Friday, August 31, 2018

မဇ္စျိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၆ (ကုသိနာရုံ)

အင်္ဂါရစေတီ (မကုဋဗန္ဓနစေတီ)

မဟာပရိနိဗ္ဗာနစေတီတော်မှ အရှေ့ဘက် ၆ ဖာလုံအကွာ၌ မကုဋဗန္ဓနစေတီတော်
တည်ရှိသည်။ ထိုစေတီနေရာဌာန၌ မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို
မီးသဂြိုဟ်ကြသည်။ မလ္လမင်းတို့ မကိုဋ် ထုံးသည့်နေရာ၌ စေတီတည်ထားခြင်း
ဖြစ်၍ မကုဋဗန္ဓ ဟုခေါ်သည်။ ( မကုဋ - မကိုဋ် , သရဖူ၊ ဗန္ဓ - ထုံးဖွဲ့ခြင်း)

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး ခုနှစ်ရက်မြောက်သောနေ့၌ မလ္လမင်း
များသည် မြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလာပ်တော်ကို ယူဆောင်တော်မူပြီး
မြို့၏ မြောက်တခါးမှ မြို့တွင်းလမ်းမကြီးအတိုင်း ပင့်ဆောင်ခဲ့ကြပြီး မြို့ရှေ့တခါးမှ
ထွက်၍ မြို့၏ အရှေ့ဘက်ရှိ မကုဋဗန္ဓနစေတီတည်ရှိရာဌာနဝယ် အတောင် (၁၂၀)
မြင့်သော နံ့သာထင်းပုံ၌ တင်၍ မီးသဂြိုဟ်ခဲ့ကြသည်။ ဘုရားရှင်၏ ရုပ်ကလာပ်
တော်ကို အသစ်စက်စက် အဝတ်ဖြင့် ရစ်ပတ်ပြီး ဝါဂွမ်းနုဖြင့်ထပ်၍ ရစ်ပတ်ကြသည်။
တစ်ဖန် အသစ်စက်စက်အဝတ်တို့ဖြင့် ထပ်မံရစ်ပတ်ကြသည်။ ထိုနည်းအတိုင်း
ဝတ်စုံ (၅၀၀) ဖြင့် ရစ်ပတ်ပြီး ဆီထည့်ထားသည့် ရွှေတလား(ရွှေခေါင်း)မှာ ထည့်ကာ
ရွှေတလားဖုံးဖြင့် ဖုံးအုပ်လျက် မီးသဂြိုလ်ခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မမူမီက " ငါဘုရားသည် မကြာမြင့်မီ ပရိနိဗ္ဗာန်
စံရမည်ဖြစ်သည်၊ ငါဘုရား၏ သာသနာသည် အလုံးစုံသော အရပ်မျက်နှာသို့ မပျံ့နှံ့
သေးချေ၊ ငါဘုရား ပရိနိဗ္ဗာန်စံသော်လည်း ငါဘုရား၏ မုန့်ညင်းစေ့ခန့်မျှသော
ဓာတ်တော်ကို ပင့်ဆောင်ကြကာ မိမိတို့၏ နေရာဌာနတို့၌ စေတီတည်ထား၍
လူများအပေါင်းသည် နတ်ရွာသုဂတိသို့ လားရောက်ကြစေသတည်း" ဟု
ရည်ရွယ်ကာ သရီရဓာတ်တော်များ အဆူဆူကွဲပြားရန် အဓိဌာန်တော် မူခဲ့လေသည်။
ဘုရားရှင် အဓိဌာန်ထားသည့်အတိုင်း ဘုရားရှင်၏ ဥတုဇရုပ်ကလာပ်တော်ကို
မီးသဂြိုဟ်ပြီးသည့်အခါ ဓာတ်တော်နှစ်မျိုးနှစ်စား ကျန်ရစ်ခဲ့သည်။
ထိုဓာတ်တော်များမှာ...

၁။ အဝိပ္ပကိဏ္ဏဓာတ်တော် ( အသမ္ဘိန္နဓာတ်တော်) - အစိတ်အစိတ် မကွဲပြားသော
ဓာတ်တော်နှင့်၊

၂။ ဝိပ္ပကိဏ္ဏဓာတ်တော် (သမ္ဘိန္နဓာတ်တော်) - အစိတ်အစိတ် ကွဲပြားသော ဓာတ်တော်
တို့ ဖြစ်သည်။

အစိတ်အစိတ် မကွဲပြားသော ( အသမ္ဘိန္နဓာတ်တော်) ခုနှစ်ဆူကျန်ရစ်ခဲ့သည်၊
ထိုဓာတ်တော်များမှာ စွယ်တော်လေးဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ နဖူးသင်းကျစ်တော်
တစ်ဆူတို့ ဖြစ်သည်။

အစိတ်အစိတ် ကွဲပြားသော (သမ္ဘိန္နဓာတ်တော်) များမှာ ၁၆ ပြည် (တစ်တင်းသား)ခန့်
ကျန်ရစ်ခဲ့သည်။ အငယ်ဆုံး ဓာတ်တော်ပမာဏမှာ မုံညင်းစေ့ခန့်ရှိပြီး မြလေးပန်းအဆင်း
နှင့်တူသော ဓာတ်တော် ၆ ပြည်သားခန့်၊ အလတ်စား ဓာတ်တော် ပမာဏမှာ ဆန်ကျိုး
ခန့်ရှိပြီး ပုလဲအဆင်းနှင့်တူသော ဓာတ်တော် ၅ ပြည်သားခန့်နှင့် အကြီးစား ဓာတ်တော်
ပမာဏမှာ ပဲနောက်စေ့ခန့်ရှိပြီး ရွှေအဆင်းရောင်နှင့်တူသော ဓာတ်တော် ၅ ပြည်သားခန့်
တို့ ကြွင်းကျန်ရစ်ခဲ့သည်။

ထိုဓာတ်တော် မွေတော်တို့ကို ဒေါဏပုဏ္ဏားကြီးမှ ရှစ်ပြည်ထောင်သော မင်းတို့အား
ရှစ်ပုံရှစ်စုခွဲကာ ပြည်တောင်းဖြင့် ခြင်တွယ်၍ ပြည်ထောင်မင်း တစ်ဦးလျှင် နှစ်ပြည်ကျစီ
ခွဲဝေပေးခဲ့သည်။ ဓာတ်တော်ခွဲဝေနေစဉ် ရှစ်ပြည်ထောင်သော မင်းများ မသိအောင်
လယ်ယာစွယ်တော်ကို ယူပြီး ဦးခေါင်းပေါင်း အတွင်း၌ ဝှက်ထားပြီး လက်ယာအောက်
စွယ်တော်ကို ခြေဖျားစွန်းဖြင့် နင်းဖိ၍ ၀ှက်ထားခဲ့သည်။ ထိုဝှက်ထားသော ဓာတ်တော်
နှစ်ဆူအနက် ဦးခေါင်းပေါင်းအတွင်း ၀ှက်ထားသော စွယ်တော်ကို သိကြားမင်းမှ
ယူဆောင်သွားခဲ့ပြီး ခြေဖျားစွန်းတွင် ဝှက်ထားသော စွယ်တော်ကို နဂါးမင်းမှ ယူဆောင်
သွားခဲ့သည်။

ပိပ္ပလိဝနတိုင်းသား မောရိယမင်းများသည်လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည်ကို
ကြားသိရပြီးနောက် လာရောက်ကြသော်လည်း နောက်ကျမှ ရောက်လာသည့်အတွက်
ဓာတ်တော်ဝေစုများ မရလိုက်၍ မြတ်စွာဘုရား မီးသဂြိုဟ်ရာနေရာမှ မီးသွေးကိုသာ
ယူဆောင်ပြီး ပြန်သွားခဲ့ကြသည်။

ဓာတ်တော် စေတီများပူဇော်ခြင်း

မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်တို့ကို စေတီပုထိုးများ တည်ထားပူဇော်
ခဲ့ကြသည်။

၁။ မဂဓတိုင်းရှင် အဇာတသတ်မင်းမှ မဂဓတိုင်း၌ ဓာတ်တော်စေတီ တည်၍
ပူဇော်ခဲ့သည်။
၂။ ဝေသာလီပြည်သာ လိစ္ဆဝီမင်းများမှ ဝေသာလီပြည်၌ ဓာတ်တော်စေတီ
တည်၍ ပူဇော်ခဲ့ကြသည်။
၃။ ကပိလဝတ်ပြည်သား သာကီဝင်မင်းများသည်လည်း ကပိလဝတ်ပြည်၌
ဓာတ်တော်စေတီ တည်၍ ပူဇော်ခဲ့ကြသည်။
၄။ အလ္လကပ္ပပြည်သား ကာဗုလိမင်းများသည်လည်း အလ္လကပ္ပပြည်၌
ဓာတ်တော်စေတီ တည်၍ ပူဇော်ခဲ့ကြသည်။
၅။ ရာမရွာသား ကောလိယမင်းများသည်လည်း မိမိတို့၏ ရွာ၌ ဓာတ်တော်စေတီ
တည်၍ ပူဇော်ခဲ့ကြသည်။
၆။ ဝေဠဒီပတိုင်းသား ပုဏ္ဏားသည်လည်း ဝေဠဒီပတိုင်း၌ ဓာတ်တော်စေတီ တည်၍
ပူဇော်ခဲ့သည်။
၇။ ပါဝါပြည်သား မလ္လမင်းများသည်လည်း မိမိတို့၏ ပါဝါပြည်၌ ဓာတ်တော်စေတီ
တည်၍ ပူဇော်ခဲ့ကြသည်။
၈။ ကုသိနာရုံပြည်သား မလ္လမင်းများသည်လည်း မိမိတို့၏ ကုသိနာရုံပြည်၌
ဓာတ်တော်စေတီ တည်၍ ပူဇော်ခဲ့ကြသည်။
၉။ ဒေါဏပုဏ္ဏားသည်လည်း ဓာတ်တော်ခြင့်သော ပြည်တောင်းကို ယူ၍
ပြည်တောင်းစေတီ တည်၍ ပူဇော်ခဲ့သည်။
၁၀။ ပိပ္ပလိဝနတိုင်းသား မောရိယမင်းများသည်လည်း မိမိတို့ရရှိသည့် မီးသဂြိုဟ်
ရာအရပ်မှ ယူဆောင်လာသော မီးသွေးများကို စေတီပုထိုးတည်၍ ပူဇော်ခဲ့ကြသည်။

ဤသို့လျှင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သရီရဓာတ်တော်
စေတီပုထိုး ရှစ်ဆူ နှင့် ပြည်တောင်းစေတီ၊ မီးသွေးစေတီ အားဖြင့် ဆယ်ဆူသော
စေတီပုထိုးများ ထင်ရှားပေါ်ပေါက်ခဲ့သည်။

ထိုဓာတ်တော်များအနက် အသမ္ဘိန္နဓာတ်တော် ခုနှစ်ဆူမှ နဖူးသင်းကျစ်ဓာတ်တော်သည်
သီဟိုဠ်ကျွန်းတွင် ဂေါဋ္ဌာဘယမင်း၏သားတော် ကာကဝဏ္ဏတိဿ မင်းမှ မင်္ဂလာစေတီ
တော်၌ ဌာပနာပြီး စေတီတည်ထားခဲ့သည်။ ယနေ့အခါတွင် အနုရာဓမြို့၏ အရှေ့
မြောက် တြိကောဏမလယဒေသ သေရုဝါဝိလအရပ်မှာ ကိန်းဝတ်စံပယ်လျက်ရှိသည်
ဟုဆိုသည်။ ညှပ်ရိုးတော်ဓာတ် နှစ်ဆူမှ လက်ယာညှပ်ရိုးတော်နှင့် စွယ်တော်လေးဆူ
အနက် လက်ယာအထက် စွယ်တော်မှာ သိကြားမင်းမှ တာဝတိ ံသာနတ်ပြည်၌
စူဠာမဏိစေတီတော် အတွင်း ဌာပနာပြီး တည်းထား ကိုးကွယ် ပူဇော်ထားသည်။
လက်ဝဲညှပ်ရိုးဓာတ်တော်မှာ ဗြဟ္မာ့ပြည်၌ ကိန်းဝပ်စံပယ်လျက်ရှိသည် ဟု မဟာဗုဒ္ဓဝင်၌
ပြဆိုထားသည်။ အောက်လက်ယာစွယ်တော်မြတ်ကို ဇယသေန နဂါးမင်းမှ ယူဆောင်ပြီး
နဂါးပြည်၌ ရတနာခုနှစ်ပါးဖြင့် စီခြယ်ထားသော စေတီတော် အတွင်းမှာ ကိုးကွယ် ပူဇော်
ထားခဲ့သည်။ လက်ဝဲအောက်စွယ်တော် မြတ်မှာ ယခုအခါ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)
ကန္ဒီမြို့မှာ ကိန်းဝပ်စံပယ်လျက်ရှိပြီး လက်ဝဲအထက်စွယ်တော်မှာ တရုတ်ပြည် ပေကျင်းမြို့၌
ကိန်းဝပ်စံပယ်လျက်ရှိပါသည်။



ယနေ့မြင်တွေ့ရသော မြတ်စွာဘုရားအလောင်းတော်ကို တေဇောဓာတ် လောင်ကျွမ်းရာ
နေရာ၌ တည်ထားသော အင်္ဂ ါရစေတီ (အင်္ဂ ါရ - မီးသွေး) သည်ကား အသောကမင်းကြီး
တည်ထားခဲ့သော စေတီဖြစ်ဖွယ်ရှိသည်ဟု စာရေးသူ ယူဆမိပါသည်။ ဘုရားရှင်ရဲ့ အထိမ်း
မှတ်နေရာတိုင်းတွင် အသောကမင်းကြီးမှ အသောကကျောက်စာတိုင်များ တည်ထားခဲ့
သော်လည်း ဤကုသိနာရုံ၌ကား ယခုအခါတွင် အသောကကျောက်စာတိုင်ကို မမြင်တွေ့
ရတော့ပေ၊ အသောကကျောက်စာတိုင်ရှိကြောင်းကိုတော့ တရုတ်ရဟန်းတော် ဟူယင်ဆန်
က မှတ်တန်းတင်ထားခဲ့ပါသည်။

မြတ်စွာဘုရား ရေသပ္ပါယ်တော်မူရာဌာန

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာနေရာဖြစ်သော မဟာပရိဗ္ဗာနစေတီတော်နှင့်
မနီးမဝေးတွင် တည်ရှိပါသည်။ အုတ်တိုက်ငယ် တစ်ခုဖြစ်ပြီး အတွင်း၌ ဗုဒ္ဓရုပ်ပွါးတော်
တစ်ဆူကို ဖူးမြော်နိုင်ပါသည်။ ဘုရားကျောင်းဆောင်ကို ၁၉၂၇ ခုနှစ်က ဤနေရာ၌
တွေ့ရှိခဲ့သော ဗုဒ္ဓရုပ်ပွါးတော် ကိန်းဝပ်ရန် မြန်မာဘုရားဖူးများက တည်ဆောက်ခဲ့သည်။
ရုပ်ပွါးတော်မှာ အေဒီ ၁၀ - ရာစု သို့မဟုတ် အေဒီ ၁၂ - ရာစု လက်ယာ ဖြစ်သည်ဟု
ဆိုသည်။ ဉာဏ်တော် ၅ ပေ၊ ၆ လက်မရှိ၍ ဘူမိဖဿမုဒြာခေါ် လက်တော်မြေကြီးထိဟန်
ထုလုပ်ထားသည်။ မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူမည့်နေ့၌ ပါဝါပြည်မှ
ကုသိနာရုံသို့ ကြွလာသောအခါ ထိုနေရာအရောက်၌ ပင်ပန်းတော်မူသဖြင့် ရေကြည်
တော်သောက်သုံး၍ ရေသပ္ပါယ်(ရေချိုး) တော်မူရာဌာနဖြစ်သည်ဟု ဆိုကြသည်။



************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော် - မဟာဗုဒ္ဓဝင်
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္စျိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ)၏ ဗုဒ္ဓဂယာ
S.Dhammika ၏ Middle Land Middle Way
မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ (အရှင်ကေလာသ) (ဘာသာပြန်)


အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊