Monday, September 24, 2012

ရာဇဂြိုဟ်သို့ ခရီးသွားမှတ်တမ်း

အချိန်က နံနက် လေးနာရီ အိပ်ရေးပင် ကောင်းကောင်းမဝသေး အတူနေသူငယ်ချင်းဖြစ်သူ
အရှင်တိလောက မှ အခန်းတံခါးလာခေါက်၍ နှိုးမှ အိပ်ချင်မူးတူးထ၍ ရေချိုးကာ ခရီးသွားဖို့
အတွက် ပြင်စရာရှိတာ ပြင်ရသည်။ (အဟဲ ပြင်စရာဆိုပေမယ့် တကယ်တော့ ဘာမှပြင်စရာ
ရှိတာမဟုတ်ပါ လမ်းခရီးမှာ စားဖို့သောက်ဖို့အတွက်လည်း  သူငယ်ချင်းတွေပဲ စီစဉ်ကြသည်
ကိုယ်တိုင်ကတော့ ရေချိုး သင်္ကန်းကောက်ကိုင်ပြီး လွယ်အိတ်တလုံးလွယ်ကာ ထွက်ရုံပင်)
မနက် ၅ နာရီကျော်ခန့်မှာ အဆောင်ကနေ စတင်ထွက်ခွါကြသည်။ ပထမ ခရီးသွားဖို့ စီစဉ်
ထားသည်က ၇ ပါးခန့်ပင် ရာဇဂြိုလ် ကိုသွားဖို့တစ်ခုပဲ နောက်တခြားသူငယ်ချင်းတွေပါ
တိုးလာပြီး သွားမယ့်နေရာပါ ပြောင်းသွားပြီး ၁၅ ပါးဖြစ်သွားသည်။ အဖွဲ့တောင့်သွားတော့
ပိုပျော်စရာကောင်း၏။

ဗုဒ္ဓဂယာ မှ စတင်ထွက်ခွါလာပြီး သိပ်မကြာသေး လမ်းခရီးတွင် ကားပျက်သွားလို့ စိတ်ညစ်
ရသေးသည်။ ပူရီဆိုင်မှာ ပူရီဘုန်းပေးပြီး ၁ နာရီခန့် ကားပြင်နေတာကိုစောင့်လိုက်ရ၏။
စိတ်ညစ်နေကြလို့ ထင်သည် မှာသမျှ ပူလီ တော့ အားလုံးကုန်အောင် တီးကျလေ၏။ :)
ကားပြန်ကောင်းသွားပြီး ဆက်လက်ထွက်ခွါဖြစ်ကြသည်။ ဗုဒ္ဓဂယာ မှ ကာ့ကိုလာရေတံခွန်ထိ
ကီလိုမီတာ ၁၄၀ ကျော်ခန့်ကားစီးရသည်။ လမ်းခရီး အလွန်ကြမ်းတမ်းလှ၏။ တဒုန်းဒုန်းနဲ့
ပဲကြီးလှော်နေသကဲ့သို့ ကားထဲမှာ ချာလပတ်လည်နေသည်။ စိတ်အားတက်ကြွနေကြ၍
ထင်သည် တစ်ပါးသာ ဥသြဆွဲသည်ကိုတွေ့ရ၏ :)

စာရေးသူအပါအဝင် ကျန်သူငယ်ချင်းများတော့ ပျော်တပြုံးပြုံး နဲ့ ဟိုအကြောင်း ဒီအကြောင်း
ပြောရင်း လိုက်ပါလာကြ၏။ တောင်ခြေသို့အရောက် ၁၀ နာရီခန့်ရှိမည်ထင်သည် ကားရိုက်
သည့် အရှိန်ကြောင့် ပင်လည်းပင်ပန်း ဗိုက်လဲ တော်တော်ဆာနေကြချေပြီ။ သစ်ပင် တော
တောင်တို့ရဲ့  စိမ်းလန်းစိုပြေမှု့နဲ့ ဆီးကြိုနေမှု့က စိတ်ကို လန်းဆန်းစေ၏။ အဖွဲ့လိုက် ပျော်ရွှင်
စွာဖြင့် ရေတံခွန်ရှိရာ တောင်ပေါ်သို့ ချီတက် ဖြစ်ကြသည်။ ရေချိုးသူချိုး ဓာတ်ပုံရိုက်သူရိုက်
အေးအေးဆေးဆေး အနားယူကာ နောက်ခရီးစဉ်အား ဆက်လက်ထွက်ခွါ ဖြစ်ကြသည်။



ကာ့ကိုလာရေတံခွန် မှ ရာဇဂြိုဟ် အထိ ကီလိုမီတာ ၅၀ ခန့်ကားစီးရသည်။ ရာဇဂြိုဟ်မြို့သည်
ဗုဒ္ဓဂယာမှ မိုင် ၆၀ ခန့်ဝေးသည်။ ရာဇဂြိုဟ်ဆိုသည်မှာ ရာဇဂဟ မှလာသည်။ တောင်ငါးလုံး ဝန်းရံလျက်ရှိသဖြင့် ဂီရိဗဇ ဟုလည်း ခေါ်ကြောင်းသိရသည်။ ရာဇဂြိုလ်မြို့ကို ပတ်ရံထားသော
တောင်းငါးလုံးမှာ ဝေဘာရ၊ ဝေပုလ္လ၊ ပဏ္ဍ၀ ၊ ဣသိဂိလိ နှင့် ဂိဇ္ဈကုဋ် တောင်တို့ဖြစ်ကြသည်။
တောင်စဉ် ၇ လုံးရှိသော်လည်း ရတနာဂီရိ နှင့် ဆွန်နားတောင်မှအပ ကျန်ငါးလုံးသာ စာရင်း
ဝင်သည်။ ရှေးယခင်က ရာဇဂြိုဟ်ကို ဝသုမတီ၊ ဂီရိဗဇကုသဂြ နှင့် ရာဇဂဟ ဟု ခေါ်လာခဲ့ပြီး
ယခုအခါ ရာဂျာဂီရ် (Rajgir) ဟု ခေါ်သည်။

ရာဇဂြိုဟ်မြို့ဟောင်းမှာ တံခါးမကြီး ၃၂ ခုနှင့် တံခါးငယ် ၆၄ ခုရှိသည်ဟု ဆိုသည်။ ဗိမ္ဗိသာရ
မင်းကြီး စိုးစံခဲ့သောမြို့ဖြစ်သည်။ ရာဇဂြိုဟ်သည် ဗုဒ္ဓသမိုင်းတွင် ဝေဠုဝန်ကျောင်းတော်၊
ဗိမ္ဗိသာရမင်း၊ အဇာတသတ်မင်း၊ ပထမသင်္ဂ ါယနာတင်ရာနေရာ၊ ပထမသံဃာ့အစည်းအဝေးကြီး၊
သြဝါဒပါတိမောက် ပြရာနေရာများကြောင့် မှတ်သားဖွယ်ကောင်းသော မြို့ဖြစ်ပါသည်။

ရာဇဂြိုဟ်အဝင်မှာ အရှင်မဟာမောဂ္ဂလာန်မထေရ်အား ခိုးသားဓားပြ ၅၀၀ တို့မှ ရိုက်နှက်
ခဲ့သော နေရာကိုလည်း အတူပါလာသော မိတ်ဆွေဦးဇင်းမှ ပြသည့်အတွက်ကြောင့်
ကားပေါ်မှာပဲ လှမ်းကြည့်ခဲ့ရသည်။ မဆင်းဖြစ်ခဲ့ပါ။ ဇီဝက၏ သရက်ဥယျာဉ်ကိုလည်း
ကားပေါ်မှသာ ကြည့်ဖြစ်နိုင်ခဲ့သည်။ ကားရပ်နားအပြီး ရတနာဂီရိ တောင်နှင့် ဂိဇ္ဈကုတ်
တောင်သို့ တက်ဖို့ စီစဉ်တဲ့အခါ နက္ခတ်ပွဲသဘင် ရှိနေသည့်အတွက် အိန္ဒိယသားများနှင့်
ပြည့်ကြပ်နေသောကြောင့် တောင်ပေါ်သို့တက်ဖို့ ဘယ်လိုမှ အဆင်မပြေတော့။
စက်လှေကားမှာ လူတွေပြည့်ကြပ်နေသည် တိုးလိုးပင်မပေါက်တော့။
အချိန်ကလည်းလင့်နေသည့်အတွက်ကြောင့် ဝေဘာရတောင်သို့သာ သွားဖို့စီစဉ်ရပြန်သည်။
လမ်းတစ်လျှောက်တွင် အိန္ဒိယသားများနှင့် ပြည့်ကြပ်နေသောကြောင့် ဖြည်းဖြည်းချင်း
ကားမောင်း၍ သွားရသည်။ သုံးနှစ်မှ တကြိမ်သာ ကျင်းပသည်ဟုဆိုသော နက္ခတ်ပွဲသဘင်ကို
အနယ်နယ် အရပ်ရပ်မှ ဟိန္ဒူနွယ်များ လာကြဟန်တူသည်။ အလွန်များပြားလှ၏။ ဘုရားရှင်
လက်ထက်ကတည်းက ထိုနက္ခတ်ပွဲသည် ရှိခဲ့သည် ဆို၏။
အရှင်ဥပတိဿ နှင့် အရှင်ကောလိတ (အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန်) တို့သည် 
ထိုနက္ခတ်ပွဲသဘင်ကို ကြည့်ပြီး သံဝေဂရကာ ရဟန်းပြုလာကြသည်ဟု ဆိုသည်။
ယခုခေတ်တိုင်အောင် ညဆိုရင် အမျိုးသမီးများ ဝစ်လစ်စလစ် ကပြဖျော်ဖြေကြသည် ဟုဆိုသည်။
(သူတို့ ပြောသမျှသာဖြစ်သည် သေချာတော့ မသိပါ)



ဘယ်နေရာသွားသွား နှာခေါင်းပိတ်ပြီး သွားနေရသည်။ အလွန်းဆိုးဝါးလွန်းလှ၏
ကုလားတွေကော ကုလားမတွေကော လမ်းဘေးနေရာတိုင်း တွင် စည်းမဲ့ကမ်းမဲ့
မစင်စွန့်ကြသည်။ လမ်းသွားရင်တောင် သတိထားပြီး သွားနေရ၏။ (မစင်ပုံ နင်းမိမှာစိုးလို့)
သူတို့တွေရဲ့ ကိုယ်နံ့ကလည်း ကပ်မိရင် မသက်သာလှ တော်တော်ဆိုးဆိုးဝါးဝါးနိုင်လှ၏။ ဝေဘာရတောင်သို့ အတက်တွင် ကုလားများ ကုလားမများ ပြည့်ကြပ်နေသည်။



ဝေဘာရတောင်မှ ထွက်သော ရေပူစမ်းကို ချိုးဖို့ ရေချိုးပွဲကြီး ကျင်းပနေကြသည်။ ရေပူစမ်း
ဆိုသည်မှာ ရေပူထွက်တဲ့ နေရာက သတ်သတ်၊ ရေအေးထွက်သည့် နေရာက သတ်သတ်ဟု
ဆိုသည်။ ရေကတော့ အလွန်ညစ်ပတ်သည် တွေ့ရ၏။ ထိုရေကို ချိုးလျှင် အပြစ်၊ ရောဂါ
ပျောက်ကင်းသည်ဟု ဟိန္ဒူများ အယူရှိ ကြသည်။ ရေချိုးရာတွင် ဇာတ်မြင့်၊ ဇာတ်လတ်၊
ဇာတ်နိမ့် ဟု အထက်မှ အောက်အဆင့်ဆင့် ထား၍ ရေချိုးကြသည်။ ဇာတ်မြင့် နဲ့ ဇာတ်လတ်တို့ ချိုးပြီးသားအောက်မှ စီးလာတဲ့ ရေကို ဇာတ်နိမ့်များ ချိုးကြ၏။
ဇာတ်နိမ့်များချိုးသောနေရာအတွင် အမှိုက်များနှင့် အညစ်ပတ်ဆုံးဖြစ်နေပြီ။ သို့သော်လည်း
အားရပါးရ ချိုးနေသည်ကို တွေ့ရ၏။


ဇာတ်နိမ့်များ ချိုးသည့်နေရာ


ရေပူစမ်းကို ကျော်ဖြတ်၍ ဝေဘာရတောင်ကို တက်ကြသည်။ လမ်းကိုလည်း သတိထားပြီး
သွားနေရ၏။ မိတ်ဆွေ ဦးသဒ္ဓမ္မကတော့ မှတ်ချက်ပေးသည်။ တော်တော်ယုတ်တဲ့ ကုလားတွေ
လှေကားတွေပေါ် ဘေးတဖက်စီမှာ ဖယောင်းတိုင် ထွန်းပေးသလား အောက်မေ့ရတယ်ဆိုလို့
ရယ်ရသေးသည်။ ဟုတ်လည်း ဟုတ်သည် လူသွားလမ်းတွေပေါ်မှာကို တမင်သက်သက်
စွန့်ကြသည်။ နှာခေါင်းပိတ်ပြီး သတိထားတက်နေရ၏။ တောင်လည်လောက်တွင်
အရှင်မဟာကဿပမထေရ် သီတင်းသုံးခဲ့သည့် ပိပ္ပလိလှိုဏ်ဂူသို့ ရောက်သည်။
ထိုနေရာတွင် မြတ်ဗုဒ္ဓက ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ဟောတော်မူခဲ့သည်ဟု ဆို၏။




တောင်ထိပ်ထိ ရောက်အောင် ၄၅ မိနစ်ခန့် ဆက်တက်ရပြန်သည်။ မောဟိုက်ကာ အားလုံး
ချွေးပြိုက်ပြိုက်ရွှဲနေ၏။ အသက်ကြီးသူတို့အဖို့ဆိုရင် တက်ဖို့ မလွယ်ကူချေ။ အလွန်ပင်ပန်း
ခဲယဉ်း၏။ တောင်ထိပ်သို့ ရောက်သောအခါ ဦးနေမိန္ဒ(သကျနေမိန်) မှ ကြွေးကျော်၏။
တောင်ကြီး ဘယ်လောက်ကြီးကြီး နောက်ဆုံးတော့ ခြေဖဝါးအောက် ရောက်ရတာပဲဟု
ကြွေးကြော်မူပြုတော့ ပင်ပန်းမှု့တောင် အနည်းငယ်ပျောက်သွားသည်ဟု ထင်ရသည်။
ပါလာသမျှ ရေဗူးလည်း အကုန်ပြောင်ကုန်၏။ ခန္ဓာကိုယ်မှ ထွက်သည့် ချွေးတို့သည်
သင်္ကန်းကို ရေညှစ်သကဲသို့ ညစ်ချရသည်။ ဦးတိက္ခ မှ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်
ချွေးမထွက်ဖူးဘူး ဆိုလေတော့ ပြုံးမိ၏။ တောင်ထိပ်ရောက်သောအခါ မြောက်ဘက်သို့
ကွေ့ပြီး အနဲငယ် ဆင်းရပြန်သည်။ ထိုအခါကြမှ ရဟန္တာပေါင်း (၅၀၀) ပထမအကြိမ်
သင်္ဂါယနာတင်ခဲ့သော သတ္တပဏ္ဍိလိုဏ်ဂူသို့ ရောက်ရှိလေ၏။  နှစ်ကာလတွေ ကြာညောင်းပြီး မြေအပြောင်းလဲ စသည်တို့ကြောင့် ဖြစ်မည် ယခုအခါတွင်တော့ လိုဏ်ဂူမှာ ခပ်ကျဉ်းကျဉ်းသာ
ကျန်တော့သည်ကို တွေ့ရပေ၏။



****************************************

ပထမအကြိမ် သင်္ဂါယနာတင်ခြင်း သမိုင်းအကျဉ်း

(၁) အကြောင်းခံ =  သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက
ဝိနည်း(စည်းကမ်း)အား ချိုးဖောက်ခဲ့သောကြောင့် ဘုရားရှင်၏ သတိပေးမှုကို ခံခဲ့ရသဖြင့်
ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး
ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

( ၂ ) သာသနာနှစ် = ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်

( ၃ ) နေရာ = ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ

(၄) ခေါင်းဆောင် = အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(ဝိနည်း)နှင့်
                           ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)

(၅) သံဃာဦးရေ  = ရဟန္တာပေါင်း (၅၀၀)

(၆) မင်း = အဇာတသတ်မင်း

(၇) ကြာမြင့်ချိန် =  (၇) လ

********************************


တောင်ပေါ်မှ ဆင်းလာသောအခါ အချိန်တော်တော်လင့်နေပေပြီ။ လူတွေက ပိုပြည့်လာသလို
ကားလမ်းတွေလည်း ပိတ်နေသောကြောင့် တော်တော်နှင့် ပြန်ထွက်၍ မရတော့ အချိန်ပုတ်ကာ
တခြားနေရာများလည်း မသွားရောက်နိုင်တော့ပဲ ဗုဒ္ဓဂယာသို့ ပြန်လည် ဦးတည်ခဲ့ရတော့သည်။


အရှင်ဝရသာမိ 
http://shintharmi.blogspot.com

1 comment:

  1. ဖတ်သွားပါတယ် ဘုရား .. ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးသေးပေမယ့် ဦးဇင်းရဲ့ စာမှတ်တမ်း၊ ပုံမှတ်တမ်းများကို ခံစား မှတ်သားသွားပါတယ် ဘုရား ။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊