိုယ်တွေ
ရှိနေတယ်လို့ မြင်တယ်။ 

အဲဒီလို စုဝေးဖြစ်ပေါ်နေတဲ့ လူဟာ
ကောင်းတာတွေလုပ်ရင် ကောင်းတဲ့ အကျိုးတွေ ဖြစ်ပေါ်စေမယ်။
ဆိုးတာတွေ လုပ်ရင် ဆိုးတဲ့ အကျိုးတွေ ဖြစ်ပေါ်စေမယ် လို့မြင်တယ်။

လူတိုင်း လူတိုင်းမှာ ဒီခန္ဓာတွေ၊ ဒီအာယတနတွေ၊ ဒီဓာတ်သဘောတွေ ရှိနေတဲ့အတွက်
လူတွေဟာ လူတွေအချင်းချင်း ဘာမှအထင်သေးစရာလည်း မရှိ၊
မုန်းတီးစရာလဲ မရှိ ဟု မှန်မှန်ကန်ကန် ရှူ့မြင်တတ်ဖို့ မြတ်ဗုဒ္ဓက ညွန်ပြထားပေ၏။

ထိုမြတ်ဗုဒ္ဓ ညွန်ပြထားသည့် အတိုင်း လူမျိုးစွဲ၊ ဘာသာစွဲ၊ အသားအရောင်အစွဲတွေ
ကင်းလွတ်စွာနဲ့ ချစ်သောမျက်စိဖြင့် လူတွေကို ကြည့်တတ်မြင်တတ်အောင်
ကျိုးစားအားထုတ်ရင်း လူပီသသော လူများဖြစ်ပါစေ၊ သူတစ်ပါးကို မညင်းဆဲတတ်သော သူတော်ကောင်းများ ဖြစ်ကြပါစေ အပေးအကမ်း ရက်ရောပြီး လောကကို ကောင်းကျိုး ပြုနိုင်သော ပညာရှိ သူတော်ကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

***

သျှင်သာမိ - မုံရွာ
https://shinsami.blogspot.com

1 comment:

  1. မွတ္သားသြားခဲ့ပါတယ္ ဘုရား

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊