Tuesday, September 25, 2012

ကောသမ္ဗီပြည်သို့ ခြေရာကောက် လိုက်ကြည့်ရာဝယ်

ဘုရားရှင်သီတင်းသုံးတော်မူခဲ့တဲ့ ဝံသတိုင်း ကောသမ္ဗီပြည်၊ ၉ ဝါမြှောက် ဝါဆိုတော်မူခဲ့တဲ့
ကောသမ္ဗီ၊ သာသနာ့သမိုင်းမှာပထမဆုံး သံဃာဂိုဏ်းကွဲမှုကြီးဖြစ်ပေါ်ခဲ့တဲ့ ကောသမ္ဗီပြည်ကို
ဒေသနာအများအပြားတွင် တွေ့ရသော်လည်း ဘယ်မှာရှိသည်ဆိုတာ မသိရသည့်အတွက်ကြောင့်
သွားရောက်လေ့လာဖို့ရန်အတွက် စိတ်အားတက်ကြွနေမိသည်။ ခရီးလမ်းနီးမည်ဟု ထင်ထား
သော်လည်း တကယ်တမ်း သွားရောက်သောအခါ ဗာရာဏသီ နဲ့ တော်တော်အလှမ်းကွာဝေး
သည်ကို တွေ့ရ၏။ မနက်ငါးနာရီထိုးမှ စတင်၍ မိတ်ဆွေရဟန်းတော် ၈ ပါး ပေါင်းစုကာ
ဗာရာဏသီ မဇ္ဈိမသုခကျောင်းတိုက်မှ ထွက်ခွါခဲ့ကြသည်။ ယခုအခါ ယူပီပြည်နယ်ထဲတွင်
ရှိသော်လည်း ဗာရာဏသီ နဲ့ ကောသမ္ဗီပြည်သည် ကီလိုမီတာ ၃၀၀ - နီးပါးမျှ ဝေးကွာပါသည်။
ဘုရားဖူးအရောက်ပေါက်နည်းသည့်ဒေသဖြစ်သလို စာရေးသူတို့ အဖွဲ့ထဲတွင်လည်း တစ်ပါးမှ
မရောက်ဘူးတဲ့ ဒေသဖြစ်တာကြောင့် လမ်းခရီးတွင် ကားရပ်ကာ မေးမြန်းခဲ့ရသော်လည်း
ကောသမ္ဗီသို့ ၁၂ နာရီခန့်တွင် ချောချောမွေ့မွေ့ ရောက်ရှိခဲ့ကြပါသည်။ ကောသမ္ဗီတွင်
ရှိနေသော ကမ္ဘောဒီယားကျောင်းနှင့် သိရီလင်္ကာဘုန်းတော်ကြီးကျောင်းများသို့ ဝင်ကာ
ကောသမ္ဗီတွင်ရှိသော နေရာဒေသများအကြောင်းကို ဝင်ရောက်စုံစမ်းမေးမြန်ပြီး ပထမဆုံး
ဥတေနမင်း၏ နန်းတော်ရာဟောင်းရှိရာဌာနသို့ ချီတက်ဖြစ်ခဲ့ကြသည်။



တချိန်က ဤနန်းတော်ရာသည် တော်တော်ကျယ်ဝန်းမည့် နေရာဖြစ်နိုင်ဖွယ်ရှိသည်။ ယခုအခါမှာ
တော့ မြစ်ကမ်းဘေးတွင် ရှိသော ဘေးတဖက်မှတံတိုင်းနံရံတို့မှာ ယမုံနာမြစ်၏ ရေတိုက်စားမှု့
ကြောင့် ပျက်စီးယိုယွင်းနေသည်ကို တွေ့ရှိရ၏။ အခြားသောဖက်မှ နန်းမြို့ရိုးနေရာများကို
မြေအောက်မှ ပြန်လည်တူးဖော်ဆဲ ရှိသေးတာကို တွေ့ခဲ့ရသည်။ အလယ်ပိုင်းနေရာများတွင်
တော့ လယ်ယာများ ဖြစ်၍နေခြေပြီ။ ဤနန်းတော်ရာသို့ ရောက်သောအခါ ဥတေနမင်း နှင့်
တွဲဖက်၍ မာဂဏ္ဍီ ကို ပြန်လည် မြင်ယောင်မိသည်။

မြတ်စွာဘုရားရှင်လက်ထက်တော်က အလှဒေဝီ မာဂဏ္ဍီ - အမည်ရှိသော အပျိုချောလေး
တစ်ယောက် ရှိခဲ့ဘူးသည်။ သူ၏ မိဘများက မာဂဏ္ဍီ၏ကြင်ယာတော်(သမက်လောင်း)ကို
လိုက်ရှာသောအခါ ဂေါတမမြတ်စွာ ဘုရားကို တွေ့လေ၏။ ထိုအခါ မာဂဏ္ဍီလေးကို
လက်ခံပါရန် မာဂဏ္ဍီ၏ မိဘများက ထိမ်းမြားစကားဆိုကြ၏။
ထိုအခါ မြတ်စွာဘုရားက မိန့်တော်မူသည်မှာ…

ဒိသွာန တဏှံ အရတိ ံ ရဂဉ္စ။
နာဟောသိ ဆန္ဒော အပိ မေထုနသ္မိ ံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သမ္ဖုသိတုံ နဣစေ ္ဆ။ (ခု၊ ၁၊ ၄၀၉) ဟူ၍ဖြစ်၏။

တဏှာ၊ အရတီ၊ ရဂါ ဟူသော မာရ်နတ်မင်း၏ သမီးတော်သုံးယောက်ကို မြင်ရ၍သော်လည်း
မေထုန်အမှု၌ လိုလားတပ်မက်မှုဆန္ဒ မဖြစ်ခဲ့ပေ။ ကျင်ကြီး, ကျင်ငယ်တို့ဖြင့် ပြည့်နေသော
ဤသူငယ်မ၏ ရုပ်အဆင်းကို မြင်ရရုံမျှဖြင့် လိုလားတပ်မက်မှု အဘယ်မှာ ဖြစ်နိုင်လိမ့်မည်နည်း။
သင်တို့သမီး မာဂဏ္ဍီ ကို ခြေဖြင့် ထိရုံမျှပင် ငါအလိုမရှိ။
(ခု၊ ၁၊ မြန်မာပြန် - ၃၈၅ - ၃၈၆) ဟု မိန့်၏။

ထိုကဲ့သို့ မိန့်ကြားမှု့၏ အဆုံးမှာ မာဂဏ္ဍီ၏ မိဘနှစ်ပါးဖြစ်သည့် ပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမကြီးတို့သည်
အနာဂမ်အရိယာများ ဖြစ်သွားခဲ့ကြသည်။ သမီးချော မာဂဏ္ဍီကို ညီဖြစ်သူ စူဠမာဂဏ္ဍီ ထံအပ်နှံ၍
ရဟန်းပြုခဲ့ကြရာ နောက်ဆုံး ရဟန္တာများ ဖြစ်သွားခဲ့ကြသည်။
အလှဒေဝီ မာဂဏ္ဍီ လေးကတော့ " ငါ့ကို မလိုချင်ရင် မလိုချင်ဘူးပြောပေါ့၊ အခုတော့ ငါ့ကို
ကျင်ကြီး ကျင်ငယ်တွေနဲ့ပြည့်နေတဲ့သူ၊ ခြေဖျားဖြင့်တောင် မထိလိုဟု မညှာမတာပြောရက်တယ်၊
ဒါ ငါ့ကို ပရိသတ်အလယ်မှာ သက်သက်အရှက်ခွဲတာပဲ။ နေနှင့်အုံးပေါ့ ငါရဲ့ အမျိုးဇာတ်၊ အနွယ်
စည်းစိမ် နှင့် အရွယ်တို့၏ပြည်စုံမှု့ကို အကြောင်းပြုပြီး သင့်တော်တဲ့ ယောကျာ်းကို ရအောင်ရှာပြီး
ရဟန်းကြီး ဂေါတမကို လက်စားချေမယ် " ဟု ဆိုကာ ဘုရားရှင်အား ရန်ငြိုးဖွဲ့ခဲ့လေသည်။

နောင်သောအခါ ဦးလေးဖြစ်သူ စူဠမာဂဏ္ဍီသည် တူမချော မာဂဏ္ဍီ ကို ဥတေနမင်းကြီးထံသို့
ဆက်သရာ ဥတေနမင်း၏ မိဖုရားဖြစ်လာခဲ့လေသည်။ မိဖုရားဖြစ်လာသောအခါ ဘုရားရှင်နှင့်
သံဃာတော်တို့အပေါ် အမျိုးမျိုးနှောက်ယှက်လေ၏။
(ဆောင်းပါးရှည်နေမည်စိုး၍ မာဂဏ္ဍီအကြောင်းကို အကျယ်မရေးလိုတော့ပါ) :)

ဥတေနမင်း၏ မိဖုရားတစ်ပါးဖြစ်သော မေတ္တာရှင်သူတော်ကောင်းမလေး သာမာဝတီ မိဖုရားအား
လုပ်ကြံမှု့ကြောင့် မာဂဏ္ဍီ သည်လည်း ဥတေနမင်း၏ နန်းရင်ပြင်တွင် ဆွေတော်မျိုးတော်အားလုံး
နှင့်အတူ အရှင်လတ်လတ် မြေမြုတ်ကာ ခေါင်းပေါ်မှ ကောက်ရိုးများတင်စေပြီး မီးတိုက်ခံခဲ့ရလေ
သည်။ မာဂဏ္ဍီ၏ အရေထူများ လောင်ကျွမ်းသွားသောအခါ အသားတို့ကို သံထွန်ယက်တို့ဖြင့်
လှီးကာ ဆီအိုး၌ မုန့်ကြော်သလိုကြော်စေပြီး မာဂဏ္ဍီ အားစားစေခိုင်းသည်။ မာဂဏ္ဍီမိဖုရားနှင့်
ဆွေမျိုးများသည် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရကာ ဘဝနိဂုံး အဆုံးသတ်သွားလေ၏။



ဥတေနမင်း၏ နန်းတော်ရာဟောင်းကို လေ့လာကြပြီးနောက် နောက်တစ်ရာသို့ ဆက်လက်
ထွက်ခွါခဲ့ကြသည်။ ထိုကျောင်းတော်ရာဟောင်းအနီးတွင်တော့ အသောက ကျောက်စာတိုင်
ကိုပါ ပူးတွဲတွေ့ရသည်။ ဘုရားရှင် ဝါဆိုတော်မူရာ နေရာဒေသတိုင်းတွင် အသိအမှတ်ပြုသည့်
အနေဖြင့် အသောကမင်းကြီးမှ ကျောက်စာတိုင်များ စိုက်ထူထားခဲ့ပါသည်။ ကျောက်စာတိုင်
အနီးတွင် ရှိသော ကျောင်းတော်ရာသည် ကုက္ကုဋာရုံကျောင်းတော်ရာလော ပါဝါရိကာရုံကျောင်း
တော်ရာလောဆိုတာကိုတော့ စာရေးသူ မဝေခွဲတတ်ပါ။ သမိုင်းပညာရှင်များသာ တိတိကျကျ
သိနိုင်ကြပေလိမ့်မည်။






ထို့နောက် ဃောသိတာရုံ ကျောင်းတော်ရာ ရှိရာဌာနသို့ ဆက်လက်ထွက်ခွါခဲ့ဖြစ်ကြပြန်ပါသည်။
ဃောသိတာရုံ ကျောင်းတော်ရာနေရာတော့ တော်တော်ကြီးမာကျယ်ပြန့်သည်ကို တွေ့ရှိရ၏။
ဤနေရာဌာနတို့၌ ဘုရားရှင်သီတင်းသုံးခဲ့သည်တို့ကို စိတ်မှာမှန်းဆ၍ ကြည်ညိုမိသည်။
ဘုရားရှင် ဤဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် သံဃာအချင်းချင်း ငြင်းခုံ
ခိုက်ရန်ဖြစ်မှု သံဃဝိဝါဒါဓိကရုဏ်းကြီး ဖြစ်ပေါ်ခဲ့သည်။



ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသော ကောသမ္ဗီ ရဟန်းများသည်
သူတော်ကောင်း တရား ကို လေ့လာနေသော ပုဂ္ဂိုလ်များ ဖြစ်ပါလျက် စိတ်သဘောချင်း မတိုက်ဆိုင်ဖြစ်၍
သေးငယ်သော ကိစ္စလေးကို အကြောင်းပြုကာ ငါ မှန်သည် သူ မှားသည်ဟု ငြင်းခုန် ကြ၏။
ဝိနည်းဓိုရ် ဆရာတော်များနှင့် ဓမ္မကထိက ဆရာတော်များ တစ်ဖက်ဆီ ငြင်းခုန်ကြခြင်းဖြစ်သည်။

ဘာမှမဟုတ်သည့် ကိစ္စလေးကို အကြောင်းပြု၍ တစ်ဦးကို တစ်ဦး မာန တွေရှေ့တန်းတင်လျက်
အပြိုင်အဆိုင် ငြင်းခုန်ကြသည်။ မာနသည် သာသူ ကိုလည်း ယှဉ်သည်။ ရွယ်တူ ကိုလည်း ယှဉ်သည်။
နိမ့်သူ ကိုလည်း ယှဉ်သည်။ မာန၏ အလှည့်အစား ခံရသောအခါ ဖြစ်ပေါ်လာသော စိတ်နေ
စိတ်ထားသည်ကား ငါသာလျင် မှန်၏။ တစ်ဖက်သားမှာ မှားယွင်းသည် ဟူ၍ ဖြစ်သည်။
စာရေးသူသည်လည်း ထိုကဲ့သို့ ဘာမှမဟုတ်ပါဘဲ မထားသင့်သော မာနတွေ ထားကာ
အမှားတွေ များစွာလုပ်ဖူးသည်။ မာနကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြဿနာတို့သည် ဘာတခုမှ
ကောင်းသည်ဟူ၍ကား မရှိပါပေ။ အမှားလုပ်ပြီးသွားရင်တော့ နောင်သောအခါမှနောင်တရပြီး
အော် ငါ ရင့်ကျက်မှု မရှိသေးလို့ ဒီလိုဖြစ်တာပဲဟု စိတ်မှာမှတ်လိုက်၏။
အော် ပုထုဇဉ်ပဲလေလို့ (တကယ်တော့ ကိုယ့်အမှားကို ဝန်မခံချင်တိုင်း အကြောင်းရှာကာ
ပုထုဇဉ် ဆိုသော ဝေါဟာရစကားလုံးပေါ်သို့ ပုံချလိုက်ခြင်းသာဖြစ်၏) အဆွေစာရှူသူကော
အမှားတွေ လုပ်ချင်ရာလုပ်ပြီးမှ ပုထုဇဉ် ပဲဟုဆိုကာ ကိုယ့်အမှားကို ဝန်မခံပဲ
အကြောင်းရှာ ဟုံပုံချ ဒီပုံချ လုပ်ဘူးကြသလား မေးကြည့်ချင်၏။ အဟဲ တူညီနေရင်တော့
ဘာမှမပြောဘဲ မသိသလို ဆိတ်ဆိတ်နေလိုက်ကြရုံသာ။  :)




မြတ်စွာဘုရားသည် သံဃာများ၏ ငြင်းခုန်ခြင်း ပြေပျောက် စိမ့်သောငှာ ကိုယ်တော်တိုင် ကြွရောက်၍
ဆုံးမတော်မူ၏။ ကောသမ္ဗီ ရဟန်းများကား ငြင်းခုန်ခြင်းကို မလျှော့။ ဒေါသ မာန်မာနတို့ ကြီးကျယ်
ခမ်းနား လာသောအခါ ဘုရားကို ဘုရားဟု မမြင်တော့။ တရားကို တရားဟု မမြင်တော့။
အမှား ကိုလည်း အမှားဟု မမြင်ကြတော့။ မြို့တွင်း ဆွမ်းစားဇရပ်စသည်၌ ငြင်းခုံခိုက်ရန်ပြုကြသည်။
လက်ရောက်ကျူးလွန်မှု့များကိုလည်း ပြုလုပ်ကြသည်။ ဝိနည်းဓိုရ် ဆရာတော် များကလည်း မိမိတို့
ပြောသည့် စကားသာလျင် သစ္စာနှင့်ညီသည် အခြား ပုဂ္ဂိုလ်များ ပြောသောစကားများမှာ သစ္စာနှင့်
မညီဟု ထင်ကြသည်။ ဓမ္မကထိက ဆရာတော် များကလည်း မိမိတို့ ပြောဆိုသော စကားများကသာ
သစ္စာနှင့် ညီသည်၊ အခြားပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့်မညီ ဟု ထင်ကြပြန်သည်။
နောက်ဆုံး တဖက် နှင့် တဖက် ဂိုဏ်းကွဲသည့် အနေအထားသို့ ရောက်ကုန်တော့၏။
စင်စစ် သံဃာတော်များ၏ ငြင်းခုန်မှုသည် ဒေါသ မာန်မာနကို အခြေခံသော စကားများဖြစ်သဖြင့်
မည်သို့မျှ သစ္စာမထိုက်။ သမ္ဖပ္ပလာပ စကားများ( အချည်းနှီး အကျိုးမဲ့သော စကားများ)သာ ဖြစ်သည်။

သံဃာများ၏ ငြင်းခုန်မှု မရပ်သောအခါ မြတ်စွာ ဘုရားသည် ပါလိလေယျက တောအုပ်သို့
တစ်ပါးတည်း ကြွသွားတော်မူ၏။ "သံဃာအား ဘုရားမလွန်ဆန်သာ" ဆိုသည်မှာ
ဤအကြောင်းအရာကို အစွဲပြု၍ ဆိုကြခြင်းဖြစ်၏။ ဆိုဆုံးမ ခက်သော ပုဂ္ဂိုလ်များအတွက်
ဥပေက္ခာတရား သည်သာ သင်ခန်းစာ အပေးနိုင်ဆုံး ဆရာဖြစ်သည်။
မြတ်စွာဘုရား တောသို့ ကြွသွားပြီး အတန် ကြာသောအခါ ကောသမ္ဗီပြည် ရဟန်းတို့သည် ဆွမ်းကွမ်း
အခက်အခဲနှင့် စတင် ကြုံတွေ့ ရတော့သည်။ ဒါယကာတို့ ကလည်း အကြည်ညို လျော့ပါးလာသည် ။
သူတော်ကောင်းများကလည်း ကဲ့ရဲ့ကြသည်။ ဒီရဟန်းတွေကြောင့် ငါတို့ အားကိုးစရာ မေးလျှောက်စရာ
မြတ်စွာဘုရား တောသို့ ကြွသွားတော်မူသည်ဟု ဆိုကာ ဘုရားရှင်အား မဖူးတွေ့ရတော့သောကြောင့်
ရဟန်းများကိုလည်း ဆွမ်းမလောင်းကြတော့။

ဆွမ်းကွမ်း အခက်အခဲ ဖြစ်လာသောအခါမှ သံဃာတော်များလည်း မာနကို လျှော့လာရသည်။
မာနကို လျှော့သည်နှင့် တစ်ပြိုင်နက် ငြင်းခုန်လိုစိတ် လျော့လာတော့သည်။ ပြဿနာကို
ယထာဘူတကျစွာ မြင်လာတော့သည်။ ထိုအခါမှ မိမိတို့အား ပြဿနာဟူ၍ စတင် လှုံ့ဆော်သော
အကြောင်းအရာသည် စင်စစ် ပြဿနာမဟုတ်။ ကိလေသာ အလှည့်အစားကြောင့် အထင်မှားမှုသာ
ဖြစ်ကြောင်း သိမြင်လာသည်။ မိမိတို့အတွက် အဓိက ပြဿနာသည် အို၊ နာ၊ သေ၊ သံသရာဘေး
သာ ဖြစ်ကြောင်း သိမြင်လာသည်။ ထိုအခါ ဆရာတော် များသည် ရဟန်းတရား ကို
ပြန်လည် ကျင့်ကြံကြသည်။

ရဟန်းတရားကို ပြန်လည် အားထုတ်၍ တရားသဘောများကို သိမြင်သောအခါ မာနများ ပိုမိုကျဆင်း
လာပြီး အချင်းချင်း ပိုမို ညီညွတ် လာသည်။ မြတ်စွာဘုရားကို ပြန်လည်ပင့်ဆောင်ရမည့် တာဝန်ကို
ထမ်းဆောင် ရမည်ဟူ၍လည်း သိမြင်လာကြသည်။ ဆရာတော် များသည် ဝါကျွတ်ချိန် ထိကို
တမျှော်မောမော စောင့်ဆိုင်း ကြရသည်။ ဝါကျွတ်သော အခါ ဆရာတော် များသည် မြတ်စွာဘုရား
သီတင်းသုံး နေတော်မူသော ပါလိလေယျ တောအုပ်သို့ လိုက်သွားပြီး အမှားများကို ဝန်ချ
တောင်းပန်ကြသည်။ ရင့်ကျက်ပြီး မာန်မာန ကျဆင်းပြီး ဖြစ်သော တပည့်သားများ ဖြစ်သော
ကောသမ္ဗီ ရဟန်းများကို မြတ်စွာဘုရားက ဤသို့ ဆုံးမတော်မူ၏။

"ရဟန်းတို့. ..ရင့်ကျက်၍ သီလ သမာဓိ ပညာ ရှိသော အဆွေ ခင်ပွန်းကောင်း ရှိလျင်
ထိုအဆွေခင်ပွန်းနှင့် အတူတကွ နေထိုင်အပ်သည်။ သီလ သမာဓိ ပညာ ရှိသော
အဆွေခင်ပွန်းကို ရှာမတွေ့လျင်ကား တစ်ဦးတည်းသာ နေအပ်သည်။
သူမိုက် နှင့်ကား အတူတကွ မနေအပ်။ မပေါင်းသင်းအပ်။"

တရားအဆုံး၌ ခန္ဓာဉာဏ်စိုက်၍ တရားနာနေသော ကောသမ္ဗီ ရဟန်းငါးရာသည်
ရဟန္တာများ ဖြစ်သွားတော်မူ၏။

 



စာရေးသူတို့ အဖွဲ့သည် ကျောင်းတော်ရာများကို လေ့လာ၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကြပြီး
ဗာရာဏသီသို့ ပြန်ဖို့အတွက် ကားပေါ်သို့တက်ခဲ့ရတော့သည်။ မူလစီစဉ်ထားစဉ်က
ဘုရားရှင် ၈ ဝါမြောက်ဝါဆိုတော်မူရာ သုသုမာရဂိရ သို့ပါ သွားဖို့စီစဉ်ထားသော်လည်း
ခရီးလမ်းဝေးကွာမှု့ကြောင့် အချိန်မပေးနိုင်တော့ပဲ ဗာရာဏသီသို့သာ ပြန်လှည့်ခဲ့ရသည်။
ည ၇ နာရီထိုးသောအခါမှ နေထိုင်ရာကျောင်းတိုက်သို့ ပြန်ရောက်ခဲ့တော့၏။


အရှင်ဝရသာမိ 
https://shinsami.blogspot.com
 

1 comment:

  1. အရင်ဘုရား တပည့်တော်ရှာနေတာကြာပါပြီးဘုရား မတွေ့ သေးလို့ အခုမှတွေ့ရတာ အရမ်းပဲ ဝမ်းသာ မိပါတယ် ဘုရား လေးစားလျက်

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊