Saturday, February 16, 2013

ဆန်ချီစေတီတော် သို့ ဘုရားဖူးမှတ်တမ်း ( ၁ )


စာရေးသူတို့အဖွဲ့သည် နာဂပူမှ လေ့လာစရာရှိသည်များကို လေ့လာပြီးနောက် အသောကမင်ကြီး
တည်ထားကိုးကွယ်ခဲ့သော ဆန်ချီစေတီတော် ရှိရာအရပ်သို့ ခရီးဆက်ဖြစ်ခဲ့ကြသည်။ နာဂပူ မှ
ည ၁၀ နာရီရထားဖြင့် စီးခဲ့ရာ နောက်တစ်နေ့ မနက် ၈ နာရီခန့်တွင် ဆန်ချီစေတီ နှင့် နီးသော
ဗီဒစ်သျှ မြို့လေးသို့ ရောက်ရှိခဲ့ကြ၏။ ဘူတာမှ ၂ မိုင်ခန့် ကားစီးကာ ဆန်ချီစေတီရှိရာ အရပ်သို့
ဆက်လက်ထွက်ခွါဖြစ်ကြသည်။ မရောက်ဘူးတဲ့ ဒေသဖြစ်သလို အသိအကျွမ်းမရှိတဲ့ ဒေသဖြစ်
သောကြောင့် ဟိုမေး ဒီမေးနဲ့ သွားရ၏။

ကားပေါ်မှ ဆင်းခြင်း ဘုရားရှိရာ တောင်ပေါ်သို့ မတက်ဖြစ်သေးဘဲ တောင်ခြေတွင် တစ်ခုတည်းသော
ဗုဒ္ဓဘာသာကျောင်းဖြစ်သော သီရိလင်္ကာ MAHARBODHI SOCIETY ကျောင်းသို့ သွားရောက်ဖြစ်ကြ
သည်။ သဘောကောင်းလှသောကျောင်းထိုင်ဆရာတော်မှ ဆွမ်းကွမ်းအပြင်၊ နေရာထိုင်ခင်းပါ ပေးသည့်
အတွက်ကြောင့် အခက်အခဲမရှိ အဆင်ပြေလှ၏။ ခေတ္တ အနားယူပြီး သီရိလင်္ကာဆရာတော်မှ တောင်ပေါ်
ထိ ကားဖြင့် လိုက်ပို့ပေးသောကြောင့် နံနက် ၉ နာရီခန့်တွင် ဆန်ချီစေတီတော်ရှိရာ တောင်ပေါ်သို့
တက်ရောက်ဖြစ်ခဲ့ကြ၏။

ဆန်ချီစေတီတော်ရှိရာ နေရာဌာနသည် တစ်ချိန်က ဥဇ္ဇေနီနိုင်ငံတွင်းမှာ ဖြစ်သည်။ ဘုရားရှင် လက်ထက်
က ရှိခဲ့သည့် တိုင်းကြီး ၂၂ တိုင်းတွင် ဥဇ္ဇေနီ သည်  အဝန္တိတိုင်း၌ ပါဝင်၏။ ယနေ့ခေတ်တွင် တည်ရှိရာ
အရပ်သည် မဒယာပရာဒေ့ရှ် ပြည်နယ်အတွင်း၌ ရှိသည်။ ဗုဒ္ဓဂယာနှင့် ဆန်ချီ ခရီးအကွာဝေး ကီလိုမီတာ
ပေါင်း 981 , မိုင်နဲ့ရေတွက်ရင် 610 ကျော်ရှိ၏။ တသီးတသန့် သွားရတဲ့ နေရာဖြစ်သည့်အတွက်ကြောင့်
မြန်မာဘုရားဖူးများ ရောက်ဖူးသူ နည်းပါးတဲ့ နေရာဒေသတခု ဖြစ်ပေသည်။

ဘုရားရှင်လက်ထက်က ယင်းဥဇ္ဇေနီနိုင်ငံကို အုပ်ချုပ်သော မင်းမှာ ယာဉ်ငါးမျိုး ပိုင်ဆိုင်သော စန္ဒပဇ္ဇောတ
မင်းဖြစ်သည်၊ ဥဇ္ဇေနီနိုင်ငံသည် အကျဉ်းအားဖြင့်ဟောကြားအပ်သော တရားတော်ကို အကျယ်ဝေဖန်၍
ဟောနိုင်စွမ်းသောအရာ၌ အမြင့်ဆုံး ဧတဒဂ်ရတော်မူသော အရှင်မဟာကစ္စည်းထေရ်နှင့် ဒုတိယသင်္ဂ ါ
ယနာ ခေါင်းဆောင် ကကဏ္ဍကပုဏ္ဏား၏သားရဟန္တာ အရှင်ယဿမဟာထေရ်၊ သီရိဓမ္မာသောကမင်းကြီး
၏သားတော် သီဟိုဠ်သာသနာပြု အရှင်မဟိန္ဒမဟာထေရ်၊ သမီးတော် သင်္ဃမိတ္တာထေရီမ စသော
သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းရာဒေသကြီးလည်းဖြစ်သည်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သာသနာတော်နှစ် ၂၀၀ ကျော်ခန့်တွင် အသောကမင်းကြီးသည်
သာသနာ့အမွှေကို ခံယူလိုသဖြင့် သားတော်မဟိန္ဒမင်းသား၊ သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ
တော်နှင့် (၂၂၅) ခုနှစ်၌ သာသနာ့ဘောင်သို့ သွင်းပေးခဲ့သည်။ သာသနာတော်နှစ် (၂၃၄) ခုနှစ်
နယုန်လမှစ၍ တပိုတွဲလတိုင်အောင် (၉) လတိတိ ရဟန္တာအပါးတစ်ထောင်ပါဝင်၍ တတိယသင်္ဂါယနာ
တင်ပွဲကြီးကို ဆင်နွှဲကျင်းပပြီးနောက် မဇ္ဖျိမဒေသ၌ အနာဂတ်ဗုဒ္ဓသာသနာတော်၏ ဘေးရန်ကို 
မြင်တော်မူကြသဖြင့် ရဟန္တာအရှင်သူမြတ်များကို ကိုးတိုင်း ကိုးဌာနသို့ သာသာနာပြု စေလွတ်တော်
မူခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံသို့ သာသနာပြုတော်မူရန် အသောကမင်းကြီးသားတော် အရှင်မဟိန္ဒ
မထေရ်ကို စေလွတ်တော်မူခဲ့ကြသည်။

သီရိလကာၤသို့ သာသနာပြုမကြွမီ အရှင်မဟိန္ဒမထေရ်သည် နောက်ပါ (၆) ပါးနှင့် အတူ သာသနာနှစ်
(၂၃၅) ခုနှစ် တန်ဆောင်မုန်းလတွင် ဥပဇ္ဖျယ်ဆရာတော် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သူမြတ်
နှင့် သံဃာတော်အရှင်သူမြတ်တို့ကိုရှိခိုး၍ ခမည်းတော် ဓမ္မာသောကမင်းကြီးအား ပန်ကြားပြီး မယ်တော်
ကြီး ဝေဒိသကဒေဝီမိဖုရားကြီးနေထိုင်ရာ ဝေဒိသကမြို့သို့ ကြွတော်မူခဲ့သည်။ မယ်တော်မိဘုရားကြီး
သည် ချစ်လှစွာသော သားတော်မထေရ်ကိုမြင်ရ၍ ဝမ်းမြှောက်ရွှင်လန်းစွာ သံဃာတော်တို့အား ဆွမ်း
ဆက်ကပ်လှူဒါန်းပြီးလျှင် မိမိဆောက်လုပ်ထားအပ်သော လွန်စွာတင့်တယ် ကောင်းမြတ်သည့် ဝေဒိ
သက ဂိရိကျောင်းတိုက်ကြီးကို သားတော်အရှင်မဟိန္ဒအား လှူဒါန်းခဲ့သည်။




ဆန်ချီစေတီတော်သို့ မဝင်မှီ အဝင်ဝတွင်ရှိသော အရှင်မဟိန္ဒ သီတင်းသုံးခဲ့သည်ဆိုသော ထိုကျောင်း
တော်နေရာသို့ စာရေးသူတို့အဖွဲ့သည် မထမဆုံး ဝင်ရောက်ဖူးမြှော်ဖြစ်ကြသည်။ ယခုအခါတွင်တော့
သီရိလင်္ကာ မဟာဗောဓိအသင်းပိုင် ကျောင်းပြတိုက်ဖြစ်နေသည်။ ၁၉၅၂ ခုနှစ်တွင် အိန္ဒိယသမ္မတ
နေရူး ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်ဟု ကျောင်းတော်၏ အဝင်ဝဆိုင်းဘုဒ်မှတ်တမ်းတွင် တွေ့ရ၏။ 
ပြတိုက်အတွင်း၌ ကျောက်စာဝန် ကာနင်ဟန် တို့၏ သရုပ်ဖော် ဗုဒ္ဓဝင်ပုံများကိုလည်း တွေ့ရပေ၏။



မဟာဗောဓိကျောင်းပြတိုက်အတွင်းမှာ ဘုရားရှိခိုးပြီးနောက် ဆန်ချီစေတီတော်ရှိရာ ဝင်းအတွင်းသို့ 
ဝင်ရောက်ဖြစ်ကြသည်။ ဆန်ချီစေတီတော်ကြီး၏ ပုံသဏ္ဍန်မှာ စစ်ကိုင်းရှိ ကောင်းမှုတော်စေတီ
နှင့် ခပ်ဆင်ဆင် တူလှ၏။ ဉာဏ်တော် (၅၄) ပေရှိ၍ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်များကို ဌာပနာထား
သည်ဟု ဆိုသည်။ မုခ်ဦးလေးဘက်ရှိပြီး စေတီရင်ပြင်နှင့် ပထမပစ္စယာကို ကျောက်လက်ရမ်းဖြင့်
ကာရံထားသည်ကို တွေ့ရသည်။ ပထမပစ္စယာကို အတက်အဆင်းလှေကား ခွဲခြားထား၍ ထိုလှေ
ကားအတိုင်း တက်ရောက်ခဲ့လျှင် စေတီတော်ကြီးကို လက်ျာရစ်လှည့် ပူဇော်ပြီး ဖြစ်သွားပေသည်။

မုခ်ဦးကျောက်တိုင်များ နှင့် ကျောက်ထုတ်များပေါ်တွင် ဆင်၊ မြင်း၊ ခြင်္သေ့၊ နွား၊ ဒေါင်း၊ ကြိုးကြာ
သတ္တဝါများ၏ ရုပ်ပုံအမျိုးမျိုးကို ထုလုပ်ထားသည်ကို တွေ့ရသည့်အပြင် ဗိမ္ဗိသာရမင်းကြီးက မြတ်စွာ
ဘုရားရှင်အား ကြိုဆိုပုံရုပ်ထုများ၊ အသောက မင်းတရားကြီး ရာမရွာ နှင့် ကုသိနာရုံသို့ ဓာတ်တော်
ပင့်ရန်သွားပုံ၊ မဟာဗောဓိသို့ ဘုရားဖူးထွက်ပုံများကို ထုလုပ်ပူဇော်ထားသည်ကို တွေ့ရသည်။



ဗုဒ္ဓမြတ်စွာ၏ ပုံတော်နေရာ၌ ခြေတော်ရာပုံ၊ ဗောဓိပင်ပုံ၊ ပလ္လင်ပုံ များကိုသာ ထုလုပ်ထားသည်ကို
တွေ့ရသည်၊ ဗုဒ္ဓပုံတော်ကို မထုလုပ်ခြင်းအကြောင်းမှာ ထိုခေတ် သာသနာနှစ် ( ၂၀၀) ကျော် အချိန်
ကာလက ဗုဒ္ဓဘုရားရှင်သည် အတုလံ - အတုမရှိဟု မိန့်ဆိုထားချက်အရ ဗုဒ္ဓမြတ်စွာ၏ ရုပ်အဆင်း
တော်ကိုမီအောင် ထုလုပ်နိုင်မည်မဟုတ်သဖြင့် မထုလုပ်ကောင်းဟု အယူအဆရှိကြသောကြောင့်
ဖြစ်သည်။ ကျောက်ထွင်းပုံများမှာ လက်ရာမြောက်လှသဖြင့် ထိုခေတ်၏ ကျောက်ဆစ်ပညာရပ်
အဆင့်မြင့်ပုံကို လေ့လာတွေ့ရှိနိုင်ပေ၏။

အိန္ဒိယတွင် ရှိသမျှသော ဘုရားစေတီပုထိုးတို့တွင် ဆန်ချီစေတီသည် အသောကမင်းကြီး၏ 
လက်ရာအစစ်မှန်များကို တွေ့ရှိနိုင်သော တစ်ဆူတည်းသော စေတီဖြစ်ပေသည်။ ယခုအချိန်ထိ
မူရင်းလက်ရာများကို တစုတစ်စည်း တွေ့နိုင်သော စေတီတခု ဖြစ်ပေ၏။ လုံးဝ မပျက်စီးခဲ့တာ
လားဆိုတာတော့ မဟုတ်ပါ။ ဆန်ချီစေတီရှိသော တောင်အောက်မှ ရှေးဟောင်းသုတေသန
ပြတိုက်ထဲတွင် ပျက်စီးယိုယွင်းခဲ့သော စေတီတော်ကို အင်္ဂလိပ်အစိုးရ လက်ထက်တွင်
ပြန်လည်ပြုပြင်ထားမှု မှတ်တမ်းဓာတ်ပုံများကို အဆင့်ဆင့် တွေ့ရပေသည်။ ထို့အပြင် စေတီ
တော်တွင် မတွေ့နိုင်သော အသောကလက်ရာ အစစ်မှန်များ၊ အသောကကျောက်စာတိုင်
အထိမ်းအမှတ်ဖြစ်သော ခြင်္သေ့၊ မြင်း၊ နွား၊ ဆင် လေးခုပါသော ကျောက်စာတိုင် ထက်ပိုင်း
ပြတ်ကိုလည်း ရှေးဟောင်းသုတေသန ပြတိုက်တွင် တွေ့ရပေ၏။ ဓာတ်ပုံရိုက်ခွင့် မရ၍ မူရင်း
လက်ရာအစစ်မှန်များကို မပြသနိုင်ပေ။ ပြတိုက်ထဲ လိုက်ကြည့်မှ အင်္ဂလိပ်အစိုးရကို ကျေးဇူး
တင်မိသည်။ အိန္ဒိယကို အင်္ဂလိပ်တို့ မအုပ်စိုးခဲ့လျှင်၊ အင်္ဂလိပ်တို့သာ ဘုရားစေတီပုထိုးများကို
သုတေသနပြုကာ ထိန်းသိန်းစောင့်ရှောက်မှု့ မပြုခဲ့လျှင်၊ သိဟိုဠ်သား အနာဂါရိက ဓမ္မပါလတို့
ကြိုးစားအားထုတ်မှု မပြုခဲ့လျှင်၊ အိန္ဒိယတွင် ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် ဘုရားစေတီ ပုထိုးများ
ပျက်စီးပျောက်ကွယ်သွားနိုင်သည်ဟု စဉ်းစားမိပေ၏။ ဂျိန်း၊ ဟိန္ဒူ၊ မွတ်စလင် တို့၏ အမျိုးမျိုး
ဖျက်စီးတဲ့ကြားကပင် ကျောက်စာဝန် ကာနင်ဟန်၊ အနာဂါရိက ဓမ္မပါလ တို့ ကျေးဇူးကြောင့်
ယခုထိတိုင် ဗုဒ္ဓဘာသာ၏ သမိုင်းအမွေအနှစ်များကို ကောင်းစွာလေ့လာလို့ ရနိုင်ပေ၏။

ပြတိုက်ထဲမှ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသော
အချက်လက်များအရ စေတီတော်၏ ဘေးလေးဘက်လေးတန်တွင် ရှိသော မုခ်ဦးများမှာ
မပျက်မစီးဘဲ မူရင်းအတိုင်း ရှိကြောင်းတွေ့ရပေသည်။ မုခ်ဦးမှာ တွေ့ရသမျှသော အသောက
လက်ရာများအားလုံးကို ကြည့်ရှူခံစားနိုင်ရန် သတ်သတ် Album ဖြင့် တင်ပေးပါမည်။



စေတီတော်တည်ရှိစဉ်က ဗုဒ္ဓရုပ်ပွါးတော်ကို ထုလုပ်ကိုးကွယ်ထားခြင်း မရှိဟု ဆိုသော်လည်း
ယခုအခါ စေတီတော်၏ အဝင်မုခ်ဦးနေရာအထဲတွင် ဗုဒ္ဓရုပ်ပွါးတော်များကို တွေ့ရှိရပေ၏။
သမိုင်းစာအုပ်၏ အဆိုအရ AD 400 တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ရုပ်ပွါး
တော်တစ်ဆူမှာတော့ ဦးခေါင်းတော် မတွေ့ရတော့ချေ၊ အခြားတဘက်မုခ်ဦး အဝင်မှ ရုပ်ပွါး
တော်မှာ ရှိသေးသော်လည်း အနည်းငယ်ပျက်စီးနေ၏။




အရှင်ဝရသာမိ 
https://shinsami.blogspot.com
  

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊